အပိုင်း (၇၇၇)
Vol. 52 Ch. 777
၎င်း၏ ထောက်ပံ့မှု တည်ရှိချိန်မှာတော့ အားလုံးသောသူတို့၏ မတူညီသည့် ရည်မှန်းချက်များသည် ပြန်လည်သုံးသပ်ရန် လိုအပ်လာခဲ့၏။ သူတို့အနေနှင့် ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်ချင်သည် ဆိုလျှင် ပထမဦးဆုံး ပိုင်ယု၊ ပြီးနောက် ကျိုးချီကို ရင်ဆိုင်ရပေလိမ့်မည်။ အင်မော်တယ် ဘုရင် တော်တော် များများတို့သည် ထိုကဲ့သို့သော အရာကို ပြုလုပ်ချင်စိတ် မရှိကြချေ။
“အင်း... ခင်ဗျားတို့ ဘယ်သူမှ စိတ်မရှိဘူး ဆိုမှတော့” ကျိုးချီက ပြောဆိုလိုက်၏။ သူသည် လျှိုချင်းဟုန် အနားသို့ ချဉ်းကပ်ပြီးသည့်နောက် လက်ညိုးတစ်ချောင်းနှင့် တစ်ဖက်လူ၏ နဖူးပေါ်သို့ ချိန်တွယ်လိုက်၏။ ပြီးနောက် အသာထိကပ်လျက်ရှိတုန်းမှာပဲ ခြောက်ကပ်ကပ်အသံကြီး တစ်ခုက ထွက်ပေါ်လာခဲ့၏။
“ကျုပ်ငြင်းတယ်”
“ဟမ် ဘယ်သူလဲ”
အားလုံးသော သူတို့သည် အသံထွက်ပေါ်လာရာ နေရာဆီသို့ ကြည့်ရှုလိုက်၏။ သေဆုံးခြင်း၏ အော်ရာများ ရစ်သိုင်းလျက် ရှိနေသည့် လူတစ်ယောက်သည် အသာလှမ်းလျှောက်လာ၏။ ၎င်းကို ကြည့်ရှုရသည်မှာ တကယ်ပင် ကြည့်ရဆိုးလွန်းလှ၏။ အမဲရောင်ဝတ်စုံကြီးကို ဝတ်ထား၏။ ခါးကုန်းကုန်းနှင့်ပင်။ ၎င်း၏ ခန္ဓာကိုယ် အနီးတစ်ဝိုက်တွင် ပြန်လည်မွေးဖွားခြင်းနိယာမများ ရစ်သိုင်းလျက်ရှိနေ၏။ မသိလျှင် ငရဲလောက၏ အင်မော်တယ်ဘုရင်များနှင့်ပင် မှားယွင်းနိုင်၏။
“ခင်ဗျားက ဘယ်သူလဲ” အင်ပါယာပိုင်ယုက မေးမြန်းလိုက်၏။ သူ၏ ရှေ့မှလူကို သူ မရင်းနှီးချေ။ တစ်ဖက်လူ၏ အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလှကြောင်းကိုတော့ သူ သိရှိ၏။ တစ်ဖက်လူသည် အလောင်းကောင်များကြားထဲမှ လှမ်းလျှောက်ကာ ထွက်လာသည့် လူတစ်ယောက် ဟူသော ခံစားချက်မျိုး ရရှိစေသည်။
“ကျုပ်လား”
အမဲရောင်ဝတ်စုံနှင့်လူသည် လူအုပ်ကြားထဲမှ အသာ လှမ်းလျှောက်ထွက်လာပြီးနောက် ၎င်း၏အဖြူရောင် မျက်လုံးကြီးများသည် ကျိုးချီကို စူးစိုက်ကာ ကြည့်ရှုနေ၏။ ပြီးနောက် ပြောဆိုလိုက်၏။ “ကျုပ်က လွင့်မျောမြို့ရဲ့အရှင်ပဲ”
“ဘာ”
ထိုစကားကို ကြားရသည့် အချိန်မှာတော့ လူပေါင်းများစွာတို့သည် မျက်နှာပျက်ရွင်းသွားကြသည်။ ဤလူသည် အင်မော်တယ်ဘုရင်အဆင့် စာရင်း၏ တတိယမြောက် နေရာတွင် ရှိသော လွင့်မျောမြို့၏အရှင် ဖြစ်လို့နေသည်။
ကြည့်ရမည်ဆိုလျှင် လျှိုချင်းဟုန်ထက် ပိုမို၍ ကွာစီအင်မော်တယ် အင်ပါယာအဖြစ် အရည်အသွေး ပြည့်ဝသည့် သူမျိုးပင်။ ထို့အပြင် တစ်ဖက်လူ၏ အားအင်အဆင့်သည် လုဝူတောက်နှင့် ကျိုးချီတို့၏နောက် ဒုတိယတွင် တည်ရှိ၏။ ၎င်းသည်သာ ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်ခဲ့ပါက အားအင် အဆင့်သည် သာမန်ထက်ပိုမှာဖြစ်ပြီး လျှိုချင်းဟုန်ထက် အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်စွမ်း ပိုများ၏။
