အပိုင်း (၇၈၁)
Vol. 52 Ch. 781
လျှိုကလန်၏ ဒုတိယဘိုးဘေးကြီးနှင့် အခြားအင်အားကြီးပုဂ္ဂိုလ်များအားလုံး သေဆုံးသွားခဲ့ကြသည်။ လျှိုချင်းကျီတစ်ယောက်သာ ထိုသတ်ဖြတ်မှုမှ အသက်ရှင်ကျန်ရစ်ပြီး စိတ်ပျက်အားငယ်စွာဖြင့် အကြီးအကဲများ၏ နာမည်များကို အော်ခေါ်လျက်ရှိသည်။
အသက်ရှင်ကျန်ရစ်သူ ရှေးအင်မော်တယ်တစ်ဦးသည် ဝမ်းနည်းစွာရေရွတ်လိုက်သည်။ "ရှုံးပြီ၊ လောကအသီးသီးတို့ဘက်မှာ အောင်မြင်ဖို့ မျှော်လင့်ချက်မရှိတော့ဘူး"
သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သာ ဖြစ်ကြောင်း နားလည်သွားကြသည်။ လျှိုချင်းကျီနှင့် ကျန်ရှိသော အင်မော်တယ်ဘုရင်တစ်ပါးတို့သည် ကောင်းကင်လျှို့ဝှက် နန်းဆောင်သို့ သွားရောက်အကူအညီတောင်းရန် ဆုံးဖြတ်လိုက်ကြ၏။
သို့ပေမဲ့ သူတို့ထွက်ခွာရန် ပြင်ဆင်နေစဉ်မှာပင် ငွေဖြူရောင်လှံတစ်စင်းသည် လေဟာနယ်ကို ထွင်းဖောက် ဝင်ရောက်လာပြီး လျှိုချင်းကျီ၏ ဘေးတစ်ဖက်ရှိ အင်မော်တယ်ဘုရင်ကို တစ်ချက်တည်း ထိုးခွင်း သတ်ဖြတ်လိုက်သည်။
ထိုလှံကို ကိုင်ဆောင်ထားသူသည် အခြားသူမဟုတ်ပေ။ ငရဲလောကအရှင်၏ ထိန်းချုပ်မှုအောက်သို့ လုံးဝ ရောက်ရှိသွားပြီဖြစ်သော လျှိုချင်းဟုန်ပင် ဖြစ်သည်။ ၎င်း၏ မျက်လုံးများသည် အသက်မဲ့နေပြီး တစ်စုံတယောက်၏ အမိန့်ပေးမှုအောက်သို့ ရောက်ရှိနေသည်မှာ ထင်ရှား၏။
“ချင်းဟုန် … ငါလည်း မင်းရဲ့ ဉီးရီးပဲ။ ချင်းဟုန်”
လျှိုချင်းကျီသည် သူ၏ တူတော်စပ်သူ လျှိုချင်းဟုန်အား အသိစိတ်ပြန်ဝင်လာစေရန် ကြိုးစား အော်ခေါ်လျက် ရှိသော်လည်း အချည်းနှီးပင်။ နောက်ဆုံးမှာတော့ သူသည်လည်း ထိန်းချုပ်ခံထားရသော လျှိုချင်းဟုန်၏ လှံချက်ဖြင့် အသက်ပျောက်ခဲ့ရသည်။ လျှိုကလန်၏ နောက်ဆုံးသော အင်မော်တယ်ဘုရင်သည် သူတို့၏ အကြီးမြတ်ဆုံးသူရဲကောင်း၊ မျှော်လင့်ချက်မီးတိုင်၏ လက်ထဲမှာပဲ အပြီးတိုင် အသက်ပျောက် ချုပ်ငြိမ်းသွားခဲ့သည်။
တစ်ဖက်ခြမ်းမှာတော့ ….
