တိုက်ပွဲအစ
Vol. 10 Ch. 142
အရှေ့ပိုင်းလမ်း၊ ရွှေတုံး ရှေးဟောင်းပစ္စည်းဆိုင်။
ဆိုင်မှာ ကြီးမားသော်လည်း ပစ္စည်းဗီရိုများ နေရာယူနေ၍ အနက်ရောင်ဝတ်လူအချို့ ဝင်လာသောအခါ အားလုံး ပြည့်သွားတော့သည်။
အမှန်တော့ ထိုသို့ကြပ်ညပ်နေသော နေရာတွင် တိုက်ခိုက်ရန် မလွယ်ကူလှပါ။
လင်းချွမ် အားလုံးကို ဝေ့ဝဲကြည့်ရင်း ပြုံးလိုက်၏။
ဆိုင်အတွင်းတွင် အနေအထားမှာတော့ တင်းမာနေလေသည်။
လက်ဖက်ရည်ဖျော်သည့်အခန်းထဲ၌ ကျန်းတစ်ယောက်တည်း ရင်တဒိတ်ဒိတ်ခုန်လျက် မျက်လုံးများနီရဲကာ လင်းချွမ်အား စိုးရိမ်၍ မျက်ရည်များ ဝဲနေ၏။
“ကျန်း အဲ့မှာပဲ အေးဆေးထိုင်နေနော်။ ရဲတွေ ရောက်လာရင် ငါ ခုခံနေတယ်ဆိုတာ သတိပေးပေးဦး”
“သူဌေး မမချန်းချန်းတို့ ခဏနေ ရောက်မယ်တဲ့”
ကျန်း တရှုံ့ရှုံ့ဖြင့် လှမ်းပြောသည်။
“မစိုးရိမ်ပါနဲ့ကွယ်။ ဒီကောင်တွေလောက်ကတော့ အကင်းပါ။ (၅) မိနစ်ပဲ အချိန်ပေးတာနဲ့ အားလုံး ရှင်းနိုင်တယ်”
“အကင်းလား”
သူ့စကားကြောင့် တီရှပ်အပြာနှင့်လူ ဒေါသထွက်လာသည်။
သူ စီးပွါးရေးလုပ်လာသည့် တောက်လျှောက်တွင် ထိုသို့ စော်ကားခံရသည်မှာ ပထမဆုံး ဖြစ်၏။ ထို့အပြင် သူဌေးပေါင်ထံမှ သိထားသည်မှာ ထိုလင်းချွမ်သည် သာမာန် အွန်လိုင်းစာရေးဆရာ တစ်ယောက်သာ ဖြစ်လေသည်။ ထို့ကြောင့် တန်ဖိုး သိပ်ကြီးလှသည် မထင်ပေ။
သူ (၄၀) စင်တီမီတာခန့်ရှည်သော ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်၍ အေးစက်စူးရှစွာ စိုက်ကြည့်နေ၏။
အနောက်မှ အနက်ဝတ် ဗလကြီးများလည်း သူ့အပြုအမူကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။
ရှေးဟောင်းပစ္စည်းဆိုင်ထဲ၌။
လင်းချွမ် ထွက်မပြေးဘဲ ရင်ဆိုင်ရန်အသင့် ဖြစ်နေ၏။ ထို့နောက် တဖြည်းဖြည်း ရှေ့တိုးလာလေ၏။
တီရှပ်အပြာလူမှာလည်း အလွန်လျင်မြန် သွက်လက်ပြီး လင်းချွမ်၏ခါးနေရာသို့ အမြန် ခုတ်ချလိုက်သည်။
လင်းချွမ် ရှေ့ကို ခုန်ကျော်၍ ခြေနင်းချပြီးနောက် အနောက်သို့ တံတောင်ဖြင့် ပြန်ရိုက်ချကာ တီရှပ်အပြာလူ၏လက်ထဲမှ ဓား လွတ်ကျသွားတော့သည်။
ထို့နောက် လင်းချွမ် ဘယ်ဘက်လက်သီးဖြင့် ပြန်လှည့်ကာ အရှိန်ပြင်းပြင်း ထိုးချလိုက်လေသည််။
သူ့လက်သီးအရှိန်မှာ အလင်းအလျင်ကဲ့သို့ လျင်မြန်၍ ပြင်းထန်လွန်း၏။
တီရှပ်အပြာလူမှာ လုံးဝမရှောင်နိုင်တော့ဘဲ ခေါင်းကို အားပြင်းပြင်း ထိုးမိသွားတော့သည်။
သို့သော် သူ ချက်ချင်း အသိစိတ်ကပ်၍ လင်းချွမ်ဗိုက်အား ဓားဖြင့် ပြန်ထိုးလေသည်။
ဝှစ်!
