← Chapters

သုတ်သင်ရှင်းလင်းခြင်း

Vol. 180 Ch. 2688

သုတ်သင်ရှင်းလင်းခြင်း

Vol. 180 Ch. 2688

ဆူဇီမိုသည် ဘုရင်ကျင်း၏ ပေါ်ထွက်လာမှုမှာ အတော်လေး အံ့အားသင့်သွား၏။

“ခင်ဗျား အဲဒါကို ဘယ်ချိန်က ရှာတွေ့သွားတာလဲ”

ဆူဇီမိုက မျက်ခုံးအနည်းငယ်ပင့်ပြီး မေးလိုက်၏။

သူသည် ကောင်းကောင်းသတိထားနေခဲ့သည်ဟု အစက သူက တွေ့ထင်ထားခဲ့သည်။ ယခု အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ လျှို့ဝှက်ချက်က ပေါက်ကြားနေခဲ့သည်မှာ ကြာခဲ့ပြီဆိုတော့...။

အရင်တုန်းက ရံဖန်ရံခါ သူခံစားရသည့် အန္တရာယ်အငွေ့အသက်က ထင်ယောင်ထင်မှား ခံစားချက်တစ်ခု မဟုတ်ခဲ့ပေ။ အဲဒါသည် ဤအင်မော်တယ်ဘုရင်ပညာရှင်များ၏ စောင့်ကြည့်မှုကနေ လာခြင်းဖြစ်ပေမည်။

“မင်းကို စစ်ဆေးမေးမြန်းဖို့ ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်ကို ငါနောက်ဆုံးအကြိမ် ရောက်လာတုန်းကပဲ”

ဘုရင်ကျင်းက အေးစက်စွာ ပြောလိုက်၏။

“မင်းက ပကတိမိုးကြိုးမြို့တော်ကို ဖျက်ဆီးပြီး ငါ့ကလေး ယွမ်ကျောကို သတ်ခဲ့တယ်… မင်းရဲ့ အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးရဲ့ သတင်းကြောင့် မဟုတ်ရင် ငါက မင်းကို အလွယ်တကူ လွှတ်ပေးပြီး ဒီနေ့ဒီအချိန်ထိ အသက်ရှင်ခွင့်ပေးထားစရာအကြောင်းမရှိဘူး”

ဆူဇီမိုက တစ်စုံတစ်ရာ လွဲမှားနေသည်ဟု ခံစားရပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

တက္ကသိုလ်ဂိုဏ်းချုပ်က ဤအကြောင်းကို သူ့ကို တစ်ခါထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

ဘုရင်ကျင်းပြောပုံအရ သူသည် ဆူဇီမိုကို ရန်ရှာဖို့ ရောက်လာခဲ့ပြီး တက္ကသိုလ်ဂိုဏ်းချုပ်က အစိမ်းရောင်ကြာပန်းမျိုးဆက်သွေး၏ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောဆိုပြီးမှ သူ့ကို ယာယီအားဖြင့် ငြိမ်သက်စေခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ လျှို့ဝှက်ချက်က သိရှိသူနည်းလေ ပိုကောင်းလေဖြစ်သည့် တစ်စုံတစ်ရာဖြစ်သည်။

ယခုအချိန်မှာ ဆူဇီမိုသည် ဘုရင်များစွာဖြင့် ဝိုင်းပတ်ခံထားရပြီး ကြီးမားသော ဖိအားအောက်မှာ ကျရောက်နေ၏။ ထို့သို့ဖြင့် သူသည် ထိုအကြောင်းနှင့်ပတ်သက်ပြီး များစွာစဉ်းစားတွေးတောနေဖို့ အချိန်မရပေ။

ကောင်းကင်မြေကြီးနန်းတော်၏ နောက်ဘေးဘက်မှ နောက်ထပ် အဘိုးအိုတစ်ယောက်က လျှောက်လှမ်းလာ၏။ သူက တက္ကသိုလ်အကြီးအကဲတစ်ယောက်၏ ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့မှာ စွမ်းအားကြီးမားသော အော်ရာတစ်ခုရှိနေ၏။ သူသည်လည်းပဲ အင်မော်တယ်ဘုရင်ပညာရှင်တစ်ဦးဖြစ်သည်။

