အံ့ဩစရာ အရည်အချင်း
Vol. 10 Ch. 144
ရွှေတုံးရှေးဟောင်းပစ္စည်းဆိုင်။
ထိုအချိန်တွင် ဆိုင်ထဲ၌ အလွန်ရှုပ်ထွေးနေ၏။
တန်ဖိုးကြီးပစ္စည်းများ တင်ထားသော စင်များမှာ ပြိုကျပျက်စီးနေပြီး ကြေးပစ္စည်းများ၊ ကျောက်စိမ်းနှင့် ပန်းချီကားများလည်း ပြန့်ကျဲလျက် ရှိသည်။ တီရှပ်အပြာလူ ယူလာသော အပြာနှင့် အဖြူစပ်ထားသည့် ကြွေပန်းအိုးမှာလည်း လုံးဝ မပြုပြင်နိုင်တော့လောက်အောင် ကြေမွနေတော့၏။
ကြမ်းပြင်ပေါ်တွင် သွေးအချို့အိုင်နေပြီး ဘယ်ရီသီးနီနီများ အဆုပ်လိုက်ပွင့်နေသကဲ့သို့ပင်။
လေတစ်ချက်ဝှေ့လိုက်တိုင်း ရှေးဟောင်းပစ္စည်းမှ အဟောင်းနံ့နှင့် သွေးညှီနံ့များ ကြိုင်လှိုင်သွား၏။
ရှန်ချန်းချန်းမှာ စိုးရိမ်တကြီးဖြင့် ဆိုင်ထဲ ပြေးဝင်လာလေသည်။
ထိုအခါ ချက်ချင်း အော်ဟစ်ညည်းညူငိုယိုသံများကို ကြားရပြီး ကြမ်းပြင်၌ ဗလကြီးအချို့ လူးလိမ့် လဲလျောင်းနေသည်။ သို့သော် သူ လင်းချွမ်ကိုသာ အာရုံစိုက်သောကြောင့် ဆိုင်ထဲတွင် အမြန်ပတ်ရှာမိသည်။
နောက်ဆုံးတွင် မြင်ကွင်းထဲ၌ ရင်းနှီးနေသော ထိုမျက်နှာကို တွေ့လိုက်ရပါသည်။
သွေးအချို့စွန်းနေ၍ အနီကွက်များ ဖြစ်နေသော ရှပ်အင်္ကျီကို ဝတ်ဆင်လျက် လက်ဖက်ရည်ခန်းထဲ ဝင်ရန် ပြင်နေသည်။
“လင်းချွမ်”
ရှန်ချန်းချန်း စိတ်လှုပ်ရှားစွာ လှမ်းခေါ်လိုက်၏။
လင်းချွမ် လှည့်ကြည့်၍ ပြုံးပြလိုက်သည်။
“ချန်းချန်း အချိန်ကိုက် ရောက်လာ…”
သူ့စကားမဆုံးမီပင် မွှေးပျံ့သော သင်းရနံ့တစ်ခုမှ ရင်ခွင်ထဲ တိုးဝင်လာပြီး နူးညံ့သော လက်တစ်စုံသည် သူ့ကို လွတ်ထွက်မသွားနိုင်အောက် တင်းတင်းကြပ်ကြပ် ဖက်ထား၏။
ရှန်ချန်းချန်း သူ့ကို အားရပါးရ ဖက်ထားမိသည်။
လင်းချွမ် ဒဏ်ရာတစ်စုံတစ်ရာမရမှန်း တွေ့မှ စိတ်ထဲအေးသွားတော့၏။
သူ တစ်လမ်းလုံးလည်း စိတ်ပူရလွန်း၍ အမြန် အပြေးလာခဲ့ပြီး ယခုလို ဖက်လိုက်ရသောအခါ ထိန်းထားခဲ့သော မျက်ရည်များ တသွင်သွင် စီးကျလာတော့သည်။
လင်းချွမ်လည်း သူ့ခံစားချက်ကို ခံစားမိ၍ နှလုံးခုန်သံမြန်၍ တုန်ရီလာမိသည်။
ထို့နောက် စိတ်ကိုထိန်း၍ အသက်ဝဝရှူလိုက်ပြီး ရှန်ချန်းချန်း ကျောလေးအား ပုတ်ပေးကာ
“ကျွန်တော် အဆင်ပြေပါတယ်။ ပြေတယ်နော်”
