ကြိုးကိုင်ခြယ်လှယ်သူ
Vol. 180 Ch. 2693
“အမှန်ပဲ”
တက္ကသိုလ်ဂိုဏ်းချုပ်က စိတ်ကျေနပ်အားရသောအမူအရာဖြင့် ခေါင်းညိတ်ပြလိုက်၏။
“မင်းမှာ အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးရှိနေတာကြောင့်မဟုတ်ရင် မင်းက ငါ့ရဲ့အမွေအနှစ်ကို ဆက်ခံရရှိဖို့ တော်တော်လေးကို သင့်လျော်တဲ့သူပဲ”
ဆရာအာခံကျိန်စာကို ပို့ဆောင်ရေးကျောက်စိမ်းတံဆိပ်ပြားထဲမှာ ထည့်သွင်းထားခြင်းဖြစ်လေသည်။
ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေရှိ အင်မော်တယ်မက်မွန်စားသောက်ပွဲမှာတုန်းက ဆူဇီမိုသည် ထောင်ယောင်နှင့်အတူ ထွက်ပြေးလွတ်မြောက်ဖို့အတွက် ပို့ဆောင်ရေးကျောက်စိမ်းတံဆိပ်ပြားကို အသုံးချခဲ့၏။
ဆရာအာခံကျိန်စာ၏ စွမ်းအားသည် ပို့ဆောင်ရေးကျောက်စိမ်းတံဆိပ်ပြားကြေမွသွားသည့် တစ်ချိန်တည်းမှာပင် ဆူဇီမိုပေါ်သို့ ကျရောက်လာခဲ့လေသည်။
တက္ကသိုလ်ဂိုဏ်းချုပ်က အရာရာတိုင်းကို အစီအစဥ်ချထားခဲ့၏။
ပို့ဆောင်ရေးကျောက်စိမ်းတံဆိပ်ပြားသည် သူ၏ နောက်ဆုံးအသက်ကယ်နည်းလမ်းဖြစ်၏။
ဆူဇီမိုသည် ကြီးမားသော သေရေးရှင်ရေးအကြပ်အတည်းနှင့် ကြုံတွေ့ရမှသာ ပို့ဆောင်ရေးတံဆိပ်ပြားကို အသုံးပြုမည်ဖြစ်လေသည်။
ထိုကဲ့သို့သော သေရေးရှင်းရေးအခိုက်အတန့်မှာ ဆူဇီမို၏ စိတ်အာရုံသည် ပို့ဆောင်ရေးကျောက်စိမ်းတံဆိပ်ပြားအပေါ် သေချာပေါက်ရောက်ရှိနေလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့်ပင် ဆရာအာခံကျိန်စာက ဆူဇီမို၏ အာရုံခံစိတ်ကနေဖုံးကွယ်နိုင်ပြီး သူ့ထံသို့ တိတ်တဆိတ်ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။
“ဒါဆို... ဒီကျိန်စာကြောင့် ခင်ဗျားက ကျုပ်ရဲ့တည်နေရာကို အာရုံခံနိုင်တာပေါ့”
ဆူဇီမိုက မေးလိုက်၏။
“ဒါပေါ့”
တက္ကသိုလ်ဂိုဏ်းချုပ်က ပြောလိုက်၏။
“မင်းက တစ်ချိန်လုံး ငါ့ရဲ့စောင့်ကြည့်မှုအောက်မှာ ရှိနေခဲ့တာပဲ... မင်း အဝီစိကို ရောက်သွားတဲ့အချိန်ကလွဲရင်ပေါ့”
“ဒါပေမဲ့... မင်းမှာ ငရဲဖိနှိမ်မီးဖိုရှိနေခဲ့တာ ငါသိတယ်... မင်းက မဟာအဝီစိမှာတောင် အန္တရာယ်ကျရောက်မှာ မဟုတ်ဘူး”
“ဒါဆို... ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကိုပြန်လာခဲ့တာက ကျုပ်ရဲ့အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာမဟုတ်ဘူးဆိုတာ ခင်ဗျားက ကြိုသိနေခဲ့တာပေါ့”