“တက္ကသိုလ်ရဲ့ အကြီးအကဲရှစ်လား”

ဆူဇီမိုက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဉ်းပြီး ညင်သာစွာမေးလိုက်၏။

“ငါပါ”

လူအိုကြီးက နက်ရှိုင်းသောအကြည့်နှင့် အဓိပ္ပာယ်ပါပါ အပြုံးတစ်ခုနှင့်အတူ ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။

ဆူဇီမိုက ထိုအသံကို ကြားသောအခါ ရင်တစ်ချက်ထိတ်သွား၏။

ကပ်ဘေးဖြတ်ကျော်ပြီး သူတက်လှမ်းခဲ့စဉ်က သူသည် ငရဲဖိနှိမ်မီးဖိုထဲမှာ ပုန်းကွယ်၍ ဘုရင်ယွင်ယိုနှင့်အတူ လိုက်ပါလာသည့်ပညာရှင်ကို မတွေ့မြင်ခဲ့ရသော်လည်း သူက ထိုလူ၏ အသံကို ကြားခဲ့ဖူးလေသည်။

ထိုအသံသည် တက္ကသိုလ်အကြီးအကဲရှစ်၏ အသံဖြစ်သည်။

အကြီးအကဲရှစ်သည် တက္ကသိုလ်၏ လက်နက်တိုက်ကို တာဝန်ယူထားလေသည်။ အရင်တုန်းက ငရဲဖိနှိမ်မီးဖိုကို သူပစ်ကျွေးခဲ့သည့် မြင်းမြီးကျာပွတ်ကို အကြီးအကဲရှစ်က ပစ်ထုတ်ပေးခဲ့ခြင်းဖြစ်လေသည်။

ဒါ့အပြင် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲအတွင်း ရစ်ခွေနဂါးတောင်ကြောရိုးသို့ ပန်းချီအင်မော်တယ်မိုချင်ကို သွားရောက်ဖို့ စေခိုင်းခဲ့သူကလည်း အကြီးအကဲရှစ်ပင် ဖြစ်လေသည်။

အရာရာတိုင်းမှာ ဖြေရှင်းချက်တစ်ခု ရှိလာပြီး ယုတ္တိတန်လာသည်ဟု ထင်ရသည်။

သို့သော်လည်း အဲဒီမှာ ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ်တစ်ခု ရှိနေသေးပုံရသည်။

“ဘယ်လောက်တောင် စည်ကားလိုက်လဲ”

ရယ်မောသံထွက်ပေါ်လာပြီး အင်မော်တယ်ဘုရင်ပညာရှင်တစ်ဦး ရောက်ရှိလာကာ ကောင်းကင်မြေကြီးနန်းတော်ထဲသို့ ဝင်ရောက်လာ၏။

ဤအင်မော်တယ်ဘုရင်သည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေနှင့် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲ နှစ်ခုစလုံးမှာ ပေါ်ထွက်ခဲ့ဖူးသည်။ သူသည် ဧကရာဇ်ဂမ္ဘီရမိုးကောင်းကင်၏ အကြီးဆုံးတပည့် အင်မော်တယ်ဘုရင်ချင်းယန်ဖြစ်လေသည်။

“လူတွေ ဒီလောက်တောင် များတာလား”

ဘုရင်ယွင်ယိုက မျက်မှောင်ကြုတ်လိုက်၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက တစ်ခုတည်းသာလျှင်ဖြစ်သည်။ ဤနေရာမှာ လူပိုများလေလေ… သူတို့ရရှိနိုင်သည့် အကျိုးအမြတ်က လျော့နည်းလာလေလေ ဖြစ်ပေလိမ့်မည်။

