← Chapters

ဆရာအာခံကျိန်စာ

Vol. 180 Ch. 2692

ဆရာအာခံကျိန်စာ

Vol. 180 Ch. 2692

ညှိုးနွမ်းကြယ်တွင်...။

ရှေးကျသောထိုကြယ်သည် တိတ်ဆိတ်ခြောက်ကပ်၍ အသက်ဓာတ်ကင်းမဲ့နေ၏။ ဤနေရာသည် ကောင်းကင်ဘုံကမ္ဘာနှင့် အလွန်တရာဝေးကွာပြီး ကောင်းကင်ဘုံကမ္ဘာ၏ ပိုင်နက်နယ်မြေကို များစွာကျော်လွန်လာခဲ့ပြီဖြစ်၏။

ညှိုးနွမ်းကြယ်ပေါ်မှာ မတ်တတ်ရပ်ရင်း ဆူဇီမိုသည် ကောင်းကင်ဘုံကမ္ဘာရှိရာဘက်သို့ကြည့်ကာ ဝေဝါးနေသော အရိပ်တစ်ခုကိုသာလျှင် ပုံဖော်နိုင်တော့သည်။ သူသည် သူ၏ ကမ္ဘာဦးခန္ဓာဖျက်ဆီးခံလိုက်ရသည့်ခဏမှာပင် အဲဒါကို အာရုံခံမိလိုက်၏။

နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်သူကို ရှာဖွေဖို့အတွက် ဆူဇီမိုသည် ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကိုပင် စွန့်လွှတ်ခဲ့ရသည်။

သူသည် အတော်လေးထိခိုက်နစ်နာခဲ့သည်ဟု ဆိုနိုင်သော်လည်း သူသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ကာကွယ်နိုင်ခဲ့သည်မှာ ကံကောင်းလှလေသည်။ သူသည် သေခြင်းရှင်ခြင်းဤကစားပွဲမှာ ရှင်သန်ဖို့အတွက် လမ်းကြောင်း​တစ်ခုကို ရှာဖွေနိုင်ခဲ့၏။

ထိုနေရာမှာ အင်မော်တယ်ဘုရင်ပညာရှင် ခြောက်ဦးရှိနေခဲ့ပြီး သူတို့အားလုံးက လွှမ်းမိုးခြယ်လှယ်နိုင်သော ပုဂ္ဂိုလ်များဖြစ်ကြလေသည်။ သူသည် အင်မော်တယ်ဘုရင်မလင်းလုံထံမှ ယင်ယန်အဆောင်သုတ္တန်၏ ဘာသာပြန်ကိုမရရှိဘဲ အဲဒါကို နားလည်ဆင်ခြင်နိုင်ခဲ့ခြင်းမရှိလျှင် ရတနာသူတော်စင်ကျောက်စိမ်းကျမ်း၏ အကူအညီနှင့်ပင်လျှင် သေချာပေါက်ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

လင်းကျန့်နှင့် အင်မော်တယ်ဘုရင်မလင်းလုံကပင် သူ့ကို ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။

ထိုသို့အတွေးဖြင့် ဆူဇီမိုက ကြောက်ရွံ့မှုကို ခံစားနေရဆဲဖြစ်၏။

တကယ်တော့ဖြစ်စဥ်တစ်ခုလုံးသည် တက္ကသိုလ်ဂိုဏ်းချုပ်နှင့် အခြားသောအင်မော်တယ်ဘုရင်ငါးဦးနှင့် ရင်ဆိုင်ခဲ့ရသော အင်မော်တယ်ဘုရင်မလင်းလုံနှင့် သူ့အကြား စစ်တုရင်ကစားပွဲတစ်ခုဖြစ်ခဲ့၏။

အင်မော်တယ်ဘုရင်မလင်းလုံ၏ ကျေးဇူးကြောင့်လည်း သူသည် နောက်ဆုံးမှာ ပွတ်ကာသီကာရှောင်လွှဲနိုင်ခဲ့ခြင်းဖြစ်လေသည်။

သူသည် ယာယီအားဖြင့် အန္တရာယ်ကနေလွတ်မြောက်လာသော်လည်း ဆူဇီမိုက စဥ်းစားရခက်နေဆဲဖြစ်၏။

ဖြစ်စဥ်တစ်ခုလုံးတွင် တချို့နေရာများကို မြူခိုးတစ်လွှာက လွှမ်းခြုံထားပုံရသည်။ ပြောရမည်ဆိုလျှင် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ လျှို့ဝှက်ချက်ကို သိရှိနည်းလေ ပိုကောင်းလေဖြစ်လေသည်။

