← Chapters

သန်မာသော ရန်သူများ

Vol. 180 Ch. 2691

သန်မာသော ရန်သူများ

Vol. 180 Ch. 2691

ထိုစဉ်မှာပင် လင်းကျန့်က တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး ရုတ်တရက် မတ်တတ်ထရပ်ကာ အဝေးတစ်နေရာကို လှမ်းမျှော်ကြည့်ရှုလိုက်၏။

သူ၏ အကြည့်က အေးစက်နေပြီး အဆုံးမဲ့လေဟာနယ်ကို ထိုးဖောက်ကာ ကျင့်ကြံသူခြောက်ယောက်အပေါ် ဆင်းသက်ရောက်ရှိသွားသည့်ပုံပင်။

သူ၏ ခန္ဓာကိုယ်ထဲရှိ တိုက်ပွဲဝင်စိတ်က ပေါက်ကွဲထွက်ပေါ်လာ၏။

“ဘာများဖြစ်လို့လဲ”

အင်မော်တယ်ဘုရင်မ လင်းလုံက မတ်တတ်ထရပ်ပြီး မေးလိုက်၏။

အင်မော်တယ်ဘုရင်မ လင်းလုံသည် ကောင်းကင်လိုဏ်ဂူအသေးနယ်ပယ်မှာသာ ရှိပြီး မည်သည့်အန္တရာယ်ကိုမှ အာရုံမခံမိသေးပေ။

သူ၏ ဒဏ်ရာအများစုကို ကုသနိုင်ခဲ့ပြီးနောက် လင်းကျန့်က ဘုရင်ယွင်ယိုနှင့် အခြားသူများ၏ တည်ရှိမှုကို အာရုံခံမိသွားပြီဖြစ်သည်။

“ငါတို့ ဆီကို ဧည့် သည် တွေ လာနေပြီ”

လင်းကျန့်က စကားကို တစ်လုံးချင်းပြောပြီး ရိပ်ခနဲဆို နန်းတော်ထဲကနေ ပျောက်ကွယ်သွား၏။ အင်မော်တယ်ဘုရင်မ လင်းလုံကလည်း နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါသွားလေသည်။

တစ်ခဏချင်းမှာပင် သူတို့နှစ်ယောက်သည် တိုက်ပွဲနိုင်ငံ မြို့တော်အပြင်ဘက်သို့ ရောက်ရှိလာကြ၏။

လင်းကျန့်သည် တောက်လောင်ပြင်းပြသော အကြည့်နှင့်အတူ လေထဲမှာ မတ်တတ်ရပ်နေ၏။

သူက သူ၏ ဦးခေါင်းအထက် လေဟာနယ်ကို ကြည့်ပြီး ရုတ်တရက် အော်ပြောလိုက်၏။

“ထွက်လာကြ”

သူက သူ၏ ဧရာမ လက်ဖဝါးကို ဆန့်ထုတ်ပြီး လေဟာနယ်ကို ဖမ်းဆွဲလိုက်၏။

ဝုန်း… ဝုန်း…

လေဟာနယ်က ချက်ချင်းပင် ပြိုကျသွားပြီး လင်းကျန့်ကြောင့် ဧရာမတွင်းပေါက်တစ်ခု ပေါ်ထွက်လာလေသည်။ ပုဂ္ဂိုလ်ခြောက်ဦးက အထဲကနေ ပေါ်ထွက်လာပြီး နက်မှောင်နေသော တွင်းထဲကနေ ဆင်းသက်လာကြ၏။

ဤခြောက်ဦးသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကနေ ယခုတင် ထွက်လာခဲ့ကြသော အင်မော်တယ်ဘုရင်ခြောက်ပါးဖြစ်လေသည်။

တက္ကသိုလ်၏ ဂိုဏ်းချုပ်၊ အကြီးအကဲရှစ်၊ ဘုရင်ယွင်ယို၊ ဘုရင်ကျင်း၊ အင်မော်တယ်ဘုရင်ချင်းယန်နှင့် အင်မော်တယ်ဘုရင်ယန်ယန်း…။