တက္ကသိုလ်ဂိုဏ်းချုပ်သည် သူတို့၏ ရောက်ရှိလာမှုကို အံ့အားသင့်သွားခြင်းမရှိသည့်အလား သူ၏ အမူအရာက တည်ငြိမ်နေ၏။

အင်မော်တယ်ဘုရင်ယန်ယန်းက သူ၏ လက်သီးနှစ်ဖက်ကို အနည်းငယ်ယှက်ပြီး အင်မော်တယ်ဘုရင်ချင်းယန်ကို ပြုံးပြလိုက်၏။

“တာအိုရောင်းရင်း ချင်းယန်... ခင်ဗျားကရော ဒီကောင်လေးရဲ့ အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးကို ဘယ်အချိန်တုန်းက ဘယ်လိုသိသွားတာလဲ”

“ဟားဟား”

ထိုစကားကို ကြားသည့်အချိန်မှာ အင်မော်တယ်ဘုရင်ချင်းယန်က အတော်လေး အူမြူးအားရနေပြီး ဝံ့ကြွားစွာပြောလိုက်၏။

“ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေရဲ့ ပိုင်နက်နယ်မြေထဲမှာ ငါသိချင်စိတ်ရှိနေသရွေ့ ဘယ်လျှို့ဝှက်ချက်ကမှ ငါ့ဆီကနေ ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူး”

“ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲမှာတုန်းက ယွဲ့ဟွားက ဒုံမင်းအင်မော်တယ်နဲ့ တခြားသူတွေနဲ့ ပူးပေါင်းပြီး ဒီကောင်လေးကို သတ်ဖို့ကြိုးစားခဲ့တယ်… တက္ကသိုလ်ရဲ့ ဂိုဏ်းချုပ်က ကိုယ်တိုင် သတင်းစကားပေးပို့ခဲ့တဲ့အချက်က ဒီကောင်လေးက တစ်မူထူးခြားနေတယ်ဆိုတာကို သက်သေပြပေးနေတာပဲ”

“အဲဒီအချိန်တုန်းက အဲဒါက တစ်ခုခုပဲဆိုတာ ငါပြောနိုင်တယ်… ဒါပေမဲ့ ငါက သေချာရုပ်လုံးမဖော်နိုင်သေးဘူး”

“အထင်ကြီးစရာပဲ”

အင်မော်တယ်ဘုရင်ယန်ယန်းက ချီးကျူးလိုက်၏။

အင်မော်တယ်ဘုရင်များသည် စိတ်လက်ပေါ့ပါးသော အမူအရာများဖြင့် အလ္လာပသလ္လာပ ပြောဆိုနေကြ၏။

အင်မော်တယ်ဘုရင်ပညာရှင်များ၏ မျက်လုံးများထဲမှာ ဆူဇီမိုသည် စဉ်းတီတုံးပေါ် ရောက်ရှိနေပြီး အချိန်မရွေး ခုတ်ပိုင်းသတ်ဖြတ်ခံရနိုင်သည့် ငါးတစ်ကောင် ဖြစ်လာခဲ့လေပြီ။ သူတို့က အကျိုးအမြတ်ကို ဘယ်လိုခွဲဝေယူရမလဲ ဆွေးနွေးဖို့သာ ကျန်တော့လေသည်။

ဆူဇီမိုက ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုနေ၏။

ဤနေရာမှာ စုစုပေါင်း အင်မော်တယ်ဘုရင်ခြောက်ပါးရှိနေသည်။ တက္ကသိုလ်ဂိုဏ်းချုပ်၊ ဘုရင်ယွင်ယို၊ အင်မော်တယ်ဘုရင်ယန်ယန်း၊ ဘုရင်ကျင်း၊ အင်မော်တယ်ဘုရင်ချင်းယန်နှင့် အကြီးအကဲရှစ်။

ဒါ့အပြင် ဤအင်မော်တယ်ဘုရင်ပညာရှင်များသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်၏ အထွတ်အထိပ်နီးပါးအထိ ကျင့်ကြံထားသော လွှမ်းမိုးခြယ်လှယ်မှုရှိသည့် ပုဂ္ဂိုလ်များဖြစ်ကြလေသည်။

