ထူးဆန်းသော အဖြစ်အပျက်
Vol. 10 Ch. 149
ကျားဖြန့်တိုက်ဖျက်ရေးစင်တာ။
ရုံးခန်းထဲတွင် ကျောက်တုံ အရေးကြီးအချက်အလက် ဟူသော အသံကြောင့် အလွန်အံ့ဩကာ မျက်ခုံးပင့်သွား၏။ ထို့နောက် လုပ်လက်စများ ချထားကာ ရှန်ချန်းချန်းထံ အပြေးရောက်လာပြီး
“ဘာအချက်အလက်တွေလဲ”
“ဒီမှာကြည့်ပါဦး ဒါရိုက်တာကျောက်”
ရှန်ချန်းချန်း ကွန်ပျူတာအား လက်ညှိုးထိုးပြ၏။
မျက်နှာပြင်ပေါ်တွင် ဖိုင်များစွာ စီထားသော window တစ်ခု ရှိနေသည်။
ကျောက်တုံ ထိုအရာကိုငေးကြည့်ရင်း မျက်မှောင်ကြုတ်၍ အသက်ရှူလည်း မြန်လာ၏။
ဖိုင်နာမည်မှာ သူ့အတွက် ထူးခြားနေသည်။
ကျားဖြန့်ဂိုဏ်းနယ်မြေ။
>ဌာနအလိုက် အလုပ်သမား ခွဲခြမ်းရေး အသေးစိတ်
>စီးပွါးရေး လုပ်ငန်းစဉ်များ
>အတွင်းပိုင်းအပြင်အဆင်၊ အသုံးအဆောင်၊ နေထိုင်မှု
>လိမ်လည်ခြင်းဌာန (၈) ခု၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ
>ကျားဖြန့်နှင့် သက်ဆိုင်သော မှတ်တမ်းများ (ဒေသအလိုက်)
>စက်ရုံမှကွင်းစက် - ငွေဖြူပြောင်းလဲခြင်း (ဂိုဏ်းအလိုက်)
>စက်ရုံမှကွင်းစက် - ဝန်ထမ်းခန့်အပ်ခြင်း (ဒေသအလိုက်)
>အင်တာနက်ကွန်ယက်ဆာဗာများ
…
ရှန်ချန်းချန်း ကွန်ပျူတာမျက်နှာပြင်ကို အောက်သို့ တဖြည်းဖြည်း ဆွဲကြည့်ရင်း ကျားဖြန့်ဂိုဏ်းနှင့် ပတ်သက်သော အချက်အလက်များစွာ တစ်ခုပြီးတစ်ခု ဆက်ပေါ်လာ၏။
အားလုံးပေါင်း (၆၇) ဖိုင် ရှိလေသည်။
အမလေး။
ကျောက်တုံ သက်ပြင်းချ၍ မျက်မှောင်ကြုတ်ကာ အမူအရာတင်းမာနေသည်။ မျက်ဝန်းထဲ၌ မယုံကြည်နိုင်သော အရိပ်အယောင်များလည်း တွေ့ရပြီး သူ ဖိုင်တစ်ခုကို လက်ညှိုးထိုး၍
“ဒီ ကိုယ်ရေးအချက်အလက်ဖိုင်ကို ဖွင့်ကြည့်လိုက်ပါ”
ရှန်ချန်းချန်းလည်း သူပြောသည့်အတိုင်း ဖိုင်ကို ချက်ချင်းဖွင့်ကြည့်လိုက်သည်။
ထိုအခါ ဖိုင်ငယ်လေးများ ထပ်ခွဲထားသည်ကို တွေ့ရ၏။
>သူဌေးပေါင်
>မီ
>လျှိုချင်း
>ဝေ့
>အစ်မမိုင်
…
“သူဌေးပေါင်”
ကျောက်တုံ အပေါ်ဆုံးဖိုင်အား ဖွင့်ကြည့်ရန် ရှန်ချန်းချန်းအား လက်ညှိုးထိုးပြလိုက်သည်။
