ရည်မှန်းချက်များ
Vol. 180 Ch. 2696
လူအိုကြီးရွှမ်ရဲ့ အမူအရာက တည်တံ့လာပြီး သူက မေးလိုက်၏။
“မင်းလိုချင်တာ အတိအကျ ဘာလဲ… အဲဒါက လုံလောက်ပြီလို့ မင်းမထင်သေးဘူးလား”
“ဘယ်လုံလောက်ပါ့မလဲ”
တက္ကသိုလ်ဂိုဏ်းချုပ်က ပြောလိုက်၏။
“ငါက ဂမ္ဘီရမိုးကောင်းကင်နန်းတော်ရဲ့နေရာကို ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်နဲ့ အစားထိုးပြီး ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကို သိမ်းပိုက်မယ်… အနာဂတ်မှာ ငါက မိုးကောင်းကင်ကိုးလွှာကိုတောင်မှ စည်းရုံးသိမ်းပိုက်မယ်”
လူအိုကြီးရွှမ်က ထိုစကားကို ကြားသောအခါ သူက အံ့အားသင့်သွားခြင်းမရှိသည့်အလား သူ၏ အမူအရာက တည်ငြိမ်နေ၏။
“မိုးကောင်းကင်ကိုးလွှာကို သိမ်းပိုက်ပြီးရင်တောင် မင်းက ရပ်တန့်မှာ မဟုတ်လောက်ဘူး… မင်းက သုခဘုံသန့်စင်ကုန်းမြေနဲ့ မိစ္ဆာမဟာနယ်မြေကို သိမ်းပိုက်ဖို့ အခွင့်အလမ်းတစ်ရပ်ကို သေချာပေါက်ရှာဦးမှာပဲ”
“မင်းက ကောင်းကင်ဘုံကမ္ဘာကို မင်းရဲ့ထိန်းချုပ်မှုအောက် ရောက်လာအောင် ကြိုးစားလိမ့်မယ်”
လူအိုကြီးရွှမ်က တက္ကသိုလ်ဂိုဏ်းချုပ်ကိုကြည့်ပြီး ညင်သာစွာ သက်ပြင်းချလိုက်၏။
“ဘယ်လောက်တောင် ရည်မှန်းချက်ကြီးမားလိုက်လဲ”
ဆူဇီမိုက တိတ်တဆိတ် ထိတ်လန့်သွား၏။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သည် ကောင်းကင်အဆင့်အဖွဲ့အစည်းတစ်ခုဖြစ်သော်လည်း မိုးကောင်းကင်ကိုးလွှာအင်ပါယာမဟာနယ်မြေတစ်ခုလုံးမှာ ကောင်းကင်အဆင့်အဖွဲ့အစည်းများစွာရှိလေသည်။ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က ပြောပလောက်စရာ မဟုတ်ပေ။
ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်ဖို့မပြောနှင့်… ဂမ္ဘီရမိုးကောင်းကင်နန်းတော်နေရာကို ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်နှင့် အစားထိုးဖို့ကပင် ကောင်းကင်ဘုံကို တက်လှမ်းရသလောက် ခက်ခဲလေသည်။
“ဘာများမှားနေလို့လဲ”
တက္ကသိုလ်ဂိုဏ်းချုပ်က ပြောလိုက်၏။
“ဒီဘက်မျိုးဆက်မှာ ကစဉ့်ကလျားအခြေအနေက ဆင်းသက်လာဖို့များနေပြီ… ကောင်းကင်ဘုံကမ္ဘာကို သိမ်းပိုက်ထားမှပဲ ကစဉ့်ကလျားအခြေအနေမှာ ငါတို့တွေက ရှင်သန်နိုင်မယ်”