သူသည် ဤပညာရှင်များနှင့် ရင်ဆိုင်သည့်အချိန်မှာ အသက်ရှင်သန်ဖို့အတွက် မည်သည့်အခွင့်အရေးမှ မရှိပေ။

သူ့မှာ ထွက်ပြေးဖို့ပင် အခွင့်အရေးရှိလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး ကြောက်စရာကောင်းလောက်အောင် ဣန္ဒြေရနေ၏။

“ဆူဇီမို... မင်းနောက်ဆုံးတော့ ငါ့ကို အနိုင်မရသေးပါဘူး… ဒီနေ့က မင်းသေရမယ့်နေ့ပဲ”

ဓားအင်မော်တယ်ယွဲ့ဟွားက ဆူဇီမိုကိုကြည့်ပြီး သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ကာ ကျယ်လောင်စွာ ရယ်မောလိုက်၏။

သို့သော်လည်း သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည့် အဆက်မပြတ် နာကျင်မှုကြောင့် သူ၏ အပြုံးက ရှုံ့မဲ့သွား၏။

ဆူဇီမိုက သနားနေသော အကြည့်ဖြင့် လှောင်ရယ်လိုက်၏။

“မင်းက အသက်ရှင်နေတယ်ဆိုရင်တောင်မှာ တခြားတစ်ယောက် ကျွေးမွေးထားတဲ့ ခွေးတစ်ကောင်ပါပဲ”

“ဇီမို…”

တက္ကသိုလ်ဂိုဏ်းချုပ်က ညင်သာစွာ သက်ပြင်းချလိုက်၏။

“အစကတော့ ငါက မင်းအတွက် ကြီးမားတဲ့ အခွင့်အလမ်းတစ်ခုနဲ့ တောက်ပတဲ့ အနာဂတ်ကို ပြင်ဆင်ပေးထားတာပဲ… ဒါပေမဲ့ မင်းက သေဖို့လမ်းကို ရွေးချယ်တယ်ဆိုမှတော့ ငါတကယ်စိတ်ပျက်သွားရပြီ”

“မင်းက သေဖို့လမ်းကို ရွေးချယ်ပြီဆိုမှတော့ မင်းမှာ ပြန်ဝင်စားဖို့ အခွင့်အရေးတောင် ရှိမှာမဟုတ်တော့ဘူး”

“အို...”

ဆူဇီမိုမှာ သရော်တော်တော် အမူအရာတစ်ခုရှိနေပြီး သူက အကြောက်အလန့်ကင်းမဲ့နေ၏။

တက္ကသိုလ်ဂိုဏ်းချုပ်က ပြောလိုက်၏။

“မင်းသေရုံနဲ့ ဒီကိစ္စက ပြီးသွားမယ်လို့ မင်းထင်လို့လား… မင်းက မင်းရဲ့ဆရာကို သစ္စာဖောက်ပြီး မင်းရဲ့အရင်းအမြစ်ကို ပုန်ကန်ဆန့်ကျင်ခဲ့တယ်…. ငါက မင်းရဲ့နာမည်ဂုဏ်သတင်းကိုလည်း ဖျက်ဆီးပစ်မယ်… မင်းက သစ္စာဖောက်တစ်ယောက်အဖြစ် အမြဲတမ်းရှိနေပြီးတော့ အနာဂတ်မျိုးဆက်တွေရဲ့ ပြစ်တင်ရှုတ်ချစော်ကားပြောဆိုတာကို ခံရလိမ့်မယ်”

တက္ကသိုလ်ဂိုဏ်းချုပ်သည် ဆူဇီမိုကို သေစေချင်ရုံသာမက သူ၏ နာမည်ဂုဏ်သတင်းကိုပါ ထာဝရယုတ်ညံ့မှုအဖြစ် ပြောင်းလဲပစ်ချင်လေသည်။