ဆူဇီမိုက ထပ်မံ၍မေးလိုက်၏။
ထိုစကားကိုကြားချိန်မှာ တက္ကသိုလ်ဂိုဏ်းချုပ်က အထင်အမြင်သေးစွာပြုံးပြီး ခေါင်းခါပြလိုက်၏။
“ငါ့ရဲ့မျက်လုံးထဲမှာ မင်းနဲ့လင်းလုံရဲ့လှည့်ကွက်တွေက အပျော်တမ်းကစားကွက်ကလေးတွေပဲ”
ထိုအခိုက်အတန့်မှာ ဆူဇီမိုက တဖြည်းဖြည်းတည်ငြိမ်လာခဲ့ပြီဖြစ်သည်။
ရုတ်တရက် သူက တစ်စုံတစ်ရာကို တွေးမိသွား၏။
“ဘုရင်ယွင်ရိုနဲ့ တခြားသူတွေက ကျုပ်ရဲ့ကိုယ်ပွားပျက်စီးသွားတာကို တွေ့မြင်ခဲ့တယ်... အခုခင်ဗျားက ကျုပ်ကို အမဲလိုက်ဖို့ ဒီကိုရောက်လာပြီဆိုတော့ သူတို့တွေက ခင်ဗျားနောက်ကနေ ထပ်ပြီးတော့လိုက်လာမှာကို ခင်ဗျားမစိုးရိမ်ဘူးလား”
“သူတို့မှာ ငါ့နောက်ကို အမဲလိုက်နိုင်လောက်တဲ့ ဉာဏ်ပညာမရှိဘူး”
တက္ကသိုလ်ဂိုဏ်းချုပ်က ညင်သာစွာပြုံးပြီးပြောလိုက်၏။
“အခုချိန်မှာဆိုရင် သူတို့က လင်းကျန့်နဲ့လင်းလုံကို တိုက်ခိုက်ဖို့အတွက် တိုက်ပွဲနိုင်ငံမှာ အတူပူးပေါင်းနေကြပြီ... သူတို့တွေမှာ တခြားအရာအတွက် အချိန်မရှိဘူး”
“ဟမ်...”
ဆူဇီမို၏ အမူအရာက ပြောင်းလဲသွား၏။
သူသည် တိုက်ပွဲနိုင်ငံကနေ ထွက်ခွာဖို့ ရွေးချယ်ခဲ့သည်မှာ သူသည် လူသားဧကရာဇ်နှင့် အင်မော်တယ်ဘုရင်မလင်းလုံကို ဒုက္ခမရောက်စေချင်သောကြောင့်ဖြစ်သည်။ ကံဆိုးစွာနှင့်ပင် သူတို့နှစ်ယောက်က ရောပါငြိစွန်းလာရဆဲဖြစ်လေသည်။
ဆူဇီမို၏ စိုးရိမ်ပူပန်မှုကို ပြောနိုင်သည့်အလား တက္ကသိုလ်ဂိုဏ်းချုပ်က သူ၏ လက်ကို ညင်သာစွာကာပြလိုက်၏။
“မပူပါနဲ့... လင်းကျန့်ရဲ့ ထိခိုက်ဒဏ်ရာအများစုက ရုတ်တရက်သက်သာပျောက်ကင်းလာခဲ့တယ်... ဘုရင်ယွင်ရိုနဲ့ တခြားသူတွေက လောလောဆယ်မှာ သူ့ကို ဖိနှိမ်နိုင်မှာ မဟုတ်ဘူး”
ဆူဇီမိုက အနည်းငယ်စိတ်သက်သာရာရသွား၏။
သို့သော်လည်း လောလောဆယ်မှာ သူက ထိုအချက်ကို လက်မခံနိုင်ပေ။
“ဘုရင်ယွင်ရိုနဲ့ တခြားသူတွေက ဘယ်လိုဖြစ်ပြီး ခင်ဗျားထိန်းချုပ်တာကို ခံနေရတာလဲ... သူတို့က ဘာသံသယမှမရှိဘဲ တိုက်ပွဲနိုင်ငံကို ဘာလို့တိုက်ခိုက်ကြတာလဲ”
“ဒါပေါ့”
တက္ကသိုလ်ဂိုဏ်းချုပ်က ပြုံးပြလိုက်၏။
“ဘာလို့လဲဆိုတော့... တိုက်ပွဲနိုင်ငံကို ငါက သူတို့နဲ့အတူ လိုက်သွားလို့ပဲ”
ဆူဇီမိုက မှင်တက်သွား၏။
တက္ကသိုလ်ဂိုဏ်းချုပ်၏ စကားလုံးများမှာ ကြီးမားသောသတင်းအချက်အလက်များပါဝင်နေပြီး သူက အဲဒါကို ချက်ချင်းမတုံ့ပြန်နိုင်ပေ။
