ဒဏ်ရာများ သက်သာပျောက်ကင်းလာခြင်း
Vol. 180 Ch. 2690
ဘုရင်ယွင်ယို၊ ဘုရင်ကျင်း၊ အင်မော်တယ်ဘုရင်ချန်းယန်နှင့် အင်မော်တယ်ဘုရင် ယန်ယန်းတို့သည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကနေ ယခုတင် ထွက်လာခါစဖြစ်ပြီး ဘုရင်ယွင်ယိုက သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်၏။
“ဒီကိစ္စမှာ တက္ကသိုလ်ရဲ့ဂိုဏ်းချုပ်က ငါတို့နဲ့အတူပါလာမယ်ဆိုရင် ပိုကောင်းမယ်လို့ ငါထင်တယ်”
ရုတ်တရက် ဘုရင်ယွင်ယိုက ပြောလိုက်၏။
ဘုရင်ကျင်းက ရင်တစ်ချက်ထိတ်သွားပြီး ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။
“အမှန်ပဲ… ဘာပဲပြောပြော တက္ကသိုလ်ရဲ့သစ္စာဖောက်တပည့်ကို အမဲလိုက်တဲ့နေရာမှာ တက္ကသိုလ်ရဲ့ဂိုဏ်းချုပ်က ဦးဆောင်မှပဲ ငါတို့ရဲ့အကြောင်းပြချက်က ပိုပြီးတော့ ခိုင်မာလိမ့်မယ်”
အင်မော်တယ်ဘုရင်များက အကြည့်ချင်းဖလှယ်ပြီးနောက် အလိုလိုနားလည်မှုရရှိလာကြ၏။
သူတို့သည် အင်မော်တယ်ဘုရင်နှစ်ယောက်၏ အမူအရာကို တွေ့မြင်သောအခါ အင်မော်တယ်ဘုရင်ချန်းယန်နှင့် အင်မော်တယ်ဘုရင်ယန်ယန်းတို့ကလည်း ချက်ချင်းပင် တုံ့ပြန်လိုက်ကြ၏။
အင်မော်တယ်ဘုရင်လေးဦးသည် နှစ်ပေါင်းသန်းချီရှင်သန်နေထိုင်လာခဲ့ပြီး ဉာဏ်များသော မြေခွေးများ ဖြစ်ကြလေသည်။
ဘုရင်ကျင်းနှင့် ဘုရင်ယွင်ယိုပေးသော အကြောင်းပြချက်သည် အဓိကအချက်မဟုတ်ပေ။
တက္ကသိုလ်ဂိုဏ်းချုပ်က ဆူဇီမို၏ တည်နေရာကို တွက်ချက်နိုင်ပါ့မလားဆိုတာ မည်သူကမှ မသိရပေ။
သူတို့လေးယောက်က တိုက်ပွဲနိုင်ငံသို့ သွားရောက်နေပြီး တက္ကသိုလ်ဂိုဏ်းချုပ်က ဆူဇီမို၏ တည်နေရာကို တွက်ချက်နိုင်ခဲ့မည်ဆိုလျှင် သူက ထိုသူနောက်သို့ အမဲလိုက်ခြင်းဖြင့် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကို လက်ဝယ်ကြီးအုပ်နိုင်တော့မည် မဟုတ်ပါလား။
အင်မော်တယ်ဘုရင်လေးဦးက ထိုအချက်ကို တွေးမိသောအခါ သူတို့သည် ကောင်းကင်မြေကြီးနန်းတော်သို့ နောက်တစ်ဖန်ပြန်လှည့်ကာ ဝင်ရောက်လာကြ၏။
တက္ကသိုလ်ဂိုဏ်းချုပ်က အင်မော်တယ်ဘုရင်လေးဦး ပြန်လည်ရောက်ရှိလာသည်ကို တွေ့မြင်သောအခါ သူက အနည်းငယ်မှင်တက်သွားပြီး မေးလိုက်၏။
“တာအိုရောင်းရင်းတို့… ဘာများဖြစ်ကြလို့လဲ”