ကမ္ဘာမြေအဆင့်သတ်မှတ်ချက်နှင့် ကောင်းကင်အဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်တဲ့လား။ သူက သူ့ဆရာကို သစ္စာဖောက်ပြီး သူ၏ အရင်းအမြစ်ကို ပုန်ကန်ဆန့်ကျင်မိသည်နှင့် သူတို့၏ နာမည်ဂုဏ်သတင်းက နင်းခြေဖျက်ဆီးခံရပြီး သူတို့သည် မရေမတွက်နိုင်သော ပြစ်တင်ရှုတ်ချပြောဆိုမှုများကို ရရှိလာပေလိမ့်မည်။

ဤသည်ကား မည်သည့်ထွက်ပေါက်မှမရှိဘဲ ရှင်းလင်းသုတ်သင်ခြင်းဖြစ်လေသည်။

အရင်တုန်းက ဘုရင်ကျင်း၏ နည်းလမ်းများကို အတော်လေး ရက်စက်ကြမ်းတမ်းသည်ဟု ဆိုနိုင်နေပြီဖြစ်သည်။ ထို့သို့ဆိုလျှင်တောင် သူသည် မိုကြိုးဧကရာဇ် ဖုန့်စန်းထျန်ကို နှစ်ပေါင်းသိန်းချီကြာအောင် နေ့အလင်းရောင်ကို တွေ့မြင်ရစေခြင်းမရှိဘဲ ကျောက်တိုင်ပေါ်မှာ ဓားတစ်လက်ဖြင့် သံမှိုစွဲခဲ့ခြင်းဖြစ်လေသည်။

တက္ကသိုလ်ဂိုဏ်းချုပ်နှင့် ယှဉ်လျှင် ဘုရင်ကျင်း၏ နည်းလမ်းများက အားနည်းသည်ဟု ဆိုရပေမည်။

တက္ကသိုလ်ဂိုဏ်းချုပ်သည် ဆူဇီမိုကို သေစေချင်ရုံသာမက သူသည် သူ့နာမည်ကို အရှက်တရားကျောက်စာတိုင်မှာ ထာဝရသံမှိုစွဲပြီး သူ့ကို ဘယ်တော့မှ တစ်ကျော့ပြန်လာခွင့်ပေးတော့မည် မဟုတ်ပေ။

ဤကိစ္စ၏ အတွင်းရေး အပြင်ရေးကို ကောင်းကောင်းသိရှိသောသူက လောကမှာ ဘယ်လောက်များများ ရှိမှာလဲ။

တက္ကသိုလ်ဂိုဏ်းချုပ်၊ ဘုရင်ယွင်ယို၊ အင်မော်တယ်ဘုရင်ချင်းယန်နှင့် ဘုရင်ကျင်းတို့ကဲ့သို့ လွှမ်းမိုးခြယ်လှယ်မှုရှိသော ပညာရှင်များက ဆူဇီမိုသည် သူ့ဆရာကို သစ္စာဖောက်ပြီး သူ၏ အရင်းအမြစ်ကို ပုန်ကန်ဆန့်ကျင်ခဲ့သည်ဟု ထုတ်ဖော်ကြေညာလိုက်သည်နှင့် အဲဒါသည် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အရူးအမူးစော်ကားပြောဆိုမှုများကို သေချာပေါက်ရရှိလာပေလိမ့်မည်။

ထိုအချိန်မှာ ဆူဇီမိုသည် သေခဲ့ပြီးပြီဖြစ်ပြီး မည်သည့်သက်သေအထောက်အထားမှ ကျန်ရှိတော့မည် မဟုတ်ပေ။

တက္ကသိုလ်ဂိုဏ်းချုပ်ပြောခဲ့သလိုပင် သူက နာခံမှုမရှိသော မည်သူ့ကိုမဆို သတ်ဖြတ်လိမ့်မည်ဖြစ်ပြီး သူတို့၏ နာမည်ဂုဏ်သတင်းကိုပါ ဖျက်ဆီးပစ်မည်ဖြစ်သည်။

“ကောင်းလိုက်တဲ့ ရွှေ့ကွက်ပဲ”

