ဖော်ထုတ်ခြင်း
Vol. 10 Ch. 148
ပုံရိပ်များမှာ window များစွာ ပေါ်လာခြင်းဖြစ်၍ ကုဒ်အမျိုးမျိုးဖြင့် ချိတ်ဆက်ထား၏။
လင်းချွမ် စူးရှစွာကြည့်၍ အာရုံစိုက်နေပြီး အချက်အလက်များ တစ်ခုမကျန် ဖော်ထုတ်နေသည်။
“တွေ့ပြီ”
လင်းချွမ် ပြုံး၍ အကောင့်တစ်ခုထဲ ဝင်လိုက်သည်။
တီရှပ်အပြာလူကိုခိုင်းသည့် နောက်ဆုံးအကောင့် ဖြစ်၏။
ကျားဖြန့်ဂိုဏ်းဘက်မှ ခေါင်းဆောင် ဖြစ်နိုင်သည်။
သူ နောက်ဆုံးတစ်ခါက စက်ရုံ၏ ပြင်ပဆာဗာများအထိသာ ဝင်ရောက်ဖော်ထုတ်ခဲ့သော်လည်း ယခုတစ်ခေါက်တွင်မူ ဂိုဏ်းတစ်ခုလုံးအား အဆုံးထိ ဆွဲချရတော့မည်။
ထို့ကြောင့် ဂိုဏ်း၏ အဓိကဆာဗာများအထိ ဝင်ရောက်၍ အရေးကြီးဖိုင်များကို ကြည့်နေရသည်။
ခက်ခဲမှုလည်း ပိုမြင့်လာပါသည်။
နယ်မြေ၏ ဆာဗာများမှာ ထိထိရောက်ရောက် အကာအကွယ် ချထားပြီး အနည်းငယ် မှားရုံဖြင့် ပေးဆပ်မှု အလွန်ကြီးနိုင်၏။
သတိလက်လွတ်ဖြစ်နေသော ကျားဖြန့်ဂိုဏ်းဟူ၍တော့ မရှိပါ။
နောက်ကွယ်တွင် အဆင့်မြင့် လုပ်ကြံသူများ၊ ဟက်ကာများဖြင့် အပြည့်အစုံ ရှိတတ်ကြသည်။
ထိုသို့သော အဖွဲ့များစွာ ထပ်ရှိပြီး အသေး၊ အကြီးအလိုက် ခွဲခြားထား၏။
အစ်မမိုင်နှင့် လျှိုချင်းတို့မှာ ထိုကဲ့သို့ အဖွဲ့လေးများ၏ ခေါင်းဆောင် ဖြစ်လေသည်။
ညသန်းခေါင်ယံအချိန်ကို ကျော်လွန်လာလေပြီ။
လင်းချွမ်မှာ လက်ဖက်ရည်များသောက်ရင်း လန်းဆန်းနေအောင် ကြိုးစားနေရ၏။
“ဆက်ကြည့်တာပေါ့”
ပိုအရေးကြီးလာသော အခြေအနေကြောင့် လင်းချွမ် အရှိန်လျှော့လိုက်ပြီး ဖြည်းဖြည်းချင်း ဆက်စစ်ဆေးနေသည်။ သူ အမှားခံ၍ မဖြစ်တော့ပေ။ ဆာဗာကို hack ရန် နည်းလမ်းများစွာရှိပြီး အရေးအကြီးဆုံးမှာ စက်ရုံ၏ နယ်မြေဆာဗာသည် အတွင်းနည်းများ သုံးထားပြီး ပုံမှန်ထက် များစွာ အဆင့်မြင့်ခက်ခဲ၏။
ကံကောင်းစွာဖြင့် လင်းချွမ်မှာ စက်ရုံအခြေအနေအကြောင်း သိနေလေသည်။
ပုံရိပ်ယောင်လောကထဲမှ ကျားဖြန့်ဂိုဏ်း၌ သူ့ hacking အရည်အချင်းများသုံးကာ ဂိုဏ်း၏ ယုံကြည်မှုပင် ရရှိလာပြီး နောက်ဆုံး ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးနိုင်ခဲ့လေသည်။
ထို့ကြောင့် လင်းချွမ် ကွန်ပျူတာတစ်လုံးကို အရင်ဆုံး hack ကာ တဖြည်းဖြည်းချင်း ဆာဗာထဲ တိုးဝင်လာ၏။
လင်းချွမ်မှာ ကျွမ်းကျင်ပညာရှင် ပီသစွာဖြင့် ညတွင်းချင်းပင် နည်းပညာတိုက်ပွဲကို ဆင်နွှဲနေလေ၏။
ထို့နောက် ဝက်ဘ်ဆိုဒ်တစ်ခုကို စုံစမ်းမိသွားသည်။