ဘုရင်ယွင်ယို၏ အမူအရာက မှင်သေသေဖြင့်ရှိနေပြီး စောစောက သူပြောခဲ့သည့်စကကို ထပ်ပြောလိုက်၏။
“သူက ဘာပဲပြောပြော တက္ကသိုလ်ရဲ့ သစ္စာဖောက်တစ်ယောက်ပဲ… ခင်ဗျား မျက်နှာလိုက်ပြမှပဲ အဆင်ပြေလိမ့်မယ် ဂိုဏ်းချုပ်”
တက္ကသိုလ်ဂိုဏ်းချုပ်က တစ်စုံတစ်ရာကို သံသယဝင်ပုံမရဘဲ ခေါင်းညိတ်ကာ ပြောလိုက်၏။
“ဟုတ်သားပဲ… အဲဒါဆို ခင်ဗျားတို့နဲ့ ကျုပ်လိုက်ခဲ့မယ်”
ဘုရင်ယွင်ယိုနှင့် အခြားသုံးယောက်သည် တက္ကသိုလ်ဂိုဏ်းချုပ်က ဤမျှအထိ ပွင့်လင်းပြီး လုံးဝတွေဝေတုံ့ဆိုင်းမနေသည်ကို တွေ့မြင်သောအခါ သူတို့၏ ရင်ထဲရှိ သံသယများက ပြေလျော့သွားလေသည်။
“မင်းတို့တွေ သွားလို့ရပြီ”
မထွက်ခွာခင် တက္ကသိုလ်ဂိုဏ်းချုပ်က ကူယွဲ့၊ မူရှန်နှင့် ဓားအင်မော်တယ်ယွဲ့ဟွားတို့ကို နှင်ထုတ်ပြီးနောက် ကောင်းကင်မြေကြီးနန်းတော်ကို ချိပ်ပိတ်လိုက်လေသည်။
ကောင်းကင်မြေကြီးနန်းတော်သည် တိမ်စိုင်များကြားထဲကို နောက်တစ်ဖန် တိုးဝင်ပျောက်ကွယ်သွား၏။
တက္ကသိုလ်ဂိုဏ်းချုပ်၊ အကြီးအကဲရှစ်၊ ဘုရင်ယွင်ယိုနှင့် အခြားသောသုံးယောက်က ကောင်းကင်မြေကြီးနန်းတော်ကနေ ထွက်ခွာသွားပြီးနောက် အင်မော်တယ်ဘုရင်ခြောက်ဦးသည် လေဟာနယ်ကို ဆုတ်ဖြဲကာ တိုက်ပွဲနိုင်ငံသို့ ဦးတည်လိုက်ကြလေသည်။
တိုက်ပွဲနိုင်ငံသည် အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ ရှိလေသည်။
အင်မော်တယ်ဘုရင်ခြောက်ပါးအနေဖြင့် ကျင့်ကြံသူစစ်တပ်တစ်တပ်ကို ဦးဆောင်ကာ စစ်ပွဲတစ်ခုကို စတင်ဖို့က မသင့်လျော်ပေ။
ထိုလုပ်ရပ်သည် အစိမ်းရောင်မိုးကောင်းကင်နန်းတော်၏ ကြားဝင်ဟန့်တားမှုကို အလွယ်တကူ ရရှိလာပေလိမ့်မည်။
သူတို့ခြောက်ယောက်က တိုက်ပွဲနိုင်ငံသို့ သစ္စာဖောက်တစ်ယောက်ကို အမဲလိုက်ခြင်းဟူသော အကြောင်းပြချက်ဖြင့် သွားရောက်ကြမည်ဖြစ်လေသည်။ သူတို့သည် အရင်ဆုံး အကျိုးသင့်အကြောင်းသင့် ပြောဆိုပြီးမှ နောက်ပိုင်းမှာ ဖိအားပေးရမည်ဖြစ်လေသည်။
အင်မော်တယ်ဘုရင်ခြောက်ဦး ထွက်ခွာသွားပြီးနောက် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိသွား၏။
အရာရာတိုင်းက ပုံမှန်အတိုင်းဖြစ်ပြီး တက္ကသိုလ်၏ အနက်ပိုင်းထဲမှာ ယခုတင် ဖြစ်ပျက်ခဲ့သည့်အရာကို မည်သူကမှ မသိရှိကြပေ။
