လင်းချွမ်က လွန်လွန်းတယ်
Vol. 10 Ch. 145
အွန်လိုင်းစာရေးဆရာအဖြစ် (၄) နှစ်တာ လုပ်ခဲ့ဖူးသော လင်းချွမ်မှာ အရပ် (၁၈၆) စင်တီ ရှိပြီး အလွန်ချောမောသောမျက်နှာနှင့် တောင့်တင်းသော ခန္ဓာကိုယ်တို့ကို ပိုင်ဆိုင်လေသည်။
ထို့ကြောင့် ဉာဏ်ရည်ဖြင့်သာ အသက်မွေးသူဟု သိထားကြပြီး ကိုယ်လက်ကြံ့ခိုင်မှုတွင် ယခုလို အခြေအနေ ဖြစ်နေမည်ဟု မည်သူမျှ မထင်ထားကြချေ။
မြင်ကွင်းမှာ အလွန်တုန်လှုပ်စရာ ကောင်းလှသည်။
ဟူတာချန်း တံတွေးမျိုချ၍ မျက်မှောင်ကြုတ်ကာ ရှုပ်ထွေးနေသော ပတ်ဝန်းကျင်ကိုကြည့်၍ ပြင်းထန်သည့် တိုက်ပွဲကြီး ဖြတ်သန်းခဲ့မှန်း သိသာပါသည်။
ထိုအချိန်တွင် ဝတ်စုံနက်ဖြင့် ဗလကြီးများမှာ ကြမ်းပြင်တွင်လဲ၍ သွေးများ အဆက်မပြတ် အန်နေကြလေသည်။ အချို့မှာ ထိခိုက်ထားသော ခြေထောက်အား ဒရွတ်ဆွဲရင်း ဆိုင်ထဲမှ ထွက်ပြေးရန် ပြင်နေကြသည်။
သူတို့နှင့် မနီးမဝေး၌ ဓားများ အပုံလိုက် ချထားသေး၏။
လင်းချွမ် ဆိုင်ထဲမှ သူ့ကိုလှမ်းကြည့်၍ ပြုံးပြလိုက်သည်။
“အဖွဲ့မှူးဟူ မတွေ့တာကြာပြီနော်”
လင်းချွမ်ဘေး၌မူ မိန်းကလေး (၂) ဦး ရှိနေသည်။
တစ်ယောက်မှာ ရှန်ချန်းချန်း ဖြစ်နေ၍ သူ အရင် ရောက်လာကာ ထိုလူမိုက်မျာအားလုံးကို ရှင်းလိုက်သည်ဟု ထင်စရာရှိ၏။
သူ ကျားဖြန့်တိုက်ဖျက်ရေးအဖွဲ့ထဲ ရောက်ပြီးနောက် ပို၍ စွမ်းရည်မြင့်လာသည်လား။
ဝူး!
ဟူတာချန်းတစ်ယောက် မှင်တက်စိတ်နှင့် နားမလည်နိုင်သောစိတ်များ ရောထွေးနေသော်လည်း လင်းချွမ် ဘေးကင်းရသည်ကို တွေ့ပါ သူ့စိတ်ထဲမှ မွန်းကြပ်မှုများလည်း အတော်လေး သက်သာသွား၏။
ထို့နောက် သက်ပြင်းချ၍
“ရဲဘော်လင်း အဆင်ပြေနေလို့ တော်သေးတာပေါ့ဗျာ”
လင်းချွမ်ပြုံးလျက်
“အဖွဲ့မှူးဟူ ကျေးဇူးနဲ့ အဆင်ပြေနေပါတယ်ဗျာ”
ဟူတာချန်း ရှန်ချန်းချန်းကိုကြည့်လိုက်၊ လင်းချွမ်ကို ကြည့်လိုက်ဖြင့်
“ဒီမှာ ဘာတွေ ဖြစ်သွားတာလဲ”
အခြားစုံထောက်နှင့် ရဲများလည်း သူတို့ (၂) ဦးကို အာရုံစိုက်၍ ကြည့်နေကြသည်။
ရှန်ချန်းချန်း ပြုံးလျက်
“ကျွန်မက အခုလေးတင် ရောက်တာပါ။ အမှုမှာ ပါခဲ့တဲ့သူကိုပဲ မေးသင့်တယ်”
ဟူတာချန်း မျက်မှောင်ကြုတ်၍ တစ်ဖက်ကိုကြည့်ကာ