လျှိုချင်းကျီတို့၏ စကားများကို ကြားခဲ့ရသော ငရဲလောကအရှင်သည် စိတ်ဝင်တစား ဖြစ်သွား၏။
"ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်"
လောကကြီးထဲတွင် သူနှင့်ယှဉ်နိုင်သောသူတစ်ဦး ရှိနေသေးသည်လား။ သူ အလွန်အမင်း စိတ်ဝင်စား သွားသည်။ ထို့ကြောင့် ထိုသူအား စမ်းသပ်ရန်အတွက် ကောင်းကင်မူလလောကကြီးဆီသို့ ဦးတည် လိုက်တော့သည်။
တော်ဝင်သဲကန္တာရမြို့၏ ကောင်းကင်လျှို့ဝှက်နန်းဆောင်ရှေ့၌ လောကအသီးသီးမှ အသက်ရှင် ကျန်ရစ်သူများ၊ မျိုးနွယ်စုခေါင်းဆောင်များနှင့် အင်မော်တယ်ဘုရင်အချို့ အပါအဝင် သောင်းနှင့်ချီသော လူများသည် စုရုံးရောက်ရှိနေကြ၏။
အင်မော်တယ်ဘုရင်စာရင်းမှ ၉၀ ရာခိုင်နှုန်းကျော်သော အမည်များ ပျောက်ကွယ်သွားခဲ့ပြီးနောက် လောကတစ်ခုလုံးသည် ဆူညံပွက်လော ရိုက်ကုန်ကြသည်။ သူတို့အားလုံးသည် ဒူးထောက်ကာဖြင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်အား လောကကြီးကို ကယ်တင်ပေးပါရန် သံပြိုင် အော်ဟစ် တောင်းပန်နေကြသည်။
“စီနီယာ .. အပြင်ဘက်ကို ထွက်ပြီး လာကြည့်ပါအုံး …. လောကအသီးသီးတို့က ကမ္ဘာပျက်နေပါပြီ။ ထွက်ပြီး ကူညီပေးပါအုံး”
“စီနီယာ လာကူညီပါအုံး … ကျုပ်တို့အားလုံး သေရပါတော့မယ်။ အပြင်မှာ အင်မော်တယ် ဘုရင်တွေ အကုန် သေကုန်ပါပြီ”
လျှိုကလန်၏ ခေါင်းဆောင်သစ် လျှိုမင်းဟီသည်လည်း ဂုဏ်သိက္ခာကို မငဲ့နိုင်တော့ဘဲ ဦးခိုက်ကာ တောင်းပန်နေ၏။
“ဟင်း”
အသံတစ်သံ ထွက်ပေါ်လာသည်။ ပြီးနောက် တစ်စုံတစ်ယောက်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင် ထဲမှ ထွက်ခွာသွားကြောင်း သူတို့အားလုံး ရိုးတိုးရိတ်တိတ် မြင်လိုက်ရသည်။ တခြားသော သီးသန့် ဧည့်သည့် မရှိသောကြောင့် ထွက်ခွာသွားသူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်မှ လွဲ၍ တခြားသူ မဟုတ်နိုင်ချေ။
သူတို့ ဆူညံ့စွာ အော်ဟစ်နေသောကြောင့် စိတ်ပျက်လက်ပျက်ဖြင့် သူတို့ကို စွန့်ပစ်သွားခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။
“စီနီယာနန်းဆောင်သခင် … ကျုပ်တို့ကို ကယ်ပါအုံး”
“ဝုန်း”
ထိုသို့ အော်ဟစ်တောင်းပန်နေတုန်းမှာပဲ အဖျက်စွမ်အား ကြီးမားလွန်းသော တိုက်ခိုက်မှုတစ်ခုသည် ကောင်းကင်မူလ လောကကြီး၏ ကောင်းကင်ယံဆီသို့ ထွင်းဖောက် ဝင်ရောက်လာသည်။
ရုတ်တရက် ဆိုသလိုပဲ အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လီယွင်သည် ကောင်းကင်မူလ လောကကြီး၏ အပြင်ဘက် လေဟာနယ်တွင် ပေါ်ပေါက်လာပြီး ငရဲလောကအရှင်၏ တိုက်ခိုက်ချက်ကို လက်တစ်ဖက် ဖြင့် အသာ ဖမ်းယူကာ လွယ်လွယ်ကူကူ ဖျက်ဆီးလိုက်သည်။
ကောင်းကင်မူလလောကကြီးထဲရှိ ကျင့်ကြံသူများသည် ရုတ်တရက် ပေါ်ပေါက်လာပြီး သူတို့ကို ကာကွယ်ပေးခဲ့သော နန်းဆောင်သခင်ကို ကြည့်ပြီး အံ့အားသင့်သွားကြသည်။ ပြီးနောက် ပျော်ရွှင်စွာဖြင့် ထကာ အော်ဟစ်လိုက်မိကြ၏။
“ကျေးဇူးပါပဲ စီနီယာနန်းဆောင်သခင်”
“ကျေးဇူးပါ စီနီယာ”