စောစောကတင် ဂိုဏ်းချုပ်၏ ဂုဏ်ယူဝင့်ကြွားရသော တပည့်တစ်ယောက်က တက္ကသိုလ်၏ သစ္စာဖောက်တစ်ယောက်ဖြစ်လာခဲ့ပြီကို မည်သူကမှ မသိရှိကြပေ။
ကောင်းကင်မြေကြီးနန်းတော်သည် တိမ်စိုင်များကြားမှာ ဖုံးကွယ်နေပြီး ၎င်းကို ကောင်းကောင်းချိပ်ပိတ်ထားလေသည်။
သို့သော်လည်း အင်မော်တယ်ဘုရင်ခြောက်ဦး ထွက်ခွာသွားပြီး မကြာခင် ကောင်းကင်မြေကြီးနန်းတော်၏ အနက်ပိုင်းထဲရှိ သိပ်သည်းသော အင်မော်တယ်မြူခိုးများကြားမှာ ဂမ္ဘီရအလင်းတစ်ခုက ဖျတ်ခနဲပေါ်ထွက်လာ၏။
လူတစ်ယောက်က နက်ရှိုင်းသော အကြည့်နှင့်အတူ ဖြည်းဖြည်းချင်း ထထိုင်လိုက်ပြီး အင်မော်တယ်မြူခိုးများကြားကနေ လျှောက်လှမ်းထွက်လာစဉ် သူက အဆုံးမဲ့ဉာဏ်ပညာအလင်းဖြင့် တောက်ပနေ၏။
. . . . .
အစိမ်းရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၊ တိုက်ပွဲနိုင်ငံနန်းတော်တွင်…
လင်းကျန့်က သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ထားပြီး သူ၏ အော်ရာက အလွန်တရာ ကစဉ့်ကလျားဖြစ်နေ၏။ သူက အကျပ်အတည်းတစ်ခုမှာ ကျရောက်နေသည့်အလား မျက်မှောင်ကြုတ်ထားလေသည်။
အင်မော်တယ်ဘုရင်မလင်းလုံက ဘေးကနေ တိတ်ဆိတ်စွာ စောင့်ကြည့်နေပြီး သူမမှာ စိုးရိမ်ပူပန်သော အမူအရာရှိနေ၏။
ရုတ်တရက်ဆိုသလို…
လင်းကျန့်၏ ခန္ဓာကိုယ်က ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ ကစဉ့်ကလျားအော်ရာက တဖြည်းဖြည်းတည်ငြိမ်လာကာ သူ၏ ဘေးပတ်လည်မှာ လှည့်ပတ်လာလေသည်။
သူ၏ အစက ဖြူဖျော့နေသောမျက်နှာက တဖြည်းဖြည်း အသားရောင်ပြန်သန်းလာပြီး သူ၏ အသက်ရှူသံက မှန်လာခဲ့သည်။ သူ၏ အခြေအနေက ပို၍ကောင်းမွန်လာလေသည်။
အင်မော်တယ်ဘုရင်မလင်းလုံက ထိုသည်ကိုကြည့်ပြီး ဝမ်းသာပျော်ရွှင်လာခဲ့၏။
လင်းကျန့်သည် အောက်ဘုံလောကသို့ အတင်းအကျပ်ဆင်းသက်ခဲ့ပြီး ကောင်းကင်မြေကြီးနိယာမများကြောင့် ဒဏ်ရာအပြင်းအထန် ရရှိထားခဲ့၏။ သူသည် ထိုအချိန်ကတည်းက ပြန်လည်သက်သာမလာခဲ့ပေ။
ဒွါရကိုးပေါက်ယန်ပြန်ရောက်ဆေးလုံးနှင့် အသောကသစ်သီးကို ရရှိပြီးတာတောင် သူတို့သည် လင်းကျန့်၏ ထိခိုက်ဒဏ်ရာများ၏ သေးငယ်သော တစ်စိတ်တစ်ပိုင်းကိုသာ ကုသပေးနိုင်ပြီး သူ့ကို လုံးလုံးလျားလျား ပျောက်ကင်းမလာစေခဲ့ပေ။
