← Chapters

ဧကရာဇ်တစ်ပိုင်းအဆင့်

Vol. 180 Ch. 2698

ဧကရာဇ်တစ်ပိုင်းအဆင့်

Vol. 180 Ch. 2698

ချီမင်ရဲ့ စွမ်းအားကိုးမျိုး လျှို့ဝှက်အတတ်နှင့်အတူ တက္ကသိုလ်ဂိုဏ်းချုပ်၏ အော်ရာက အလွန်တရာရှုပ်ထွေးလာခဲ့၏။

လျှို့ဝှက်အတတ်၏ စွမ်းအားကိုးမျိုးသည် သူ၏ တိုက်ခိုက်ရည်ခွန်အားကို မြှင့်တင်ရန်အတွက် မတူညီသောပုံစံများနှင့် ကွဲပြားသော မျိုးနွယ်စုများမှ စွမ်းအားကို ငှားရမ်းအသုံးချနိုင်သည့်အလားပင်။

တက္ကသိုလ်ဂိုဏ်းချုပ်သည် လေထဲမှာရှိသော မီး​ခိုးရောင်ဆံပင်နှင့်အဖိုးအိုထံ ပြေးဝင်သွားလေသည်။ သူရောက်မလာခင်မှာပင် အဖိုးအိုက ဆက်လက်၍တောင့်မခံနိုင်တော့ဘဲ သူ၏ အော်ရာက လုံးလုံးလျားလျားဖိနှိမ်ခံလိုက်ရ၏။

လူအိုကြီးရွှမ်က ရှေ့သို့ခုန်တက်ပြီး သူ၏ ပကတိကောင်းကင်လိုဏ်ဂူကို ထုတ်ဖော်လိုက်၏။ သူက မီးခိုးရောင်ဆံပင်နှင့်အဖိုးအိုဘေးမှာ မတ်တတ်ရပ်ပြီး တက္ကသိုလ်ဂိုဏ်းချုပ်နှင့် တိုက်ခိုက်ဖို့ပြင်လိုက်လေသည်။

ထိုသည်ကို တွေ့မြင်သောအခါ တက္ကသိုလ်ဂိုဏ်းချုပ်က ညင်သာစွာပြုံးလိုက်၏။

“ဒါလည်းအခန့်သင့်တာပဲ... မင်းကို ငါ့ရဲ့နည်းလမ်းတွေကို ပြပေးရတာပေါ့”

ဧရာမကောင်းကင်လိုဏ်ဂူတစ်ခုသည် တက္ကသိုလ်ဂိုဏ်းချုပ်၏ နောက်ဘက်မှာ ပေါ်ထွက်လာ၏။ သူ၏ ကောင်းကင်လိုဏ်ဂူမှာ ဧရာမကြယ်များက တလိပ်လိပ်ထိုးတက်နေပြီး ဆူညံပွက်လောက်ရိုက်နေသော မော်တယ်ဘုံနှင့် လောကမှာရှိသောအခြား အရာရာတိုင်း ပါဝင်နေသည့်အလားပင်။

ဤကောင်းကင်လိုဏ်ဂူက အရာရာတိုင်းကိုလွှမ်းခြုံထား၏။

ပို၍ပင်ကြောက်စရာကောင်းသည့်အရာမှာ တက္ကသိုလ်ဂိုဏ်းချုပ်၏ ကောင်းကင်လိုဏ်ဂူသည် အရာရာတိုင်းကို ဖိနှိမ်နိုင်သည့်အလား ချောက်ချားစရာကောင်းသောစွမ်းအားတစ်ခုကို ဖြာထုတ်ပေးနေ၏။

“မင်းရဲ့ကောင်းကင်လိုဏ်ဂူက...”