ထိုအခါ သူဌေးပေါင်နှင့် ပတ်သက်နေသော အချက်အလက်များ ကွန်ပျူတာမျက်နှာပြင်၌ ပေါ်လာတော့သည်။
‘သူဌေးပေါင်၊ ပေါင်ကျီကျန်း၊ ကျား၊ အသက် (၄၇) နှစ်၊ မှတ်ပုံတင်အမှတ် *၊ ကျားဖြန့်ဂိုဏ်း၏ ခေါင်းဆောင်အဖြစ် အလုပ်လုပ်ကိုင်၊…’
ဖိုင်ထဲတွင် သူ့ဓာတ်ပုံအထိ ပါဝင်လေသည်။
ထိုသူဌေးပေါင်ဆိုသူမှာ ရှပ်အင်္ကျီအနက်ရောင်ကို ဝတ်ဆင်ထားပြီး ရုံးခန်းထဲ၌ ထိုင်နေပုံဖြစ်သည်။ သူ့ခေါင်းမှ ထိပ်ပိုင်းမှာ မီးရောင်ကြောင့် ပိုပြောင်နေသကဲ့သို့ ထင်ရသည်။ အသားအရောင်မှာ ခပ်ဝါဝါနှင့် မျက်နှာသည် ကြမ်းတမ်းရက်စက်ပုံ ပေါ်၏။
ထို့နောက် မီဟူသောဖိုင်သို့ ထပ်ဝင်လိုက်သည်။
“မီ၊ မီရှောင်းကျန်၊ ကျား၊ (၂၇) နှစ်၊ မှတ်ပုံတင်အမှတ် *၊ ကျားဖြန့်ဂိုဏ်းခေါင်းဆောင် သူဌေးပေါင်၏ လက်ထောက်၊…”
ဓာတ်ပုံအရ မီမှာ မျက်နှာသွယ်သွယ်၊ အသားညိုညိုနှင့် ရှပ်အင်္ကျီအကွက်ကို ဝတ်ဆင်ထား၏။ ခန္ဓာကိုယ်မှာလည်း ပိန်ပိန်ရှည်ရှည် ပုံစံမျိုး ဖြစ်လေသည်။
“သူတို့နှစ်ယောက်က ကျားဖြန့်ဂိုဏ်းရဲ့ ခေါင်းဆောင်နဲ့ လက်ထောက်လား”
ကျောက်တုံ မျက်မှောင်ကြုတ်ကာ မယုံနိုင်စွာဖြင့် မေးလိုက်၏။
“ကျွန်မလည်း မသိတော့ဘူး”
ရှန်ချန်းချန်း ခေါင်းလေးယမ်းပြသည်။
ထို့နောက် ကျောက်တုံနှင့် ရှန်ချန်းချန်းတို့ သံသယများဖြင့် ‘အလုပ်သမား ခွဲခြမ်းရေး အသေးစိတ်’၊ ‘စီးပွါးရေးလုပ်ငန်းများ’နှင့် အခြားဖိုင်များကို ဆက်ကြည့်၏။
ဖိုင်များထဲတွင် ပါဝင်သော အချက်အလက်များမှာ အလွန်များသောကြောင့် နှစ်ယောက်သား အချိန်တိုလေးအတွင်း အားလုံးပြီးအောင် မဖတ်နိုင်တော့ပေ။
“ဒီဖိုင်တွေက အရမ်းအရေးကြီးလွန်းတယ်။ ဒါရိုက်တာကျန်းကို ချက်ချင်း တင်ပြမှဖြစ်မယ်”
ကျောက်တုံ ယခုအခြေအနေကို တစ်ယောက်တည်း ဝေဖန်ဆုံးဖြတ်နိုင်ခြင်း မရှိတော့ချေ။
ထို့ကြောင့် ကျန်းပြောင်ကိုသာ အမြန် ဆက်သွယ်လိုက်၏။
ထိုအချိန်တွင် ရှန်ချန်းချန်းမှာ ဖိုင်များကို အခြားတစ်ဖက်သို့ ကြိုကူးနေ၏။ အရေးကြီးသော အချက်အလက်များဖြစ်၍ မတော်တဆ ပျက်သွားလျှင် အန္တရာယ်များပါသည်။
