အပိုင်း (၇၇၄)
Vol. 52 Ch. 774
ဘုန်း
ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး တုန်ခါလျက် ရှိနေပြီး အလင်းတန်းများသည် လောကကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။ မီးတောက်လူသားသည် အရှေ့ဆီသို့ တစ်လှမ်းချင်း လှမ်းလျှောက်လျက် ရှိနေတုန်းပင်။ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်ဆိုလျှင်တောင်မှ ဤမီးတောက်များနှင့် နီးကပ်သွားသည်ဆိုပါက ကောင်းမွန်သည့် အခြေအနေတွင် ရှိလိမ့်မည် မထင်ချေ။
“ဒါ ခင်ဗျားရဲ့ ဝှက်ဖဲလား။ စိတ်ဝင်စားစရာပဲ။ ဒါပေမဲ့ အထင်ကြီးစရာ မရှိဘူး” ဌာနေအရှင်က မှတ်ချက်ပြုလိုက်၏။ ၎င်းသည် တည်နေရာလမ်းကြောင်းဆီသို့ လှမ်းကာ ကြည့်ရှုရင်း အတည်ပြုလိုက်၏။ ပြီးနောက် တည်တည်ငြိမ်ငြိမ်ဖြင့် အရှေ့ကို လှမ်းတက်ပြီး လေဟာနယ်ထဲသို့ လက်နှစ်ဖက်ဖြင့် အသာ ဖိနှိပ်လိုက်၏။ ပတ်ဝန်းကျင် တည်နေရာ တစ်ခုလုံးတွင် ရှိနေသည့် မီးတောက်အားလုံးကို သူက ဖိနှိပ်ငြိမ်းသတ်ရန် ရည်ရွယ်ချက်ရှိ၏။ သို့ပေမဲ့ သူ၏ အစစ်အမှန် စွမ်းအင်များသည် မီးတောက်များနှင့် ထိတွေ့သည့် အချိန်မှာတော့ အရာအားလုံး ဝါးမျိုခြင်းကို ခံလိုက်ရ၏။
သူ၏ ရှေ့တွင် ရှိနေသည့် မီးတောက်ပင်လယ်ကြီးသည် ကိုယ်ပိုင်အသိစိတ် တည်ရှိနေသကဲ့သို့ပင်။ ဌာနေအရှင်ကို ဝါးမျိုရန်ပင် ပြန်လည်ကာ ကြိုးစားလာခဲ့၏။ အပူချိန်သည် တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်း၏။ ဌာနေအရှင်၏ ခန္ဓာကိုယ်တွင် ရစ်သိုင်းလျက် ရှိနေသည့် အမဲရောင်မြူများပင်လျှင် ပျောက်ကွယ်သွားခဲ့သည်။
ဤလူသည် ဝိညာဉ်နှင့် နတ်ဆိုးတောအုပ်၏ ဌာနေအရှင်ဖြစ်၏။ ကျိန်းသေပေါက် အားကောင်းသည့် ကျင့်ကြံသူတစ်ယောက်ပင်။ ထိုသို့ဆိုလျှင်တောင်မှ မီးတောက်များ စွမ်းအင်သက်ရောက်မှုသည် ကြောက်မက်ဖွယ်ရာ ကောင်း၏။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ဌာနေအရှင်သည် ခေါင်းမော့ပြီးနောက် အဝေးတစ်နေရာရှိ ကောင်းကင်မူလ လောကကြီးဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် လေးနက် တည်ကြည်သည့် လေသံဖြင့် ပြောဆိုလိုက်သည်။ “ဒါတွေအားလုံး ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ပြုလုပ်နေတာလား”