လူအိုကြီးရွှမ်က တက္ကသိုလ်ဂိုဏ်းချုပ်၏ နောက်ဘက်ရှိ ပကတိကောင်းကင်လိုဏ်ဂူကိုကြည့်ပြီး သူ၏ သူငယ်အိမ်နှစ်ဖက်က တဆတ်ဆတ်လှုပ်ကာ ကျောရိုးတစ်လျှောက်ချမ်းစိမ့်လာခဲ့၏။

“မင်းအဲဒါကို ခံစားမိတယ်မလား”

တက္ကသိုလ်ဂိုဏ်းချုပ်က ရယ်မောပြောဆိုလိုက်၏။

“မင်းက ဧကရာဇ်တစ်ပိုင်းအဆင့်ကို ရောက်လာခဲ့ပြီပဲ”

လူအိုကြီးရွှမ်က အံ့အားတသင့်ရရွတ်လိုက်၏။

တက္ကသိုလ်ဂိုဏ်းချုပ်၏ ကောင်းကင်လိုဏ်ဂူမှာ လောကစွမ်းအားတစ်စွန်းတစ်စ ပါဝင်နေပြီဖြစ်လေသည်။

အဲဒါက စွမ်းအားတစ်စွန်းတစ်စသာဖြစ်သော်လည်း ကွာဟချက်က တိုင်းတာ၍မရနိုင်အောင်ဖြစ်ပြီး သူတို့၏ ကောင်းကင်လိုဏ်ဂူများကြားမှာ ရင်ကြားမစေ့နိုင်သော ကွာခြားချက်တစ်ခုရှိနေ၏။

ဆူဇီမို၏ အမူအရာက သုန်မှုန်လာပြီး သူ၏ အော်ရာက ပို၍အားနည်းလာခဲ့၏။

လူအိုကြီးရွှမ်၏ စကားကိုကြားသောအခါ သူက နားလည်သဘောပေါက်လာခဲ့၏။

အင်မော်တယ်ဘုရင်ညတာရှည် သေဆုံးသွားခဲ့စဥ်က သိုင်းတာအိုပင်မခန္ဓာသည် ဧကရာဇ်တစ်ပါး၏ အော်ရာတစ်စွန်းတစ်စကို အာရုံခံမိခဲ့သည်မှာ မထူးဆန်းတော့ပေ။

ဆူဇီမိုက ကြိတ်၍သက်ပြင်းချလိုက်၏။

တက္ကသိုလ်ဂိုဏ်းချုပ်၏ စွမ်းအားသည် သူတွေးထင်ထားသည်ထက်ပင် များစွာကျော်လွန်နေ၏။

စစ်တုရင်ကစားပွဲ၏ ဤ​အခြေအနေအရောက်မှာ အရာရာတိုင်းနှင့် အလှည့်အပြောင်းများအားလုံးသည် တက္ကသိုလ်ဂိုဏ်းချုပ်၏ ထိန်းချုပ်မှုအတွင်းမှာ ရှိနေလေသည်။

လူအိုကြီးရွှမ်၏ ရောက်ရှိလာမှုကပင်လျှင် တက္ကသိုလ်ဂိုဏ်းချုပ်၏ တွက်ချက်မှုထဲမှာရှိနေ၏။

တက္ကသိုလ်ဂိုဏ်းချုပ်သည် ယခင်ဂိုဏ်းချုပ်က သူ့ကိုကိုင်တွယ်ဖို့အတွက် နည်းလမ်းတချို့ ချန်ထားခဲ့မည်ကိုပင် ကြိုတွက်ထားလေသည်။ ထို့ကြောင့်ပင် သူက နှစ်ပေါင်းများစွာကြာအောင် နှိမ့်နှိမ့်ချချနေထိုင်ပြီး ​လူအိုကြီးရွှမ်ကို မတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သို့သော်ယခု တက္ကသိုလ်ဂိုဏ်းချုပ်က ဧကရာဇ်တစ်ပိုင်းအဆင့်ကို ရောက်လာခဲ့ပြီဖြစ်သည်။

လူအိုကြီးရွှမ်သည် ယခင်က ဒဏ်ရာအပြင်းအထန်ရထားပြီး ယခုအချိန်ထိ သက်သာပျောက်ကင်းခြင်းမရှိသေးပေ။

ယခင်ဂိုဏ်းချုပ်ချန်ပေးထားခဲ့သော ဝှက်ဖဲနှင့်ပင်လျှင် သူသည် ဧကရာဇ်တစ်ပိုင်းအဆင့်ကို ရောက်ရှိနေသော တက္ကသိုလ်ဂိုဏ်းချုပ်ကို မခုခံနိုင်တော့ပေ။

