အပိုင်း (၇၇၁)
Vol. 52 Ch. 771
တခြားသော တစ်ဖက်တွင်တော့ နှင်းကဲ့သို့ ဖြူဖွေးလှသည့် ဝတ်စုံကို ဝတ်ဆင်ထားသော လျှိုချင်းဟုန်သည် ခန္ဓာကိုယ်တစ်ခုလုံး သွေးများ ဖုံးလွှမ်းလျက် ရှိနေလေ၏။ ၎င်း၏ အသွင်သဏ္ဍာန်သည် အချိန်မရွေး မှေးမှိန်ကာ ပြုတ်ကျတော့မည့် ကြယ်စင်စု တစ်ခုကဲ့သို့ပင်။ ၎င်း၏ ရှေးအကြီးအကဲများပင်လျှင် ၎င်း၏ ပုံပန်းသွင်ပြင်ကို ကြည့်ရှုပါက မှတ်မိလိမ့်မည် မဟုတ်ချေ။ တစ်ကိုယ်လုံးလည်း စုတ်ပြတ်သပ်လျက်ရှိသည်။
တစ်ဖက်ခြမ်းတွင် ရှိနေသည့် ရှီယွင်မှာတော့ ကျိန်းသေပေါက် အားကောင်းသည့် အရှိန်အဝါများကို ထုတ်ဖော်ထားသည်။ ခန္ဓာကိုယ်တွင် ဝတ်ဆင်ထားသည့် ချပ်ဝတ်သည် တောက်ပသည့် အလင်းတန်းများ ပေါ်ပေါက်နေ၏။ ၎င်းသည် လက်တစ်ဖက်ကို ဆန့်ထုတ်ကာဖြင့် လျှိုချင်းဟုန်ကို ခပ်ဝေးဝေး တည်နေရာဆီသို့ လွင့်စင်အောင် တိုက်ခိုက်လိုက်၏။
တိုက်ပွဲတွင် ပိုင်ယုသည် ဖီးနစ်ဘိုးဘေး၊ တခြားသောသူများနှင့် ပူးပေါင်းကာ အင်မော်တယ်ဘုရင် ထျန်းချီကို တိုက်ခိုက်နေသည်။ စွမ်းအားမြင့် ကျင့်ကြံသူပေါင်းများစွာ၏ ပူးပေါင်းတိုက်ခိုက်မှု ဖြစ်သော်လည်း တိုက်ပွဲသည် အခြေအနေ တစ်ခုလုံးကို ငြိမ်သက်စေ၏။ ကြမ်းတမ်းလွန်းသည့် တိုက်ပွဲကြောင့် လောကတည်နေရာ တစ်ခုလုံး ပျက်စီးလျက် ရှိနေသည် ဆိုသော်လည်း အင်မော်တယ်ဘုရင် ထျန်းချီမှာတော့ ခပ်တည်တည်ဖြင့် ရပ်လျက် ရှိနေတုန်းပင်။
လောကအသီးသီးဘက်တွင် ရှိနေသည့် အင်မော်တယ်ဘုရင်များသည် ကြီးမားသည့် ဆိုးကျိုးများကို ခံစားနေရပြီး အောက်စည်းသို့ တဖြည်းဖြည်း ရောက်ရှိနေ၏။ အချိန်မရွေး သေဆုံးသွားမည့် အခြေအနေ မျိုးပင်။
“ခင်ဗျားကို ခင်ဗျား ကယ်တင်ရှင်လို့ ထင်နေတာလား။ ကွာစီအင်မော်တယ် အင်ပါယာ ထွက်ပေါ်လာတဲ့ အချိန်မှာ ခင်ဗျား ဘာလုပ်နိုင်မှာလဲ။ ခင်ဗျား ဘာကို ပြောင်းလဲနိုင်မှာလဲ” လုဝူတောက်၏ အသံက အေးစက်လျက် ရှိနေလေ၏။
၎င်းသည် ကျိုးချီကို စကားလုံးများနှင့်ပါ တိုက်ခိုက်လျက် ရှိနေ၏။ သို့ပေမဲ့ ကျိုးချီသည် ကောင်းကင်ယံ ထက်တွင် ရှိနေသည့် ၎င်း၏ ကြီးမားသည့် ကြေးအိုးကြီးကို အသုံးပြုကာဖြင့် ဆက်တိုက်ဆိုသလို ခုခံတိုက်ခိုက်လျက် ရှိနေတုန်းပင်။ လုဝူတောက်ကို အလုံးစုံ ဖိနှိပ်လုနီးပါး စွမ်းအင်ကုန် ထုတ်ဖော်ကာ တိုက်ခိုက်နေသည်။