သို့သော်ယခု လင်းကျန့်၏ အခြေအနေက ပို၍ကောင်းသထက်ကောင်းလာခဲ့၏။ သူသည် ဆက်လက်၍ကျင့်ကြံမည်ဆိုလျှင် သူ၏ အထွတ်အထိပ်ကို ပြန်လည်ရောက်ရှိဖို့က အချိန်တစ်ခုသာ လိုတော့လေသည်။
ခဏနေပြီးနောက် လင်းကျန့်က စိတ်သက်သာစွာ သက်ပြင်းချပြီး သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။
“အခြေအနေ ဘယ်လိုရှိလဲ”
အင်မော်တယ်ဘုရင်မလင်းလုံက အလောတကြီး မေးမြန်းလိုက်၏။
လင်းကျန့်က ပြုံးပြလိုက်၏။
“ယင်ယန်အဆောင်သုတ္တန်က အထက်ဘုံလောကရဲ့ တကယ့်ကို နံပါတ်တစ် ဂမ္ဘီရကျမ်းပဲ… ငါက အဲဒီကနေ အသိအမြင်တချို့ကို နားလည်ဆင်ခြင်ပြီး ကောင်းကင်နဲ့မြေကြီးနိယာမကြောင့် ရခဲ့တဲ့ ပြင်းထန်တဲ့ဒဏ်ရာတွေက အတော်များများ သက်သာပျောက်ကင်းသွားပြီ”
ကောင်းကင်နှင့်မြေကြီးနိယာမများကြောင့် ဖြစ်ပေါ်လာသော ထိခိုက်ဒဏ်ရာများသည် ပြင်ပက ပစ္စည်းများကိုသုံးပြီး ကုသဖို့ အခက်အခဲဆုံးဖြစ်လေသည်။
ထိုထိခိုက်ဒဏ်ရာများကို ကုသဖို့အတွက် ဖြစ်နိုင်ခြေအရှိဆုံးမှာ ကောင်းကင်နှင့်မြေကြီး၏ လေးနက်သိမ်မွေ့မှုနှင့် လျှို့ဝှက်ဆန်းကြယ်မှုများကို နားလည်ဆင်ခြင်ဖို့ဖြစ်လေသည်။
ထိုလျှို့ဝှက်ဆန်းကြယ်မှုများကို ယင်ယန်အဆောင်သုတ္တန်မှာ ရှာဖွေတွေ့ရှိနိုင်လေသည်။
လင်းကျန့်က ရေရွတ်ပြောဆိုလိုက်၏။
“အစကတော့ ငါ့မှာ အဲဒါကို ဒီလောက်မြန်မြန် နားလည်ဆင်ခြင်ဖို့ နည်းလမ်းမရှိခဲ့ဘူး… အဲဒါ ငါက ဇီမို့ရဲ့ ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုကို စောင့်ကြည့်ပြီး အဲဒါကို ယင်ယန်အဆောင်သုတ္တန်နဲ့ ယှဉ်ကြည့်ပြီး အသိအမြင်တချို့ကို ရရှိလာခဲ့လို့ပဲ”
ပကတိဧက ကောင်းကင်ဘုံကပ်ဘေး၏ မွေးဖွားပေါ်ထွက်လာမှုသည် အစကတည်းက ကောင်းကင်နှင့်မြေကြီးနိယာမများ၏ တစ်စိတ်တစ်ပိုင်းဖြစ်လေသည်။
ဒါ့အပြင် အဲဒါသည် ပကတိဧက ကောင်းကင်ဘုံကပ်ဘေး၏ အထွတ်အထိပ် ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုဖြစ်လေသည်။
အရင်တုန်းက မိုးကြိုးဧကရာဇ်ဖုန့်စန်းထျန်သည် သိုင်းတာအိုပင်မခန္ဓာ၏ အစစ်အမှန်သိုင်းတာအိုကပ်ဘေးကို စောင့်ကြည့်ပြီး ဓမ္မတာအိုတစ်ခုကို နားလည်ဆင်ခြင်ကာ ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့လေသည်။
