ဟာကွက်မဲ့သော တွက်ချက်မှုများ
Vol. 180 Ch. 2695
တက္ကသိုလ်ဂိုဏ်းချုပ်က ပြုံးပြလိုက်၏။
“အချိန်ကျလာတဲ့အခါ ငါက ဟာကွက်တစ်ခုကို ထုတ်ဖော်ပြလိုက်မယ်… လင်းလုံရဲ့ စေ့စပ်သေချာမှုအရဆို သူက အဲဒါကို သေချာပေါက် အာရုံခံမိမှာပဲ… ငါပြောတာကို ယုံစမ်းပါ… သူ ငါတို့နောက်ကို လိုက်လာလိမ့်မယ်”
“အဲဒီအချိန်ကျရင် လင်းကျန့်က ဘုရင်ယွင်ယိုနဲ့ တခြားသူတွေနဲ့ တိုက်ခိုက်နေရဦးမှာပဲ… ဘယ်သူက သူ့ကို ကယ်တင်နိုင်တော့မှာလဲ”
ဆူဇီမိုသည် ပြုံးနေသော တက္ကသိုလ်ဂိုဏ်းချုပ်ကိုကြည့်ပြီး ကျောရိုးတစ်လျှောက်ချမ်းစိမ့်လာခဲ့၏။
တက္ကသိုလ်ဂိုဏ်းချုပ် အစကပြောခဲ့သလိုပင် သူတို့အားလုံးက စစ်တုရင်အရုပ်များသာဖြစ်ကြသည်။
တက္ကသိုလ်ဂိုဏ်းချုပ်သည် ဤစစ်တုရင်ကစားပွဲ၏ ကြိုးကိုင်ခြယ်လှယ်သူဖြစ်လေသည်။ စစ်တုရင်အရုပ်များအနေဖြင့် သူတို့သည် ကြိုးကိုင်ခြယ်လှယ်သူကို ဘယ်လိုလုပ် ဆန့်ကျင်တိုက်ခိုက်နိုင်မှာလဲ။
သူက စစ်တုရင်အရုပ်တစ်ရုပ်သာဖြစ်၏။ ဘုရင်ယွင်ယို၊ အင်မော်တယ်ဘုရင်ချင်းယန်နှင့် တခြားသူများသည်လည်း အတူတူပင်ဖြစ်သည်။ အင်မော်တယ်ဘုရင်မလင်းလုံပင်လျှင် ချမ်းသာရာမရပေ။
တက္ကသိုလ်ဂိုဏ်းချုပ်၏ အစီအစဉ်အရ သူသည် စစ်တုရင်ကစားပွဲပြီးဆုံးသည့်အခါ အဆင့် ၁၂ ဖန်တီးခြင်းကြာပဒုမ္မာကို ရရှိမည်သာမက သူသည် ပြီးပြည့်စုံသော တဗူးဂမ္ဘီရကျင့်စဉ်နှစ်ခုကိုလည်း ရရှိနိုင်ပေမည်။
သူတော်စင်သုံးပါး ကျောက်စိမ်းကျမ်းနှင့် နည်းစနစ်သိုလှောင်ရုံ။
လူတစ်ယောက်သည် တဗူးဂမ္ဘီရကျင့်စဉ်တစ်ခုကို ရရှိရုံနှင့် စွမ်းအားကြီးမားသော ဧကရာဇ်တစ်ပါးဖြစ်လာနိုင်သည်။ တကယ်ဆို သူတို့သည် မဟာဧကရာဇ်တစ်ပါးဖြစ်လာဖို့ပင် အခွင့်အရေးရှိလေသည်။
ပြီးပြည့်စုံသော တဗူးဂမ္ဘီရကျင့်စဉ်နှစ်ခုနှင့်အတူ အနာဂတ်မှာ တက္ကသိုလ်ဂိုဏ်းချုပ်က ဘယ်အဆင့်ထိရောက်ရှိလာနိုင်မလဲ။
ဆူဇီမိုကို တကယ်တမ်း ထိတ်လန့်ကြောက်ရွံ့စေသည့်အရာမှာ တက္ကသိုလ်ဂိုဏ်းချုပ်၏ ခွန်အားသာလျှင်မဟုတ်ဘဲ သူ၏ ဟာကွက်မဲ့သော တွက်ချက်မှုများဖြစ်သည်။
သူသည် စစ်တုရင်ကစားပွဲတစ်ခုကို ခင်းကျင်းပြီး လူတိုင်းကို ပါဝင်ပတ်သက်စေကာ သူတို့အားလုံးသည် သူသနားညှာတာမှသာ ချမ်းသာရာရလိမ့်မည်ဖြစ်သည်။
သူသည် အလှည့်အပြောင်းများ အားလုံးကိုပင် တွက်ချက်နိုင်လေသည်။
ဆူဇီမိုက ညှိုးနွမ်းကြယ်မှာ ယနေ့သေသွားရမည်ဆိုလျှင်တောင် မည်သူကမှ အဲဒါကို သိရှိလိမ့်မည်မဟုတ်ပေ။
သူသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို သစ္စာဖောက်ပြီး ဇာတ်မြှုပ်နေကာ သူ၏ ဘယ်ဆီဘယ်ဝယ်ကို မသိရတော့ဟု တခြားလူများက တွေးမိကြပေလိမ့်မည်။
မည်သူ၏ စိတ်အာရုံကိုမှ ရရှိခြင်းမရှိဘဲ တက္ကသိုလ်ဂိုဏ်းချုပ်သည် အမှောင်ထဲမှာ အကြီးမားဆုံး အနိုင်ရရှိသူ ဖြစ်လာပေလိမ့်မည်။
အဲဒါသည် အရင်က အန္တိမသူတော်စင်ကျောက်စိမ်းကျမ်းကို သူရရှိခဲ့သလိုပင်။
အန္တိမသူတော်စင်ကျောက်စိမ်းကျမ်းက သူ့လက်ထဲမှာ ရှိနေသည်ကို မည်သူကမှ မသိကြပေ။
“ခင်ဗျား မတွက်ချက်နိုင်တဲ့အရာရော ရှိသေးလို့လား”
ဆူဇီမိုက အေးစက်စွာ မေးလိုက်၏။
“ဘယ်ရှိမလဲ”
တက္ကသိုလ်ဂိုဏ်းချုပ်က ယုံကြည်မှုရှိစွာ ပြောလိုက်၏။
“အားလုံးက ငါ့ရဲ့တွက်ချက်မှုအတွင်းမှာ ရှိတယ်။ ဒါပေမဲ့… အင်း…”
ရုတ်တရက် သူက တစ်စုံတစ်ရာကို တွေးမိသွားပြီး ခဏမျှရပ်တန့်ကာ ပြောလိုက်၏။
“ပွင့်ပွင့်လင်းလင်းပြောရရင် ငါ့ရဲ့တွက်ချက်မှုထဲမှာ ထည့်လို့မရတဲ့ လူတစ်ယောက် တကယ်ပဲရှိတယ်…. ငါအခုချိန်ထိကို စဉ်းစားမရဖြစ်နေတုန်းပဲ”
“မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်… မင်း သူနဲ့ ဘယ်လိုပတ်သက်နေတာလဲ”
တက္ကသိုလ်ဂိုဏ်းချုပ်က ဆူဇီမိုကိုကြည့်ပြီး မေးလိုက်၏။
သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ခိုက်ရည်ခွန်အားက သန်မာလွန်းလေသည်။ မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာတုန်းက သူသည် အန္တိမအင်မော်တယ်ဘုရင်များကိုပင် ဖိနှိမ်ခဲ့၏။
သိုင်းတာအိုပင်မခန္ဓာ၏ တည်ရှိမှုသည် မူကွဲတစ်ခုဖြစ်ပြီး တက္ကသိုလ်၏ ဂိုဏ်းချုပ်က သူနှင့်ပတ်သက်သည့် မည်သည့်အရာကိုမှ မတွက်ချက်နိုင်ပေ။
တက္ကသိုလ်ဂိုဏ်းချုပ်က ဘယ်လိုပင် ဦးနှောက်ခြောက်မတတ် စဉ်းစားသည်ဖြစ်စေ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာနှင့် သိုင်းတာအိုပင်မခန္ဓာက တစ်ဦးတည်းဆိုတာကို ခန့်မှန်းမိလိမ့်မည် မဟုတ်ပေ။
ယွင်ကျူးသည် သူတို့နှစ်ယောက်ကြား ဆက်ဆံရေးကို ရှာဖွေတွေ့ရှိခဲ့သည်မှာ မဟာအဝီစိမှ အစစ်အမှန်ခန္ဓာနှစ်ခုကြား ဟာကွက်တစ်ခု ထုတ်ဖော်မိခဲ့သောကြောင့်ဖြစ်၏။
ဆူဇီမိုက တက္ကသိုလ်ဂိုဏ်းချုပ်၏ မေးခွန်းကိုကြားသောအခါ စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
သည့်ယခင်က တက္ကသိုလ်ဂိုဏ်းချုပ် ပြသခဲ့သည့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားများမှာ သူက အနည်းငယ် မွန်းကျပ်နေခဲ့၏။