ဆူဇီမိုက လက်ခုပ်တီးပြီး ချီးကျူးလိုက်၏။

ဘုရင်ယွင်ယိုက မျက်မှောင်အနည်းငယ်ကြုတ်ပြီး တက္ကသိုလ်ဂိုဏ်းချုပ်ကိုကြည့်ကာ လော်ဆော်လိုက်၏။

“ကဲ အချိန်တော့ကျလာပြီ… ငါတို့တွေက ဒီဆေးလုံးကို စတင်သန့်စင်နိုင်ပြီလို့ ငါထင်တယ်”

“ငါတို့က လတ်ဆတ်တဲ့ အစိမ်းရောင်ကြာပန်းအသားကို ဆေးမီးဖိုထဲ တိုက်ရိုက်ပစ်ထည့်လို့ရတယ်… ငါတို့တွေက အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးကို ချိပ်ပိတ်ထားနိုင်မယ်ဆိုရင် ငါတို့တွေက အင်မော်တယ်ဆေးလုံးကို အောင်အောင်မြင်မြင် သေချာပေါက် ဖန်တီးနိုင်မှာပဲ… ငါက အစိမ်းရောင်ကြာရွက်တစ်ရွက်ကို လိုချင်တယ်”

အင်မော်တယ်ဘုရင်ယန်ယန်းက လေးနက်သောအသံဖြင့် ပြောလိုက်၏။

အင်မော်တယ်ဘုရင်ချင်းယန်က ပြောလိုက်၏။

“ငါက အစိမ်းရောင်ကြာစေ့တစ်ဝက်ကို လိုချင်တယ်”

အင်မော်တယ်ဘုရင်ပညာရှင်တချို့သည် ဆူဇီမိုကို ဘယ်လိုခွဲဝေယူရမလဲ စတင်ဆွေးနွေးလာကြပြီဖြစ်သည်။

“အားလုံးပဲ မင်းတို့ရဲ့ လိုအင်ဆန္ဒတွေက မဆိုးပါဘူးလေ”

ဆူဇီမိုက ပြုံး၍ ရုတ်တရက်ပြောလိုက်၏။

“ကံဆိုးစွာနဲ့ပဲ မင်းတို့တွေက ဒီစစ်တုရင်ကစားပွဲမှာ ခြေတစ်လှမ်းနောက်ကျသွားတုန်းပဲ”

တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား တက္ကသိုလ်ဂိုဏ်းချုပ်၏ အမူအရာက ပြောင်းလဲသွား၏။

ရုတ်တရက် သူက ဆူဇီမို၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်၏။

ဆူဇီမိုသည် နေရာမှာပင် မလှုပ်မယှက်ရပ်နေပြီး ရှောင်တိမ်းခြင်းမရှိပေ။

သူ၏ ခွန်အားအရ သူသည် အင်မော်တယ်ဘုရင်ပညာရှင်တစ်ဦး၏ တိုက်ခိုက်မှုကို လုံးဝရှောင်တိမ်းနိုင်မည် မဟုတ်ပေ။

ဆူဇီမိုက သရော်တော်တော်အမူအရာတစ်ခုနှင့်အတူ တက္ကသိုလ်ဂိုဏ်းချုပ်ကို ကြည့်နေ၏။

ဖြောင်း…

တက္ကသိုလ်ဂိုဏ်းချုပ်၏ လက်ဝါးက ဆူဇီမို၏ ဦးခေါင်းပေါ်သို့ ကျဆင်းလာခဲ့၏။

သိပ်သည်းပြင်းထန်၍ ကြောက်စရာကောင်းသော စွမ်းအားက ကျဆင်းလာခဲ့ပြီး ဆူဇီမို၏ ပုံရိပ်က ဘန်းခနဲ မြည်သံနှင့်အတူ ပျောက်ကွယ်သွားလေသည်။ သူက အစိမ်းရောင်လေစီးကြောင်းများအဖြစ် ပြောင်းလဲပြီး တဖြည်းဖြည်းပျက်ပြယ်သွား၏။

All Chapters