လုဝူတောက်သည် တစ်ဖက်လူအား စိတ်ပိုင်းဆိုင်ရာအရ အနိုင်ယူရန် ကြိုးစားလျက် ရှိသည်။ အောင်မြင် သွားသည် ဆိုပါက ၎င်းသည် အင်မော်တယ်ဘုရင်အဆင့် စာရင်းတွင် ဒုတိယနေရာမှသည် ပထမမြောက် နေရာဆီသို့ ရောက်ရှိမည် မဟုတ်ပါလား။
“ကျုပ်ကိုကျုပ် ကယ်တင်ရှင်လို့ ဘယ်တုန်းကမှ မစဉ်းစားထားဘူး။ အတိတ်တုန်းကကော၊ အခုကောပဲ။ ကျုပ်က ကျုပ်ယုံကြည်တဲ့ အရာတစ်ခုကို လုပ်နေရုံသက်သက်ပဲ။"
တစ်ကိုယ်လုံး သွေးများဖုံးလွှမ်းလျက် ရှိနေသည့် ကျိုးချီသည် ကြမ်းတမ်းလွန်းလှသည့် အရှိန်အဟုန်ကို ထုတ်ဖော်လျက် ရှိနေပြီး အညံ့မခံ၊ အရှုံးမပေးသည့် စိတ်ဓာတ်ကို ထုတ်ဖော်ပြသထားသည်။
“ဟမ့်”
လုဝူတောက်က နှာခေါင်းရှုံ့လိုက်၏။
“ဒီကိစ္စ မှန်တယ်၊ မှားတယ်ဆိုတာ နောက်ပိုင်းမျိုးဆက်တွေက သုံးသပ်ပေးလိမ့်မယ်” ကျိုးချီက ပြန်လည် ပြောဆိုလိုက်၏။ ပြီးနောက် သူသည် နောက်ထပ် တိုက်ခိုက်ချက် တစ်ခုကို ထုတ်ဖော်ကာ တိုက်ခိုက်လိုက်သည်။
“ခင်ဗျားက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ” လုဝူတောက်သည် ခပ်တည်တည်ဖြင့် မတ်တပ်ရပ်လျက် ရှိနေပြီး ရောက်ရှိလာသည့် တိုက်ခိုက်ချက်များကို အသာပင် ဖယ်ရှားလိုက်၏။
လက်ရှိအချိန် ကြယ်ကောင်းကင်ယံကြီး၏ တခြားတစ်ဖက်မှာတော့ အကြီးအကဲတစ်ယောက်၏ ပုံပန်း သွင်ပြင်က ပေါ်ပေါက်လာခဲ့၏။
“လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက အချိန်တွေကို ပြန်ပြီး ပြနေတာလား”
အဘိုးအိုက သက်ပြင်းချလိုက်၏။ “ကံဆိုးစွာနဲ့ ငါ ဒါတွေကို မမှတ်မိဘူးပဲ”
သူသည် ကျိုးချီနှင့် လုဝူတောက်တို့ တိုက်ခိုက်ရာ တည်နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ တိုက်ခိုက်မှုသည် တကယ့်ကို ကြမ်းတမ်းလွန်းပြီး အားလုံးသောသူတို့ကို ကြီးမားသည့် ဖိအားများ ပေးစွမ်းလျက် ရှိနေသည်။
“ဒါပေမဲ့ ကျုပ် ခင်ဗျားကို မှတ်မိတယ်”
အဘိုးအိုက တီးတိုး ရေရွတ်လိုက်၏။ “လုဝူတောက်… ခင်ဗျားက လမ်းမှားခဲ့ပြီပဲ”
