အပိုင်း (၇၈၄)
Vol. 52 Ch. 784
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းဘက်မှာတော့ လီယွင်သည် မတ်မတ်ရပ်လျက်ရှိ၏။ သူ၏ ဆံနွယ် များသည် လေနှင့်အတူ လွင့်မျောလျက် ရှိလို့နေ၏။ ခန္ဓာကိုယ် တစ်ခုလုံးသည် အင်မော်တယ် ရောင်စဉ်များနှင့် ထွန်းတောက်လျက် ရှိနေပြီး ကောင်းကင်ကြီးတစ်ခုလုံးကို လွှမ်းခြုံထားခဲ့၏။ လက်ရှိ အချိန်တွင် အားအင်အဆင့်သည် မယုံကြည်နိုင်လောက်စရာ အခြေအနေ တစ်ခုဆီသို့ ရောက်ရှိသွား၏။
အင်မော်တယ် အင်ပါယာ၏ အထက်ဆီသို့ ရောက်ရှိသွားခဲ့လေသည်လား။ လီယွင်က စဉ်းစားလိုက်မိ၏။ သူသည် ထိုထက် ပိုမိုကာ အားကောင်းမှာတော့ သေချာ၏။ အပြင်ဘက်တွင် ရှိနေသည့် ငရဲလောက၏ အရှင်ဆီသို့ လှမ်းကာ ကြည့်ရှုပြီးသည့်နောက် သူသည် ကျိန်းသေပေါက် ရိုက်နှက်ချင်စိတ်များ ပေါ်ပေါက်လာသည်။
“ဒါ ငါရဲ့ မူလအားအင်အဆင့်လား” လီယွင်က တီးတိုးရေရွတ်လိုက်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်သို့ လှမ်းလျှောက်သွားပြီးသည့်နောက် သူသည် လေဟာနယ်ထဲသို့ ခုန်တက်လိုက်၏။ လောကကြီး တစ်ခုလုံးသည် သူ၏တည်ရှိမှုကို အာရုံခံမိပြီးသည့်နောက် တဝုန်းဝုန်းနှင့် တုန်ခါလျက် ရှိနေ၏။ လှုပ်ရှားတိုက်ခိုက်မှု မပြုလုပ်ရသေးချေ။ သို့ပေမဲ့ လောကကြီးထဲတွင် ရှိနေသည့် နိယာမများ အားလုံးသည် သူ၏ တည်ရှိမှုကို လက်မခံနိုင်သကဲ့သို့ပင် ကြောက်ဒူးတုန်လျက် ရှိနေ၏။
ငရဲလောက၏အရှင်သည် ဇဝေဇဝါ ဖြစ်စွာဖြင့် စဉ်းစားလိုက်မိသည်။ “ဘာတွေဖြစ်နေတာလဲ”
သူသည် လီယွင် ပြန်လည်ပေါ်ပေါက်လာသည်ကို လှမ်းကာ ကြည့်ရှုပြီးသည့်နောက် မကောင်းသည့် ခံစားချက်များကို ရရှိနေ၏။ လီယွင်သည် ပြန်လည်ပေါ်ပေါက်လာသည့် အချိန်မှာတော့ အသွင်သဏ္ဍာန် တစ်ခုလုံးတင်သာမက အော်ရာများကလည်း ပြောင်းလဲလို့ သွားခဲ့၏။ မတူညီသည့် လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင် သူ့ကို ခံစားရစေ၏။
သူ့အနေနှင့် ကျိန်းသေပေါက် နှလုံးသားထဲတွင် ထွက်ပြေးချင်သည့် စိတ်ဆန္ဒများ ပေါ်လို့လာခဲ့၏။ အဘယ်ကြောင့် အချိန်အတိုင်းအတာတိုအတွင်း တစ်စုံတစ်ယောက်သည် ကြောက်မက်ဖွယ်ရာကောင်းသည့် အားအင်မျိုးကို ပိုင်ဆိုင်သွားခဲ့ကြောင်း သူ စဉ်းစားမရချေ။ လက်ရှိအခြေအနေမှာတော့ လီယွင်သည် မျက်စိတမှိတ်အတွင်း သူ့အား ဖိနှိပ်နိုင်စွမ်း ရှိနေသည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“ဒါ… ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ” ငရဲလောက၏ အရှင်သည် လေးလေးနက်နက်ဖြင့် လှမ်းကာ မေးမြန်းလိုက်၏။