“အဲဒါက ဆင်ခြေတစ်ခုပါပဲ”
လူအိုကြီးရွှမ်က ခေါင်းခါပြလိုက်၏။
“မင်းက ဆင်းသက်လာမယ့် ကစဉ့်ကလျားအခြေအနေအပေါ် အခွင့်ကောင်းယူပြီး ကောင်းကင်ဘုံကမ္ဘာရဲ့အရှင်သခင် ဖြစ်လာချင်နေရုံပဲ”
ကစဉ့်ကလျားအခြေအနေလား။
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။
တက္ကသိုလ်ဂိုဏ်းချုပ်ပြောသည့် ကစဉ့်ကလျားအခြေအနေသည် စာအုပ်အင်မော်တယ်ယွင်ကျူး သူ့ကို တစ်ခါကပြောခဲ့ဖူးသည့် ကမ္ဘာတစ်ထောင်သုံးဆင့်လောကကို တိုက်ခတ်လာမည့် ကစဉ့်ကလျားနှင့် အတူတူပဲလား။
ဤကစဉ့်ကလျားအခြေအနေမှာ ခေတ်ဆယ်ခေတ်ကြာ တည်ရှိလာခဲ့သည့် ကြောက်စရာကောင်းသော ပုဂ္ဂိုလ်တစ်ဦး ပါဝင်ပတ်သက်နေပုံရလေသည်။ မိစ္ဆာအရှင်….။
လူအိုကြီးရွှမ်က ဆက်ပြောလိုက်၏။
“မင်းက ကောင်းကင်ဘုံကမ္ဘာရဲ့ အရှင်သခင်ဖြစ်လာရင်တောင် မင်းက စိတ်ကျေနပ်အားရဦးမှာ မဟုတ်သေးဘူး… အခွင့်အရေးရမယ်ဆိုရင် မင်းက ကမ္ဘာတစ်ဆယ် ဒါမှမဟုတ် ကမ္ဘာတစ်ရာရဲ့ အရှင်သခင်ဖြစ်လာဖို့ ကြိုးစားဦးမှာပဲ”
တက္ကသိုလ်ဂိုဏ်းချုပ်က တိတ်တဆိတ် သဘောတူလက်ခံလိုက်သည့်အလား မှင်သေသေဖြင့်ပြုံး၍ ခွန်းတုံ့ပြန်ခြင်းမရှိပေ။
လူအိုကြီးရွှမ်က သက်ပြင်းချလိုက်၏။
“ဆရာက မင်းရဲ့အစွမ်းအစတွေကို ကောင်းကောင်းသိထားတယ်… မင်းက ဟာကွက်မဲ့တဲ့ တွက်ချက်မှုတွေနဲ့ တသားတည်းကျနေပြီလို့ သူက ချီးကျူးခဲ့တာပဲ… ဒါပေမဲ့ မင်းက ရည်မှန်းချက်ကြီးမားလွန်းတယ်ဆိုတာကိုလည်း သူသိထားတယ်”
“ငါ့ရှေ့မှာ အဲဒီအဘိုးကြီးအကြောင်း မပြောစမ်းနဲ့”
ရုတ်တရက် တက္ကသိုလ်ဂိုဏ်းချုပ်သည် စိတ်မရှည်နိုင်သော အမူအရာဖြင့် မျက်မှောင်အနည်းငယ်ကြုတ်ပြီး လူအိုကြီးရွှမ်ကို ဖြတ်အော်လိုက်လေသည်။
ဆူဇီမိုက အံ့အားသင့်သွားရ၏။
တက္ကသိုလ်ဂိုဏ်းချုပ်သည် အမြဲတမ်း တည်ငြိမ်နေခဲ့ပြီး ဉာဏ်ပညာဖြင့် ပြည့်နှက်နေခဲ့၏။ သူသည် လောကမှာရှိသော အရာရာတိုင်းကို ထွင်းဖောက်မြင်နိုင်သည့် အနန္တတန်ခိုးရှင်တစ်ဦးဖြစ်သည့်အလားပင်။