စီနီယာနန်းဆောင်သခင်သည် သူတို့ကို ကယ်တင်ရန် ထွက်ပေါ်လာခဲ့ပြီး ၎င်း၏ စွမ်းအင်အဆင့်သည် အင်မော်တယ် အင်ပါယာ ဖြစ်ကြောင်း သူတို့ မျက်မြင်တွေ့လိုက်ကြရသည်။
ငရဲလောကအရှင်သည် ကောင်းကင်ယံထက်တွင် မတ်မတ်ရပ်လျက်ရှိပြီး ရုတ်တရက် ပေါ်ပေါက်လာသော လီယွင်အား ကြည့်ရှုကာ အေးစက်စက် မေးလိုက်၏ "ခင်ဗျား ကျုပ် ရန်သူဖြစ်ချင်တာလား"
လီယွင်က တည်ငြိမ်စွာ ပြန်လည်ချေပလိုက်သည်။ "ကျုပ်ရဲ့ရန်သူဖြစ်ဖို့ စီစဉ်ခဲ့တာ ခင်ဗျားပဲ"
လီယွင်သည် သူ၏စွမ်းအားမှာ ငရဲလောကအရှင်ထက် များစွာ အားနည်းနေသေးကြောင်း သိသော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို စမ်းသပ်လိုစိတ် ၊ လောကအသီးသီးကို ကာကွယ်လိုစိတ်တို့ကြောင့် ထိပ်တိုက် ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏ အစီအစဉ်သည် ရန်သူကို ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဆွဲခေါ်ရန်ဖြစ်ပြီး ထိုနေရာသို့ ရောက်ပါက သူသည် အသာစီးရရှိနိုင်ပေမည်။
နှစ်ဦးကြား တိုက်ပွဲသည် ချက်ချင်းစတင်ခဲ့သည်။ သူတို့၏ တိုက်ခိုက်မှုများသည် လောကတစ်ခုလုံးကို တုန်ခါစေပြီး ပျက်စီးစေနိုင်သည်။
လီယွင်သည် ထူးခြားလွန်းသော ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်လက်သီး ကို ထုတ်ဖော် တိုက်ခိုက်လိုက်၏။
“ဝုန်း”
ငရဲလောကအရှင်သည် အံ့အားသင့်သွားသည်။ ထိုနည်းစနစ်သည် အလွန်နက်နဲပြီး သူပင် မမြင်ဖူးချေ။
ငရဲလောကအရှင်သည် ရုတ်တရက် ရှောင်ရှားပြီးနောက် သူ၏ အားအကောင်းဆုံးသော သိုင်းနည်းစနစ် များကို ထုတ်ဖော်ကာ တိုက်ခိုက်လိုက်သည်။
အပြင်းအထန် တိုက်ခိုက်နေစဉ်မှာပဲ ရုတ်တရက် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော တာအို ကျင့်ကြံသူတစ်ဦးသည် လေဟာနယ်ထဲမှ ပေါ်ထွက်လာပြီး တိုက်ပွဲထဲသို့ ဝင်ရောက်လာ၏ "တာအိုရောင်းရင်း၊ ကျုပ် ခင်ဗျားကို ကူညီပေးလိုက်မယ်”
ထိုသူ၏ စွမ်းအားသည် လီယွင်နှင့်ထပ်တူညီမျှ အင်မော်တယ်အင်ပါယာအဆင့်ဖြစ်နေသည်ကို မြင်ချိန်မှာတော့ ငရဲလောကအရှင်သည် အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားသည်။
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အားလုံးကို သွားလာနိုင်စွမ်းရှိသောသူပင်လျှင် ဤကဲ့သို့သော အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး ပေါ်ပေါက်လာမည်ကို ကြိုတင် သတိမပြုမိခဲ့ပေ။ ထိုသူသည် ကိုယ်ပွားလည်းမဟုတ်ချေ။ အစစ်အမှန်တည်ရှိနေသော အင်ပါယာတစ်ပါးဖြစ်နေ၏။
ငရဲလောကအရှင်သည် အံ့အားသင့်သွားသည်။ "ဘာတွေဖြစ်နေတာလဲ"
“ဒါချီကို အသုံးပြုပြီး ကိုယ်ခွဲတွေ ဖန်တီးတဲ့ နည်းစနစ်လေ။ ချီအသွင်ပြောင်းခြင်း ကိုယ်ပွား သုံးခု လို့ ခေါ်တယ်” လီယွင်သည် ခပ်ပြုံးပြုံးဖြင့် ပြန်လည်ကာ ဖြေဆို လိုက်၏။
“……….” ငရဲလောကအရှင်သည် သူတစ်ခါမှမကြားဖူးသော ဒဏ္ဍာရီလာနည်းစနစ် အကြောင်း ကြားရချိန်မှာတော့ လုံးဝ ကြက်သေ သေသွားခဲ့သည်။