ဤတစ်ခေါက်မှာ လူသားဧကရာဇ်လင်းကျန့်သည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုကို စောင့်ကြည့်ခြင်းကနေ တစ်စုံတစ်ရာကို ရရှိခဲ့ပြီး အဲဒါကို ယင်ယန်အဆောင်သုတ္တန်နှင့် ယှဉ်ကြည့်ခဲ့လေသည်။
လင်းကျန့်သည် သေသေချာချာ အာရုံခံပြီး ပြောလိုက်၏။
“ငါက ငါ့ရဲ့အထွတ်အထိပ်ကို ပြန်မရောက်သေးဘူးဆိုပေမဲ့ ငါက အန္တိမအင်မော်တယ်ဘုရင်တွေနဲ့ ရင်ဆိုင်ဖို့ ပြဿနာမရှိလောက်တော့ဘူး”
“အထွတ်အထိပ်အင်မော်တယ်ဘုရင်တွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တောင် ငါက သူတို့နဲ့တိုက်ခိုက်နိုင်တယ်”
အင်မော်တယ်ဘုရင်မလင်းလုံကလည်း လင်းကျန့်၏ ခွန်အားထက်ဝက်ကျော်ကို ပြန်လည်ရရှိလာသည့်အတွက် ဝမ်းသာပျော်ရွှင်နေ၏။
ထိုသို့ဖြင့် တိုက်ပွဲနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းနိုင်တော့မည်ဖြစ်လေသည်။
အင်မော်တယ်ဘုရင်မလင်းလုံက ပြောလိုက်၏။
“ပြောရမယ်ဆိုရင် အဲဒါက ဇီမို့ရဲ့ကျေးဇူးကြောင့်ပဲ… သူကြောင့်သာမဟုတ်ရင် ကျွန်မတို့တွေက ယင်ယန်အဆောင်သုတ္တန်ကို ဖတ်ရှုခွင့်ရမှာ မဟုတ်သလို ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုကိုလည်း စောင့်ကြည့်ခွင့်ရမှာ မဟုတ်ဘူး”
“အမှန်ပဲ”
လင်းကျန့်က ပြောလိုက်၏။
“ငါသာ အဲဒါကို စောစောကြိုသိမယ်ဆိုရင် ငါက သူ့ကို တိုက်ပွဲနိုင်ငံမှာ နေခိုင်းထားပါတယ်… သူက ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်ကို တကယ်ပဲပြန်သွားချင်တယ်ဆိုရင် ငါက တက္ကသိုလ်ရဲ့ ဒဏ္ဍာရီလာဂိုဏ်းချုပ်ကို တွေ့ဆုံဖို့အတွက် သူနဲ့အဖော်လိုက်ပေးနိုင်တယ်”
“အို… ရှင်ကလား”
အင်မော်တယ်ဘုရင်မလင်းလုံက လင်းကျန့်ကို မျက်လုံးစွေကြည့်လိုက်၏။
“တက္ကသိုလ်ရဲ့ဂိုဏ်းချုပ်က ကောင်းကင်ဘုံကမ္ဘာမှာ လျှို့ဝှက်ဆန်းကြယ်မှု အရှိဆုံးလူပဲ… သူက ကိုင်တွယ်ရလွယ်ကူတဲ့လူ မဟုတ်ဘူး… နောက်ပြီး ရှင့်ရဲ့ထိခိုက်ဒဏ်ရာတွေက အကုန်လုံး သက်သာပျောက်ကင်းသေးတာ မဟုတ်ဘူး”
လင်းကျန့်က တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ရုတ်တရက်မေးလိုက်၏။