ထိုအရာမှာ ဟက်ကာလောကဝတ္ထုထဲမှ မစ္စတာလင်း ရှာတွေခဲ့သည့် အမှောင်ဝက်ဘ်ဆိုဒ် ဖြစ်လေသည်။
…
ပြတင်းပေါက် အပြင်ဘက်တွင် မှောင်မိုက်သော ညမှသည် မနက်စောစော ရောင်ခြည်အချို့ သမ်းလာ၏။
နီယွန်မီးရောင်များမှာ ထိုနေရောင်ခြည်ကို မယှဉ်နိုင်သည့်နှယ် ပို၍ နွမ်းနယ်မှိန်ကျနေကြသည်။
ကောင်းကင်တွင်တော့ အပြာရင့်ရင့်ကြားမှ နွေးထွေးသော အလင်းတန်းများ ထိုးဖောက်လာကြ၏။
မနက်ခင်းလေညင်းကြောင့် သစ်ပင်များ ယိမ်းနွဲ့လျက် ငှက်ကလေးများလည်း အသိုက်ထဲမှ ကိုယ်စီ ထွက်လာပြီး လင်းချွမ်အခန်းရှေ့၌ အသံတစာစာ ဆူညံနေသည်။
ကြာမြင့်ချိန် (၆) နာရီတိတိ ကုန်ဆုံးပြီးနောက် လင်းချွမ် အောင်မြင်သွားလေပြီ။
သူ့ကွန်ပျူတာထဲ၌ ရှုပ်ထွေးသော ကွန်ယက်များ တည်ဆောက်ထားပြီး ထိခိုက်လွယ်သော အကြောင်းအရာများ၊ ပြစ်မှုမှတ်တမ်းများ ပါဝင်နေ၏။
သူ ထိုအချက်များကို နယ်စပ်ကျားဖြန့်ဂိုဏ်းမှ ရရှိခြင်း ဖြစ်လေသည်။
တစ်ညတာ ကြိုးစား၍ အရေးကြီးအချက်အလက်များ ရရှိရုံသာမက သူ ဝင်ခဲ့သည်ဟူသော သက်သေကိုပါ ပြန်ဖျောက်ထားနိုင်ခဲ့သည်။
သူ သူဌေးပေါင်ကိုပင် ပြန်နှောက်ထားခဲ့၏။
“ဝူး”
လင်းချွမ် အပျင်းဆန့်ကာ သက်ပြင်းချလိုက်သည်။
သက်သေများ ရရှိပြီးလျှင် သက်ဆိုင်ရာကို ပို့ရပေဦးမည်။
သူ သက်သေများကို ဖိုင်အလိုက်စု၍ ရှန်ချန်းချန်း၏ အီးမေးလ်ထဲ ပို့ပေးလိုက်၏။
ထို့နောက် မှတ်တမ်းအဖြစ် သက်သက်သိမ်းကာ တစ်ညလုံး လှုပ်ရှားခဲ့သမျှ ခြေရာလက်ရာများ အားလုံးကို ဖျက်ဆီးလိုက်တော့၏။
နောက်ဆက်တွဲကိစ္စများမှာ သူနှင့် မဆိုင်တော့ပေ။
“ပြီးသွားပြီ”
လင်းချွမ် သမ်းဝေကာ အကြောဆန့်လိုက်သည်။
မနက်ခင်းစောစော၌ အေးမြမှုကို ခံစားရပြီး ကျန်းမှာတော့ အိပ်ပျော်နေဆဲ ဖြစ်သည်။
လင်းချွမ် သူ့အနားလျှောက်လာပြီး စောင်ပြန်ခြုံပေးကာ ကျေကျေနပ်နပ် ပြုံးလိုက်နိုင်သည်။
ထို့နောက် ကျန်း နိုးသွားမည်စိုး၍ လင်းချွမ် ခပ်ဖြည်းဖြည်း ကိုယ်လက်သန့်စင်၍ ဧည့်ခန်းမှ ဆိုဖာ၌သာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
…
အန်လင်းရဲစခန်း။
နေရောင်ခြည်မှာ တိမ်တိုက်များကို ထိုးဖောက်၍ အန်လင်းမြို့ပေါ်သို့ ဖြာကျနေပြီး သာယာမှုကို ပေးစွမ်းနေ၏။
မနက်စောစော၌ပင် ရှန်ချန်းချန်း စခန်းသို့ ရောက်လာပြီး အမှုအား စုံစမ်းရန် ပြင်ဆင်နေ၏။
မနေ့ညက လင်းချွမ်နှင့် ကျန်းတို့ကို လာရောက် တိုက်ခိုက်သော လူမိုက်အားလုံးကိုတော့ ဖမ်းဆီးပြီးလေပြီ။
ခေါင်းဆောင်ဖြစ်သော တီရှပ်အပြာလူလည်း ကျားဖြန့်ဂိုဏ်းမှ ခိုင်းစေခြင်းဟု ဝန်ခံထား၏။