သူ၏ အမြင်အရဆိုလျှင် လောကအသီးသီးတို့တွင် တည်ရှိနေသည့် အင်မော်တယ်ဘုရင် ဆိုသူများမှာ သာမန်သာလျှင် ဖြစ်၏။ ၎င်းကို ဒုက္ခပေးရန်အတွက် လုံလောက်သည့် အားအင်မျိုး မရှိချေ။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ဆိုသည့်စကားလုံးသည် သူ့ကို အခြေအနေ ပြောင်းလဲစေခဲ့၏။
ယနေ့ အချိန်တွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အစစ်အမှန် အားအင်အဆင့်သည် ဒဏ္ဍာရီ အဖြစ်သာ တည်ရှိလို့ နေခဲ့၏။
ကွာစီအင်မော်တယ် အင်ပါယာ သို့မဟုတ် အင်မော်တယ် အင်ပါယာ တစ်ယောက် ဖြစ်နိုင်၏။ ယနေ့ ၎င်း ဖန်တီးပေးခဲ့သည့် မီးတောက်ကြီးသည် အားလုံးသောသူတို့ကို ဒုက္ခပေးလျက်ရှိနေ၏။ ထိုအရာသည် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်ကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိနေသည်။
လက်ရှိအချိန်တွင် မီးတောက်သည် နေလုံးကြီး တစ်ခုကဲ့သို့ပင် ပူလောင်သည့် အရှိန်အဝါမျိုးကို ထုတ်ဖော်လျက် ရှိနေပြီး တည်နေရာ သန်းနှင့်ချီသည့် အကွာအဝေး တစ်ခုလုံးကို လွှမ်းခြုံထားခဲ့၏။
ဌာနေအရှင်သည် မီးတောက်ကြီးကို ထိပ်တိုက်ရင်ဆိုင်ရန် မပြုလုပ်ရဲချေ။ သို့ပေမဲ့ သူသည် ဤတည်နေရာမှ အလျင်စလိုဖြင့် ထွက်ခွာသွားရန်လည်း မပြုလုပ်ရဲချေ။
အဘယ်ကြောင့် ဆိုသော် သူထွက်ခွာသွားသည်ဆိုသည်နှင့် အထက်တွင် ရှိနေသော တည်နေရာလမ်းကြောင်းကြီးက ဘာဖြစ်သွားမည်နည်း။ အဆုံးမဲ့သော စိတ်ဝိညာဉ်စွမ်းအင်များသည် ထိုအထဲသို့ ဝင်ရောက်လျက် ရှိနေသည်။
တည်နေရာလမ်းကြောင်း၏ တခြားတစ်ဖက်တွင် ခမ်းနားလွန်းသည့် ဟောခန်းကြီးတစ်ခုက မတ်မတ် တည်ရှိနေ၏။ ထိုဟောခန်းကြီးထဲတွင်တော့ နတ်ဘုရားအင်ပါယာ အပါအဝင် အတိတ်မှ စွမ်းအားမြင့်ကျင့်သူ များတည်ရှိနေ၏။ ငရဲလောက၏အရှင် ပြန်လည်ရောက်ရှိလာသည် ဆိုသည်နှင့် နတ်ဘုရားအင်ပါယာ၊ တခြားသောသူအားလုံး၏ တာအိုအသိအမြင်များကို ပေါင်းစပ်ပြီးသည့်နောက် ကျိန်းသေပေါက် လောက အသီးသီးတို့၏ အထက်တွင် ရပ်တည်နိုင်သည့်လူအဖြစ် ပြောင်းလဲသွားမည် ဖြစ်၏။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူသည် ငရဲလောကအရှင်နှင့်အတူ နေထိုင်မှ ဖြစ်ပေလိမ့်မည်။ သူ၏သခင် လုံလုံခြုံခြုံဖြင့် ဤတည်နေရာသို့ ရောက်ရှိလာရန် သူက ဖေးမကူညီရပေလိမ့်မည်။
