အရေးကြီးကိစ္စ
Vol. 10 Ch. 146
လင်းချွမ်အတွက် ဆိုင်အပြင်၌ လာစောင့်နေသည်မှာ ရှချင်းချင်းတစ်ယောက်တည်း မဟုတ်ပေ။
အခြား ပုဂ္ဂိုလ်ကြီး ရှိနေပါသေးသည်။
ဒါရိုက်တာ ကျန်းပြောင် ဖြစ်၏။
သူ ရှပ်အင်္ကျီရိုးရိုး ဝတ်ဆင်ထားပြီး လင်းချွမ်ကို တွေ့သောအခါ ပြုံး၍ ပုခုံးအား လှမ်းပုတ်ကာ
“လင်းချွမ်ရယ် မင်းအဆင်ပြေမယ်လို့ သိပြီးသားပါ”
သူ ရယ်မော၍ ပြောလိုက်သည်။
လင်းချွမ် ဒါရိုက်တာကျန်းကို တွေ့သောအခါ အလွန် အံ့ဩသွားပြီး
“ဒါရိုက်တာကျန်းအထိ ရောက်လာမယ်လို့ မထင်ထားဘူးဗျာ”
“မင်းက အန်လင်းရဲ့ အရေးကြီးပုဂ္ဂိုလ် သူရဲကောင်းပဲလေ။ မင်းကို လာထိတဲ့ကောင်ကို ငါကိုယ်တိုင်ရှာပြီး စစ်ဆေးမေးမြန်းရမှာပေါ့”
ဒါရိုက်တာကျန်း လင်းချွမ်ကို ရဲကားထံ ခေါ်သွားရင်း စကားအေးဆေး ပြောသွားကြ၏။
လင်းချွမ် ရင်ထဲတွင် နွေးထွေးလျက် ခေါင်းငြိမ့်ပြကာ
“ဂရုစိုက်ပေးတာ ကျေးဇူးတင်ပါတယ် ဒါရိုက်တာကျန်းရယ်”
ဤသို့ဖြင့် ရဲကားများ တစ်စီးပြီးတစ်စီး အရှေ့လမ်းထဲမှ ထွက်ကာ အန်လင်းရဲစခန်းဆီ ဦးတည်သွားကြလေသည်။
အချို့ရဲဝန်ထမ်းများတော့ နောက်ဆက်တွဲကိစ္စများကို ရှင်းရန် ကျန်နေခဲ့ကြသည်။
မကြာမီ ဒါရိုက်တာကျန်းနှင့် အဖွဲ့မှူး ဟူတာချန်းတို့ ကိုယ်တိုင် ခေါ်ဆောင်ဝန်းရံမှုဖြင့် လင်းချွမ် အန်လင်းရဲစခန်းသို့ ရောက်လာခဲ့သည်။ စခန်း၌ သူ သက်သေထွက်ဆိုပေးရဦးပေမည်။
စစ်ဆေးထွက်ဆိုမှုများ ပြီးသောအခါ ဒါရိုက်တာကျန်း လင်းချွမ်ကို စိတ်မချနိုင်သေးဘဲ နောက်ဆက်တွဲ (၄) နာရီကာကွယ်ရေး အစီအစဉ်အား သုံးရန် ပြင်လေ၏။
သို့သော် လင်းချွမ် ငြင်းဆိုလိုက်ပါသည်။
အကြောင်းအရင်းမှာ ရိုးရှင်း၏။
တစ်ဖက်မှ လူဆိုးများမှာ သူ့ကို ပစ်မှတ်မထားနိုင်တော့လျှင် သူနှင့် ရင်းနှီးပတ်သက်သော မိတ်ဆွေများအား ချဉ်းကပ်လာနိုင်သည်။ ထို့ကြောင့် ထိုအခြေအနေအစား သူ့ဆီတိုက်ရိုက် ရောက်လာသည်ကိုသာ သဘောကျပါသည်။
အဆင့်မြင့် လုပ်ကြံသူမဟုတ်လျှင် လင်းချွမ်အတွက် အရမ်းဂရုစိုက်နေစရာ မလိုပါ။
ဥပမာအားဖြင့် ယခုည လူမိုက်များသည် လင်းချွမ်အတွက် ဖိအားတစ်စုံတစ်ရာပင် မရှိလိုက်ပေ။
သူ စိုးရိမ်နေသည်မှာ ကျန်းအတွက်သာ ရှိ၏။
လူအရေအတွက် အလွန်များသောကြောင့် မတော်တဆ သူ့ကိုကျော်နိုင်ကာ ကျန်းထံသို့ ရောက်သွားပြီး ဒုက္ခပေးမည်အား စိတ်ပူမိ၏။ ထိုအခြေအနေမျိုးတော့ လုံးဝ လက်မခံနိုင်ပေ။
ညမှာ တဖြည်းဖြည်း ညဉ့်နက်လာပြီး တစ်မြို့လုံးကို အမှောင်ထုကြီး ကြီးစိုးထားသည်။
အားလုံး တိတ်ဆိတ်လျက် လရောင်ကြားတွင် တိမ်ယံများ ပြန့်ကျဲကာ အန်လင်းမြို့ပေါ်၌ ဇာပုဝါဖြူလေး အုပ်ထားသကဲ့သို့ ဖြစ်နေသည်။
လမ်းပေါ်တွင် ရှန်ချန်းချန်း မာစီဒီးကားလေး မောင်းနှင်လျက်ဘေး၌ ရှချင်းချင်းပါ ပါလာ၏။ နောက်ခန်းတွင်တော့ လင်းချွမ်နှင့် ကျန်းတို့ ရှိနေပြီး ပျော်ရွှင်ခြင်းရပ်ကွက်ဆီသို့ လိုက်ပို့ပေးနေခြင်း ဖြစ်သည်။