ထိုအခိုက်အတန့်မှာ တက္ကသိုလ်ဂိုဏ်းချုပ်သည် သူ၏ ဣန္ဒြေကို ဆုံးရှုံးသွားပြီး သူနှင့်လူအိုကြီးရွှမ်၏ ဆရာဆိုသူအပေါ် အလွန်တရာ လေးစားမှုကင်းမဲ့နေ၏။
လူအိုကြီးရွှမ်က ပြောလိုက်၏။
“မင်းဒီလိုပုံစံမဖြစ်သင့်ဘူး… သူက ငါတို့ရဲ့ဆရာတင် မဟုတ်ဘူး… မင်းရဲ့အဖေလည်း ဟုတ်တယ်”
“အဖေတဲ့လား”
တက္ကသိုလ်ဂိုဏ်းချုပ်က လှောင်ရယ်လိုက်၏။
“သူက ထိုက်တန်လို့လား”
ဆူဇီမိုက ပို၍ပင် တွေဝေရှုပ်ထွေးလာခဲ့၏။
တက္ကသိုလ်ဂိုဏ်းချုပ်သည် သူ့အဖေ သို့မဟုတ် သူ့ဆရာနှင့် ကြီးမားသော ရန်ငြိုးရန်စတစ်ခု ရှိနေပုံရသည်။
လူအိုကြီးရွှမ်က ပြောလိုက်သည်။
“အဲဒီအချိန်တုန်းက မင်းအမေက စုန်းကမ္ဘာမှာ ရှိနေတာပဲ… အခြေအနေအရ မင်းကို ကယ်တင်ပေးခဲ့တာက ဆရာ့ရဲ့အကန့်အသတ်ဖြစ်နေပြီ… မင်းအမေသေသွားတာက ဆရာနဲ့ ဘာမှမဆိုင်ဘူး”
ဆူဇီမိုက တိတ်တဆိတ် ဆွံ့အသွားလေ၏။
တက္ကသိုလ်ဂိုဏ်းချုပ်သည် စုန်းမျိုးနွယ်က အဖွဲ့ဝင်တစ်ယောက်ဖြစ်နိုင်သည်ဟု သူက စောစောကတင် ခန့်မှန်းမိခဲ့၏။
ကြည့်ရသည်မှာ သူ့၏ ခန့်မှန်းချက်က တစ်ဝက်သာမှန်နေပုံရသည်။
အတိအကျဆိုရလျှင် တက္ကသိုလ်ဂိုဏ်းချုပ်၏ ကိုယ်ထဲမှာ စုန်းမျိုးနွယ်၏ မျိုးဆက်သွေးတစ်စိတ်တစ်ပိုင်းက လှည့်ပတ်စီးဆင်းနေလေသည်။
“ဒါဆို သူ ငါ့ကို ဘာလို့ကယ်တင်ခဲ့တာလဲ… သူက ငါ့ကို တစ်ချိန်လုံး စောင့်ကြည့်နေနိုင်ဖို့ပဲမလား”
တက္ကသိုလ်ဂိုဏ်းချုပ်၏ လေသံက အေးစက်လာပြီး သူက ဖြည်းဖြည်းချင်းပြောလိုက်၏။
“အဲဒီအဘိုးကြီးက ငါ့ကို ဘယ်တုန်းကမှ သူ့သွေးသားရင်းလို မဆက်ဆံခဲ့ဘူး… သူက ငါ့ကို ပြင်ပမျိုးနွယ်က လူတစ်ယောက်အဖြစ် အမြဲတမ်း ပြုမူဆက်ဆံခဲ့တာပဲ… သူက ငါ့ကို အမြဲတမ်း သတိထားစောင့်ကြည့်နေခဲ့တယ်”
“မင်း ဘာစကားတွေ ပြောနေတာလဲ”
လူအိုကြီးရွှမ်မှာ တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုရှိလာပြီး သူက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဆရာက သူ့ဘဝမှာ ဘယ်တုန်းကမှ လက်မထပ်ခဲ့ဘူး… မင်းက သူ့ရဲ့တစ်ဦးတည်းသောသားပဲ… သူက မင်းကို ပြင်ပမျိုးနွယ်က လူတစ်ယောက်အဖြစ် ဘာလို့ရှုမြင်ရမှာလဲ”