လင်းချွမ်၏ ရင်ခုန်သံတဒိတ်ဒိတ်ကြောင့် စည်းချက်ညီကာ ရှန်ချန်းချန်းလည်း တဖြည်းဖြည်း ပြန်တည်ငြိမ်လာသည်။
“ရှင် အဆင်ပြေရင် တော်သေးတာပေါ့”
“ဘယ်လိုလုပ် ကျွန်တော်က ပြန်ချော့နေရတာလဲ”
လင်းချွမ် ကျောလေးကို သပ်ပေးရင်း နောက်လိုက်၏။
ရှန်ချန်းချန်း မျက်ရည်များကြားမှ ရယ်မော၍ သူ့ပုခုံးကို ခပ်ဖွဖွထုကာ
“ကျွန်မ ထင်တာက ရှင်တစ်ခုခု…”
“ဘာတစ်ခုခုလဲ”
လင်းချွမ်ပြုံး၍ ပြန်မေး၏။
“ရှင် အနှိပ်စက်ခံနေရပြီ ထင်တာ”
ရှန်ချန်းချန်း မျက်ရည်များ သုတ်လိုက်ပြီး ခပ်မာမာ ပြန်ပြောလေသည်။
လင်းချွမ် ရယ်မောလျက်
“ဟုတ်သလိုလိုပါပဲ။ ကျွန်တော် နှိပ်စက်ခံရတော့မလို့”
ရှန်ချန်းချန်း မျက်စောင်းထိုး၍ ပြုံးကာ ငေးကြည့်နေမိသည်။
ရှေးဟောင်းပစ္စည်းဆိုင်လေးမှာ ပျက်စီးရှုပ်ထွေး၍ လာရောက်လုပ်ကြံသူများလည်း အထိနာနေကြသည်။
အချို့မှာ ရင်ဘက်ကိုဖိ၍ ညည်းညူလျက် အချို့လည်း သွေးများ အန်နေသေးသည်။ အချို့မှာ ကြမ်းပြင်တွင် လူးလိမ့်၍ နာကျင်မှုကို မနည်း အံတုနေရလေသည်။
နောက်ကျောတွင် ဓားတန်းလန်းဖြစ်နေသူမှာတော့ မှောက်လျက်သား မလှုပ်မယှက်ဖြင့် အသက်ပင် ကောင်းကောင်း မရှူနိုင်တော့ချေ။
“ဒါက… ဒါက… ရှင်တစ်ယောက်တည်း လက်နက် မပါဘဲ တိုက်ခိုက်ခဲ့တာလား”
ရှန်ချန်းချန်း ယခုမှ ပတ်ဝန်းကျင်ကို ကြည့်မိပြီး ထိတ်လန့်အံ့ဩစွာ မေးလိုက်သည်။
လင်းချွမ် ခေါင်းယမ်းလျက်
“ကျွန်တော်က ခုခံကာကွယ်ရုံပါပဲ။ ရှင်းရှင်း သက်သေ ထွက်ပေးနိုင်ပါတယ်”
ထိုစဉ် ကျန်း လက်ဖက်ရည်ခန်းထဲမှ ထွက်လာပြီး လင်းချွမ်ဘေးတွင် ရပ်လျက် ခေါင်းတဆတ်ဆတ် ငြိမ့်ကာ
“မမချန်းချန်း ကျွန်မ သက်သေထွက်ဆိုနိုင်ပါတယ်။ လင်းချွမ်က ခုခံကာကွယ်ရုံပါ”
ရှန်ချန်းချန်း ကြမ်းပြင်တွင် အော်ဟစ်ငိုယိုနေသူများကို ဝေ့ဝဲကြည့်၍ ရှုံ့မဲ့လျက်
“ရှင် တစ်ယောက်တည်း ခုခံခဲ့ရတာကိုး။ အားကတော့ တော်တော် ပြင်းသားပဲ”
“ကျွန်တော် ခုနက အရမ်းကြောက်နေတာလေ။ အဲ့တာကြောင့် အင်အားကို မထိန်းနိုင်လိုက်ဘူး ဖြစ်သွားတယ်ထင်တယ်”
လင်းချွမ်မှ ရှင်းပြ၏။
“ကျွန်မတို့ အခု သက်သေထွက်ဆိုချက် မယူသေးပါဘူး”
ရှန်ချန်းချန်း ပြုံး၍ ပြန်နောက်လေ၏။