“အောင်မြင်သွားပြီလား”
အနီးအနားတွင် ရှိနေသည့် အင်မော်တယ်ဘုရင် သုံးယောက်တို့၏ ပူးပေါင်းရင်ဆိုင် တိုက်ခိုက်မှုကို ရင်ဆိုင်နေတုန်းမှာပဲ ကျိုးချီသည် ဌာနေအရှင် တည်ရှိရာနေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ လက်ရှိ အခြေအနေတွင် ကောင်းကင်ယံတစ်ခုလုံး မီးတောက်များဖြင့် ဖုံးလွှမ်းလျက် ရှိနေပြီး လောကကြီး တစ်ခုလုံး ဝါးမျိုလုမတတ်ပင်။
ဤမီးတောက်သည် အရာအားလုံးကို ကျွမ်းလောင်နိုင်စွမ်းရှိသည့်အရာဖြစ်ပြီး စိတ်ဝိညာဉ်စွမ်းအင်များကိုပင် ဝါးမျိုလျက်ရှိ၏။ ဝိညာဉ်နှင့် နတ်ဆိုးတောအုပ်၏ ဌာနေအရှင်သည် လက်ရှိအခြေအနေ၌ လောကအသီးသီး တို့ဆီမှ စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူလျက်ရှိ၏။ ဤအကြောင်းအရာသည် မီးလောင်ရာ လေပင့်နေသလိုပင် မီးတောက်များကို ပိုမိုကာ အားကောင်းစေခဲ့၏။
တွက်ချက်ရမည်ဆိုလျှင် ဌာနေအရှင်ပင်လျှင် ဤမီးတောက်များနှင့် ထိတွေ့သည်ဆိုပါက ကျိန်းသေပေါက် ပြာအဖြစ်သို့ ပြောင်းလဲသွားနိုင်၏။ တည်နေရာဖြတ်သန်းကာ ရောက်ရှိ လာနိုင်သော ငရဲလောက၏ အရှင်ပင်လျှင် ထိုမီးတောက်များ၏ သက်ရောက်မှုကို ခံရမှာဖြစ်၏။ ထိုမီးတောက်များသည် အင်မော်တယ် အင်ပါယာတစ်ယောက်ကို ကျွမ်းလောင်နိုင်မလား ဆိုသည်ကို ကျိုးချီက သိရှိချင်မိသည်။
ချွမ်
သံသံချင်း ထိမှန်သံများ ထွက်ပေါ်လာခဲ့၏။ နတ်ဘုရားအလင်းတန်းများ ထွန်းတောက်လာခဲ့ပြီးသည့်နောက် ပိန်လှီခြောက်ကပ်လျက် ရှိနေသည့် လူတစ်ယောက်သည် ခပ်ဝေးဝေးတည်နေရာရှိ တောင်ထွတ်တစ်ခုနှင့် သွားရောက် တိုက်မိကာဖြင့် အောက်သို့ ပြုတ်ကျလေ၏။ တောင်ကြီးတစ်ခုလုံးပေါ်တွင် အက်ကွဲကြောင်းများပင် ဖြစ်တည်လာခဲ့လေ၏။
“ချင်းဟုန်” အဝေးတစ်နေရာတွင် ရှိနေသည့် လျှိုရွှမ်ချမ်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူသည် ချင်းဟုန် တစ်ယောက် မိမိ၏ အသက်ဓာတ်များကို ကုန်ဆုံးစေသည့် လျှို့ဝှက်နည်းစနစ်တစ်ခုကို ထုတ်ဖော်ကာ အပြင်းအထန် တိုက်ခိုက်ခဲ့ကြောင်း သိရှိလိုက်သည်။