တက္ကသိုလ်ဂိုဏ်းချုပ်က ဆူဇီမိုကိုကြည့်ပြီး သူ၏ ခေါင်းကို ခါပြလိုက်၏။
“မင်း.. အင်မော်တယ်ဘုရင်မလင်းလုံနဲ့ ဘုရင်ယွင်ရိုတို့အုပ်စု... မင်းတို့တွေအားလုံးက ငါနဲ့ စစ်တုရင်ကစားပွဲတစ်ခုကို ကစားနေတယ်လို့ ထင်နေကြတာ... ဒါပေမယ့် ငါ့မျက်လုံးထဲမှာတော့ မင်းတို့တွေထဲ ဘယ်သူကမှ အဆင့်မမီဘူး”
“ဘာလို့လဲဆိုတော့... အစကနေ အခုချိန်ထိ ဒီစစ်တုရင်ကစားပွဲတစ်ခုလုံးကို ခင်းကျင်းထားခဲ့တဲ့သူက ငါမို့လို့ပဲ... မင်းတို့တွေအားလုံးက ငါ့ရဲ့ စစ်တုရင်အရုပ်တွေပဲ”
“မင်းတို့တွေက စစ်တုရင်အရုပ်တစ်ရုပ်ဆိုတာ မင်းတို့ကိုယ်မင်းတို့ သိထားရမယ်... စစ်တုရင်အရုပ်တစ်ရုပ်က ကစားပွဲရဲ့ကြိုးကိုင်သူကို ဘယ်လိုဆန့်ကျင်နိုင်မှာလဲ”
တက္ကသိုလ်ဂိုဏ်းချုပ်၏ လေသံက ယုံကြည်မှုကောင်းစွာရှိခြင်းကို ဖော်ပြနေ၏။
အဲဒါသည် အခြေအနေတစ်ရပ်လုံးကို ထိန်းချုပ်ထားပြီး အမြင့်မှာ ရပ်တည်နေနိုင်သည့် ခံစားချက်ဖြစ်သည်။
သူ့မှာ တကယ်ပင် ဤကဲ့သို့သော အစွမ်းအစရှိပြီး သူက ဤခံစားချက်ကို ကျေနပ်အားရစွာဖြင့် သဘောတွေ့နေ၏။
“ကဲ... အစကို ပြန်သွားကြည့်ရအောင်”
တက္ကသိုလ်ဂိုဏ်းချုပ်က ခပ်ယဲ့ယဲ့ ပြုံးပြလိုက်၏။
“ဘုရင်ယွင်ရိုက မင်းတက်လှမ်းမယ့် အချိန်နဲ့တည်နေရာကို တွက်ချက်ပေးဖို့အတွက် ငါ့ကိုလာပြီး တောင်းဆိုခဲ့တယ်... အဲဒီနောက် သူက မင်းကို ကြားဖြတ်ဟန့်တားပြီး သတ်ဖြတ်ဖို့ကြိုးစားခဲ့ပေမယ့် အင်မော်တယ်ဘုရင်မလင်းလုံက ပေါ်ထွက်လာခဲ့တယ်”
“မင်းက အင်မော်တယ်ဘုရင်မလင်းလုံနဲ့တွေ့ပြီးသွားပြီဆိုတော့... သူက စာတစ်စောင်လက်ခံရရှိခဲ့တယ်ဆိုတာ မင်းသိပြီးသွားလောက်ရောပေါ့”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
“အဲဒီစာကို ရေးခဲ့တဲ့သူက ခင်ဗျားပဲဖြစ်မယ်”
“ဟုတ်တာပေါ့”
တက္ကသိုလ်ဂိုဏ်းချုပ်က ပြောလိုက်၏။
“ဖန်တီးခြင်းကြာပဒုမ္မာက အရမ်းကိုအရေးပါတယ်... အဲဒါက ယင်ယန်အဆောင်သုတ္တန်လိုရှေးကျတဲ့ ဓမ္မသုတ္တန်တွေနဲ့ပတ်သက်နေတယ်... အထက်ဘုံလောကမှာ ဖန်တီးခြင်းကြာပဒုမ္မာရဲ့အလားအလာကို သိရှိတဲ့သူက များများစားစားမရှိဘူး... အင်မော်တယ်ဘုရင်မလင်းလုံနဲ့ငါက အဲဒီအနည်းအကျဥ်းထဲက နှစ်ယောက်ပဲ”
“မင်းက... အဆင့်-၉ထိပဲ ရောက်သေးတဲ့အချိန်မှာ ဘုရင်ယွင်ရိုက မင်းကိုဆေးလုံးတစ်လုံးအဖြစ် သန့်စင်တော့မှာကို ငါကဘယ်လိုလုပ်ခွင့်ပြုပေးနိုင်ပါ့မလဲ... အဲဒါက ကောင်းကင်ဘုံကနေပေးအပ်လိုက်တဲ့ ဒီဂမ္ဘီရလက်ဆောင်ကို ဖြုန်းတီးရာကျတယ်”