အကြီးအကဲရှစ်ကလွဲလျှင် အခြားငါးယောက်စလုံးသည် ကောင်းကင်ဘုံကမ္ဘာမှာ ကျော်ကြားသော အင်မော်တယ်ဘုရင်ပညာရှင်များ ဖြစ်ကြသည်။ သူတို့မှာ ကိုယ်ပိုင်ပိုင်နက်နယ်မြေများ ရှိကြလေသည်။

အင်မော်တယ်ဘုရင်မ လင်းလုံက ဤမြင်ကွင်းကို တွေ့ရသောအခါ ဆူဇီမိုသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်နှင့် ခွာပြဲခဲ့ပြီဆိုတာကို ချက်ချင်းပင် နားလည်သဘောပေါက်သွား၏။

ဒါ့အပြင် သူ၏ ကိုယ်ပွားက ဖျက်ဆီးခံခဲ့ရပြီဖြစ်ပြီး တက္ကသိုလ်ဂိုဏ်းချုပ်က မည်သည့်အရာကိုမှ မရရှိခဲ့ပေ။

ထို့ကြောင့်ပင် တက္ကသိုလ်ဂိုဏ်းချုပ်နှင့် အခြားသူများက ရန်လိုစွာဖြင့် ဤနေရာကို ရောက်ရှိလာကြခြင်းဖြစ်သည်။

သို့သော်လည်း ဆူဇီမိုကို ပစ်မှတ်ထားနေသော အင်မော်တယ်ဘုရင်ခြောက်ပါးအထိ ရှိနေလိမ့်မည်ဟု အင်မော်တယ်ဘုရင်မ လင်းလုံက ထင်မှတ်မထားခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့် ဆူဇီမိုသည် တိုက်ပွဲနိုင်ငံမှာ ပကတိဧကနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းပြီး သူ၏ ကိုယ်ပွားနှင့် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ ပြန်သွားခဲ့လေသည်။

သူက အဆင့်ချိုးဖျက်တက်လှမ်းဖို့အတွက် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ ပြန်သွားမည်ဆိုလျှင် သူ၏ နောက်ပိုင်းအကျိုးဆက်များက စဉ်းစားကြည့်၍မရနိုင်အောင် ဖြစ်လာပေလိမ့်မည်။

“အဲဒါ ရှင်ပဲ”

အင်မော်တယ်ဘုရင်မ လင်းလုံက အကြီးအကဲရှစ်ကို တွေ့မြင်သောအခါ သူမက ထိုသူကို ချက်ချင်းပင် မှတ်မိသွားလေသည်။

ဆူဇီမို တက်လှမ်းလာစဉ်က ဘုရင်ယွင်ယိုနှင့် လိုက်ပါလာခဲ့သော အင်မော်တယ်ဘုရင်ပညာရှင်က ဤပုဂ္ဂိုလ်ဖြစ်လေသည်။

လင်းကျန့်က တက္ကသိုလ်ဂိုဏ်းချုပ်နှင့် အခြားသူများကို စိမ်းသက်သော အမူအရာဖြင့်ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။

“မင်းတို့တွေအားလုံးက နယ်မြေဒေသတစ်ခုကို အုပ်စိုးတဲ့ ပညာရှင်တွေပဲ… မင်းတို့ ဒီကို ဘာလို့ရောက်လာတာလဲ”

ထိုအခိုက်အတန့်မှာ ဘုရင်ယွင်ယိုနှင့် အခြားသူများ၏ အမူအရာက ပျက်ယွင်းသွားကြ၏။

လင်းကျန့်၏ ထိခိုက်ဒဏ်ရာများသည် ကောလာဟလများမှာ ဆိုထားသည့်အတိုင်း ပြင်းထန်ပုံမရပေ။ စောစောက သူ၏ တိုက်ခိုက်မှုက သက်သေပြပေးနေ၏။

