← Chapters

ဝါးမျိုခြင်း

Vol. 180 Ch. 2699

ဝါးမျိုခြင်း

Vol. 180 Ch. 2699

ညှိုးနွမ်းကြယ်မှာ...။

လူအိုကြီးရွှမ်သည် အသက်ငွေ့ငွေ့သာရှုတော့သည့် ဆူဇီမိုကို အာကာသဥမင်ထဲသို့ ဆွဲယူသွင်းနေသည်ကို တက္ကသိုလ်ဂိုဏ်းချုပ်က စောင့်ကြည့်နေ၏။ လေဟာနယ်က ပိတ်ဆို့သွားတာတောင် သူ၏ အမူအရာက တည်ငြိမ်နေ၏။

သူက သူ၏ လက်ကိုသာမြှောက်ပြီး သူ့ရှေ့မှာရှိသောလေဟာနယ်ကို ပစ်ရိုက်ချလိုက်၏။

ပြင်းထန်သောအင်အားတစ်ရပ်က ရုတ်တရက်ဆင်းသက်လာပြီး လူအိုကြီးရွှမ်နှင့်ဆူဇီမို ထွက်ပြေးလွတ်မြောက်သွားရာ အာကာသဥမင်ကို ကြေမွသွားစေလေသည်။

သူတို့က လေဟာနယ်ထဲကနေ လိမ့်ဆင်းလာပြီး ညှိုးနွမ်းကြယ်ပေါ်သို့ နောက်တစ်ဖန်ပြန်လည်ဆင်းသက်လာကြ၏။

“မင်းတို့တွေက ငါ့ရှေ့ကနေ လွတ်အောင်ထွက်ပြေးနိုင်မယ်ထင်နေရင်တော့ တကယ့်ကို ရိုးအလွန်းနေတာပဲ”

တက္ကသိုလ်ဂိုဏ်းချုပ်က တည်ငြိမ်သောအမူအရာဖြင့် လျှောက်လှမ်းလာပြီး သူ၏ မျက်လုံးထဲမှာ သရော်တော်တော်အကြည့်တစ်ခုရှိနေ၏။

လူအိုကြီးရွှမ်သည် စောစောကတင် တက္ကသိုလ်ဂိုဏ်းချုပ်ကြောင့် ဒဏ်ရာအပြင်းအထန်ရရှိထားခဲ့ပြီးသားဖြစ်သည်။ ယခု သူ​က ရိုက်ချက်တစ်ခုကို လက်ခံရရှိလိုက်ပြီး စိတ်အားညှိုးငယ်သောအမူအရာဖြင့် သွေးများစွာကို ထွေးထုတ်နေရ၏။

ယခုအချိန်မှာ သူသည် ထွက်ပြေးဖို့နေနေသာ မတ်တတ်ပင် ကောင်းကောင်းမရပ်နိုင်တော့ပေ။

“အား...”

လူအိုကြီးရွှမ်၏ အကြည့်က တည်တံ့လာပြီး ကြိတ်၍ သက်ပြင်းချလိုက်၏။

သူက သူ့ဘေးမှာရှိသောဆူဇီမိုကို သနားဂရုဏာသက်စွာဖြင့် ကြည့်လိုက်၏။

သူသည် သူ့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ဝင်ရောက်နေပြီဖြစ်သည်။ သူက သေရမည်ဆိုလျှင်တောင် သူသည် နှစ်ပေါင်းသိန်းချီ ရှင်သန်နေထိုင်ခဲ့ပြီးလေပြီ။

သို့သော်လည်း ဆူဇီမိုက ငယ်ရွယ်လွန်းသေး၏။

သူက အရွယ်မတိုင်ခင် သေသွားရမည်မှာ သနားဂရုဏာသက်စရာကောင်းလေသည်။

ဆူဇီမိုသည် မည်သည့်အမှားကိုမှ မပြုလုပ်ခဲ့ပေ။ သူက အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးကိုပိုင်ဆိုင်ထားရုံသာဖြစ်ပြီး တက္ကသိုလ်ဂိုဏ်းချုပ်၏ ပစ်မှတ်ထားခြင်းခံခဲ့ရသည်။