သူတက်လှမ်းလာစဥ်တုန်းက တက္ကသိုလ်ဂိုဏ်းချုပ်သည် ဘုရင်ယွင်ရိုနှင့်အတူ အကြီးအကဲရှစ်ကို ဘာ့ကြောင့်ထည့်ပေးလိုက်ရတာလဲ။

သူက အကြီးအကဲရှစ်ကို လုံးဝယုံကြည်ထားတာလား။

အင်မော်တယ်ဘုရင်ချင်းယန်တို့ကတော့ သူတို့သည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ ယိုပေါက်ကနေတစ်ဆင့် သူ၏ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်လေသည်။

သို့သော်လည်း ဤကိစ္စမှာ ဘုရင်ကျင်းကို သတင်းပေးခဲ့သည့်သူက တက္ကသိုလ်ဂိုဏ်းချုပ်ကိုယ်တိုင်ဖြစ်လေသည်။

တက္ကသိုလ်ဂိုဏ်းချုပ်၏ ဉာဏ်ရည်ထက်မြက်မှုအရ သူသည် ဤကိစ္စကို ဘုရင်ကျင်းထံ ထုတ်ဖော်ပြောဆိုဖို့ လိုအပ်ခဲ့ရဲ့လား။

ဒါ့အပြင် ဆူဇီမိုသည် မင်းသားယွမ်ကျောကိုသတ်ဖြတ်ပြီး ပကတိမိုးကြိုးမြို့တော်ကို လောင်ကျွမ်းစေခဲ့ပြီးနောက် တက္ကသိုလ်ဂိုဏ်းချုပ်က ဘုရင်ကျင်းကို အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာအကြောင်း ဘာကြောင့် အရင်စတင် ထုတ်ဖော်ပြောဆိုခဲ့တာလဲ။

အဲဒါက ရန်သူကို သတိပေးလိုက်ခြင်းမျှသာ မဟုတ်ဘူးမလား။

တက္ကသိုလ်ဂိုဏ်းချုပ်သည် သူနှင့် အင်မော်တယ်ဘုရင်မလင်းလုံ သိကျွမ်းထားသည်ဆိုတာကို သိရှိလောက်လေသည်။ သို့သော်လည်း သူက သူမနှင့်တွေ့ဆုံခြင်းကို ဘယ်တုန်းကမှ မတားဆီးခဲ့ပေ။ သူက အင်မော်တယ်ဘုရင်မလင်းလုံနှင့် ပူးပေါင်းနိုင်သည့်အချက်ကို တက္ကသိုလ်၏ ဂိုဏ်းချုပ်က ဘယ်တုန်းကမှ မစဥ်းစားမိခဲ့တာလား။

သို့မဟုတ် ဖြစ်နိုင်တာက...။

ရုတ်တရက် ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး ကြောက်စရာကောင်းသော ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွား၏။

သူ၏ အကြည့်က တဖျတ်ဖျတ်ဖြစ်လာပြီး သူ၏ အမူအရာက သုန်မှုန်လာခဲ့၏။

ခဏနေပြီးနောက် ဆူဇီမိုသည် သူ၏ သိုလှောင်အိတ်ထဲကနေ အထက်ဘုံကမ္ဘာ၏ မြေပုံတစ်ချပ်ကို ရုတ်တရက်ထုတ်ယူကာ ထွက်ခွာဖို့ပြင်လိုက်၏။

“မင်းဘယ်သွားမလို့လဲ”

ထိုစဥ်မှာပင် ရင်းနှီးနေကျအသံတစ်သံက မလှမ်းမကမ်းကနေ ထွက်ပေါ်လာ၏။

ဆူဇီမိုက လှည့်ကြည့်စရာမလိုဘဲ ထိုအသံပိုင်ရှင်ကို သိရှိလိုက်လေသည်။

လေဟာနယ်က ကွဲထွက်သွားပြီး ပုံရိပ်တစ်ခုက ယုံကြည်မှုရှိစွာဖြင့် လျှောက်လှမ်းထွက်လာ၏။

ထိုလူမှာနက်ရှိုင်းသောအကြည့်၊ ကျယ်ပြန့်သောနဖူးနှင့် သူ၏ မျက်နှာပေါ်မှာ ခပ်ယဲ့ယဲ့အပြုံးတစ်ခုရှိနေပြီး ဆူဇီမိုကို တည်ငြိမ်စွာကြည့်နေ၏။

တက္ကသိုလ်ဂိုဏ်းချုပ်...။

“ခင်ဗျားကျုပ်ခန္ဓာကို တစ်ခုခုလုပ်ထားတာလား”