“နောက်ပြီး ငါက ဖန်တီးခြင်းကြာပဒုမ္မာကို တခြားသူတွေနဲ့လည်း မျှဝေမပေးနိုင်ဘူး”
ဆူဇီမိုက နားလည်သဘောပေါက်လာ၏။
တက္ကသိုလ်ဂိုဏ်းချုပ်သည် အင်မော်တယ်ဘုရင်မလင်းလုံထံ စာတစ်စောင်ပို့ပြီး သူမကို လှုပ်ရှားစေခဲ့သည်မှာ ထိုအကြောင်းကြောင့်ပင် ဖြစ်လေသည်။
တက္ကသိုလ်ဂိုဏ်းချုပ်က ပြောလိုက်၏။
“အခုချိန်... မင်းရင်ထဲမှာမေးခွန်းတစ်ခုရှိနေမှာပဲ... မင်းကို ကြားဖြတ်ဟန့်တားဖို့အတွက် ဘုရင်ယွင်ရိုနဲ့ အကြီးအကဲရှစ်ကို ဘာလို့ထည့်ပေးလိုက်တာလဲပေါ့... ဟုတ်တယ်မလား”
ဆူဇီမိုက နှုတ်ဆိတ်နေ၏။
သူ့မှာ တကယ်ပင် ဤကဲ့သို့သောသံသယရှိနေခဲ့လေသည်။
တက္ကသိုလ်ဂိုဏ်းချုပ်သည် ဖန်တီးခြင်းကြာပဒုမ္မာကို တခြားသူများနှင့် မမျှဝေစေချင်ဘူးဆိုမှတော့... သူသည် ဘုရင်ယွင်ရိုနှင့်အတူ အကြီးအကဲရှစ်ကို ဘာလို့ထည့်ပေးလိုက်တာလဲ။
မဟုတ်မှလွဲရော... အကြီးအကဲရှစ်နှင့် တက္ကသိုလ်ဂိုဏ်းချုပ်က....။
ရုတ်တရက် ဆူဇီမိုက ဖြစ်နိုင်ခြေတစ်ခုကိုတွေးမိသွားပြီး သူ၏ စိတ်ထဲမှ မေးခွန်းများစွာအတွက် အဖြေရလာ၏။
“အကြီးအကဲရှစ်က ခင်ဗျားရဲ့ကိုယ်ပွားပဲ”
ဆူဇီမိုက လွှတ်ခနဲပြောလိုက်၏။
“မင်းက တော်တော်ကို ဉာဏ်ကောင်းသားပဲ”
တက္ကသိုလ်ဂိုဏ်းချုပ်က နောက်တစ်ဖန်ချီးကျူးပြီး ထပ်ပြောလိုက်၏။
“အတိအကျပြောရရင် အစစ်အမှန်အကြီးအကဲရှစ်က သေပြီးသွားပြီ... လက်ရှိအကြီးအကဲရှစ်က ငါ့ရဲ့ကိုယ်ပွားပဲ”
ဆူဇီမိုက တခြားတစ်စုံတစ်ရာကို တွေးမိသွား၏။
“အဲဒီအချိန်တုန်းက ရတနာသူတော်စင်ကျောက်စိမ်းကျမ်းက ပေါ်မလာသေးဘူး... မဟာသူတော်စင်ကျောက်စိမ်းကျမ်းကလည်း မင်းသားချင်စဲရဲ့လက်ထဲမှာရှိနေခဲ့တယ်... ဒါပေမဲ့ အန္တိမသူတော်စင်ကျောက်စိမ်းကျမ်းကို ဘယ်သူရထားလဲဆိုတာက အမြဲတမ်းလျှို့ဝှက်ချက်တစ်ခုဖြစ်နေခဲ့တယ်”
“ကြည့်ရတာတော့... အန္တိမသူတော်စင်ကျောက်စိမ်းကျမ်းက ခင်ဗျားလက်ထဲမှာရှိနေတဲ့ပုံပဲ”
တက္ကသိုလ်ဂိုဏ်းချုပ်က သဘောတူလက်ခံသည့်အမူအရာပြပြီး ဆူဇီမိုကို ဆက်ပြောဖို့ လက်ဟန်ပြလိုက်၏။
ဆူဇီမိုက ပြောလိုက်၏။
“နည်းစနစ်သိုလှောင်ရုံရဲ့ ချီမင်သွမ့်ကျားအမွေအနှစ်ကိုရပြီး အန္တိမသူတော်စင်ကျောက်စိမ်းကျမ်းကနေ ကိုယ်ပွားတစ်ခုကို စုဖွဲ့ပြီးတဲ့နောက် ခင်ဗျားက လူတိုင်းကို လှည့်စားနိုင်ခဲ့တာပဲ”
