← Chapters

ဘုရင်များ စုဝေးရောက်ရှိလာခြင်း

Vol. 180 Ch. 2687

ဘုရင်များ စုဝေးရောက်ရှိလာခြင်း

Vol. 180 Ch. 2687

တက္ကသိုလ်၏ ဂိုဏ်းချုပ်မှာ တည်ငြိမ်သော အမူအရာတစ်ခု ရှိနေပြီး ဆူဇီမို၏ မေးခွန်းမှာ သူက ထိတ်ထိတ်ပျာပျာဖြစ်သွားခြင်း သို့မဟုတ် အံ့အားသင့်သွားခြင်း မရှိပေ။ သူက သူ့ကို တိတ်တဆိတ်ဖြင့်သာ ကြည့်နေ၏။

“ဟား ဟား ဟား”

ထိုစဉ်မှာပင် ခန်းမ၏ အပြင်ဘက်ကနေ ရယ်မောသံတစ်သံက ထွက်ပေါ်လာ၏။

ထို့နောက် ချက်ချင်းပင် နက်ရှိုင်းသော အသံတစ်သံ ထွက်ပေါ်လာ၏။

“လူငယ်လေး… မင်း အဲဒီအချက်နဲ့ပတ်သက်ပြီးတော့ မှားသွားပြီ… အရင်တုန်းက မင်းကို ကြားဖြတ်ဟန့်တားတိုက်ခိုက်ခဲ့တဲ့သူကို တက္ကသိုလ်ရဲ့ဂိုဏ်းချုပ်က စီစဉ်ပေးခဲ့တာ မဟုတ်ဘူး.. အဲဒါ ငါပဲ”

ဆူဇီမိုက အသံထွက်ပေါ်လာရာဘက်သို့ အနည်းငယ်လှည့်ကြည့်လိုက်၏။

ဘရိုကိတ်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်က ခန်းမထဲသို့ ဝင်ရောက်လာနေ၏။

ထိုလူ၏ အကြည့်က တောက်လောင်ပြင်းပြနေပြီး သူ့ထံကနေ မနှိုင်းယှဉ်သာအောင် ချစ်ချစ်တောက်ပူလောင်နေသည့် အော်ရာတစ်ခု ဖြာထွက်နေ၏။ သူက ခန်းမထဲသို့ ဝင်ရောက်လာသည့်ခဏမှာပင် ဘေးပတ်ဝန်းကျင်မှာရှိသော အပူချိန်က လျင်မြန်စွာ မြင့်တက်လာခဲ့၏။

ထိုလူသည် အလွန်တရာ စွမ်းအားကြီးမားသော စိတ်ဝိညာဉ်အသိစိတ်ဖိအားတစ်ရပ်ကို ထုတ်ဖော်ထား၏။

ထိုစိတ်ဝိညာဉ်အသိစိတ်ဖိအားသည် ပကတိအင်မော်တယ်ပညာရှင်များ ထုတ်ဖော်နိုင်သည့် တစ်စုံတစ်ရာ သေချာပေါက်မဟုတ်ပေ။

ဒါ့အပြင် ဤနေရာသည် တက္ကသိုလ်၏ ကောင်းကင်မြေကြီးနန်းတော်ဖြစ်ပြီး ပကတိအင်မော်တယ်ပညာရှင်များ အလွယ်တကူ ဝင်ထွက်သွားလာနိုင်သော နေရာတစ်ခုမဟုတ်ပေ။

ထိုသူက အင်မော်တယ်ဘုရင်ပညာရှင်တစ်ဦး ဖြစ်လေသည်။

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

သူသည် ဤလူကို အရင်က တစ်ခါမှမတွေ့မြင်ဖူးခဲ့ပေ။ သူသည် တက္ကသိုလ်မှ မဟာအကြီးအကဲတစ်ယောက်လည်း မဟုတ်ပေ။