“ဒါနဲ့ ဇီမိုက ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်ကို သူ့ရဲ့ကိုယ်ပွားနဲ့ပဲ ပြန်သွားတယ်လို့ မင်းပြောခဲ့တယ်မလား… သူ့ရဲ့ကိုယ်ပွားက ဖော်ထုတ်ခံရမယ်ဆိုရင် တက္ကသိုလ်ဂိုဏ်းချုပ်ရဲ့ အစွမ်းအစအရ သူက ဇီမိုရဲ့အစစ်မှန်ခန္ဓာကို တည်နေရာတွက်ချက်နိုင်မှာလား”
“မပူပါနဲ့”
အင်မော်တယ်ဘုရင်မလင်းလုံက ပြုံး၍ပြောလိုက်၏။
“ဇီမိုကလည်း ယင်ယန်အဆောင်သုတ္တန်ကို ကျင့်ကြံထားတယ်ဆိုတာ မမေ့လိုက်နဲ့… သူက ကောင်းကင်ဘုံလျှို့ဝှက်ချက်တွေကို ပိတ်ဆို့တားဆီးပြီး တက္ကသိုလ်ဂိုဏ်းချုပ်ရဲ့ တွက်ချက်မှုကနေ လွတ်မြောက်နိုင်တယ်”
“သူ့ရဲ့ကိုယ်ပွားက လောကကနေ ဖုံးကွယ်ပြီး အစစ်အမှန်နဲ့ ခွဲခြားမရနိုင်ဘူးဆိုတာ သူက ယင်ယန်အဆောင်သုတ္တန်ကို ကျင့်ကြံထားလို့ပဲ”
“နောက်ပြီး ဇီမိုထွက်ခွာသွားပြီးတဲ့နောက် ကျွန်မက သူ့ရဲ့အငွေ့အသက်တွေအားလုံးကို ဖျောက်ဖျက်ဖို့အတွက် ဓမ္မပညာရပ်တစ်ခုကို အထူးတလည်ခင်းကျင်းထုတ်ဖော်ခဲ့တယ်… တက္ကသိုလ်ရဲ့ဂိုဏ်းချုပ်က ပြီးပြည့်စုံတဲ့ နည်းစနစ်သိုလောင်ရုံကို ထိန်းချုပ်ထားမယ်ဆိုရင်တောင် သူက ဇီမိုရဲ့အစစ်မှန်ခန္ဓာကို တွက်ချက်နိုင်မှာ မဟုတ်ဘူး”
အင်မော်တယ်ဘုရင်မလင်းလုံ၏ တိကျသေချာသော စကားကို ကြားရပြီးနောက် လင်းကျန့်က စိတ်သက်သာရာရသွား၏။
“အထက်ဘုံလောကက ကျယ်ပြောတယ်… ကြယ်တာရာကောင်းကင်တွေက အကန့်အသတ်မဲ့တယ်… ဇီမိုက ဘယ်ကိုရောက်သွားမလဲ မသိဘူး”
အင်မော်တယ်ဘုရင်မလင်းလုံ၏ အမူအရာက ပြောင်းလဲသွား၏။
“သူက မဟာအရိုင်းကမ္ဘာကို သွားမယ်လို့ ကျွန်မခန့်မှန်းမိတယ်”
“ဟုတ်တာပေါ့”
လင်းကျန့်၏ မျက်လုံးက ဝင်းလက်သွားပြီး ခေါင်းညိတ်ကာ ပြောလိုက်၏။
“မဟာအရိုင်းကမ္ဘာမှာ သူ့ကို စောင့်ဆိုင်းနေတဲ့ ကျေးဇူးရှင်တစ်ယောက်ရှိတာပဲ… အရင်က သူက သားရဲဧကရီသွေးလိပ်ပြာအကြောင်းကိုတောင်မှ မေးမြန်းခဲ့သေးတယ်”
အင်မော်တယ်ဘုရင်မလင်းလုံက သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ပြုံးပြလိုက်၏။
“ကြည့်လေ… ရှင်က ဇီမို့ကို ကာကွယ်ဖို့တောင်မှ စဉ်းစားပေးနေတယ်… အဲဒီပုဂ္ဂိုလ်ရှိနေရင် သူက မဟာအရိုင်းကမ္ဘာကို ရောက်သွားတာနဲ့ ဘယ်သူက သူ့ကိုထိရဲတော့မှာလဲ”
“တက္ကသိုလ်ရဲ့ဂိုဏ်းချုပ်ကို မပြောနဲ့… မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေရဲ့ ဧကရာဇ်တောင်မှ အဲဒီပုဂ္ဂိုလ်ကို ရှောင်ရလိမ့်မယ်။”