အန်လင်း ကျားဖြန့်တိုက်ဖျက်ရေးစင်တာသို့ နေရောင်ခြည်နွေးနွေး ကျရောက်နေပြီး လေပြည်ညင်းများ ရှန်ချန်းချန်းမျက်နှာပေါ် တိုက်ခတ်သွားသည်။
ရှန်ချန်းချန်း နဖူးပေါ်ဝဲကျလာသော ဆံနွယ်များအား ဖယ်ရှားရင်း ကွန်ပျူတာပေါ်မှ ဖိုင်များကို ငေးကြည့်နေမိသည်။
ဒါတွေ ဘယ်ကရောက်လာတာလဲ။
တကယ့်အစစ်လား။ အတုတွေလား။
ဘာလို့ သူ့ဆီပို့ရတာလဲ။
စိတ်ထဲတွင် အတွေးများစွာ ရှုပ်ထွေးနေမိသည်။
ထိုစဉ် ရင်းနှီးနေသောမျက်နှာကို ရုတ်တရက် တွေးလိုက်မိသည်။
သူများလား။
ရှန်ချန်းချန်း ကျားဖြန့်ဂိုဏ်းဖိုင်များကို ကြည့်ရင်း ရေရွတ်မိ၏။
“သူ ဘယ်လိုလုပ် လုပ်နိုင်တာလဲ။ ဘာပဲဖြစ်ဖြစ် ဒီအချက်အလက်တွေကို အရင်ဆုံး စစ်ဆေးကြည့်တာပေါ့”
မကြာမီ။
အဖြူရောင်ရှပ်အင်္ကျီဖြင့် ကျန်းပြောင် အလောတကြီး ရောက်လာပြီး
“ဖိုင်တွေရော ဘယ်မှာလဲ”
“ရှန် ဒါရိုက်တာကျန်းကို ဖိုင်တွေ မြန််မြန် ပြပေးလိုက်ပါဦး”
ကျောက်တုံ ချက်ချင်း ပြောလိုက်သည်။
ရှန်ချန်းချန်း အလုပ်လုပ်ရန်စိတ်ပြန်သွင်း၍ ကျန်းပြောင်အား ဖိုင်များ ဖွင့်ပြလိုက်သည်။
ကွန်ပျူတာပေါ်၌ ကျားဖြန့်တိုက်ဖျက်ရေး လျှို့ဝှက်အချက်အလက်များ တစ်ခုပြီးတစ်ခု ပေါ်လာသည်ကိုကြည့်ပြီး ကျန်းပြောင် မျက်မှောင်ကြုတ်လာမိ၏။
သူ လက်နောက်ပသ်၍ ရပ်နေရင်း ကွန်ပျူတာကို ငုံ့ကြည့်နေသည်။ မျက်နှာအမူအရာမှာတော့ အလွန် အံ့ဩရှုပ်ထွေးနေပုံ ပေါ်သည်။
“ဒီဖိုင်တွေက တရားဝင် အထောက်အထားရှိလား”
ကျောက်တုံမှ
“ဒါရိုက်တာကျန်း ကျွန်တော် အချက်အလက် မှန်ကန်မှုရှိမရှိအတွက် လူလွှတ်ပြီး စုံစမ်းခိုင်းထားပါပြီ။ အခုအစပိုင်း စစ်ဆေးမိသလောက်တော့ လူမိုက်တွေရဲ့ အချက်အလက်က အသေးစိတ် မှန်ကန်ပါတယ်”
ကျန်းပြောင် ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်နေ၏။
ဖိုင်များမှာ ပြစ်မှုမှတ်တမ်းများအထိ ပါဝင်လေသည်။
သို့သော် သူ အခြားမေးခွန်း ထပ်ပေါ်လာမိသည်။
“ဒီဖိုင်တွေကို ဘယ်သူပေးတာလဲ”
ကျန်းပြောင် ကျောက်တုံကိုကြည့်၍ မေးလိုက်သည်။