လူအိုကြီးရွှမ်ပင်လျှင် တက္ကသိုလ်ဂိုဏ်းချုပ်၏ အကွက်ချကြံစည်မှုကနေ မလွတ်မြောက်နိုင်ပေ။ ဆူဇီမိုက သူ့ကို ဘယ်လိုလုပ် ရင်ဆိုင်နိုင်မှာလဲ။

“အစကတော့ ငါကမင်းကို ငါ့တပည့်အဖြစ်လက်ခံချင်ခဲ့တာ... ကံဆိုးစွာနဲ့ပဲ ငါတို့တွေ ဒီဘဝမှာတော့ ကံပါမလာကြဘူး”

ထိုအခိုက်အတန့်မှာ လူအိုကြီးရွှမ်တွင် ခံစားချက်များရောထွေးနေပြီး သူ၏ စိတ်ထဲမှာ အတွေးပေါင်းများစွာက တဖျတ်ဖျတ်ပေါ်ထွက်နေ၏။ နောက်ဆုံးမှာတော့ သူသည် လွတ်လပ်ပေါ့ပါးစွာပြုံးလိုက်၏။

“ဒါလည်း ကောင်းတာပဲ... အနည်းဆုံးတော့ ငါတို့တွေ တမလွန်ဘုံကို သွားမယ့်လမ်းမှာ တစ်ယောက်ကိုတစ်ယောက် အဖော်ပြုပေးလို့ရတာပေါ့... အထီးကျန်မနေရတော့ဘူး”

လူအိုကြီးရွှမ်က သေဖို့ကိုပြင်ထားပြီပြီဖြစ်သည်။

သို့သော်လည်း ဆူဇီမိုက အလျှော့မပေးသေးပေ။

သူ၏ သေခြင်းတရားကို မရှောင်လွှဲနိုင်တော့ဘူးဆိုမှတော့ သူသည် သူမသေခင် နောက်ဆုံးအလောင်းအစားတစ်ခုကို ပြုလုပ်ပြီး တက္ကသိုလ်ဂိုဏ်းချုပ်ကို အတတ်နိုင်ဆုံးဆွဲချဖို့ ကြိုးစားရပေမည်။

တက္ကသိုလ်ဂိုဏ်းချုပ်က လက်လှမ်းပြီး ဆူဇီမို၏ နဖူးကို ဖမ်းဆွဲလိုက်၏။

သူသည် ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်ကို အရင်ဆုံးဖမ်းဆီးပြီး သူ၏ ဝိညာဥ်ကနေ အသုံးဝင်သောသတင်းအချက်အလက်တချို့ကို ရှာဖွေပြီးမှ ထိုသူကို သေစေမည်ဖြစ်လေသည်။

ဆူဇီမိုက အမူအရာကင်းမဲ့နေပြီး သူ၏ စက္ခုနည်းစနစ်ကို တိတ်တဆိတ်လှည့်ပတ်လိုက်၏။

ရွှစ်...

ရုတ်တရက်ဆိုသလို ကျိန်းစပ်နေသောအလင်းတစ်ခုက သူ၏ ညာဘက်မျက်လုံးကနေ ပစ်လွင့်ထွက်ပေါ်လာပြီး တက္ကသိုလ်ဂိုဏ်းချုပ်ရှိရာသို့ တောက်ပစွာပစ်ဝင်သွားလေသည်။

နှစ်ဘက်စလုံးက အရမ်းကို နီးကပ်နေကြ၏။

စက္ခုနည်းစနစ်များက လျှပ်တပြက်ထွက်ပေါ်လာတတ်သောကြောင့် တက္ကသိုလ်ဂိုဏ်းချုပ်အနေဖြင့် ရှောင်တိမ်းဖို့က မလွယ်ကူတော့ပေ။

အတိအကျဆိုရလျှင် တက္ကသိုလ်ဂိုဏ်းချုပ်က ရှောင်တိမ်းဖို့လည်း စိတ်ကူးမရှိပေ။

စက္ခုနည်းစနစ်က သူ၏ မျက်လုံးထဲသို့ဆင်းသက်ပြီး ဝဲဂယက်တစ်ခုပင်ဖြာမထွက်ဘဲ ပျောက်ကွယ်သွား၏။