သို့ပေမဲ့ လီယွင်သည် ပြန်လည်ဖြေဆိုရန်အတွက် စိတ်ဝင်စားမှု မရှိချေ။ လက်ကို အသာမြှောက်ပြီးသည့်နောက် လက်ညှိုးညွှန်လိုက်သည်။
ငရဲလောကအရှင်၏ ခန္ဓာကိုယ်ထဲတွင် အလင်းတန်းများ ထွန်းတောက်လာခဲ့ပြီး နိယာမများကို စတင် ဖျက်ဆီးသည်။ လီယွင်၏ တိုက်ခိုက်ချက်သည် ကျိန်းသေပေါက် နိယာမများ အားလုံးကို ထိပ်တိုက် တိုက်ခိုက်ခြင်းပင်။
“ဘာကြောင့်လဲ”
ငရဲလောကအရှင်၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်သည့် အမူအရာများ ပေါ်ပေါက်လာခဲ့၏။ တစ်ဖက်လူသည် ကျိန်းသေပေါက် ကြောက်မက်ဖွယ်ရာကောင်းပြီး သူ၏ အားအင်အဆင့်၊ သူ၏ နားလည်နိုင်မှုထက် ပိုမိုကာ သာလွန်လျက် ရှိနေ၏။ သူ သိရှိသည့် ကျင့်ကြံခြင်းအဆင့်၏ အထက်တွင် တည်ရှိနေသည့် လူတစ်ယောက် ဖြစ်ရပေမည်။
“မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး” ငရဲလောကအရှင်က အော်ဟစ်လိုက်၏။ သူ့အနေနှင့် အကျိုးသင့်၊ အကြောင်းသင့် အရာအားလုံးကို ကြိုတင်ပြင်ဆင်ခဲ့ပြီးပြီ ဖြစ်၏။ အောင်မြင်ရန် အခြေအနေ တစ်ခုဆီသို့လည်း ရောက်ရှိခဲ့၏။ သို့ပေမဲ့ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည့် သူနှင့် တိုက်ခိုက်နေသည့် လီယွင် ဆိုသည့် ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်သည် သူ့ထက် အဆမတန် အားကောင်းသည့် ကျင့်ကြံသူအဖြစ် ရုတ်ချင်း ပြောင်းလဲသွားခဲ့သည်။
ငရဲလောကအရှင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပဲ့ကြွေလျက်ရှိနေ၏။ လီယွင်၏ တိုက်ခိုက်မှုအောက်တွင် သူသည် ဝိညာဉ်သာလျှင် ကျန်ရှိတော့၏။ အနည်းငယ်လောက် ထပ်မံ အားစိုက်ထုတ်လိုက်ပါက ငရဲလောက အရှင်သည် ကျိန်းသေပေါက် ပျောက်ကွယ်သွားပေလိမ့်မည်။
“ခင်ဗျား ဘယ်သူလဲ။ ဘယ်လိုဖြစ်ပြီး ဒီလိုအဆင့်မျိုးရောက်အောင် ကျင့်ကြံနိုင်တာလဲ”
ငရဲလောကအရှင် သည် လီယွင်၏ လက်ထဲသို့ ရောက်ရှိလျက်ရှိ၏။ သူသည် ခက်ခက်ခဲခဲဖြင့် မေးမြန်းလိုက်၏။ လက်ရှိ အခြေအနေမှာတော့ သူ၏ စိတ်တစ်ခုလုံးသည် ဇဝေဇဝါ အမူအရာများနှင့် ပြည့်နှက်လို့ နေ၏။ သူသည် သေဆုံးရမည် ဆိုလျှင်တောင်မှ ဇဝေဇဝါဖြင့် မသေဆုံးချင်ပေ။ အကျိုးသင့် အကြောင်းသင့် အရာအားလုံးကို သိရှိပြီး သေဆုံးသွားချင်မိ၏။
“ပြန်လည်မွေးဖွားခြင်းစက်ဝန်းအကြောင်းကို မေ့သွားပြီလား” လီယွင်က အမှတ်မထင်ဖြင့် ပြန်လည်ကာ ပြောဆိုလိုက်သည်။
“ပြန်လည်မွေးဖွားခြင်းစက်ဝန်း ဟုတ်လား”
ငရဲလောကအရှင်က မျက်လုံးပြူးသွားမိ၏။ သူသည် တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားသလိုဖြင့် ပြုံးလိုက်မိ၏။ “ဒီလိုကြောင့်ကိုး၊ ပြန်လည်မွေးဖွားခြင်း စက်ဝန်းတစ်ခုလုံးကို လျစ်လျူရှုပြီး လက်ညိုးတစ်ချောင်းနဲ့ အရာအားလုံးကို ဖန်တီးနိုင်၊ ဖျက်ဆီးနိုင်တဲ့ အဆင့်မျိုးကိုး”