“ညီကိုလင်း… မင်းရဲ့ဒဏ်ရာတွေက သက်သာပျောက်ကင်းသွားတဲ့ပုံပဲ”

ဘုရင်ကျင်းက ရုတ်တရက် အကဲစမ်းမေးမြန်းလိုက်၏။

လင်းကျန့်က သူ့ကို စိုက်ကြည့်လိုက်၏။

“ဘုရင်ကျင်း… မင်း ငါ့ကို အဲ့လိုဘယ်လိုတောင် ခေါ်ရဲတာလဲ… မင်း ငါ့အစ်ကိုကို ထိခိုက်အောင်လုပ်ထားတာနဲ့ ပတ်သက်ပြီး ငါ မင်းနဲ့ စာရင်းမရှင်းရသေးဘူး”

“မင်းက ငါ့ရဲ့ပိုင်နက်နယ်မြေထဲကို ဒီနေ့ရောက်လာပြီဆိုမှတော့ ပြန်မသွားနဲ့တော့”

“ဟမ်”

ဘုရင်ကျင်း၏ အမူအရာကလည်း ညိုမည်းသွားပြီး အေးစက်စွာပြောလိုက်၏။

“လင်းကျန့်… အခုအချိန်မှာ ငါတို့ကြားက ရန်ငြိုးရန်စကို ခဏထားဦး… ငါတို့ဒီကိုရောက်လာတာ တခြားကိစ္စကြောင့်ပဲ”

ဘုရင်ယွင်ယိုက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“တိုက်ပွဲဘုရင်… ငါတို့တွေက မင်းနဲ့ရန်သူတွေဖြစ်ဖို့ ဒီကိုရောက်လာတာ မဟုတ်ဘူး… ငါတို့တွေက ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်က သစ္စာဖောက်တစ်ယောက်ကို ဖမ်းဆီးဖို့ ဒီကိုရောက်လာတာပဲ… အဲဒီလူက…”

“ဘာသစ္စာဖောက်လဲ… အဲဒါ ငါနဲ့ဘာဆိုင်လို့လဲ”

ဘုရင်ယွင်ယိုက စကားဆုံးအောင်မပြောရသေးခင်မှာပင် လင်းကျန့်က လှောင်ရယ်ပြီး သူ့ကို ဖြတ်ပြောလိုက်၏။

တကယ်တော့ ဤလူအုပ်စု ဘာကြောင့် ဤနေရာကို ရောက်လာသည်ကို လင်းကျန့်က ကောင်းကောင်းသိလေသည်။ သို့သော်လည်း သူက သူတို့ကို စကားပြောခွင့်မပေးဘဲ အေးစက်စွာပြောလိုက်၏။

“ဘုရင်ယွင်ယို… ငါ မင်းကိုပါ ထည့်တွက်ရလိမ့်မယ်… မင်းက အရင်တုန်းက လင်းလုံကို ထိခိုက်ဒဏ်ရာရအောင်လုပ်ခဲ့တာနဲ့ပတ်သက်ပြီး ငါ မင်းနဲ့ စာရင်းမရှင်းရသေးဘူး”

အင်မော်တယ်ဘုရင်မ လင်းလုံ၏ အမူအရာက တည်တံ့နေ၏။

ယနေ့တိုက်ပွဲသည် လွယ်ကူချောမွေ့တော့မည် မဟုတ်ပေ။

အင်မော်တယ်ဘုရင် ခြောက်ပါးကြားမှာ တက္ကသိုလ်၏ ဂိုဏ်းချုပ်၊ ဘုရင်ကျင်းနှင့် အင်မော်တယ်ဘုရင်ယန်ယန်းတို့သည် အထွတ်အထိပ်အင်မော်တယ်ဘုရင်များဖြစ်ကြပြီး ပကတိကောင်းကင်လိုဏ်ဂူများကို စုဖွဲ့ထားကြလေသည်။

ကျန်ရှိနေသော အကြီးအကဲရှစ်၊ အင်မော်တယ်ဘုရင်ချင်းယန်နှင့် ဘုရင်ယွင်ယိုတို့ကလည်း ကောင်းကင်လိုဏ်ဂူအကြီးများကို စုဖွဲ့ထားကြသည်။