“လက်စသတ်တော့ ခင်ဗျား မတွက်ချက်နိုင်တဲ့အရာတွေ ရှိနေသေးတာပဲ”
ဆူဇီမိုက လှောင်ရယ်လိုက်၏။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက်ဖြစ်ပြီး သူက အဲဒါကို တက္ကသိုလ်ဂိုဏ်းချုပ်ထံ သေချာပေါက် ပြောပြလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဆူဇီမိုသည် တခြားတစ်စုံတစ်ရာနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေရ၏။
သိုင်းတာအိုပင်မခန္ဓာသည် မဟာအဝီစိအောက်ဘက်သို့ ကျဆင်းသွားခဲ့ပြီး သူ၏ ကံကြမ္မာကို မသိရတော့ပေ။
ယခုချိန်မှာ သူသည် သိုင်းတာအိုပင်မခန္ဓာကို အာရုံမခံနိုင်ပေ။
ဆူဇီမို၏ လှောင်ပြောင်သရော်မှုမှာ တက္ကသိုလ်ဂိုဏ်းချုပ်က ဒေါသထွက်ခြင်း သို့မဟုတ် စိတ်ညစ်ညူးခြင်း မရှိပေ။ မှင်သေသေအမူအရာနှင့်အတူ သူက ပြောလိုက်၏။
“ရပါတယ်… မင်းရဲ့ အမြုတေစိတ်ဝိညာဉ်ကနေ ငါက သူ့နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်ကို ရဦးမှာပဲ”
“မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်တစ်ယောက်က ဘာတွေ ဘယ်လောက်များ ထူးခြားနေမှာမို့လို့လဲ”
တက္ကသိုလ်ဂိုဏ်းချုပ်က ဝင့်ကြွားစွာ ပြောလိုက်၏။
“သူကလွဲရင် တခြားသူတွေ အကုန်လုံးက ငါ့ရဲ့တွက်ချက်မှုထဲမှာ ရှိနေတာပဲ”
ခဏမျှ ရပ်တန့်ပြီးနောက် တက္ကသိုလ်ဂိုဏ်းချုပ်က ဘေးတစ်ဖက်ရှိ လေဟာနယ်ကိုကြည့်ပြီး မှင်သေသေဖြင့် ပြောလိုက်၏။
“ဒီလောက်အကြာကြီး နားထောင်ပြီးပြီဆိုမှတော့ ထွက်လာတော့ပေါ့”
“ဟမ်”
ဆူဇီမိုက ရင်တစ်ချက် ထိတ်သွား၏။
ဤနေရာမှာ သူတို့နှစ်ယောက်အပြင် တခြားတစ်ယောက်ရှိနေသေးတာလား။
ဆူဇီမိုက စဉ်းစားရခက်နေစဉ်မှာပင် သူတို့နှစ်ယောက်နှင့် မလှမ်းမကမ်း လေဟာနယ်က ရုတ်တရက်ပွင့်ထွက်သွားပြီး လူတစ်ယောက်က လျှောက်လှမ်းထွက်လာ၏။
“လူအိုကြီးရွှမ်”
ဆူဇီမိုက ထိုသူကို တွေ့မြင်သောအခါ အံ့အားတသင့် ရေရွတ်လိုက်၏။
မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူအိုကြီးက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ လူအိုကြီးရွှမ်ဖြစ်လေသည်။
“ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို တွက်ချက်တယ်… ကံကြမ္မာကို တွက်ချက်တယ်… လူသားနှလုံးသားကို တွက်ချက်တယ်… ပြီးတော့ကမ္မကိုလည်း တွက်ချက်တယ်”
လူအိုကြီးရွှမ်၏ အမူအရာက မှင်သေသေဖြင့် ရှိနေပြီး ခေါင်းညိတ်ကာ ပြောလိုက်၏။
“ဟာကွက်မဲ့တဲ့ တွက်ချက်မှုတွေ… မင်းက တကယ်ပဲ အဲဒီစကားလုံးတွေနဲ့ ထိုက်တန်ပါပေတယ်”