ဖြည်းညှင်းစွာ အရှေ့ကို လှမ်းတက်ပြီးသည့်နောက် ၎င်း၏ ခြေလှမ်းများသည် တိကျ ခိုင်မာနေသည်။
“ခင်ဗျားလား”
ချဉ်းကပ်လာသည့် အဘိုးအိုကို မြင်ရသည့် အချိန်မှာတော့ လုဝူတောက်သည် ပထမဦးဆုံး အတွေးနက်သွားမိ၏။ ၎င်း၏ မျက်လုံးများထဲတွင် စိုးရွံ့သည့် အရိပ်အယောင်များ ပေါ်ပေါက် လာခဲ့၏။ သို့ပေမဲ့ ဤကဲ့သို့သော အခြေအနေသည် ကျိုးချီကို အခွင့်အရေး ပေးလိုက်ခြင်းပင်။ တိုက်ပွဲကြီးတစ်ခုတွင် တစ်ချက်ကလေး အာရုံလစ်ဟင်းခြင်း ဆိုသည်မှာ ကြီးမားသည့် အဆုံးသတ်ကို ရောက်ရှိစေ၏။
ကျိုးချီသည် လက်တစ်ဖက်တွင် ဓားတစ်စင်းကို ဖမ်းကိုင်ကာဖြင့် လုဝူတောက်၏ လက်ကို ခုတ်ပိုင်းလိုက်၏။ မြန်မြန်ဆန်ဆန်သာ မရှောင်နိုင်သည်ဆိုပါက လုဝူတောက်သည် လက်တင်မက ခေါင်းပါ ပိုင်းပြတ်သွားပေလိမ့်မည်။
“ဘာကြောင့် ဒီနေရာကို ရောက်လာတာလဲ”
လုဝူတောက်သည် မိုင်ထောင်ချီ အဝေးတည်နေရာဆီသို့ လှမ်းကာ ဆုတ်လိုက်၏။ ၎င်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် သွေးများကို အသာသုတ်လိုက်ပြီး တစ်ဖက်တွင်ရှိနေသည့် အဘိုးအို နှင့် ကျိုးချီတို့ကို လှမ်းကာ ကြည့်လိုက်၏။
“ခင်ဗျားက လမ်းမှားနေပြီ”
အဘိုးအိုသည် ထပ်ပြောလိုက်သည်။ “မှန်ကန်တဲ့ လမ်းကိုရွေးဖို့အတွက် ကျုပ် လမ်းညွှန်ပေးမယ်”
“ကျုပ်က အခု လမ်းမှန်ပေါ်မှာလေ” လုဝူတောက်၏ ဝတ်စုံသည် လေနှင့်အတူ လွင့်မျောလျက် ရှိနေပြီး ၎င်း၏ ပျက်စီးသွားခဲ့သည့်လက်သည် တဖြည်းဖြည်း သွေးချီများ စုစည်းကာ ပြန်လည် ကောင်းမွန်လာခဲ့၏။ ကျိုးချီကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့သည်ဆိုသော်လည်း ၎င်းသည် ထိပ်ဆုံးအခြေအနေ၌ မတ်မတ်ရပ်လျက် ရှိနေတုန်းပင်။
“ခင်ဗျား မှားနေပြီ။ လုံးဝမှားနေပြီ” အဘိုးအိုသည် ခေါင်းကို ခါယမ်းလိုက်၏။ သူသည် ရှေ့ဆီသို့ လှမ်းတက် လိုက်၏။ ရှေ့ဆီသို့ လှမ်းတက်လိုက်သည့် အချိန်မှာတော့ သွေးနီရောင် ကြာပန်းများသည် ပွင့်လန်းလာ၏။ ၎င်းပန်းများသည် မီးတောက်များဖြင့် တဟုန်းဟုန်း ပေါက်ကွဲနေ၏။ ကြာပန်းများသည် ပေဝက်နီးပါးခန့်သာ ရှိသည်ဆိုသော်လည်း ကြောက်မက်ဖွယ်ရာ ကောင်းသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေ၏။