“ဒီတော့ သူက လွင့်မျောမြို့ရဲ့အရှင်ပေါ့၊ သူပေါ်ပေါက်လာတာက ကျုပ်တို့လောကသားအတွက် တကယ်ကို ကောင်းတဲ့အရာပဲ”
“အတိအကျပေါ့။ အရင်တုန်းက လွင့်မျောမြို့ရဲ့အရှင်က တစ်ယောက်တည်းနဲ့ ငရဲလောကရဲ့ စွမ်းအားမြင့် ကျင့်ကြံသူ တော်တော်များများကို ရင်ဆိုင်တိုက်ခိုက်ပြီး အနိုင်ယူနိုင်ခဲ့တယ်။ ဒီတော့ ဒီနောက်ပိုင်းအတွင်းမှာ သူရဲ့အားအင်အဆင့်က ပိုပြီးတိုးလာလိမ့်မယ်”
“ခင်ဗျားတို့ သတိမပြုမိဘူးလား။ လွင့်မျောမြို့ရဲ့အရှင်ရဲ့ ပုံပန်းသွင်ပြင်က ပုံမှန် မဟုတ်ဘူး” အနီးအနားတွင် ရှိနေသည့် အင်မော်တယ်ဘုရင်များသည် တီးတိုးပြောဆိုလျက် ရှိနေ၏။ တစ်ဖက်လူ၏ အသွင်သဏ္ဍာန်ကို ကြည့်ရှုရင်း သူတို့သည် ဘာမှန်းမသိသည့် ခံစားချက်များကို ရရှိနေ၏။
လွင့်မျောမြို့၏အရှင်သည် ငြိမ်ငြိမ်သက်သက်နှင့် မတ်တပ်ရပ်လျက်ရှိနေပြီး တစ်ဖက်လူများကို ခွန်းတုံ့ မပြန်ချေ။ တစ်ချက်ကလေးမှ မမှိတ်သော မျက်လုံးများနှင့်အတူ ကျိုးချီကို စူးစိုက်ကာ ကြည့်ရှုနေ၏။ ကျိုးချီ၏ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေသကဲ့သို့ပင်။
“တာအိုရောင်းရင်း”
အင်ပါယာပိုင်ယုသည် လွင့်မျောမြို့၏အရှင်နားသို့ ချဉ်းကပ်လာခဲ့၏။ ခေါင်းအစ ခြေအဆုံး သေသေချာချာ ကြည့်ရှုပြီးသည့်နောက် လေးလေးနက်နက် ပြောဆိုလိုက်သည်။ “ငရဲလောကရဲ့ အင်မော်တယ်ဘုရင်တွေနဲ့ တိုက်ခိုက်နေတဲ့အချိန်တုန်းက ခင်ဗျား ဘယ်ရောက်သွားတာလဲ”
လွင့်မျောမြို့၏အရှင်သည် ဤကဲ့သို့သော အချိန်ကောင်းတွင် ပေါ်ပေါက် မလာသင့်ကြောင်းကို သူက သိရှိ၏။ သို့ပေမဲ့ ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေး ပေါ်ပေါက်နေသည့်အချိန်တွင် ရုတ်တရက် ထွက်ပေါ် လာခဲ့၏။ ဤအရာသည် လက်ဗလာနှင့် ရောက်ရှိလာခဲ့ပြီး ဆင်သားရေကို ဆွဲခွာရန် ကြိုးစားနေခြင်းမျိုးပင်။
ငရဲလောက၏ အင်မော်တယ်ဘုရင်များနှင့် တိုက်ခိုက်နေသည့်အချိန်က တစ်ချက်ကလေးမှ ပေါ်မလာခဲ့ချေ။ အခွင့်အရေးပေါ်လာချိန်မှာတော့ ရုတ်တရက် ရောက်ရှိလာခဲ့သည်။ ကောင်းကင်ကြီးအောက်တွင် ဤကဲ့သို့သော ကောင်းမွန်သည့်အရာဆိုတာ မည်သည့် နေရာတွင်ရှိမည်နည်း။
“ကျုပ်လား”
လွင့်မျောမြို့၏အရှင်၏ မျက်လုံးများထဲတွင် သုန်မှုန်နေသည့်အရိပ်သင်္ကေတများ ဖြစ်တည် လာခဲ့၏။ သူက ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။ “ကျုပ် ပြန်ပြီး အားမွေးနေရတယ်လေ။ ခင်ဗျားတို့ အားလုံးကို ဖုံးကွယ်မနေတော့ဘူး။ ကျုပ်က ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားတယ်။ ဒါကြောင့် ကျုပ် ဒီနေရာကို အလျင်စလို မလာနိုင်ခဲ့ဘူး”