ဆူဇီမို၏ တွေဝေရှုပ်ထွေးမှုကို ပြောနိုင်သည့်အလား အမျိုးသားက ညင်သာစွာ ပြုံးပြလိုက်၏။

“ငါ မင်းကို မိတ်ဆက်ပေးမယ်… ငါက ယန်ယန်းအင်မော်တယ်နိုင်ငံရဲ့ အရှင်သခင်ပဲ”

ဆူဇီမိုက ရင်တစ်ချက် ထိတ်သွား၏။

အင်မော်တယ်ဘုရင်ယန်ယန်း…။

“ခင်ဗျားက ကျုပ်ကို ဘာလို့ သတ်ချင်ခဲ့တာလဲ”

ဆူဇီမိုက မေးလိုက်၏။

အင်မော်တယ်ဘုရင်ယန်ယန်းက ညင်သာစွာ ပြုံးပြလိုက်၏။

“အရင်တုန်းက မင်းက ငါ့ရဲ့ ယန်ယန်းအင်မော်တယ်နိုင်ငံရဲ့ နေကာသစ်ပင်လျှို့ဝှက်ကုန်းမြေမှာ အခွင့်အလမ်းတစ်ခုကို ရရှိပြီး ကောင်းကင်အမြုတေနယ်ပယ်ကို ချိုးဖျက်တက်လှမ်းခဲ့တယ်”

“မင်းက ကောင်းကင်အမြုတေနယ်ပယ်ကို ဝင်ရောက်ခဲ့တဲ့အချိန်မှာပဲ မင်းရဲ့ အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးက စိမ့်ထွက်လာပြီး ငါက အဲဒါကို အာရုံခံမိခဲ့တယ်”

ဆူဇီမိုက နားလည်သဘောပေါက်လာခဲ့၏။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် သူသည် သတိထားနေသရွေ့ သူက ကျင့်ကြံမှုနယ်ပယ်အသေးများကို ဖြတ်ကျော်သည့်အခါ သူ၏ သွေးချီက စိမ့်ထွက်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သူ၏ ကျင့်ကြံမှုနယ်ပယ်အကြီးတစ်ခု ချိုးဖျက်တက်လှမ်းသည့် တစ်ချိန်တည်းမှာပင် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကလည်း ကြီးပြင်းလာပြီး ၎င်း၏ အဆင့်ကလည်း မြင့်တက်လာပေလိမ့်မည်။

ထိုအချိန်တုန်းက သူသည် ကောင်းကင်အမြုတေနယ်ပယ်သို့ ဝင်ရောက်ပြီး အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် အဆင့် ၁၁ သို့ ကြီးပြင်းလာခါစဖြစ်သည်။ ထို့ကြောင့်ပင် သူ၏ သွေးချီက ပေါက်ကြားခဲ့ခြင်းဖြစ်လေသည်။

သူသည် နေကာသစ်ပင်လျှို့ဝှက်ကုန်းမြေအောက်မှာ ရှိခဲ့စဉ်မှာတောင် သူက ရှာဖွေဖော်ထုတ်ခံရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

တက္ကသိုလ်ဂိုဏ်းချုပ်က ဆူဇီမိုကို ကြည့်ပြီး သူ၏ ခေါင်းကို ညင်သာစွာခါကာ အပြစ်တင်လိုဟန်ဖြင့် ပြောလိုက်၏။

“မင်း တော်တော်ပေါ့ဆခဲ့တာပဲ”

“အဲဒါက သူအမှားတော့လည်း ဘယ်ဟုတ်ပါ့မလဲ”

အင်မော်တယ်ဘုရင်ယန်ယန်းက ပြောလိုက်၏။

“အဲဒီအချိန်တုန်းက သူ့ရဲ့ စွမ်းဆောင်ရည်က ကမ္ဘာမြေအဆင့်သတ်မှတ်ချက်မှာ အတော်လေးကို ထင်ရှားပေါ်လွင်နေခဲ့တာ… သမိုင်းတစ်လျှောက်မှာ ဘယ်သူကမှ သူ့ရဲ့အောင်မြင်ထွန်းပေါက်မှုမျိုး မရရှိခဲ့ဘူး”