သို့သော်လည်း လင်းကျန့်၏ ထိခိုက်ဒဏ်ရာများက ယခုအချိန်ထိ လုံးလုံးလျားလျား သက်သာပျောက်ကင်းခြင်း မရှိသေးပေ။

သူမ ပါဝင်မည်ဆိုလျှင်တောင် ဤမျှများပြားသော အင်မော်တယ်ဘုရင်ပညာရှင်များနှင့် ရင်ဆိုင်ရာမှာ သူတို့၏ အနိုင်ရနိုင်ဖို့ အခွင့်အရေးက သိပ်ပြီးမမြင့်မားတော့ပေ။

“တိုက်…”

အင်မော်တယ်ဘုရင်ပညာရှင်ခြောက်ဦးနှင့် ရင်ဆိုင်ရချိန်မှာ လင်းကျန့်၏ တိုက်ပွဲဝင်စိတ်က တလိပ်လိပ် ထိုးတက်လာပြီး သူ၏ အော်ရာက အဆက်မပြတ်မြင့်တက်လာ၏။ သူက အော်ဟစ်ပြီး အရင်ဆုံး စတင်တိုက်ခိုက်လိုက်၏။ ရုတ်တရက် သူ၏ လက်ဖဝါးထဲမှာ လှံပုဆိန်တစ်လက် ပေါ်ထွက်လာပြီး သူက အင်မော်တယ်ဘုရင်ခြောက်ပါးထံသို့ ခုတ်ပိုင်းချလိုက်၏။

လှံပုဆိန်သည် သိပ်သည်းပြင်းထန်သောအော်ရာနှင့်အတူ ခုတ်ပိုင်းကျဆင်းလာပြီး အင်မော်တယ်ဘုရင်ခြောက်ပါးကို လွှမ်းခြုံသွားလေသည်။

လင်းကျန့်သည် ဒဏ်ရာအပြင်းအထန်ရရှိပြီးကတည်းက တစ်ယောက်ယောက်နှင့် မတိုက်ခိုက်ရတော့သည်မှာ နှစ်ပေါင်းများစွာကြာသွားခဲ့ပြီဖြစ်သည်။

သူ၏ ထိခိုက်ဒဏ်ရာများက အပြည့်အဝ သက်သာပျောက်ကင်းခြင်း မရှိသေးသော်လည်း သူတိုက်ခိုက်လိုက်သည့်ခဏမှာပင် သူက အနှစ်နှစ်အလလ စုဆောင်းထားသည့် မကျေနပ်ချက်များအားလုံးကို ဖွင့်ထုတ်ကာ တုန်လှုပ်စရာကောင်းသော စွမ်းပကားတစ်ခုကို ထွက်ပေါ်လာစေ၏။

တက္ကသိုလ်ဂိုဏ်းချုပ်၊ ဘုရင်ကျင်း၊ ဘုရင်ယွင်ယိုနှင့် အခြားသူများ၏ အမူအရာများက တည်တံ့သွားကြ၏။

တက္ကသိုလ်ဂိုဏ်းချုပ်နှင့် အကြီးအကဲရှစ်က ချက်ချင်းပင် နောက်သို့ဆုတ်ခွာလိုက်၏။

အကြီးအကဲရှစ်က သူ၏ သိုလှောင်အိတ်ကို ထိပြီး ကောင်းကင်လိုဏ်ဂူ ဓမ္မရတနာထောင်ချီကို ရုတ်တရက် ထုတ်ယူလိုက်လေသည်။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ ဓမ္မရတနာများအားလုံးသည် အကြီးအကဲရှစ်၏ ထိန်းချုပ်မှုအောက်မှာ ရှိလေသည်။