“ဪ”
ထိုစကားကို ကြားသည့်အချိန်မှာတော့ အင်ပါယာပိုင်ယုနှင့် လျှိုချင်းဟုန်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ရှုလိုက်၏။ လူပေါင်းများစွာတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီသို့ သွားရောက် လည်ပတ်ခဲ့ဖူးပြီးသားဖြစ်၏။ ထို့ကြောင့် နန်းဆောင်သခင်၏ အကြောင်းကို ကောင်းကောင်း သိရှိပြီးသား ဖြစ်သည်။
အကြောင်းအရင်းမရှိဘဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် တိုက်ခိုက်မှုမျိုးကို ပြုလုပ်မည့်သူမျိုး မဟုတ်ချေ။ လွင့်မျောမြို့၏အရှင်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ပေါ်တွင် တွက်ချက်မှု မှားယွင်းခဲ့သောကြောင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရခြင်းသာ ဖြစ်ပေလိမ့်မည်။
“အခု အသေးစိတ် ရှင်းပြနေဖို့ အချိန်မရှိဘူး”
အင်ပါယာပိုင်ယုတစ်ယောက် ပြောဆိုရန်ပြင်လိုက်သည့် အချိန်မှာပဲ လွင့်မျောမြို့၏အရှင်သည် ရုတ်တရက် ကြားဖြတ်ကာ ပြောဆိုလိုက်၏။ “အရေးကြီးဆုံးကိစ္စက လောကအသီးသီးဘက်မှာ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ပေါ်ပေါက်လာဖို့ပဲ”
အဝေးတစ်နေရာ၏ ဂိတ်တံခါးကြီးထဲတွင် ငရဲလောက၏အရှင်သည် ကျိန်းသေပေါက် အသက်ဝင် နိုးထလာခဲ့ပြီး အချိန်မရွေး လောက၏တစ်ဘက်ခြမ်းဆီသို့ ကူးဖြတ်ရောက်ရှိလာတော့မည့်ပုံပင်။ နတ်ဆိုးလောက၏ အင်မော်တယ်ဘုရင်များသည်လည်း ပျော်ရွှင်နေကြပြီဖြစ်သည်။
လောကကြီးတစ်ခုလုံးသည် အဆုံးမဲ့ တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။ မကြာခင်တွင် ဖြစ်တည်လာခဲ့မည့် ရလဒ်ကို လောကအသီးသီးတို့မှ လူများက သိရှိပြီးသားဖြစ်၏။ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ပေါ်ပေါက်လာခဲ့ပြီး ထိုဂိတ်တံခါးကို ဖျက်ဆီးနိုင်မှသာလျှင် သူတို့အတွက် ကောင်းမွန်သည့် အခြေအနေ ဖြစ်ပေမည်။
“ခင်ဗျားက အစိုးရိမ်လွန်နေတယ်”
ကျိုးချီသည် ခေါင်းကိုခါယမ်းလိုက်၏။ ပြီးနောက် လွင့်မျောမြို့အရှင်ဆီသို့ လှမ်းကာကြည့်ရှုရင်း ပြောလိုက်၏။ “ကျုပ် အလိုလိုသိစိတ်အရဆို ခင်ဗျားက တစ်စုံတစ်ခုကို ဖုံးကွယ်ထားတယ်”
“ကျုပ်လို အဘိုးကြီးက ဘာကိုဖုံးကွယ်ထားရမှာလဲ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က အကြောင်းအရင်းမရှိဘဲ ကျုပ်ကို တိုက်ခိုက်ခဲ့တယ်။ ဒါကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားတာ။ အဲ့ဒီ အမှတ်မထင် ကိစ္စရပ်သာ ဖြစ်မလာဘူးဆိုရင် အရင်ထဲက ကျုပ်ဒီတိုက်ပွဲကိုဝင်ပြီး တိုက်ခိုက်ခဲ့မှာ” လွင့်မျောမြို့၏ အရှင်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
“ဥပမာအားဖြင့်.....”