“အကြီးအကဲရှစ်က တက္ကသိုလ်ရဲ့နတ်ဘုရားလက်နက်တွေကို တာဝန်ယူထားရတယ်... အန္တိမသူတော်စင်ကျောက်စိမ်းကျမ်းကနေ စုဖွဲ့ထားတဲ့ ခင်ဗျားရဲ့ကိုယ်ပွားကို စိတ်ဝိညာဥ်ရတနာခန္ဓာလို့ ခေါ်တယ်... အဲဒါက အကောင်းဆုံးအစားထိုးမှုပဲ”
“ကောင်းလိုက်တဲ့ကောက်ချက်”
ထိုစကားကိုကြားသောအခါ တက္ကသိုလ်ဂိုဏ်းချုပ်က ရယ်မောကာ လက်ခုပ်တီးပြီးချီးကျူးလိုက်၏။
ထိုသို့ဖြင့် နောက်ထပ်ကိစ္စတစ်ခုကို သူက ချက်ချင်းပင်နားလည်သဘောပေါက်လာခဲ့၏။
ထိုအချိန်တုန်းက အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲအတွင်း ပန်းချီအင်မော်တယ်မိုချင်ကို အချိန်မီရောက်ရှိလာရန် အကြီးအကဲရှစ်က ညွှန်ကြားခဲ့လေသည်။ အကြီးအကဲရှစ်သည် ဤကိစ္စမှာ ဘယ်အခန်းကဏ္ဍကနေ ပါဝင်ပတ်သက်နေလဲ ဆူဇီမိုက စဥ်းစားရခက်နေခဲ့၏။
ကြည့်ရသည်မှာ တက္ကသိုလ်ဂိုဏ်းချုပ်သည် အစကတည်းက အရာရာတိုင်းကို ကိုင်တွယ်ထိန်းချုပ်နေခဲ့ခြင်းသာဖြစ်သည်။
သူသည် သူ့ကိုယ်သူကောင်းကောင်းဖုံးကွယ်ဖို့အတွက် သူ၏ အကြီးအကဲရှစ်ကိုယ်ပွားကို အသုံးချခဲ့လေသည်။
ရုတ်တရက်ဆိုသလို... ။
ဆူဇီမိုက အခြားတစ်စုံတစ်ရာကို အမှတ်ရသွားပြီး မလှမ်းမကမ်းမှာရှိသော တက္ကသိုလ်ဂိုဏ်းချုပ်ကို စိုက်ကြည့်ကာ ဖြည်းဖြည်းချင်းမေးလိုက်၏။
“မိုးကောင်းကိုးလွှာတွေ့ဆုံပွဲမှာတုန်းက ချင်စဲကို မိစ္ဆာမဟာနယ်မြေရဲ့အထီးကျန်သိုင်းသခင်က သတ်ဖြတ်လိုက်ပြီး သူ့ရဲ့ မဟာသူတော်စင်ကျောက်စိမ်းကျမ်းက အင်မော်တယ်ဘုရင်ညတာရှည်ရဲ့လက်ထဲကို ကျရောက်သွားခဲ့တယ်”
“အင်မော်တယ်ဘုရင်ညတာရှည်ကတော့... သူက လေဟာနယ်ကိုဆုတ်ဖြဲပြီး ထွက်ပြေးတော့မယ့်ဆဲဆဲမှာ သူက ရုတ်တရက်လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်... မဟာသူတော်စင်ကျောက်စိမ်းကျမ်းကလည်း ပျောက်ကွယ်သွားခဲ့တယ်”
“ကျုပ်ထင်တာမမှားဘူးဆိုရင်... အင်မော်တယ်ဘုရင်ညတာရှည်ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့သူက ခင်ဗျားပဲ... မသာသူတော်စင်ကျောက်စိမ်းကျမ်းကလည်း အခုဆိုရင် ခင်ဗျားလက်ထဲမှာရှိနေလိမ့်မယ်”
“မှန်တာပေါ့”
တက္ကသိုလ်ဂိုဏ်းချုပ်၏ အမူအရာကတည်ငြိမ်နေပြီး တစ်စုံတစ်ရာကို ဖုံးကွယ်ထားဖို့ စိတ်ကူးမရှိပေ။
အရာရာတိုင်းက သူ၏ ထိန်းချုပ်မှုအတွင်းမှာရှိနေပြီး သိပ်မကြာခင် ဆူဇီမိုကလည်း သေလူတစ်ယောက်ဖြစ်လာပေတော့မည်။