လင်းချွမ် ရှက်ရှက်ဖြင့် ရယ်မောကာ
“အမှုအကြောင်း အသေးစိတ် စမေးနေပြီ ထင်လို့ပါ”
ရှန်ချန်းချန်း ပြုံးလျက်
“ကျွန်မက ကျားဖြန့်တိုက်ဖျက်ရေးဘက်ကလေ။ အခုက ကျွန်မမှာ တိုက်ရိုက်တာဝန် မရှိဘူး။ ခဏနေ သက်ဆိုင်တဲ့သူ ရောက်လာပါလိမ့်မယ်”
ညမှောင်မှောင်အောက်တွင် ရဲကားဥဩသံများ ဈေးတစ်လျှောက်လုံး ဆူညံသွားသည်။
ရဲကားများ တန်းစီဝင်ရောက်လာပြီး ကားမီးအလင်းများကြောင့် တစ်လမ်းလုံး လင်းထိန်နေ၏။
လျင်မြန်သောအရှိန်ဖြင့် ဝင်လာသော ရဲကားများ ထိုးရပ်လိုက်ကြပြီး စည်းချက်ညီသော ခြေသံများ ဆိုင်နှင့် တဖြည်းဖြည်း နီးကပ်လာသည်။
ထို့နောက် အသံချဲ့စက်မှ အသံကျယ်ကြီး ထွက်ပေါ်လာတော့သည်။
“အားလုံးပဲ… အခုဆိုင်ကို ဝိုင်းထားလိုက်ပါပြီ။ အန္တရာယ်ရှိတဲ့ အပြုအမူတွေ ချက်ချင်း ရပ်ပေးပါ။ အန္တရာယ်ရှိတဲ့ အပြုအမူတွေ ချက်ချင်း ရပ်ပေးပါ”
ထို့နောက် ဆိုင်ထဲသို့ လက်နက်အပြည့်အစုံဖြင့် ရဲဝန်ထမ်းများ ပြေးဝင်လာ၏။
ခေါင်းဆောင်ဖြစ်သူမှ သေနတ်နှင့်ချိန်၍ ရှေ့ဆုံးမှ အော်လိုက်သည်။
“တစ်ယောက်မှ မလှုပ်ကြနဲ့။ ရဲတွေ ဝိုင်းထားပြီ”
သို့သော် သူ တွေ့လိုက်ရသော မြင်ကွင်းကြောင့် မှင်တက် ရပ်တန့်သွားမိသည်။
သူ့နောက်လိုက်များအားလုံးလည်း ထိုသို့ပင် စွံ့အနေကြ၏။
“ဘာလို့ အပေါက်ဝကြီးမှာ ကြောင်တောင်တောင် ရပ်နေကြတာလဲ။ မြန်မြန်သွားလေ။ လင်းချွမ် အခြေအနေကို စစ်ရဦးမယ်”
လေးနက်သော အသံတစ်ခု အနောက်နားမှ ထွက်လာ၏။
ရှန်ချန်းချန်းနှင့် အလုပ်အတူလုပ်ခဲ့ဖူးသော ဟူတာချန်း ဖြစ်လေသည်။
သူ ရဲများကြားမှ တိုး၍ အရှေ့သို့ ထွက်လာပြီး ဆိုင်အတွင်း အခြေအနေကိုကြည့်ကာ အံ့ဩတိတ်ဆိတ်သွားတော့သည်။
လွန်ခဲ့သော (၉) မိနစ်ခန့်က။
အန်လင်းစခန်းမှူး ကျန်းပြောင်ကိုယ်တိုင်မှ လင်းချွမ်အား ကယ်တင်ရန် သူ့ကို တာဝန်ပေးလာပြီး အရှေ့ပိုင်းလမ်းသို့ အထူးအခြေအနေနှင့် အမြန်ဆုံး ရောက်လာရခြင်း ဖြစ်သည်။
သို့သော် ထိုသို့ (၉) မိနစ်ဝန်းကျင်အတွင်း လူမိုက်များအားလုံး စုတ်စုတ်ပြတ်ပြတ် အထိနာပြီးလေပြီ။
လင်းချွမ်အကြောင်း စခန်းထဲတွင် နာမည်ကြီးနေပြီး သူ့ဝတ္ထုများမှပင် ပြန်သင်ယူရသော်လည်း လက်တွေ့ တွေ့ရသောအခါ မယုံနိုင်စရာ ဖြစ်နေသေး၏။