လင်းချွမ် ထိုမျှနှင့် စိုးရိမ်စရာ မလိုလှပါ။
သူ့ဓားကို ထပ်လုကာ လက်ကောက်ဝတ်နားမှ ထိန်းချုပ်ထားလိုက်သည်။
တီရှပ်အပြာနှင့်လူမှာ လင်းချွမ်အား ဤမျှ တတ်ကျွမ်းနေမည်ဟု မထင်ထားသောကြောင့် ဖြည်းဖြည်းချင်း တိုက်ခိုက်ရင်း ခံလိုက်ရခြင်း ဖြစ်သည်။
သို့ရာတွင် လင်းချွမ်မှာ အလွန်မြန်ဆန်နေ၍ သူ တုံ့ပြန်ချိန်ပင် သိပ်မရှိလိုက်ပေ။
ထိုစဉ် နောက်တစ်ဦးမှ ဓားနှင့်ထိုးရန် ပြေးလာပြန်သည်။
ဖောင်း!
လင်းချွမ် သူ့ တစ်နေရာကို ထပ်ကန်လိုက်ရာ ထိုလူ
မျက်နှာကြီးနီရဲလျက် မျက်လုံးပြူးကာ စွံ့အနေသည်။
နာကျင်လွန်းသောကြောင့် အသံပင် ထွက်မလာတော့ချေ။
လင်းချွမ်လည်း သနားနေရမည့်အချိန် မဟုတ်သောကြောင့် ဒူးခေါင်းနေရာအား ကန်ချကာ ဒူးထောက်စေလိုက်သည်။
ထို့နောက် လက်ထဲမှ ဓားကိုလည်း သေချာ ဆွဲလုလိုက်လေ၏။
သို့သော် နောက်တစ်ယောက် ထပ်လှုပ်ရှားပြန်ရာ အဝိုင်းကန်ချက်ဖြင့် မေးရိုးအား ထပ်ကန်လိုက်သည်။
စက္ကန့်ပိုင်းအတွင်း လူ (၃) ယောက်ကို ရှင်းလင်းပြီးလေပြီ။
ဂျွတ်!
တစ်ယောက်မှာ ကြမ်းပြင်တွင်လဲနေပြီး နောက်တစ်ယောက်မှာ မှောက်လျက် နာကျင်နေ၏။ အခြားတစ်ဦးမှာတော့ မေးရိုးခိုင်နေလေသည်။
လင်းချွမ်၏ ကျွမ်းကျင်မှုမှာ အံ့မခန်းစရာပင်။
လက်ဖက်ရည်ခန်းထဲ၌။
ကျန်း၏ စိုးရိမ်နေသောအကြည့်မှာ အံံဩမှုသို့ ပြောင်းသွားပြီး လုံးဝ မယုံကြည်နိုင် ဖြစ်နေ၏။
ဆိုင်လေး၏ မီးရောင်အောက်တွင် လင်းချွမ်တစ်ယောက် လှုပ်ရှားနေပုံမှာ အလွန် ယုံကြည်ချက်အပြည့်ဖြင့် ကြည့်ကောင်းလှ၏။
‘ဒါ ငါ့သူဌေးရော ဟုတ်သေးရဲ့လား။ မိုက်လိုက်တာ’
လူမိုက်များလည်း အွန်လိုင်းစာရေးဆရာဟု ဆိုထားသောသူ၏ အပြုအမူများကို အလွန်အံ့ဩစွာ ငေးကြည့်နေကြတော့သည်။