“ရဲဘော်လင်း သူတို့အားလုံးကို ခင်ဗျားတစ်ယောက်တည်း ရှင်းလိုက်တာလား”
လင်းချွမ် ခေါင်းတသွင်သွင် ယမ်း၍
“အဖွဲ့မှူးဟူ ကျွန်တော်က ခုခံကာကွယ်ခဲ့ရုံပါ”
ဟူတာချန်း ကြမ်းပြင်ပေါ်မှ လူမိုက်များအား ဝေ့ဝဲကြည့်၍ ရှုံ့မဲ့နေမိသည်။
ပုံမှန်အားဖြင့် လင်းချွမ်ကို နစ်နာသူဟုသာ တွေးမည် ဖြစ်သော်လည်း ယခုအခြေအနေအရ မည်သူပဲကြည့်ကြည့် လူငယ်လေးမှ လူမိုက်များကို အနိုင်ကျင့်ထားသကဲ့သို့ပင်။
အတွေ့အကြုံရှိသော ရဲဝန်ထမ်းတစ်ဦးအနေဖြင့် ဟူတာချန်း ချက်ချင်း ဒဏ်ရာများကို စစ်ဆေးကြည့်လိုက်သည်။
အနီးဆုံးလူမိုက်အား ဆွဲကြည့်၏။
ထိုလူမှာ ဗီရိုဘေးတွင်လဲ၍ သွေးများအန်နေပြီး ဘေးပတ်လည်တွင် ရှေးဟောင်းပစ္စည်းအကွဲများ ပြန့်ကျဲနေသည်။
သူ့တီရှပ်အနက်၏ ရင်ဘက်နေရာပေါ်တွင် ခြေရာကြီးတစ်ခု ရှိနေသေး၏။
သူ့ရင်ဘက်ကို စမ်းသပ်ကြည့်လိုက်သောအခါ နံရိုးများ ကျိုးနေလေပြီ။
လူမိုက်၏ ညာဘက်လက်ကောက်ဝတ်မှာလည်း ညိုမဲယောင်ကိုင်းနေ၏။
သူ ဓားကိုင်ထားချိန်တွင် လင်းချွမ်ထံမှ တိုက်ခိုက် ထိိန်းချုပ်ခံလိုက်ရမှန်း သိသာလှသည်။
ဟူတာချန်း မျက်နှာပျက်၍ နောက်ထပ်လူမိုက်အား သွားကြည့်ပြန်၏။
ထိုလူမှာ ဗိုက်တွင် ဒဏ်ရာများ ရှိနေပြီး ထိုအောက်အထိပါ ဆက်ဆင်းသွားသည်။ သူ့နာကျင်မှုမှာတော့ မတွေးရဲစရာပင်။
သူ့အနားတွင် တစ်ကိုယ်လုံး ဒဏ်ရာဗရပွနှင့် ဒူးခေါင်းရိုး ကောက်နေသော လူမိုက်ကို တွေ့ရသည်။
အခြားလူမိုက်အချို့ကို ထပ်စစ်ဆေးပြီးနောက်…
ဟူး…
ဟူတာချန်း သက်ပြင်းချ၍ လင်းချွမ်အား ကြည့်ကာ ပြုံးလျက်
“ရဲဘော်လင်း တစ်ယောက်တည်းနဲ့ ဒီလောက် ကြောက်စရာကောင်းအောင် ဖြေရှင်းခဲ့တာပဲ။ ခင်ဗျားက ပြစ်မှုစုံစမ်းရုံတင် မကဘူး။ တိုက်ခိုက် စွမ်းရည်လည်း ကြမ်းတာပဲ”
သူ့အတွေ့အကြုံအရ ထိုဒဏ်ရာများ မြင်ရုံဖြင့် တစ်ဖက်လူ၏ တိုက်ခိုက်နိုင်သော အင်အားကို ခန့်မှန်းနိုင်ပါသည်။
မဟုတ်သေးဘူး။ ခုခံကာကွယ်တာပဲ။
မည်သူ ဆင်းလာပြီး ပြောပါစေ ခုခံကာကွယ်ခြင်းသာ ဖြစ်ပါသည်။
ဟူတာချန်း ထိုအခြေအနေကိုကြည့်၍ “ကျွမ်းကျင်လှသော လုပ်ကြံသူ” ဟူသည့် စာအုပ်ကို သတိရမိလေသည်။
သူ ထိုစာအုပ်ကို အလွန်ကြိုက်ခဲ့၏။