ဆူဇီမိုက ဖြည်းဖြည်းချင်းလှည့်ကြည့်ပြီး သူ၏ မျက်လုံးကို မှေးကျဥ်းလိုက်၏။ သူသည် ယင်ယန်အဆောင်သုတ္တန်ကို နားလည်ဆင်ခြင်ထားခဲ့သည်။ ပုံမှန်အခြေအနေမှာဆိုလျှင် သူသည် ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ပိတ်ဆို့တားဆီးနိုင်မည်ဖြစ်ပြီး တက္ကသိုလ်ဂိုဏ်းချုပ်ပင်လျှင် သူ၏ တည်နေရာကို တွက်ချက်နိုင်တော့မည် မဟုတ်ပေ။

ဒါ့အပြင် အင်မော်တယ်ဘုရင်မလင်းလုံက သူ၏ အငွေ့အသက်များအားလုံးကို ဖျောက်ဖျက်ပေးခဲ့သည်။

တက္ကသိုလ်ဂိုဏ်းချုပ်က ဤနေရာကို ဤမျှအထိ တိကျမှန်ကန်စွာ ချက်ချင်းရှာတွေ့နိုင်သည်မှာ ဖြစ်နိုင်ခြေတစ်ခုသာရှိလေသည်။

တက္ကသိုလ်ဂိုဏ်းချုပ်သည် သူ့ခန္ဓာကိုယ်မှာ တစ်ခုခုပြုလုပ်ထားခဲ့လေသည်။

တက္ကသိုလ်ဂိုဏ်းချုပ်က ပြုံးပြလိုက်၏။

“မင်းက အဲဒါကို ချက်ချင်းပုံဖော်နိုင်တယ်ဆိုတော့... ပါးရည်နပ်ရည်ရှိတဲ့လူတစ်ယောက်ပဲ”

ဆူဇီမိုက သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ပြီး သူ့ကိုယ်သူစေ့စေ့စပ်စပ်စစ်ဆေးကြည့်သော်လည်း သူက မည်သည့်သဲလွန်စကိုမှ ရှာမတွေ့သေးပေ။

“ကောင်းလိုက်တဲ့ရွှေ့ကွက်ပဲ”

ဆူဇီမိုက တက္ကသိုလ်ဂိုဏ်းချုပ်ကိုကြည့်ပြီး အေးစက်နေသောလေသံဖြင့်ပြောလိုက်၏။

ရုတ်တရက်ဆိုသလို....။

သူသည် သူ၏ အမြုတေစိတ်ဝိညာ်ထဲမှာ စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သူ၏ အကြည့်က ငေးငိုင်သွားလေသည်။ သူက ခပ်သဲ့သဲ့ညည်းတွားပြီး သူ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။

“ဟဲဟဲ”

တက္ကသိုလ်ဂိုဏ်းချုပ်က ရယ်မော၍ သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။

“ငါ့ရဲ့ချစ်လှစွာသောတပည့်လေး... မင်းမှာ ငါ့ကိုသတ်ဖို့အတွေး မရှိသင့်ဘူး... အဲဒါက ကိုယ့်ဆရာကိုယ် ပြန်သတ်ချင်တဲ့ ကြီးမားတဲ့ပြစ်မှုပဲ”

ဆူဇီမိုသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ၏ အသိစိတ်ထဲကို နောက်တစ်ဖန်စစ်ဆေးကြည့်လိုက်၏။ သူ၏ အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဥ်ပတ်လည်မှာ ရစ်ပတ်နေသည့် အစိမ်းရင့်ရောင်ချည်မျှင်များကို တွေ့မြင်လိုက်ရလေသည်။

ဖန်တီးခြင်းကြာခုံက အလင်းရောင်ခြည်ပေါင်းများစွာကို ဖြာထုတ်ပေးလာတာတောင် ၎င်းသည် အစိမ့်ရင့်ရောင်ချည်မျှင်များကို ဖယ်ရှားရှင်းလင်းမပစ်နိုင်ပေ။

သူက ထိုစွမ်းအားနှင့် ရင်နှီးမှုရှိလေသည်။

“ကျိန်စာတစ်ခုလား”

ဆူဇီမို၏ အမူအရာက ပျက်ယွင်းသွား၏။

သူ၏ အမြုတေစိတ်ဝိညာဥ်က ကျိန်စာမိနေသည်ကိုပင် သူက ဘယ်တုန်းကမှ သတိမထားမိခဲ့ပေ။

အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာ၏ စွမ်းအားကပင် ထိုကျိန်စာ၏ အစွမ်းကို မဖယ်ရှားနိုင်ပေ။ အဲဒါက သေချာပေါက် ထိပ်တန်းအဆင့်ကျိန်စာတစ်ခုဖြစ်လေသည်။