“သူက မင်းကို ပြင်ပမျိုးနွယ်က လူတစ်ယောက်အဖြစ် ရှုမြင်ထားမယ်ဆိုရင် သူက မင်းကို ဘာလို့ တာအိုကို သင်ကြားပေးခဲ့မှာလဲ… သူက မင်းကို ဘာလို့ တက္ကသိုလ်ဂိုဏ်းချုပ်ရာထူးကို ပေးခဲ့မှာလဲ”
“ဟားဟားဟား”
ထိုစကားကိုကြားသောအခါ တက္ကသိုလ်ဂိုဏ်းချုပ်၏ အမူအရာက သုန်မှုန်လာပြီး ကြက်သီးထဖွယ်ရာ နက်ရှိုင်းစွာ ရယ်မောလိုက်လေသည်။
တက္ကသိုလ်ဂိုဏ်းချုပ်က ပြောလိုက်၏။
“သူက ငါ့ကို တက္ကသိုလ်ဂိုဏ်းချုပ်ရာထူးပေးခဲ့တယ်… ဒါပေမဲ့ သူက ငါ့ကို မယုံကြည်ခဲ့ဘူး… အဲဒါကြောင့်ပဲ ငါ့ကိုစောင့်ကြည့်ဖို့ သူက မင်းကို စီစဉ်ပေးခဲ့တာပဲ”
“ငါတို့မျိုးနွယ်က မဟုတ်တဲ့သူတွေမှာ မကောင်းတဲ့ရည်ရွယ်ချက်တွေရှိတယ်ဆိုတဲ့မူကို သူက အမြဲတမ်း ယုံကြည်နေခဲ့တာ… သူသေသွားတာတောင်မှ သူက ငါ့ကိုစောင့်ကြည့်ဖို့ မင်းကို ထားခဲ့တုန်းပဲ”
လူအိုကြီးရွှမ်က မှင်သေသေဖြင့်ပြောလိုက်၏။
“ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်ကို တည်ထောင်ခဲ့ပြီးကတည်းက အကြီးအကဲ-၁၀ရာထူးဆိုတာ အမြဲတမ်း အမှောင်ထဲမှာ အမြဲတမ်းရှိနေခဲ့ရတာပဲ”
“အကြီးအကဲ-၁၀ရဲ့ အဓိကတာဝန်က သူ့ကိုယ်သူ ကောင်းကောင်းဖုံးကွယ်ထားဖို့ပဲ… တက္ကသိုလ်က ဖျက်ဆီးခံရမယ့်ဘေးနဲ့ ကြုံတွေ့ရမယ်ဆိုရင် အကြီးအကဲ-၁၀က တစ်ယောက်တည်း ထွက်ပြေးတိမ်းရှောင်ပြီး တက္ကသိုလ်ရဲ့အမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ်”
ထိုနေရာရောက်မှ ဆူဇီမိုက နားလည်သဘောပေါက်လာခဲ့၏။
သူထင်တာ မမှားဘူးဆိုလျှင် လူအိုကြီးရွှမ်က အကြီးအကဲ-၁၀ ဖြစ်ပေမည်။
အကြီးအကဲ-၁၀၏ အခန်းကဏ္ဍသည် တက္ကသိုလ်၏ အမွေအနှစ်ကို အဆုံးမသတ်စေဘဲ မည်သည့်အခြေအနေနှင့်ကြုံတွေ့ရသည်ဖြစ်စေ ဆက်လက်၍ ထိန်းသိမ်းထားနိုင်ဖို့ဖြစ်လေ၏။
တက္ကသိုလ်ဂိုဏ်းချုပ်က လွဲလျှင် အကြီးအကဲ-၁၀၏ သရုပ်သကန်ကို မည်သူကမှ မသိရှိကြပေ။
တက္ကသိုလ်မှာ ပုန်ကန်မှုတစ်ခုခု ပေါ်ထွက်လာမည်ဆိုလျှင်တောင် သို့မဟုတ် သူတို့သည် ကပ်ဘေးတစ်ခုနှင့်ကြုံတွေ့ရမည်ဆိုလျှင်တောင် အကြီးအကဲ-၁၀သည် ထွက်ပြေးတိမ်းရှောင်ကာ တစ်ကျော့ပြန်လာနိုင်ဦးမည်ဖြစ်လေသည်။
အကြီးအကဲ-၁၀၏ သရုပ်သကန်က လျှို့ဝှက်ချက်ဖြစ်သော်လည်း တက္ကသိုလ်မှာ သူ၏ အဆင့်အတန်းသည် တက္ကသိုလ်ဂိုဏ်းချုပ်ထက် မနိမ့်ကျပေ။