လုဝူတောက် အနေနှင့် ထိုအရာများကို ကြည့်ရှုရင်း တွန့်ကနဲ ဖြစ်သွားမိသည်။
“ဟမ်”
လုဝူတောက်က သေသေချာချာ ကြည့်လိုက်၏။ “တစ်ချိန်တုန်းက ကျုပ်ကို လမ်းညွှန်ပြခဲ့ဖူးတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ကျုပ် ခင်ဗျားရဲ့ အသက်ကို ချမ်းသာပေးခဲ့တယ်။ ကျုပ်တို့ကြားမှာ ရှိနေတဲ့ အကြွေးက ကျေသွားခဲ့ပြီ”
“ဟုတ်တယ်”
အဘိုးအိုသည် နွေးထွေးစွာဖြင့် ပြောလိုက်၏။ ပြီးသည့်နောက် တီးတိုးရေရွတ်လိုက်သည်။ “အကြွေးက ကျေသွားခဲ့ပြီ။ ဒါပေမဲ့ တချို့အရာတွေကတော့ ဖယ်ရှားဖို့ ခက်တယ်လေ”
အရှေ့ဆီသို့ လှမ်းတက်ရင်းမှာပဲ အဘိုးအို၏ ဖျင်ကြမ်းဝတ်စုံသည် လေနှင့်အတူ တဝုန်းဝုန်း လှုပ်ခါနေ၏။ ၎င်း၏ အဖြူရောင် မုတ်ဆိတ်မွေးများသည် အလင်းတန်းများ ထွန်းတောက်လာသကဲ့သို့ပင်။ ထူးဆန်းစွာဖြင့် အဘိုးအို၏ အော်ရာများသည် တဖြည်းဖြည်း ပိုမိုကာ အားကောင်းလာခဲ့ခြင်း မဟုတ်ချေ။ ထိုအစား တဖြည်းဖြည်း ယုတ်လျော့လာ၏။ တဝုန်းဝုန်း ပေါက်ကွဲလျက် ရှိနေသည့် မီးတောက်များ၏ကြားတွင် ၎င်း၏ အသက်ဓာတ်များသည် ဝါးမျိုခြင်းကို ခံနေရသကဲ့သို့ပင်။
“ခင်ဗျား ရှေ့ကို တစ်ချက်လှမ်းတာနဲ့ သေလိမ့်မယ်နော်။ ဒီတစ်ကြိမ်မှာတော့”
လုဝူတောက် သည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ သူသည် မျက်လုံးပြူးကာဖြင့် စူးစိုက်ကာ ကြည့်လိုက်၏။ “ကျုပ် ခင်ဗျားကို လက်လွှတ်ပေးမှာ မဟုတ်တော့ဘူး”
လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာတုန်းက ငရဲလောကကြီး ထွက်ပေါ်မလာခင်တုန်းက ၎င်းသည် တကယ့်ကို စိတ်ဆန္ဒ ပြည့်ဝသည့် လူငယ်တစ်ယောက် ဖြစ်ခဲ့၏။ ၎င်း၏ဘဝ ပထမတစ်ဝက်သည် လောကအသီးသီးတွင် ရှိနေသည့် ပြိုင်ဘက်များကို ရင်ဆိုင်ယှဉ်ပြိုင်တိုက်ခိုက် အနိုင်ယူရင်း ကုန်ဆုံးခဲ့လေ၏။ လူငယ်များတွင် ၎င်းသည် ကျိန်းသေပေါက် နှိုင်းယှဉ်၍မရနိုင်သည့် ပါရမီရှင်ပင် ဖြစ်ခဲ့သည်။