တက္ကသိုလ်ဂိုဏ်းချုပ်က ဤစစ်တုရင်ကစားပွဲကို နှစ်ပေါင်းများစွာကြာအောင် အစီအစဥ်ချလာခဲ့ပြီး နောက်ဆုံးမှာတော့ သူ၏ နောက်ဆုံးရွှေ့ကွက်ကို ရောက်ရှိလာခဲ့ပြီဖြစ်၏။

အချိန်ကျလာသည့်အခါ တက္ကသိုလ်ဂိုဏ်းချုပ်သည် အစိမ်းရောင်ကြာပန်းအသားကိုသာမက သူသည် ပြီးပြည့်စုံသော တဗူးဂမ္ဘီရကျင့်စဥ်နှစ်ခုနှင့် ယင်ယန်အဆောင်သုတ္တန်ကိုပါရရှိနိုင်မည်ဖြစ်လေသည်။ သူသည် လူအိုကြီးရွှမ်ကိုပါ ရှင်းထုတ်ကာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို အပြည့်အဝထိန်းချုပ်လာနိုင်တော့မည် ဖြစ်လေသည်။

တက္ကသိုလ်ဂိုဏ်းချုပ်၏ အကြံအစည်က အရမ်းကို ကြီးမားကျယ်ပြန့်လွန်းလေသည်။

သူသည် နောက်ဆုံးမှာ အရာများစွာကို တစ်ထိုင်တည်း ဝါးမျိုနိုင်မည်ဖြစ်လေသည်။

သူ၏ တိကျသောတွက်ချက်မှုများနှင့် အခြေအနေအရပ်ရပ်အပေါ် ကိုင်တွယ်ထိန်းချုပ်နိုင်မှုတို့အပြင် တက္ကသိုလ်ဂိုဏ်းချုပ်မှာ နောက်ထပ်ဝှက်ဖဲတစ်ခုရှိနေသေး၏။

သူ့မှာ ဧကရာဇ်တစ်ပိုင်းအဆင့်ခွန်အားရှိလေသည်။

ထိုရွှေ့ကွက်တစ်ခုတည်းကပင် အလှည့်အပြောင်းများစွာကို ရှင်းလင်းပစ်ဖို့လုံလောက်နေပြီဖြစ်၏။ လူတိုင်းသည် သူ၏ စစ်တုရင်အရုပ်များသာဖြစ်လေသည်။ သူတို့က ဤကစားပွဲမှာ ဘယ်လိုလုပ်အနိုင်ရနိုင်ပါ့မလဲ။

ဝုန်း...

လူအိုကြီးရွှမ်၏ ပကတိကောင်းကင်လိုဏ်ဂူက တက္ကသိုလ်ဂိုဏ်းချုပ်၏ ကောင်းကင်လိုဏ်ဂူနှင့် ကျယ်လောင်စွာထိတွေ့ရိုက်ခတ်သွား၏။

ချက်ချင်းနီးပါးပင် လူအိုကြီးရွှမ်၏ ပကတိကောင်းကင်လိုဏ်ဂူမှာ အက်ကွဲကြောင်းများပေါ်ထွက်လာပြီး အဲဒါက အချိန်မရွေးလဲပြိုကျသွားနိုင်သည်။

သူ၏ ပကတိကောင်းကင်လိုဏ်ဂူသည် တစ်ခါက သင်္ချိုင်းစောင့်၏ အကြည့်တစ်ချက်ကြောင့် နေရာမှာပင်လဲပြိုကျပြီး သူက ဒဏ်ရာအပြင်းအထန်ရရှိထားခဲ့လေသည်။

ယခုအချိန်ထိကို သူ၏ ဒဏ်ရာများက သက်သာပျောက်ကင်းခြင်းမရှိသေးပေ။

ယခုအချိန်မှာ လောကစွမ်းအားတစ်စွန်းတစ်စပါဝင်နေသော ပကတိကောင်းကင်လိုဏ်ဂူတစ်ခုနှင့် ရင်ဆိုင်ရချိန်မှာ လူအိုကြီးရွှမ်သည် ဆက်လက်၍တောင့်မခံနိုင်တော့ပေ။ သူ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး သွေးများစွာကို အန်ထုတ်လိုက်ရ၏။