လီယွင် သေသေချာချာ ရှင်းပြခြင်း မရှိဘူး ဆိုလျှင်တောင်မှ ငရဲလောကအရှင်သည် လီယွင်၏ စကားလုံးများကို အခြေခံကာဖြင့် အခြေအနေ တစ်ခုဆီသို့ နားလည်သွားခဲ့ပြီ ဖြစ်သည်။
“ကျုပ်အတွက် လုံလောက်ခဲ့ပြီ” ငရဲလောကအရှင်သည် တွေဝေငေးငိုင်စွာဖြင့် ပြောဆိုလိုက်၏။ သူသည် ခေါင်းကို အသာလှည့်ပြီးနောက် လောကအသီးသီးဘက်သို့ လှမ်းကာ ကြည့်ရှုလိုက်၏။ သူ၏ မျက်လုံးထဲတွင် မတူညီသည့် ခံစားချက်များ ပြည့်လို့နေ၏။ ထိုအရာများထဲတွင် မျှော်လင့်ခြင်း၊ နောင်တတရား၊ နှမျောတသခြင်း အရာအားလုံး ရှိ၏။ သူသည် လွတ်မြောက်ချင်၏။ သို့ပေမဲ့ မဖြစ်နိုင်ခဲ့ချေ။ အရာအားလုံးကို သူထားခဲ့ရပေတော့မည်။
“နောက်ဘဝကို သွားလိုက်တော့” လီယွင်က ပြောဆိုလိုက်၏။ လက်ဝါးကို အသာလှည့်ပြီးလိုက်ချိန်မှာတော့ နတ်ဘုရားအလင်းတန်းများ ထွန်းတောက်လာခဲ့၏။ ပြီးနောက် ငရဲလောက၏အရှင်သည် လောကကြီးထဲမှ ပျောက်ကွယ်သွားခဲ့ရသည်။
လောကကြီးထဲတွင် ငရဲလောကဆိုသည်မှာလည်း မရှိတော့ချေ။ ငရဲလောကအရှင် ပျောက်ကွယ် သွားပြီးနောက် ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်လက်နက်ဆီမှ အော်ဟစ် ငိုကြွေးသံများ ပေါ်ပေါက်လာ၏။ ကြောက်စရာ ကောင်းသည့် အော်ရာများသည် အရှိန်အဟုန် ပြင်းပြင်း နှင့် ဖြစ်တည်လာခဲ့၏။ သို့ပေမဲ့ လီယွင်ကို တိုက်ခိုက်ရန် စိတ်ဆန္ဒ ရှိနေခြင်းမဟုတ်ချေ။ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲကာ ဖျက်ဆီးလိုက်ခြင်း ဖြစ်၏။
“အင်း.. ဒီအချိန်က လောကအသီးသီးတို့ ပေါင်းစပ်ဖို့ အချိန်ကျပြီပဲ”
လီယွင်သည် ခေါင်းကို အသာလှည့်ပြီးသည့်နောက် လောကအသီးသီးဆီ အသာလှမ်းကာ ကြည့်ရှုလိုက်သည်။ “ပေါင်းစပ်စမ်း”
ဘေးတစ်ဖက်တွင် ရှိနေသေည ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် နတ်ဘုရားအလင်းတန်းများအဖြစ် အသွင်ပြောင်းကာဖြင့် ကောင်းကင်မူလလောကကြီးထဲသို့ ပြန်လည်ကာ ကျဆင်းသွားခဲ့၏။
ကောင်းကင်မူလ လောကကြီးကို ဗဟိုပြုပြီးသည့်နောက် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အားအင်များသည် တည်နေရာတစ်ခုလုံးသို့ ပျံ့နှံ့သွား၏။ ထိုလှိုင်းများသည် လောကကြီးတစ်ခုချင်းစီကို ဆွဲယူကာဖြင့် ကောင်းကင်မူလလောကကြီးနှင့် စတင်ကာ ချိတ်ဆက်သည်။
မကြာခင်မှာပဲ ကောင်းကင်မူလလောကကြီး၊ ခရမ်းရောင်နက်နဲလောကကြီး၊ မြေအင်မော်တယ်လောကကြီး၊ တခြားလောကကြီးများတွင် ရှိနေသည့် သက်ရှိသတ္တဝါအားလုံးသည် နဝေတိမ်တောင် အမူအရာများ ဖြစ်တည်လာခဲ့၏။ အားလုံးတို့သည် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ထကာ အော်ဟစ်လိုက်မိကြ၏။