အကြီးအကဲရှစ်မှာ အပေါများဆုံးအရာက လက်နက်များဖြစ်သည်။

ရွှစ်… ရွှစ်… ရွှစ်…

အကြီးအကဲရှစ်က ဓမ္မရတနာများစွာကို ထိန်းချုပ်ပြီး လင်းကျန့်ကို ဝန်းရံစေလိုက်၏။

ဘုရင်ကျင်းသည် သူ၏ မူလကောင်းကင်လိုဏ်ဂူဓမ္မရတနာ လက်ကိုင်နှစ်ဖက်မဟူရာဆေဘာတစ်လက်ကို ဆင့်ခေါ်ပြီး လင်းကျန့်၏ လှံပုဆိန်ကို ခုခံလိုက်၏။

အင်မော်တယ်ဘုရင်ယန်ယန်းသည်လည်း နောက်ဆုတ်ခြင်းမရှိပေ။ သူ၏ အကြည့်က မီးမောင်းကဲ့သို့ တောက်လောင်ပြင်းပြနေပြီး ဒေါသူပုန်ထနေသော မီးတောက်များဖြင့် လောင်ကျွမ်းနေသည့် ဧရာမဓားတစ်လက်က သူ၏ ရှေ့မှာ ပေါ်ထွက်လာ၏။ ထိုဓားသည် နီရဲနေပြီး မီးတောက်များဖြင့် လောင်ကျွမ်းကာ အထဲမှာ ဆူပွက်နေသော ချော်ရည်များ စီးဆင်းနေပုံရသည်။

ချွင်… ချွင်…

ဆေဘာ၊ ဓားနှင့် လှံပုဆိန်တို့က စူးရှသောအသံဖြင့် ထိတွေ့ရိုက်ခတ်ပြီး မီးပွားများက စင်ထွက်လာ၏။

ထိပ်သီးအင်မော်တယ်ဘုရင်ပညာရှင်များ၏ စွမ်းအားများက ထိတွေ့ရိုက်ခတ်ပြီး ချက်ချင်းပင် ဘေးပတ်ဝန်းကျင်လေဟာနယ်ကို ဆုတ်ဖြဲကာ မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ပေါ်ထွက်လာစေ၏။

သိပ်သည်းပြင်းထန်သော စွမ်းအားက ကြောက်စရာကောင်းသော လေလှိုင်းတစ်ခုကို ဖြစ်ပေါ်စေပြီး အဘက်ဘက်ကို လျင်မြန်စွာ ဖြန့်ကြက်သွား၏။

အင်မော်တယ်ဘုရင်မ လင်းလုံသည်လည်း တိုက်ပွဲထဲသို့ ဝင်ပါလာခဲ့ပြီဖြစ်၏။

တက္ကသိုလ်၏ ဂိုဏ်းချုပ်နှင့် ယှဉ်ပြိုင်ချိန်မှာ သူမသည် သူ့ကို တတ်နိုင်သမျှ အချိန်ဆွဲထားရန် နန်းတော်ကိုးဆောင် လှပသိမ်မွေ့ခြေလှမ်းများကို အသုံးချနေ၏။

အင်မော်တယ်ဘုရင်ခြောက်ပါးကြားမှာ တက္ကသိုလ်ဂိုဏ်းချုပ်သည် လျှို့ဝှက်ဆန်းကြယ်မှုနှင့် ခြိမ်းခြောက်မှု အရှိဆုံးဖြစ်လေသည်။

သူမသည် တက္ကသိုလ်ဂိုဏ်းချုပ်ကို ထိန်းထားနိုင်မည်ဆိုလျှင် အဲဒါသည် လင်းကျန့်အပေါ် သိပ်သည်းပြင်းထန်သည့်ဖိအားကို လျှော့ချပေးထားခြင်းနှင့် တူညီပေလိမ့်မည်။

ဝုန်း…. ဝုန်း…. ဝုန်း….