“လွန်ခဲ့တဲ့ နှစ်ပေါင်းသိန်းချီကာလက ဖုန့်စန်းထျန်တောင်မှ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ အဆင့်-၁ နေရာကို ရယူတုန်းက သူ့ထက် အများကြီးနိမ့်ကျနေခဲ့တယ်”

“အဲဒါကြောင့် ကမ္ဘာမြေအဆင့်သတ်မှတ်ချက် ပြီးဆုံးသွားတာတောင် ငါက သူ့ကို အာရုံစိုက်ကြည့်နေခဲ့တာပဲ”

အင်မော်တယ်ဘုရင်ယန်ယန်းသည် နေကာသစ်ပင်လျှို့ဝှက်ကုန်းမြေမှာ ဆူဇီမို၏ အဆင့်ချိုးဖျက်တက်လှမ်းမှုကို သတိထားကြည့်ပြီးနောက် အဲဒါကို သိရှိခဲ့ခြင်းဖြစ်လေသည်။

အင်မော်တယ်ဘုရင်ယန်ယန်းက ဆက်ပြောလိုက်၏။

“တကယ်တော့ အဲဒီအချိန်တုန်းက ငါ့မှာ အကြမ်းဖျင်းခန့်မှန်းချက်တစ်ခုပဲ ရှိသေးတယ်… ငါက သိပ်ပြီး မသေချာသေးဘူး”

“အဲဒါကြောင့် ငါက မင်းကို ဟန့်တားနှောင့်ယှက်ခဲ့ရတာပဲ… ဒါပေမဲ့ ငါ့ရဲ့အကြံအစည်က တကယ်ပဲ မင်းကို သတ်ဖြတ်ဖို့ မဟုတ်ဘူး… အဲဒါက တက္ကသိုလ်ရဲ့ဂိုဏ်းချုပ်ကို စမ်းသပ်စစ်ဆေးကြည့်ဖို့ပဲ… တကယ်လည်း ငါထင်ထားတဲ့အတိုင်းပဲ.. ဟီးဟီး”

“မင်းမှာ အစိမ်းရောင်ကြာပန်းမျိုးဆက်သွေး ရှိနေမယ်ဆိုရင် တက္ကသိုလ်ရဲ့ဂိုဏ်းချုပ်က မင်းကို သေချာပေါက် ကာကွယ်ပေးလာမှာပဲ…. ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ ပိုင်နက်နယ်မြေထဲမှာ တက္ကသိုလ်ရဲ့ဂိုဏ်းချုပ်က အရာရာတိုင်းကို သိတယ်… ငါ မင်းကို သတ်ဖို့ ကြိုးစားမယ်ဆိုရင် သူက ငါ့ကိုတားဖို့ သေချာပေါက် ဝင်ပါလာလိမ့်မယ်”

တက္ကသိုလ်ဂိုဏ်းချုပ်က တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ တိတ်တဆိတ်ဝန်ခံသည့်အနေဖြင့် ပြုံးနေ၏။

ဆူဇီမိုက သူ့ကိုယ်သူ အပြစ်တင်ဟန်ဖြင့် ရယ်မောလိုက်၏။

“အဲဒါကြောင့် အဲဒီထိတွေ့ဖလှယ်မှုအပြီးမှာ ခင်ဗျားတို့နှစ်ယောက်က ကျုပ်ရဲ့ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကို အဆင့်-၁၂ရဲ့ အထွတ်အထိပ်အထိ ကြီးမြင့်လာတဲ့အထိ စောင့်ဆိုင်းဖို့ ဆွေးနွေးခဲ့ကြတာပေါ့လေ”

“ဒါပေါ့”

အင်မော်တယ်ဘုရင်ယန်ယန်းက ပြုံးပြလိုက်၏။

“ငါက အဲဒီလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့ပြီဆိုမှတော့ ငါကလည်း ဝေစုတစ်ခုကို ရယူရမှာပေါ့”