ထိပ်တန်း အင်မော်တယ်ဘုရင် ထိပ်ဆုံးဆယ်ယောက် စာရင်းတွင် ပါဝင်သည့်လူများသည် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ ချင်းဟုန်အနေနှင့် တိုက်ပွဲကို ဤအခြေအနေအထိ ဆွဲခေါ်ထားနိုင်သည်ကပင်လျှင် ဂုဏ်ယူသင့်သည့် အကြောင်းအရာ ဖြစ်၏။
“လူငယ်လေး... ငါ မင်းရဲ့ အားအင်အဆင့်ကို အသိအမှတ်ပြုတယ်။ ဒါပေမဲ့ ကံဆိုးစွာပဲ မင်းက ငရဲလောကရဲ့ ရန်သူ ဖြစ်နေတယ်” ရှီယွင်က ပြောဆိုလိုက်၏။ သူ၏အသံသည် တစ်လောကလုံးဆီသို့ ပဲ့တင်ထပ်သွား၏။ သူသည် လေဟာနယ်ထဲတွင် အသာ လှမ်းလျှောက်လျက်ရှိသော်လည်း ခြေသံကြီးသည် အားလုံးတို့၏ နားစည်ထဲသို့ ဝင်ရောက်လာခဲ့၏။ လောကကြီး တစ်ခုလုံးသည်လည်း အဆက်မပြတ် တုန်ခါလျက် ရှိနေသည်။
ဘုန်း ....။
ခြေလှမ်းတစ်ခုချင်းစီတိုင်းတွင် ကြီးမားသည့် ပေါက်ကွဲမှုကြီး ဖြစ်တည်လာခဲ့ပြီး မြေပြင်ထက်တွင် ကြီးမားသည့် တွင်းနက်ကြီးများပင် ပေါ်ပေါက်လာခဲ့၏။
“ချင်းဟုန်”
ထိုအချိန်မှာတော့ လျှိုရွှမ်ချမ်တင်သာမက လျှိုကလန်တွင် ရှိနေသည့် တခြားသောလူအားလုံးသည်လည်း အထိတ်တလန့်ဖြင့် လှမ်းကာ အော်ဟစ်လိုက်ကြသည်။
တစ်ကိုယ်လုံး သွေးများ ဖုံးလွှမ်းလျက်ရှိနေသည့် လျှိုချင်းဟုန်သည် ကျိန်းသေပေါက် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အခြေအနေဆီသို့ ရောက်ရှိလာခဲ့၏။
လူတစ်ယောက်ချင်းစီတိုင်းသည် သွေးကဲ့သို့ နီမြန်းနေသည့် မျက်လုံးအစုံဖြင့် တစ်ဖက်လူကို အငြှိုးအတေး ကြီးမားစွာ ကြည့်ရှုနေ၏။ လျှိုချင်းဟုန်သည် လျှိုကလန်၏ အထူးချွန်ဆုံးသော ပါရမီရှင်တစ်ယောက်ဖြစ်၏။ ၎င်းသေဆုံးမှုကို သူတို့ လက်ခံနိုင်လိမ့်မည် မဟုတ်ချေ။ လျှိုကလန် တစ်ခုလုံး၏ အနာဂတ် ပဲ့ကြွေသွားခဲ့ခြင်းဟု သတ်မှတ်ရပေလိမ့်မည်။
“ဟမ့်.. ပိုးမွှားလိုကောင်တွေ” ရှီယွင်က နှာခေါင်းရှုံ့လိုက်၏။ ပြီးနောက် ဘေးတစ်ဖက်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ ခြေတစ်လှမ်းကို လှမ်းပြီးသည့်နောက် အချိန်နှင့် တည်နေရာကို ဖြတ်သန်းကာဖြင့် သူသည် သတ္တမဘိုးဘေးကြီး၏ အရှေ့၌ ပေါ်ပေါက်လာ၏။ ၎င်းသည် လက်ကို အသာမြှောက်ပြီးသည့်နောက် တစ်ဖက်လူ တုံ့ပြန်မှု မရနိုင်ခင်မှာဘဲ တစ်ဖက်လူ၏ လည်မျိုကို ဖမ်းဆုပ်လိုက်၏။