“မင်းက ငါ့ကို မြှောက်နေပြန်ပြီ”
တက္ကသိုလ်ဂိုဏ်းချုပ်က ညင်သာစွာ ပြုံးပြလိုက်၏။
ရုတ်တရက် လူအိုကြီးရွှမ်က သက်ပြင်းချလိုက်၏။
“ဒီလိုဆိုရင် ငါ အခုရောက်လာတာကလည်း မင်းရဲ့တွက်ချက်မှုအတွင်းမှာ ရှိနေတာပဲလား”
“ဒါပေါ့”
တက္ကသိုလ်ဂိုဏ်းချုပ်က ပြုံးပြလိုက်၏။
“မင်းအဲဒါကို အစောကြီးတည်းက သိခဲ့သင့်တယ်”
လူအိုကြီးရွှမ်က ခေါင်းညိတ်ပြလိုက်၏။
“ဆူဇီမိုက အဝီစိကို သွားတော့မလို့ လုပ်တုန်းက မင်းက ငါ့ရှေ့မှာ တွက်ချက်မှုတစ်ခုကို ပြုလုပ်ပြီး နိမိတ်ဆိုးရလဒ်တစ်ခု ပေါ်ထွက်ခဲ့တယ်”
“အဲဒါကြောင့်ပဲ ငါက ဒီကလေးရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ပြီး အဝီစိကို လိုက်သွားခဲ့တယ်… ငါက မဟာထျဲဝေတောင်မှာ သင်္ချိုင်းစောင့်ဘုန်းကြီးအိုတစ်ပါးနဲ့ ကြုံတွေ့ပြီး သူ့ကြောင့် ဒဏ်ရာအပြင်းအထန်ရရှိလာခဲ့တယ်”
သင်္ချိုင်းစောင့်ဘုန်းကြီးအိုလား။
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။
လူအိုကြီးရွှမ်ပြောသည့် ဘုန်းကြီးအိုက သူသိထားသည့် သင်္ချိုင်းစောင့်ပင် ဖြစ်ပေလိမ့်မည်။
လူအိုကြီးရွှမ်သည် အဝီစိသို့ သူ့နောက်ကနေ လိုက်လာခဲ့စဉ် သူက လမ်းမှာ ဘုန်းကြီးအိုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့သည်ဆိုတော့…။
လူအိုကြီးရွှမ်က ပြောလိုက်၏။
“ကြည့်ရတာတော့ မင်းက နိမိတ်ဆိုးရလဒ်တစ်ခုထွက်လာအောင် တမင်သက်သက်တွက်ချက်ပြီး ငါ့ကို မဟာထျဲဝေတောင်ဆီ အရောက်ပို့ခဲ့တာပဲ”
“မဟာထျဲဝေတောင်မှာ ကြောက်စရာကောင်းတဲ့ ပညာရှင်တစ်ဦးရှိနေတယ်ဆိုတာကို မင်းသိထားပြီးသား ဖြစ်ရမယ်”
တက္ကသိုလ်ဂိုဏ်းချုပ်က ပြုံးပြလိုက်၏။
“မင်းက အဲဒီလူရဲ့ လက်ထဲကနေ အသက်ရှင်လျက် ပြန်လာနိုင်လိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး… တကယ်တော့ ငါတွက်ချက်ခဲ့တဲ့ နိမိတ်ဆိုးရလဒ်က မင်းအတွက် တွက်ချက်ပေးခဲ့တာပဲ”
ဆူဇီမိုက ဘေးကနေ အာရုံစိုက်၍ နားစွင့်နေ၏။
သူသည် ဤအကြောင်းအရာများကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။
ဒါ့အပြင် တက္ကသိုလ်ဂိုဏ်းချုပ်၏ လေသံအရ သူသည် ဘုန်းကြီးအို၏ နောက်ခံကို သိရှိထားပုံရသည်။
အစတုန်းက ဆူဇီမိုသည် လူအိုကြီးရွှမ်ကို သံသယဝင်ခဲ့မိသည်။
ကြည့်ရသည်မှာ လူအိုကြီးရွှမ်သည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်တွင် သူ့ကို အမှန်တကယ် ကာကွယ်ပေးလိုခဲ့လေသည်။