စာအုပ်ထဲမှ မစ္စတာလင်းမှာလည်း တိုက်ခိုက်စွမ်းရည် အလွန်ထူးချွန်ပါသည်။
လက်တွေ့တွင်လည်း လင်းချွမ်၏ ပညာမှာ ထိုစာအုပ်ထဲကအတိုင်း တွေ့ရပြီး အတ္ထုပတ္တိ ရေးထားသကဲ့သို့ ခံစားရလေ၏။
ပြစ်မှုမှတ်တမ်းဟုပြောလျှင် ပိုတိကျပေမည်။
ရဲဘော်လင်းက တရားခံဆန်လိုက်တာ။
“အဟမ်း”
လင်းချွမ် လည်ချောင်းရှင်း၍ စကားစ၏။
“အဖွဲ့မှူးဟူ ကျွန်တော်က လေ့ကျင့်ခန်းပုံမှန် လုပ်ပြီး နေရာကလည်း အိမ်လိုဖြစ်နေတဲ့ ကျွန်တော့် အရောင်းဆိုင်ဆိုတော့ ခုခံတဲ့အခါ ကံကောင်းသွားတာပါ”
ဟူတာချန်း အားရပါးရ ရယ်မောလျက်
“နောက်တစ်ခါဆို ကျွန်တော်ပါ အတူတူ လေ့ကျင့်ခန်း လိုက်လုပ်ရမှာပေါ့”
“ဒါပေါ့။ အဖွဲ့မှူးဟူပါရင် ကျွန်တော့်အတွက်လည်း စိတ်ချရပြီး ယုံကြည်ရတယ်”
လင်းချွမ် ရယ်မော၍ ပြန်ပြောလိုက်သည်။
နှစ်ယောက်သား၏ ရယ်မောသံများ ညံသွားချိန်တွင် မကြာမီ လူနာတင်ကားသံများ ကြားရ၏။
ဟူတာချန်းမှ လူမိုက်များအား လက်ထိပ်ခတ်ကာ ဆေးရုံပို့ရန် စီစဉ်နေသည်။
သူတို့သာ သေကုန်လျှင် ရဲဘော်လင်းအတွက် ပြဿနာရှိကာ သူတို့လည်း အလုပ်ပိုရှုပ်လာနိုင်သည်။
ထို့ကြောင့် အရင်ဆုံး အသက်ရှင်အောင် ထိန်း၍ တရားနည်းလမ်းကျအတိုင်း အရေးယူခြင်းသာ အကောင်းဆုံး ဖြစ်ပေမည်။
“ရဲဘော်လင်းနဲ့ မိိန်းကလေးကျန်းတို့က အမှုမှာ ပါဝင်ခဲ့တဲ့သူတွေဆိုတော့ ဒီညတော့ ကျွန်တော်တို့နဲ့ လိုက်ခဲ့ပေးပါဦး။ လိုအပ်တာတွေ စစ်ဆေးပြီး ခင်ဗျားတို့ လုံခြံရေးအရပါ”
ဟူတာချန်းမှ ပြောလိုက်သည်။
ထို့နောက် လင်းချွမ်နှင့် ကျန်းတို့အား ရဲဝန်ထမ်းများစွာ ခြံရံလျက် အန်လင်းရဲစခန်းသို့ ခေါ်ဆောင်သွားလေသည်။
သူတို့ အထွက်တွင် လင်းချွမ် ရှချင်းချင်းအား တွေ့လိုက်သေး၏။
ရှချင်းချင်းတစ်ယောက် လမ်းမီးတိုင်အောက်တွင် တိတ်တိတ်လေးရပ်ကာ မျက်လုံးများရဲ၍ မျက်နှာလည်း ဖြူဖျော့နေသည်။
ထိုသို့ လင်းချွမ်တို့ အဆင်ပြေပြေ ထွက်လာသည်ကို တွေ့မှ မျက်နှာလေး ဝင်းပသွားကာ မျက်ရည်များ စီးကျလာ၏။
ထို့နောက် မြင်ကွင်းထဲမှ ပျောက်ကွယ်သွားလေသည်။
မကြာမီ လင်းချွမ်အရှေ့ ပြန်ပေါ်လာပြီး
“ရှင် အဆင်ပြေနေတာ တွေ့ရလို့ ဝမ်းသာပါတယ်”
“မစိုးရိမ်ပါနဲ့။ ကျွန်တော် အဆင်ပြေပါတယ်”
လင်းချွမ်ပြုံး၍ ပြန်ဖြေလိုက်၏။