နောက်ပိုင်း အင်မော်တယ် အင်ပါယာ ဟောင်ယွင်နှင့် တိုက်ခိုက်သည့်အချိန်တွင် ရှုံးနိမ့်ခဲ့၏။ ထို့ကြောင့် သူသည် မနည်းပင် ရုန်းကန်ခဲ့ရ၏။ ဤအတောအတွင်း လီချန်းဖန်သည် သူ့ကို ကယ်တင်ခဲ့၏။ လီချန်းဖန်သည် ကွာစီအင်မော်တယ် အင်ပါယာအောက်တွင် ရှိနေသည့် နံပါတ်တစ် ကျင့်ကြံသူဆိုသော ဂုဏ်ပုဒ်ကို ကိုင်ဆောင်ထားခဲ့၏။ အင်မော်တယ်လောက တစ်ခုလုံးတွင် ရှိနေသည့် များပြားလှသည့် ကျင့်ကြံသူများ၏ လေးစားမှုကို ခံရသူ တစ်ယောက်ဖြစ်၏။
လီချန်းဖန်သည် ကြီးမားလှသည့် ဖိအားကြီးကို ခုခံကာဖြင့် ၎င်းကို ကယ်တင်ခဲ့၏။ ထို့ကြောင့် လုဝူတောက်သည် ယနေ့အချိန်အထိ အသက်ရှင် ကျန်ရစ်ခဲ့ခြင်းပင်။ ကျေးဇူးတရားများ ကျန်ရှိနေသည် ဆိုသော်လည်း လုဝူတောက်သည် ထိုအရာကို ခေါင်းထဲတွင် မှတ်သားခြင်းကိုသာလျှင် ပြုလုပ်၏။ အပြင်ဘက်သို့ ထုတ်ဖော်ကာဖြင့် ကျေးဇူးဆပ်ခြင်းကို မပြုလုပ်ခဲ့ချေ။
တစ်ကြိမ်တစ်ခါသော အခြေအနေတွင် သတ်ဖြတ်ရန် အခွင့်အရေး ပေါ်ပေါက်ခဲ့သော်လည်း သူသည် လီချန်းဖန်ကို သက်ညှာပေးခဲ့သည်။ ထိုအရာဖြင့်သာ ကျေးဇူးဆပ်ခဲ့၏။ နှစ်သန်းပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ယနေ့အချိန်မှာတော့ သူတို့သည် ထပ်မံကာ တွေ့ဆုံခဲ့၏။
လုဝူတောက်၏ နှလုံးသား တစ်ခုလုံးသည် ရှုပ်ထွေးလျက် ရှိနေသည် ဆိုသည်မှာတော့ မငြင်းပယ်နိုင်ချေ။ သူ၏ ဆရာဟုပင် သတ်မှတ်နိုင်စွမ်း ရှိနေသည့် စီနီယာနှင့်ပင် ပြန်လည်ကာ ရင်ဆိုင်တွေ့သည့် အချိန်တွင် မည်ကဲ့သို့ ပြုလုပ်ရမည်ဆိုသည်ကို သေသေချာချာ ဝေခွဲ၍ မရနိုင်ချေ။ သတ်ပစ်ရမည်လား။ မသတ်ပစ်ရဘူးလား။
“လုဝူတောက်… လုပ်စရာ တစ်ခုရှိသေးတယ်။ ဒီတော့ လမ်းမှားကို ဆက်မလျှောက်နဲ့တော့။ ငါနဲ့လိုက်ခဲ့” အဘိုးအိုက ဆော်ဩလိုက်သည်။
သူသည် အရှေ့သို့ လှမ်းတက်လျက် ရှိနေတုန်းမှာပဲ ခန္ဓာကိုယ်တွင် ရှိနေသည့် ကြက်သွေးရောင်မီးတောက်က တဖြည်းဖြည်း ပိုမိုကာ အရှိန်ပြင်းလာခဲ့၏။ ၎င်းကို ကြည့်ရှုရမည်မှာလည်း ခြေလှမ်းများပင် မငြိမ်တော့ချေ။ တဖြည်းဖြည်နှင့် ပြိုလဲလုမတတ်ပင်။ ရှေးကျလှသည့် မျက်နှာအိုကြီးထဲတွင် ကြင်နာသည့် အပြုံးတစ်ခုက ပေါ်ပေါက်လျက် ရှိနေ၏။
လုဝူတောက်သည် ထိုအရာကို ကြည့်ရှုရင်း နွေးထွေးသည့် ခံစားချက်များပင် ရရှိနေခဲ့သည်။