သူဆင့်ခေါ်ထားသည့် မီးခိုးရောင်ဆံပင်နှင့်အဖိုးအိုက လှုပ်ရှားလိုက်ပြီး တက္ကသိုလ်ဂိုဏ်းချုပ်၏ ရှေ့မှာ ရပ်လာခဲ့လေသည်။

“မင်း ငါ့ကို ခုခံနိုင်မှာ မဟုတ်ဘူး”

တက္ကသိုလ်ဂိုဏ်းချုပ်က အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။

“အဖွင့်တံခါး... အနားယူတံခါး... ဘဝတံခါး... ဒဏ်ရာတံခါး... လှည့်စားတံခါး... ရှုခင်းတံခါး... သေခြင်းတံခါး... အကြောက်တံခါး”

“တံခါးရှစ်ချပ်ဖွင့်စမ်း”

တက္ကသိုလ်ဂိုဏ်းချုပ်၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူက နောက်ထပ်လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်၏။

ရုတ်တရက် သူ၏ ကောင်းကင်လိုဏ်ဂူထဲမှာ ဧရာမတံခါးချပ်များပေါ်ထွက်လာပြီး ကြောက်စရာကောင်းသောစွမ်းအားတစ်ခုကို ထုတ်ဖော်ကာ သူ၏ ကောင်းကင်လိုဏ်ဂူစွမ်းအားကို မြင့်တက်လာစေ၏။

ဤသည်က ချီမင်သွမ့်ကျား၏ တံခါးရှစ်ချပ်ဖြစ်လေသည်။

မီးခိုးရောင်ဆံပင်နှင့်အဖိုးအိုသည် ပေါ်ထွက်လာသည့် ဧရာမတံခါးရှစ်ချပ်ကို မခုခံနိုင်ဘဲ လျှံထွက်လာသော ကြောက်စရာကောင်းသည့်စွမ်းအားများဖြင့် ဘာမှမကျန်အောင် အပိုင်းပိုင်းဆုတ်ဖြဲခံလိုက်ရ၏။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် တက္ကသိုလ်ဂိုဏ်းချုပ်သည် ပကတိကောင်းကင်လိုဏ်ဂူနယ်ပယ်မှာသာရှိနေမည်ဆိုလျှင် ပန်းချီကားကနေဆင့်ခေါ်လိုက်သည့် ယခင်ဂိုဏ်းချုပ်သည် သူ့ကို ဖိနှိမ်ဖို့အတွက် လုံလောက်ပေလိမ့်မည်။ သို့သော်လည်း တက္ကသိုလ်ဂိုဏ်းချုပ်က အရာရာတိုင်းကို ကြိုတင်တွက်ချက်ထားလေသည်။

တက္ကသိုလ်ဂိုဏ်းချုပ်သည် သူမယှဥ်နိုင်သည့် အဆင့်တစ်ခုထိ ရောက်ရှိလာခဲ့ပြီကို လူအိုကြီးရွှမ်က ​နားလည်သဘောပေါက်လိုက်၏။

ယခုအချိန်မှာသူက ထွက်ပြေးဖို့သာ ရွေးချယ်ရပေတော့မည်။

မီးခိုးရောင်ဆံပင်နှင့်အဖိုးအိုက တက္ကသိုလ်ဂိုဏ်းချုပ်နှင့် တိုက်ခိုက်လိုက်သည့်ခဏမှာပင် လူအိုကြီးရွှမ်က သူတို့နှစ်ယောက်တိုက်ခိုက်မှုကနေ ထွက်ပေါ်လာသည့် တုန်ခါလှိုင်းကို အသုံးချကာ ဆူဇီမို၏ ဘေးသို့ ဖျတ်ခနဲရောက်ရှိလာ၏။

“သွားကြမယ်”

လူအိုကြီးရွှမ်က အော်ပြောလိုက်ပြီး ဆူဇီမို၏ လက်ကိုဖမ်းဆွဲကာ လေဟာနယ်ကို သာမန်ကာလျှံကာဆုတ်ဖြဲ၍ အာကာသဥမင်တစ်ခုထဲသို့ ထွက်ပြေးဖို့ ပြင်လိုက်လေသည်။