“ဟမ်”

နောက်ထပ်အသံတစ်သံက ခန်းမထဲကနေ ရုတ်တရက် ထွက်ပေါ်လာ၏။

ထို့နောက်ချက်ချင်းပင် အခြားသော အဖြူရောင်ဝတ်အမျိုးသားတစ်ယောက်က လျှောက်လှမ်းဝင်ရောက်လာပြီး အေးစက်စွာ ပြောလိုက်၏။

“ငါတို့တွေ အဲဒီကောင်စုတ်လေးနဲ့ ဆက်ပြီးအချိန်ဖြုန်းနေစရာ မလိုဘူးလို့ ငါပြောခဲ့ပြီးပြီပဲ… သူက အဆင့် ၁၂ ထိ ကြီးမြင့်လာတာနဲ့ ငါတို့လုပ်စရာရှိတာက သူ့ကို အညီအမျှ ခွဲဝေယူဖို့ပဲ”

ဆူဇီမိုသည် ထိုအသံနှင့် ရင်းနှီးမှုရှိလေသည်။

ဘုရင်ယွင်ယို…။

ဆူဇီမိုက ထိုလူကိုကြည့်ပြီး သူ၏ မျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်၏။

ဘုရင်ယွင်ယိုက ခန်းမထဲသို့ ဝင်ရောက်လာသည့်ခဏမှာပင် သူကလည်း သရော်တော်တော် အမူအရာတစ်ခုနှင့်အတူ ဆူဇီမိုကို ကြည့်လိုက်၏။

“ကောင်စုတ်လေး… မင်း ဒီလိုမြင်ကွင်းကို ထင်မှတ်မထားဘူးမလား”

“မင်းလို နိမ့်ကျသက်ရှိက ငါ့လက်ကနေ ဘယ်လိုလုပ် လွတ်မြောက်နိုင်မှာလဲ”

တက္ကသိုလ်ဂိုဏ်းချုပ်က ဘုရင်ယွင်ယို ရောက်ရှိလာခြင်းအပေါ် အံ့အားသင့်သွားခြင်းမရှိပေ။

တက္ကသိုလ်ဂိုဏ်းချုပ်က မှင်သေသေဖြင့် ပြောလိုက်၏။

“အစကတော့ သူက ကျေးဇူးတရားကို ဘယ်လိုပြန်ပေးဆပ်ရမလဲ သိမယ်လို့ ငါထင်နေတာ… ငါက သူ့နဲ့ ခွာမပြဲချင်ခဲ့ဘူး… အခုတော့ ကိစ္စတွေက ဒီအခြေအနေထိ ရောက်လာခဲ့ပြီပဲ… ဟဲဟဲ… နောက်ဆုံးမှာတော့ သူက ပြုစုပျိုးထောင်ပေးဖို့ မသင့်တော်တဲ့လူတစ်ယောက် ဖြစ်နေတုန်းပဲ”

ထိုစဉ်မှာပင် တာအိုကလေးငယ်နှစ်ယောက်၏ နောက်ဘက်ရှိတံခါးက ပွင့်သွားပြီး လက်တစ်ဖက်သာရှိသော အမျိုးသားတစ်ယောက်က သွေးများစွန်းထင်းနေသည့် ပတ်တီးများနှင့်အတူ ထွက်လာပြီး ညှီစို့စို့အနံ့တစ်ခု ဖြာထွက်နေ၏။

ဓားအင်မော်တယ် ယွဲ့ဟွား…

ဓားအင်မော်တယ် ယွဲ့ဟွား၏ အခြေအနေသည် ဆူဇီမိုတွေးထင်ထားသည်ထက်ပင် ပို၍ဆိုးဝါးနေ၏။

ထာဝရပျက်သုဉ်းခြင်းသည် သူ့အပေါ် သိပ်သည်းပြင်းထန်ကြီးမားသည့် ပျက်စီးထိခိုက်မှုကို ဖြစ်စေဆဲပင်။ တက္ကသိုလ်ဂိုဏ်းချုပ်၏ စွမ်းအားနှင့်ပင်လျှင် သူ့အသက်ကို ကယ်တင်နိုင်ရုံသာ ရှိခဲ့လေသည်။