ထို့ကြောင့်ပင် လူအိုကြီးရွှမ်သည် တာအိုနှလုံးသားလှေကားရှေ့မှာတုန်းက တက္ကသိုလ်ဂိုဏ်းချုပ်ကို ထိုကဲ့သို့သော လေသံဖြင့် ပြောဆိုနိုင်ခဲ့ခြင်းဖြစ်လေသည်။
“ဟဲဟဲ”
တက္ကသိုလ်ဂိုဏ်းချုပ်က ပြုံးလိုက်၏။
“မင်းမတိုင်ခင်ကဆိုရင် အကြီးအကဲ-၁၀ဆိုတာ တက္ကသိုလ်ရဲ့အမွေအနှစ်ကို ထိန်းသိမ်းဖို့ တာဝန်ယူထားရတယ်ဆိုတာ တကယ်ပဲ… ဒါပေမဲ့ ဟိုအဘိုးကြီးက မင်းကို အကြီးအကဲ-၁၀နေရာ ပေးခဲ့တယ်ဆိုတာ တက္ကသိုလ်ရဲ့အမွေအနှစ်ကို ထိန်းသိမ်းဖို့အပြင် အရေးကြီးဆုံး အကြောင်းရင်းက ငါ့ကို မျက်စိဒေါက်ထောက်စောင့်ကြည့်ထားဖို့ပဲ”
လူအိုကြီးရွှမ်သည် တက္ကသိုလ်ဂိုဏ်းချုပ်ပြောသည့်စကားကို သဘောတူလက်ခံလိုက်သည့်အလား နှုတ်ဆိတ်သွားလေသည်။
ခဏနေပြီးနောက် လူအိုကြီးရွှမ်က ပြောလိုက်၏။
“ဆရာက ငါ့ကိုသတိပေးခဲ့တယ်… ဒါပေမဲ့ အဲဒါ သူက မင်းကို ပြင်ပမျိုးနွယ်က လူတစ်ယောက်အဖြစ် သတ်မှတ်ထားလို့ မဟုတ်ဘူး… မင်းရဲ့ရည်မှန်းချက်တွေက အရမ်းကြီးမားလွန်းလို့ တက္ကသိုလ်အတွက် ကပ်ဘေးတစ်ခုဖြစ်လာနိုင်တယ်ဆိုတာကို ဆရာက စိုးရိမ်ပူပန်ခဲ့မိလို့ပဲ”
“ငါရှိနေသ၍ ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်က သူတို့အရင်ဘယ်တုန်းကမှ မရောက်ခဲ့ဖူးတဲ့ အမြင့်တစ်နေရာကို ရောက်ရှိလာနိုင်မယ်”
တက္ကသိုလ်ဂိုဏ်းချုပ်က ဖြည်းဖြည်းချင်းပြောလိုက်၏။
“ငါတစ်ယောက်ကပဲ ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်ကို ကောင်းကင်ဘုံကမ္ဘာရဲ့ တစ်ဦးတည်းသော အရှင်သခင်ဖြစ်လာဖို့ ဦးဆောင်နိုင်လိမ့်မယ်”
လူအိုကြီးရွှမ်က သက်ပြင်းချလိုက်၏။
“ဒါပေမဲ့ ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်က ဒီနှစ်တွေထဲမှာ အများကြီးပြောင်းလဲသွားခဲ့ပြီ”
တက္ကသိုလ်မှာရှိတဲ့ တပည့်ဂိုဏ်းသားတွေက ပေါ်ပေါ်ထင်ထင်တစ်မျိုး… ခိုးကြောင်ခိုးဝှက်တစ်မျိုး ယှဉ်ပြိုင်တိုက်ခိုက်နေကြတယ်… ဒါတောင် မင်းက သူတို့ကို လျစ်လျူရှုပြီး တက္ကသိုလ်မှာ အဖွဲ့အမျိုးမျိုးကွဲထွက်စေခဲ့တယ်… အဲဒါက တက္ကသိုလ်အတွက် ဘာအကျိုးအမြတ် ရှိလာမှာမို့လို့လဲ”