ရုတ်တရက် စွမ်းအားကြီးမားသော အော်ရာများက တိုက်ပွဲနိုင်ငံ နန်းတော်ရှိရာဘက်ကနေ ပေါက်ကွဲထွက်ပေါ်လာ၏။

နန်းတော်ထဲမှာ တိုက်ပွဲနိုင်ငံ၏ အင်မော်တယ်ဘုရင်ပညာရှင်ခုနစ်ဦးက ပေါ်ထွက်လာပြီး လေထဲသို့ ပျံတက်ကာ အပြေးအလွှား ရောက်ရှိလာကြ၏။

ဘုရင်ကျင်းက အေးစက်စွာ ပြောလိုက်၏။

“တိုက်ပွဲဘုရင်… မင်းက တိုက်ပွဲနိုင်ငံရဲ့စွမ်းအားကို အသုံးချမယ်ဆိုရင် ငါတို့ကလည်း ငါတို့ရဲ့လက်အောက်ငယ်သားတွေကို ဆင့်ခေါ်ပြီး စစ်ပွဲတစ်ခု စတင်ရမယ့်အတွက် အပြစ်မတင်နဲ့”

“မင်းတို့တွေ ဘေးကနေပဲ စောင့်ကြည့်နေကြ”

လင်းကျန့်က တိုက်ပွဲနိုင်ငံ၏ အခြားသော အင်မော်တယ်ဘုရင်ပညာရှင်များကို တိုက်ပွဲနယ်မြေသို့ တက်လှမ်းလာခွင့်မပေးပေ။

တကယ်ဆို လင်းကျန့် ဒဏ်ရာအပြင်းအထန်ရရှိသွားပြီးကတည်းက တိုက်ပွဲနိုင်ငံ၏ အင်မော်တယ်ဘုရင်ပညာရှင်အများစုက ထွက်ခွာသွားကြပြီဖြစ်သည်။

ကျန်ရှိနေသော အင်မော်တယ်ဘုရင်ပညာရှင်ခုနစ်ဦးသည် ကောင်းကင်လိုဏ်ဂူအသေးနယ်ပယ်မှာသာ ရှိကြပြီး သူတို့ငါးယောက်က အောက်ဘုံလောကကနေ တက်လှမ်းလာကြသူများဖြစ်ကြသည်။

သူတို့သည် လင်းကျန့်အပေါ် ကျေးဇူးကြွေးတင်ရှိနေသောကြောင့် သို့မဟုတ် သူသည် တစ်ခါက သူတို့၏ အသက်များကို ကယ်တင်ခဲ့ဖူးသောကြောင့် ဤအင်မော်တယ်ဘုရင်ပညာရှင်များက သူ့ကို မစွန့်ခွာသွားကြခြင်းဖြစ်လေသည်။

လင်းကျန့်က သူတို့ကို တားဆီးခြင်းမရှိလျှင်တောင် ဤအင်မော်တယ်ဘုရင်ပညာရှင်များသည် လင်းကျန့်ကို အထောက်အကူများစွာ ပေးနိုင်လိမ့်မည် မဟုတ်ပေ။ ကောင်းကင်လိုဏ်ဂူအသေးနှင့် ကောင်းကင်လိုဏ်ဂူအကြီးများကြား ကွာဟချက်က အလွန်ကိုကြီးမားလေသည်။

ကောင်းကင်လိုဏ်ဂူအကြီးနှင့် ပကတိကောင်းကင်လိုဏ်ဂူများကြား ကွာဟချက်ကလည်း မိုးနှင့်မြေလို ဖြစ်သည်။

အင်မော်တယ်ဘုရင်ပညာရှင်ခုနစ်ဦးက တိုက်ပွဲထဲသို့ ဝင်ပါလာမည်ဆိုလျှင် နောက်ထပ်အလောင်းခုနစ်လောင်း ပေါ်ထွက်လာရုံသာ ရှိပေလိမ့်မည်။ ဒါ့အပြင် ဘုရင်ကျင်း၊ ဘုရင်ယွင်ယိုနှင့် အခြားသူများသည် တိုက်ပွဲနိုင်ငံကို စစ်ကြေညာဖို့ အကြောင်းပြချက် ရရှိသွားပေလိမ့်မည်။

All Chapters