ကျိုးချီသည် လွင့်မျောမြို့၏အရှင်ကို လေးလေးနက်နက်နှင့် ကြည့်ရှုပြီး တည်ငြိမ်စွာ ပြောလိုက်၏။ “ခင်ဗျားက အရင်ထဲက ကွာစီအင်မော်တယ် အင်ပါယာအဆင့်ကို ချိုးဖြတ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ခင်ဗျား ကျရှုံးခဲ့တယ် မဟုတ်လား”
“အဲတာ ကိစ္စရှိလို့လား”
လွင့်မျောမြို့၏ အရှင်သခင်သည် မငြင်းပယ်ခဲ့ချေ။ အားလုံးသောသူ့တို့ကို တစ်ချက် ဝေ့ကြည့်ကာ ဆက်ပြောလိုက်၏။ “ခင်ဗျားတို့ အားလုံးထဲမှာ ကွာစီအင်မော်တယ် အင်ပါယာအဆင့်ကို ချိုးဖြတ်နိုင်ဖို့ မကြိုးစားဖူးတဲ့လူတွေ ဘယ်သူရှိလဲ”
တော်ဝင်အင်ပါယာပိုင်ယုနှင့် တခြားသောသူများသည် ၎င်း ပြောဆိုမှုကို ငြင်းပယ်၍ မရနိုင်သလို ဖြစ်မိနေ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အားလုံးသည် ကွာစီအင်မော်တယ် အင်ပါယာအဆင့်ကို ချိုးဖြတ်နိုင်ရန် ကြိုးစားခဲ့ဖူးသောကြောင့်ပင်။ သို့ပေမဲ့ မှန်ကန်သည့် လမ်းစဉ်ကို ရှာဖွေ မတွေ့ခဲ့ချေ။
“အင်း.. ခင်ဗျားက အားလုံးသောသူတွေနဲ့ ခြားနားတယ်လေ” ကျိုးချီက တည်ငြိမ်စွာ ပြောလိုက်သည်။
“ဘယ်လိုမျိုးလဲ” လွင့်မျောမြို့၏ အရှင်သည် မျက်လုံးများ မှေးကျဉ်းကာ မေးလိုက်၏။ ၎င်း၏အသံသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် လေအေးများ ပါဝင်နေ၏။ ၎င်းသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ တိုက်ခိုက်ချက်ကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပြီးသား ဖြစ်၏။ ထိုသို့ဆိုလျှင်တောင်မှ သူသည် အလုံးစုံ အားကောင်းသည့် လူတစ်ယောက်အဖြစ်တော့ တည်ရှိ နေသေး၏။
“သူတို့နဲ့ မတူညီဘူး။ ခင်ဗျားက နောက်ဆုံးခြေလှမ်းကို လှမ်းခဲ့ပြီးပြီ။ ကိုယ်ပိုင်လမ်းစဉ်ကိုတောင် ဖန်တီးနိုင်ခဲ့ပြီ။ ကံဆိုးစွာနဲ့ အရေးအကြောင်း အခြေအနေမျိုးမှာ ခင်ဗျားက ကျရှုံးခဲ့တာပဲ” ကျိုးချီသည် အေးစက်သည့် လေသံဖြင့် လှမ်းကာ ပြောဆိုလိုက်သည်။
သာမန်အမြင်အရဆိုလျှင် နတ်ဘုရားအင်ပါယာသည် ကျင့်ကြံခြင်းလမ်းစဉ်ထိပ်ပိုင်း တစ်ခုလုံး၏ နိယာမများကို ဖျက်ဆီးခဲ့ပြီးပြီဖြစ်၏။ ယနေ့ခေတ်တွင် မည်သူမှသည့် အဆင့်ချိုးဖြတ်နိုင်မှု မရှိကြချေ။ လုဝူတောက် ကဲ့သို့သော လူပင်လျှင် အင်မော်တယ်ဘုရင်၏ ထိပ်ဆုံးအဆင့်မှ ကွာစီအင်မော်တယ် အင်ပါယာအဆင့်ဆီသို့ မချိုးဖြတ်နိုင်ခဲ့ချေ။