ဆူဇီမိုက သေမင်းတံခါးဝသို့ ရောက်ရှိနေပြီး သူ့မှာ အချိန်များစွာမကျန်ရှိတော့သည်ကို လူအိုကြီးရွှမ်က ပြောနိုင်လေသည်။ သို့သော်လည်း ဆူဇီမိုက သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ မည်သို့ပင်ဆိုစေ သူ့ကိုပါ ခေါ်သွားရပေမည်။

ဆူဇီမိုက သေသွားမည်ဆိုလျှင်တောင် သူသည် အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာကို တက္ကသိုလ်ဂိုဏ်းချုပ်အတွက် ချန်မထားခဲ့နိုင်ပေ။

ထိတ်လန့်တကြားထွက်ပြေးနေသော သူတို့နှစ်ယောက်ကိုကြည့်ပြီး တက္ကသိုလ်ဂိုဏ်းချုပ်၏ မျက်လုံးအနက်ပိုင်းထဲတွင် ​လှောင်ပြောင်သရော်လိုသောအကြည့်တစ်ခု ပေါ်ထွက်လာကာ သူက အေးအေးဆေးဆေးပင် နောက်ကလိုက်လာ၏။

တစ်ချိန်တည်းမှာပင်... တိုက်ပွဲနိုင်ငံ၏ ကောင်းကင်ထက်တွင်။

ဘုရင်ယွင်ယိုတို့အုပ်စုနှင့် လင်းကျန့်နှင့်အင်မော်တယ်ဘုရင်မလင်းလုံတို့အကြား တိုက်ပွဲက ဆက်လက်၍ဖြစ်ပွားနေဆဲပင်။

နှစ်ဖက်စလုံးက သူတို့၏ ကောင်းကင်လိုဏ်ဂူများကို ထုတ်ဖော်လိုက်ကြပြီဖြစ်ပြီး ရလဒ်တစ်ခုကို ချက်ချင်းဆုံးဖြတ်ဖို့က မလွယ်ကူသေးပေ။

အင်မော်တယ်ဘုရင်မလင်းလုံသည် ရုတ်တရက်တစ်စုံတစ်ရာလွဲမှားနေသည်ဟု ခံစားလာရ၏။

သူမရှေ့မှာရှိသော တက္ကသိုလ်ဂိုဏ်းချုပ်သည် သူမသိရှိထားသည်ထက် များစွာအားနည်းနေပုံရသည်။

ပုံမှန်အခြေအနေမှာဆို တက္ကသိုလ်၏ အမွေအနှစ်ကို လက်ခံရရှိထားသည့်အပြင် တက္ကသိုလ်ဂိုဏ်းချုပ်သည် နည်းစနစ်သိုလှောင်ရုံ၏ ချီမင်သွမ့်ကျားကိုလည်း ကျင့်ကြံထားလေသည်။

ချီမင်သွမ့်ကျားမှာ ဂမ္ဘီရတွက်ချက်ခြင်းနည်းစနစ်များသာမက အလွန်တရာစွမ်းအားကြီးမားသော တိုက်ခိုက်ရေးဓမ္မအစီအရင်များလည်း ပါဝင်လေသည်။

အစကနေယခုအချိန်ထိ တက္ကသိုလ်ဂိုဏ်းချုပ်သည် မည်သည့်အရာကိုမှ မထုတ်ဖော်ခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် တိုက်ပွဲ၏ ဤအဆင့်အရောက်ထိ တက္ကသိုလ်ဂိုဏ်းချုပ်သည် တစ်ခုခုကို ဖုံးကွယ်ထားသည့်အလား တိုက်ပွဲကို တမင်ရှောင်လွှဲနေခဲ့၏။

အင်မော်တယ်ဘုရင်မလင်းလုံသည် တက္ကသိုလ်ဂိုဏ်းချုပ်ကို မမှိတ်မသုန်စိုက်ကြည့်နေ၏။

သူမ၏ အကြည့်အောက်မှာ တက္ကသိုလ်ဂိုဏ်းချုပ်က မလုံမလဲခံစားနေရပုံရပြီး သူမ၏ အကြည့်ကို ရှောင်လိုက်လေသည်။