“ခင်ဗျားက ဒီလိုထိပ်တန်းအဆင့် ကျိန်စာနည်းစနစ်တစ်ခုကို တကယ်ပဲသိထားတာလား”

ဆူဇီမိုက တက္ကသိုလ်ဂိုဏ်းချုပ်ကိုကြည့်ပြီး အေးစက်စွာမေးလိုက်၏။

“ခင်ဗျားက စုန်းမျိုးနွယ်ကလား”

ဆူဇီမိုသည် အချိန်ဆွဲဖို့ တက္ကသိုလ်ဂိုဏ်းချုပ်ကို မေးမြန်းရင်း သူက သူ၏ ဓမ္မတာအိုကို တိတ်တဆိတ်ထုတ်ဖော်နေ၏။

သူ၏ အစိမ်းရောင်ကြာပန်းအမြုတေစိတ်ဝိညာဥ်သည် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို ထပ်တလဲလဲရွတ်ဆိုပြီး တဗူးဂမ္ဘီရကျင့်စဥ်၏ စွမ်းအားကိုအသုံးချကာ ကျိန်စာ၏ ရစ်ပတ်ချည်နှောင်မှုကနေ ရုန်းထွက်ချင်လေသည်။

ဆူဇီမို၏ မေးခွန်းမှာ တက္ကသိုလ်ဂိုဏ်းချုပ်က ပြုံးနေပြီး ပြန်မဖြေပေ။ သို့သော်လည်း မျက်ခုံးနှစ်ဖက်ကြားတွင် အထင်အမြင်သေးသော အငွေ့အသက်တစ်ခုပေါ်ထွက်လာ၏။

“မင်းရဲ့စွမ်းအင်ကို ဖြုန်းတီးမနေနဲ့”

ဆူဇီမို၏ အကြံအစည်ကို ထွင်းဖောက်မြင်နိုင်သည့်အလား တက္ကသိုလ်ဂိုဏ်းချုပ်က မှင်သေသေဖြင့်ပြောလိုက်၏။

“မင်းမပြောနဲ့ အင်မော်တယ်ဘုရင်တွေနဲ့ ဧကရာဇ်တွေတောင်မှ ငါ့ရဲ့ ဆရာအာခံကျိန်စာကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”

“ဆရာအာခံကျိန်စာ..”

ဆူဇီမိုက တုန်လှုပ်သွား၏။

ဆရာအာခံကျိန်စာမှာပါဝင်သော ဓမ္မတာအိုစွမ်းအားကို ခုခံဆန့်ကျင်၍မရနိုင်ပေ။

သူ့မှာ သူ့ဆရာကိုသတ်ဖြတ်လိုသော အကြံအစည်ရှိလာသည်နှင့် ဆရာအာခံကျိန်စာက နိုးထလာပေလိမ့်မည်။

ဆရာအာခံကျိန်စာကို ထည့်သွင်းဖို့ကလည်း လွယ်ကူသည်မဟုတ်ပေ။

အရေးကြီးဆုံးမဖြစ်မနေလိုအပ်ချက်မှာ နှစ်ဦးနှစ်ဘက်ကြားမှာ ဆရာတပည့်ဆက်ဆံရေးတစ်ခု ရှိထားရပေမည်။

တက္ကသိုလ်ဂိုဏ်းချုပ်က ပြောလိုက်၏။

“ဒါက... မင်းကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းကြောင်းပဲ... မင်းက ငါ့စကားကို နားထောင်နေသရွေ့ ငါ့ရဲ့ဆရာအာခံကျိန်စာက နိုးထလာမှာမဟုတ်ဘူး”

“ကံဆိုးစွာနဲ့ပဲ... မင်းက ဝါစဥ်အနိမ့်အမြင့်ကို အလေးမထားဘဲ မင်းဆရာကိုမင်း သတ်ဖြတ်ဖို့တောင်မှ စိတ်ကူးရှိလာခဲ့တယ်”

ဆူဇီမိုက အေးစက်စွာပြောလိုက်၏။

“ခင်ဗျားကျုပ်ကို သတ်ချင်တဲ့အချိန်ကစပြီး ကျုပ်တို့မှာ ဆရာတပည့်ဆက်ဆံရေးဆိုတာ မရှိတော့ဘူး”