“ဘာတွေဖြစ်ကုန်တာလဲ”
စောဏကလေးတင် ကောင်းကင်မူလလောကကြီးသည် ရုတ်တရက် တုန်ယင်သွား ခဲ့၏။ ဤမြင်ကွင်းသည် သူတို့ မရင်းနှီးသည့် အကြောင်းအရာမျိုး မဟုတ်ချေ။ အကြိမ်ပေါင်းများစွာ ကြုံခဲ့ဖူးသည့် အရာမျိုးဖြစ်၏။ လောကကြီးများနှင့် ပေါင်းစပ်သည့်အချိန်တွင် ဤကဲ့သို့ အခြေအနေမျိုး ဖြစ်တည်ခဲ့၏။ ယခု ဤကဲ့သို့ လောကကြီးများ ပေါင်းစပ်နေခြင်းသည် စီနီယာနန်းဆောင်သခင်၏ လုပ်ရပ်သာလျှင် ဖြစ်ပေလိမ့်မည်။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် စောဏတုန်းက ကောင်းကင်ပေါ်မှ ပြန်လည် ကျဆင်းလာခဲ့၏။ ယခုအချိန်မှာတော့ လောကအသီးသီးတို့သည် ပေါင်းစပ်နေခဲ့ပြီးဖြစ်၏။ ငရဲလောကကြီး ဘယ်ရောက်သွား သနည်း။ အပြီးတိုင် ပျောက်ကွယ်သွားခြင်းသာ ဖြစ်ပေလိမ့်မည်။
အားလုံးသောသူတို့ အတွေးမဆုံးခင်မှာပဲ တော်ဝင်သဲကန္တာရမြို့ ကောင်းကင်လျှို့ဝှက်နန်းဆောင် တည်ရှိရာ နေရာတွင်တော့ နတ်ဘုရားအလင်းတန်းများ ထွန်းတောက်လာခဲ့သည်။ ရှေးဆန်ပြီး ကြည့်ကောင်းလွန်း လှသည့် နန်းဆောင်ကြီးသည် ယခင်ကထက်ပင် ပိုမိုကာ ထည်ဝါလာပုံပေါ်သည်။
ထိုအထဲတွင်တော့ သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် မတ်မတ်ရပ်လျက် ရှိနေပြီး လက်နှစ်ဖက်ကို နောက်သို့ ပစ်ထား၏။ ၎င်း၏ ကျောက်စိမ်းကဲ့သို့ သပ်ရပ်သည့် မျက်နှာပေါ်တွင် အပြုံးတစ်ခု တည်ရှိနေခဲ့၏။
“ဒါ.. ဒီလူက စီနီယာနန်းဆောင်သခင် မဟုတ်လား” လူပေါင်းများစွာတို့သည် ယုံကြည်ရန်ပင် ခက်ခဲလို့ နေသည်။
“စီနီယာနန်းဆောင်သခင် ပြန်လာပြီ”
တော်ဝင်သဲကန္တာရမြို့ တစ်ခုလုံးသည် ကြောက်ခမန်းလိလိ အော်ဟစ် ချီးကျူးသံများနှင့် ပြည့်နှက်လျက် ရှိနေပြီး ကောင်းကင်ယံတစ်ခုလုံးပင် တုန်ခါသွား၏။ လူပေါင်းများစွာတို့သည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ် ဟစ်ကြွေးနေခဲ့၏။
စီနီယာနန်းဆောင်သခင် ပြန်လာပြီး ငရဲလောကအရှင်၏ သင်္ကေတမျိုး မတွေ့ရတော့ချေ။ ထို့ကြောင့် ရလဒ်သည် ရှင်းလင်းသွားခဲ့ပြီဖြစ်သည်။
ငရဲလောကအရှင်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ တိုက်ခိုက်မှုအောက်တွင် သေဆုံးသွားခဲ့ပြီ ဖြစ်၏။ ငရဲလောကကြီးသည်လည်း ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ဤသတင်းသည် မြန်ဆန်လွန်းသည့် အရှိန်နှုန်းနှင့်အတူ ခရမ်းရောင်နက်နဲလောက၊ မြေအင်မော်တယ် လောကနှင့် တခြား ကြီးမားလွန်းလှသည့် လောကများဆီသို့ ပျံ့နှံ့သွားခဲ့၏။