ဓားအင်မော်တယ် ယွဲ့ဟွားက ဆူဇီမိုကို ပြင်းထန်ကြမ်းတမ်းစွာ စိုက်ကြည့်ပြီး အံကိုကြိတ်ကာ ပြောလိုက်၏။

“ဆူဇီမို… မင်းလည်း နောက်ဆုံးတော့ ဒီလိုနေ့ရက်မျိုးနဲ့ ကြုံတွေ့ရပြီပဲ”

“ဟဲဟဲ”

ဆူဇီမိုက ဓားအင်မော်တယ် ယွဲ့ဟွား၏ ဆိုးဆိုးဝါးဝါးအခြေအနေကို ကြည့်ပြီး လှောင်ရယ်လိုက်၏။

“မင်း ရယ်စရာမလိုပါဘူး”

ဓားအင်မော်တယ် ယွဲ့ဟွားက မုန်းတီးစွာ ပြောလိုက်၏။

“နောက်ပိုင်းကျရင် မင်းရဲ့ရလဒ်ကလည်း ငါ့ထက်တောင် ပိုပြီးဆိုးဝါးနေလိမ့်မယ်”

တက္ကသိုလ်ဂိုဏ်းချုပ်က ဆူဇီမိုကို ကြည့်ပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“ဒီနှစ်တွေထဲမှာ သူက မင်းကို ထပ်တလဲလဲပစ်မှတ်ထားနေခဲ့တာတောင် ငါက ဓားအင်မော်တယ်ယွဲ့ဟွားကို ဘာကြောင့် အပြင်းအထန် အပြစ်မပေးခဲ့သလဲ မင်းသိချင်နေမှာပေါ့”

ဆူဇီမိုက လှောင်ရယ်လိုက်ပြီး နှုတ်ဆိတ်နေ၏။

ဤနှစ်များအားလုံးမှာ သူသည် ဓားအင်မော်တယ်ယွဲ့ဟွားနှင့် အကြိမ်ရေအနည်းငယ် အတိုက်အခံဖြစ်ခဲ့လေသည်။

ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲမှာတုန်းက ဓားအင်မော်တယ်ယွဲ့ဟွားသည် သူ့ကို စွပ်စွဲပုတ်ခတ်ဖို့အတွက် အပြင်လူများနှင့် ပူးပေါင်းပြီး သူ့ကို သတ်ဖြတ်လိုခဲ့လေသည်။

ဤကဲ့သို့ ကြီးလေးသော ပြစ်မှုတစ်ခုကို ကျူးလွန်ပြီးတာတောင် တက္ကသိုလ်ဂိုဏ်းချုပ်က စကားလုံးအချို့မျှနှင့် ထိုကိစ္စကို ပြီးစေခဲ့လေသည်။

တက္ကသိုလ်ဂိုဏ်းချုပ်က စိတ်လက်ပေါ့ပါးစွာဖြင့် ပြောလိုက်၏။

“အဲဒါက ရိုးရှင်းပါတယ်… သူက နာခံတတ်လို့ပဲ”

ထိုသို့ သူပြောလိုက်စဉ် ဓားအင်မော်တယ်ယွဲ့ဟွားက ခပ်မြန်မြန်ရောက်ရှိလာပြီး တက္ကသိုလ်ဂိုဏ်းချုပ်၏ ခြေရင်းမှာ နာခံစွာ ဒူးထောက်ချကာ သူ့ကို ရိုကျိုးခယစွာဖြင့် ဦးညွှတ်နေ၏။

“အင်း”