တက္ကသိုလ်ဂိုဏ်းချုပ်က ခပ်ယဲ့ယဲ့ ပြုံးပြလိုက်၏။

“တစ်ခါဆရာဖြစ်ဖူးရင် တစ်သက်လုံးဆရာပဲ... ဒါက ဆရာအာခံကျိန်စာရဲ့ ဓမ္မတာအိုအချုပ်အနှောင်ပဲ... မင်းအဲဒီကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”

ဆူဇီမို၏ သတ်ဖြတ်လိုစိတ်က သိပ်သည်းစုဖွဲ့လာပြီး ယုံကြည်မှုရှိစွာဖြင့် ဣန္ဒြေရနေသော တက္ကသိုလ်ဂိုဏ်းချုပ်ကို ကြည့်နေ၏။

သို့သော်လည်း သူ၏ သတ်​ဖြတ်လိုစိတ်က သန်မာလာလေလေ ဆရာအာခံကျိန်စာ၏ စွမ်းအားကလည်း ပိုမိုပြင်းထန်ကြမ်းတမ်းလာလေဖြစ်သည်။

ပို၍ပို၍များလာသော အစိမ့်ရင့်ရောင်ချည်မျှင်များက အစိမ်းရောင်ကြာပန်းအမြုတေစိတ်ဝိညာဉ်ပေါ်မှာ ပေါ်ထွက်လာပြီး အဆက်မပြတ်ရစ်ပတ်လာခဲ့၏။

ဆူဇီမိုသည် သူ၏ စိတ်ထဲမှာ နာကျင်မှုများကို ခံစားနေရပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက အထိန်းအကွပ်မဲ့စွာတုန်ယင်လာခဲ့၏။

“ခင်ဗျားဒီကျိန်စာကို ဘယ်တုန်းက ထည့်ခဲ့တာလဲ”

ဆူဇီမိုက နာကျင်မှုကိုတောင့်ခံရင်း အံကိုကြိတ်ကာမေးလိုက်၏။

“မင်းမမှတ်မိဘူးလား”

တက္ကသိုလ်ဂိုဏ်းချုပ်က ပြန်မေးလိုက်၏။

ဆူဇီမိုသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ ဝင်ရောက်ချိန်မှ ယခုအချိန်ထိ ဖြစ်စဥ်တစ်ခုလုံးကို ပြန်လည်စဥ်းစားကြည့်နေ၏။

သူသည် တက္ကသိုလ်ဂိုဏ်းချုပ်နှင့် မကြာခဏတွေ့ဆုံခဲ့ခြင်းမရှိဘဲ ကောင်းကင်နှင့်မြေကြီးနန်းတော်မှာ သူနှင့် တစ်ခါသာ တွေ့ဆုံခဲ့သည်။

သို့သော်လည်း ထိုအချိန်တုန်းက ဆူဇီမိုက ပြင်ဆင်ထားခဲ့ပြီဖြစ်ပြီး တက္ကသိုလ်ဂိုဏ်းချုပ်က သူ့ကို တိုက်ခိုက်ဖို့ အခွင့်အရေးမရခဲ့ပေ။

ရုတ်တရက်ဆိုသလို... ဆူဇီမိုက တာအိုနှလုံးသားလှေခါးမှာ ဒသမမြောက်ကျောက်လှေခါးထစ်ကို စုဖွဲ့ပြီးနောက် တက္ကသိုလ်ဂိုဏ်းချုပ်က သူ့ကိုအမည်ခံတပည့်အဖြစ် လက်ခံခဲ့ပုံကို ပြန်လည်အမှတ်ရသွားပြီး ရင်တစ်ချက်ထိတ်သွားလေသည်။

ထိုအချိန်တုန်းက တက္ကသိုလ်အကြီးအကဲများအားလုံးနှင့် တက္ကသိုလ်တပည့်ဂိုဏ်းသားများစွာရှိနေခဲ့ကြ၏။ တက္ကသိုလ်ဂိုဏ်းချုပ်အနေဖြင့် လူတိုင်း၏ ရှေ့မှာ သူ့ကိုတိုက်ခိုက်ဖို့က မဖြစ်နိုင်ပေ။

သို့သော်လည်း တက္ကသိုလ်ဂိုဏ်းချုပ်သည် သူတို့၏ ဆရာတပည့်ဆက်ဆံရေးကို အသိအမှတ်ပြုသည့်အနေဖြင့် သူ့အားလက်ဆောင်တစ်ခုပေးခဲ့လေသည်။

“ပို့ဆောင်ရေးကျောက်စိမ်းတံဆိပ်ပြား…”

ဆူဇီမိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။

All Chapters