'သူက တက္ကသိုလ်ဂိုဏ်းချုပ်မဟုတ်ဘူးပဲ'

အင်မော်တယ်ဘုရင်မလင်းလုံက အကဲဖြတ်မှုတစ်ခုကို ချက်ချင်းပြုလုပ်လိုက်လေသည်။

တက္ကသိုလ်ဂိုဏ်းချုပ်သည် အလွန်တရာဉာဏ်ရည်ထက်​မြတ်ပြီး သူ၏ စိတ်နေစရိုက်က အလွန်တရာသန်မာလေသည်။ သူ၏ မကိုင်လှုပ်နိုင်သော တာအိုနှလုံးသားနှင့်အတူ သူက တခြားလူတစ်ယောက်နှင့် အကြည့်ချင်းဆုံသည့်အခါ ဘာ့ကြောင့်ရှောင်လွှဲမှာလဲ။

သူတို့ရှေ့မှလူက တက္ကသိုလ်ဂိုဏ်းချုပ်မဟုတ်ဘူးဆိုလျှင် အစစ်အမှန်တက္ကသိုလ်ဂိုဏ်းချုပ်က ဘယ်ရောက်နေတာလဲ။

“အဲဒါတော့ဆိုးပြီ”

အင်မော်တယ်ဘုရင်မလင်းလုံက တုန်လှုပ်သွား၏။

ပုံမှန်အခြေအနေမှာဆို သူမသည် ဆူဇီမိုချန်ထားခဲ့သည့် အငွေ့အသက်များအားလုံးကို ဖျောက်ဖျက်ထားခဲ့ပြီဖြစ်ပြီး သူ့ကို မည်သူကမှ ရှာဖွေတွေ့ရှိလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း မည်သို့ပင်ဆိုစေ သူမ၏ ပြိုင်ဘက်က တက္ကသိုလ်ဂိုဏ်းချုပ်ဖြစ်နေ၏။

အင်မော်တယ်ဘုရင်မလင်းလုံစဥ်းစားမိသည့် တစ်ခုတည်းသောဖြစ်နိုင်ခြေမှာ အစစ်အမှန်တက္ကသိုလ်ဂိုဏ်းချုပ်က ဆူဇီမိုနောက်သို့ လိုက်သွားခဲလေပြီ။

တကယ်တော့ အင်မော်တယ်ဘုရင်မလင်းလုံ၏ ခန့်မှန်းချက်က မဆိုးလှပေ။

သို့သော်လည်း သူမ၏ ခန့်မှန်းချက်၊ သူမ၏ အပြုအမူနှင့် သူမ၏ နောက်ဆက်တွဲပြုမူလှုပ်ရှားမှုများကပင် တက္ကသိုလ်ဂိုဏ်းချုပ်၏ တွက်ချက်မှုအတွင်းမှာရှိနေ၏။

“ဆူဇီမိုက အန္တရာယ်ရှိနေပြီ”

အင်မော်တယ်ဘုရင်မလင်းလုံက လင်းကျန့်၏ စိတ်ဝိညာဥ်အသိစိတ်ထဲသို့ အသံတစ်ခုကို ပို့လွှတ်ပေးလိုက်၏။

“မင်းသူ့ကိုသွားပြီးကယ်ရမယ်... ငါဒီမှာ သူတို့ကိုထိန်းထားမယ်”

လင်းကျန့်က အသံတစ်ခုကိုပို့လွှတ်လိုက်၏။

“မင်းက ရန်သူကို မနိုင်ဘူးဆိုရင် သူတို့နဲ့ဆက်ပြီးတော့ တိုက်ခိုက်မနေနဲ့... ဇီမိုကိုသာ ဒီကိုပြန်ခေါ်လာခဲ့... ငါ့အသက်နဲ့ရင်းရမယ်ဆိုရင်တောင် ငါသူ့ကို ကာကွယ်ပေးမယ်”

အင်မော်တယ်ဘုရင်မလင်းလုံက ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်၏။ သူမ၏ ပုံရိပ်က ဖျတ်ခနဲလှုပ်ရှားသွားပြီး တိုက်ပွဲနယ်မြေကနေ ချက်ချင်းပင် ထွက်ခွာသွားလေသည်။

All Chapters