“ဒီလိုမျိုးတိုက်ခိုက်မှုတွေက တက္ကသိုလ်က တပည့်ဂိုဏ်းသားတွေကို ပိုပြီးတော့ မြန်မြန်ဆန်ဆန်ကြီးပြင်းစေလိမ့်မယ်လို့ မင်းက တစ်ခါရှင်းပြခဲ့ဖူးတယ်… ဒါပေမဲ့ အဲဒါက မင်းရဲ့ရည်မှန်းချက် လုံးဝမဟုတ်ဘူးဆိုတာ မင်းရောငါရော သိထားတာပဲ”
“မင်းက တပည့်ဂိုဏ်းသားတွေကို တိုက်ခိုက်ခွင့်ပေးထားတယ်ဆိုတာ မင်းက ဂူကောင်တွေကို ဖန်တီးသလိုမျိုး သူတို့ကို ပြုစုပျိုးထောင်နေတာမို့လို့ပဲ… အဲ့လိုလူမျိုးတွေက ကြီးပြင်းလာတဲ့အခါ သူတို့ရဲ့စိတ်နေစိတ်ထားတွေက လုံးဝပျက်စီးသွားလိမ့်မယ်”
တက္ကသိုလ်ဂိုဏ်းချုပ်က ထိုအချက်နှင့်ပတ်သက်၍ ငြင်းဆန်ခြင်း မရှိပေ။
တက္ကသိုလ်ဂိုဏ်းချုပ်က ညင်သာစွာ ပြုံးပြလိုက်၏။
“အဲဒါက အကြောင်းပြချက်တွေထဲက တစ်ခုပဲ… အဲဒီလူတွေက အောက်ခြေမှာ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေမယ်ဆိုရင် တက္ကသိုလ်မှာ ငါ့ရဲ့အဆင့်အတန်းကို ကိုင်လှုပ်လို့ရမှာ မဟုတ်တော့ဘူး… အဲဒါက စွမ်းအားပဲ… အဲဒါက လူသားနှလုံးသားပဲ”
“အခုချိန်မှာ တက္ကသိုလ်က မဟာအကြီးအကဲကိုးဦးက ငါ့ဆီမှာ အညံ့ခံပြီးသွားပြီ… မင်းက ငါ့ကို ထိန်းချုပ်နိုင်မယ် ထင်နေလို့လား”
“ငါက မင်းကို ဒီစစ်တုရင်ကစားပွဲထဲမှာ ဆွဲထည့်ခဲ့တယ်ဆိုတာ မင်းကို ရှင်းပစ်ဖို့ပဲ”
“အစကတော့ ငါတို့ရဲ့ ဆရာတူတပည့်ဆက်ဆံရေးကို ထောက်ထားပြီး ငါက အဲဒါကို ကိုယ်တိုင်ပြုလုပ်ဖို့ စိတ်ကူးမရှိခဲ့ဘူး… ဒါပေမဲ့ မင်းက မဟာထျဲဝေတောင်ကနေ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့တယ်ဆိုမှတော့ ဒီနေ့ မင်းရဲ့ တမလွန်လမ်းကြောင်းပေါ် ငါက မင်းကို ကိုယ်တိုင်ပို့ပေးရတော့မှာပေါ့”
လူအိုကြီးရွှမ်၏ အမူအရာက တည်တံ့လာခဲ့၏။
ယနေ့ သူတို့နှစ်ယောက်ကြား တစ်ယောက်ယောက်က သေချာပေါက်သေရတော့မည်ကို သူ၏ ရင်ထဲမှာ သိရှိလိုက်လေသည်။
“အဲဒါက သူနဲ့ ဘာမှမဆိုင်ဘူး… သူ့ရဲ့ ဆရာအာခံကျိန်စာကို ပြန်ထုတ်ပြီး သူ့ကို လွှတ်ပေးလိုက်”
လူအိုကြီးရွှမ်က မလှမ်းမကမ်းမှာရှိသော ဆူဇီမိုကို တစ်ချက်ကြည့်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။