ဤကဲ့သို့သော ရုတ်တရက် တိုက်ခိုက်မှုသည် မြန်ဆန်လွန်းလှသောကြောင့် အချိန်ကိုက် မည်သူမှ မတုံ့ပြန် နိုင်ခဲ့ကြချေ။ လျှိုကလန်တွင် ကျန်ရှိနေသည့် အင်မော်တယ်ဘုရင် တော်တော်များများတို့သည် တည်နေရာတွင် ကြက်သေသေလျက် ရှိနေပြီး ဒေါသတရားနှင့် တုန်လှုပ်မှုများကိုသာ ထုတ်ဖော်ပြသနိုင်သည်။
ဒုတိယဘိုးဘေးကြီးသည် အရှိန်တငြီးငြီးဖြင့် ဒေါသမီးများ တောက်လောင်လျက်ရှိ၏။ သူသည် ဓားရှည်ကြီးကို ဆွဲမြှောက်ကာဖြင့် တစ်ဖက်လူကို ခုတ်ပိုင်းလိုက်၏။ ဓားအလင်းရောင်များသည် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းပြီး ရှီယွင်ဆီသို့ ကျဆင်းလာခဲ့၏။
“လွှတ်စမ်း” ထိုအချိန်မှာတော့ ဒုတိယဘိုးဘေးသည် အေးစက်စက်ဖြင့် အော်ဟစ်လိုက်၏။ ၎င်းသည် သတ်ဖြတ်လိုခြင်း ဆန္ဒများ ပြည့်ဝနေသည့် အသံနှင့်အတူ တစ်ဖက်လူကို ဟန့်လိုက်သည်။
“မောက်မာလိုက်တာ” ရှီယွင်သည် တခြားသော လက်တစ်ဖက်ကို အသာမြှောက်ကာဖြင့် တစ်ဖက်လူကို ထိုးနှက်လိုက်၏။ ကြီးမားသည့် လက်သီးချက်ကြီးသည် လေဟာနယ်ထဲတွင် ပေါ်ပေါက်လာခဲ့ပြီး တစ်ဖက်လူ၏ တိုက်ခိုက်ချက်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။
ဘန်း
ကျယ်လောင်လွန်းသော အသံကြီး ထွက်ပေါ်လာခဲ့ပြီးသည့်နောက် ဒုတိယဘိုးဘေးသည် အဝေးဆီသို့ လွင့်စင်သွားခဲ့၏။ ဒုတိယဘိုးဘေးကြီး၏ အရိုးများသည် ကွဲကြေလျက် ရှိနေပြီး သွေးများသည်လည်း ခန္ဓာကိုယ်မှ ကျဆင်းလာခဲ့သည်။
“ဒုတိယဘိုးဘေး”
လျှိုချင်းကျီသည် ဒုတိယဘိုးဘေး အလစ်အငိုက် ခံလိုက်ရသည်ကို မြင်လိုက်ရသည့် အချိန်မှာတော့ အလျင်အမြန်ဖြင့် သွားရောက်ဖမ်းယူကာ မေးမြန်းလိုက်၏။ “အဆင်ပြေရဲ့လား”
“ငါ့ကို စိတ်မပူနဲ့”
ဒုတိယဘိုးဘေးက ခက်ခက်ခဲခဲ ပြောလိုက်၏။ ပြီးနောက် ရှီယွင်ဆီသို့ လက်ညှိုးညွှန်ကာ ပြောလိုက်သည်။ “သတ္တမညီလေးကို ကယ်”
“သူ့ကို ကယ်ချင်တာလား” ရှီယွင်၏ မျက်လုံးများသည် တောက်ပလျက် ရှိနေပြီး ရက်စက်သည့် အရိပ်သင်္ကတများသည် ၎င်း၏ မျက်လုံးထဲတွင် ထင်ပေါ်လာခဲ့၏။ လက်ဝါးကို အသာမြှောက်ကာဖြင့် အစစ်အမှန် ကျန်းချီများကို ထုတ်ဖော်ကာ တစ်ဖက်လူကို တိုက်ခိုက်ပြန်၏။ ရှေးယခင်ကတည်းက ယခုအထိ အသက်ရှင် ရပ်တည်ခဲ့သော သတ္တမဘိုးဘေးကြီးသည် တစ်ချက်ကလေးမှပင် မအော်လိုက်ရဘဲ သေဆုံးသွားခဲ့ရ၏။