ကျန်းပြောင်လည်း အခြားဌာနများကိုပင် လိုအပ်သော ပတ်သက်သည့်အချက်အလက်များ ရှာဖွေရန် ချက်ချင်း ညွှန်ကြားထားသည်။
အထူးသဖြင့် နိုင်ငံတစ်ဝှမ်းမှ သူတို့ဂိုဏ်းများကို ဖြစ်လေသည်။
ရှန်ချန်းချန်းလည်း လင်းချွမ်နှင့် ပတ်သက်သော အမှုဖြစ်၍ အမြန်ဆုံး ဖြေရှင်း အရေးယူချင်နေလေပြီ။
အားလုံး ဖြတ်ချပစ်နိုင်လျှင် အကောင်းဆုံး ဖြစ်၏။
ရှန်ချန်းချန်း ထိုသို့သာ မျှော်လင့်ထားသည်။
“ချန်းချန်း စောလှချည်လား”
ကျားဖြန့်တိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် ဒါရိုက်တာကျောက်တုံမှ နှုတ်ဆက်လိုက်သည်။
“ဒါရိုက်တာကျောက်လည်း စောတာပါပဲ”
ရှန်ချန်းချန်း ပြန်ပြုံးပြလိုက်၏။
ကျောက်တုံမှာ ရေနွေးကြမ်းခွက်လေးကိုင်လျက် တစ်ငုံ သောက်လိုက်ပြီး
“မနေ့ကကိစ္စမှာ ရဲဘော်လင်းချွမ် ဘာမှမထိခိုက်သွားလို့ တော်သေးတယ်နော်။ မဟုတ်ရင် အန်လင်းအတွက် ဆုံးရှုံးမှုကြီး ဖြစ်မှာ”
“ဟုတ်ပါ့ရှင်”
ရှန်ချန်းချန်း စိတ်ထဲလေးနေဆဲ ဖြစ်၏။
ကျောက်တုံမှဆက်၍
“ဒါရိုက်တာကျန်းကလည်း ကိုယ်တိုင် ညွှန်ကြားထားတော့ ကျားဖြန့်ဂိုဏ်းကို အမြစ်ဖြတ်မှ ဖြစ်တော့မယ်။ ငါ ထပ်သိထားတဲ့ အချက်အလက်တွေတောင် မနေ့ညက မေးလ်ပို့ထားသေးတယ်။ စစ်ကြည့်လိုက်ပါဦး။ ဒါက လတ်တလော အရေးအကြီးဆုံးကိစ္စပဲ”
“ဟုတ်ကဲ့ပါ”
ရှန်ချန်းချန်း ခေါင်းငြိမ့်ပြလိုက်သည်။
မည်သို့ပင်ဖြစ်စေ သူတို့ ကိုင်တွယ်ရန် အလွန် ခက်ခဲပေမည်။
တစ်ဖက်မှာ အလွန်အဆင့်မြင့်၍ လျှို့ဝှက်သောအဖွဲ့ ဖြစ်နေ၏။
“ကဲပါ။ စကြတာပေါ့”
ရှန်ချန်းချန်း သူ့ကိုယ်သူ အားပေးကာ ကွန်ပျူတာရှေ့ ဝင်ထိုင်၍ မေးလ်များအား စစ်လိုက်၏။
သူ မဖတ်ရသေးသော စာနှစ်စောင် ရှိနေသည်။
တစ်ခုမှာ ခုနကပြောထားသော ကျောက်တုံထံမှ ဖြစ်ပြီး နောက်တစ်ခုမှာတော့ အမည်မသိလိပ်စာမှ ဖြစ်သည်။
မည်သည့်ခေါင်းစဉ်မှမတပ်ထားဘဲ ဖိုင်တစ်မျိုးသာ ပါသည်။
နယ်စပ်ကျားဖြန့်ဂိုဏ်း ဖိုင်။
ရှန်ချန်းချန်း မျက်မှောင်ကြုတ်၍ အံ့ဩနေမိသည်။
ထို့နောက် သူ ခဏစဉ်းစား၍ ဝင်ကြည့်လိုက်၏။
သို့သော် download ဆွဲရသည့်အချိန်မှာ နာရီဝက်ခန့် ကြာနေသည်။
အားလုံးပြီးသွားမှ သူ အမြန်ဝင်ကြည့်လိုက်ပြီး အမူအရာမှာ အံ့ဩနေပုံမှ ထိတ်လန့်သည့်အဆင့်သို့ ပြောင်းသွား၏။
သူ အသက်ဝအောင်ရှူ၍ စိတ်ထိန်းပြီးနောက် မလှမ်းမကမ်းမှ ကျောက်တုံအား လှမ်းအော်လိုက်တော့သည်။
“ဒါရိုက်တာကျောက် အရေးကြီးအချက်အလက် ရပြီ”