အံ့အားသင့်စရာ ကောင်းလောက်အောင်ပဲ လွင့်မျောမြို့၏ အရှင်သည် ရာခိုင်နှုန်း တော်တော်များများထိ အောင်မြင်အောင် လှမ်းနိုင်ခဲ့၏။ ဤအရာသည် အားလုံးသောသူတို့၏ နားလည်မှုထက် သာလွန်နေသော အကြောင်းအရာပင်။
“တာအိုရောင်းရင်းကျိုး... ခင်ဗျား ပြောတာတွေက ဟုတ်ကော ဟုတ်ရဲ့လား” အင်ပါယာပိုင်ယုက ဝင်ကာ ပြောလိုက်၏။ ထို့အပြင် ကျိုးချီသည် လျှိုချင်းဟုန် အဆင့်တက်နိုင်ရန်အတွက် ကူညီပေးမည်ဟု ပြောဆိုခဲ့၏။ မထင်မှတ်ထားလောက်အောင်ပင် လွင့်မျောမြို့၏ အရှင်သည် သတင်းအပိုင်းအစ တချို့ကို ယူဆောင်လာခဲ့၏။ ဤအရာသည် မျှော်လင့်ချက်ရောင်ခြည်တစ်ခုပင်။
“အမှန်ပဲ” ကျိုးချီက ခေါင်းညိတ်လိုက်၏။
“အရေးအကြောင်း အခြေအနေမျိုးမှာ သူက ကျရှုံးခဲ့တယ်ဆိုတော့ အောင်မြင်နိုင်မှု အခြေအနေ တစ်ခုကို ရာခိုင်နှုန်း တော်တော်များများအထိ လှမ်းနိုင်ခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်လား” အင်ပါယာပိုင်ယုက စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။
“အင်း.. ဘယ်လိုပဲဖြစ်ဖြစ် မဖြစ်နိုင်ဘူး”
ကျိုးချီသည် ခေါင်းကို ခါယမ်းလိုက်၏။ “လွင့်မျောမြို့အရှင်ရဲ့ အော်ရာတွေကို သုံးသပ်ရမယ်ဆိုရင် နတ်ဘုရားအင်ပါယာရဲ့ အရင်လမ်းစဉ်အတိုင်းပဲ လှမ်းလျှောက်နေတာ။ ဒါကြောင့် ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်လာမှာ မဟုတ်ဘူး”
ကျိုးချီ၏ စကားလုံး တစ်ခုချင်းစီတိုင်းသည် မပြောင်းလဲသည့် နိယာမများ ကဲ့သို့ပင် ခိုင်မာလျက် ရှိနေသည်။
တခြားတစ်ဖက်ခြမ်းတွင် ရှိနေသည့် လွင့်မျောမြို့၏ အရှင်မှာတော့ ကျိုးချီ၏ စကားလုံးများကို ကြားရသည့် အချိန်မှာတော့ သဘောမတွေ့သလို ဖြစ်လာခဲ့၏။ သူ၏ လျှို့ဝှက်ချက် ဖြစ်သည်ဆိုသော်လည်း တခြားသောသူများသည် ထိုအရာကို သိရှိသွားခဲ့ကြသည်။ အထူးသဖြင့် ထိုကဲ့သို့သော လျှို့ဝှက်ချက် များကို ထုတ်ဖော်ပြောဆိုနေသည့်လူသည် ကျိုးချီဖြစ်နေခြင်းပင်။
“ဒီကိစ္စတွေ အားလုံးကို ထုတ်ဖော်ပြောဆိုနေတာ ဘာကြောင့်လဲ တာအိုရောင်းရင်း” လွင့်မျောမြို့၏အရှင် အမူအရာက အေးစက်သွားခဲ့၏။ ၎င်း၏ ဖြူဖွေးလျက် ရှိနေသည့် မျက်လုံးအစုံသည် တောက်ပသည့် သင်္ကေတများပင် ပေါ်ပေါက်လာ၏။
“ကျုပ်ပြောချင်တာက”
ကျိုးချီသည် ခဏလောက် ရပ်တန့်လိုက်၏။ ပြီးနောက် ပြောဆိုလိုက်သည်။ “လွင့်မျောမြို့ရဲ့ လက်ရှိအရင်က အဆင့်ချိုးဖြတ်တဲ့နေရာမှာ ကျရှုံးခဲ့တယ် မဟုတ်လား”