“လုံလောက်ပြီ” လုဝူတောက်သည် နှလုံးသားထဲတွင် ဖြစ်တည်လာခဲ့သည့် ထိုကဲ့သို့သော ခံစားချက်များကို ချက်ချင်းပဲ ဖယ်ရှားလိုက်၏။ သူသည် ချက်ချင်းသတိအပြည့်ဖြင့် အော်ငေါက်လိုက်၏။ နတ်ဘုရား အသိစိတ်များသည် ဓားသွားများကဲ့သို့ပင် ဖြတ်သန်းပြီး ၎င်း၏ ဦးနှောက်ထဲတွင် ရှိနေသည့် နွေးထွေးလွန်းသည့် မှတ်ဉာဏ်များကို ဖျက်ဆီးပစ်လိုက်၏။
“အဲတုန်းက ရှိနေတဲ့ မှတ်ဉာဏ်တွေအားလုံး သတိရသေးတယ်။ ဒါပေမဲ့ ကျုပ်က ခင်ဗျားရဲ့ လွှမ်းမိုးမှုအောက်ကို ရောက်မှာ မဟုတ်ဘူး”
လုဝူတောက်သည် အေးစက်စက်ဖြင့် အော်ဟစ်လိုက်သည်။ “အဘိုးကြီး… ခင်ဗျားရဲ့ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ မီးတောက်တွေက ကျုပ်ကို ထိခိုက်နိုင်မယ်လို့ ထင်နေတာလား”
မျက်လုံးထဲတွင် အထင်အမြင်သေးသည့် အကြည့်များ ဖြစ်တည်လျက် ရှိနေသော လုဝူတောက်သည် မိစ္ဆာဓားသွားကို ကိုင်ဆောင်ကာဖြင့် သွေးဆာလောင်သည့် အရှိန်အဝါမျိုးကို ထုတ်ဖော်လျက်ရှိ၏။
ဒွီ
သူ၏ ခြေထောက်အောက်တွင်တော့ စွမ်းအင်လှိုင်းများ ဖြစ်တည်လာခဲ့၏။ ဤစွမ်းအင်လှိုင်းများသည် တကယ့်ကို ကြမ်းတမ်းလွန်းသည်။
“တာအိုရောင်းရင်း… အနောက်ကိုဆုတ်”
လက်ရှိမှာတော့ ကျိုးချီသည် လှမ်းကာ ပြောလိုက်၏။ “လက်ရှိအချိန်မှာ ခင်ဗျားက သူရဲ့ပြိုင်ဘက် မဟုတ်ဘူး။ အလကားနေရင်း မသေချင်နဲ့”
ထိုအချိန်မှာတော့ အင်မော်တယ်ဘုရင်များသည် ၎င်းတို့၏ အသက်များ လုံခြုံစေရန် အတွက် ထွက်ပြေးမှုကို ပြုလုပ်နေကြပြီဖြစ်၏။ သို့ပေမဲ့ ဤအဘိုးကြီးသည် ရှင်းရှင်းလင်းလင်း ဆိုသလိုပဲ သေတွင်းထဲသို့ ခုန်ဝင်လာခဲ့သည်။
“စိတ်မပူနဲ့”
အဘိုးအိုသည် အသာရယ်မောလိုက်၏။ သူ၏အသံထဲတွင် ပျော်ရွှင်မှု၊ ဝမ်းနည်းမှုဟူ၍ တစ်ချက် ကလေးမှ မရှိချေ။ လုဝူတောက်နှင့် ပတ်သက်သည့် ရှုပ်ထွေးသော ခံစားချက်များသည်သာ မျက်လုံးထဲတွင် ထင်ပေါ်နေ၏။ သူက ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။ “တာအိုရောင်းရင်းဆီက တစ်ခုပဲ ကျုပ် တောင်းချင်တယ်”
“တာအိုရောင်းရင်း… ကျေးဇူးပြုပြီး ပြောပါ” ကျိုးချီက တုံ့ပြန်လိုက်သည်။
“ကျုပ်ကို ကူညီပြီးတော့ ဒီနေရာကို စည်းခတ်ပေး”