တက္ကသိုလ်၏ ဂိုဏ်းချုပ်က အရမ်းကို ကျေနပ်အားရနေပြီး ဒဏ်ရာများပြင်းထန်နေသည့် ခွေးတစ်ကောင်ကို ပွတ်သပ်နေသည့်အလား ဓားအင်မော်တယ်ယွဲ့ဟွား၏ ဦးခေါင်းကို သပ်ပေးနေ၏။

တက္ကသိုလ်၏ ဂိုဏ်းချုပ်က ပြောလိုက်၏။

“မင်းက အရမ်းကို ပါရမီအရည်အချင်း ရှိတယ်… မင်းမှာ ပိုပြီးတော့ ကြီးမားတဲ့ အလားအလာရှိတယ်… မင်းနဲ့ပတ်သက်တဲ့ အရာရာတိုင်းက ယွဲ့ဟွားထက် သာလွန်တယ်… ဒါပေမဲ့ မင်းမှာ လုံလောက်တဲ့ နာခံမှုမရှိဘူး”

“မင်းက နာခံမှုမရှိဘဲ မင်းကို ငါက အသုံးချလို့မရဘူးဆိုရင် မင်းရဲ့ ပါရမီအရည်အချင်းတွေနဲ့ ကြီးမားတဲ့ အလားအလာတွေက ဘာများသုံးစားလို့ရမှာလဲ”

ဆူဇီမိုက ပြုံး၍ မေးလိုက်၏။

“ဒါဆို တပည့်ဂိုဏ်းသားတွေကို စုဆောင်းတဲ့ တက္ကသိုလ်ရဲ့ စံသတ်မှတ်ချက်က ပါရမီအရည်အချင်းနဲ့ စိတ်နေစရိုက်အပေါ် အခြေခံတာမဟုတ်ဘဲ နာခံတတ်မှုအပေါ် အခြေခံထားတာပေါ့လေ”

“ဒါပေါ့”

တက္ကသိုလ်ဂိုဏ်းချုပ်က မှင်သေသေဖြင့် ပြုံးပြလိုက်၏။

ဆူဇီမိုက ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုလိုက်၏။

“ဒီနေ့ ဒီကိုရောက်လာတာ ခင်ဗျားတို့တွေပဲ မကဘူးမလား… တခြားဘယ်သူတွေ ကျန်သေးလဲ… ခင်ဗျားတို့က ဘာလို့ ရုပ်လုံးထွက်မပြသေးတာလဲ”

“ကောင်စုတ်လေး… မင်းအသက်နဲ့ ပြန်ပေးဆပ်ဖို့ အချိန်ရောက်ပြီပဲ”

ထိုစဉ်မှာပင် နောက်ထပ်အသံတစ်သံက ထွက်ပေါ်လာ၏။ ထိုအသံသည် သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်နေပြီး သတ္တုချင်းထိခတ်သံကဲ့သို့ မြည်ဟည်းလာခဲ့၏။

ဆူဇီမိုက လှည့်ကြည့်လိုက်၏။

အနက်ရောင်ဝတ်အမျိုးသားတစ်ယောက်က ခန်းမထဲသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းဝင်ရောက်လာ၏။ သူ့မှာ ပြတ်သားသော အမူအရာနှင့် မှေးကျဉ်းသော မျက်လုံးများရှိပြီး ကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ အေးစက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်ဖော်ထားလေသည်။

ထိုသူက နောက်ထပ်အင်မော်တယ်ဘုရင်ပညာရှင်တစ်ဦးဖြစ်သည်။

“ခင်ဗျားက…”

ဆူဇီမိုက မျက်ခုံးပင့်ပြီး မေးလိုက်၏။

တက္ကသိုလ်ဂိုဏ်းချုပ်က ပြောလိုက်၏။

“မင်းက ပကတိမိုးကြိုးမြို့တော်မှာ သူ့သားကို သတ်ခဲ့တယ်လေ”

မင်းသားယွမ်ကျော…

ဘုရင်ကျင်းက ရောက်ရှိလာခဲ့ပြီဖြစ်သည်။

All Chapters