သူတို့အနောက်တွင် ရဲကားတစ်စီး လိုက်ပါလာသည်။
လင်းချွမ် ကားမှန်ချလျက် ပြင်ပလေညင်းအား ခံစားရှူရှိုက်နေ၏။ သစ်ရွက်ရနံ့များ၊ မြက်ရနံ့နှင့် ပန်းရနံ့များမှာ သူ့မျက်နှာပေါ် ဖြတ်သန်းသွားပြီး စိတ်ကို ကြည်လင်လန်းဆန်းစေ၏။
“မင်းတို့လည်း အိမ်အပြန်လမ်းမှာ ဂရုစိုက်ကြဦးနော်”
လင်းချွမ် ပျော်ရွှင်ခြင်းရပ်ကွက် ဂိတ်တံခါးရှေ့ ရောက်သောအခါ ကားပေါ်မှဆင်းရင်း ရှန်ချန်းချန်းနှင့် ရှချင်းချင်းတို့အား သတိပေးလိုက်သည်။
ရဲမေ (၂) ဦးမှာ ခေါင်းငြိမ့်ပြ၍ ပြုံးလျက်
“ရပါတယ် မစိုးရိမ်နဲ့နော်”
ထို့နောက် ကားလေး မောင်းထွက်သွားသည်ကို ကြည့်ရင်း ကျန်ခဲ့လေသည်။
လမ်းမီးတိုင် ဝါကျင့်ကျင့်အောက်၌ လင်းချွမ်၏ ပုံရိပ်လည်း အဝါရောင် ခပ်မှိုင်းမှိုင်း ဖြစ်နေသည်။
ဘေးမှ ကျန်းက သူ့လက်မောင်းကို တင်းကြပ်စွာ ဖက်ထား၏။
“အခု အဆင်ပြေသွားပြီနော်”
လင်းချွမ် နူးညံ့နွေးထွေးစွာ ပြောလိုက်ရင်း ကျန်း၏ လက်များကို ခပ်ဖွဖွ ပုတ်လိုက်သည်။
လူမိုက်များအား သူ မစိုးရိမ်သော်လည်း ကျန်းကတော့ စိတ်ပူနေမည်ကို ကောင်းကောင်း နားလည်ပါသည်။
“ကျွန်မ မကြောက်ပါဘူး”
ကျန်းပြုံး၍ လင်းချွမ်လက်မောင်းကို ဖက်ထားသည်။ လင်းချွမ်အနားတွင် ရှိနေလျှင် လုံခြုံသည်ဟု ခံစားရပါသည်။
လင်းချွမ် မျက်ခုံးလေးပင့်၍
“မင်းက တော်တော် သတ္တိကောင်းနေပါလား။ ဟမ်။ ခုနက လူမိုက်တွေကို မကြောက်ဘူးပေါ့လေ”
“ရှင်နဲ့အတူ ရှိနေတာပဲ။ မကြောက်ပါဘူး”
ကျန်း ခေါင်းလေးမော့၍ ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်ပြီး ကြောင်ပေါက်လေးကဲ့သို့ တွယ်ကပ်နေ၏။
လင်းချွမ် သူ့ပုံစံလေးကိုကြည့်ကာ ရယ်မော၍
“ကဲ အိပ်ချိန်ရောက်ပါပြီ”
“ကျွန်မ တစ်ယောက်တည်း အိပ်ရမှာ…”
ကျန်း မျက်နှာငယ်ဖြင့် စိုးရိမ်သလိုလေး ပြောသည်။
“ဘာမှမပူနဲ့နော်။ ကျွန်တော် ဒီမှာရှိတယ်လေ”
လင်းချွမ် ချော့မော့ နှစ်သိမ့်လိုက်သည်။
“ဟင်”
ကျန်း မှင်တက်နေမိ၏။
“သွားရအောင်”
လင်းချွမ်ပြုံး၍ ကျန်းအား သူ့အခန်း (၆) လွှာသို့ ခေါ်သွားလေသည်။
ကျန်းမှာ မျက်နှာလေးနီရဲလျက် နှုတ်ခမ်းလေး ပြုံးမယောင် ဖြစ်နေသည်။ သူ အလွန်ရှက်နေမိသော်လည်း စိတ်ထဲမှ ‘သူဌေး ကျွန်မမှာ အဝတ်အစား လှလှလေးတွေရှိတယ်’ ဟု ပြောချင်နေမိ၏။
လင်းချွမ် သူ့ကိုကြည့်ကာ အံ့ဩသလိုဖြစ်ပြီးမှ ရယ်မော၍
“မင်း ကျွန်တော့်အခန်းမှာ အိပ်လို့ရတယ်လို့ ပြောချင်တာပါ။ အဲ့တာဆို အန္တရာယ်မရှိတော့ဘူး။ လုံခြုံတယ်လေ။ အတူတူ အိပ်ဖို့ပြောတာ မဟုတ်ပါဘူး။ ဘာတွေ တွေးနေတာလဲ”
ကျန်း နှုတ်ခမ်းလေးစူလျက် စိတ်ပျက်သွားပုံဖြင့်
“အတူတူ အိပ်ရမယ် ထင်နေတာကို”
“ဟုတ်ပါပြီ။ အဲ့တာ အရေးကြီးတာမှ မဟုတ်တာ”
လင်းချွမ် နေရခက်စွာ ပြန်ဖြေမိ၏။
ကျန်းကတော့ သူ့ကိုမော့ကြည့်ရင်း မျက်တောင်လေး တဖျတ်ဖျတ်ခတ်၍ စလိုက်သည်။
“အဲ့တာထက် အရေးကြီးတာ ရှိသေးတာလား”