ကံဆိုးစွာနှင့်ပင် သူသည် တက္ကသိုလ်ဂိုဏ်းချုပ်၏ အကွက်ချကြံစည်ခြင်းခံရပြီး ဒဏ်ရာအပြင်းအထန်ရလာခဲ့သည်။
လူအိုကြီးရွှမ်က သူ့ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။
“အဲဒီလူက ငါ့ကို တစ်ချက်ကြည့်ရုံနဲ့ ငါ့ရဲ့ကောင်းကင်လိုဏ်ဂူက ကြေမွသွားခဲ့တယ်… သူသာ ငါ့ကို တကယ်ပဲ သတ်ဖြတ်ချင်တယ်ဆိုရင် ငါက ပြန်ရောက်လာနိုင်မှာမဟုတ်ဘူး”
လူအိုကြီးရွှမ်က တက္ကသိုလ်ဂိုဏ်းချုပ်ကို တွေဝေရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်၏။
“တကယ်တော့ ဆူဇီမိုက တာအိုနှလုံးသားလှေကားမှာ ဒသမမြောက် လှေကားထစ်ကို စုဖွဲ့ပြီး မင်းက သူ့ကို တပည့်အဖြစ်လက်ခံဖို့ ပေါ်ထွက်လာတုန်းက ငါက တစ်ခုခုလွဲမှားနေတာကို အာရုံခံမိခဲ့တယ်”
တက္ကသိုလ်ဂိုဏ်းချုပ်က ညင်သာစွာ ပြုံးလိုက်၏။
“အဲဒါကြောင့်ပဲ မင်းက ဆူဇီမိုကို ငါ့ရဲ့တပည့် ချက်ချင်းမဖြစ်စေလိုဘဲ ငါနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့တာပေါ့လေ”
“ဟုတ်တယ်”
လူအိုကြီးရွှမ်က ပြောလိုက်၏။
“အဲဒီအချိန်တုန်းက မင်းက ခြေတစ်လှမ်းနောက်ဆုတ်ပြီး သူ့ကို အမည်ခံတပည့်အဖြစ် လက်ခံခဲ့တယ်… သူက ပကတိဧကနယ်ပယ်အထိ ကျင့်ကြံပြီးမှပဲ သူ့ရဲ့ အမှန်တကယ် ဆုံးဖြတ်ချက်ကို ချနိုင်လိမ့်မယ်”
“ဒါပေမဲ့ မင်းက အဲဒီ ပို့ဆောင်ရေး ကျောက်စိမ်းတံဆိပ်ပြားနဲ့ အကောက်ကြံနိုင်ခဲ့သေးတာပဲ”
ဆူဇီမိုက တိတ်တဆိတ် ထိတ်လန့်သွား၏။
လူအိုကြီးရွှမ်နှင့် တက္ကသိုလ်ဂိုဏ်းချုပ်ကြား ကစားပွဲက စတင်နေခဲ့သည်မှာ ကြာခဲ့လေပြီ။
ဒါ့အပြင် ဤအခိုက်အတန့်မှာ လူအိုကြီးရွှမ်၏ ပေါ်ထွက်လာမှုသည် တက္ကသိုလ်ဂိုဏ်းချုပ်၏ တွက်ချက်မှုအတွင်းမှာပင် ရှိနေသေးလေသည်။
လူအိုကြီးရွှမ်သည်လည်း ဤကစားပွဲမှာ ပါဝင်ပတ်သက်ခဲ့ရလေသည်။
တက္ကသိုလ်ဂိုဏ်းချုပ်၏ အကွက်ချကြံစည်မှုသည် အကန့်အသတ်ရှိပုံမရပေ။ အဲဒါသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၊ သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းနှင့် နည်းစနစ်သိုလှောင်ရုံသာလျှင် မကတော့ပေ။ သူ၏ အလိုဆန္ဒက ထိုထက်ပိုနေပုံရသည်။
“အဲဒါကို တားဆီးဖို့ အချိန်ကျပြီပဲ”
လူအိုကြီးရွှမ်က တက္ကသိုလ်ဂိုဏ်းချုပ်ကိုကြည့်ပြီး ထပ်မံ၍ သက်ပြင်းချလိုက်၏။
တက္ကသိုလ်ဂိုဏ်းချုပ်က အမူအရာကင်းမဲ့နေပြီး သူ၏ အပြုံးကို ဖြည်းဖြည်းချင်း ရုတ်သိမ်းလိုက်၏။
“မင်းက ငါ့ကို တားနိုင်မယ် ထင်လို့လား”
တက္ကသိုလ်ဂိုဏ်းချုပ်က ပြန်မေးလိုက်လေသည်။