တက္ကသိုလ်ဂိုဏ်းချုပ်က ရပ်တန့်သွားလေသည်။

သူသည်လည်းပဲ အလွန်တရာစွမ်းအားကြီးမားသော စက္ခုနည်းစနစ်များကို ကျင့်ကြံထားသည်။

ဒါ့အပြင် သူတို့၏ ကျင့်ကြံမှုနယ်ပယ်ကွာဟချက်က ကြီးမားလွန်းလေသည်။ ထို့ကြောင့်ပင် ဆူဇီမို၏ စက္ခုနည်းစနစ်တိုက်ခိုက်မှုကို သူက စိုးရိမ်နေခြင်းမရှိပေ။

ထိုစက္ခုနည်းစနစ်သည် သူ့ကို ထိခိုက်စေနိုင်မည် မဟုတ်ပေ။

သို့သော်လည်း တက္ကသိုလ်ဂိုဏ်းချုပ်သည် သူ၏ မျက်လုံးမှ စပ်ဖျင်းဖျင်းနာကျင်မှုတစ်ခုကို ခံစားရဆဲဖြစ်မည်ဟု ထင်မှတ်မထားပေ။

“ကောင်းတယ်ကွာ... မင်းက ငါ့ကိုတကယ်နာကျင်အောင်လုပ်နိုင်တာပဲ”

တက္ကသိုလ်ဂိုဏ်းချုပ်က ဆူဇီမိုရှေ့သို့ရောက်ရှိလာပြီး ညင်သာစွာပြုံးပြလိုက်၏။

“ငါမင်းရဲ့မျက်လုံးတွေကို အရင်ထုတ်မယ်”

ထိုသို့ပြောရင်း တက္ကသိုလ်ဂိုဏ်းချုပ်က သူ၏ လက်ချောင်းနှစ်ချောင်းကို ဆန့်ထုတ်ပြီး ဆူဇီမို၏ မျက်လုံးဆီသို့ ပစ်ထိုးလိုက်လေသည်။

သို့သော်လည်း တက္ကသိုလ်ဂိုဏ်းချုပ်၏ လက်ချောင်းနှစ်ချောင်းက ဆူဇီမို၏ မျက်လုံးနှင့် ထိသွားသည့်ခဏမှာပင် သူတို့သည် အလွန်တရာမာကြောသောတစ်စုံတစ်ရာနှင့် ထိမိသွားသည့်အလား ရှေ့ဆက်မတိုးနိုင်တော့ပေ။

ထို့နောက်ချက်ချင်းပင် တက္ကသိုလ်ဂိုဏ်းချုပ်၏ အကြည့်က ရုတ်ချည်းပြောင်းလဲသွား၏။

ဆူဇီမို၏ ဘယ်ဘက်မျက်လုံးကနေ နက်မှောင်နေသော မင်စက်တစ်စက်စိမ့်ထွက်လာပုံရပြီး အဲဒါက သူ့ထံသို့ လျင်မြန်စွာ ဖြန့်ကြက်လာခဲ့၏။

တက္ကသိုလ်ဂိုဏ်းချုပ်၏ လက်ဖဝါးက သိပ်မကြာခင် အမှောင်ထုဖြင့် ဝါးမျိုခြင်းခံလိုက်ရ၏။

သူသည် မည်သည့်နာကျင်မှုကိုမှ မခံစားရသလို မည်သည့်သွေးမှ ထွက်မလာခဲ့ပေ။

သို့သော်လည်း သူ၏ လက်ဖဝါးက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

အေးစက်နေသောအမှောင်ထုက သူ၏ လက်ကောက်ဝတ်ထံသို့ ဆက်ဘက်၍ဖြန့်ကြက်လာပြီး သူ၏ လက်ကို ဝါးမျိုလာလေသည်။

တက္ကသိုလ်ဂိုဏ်းချုပ်က နောက်သို့ဆုတ်ခွာချင်၏။

သို့သော်လည်း သူ၏ ခြေထောက်သည် ရွှံ့ညွန်တောတစ်ခုထဲသို့ ကျဆင်းသွားပုံရပြီး မလှုပ်ရှားနိုင်တော့ပေ။

သူကိုယ်တိုင်ကတော့ အဆုံးမဲ့အသူတရာချောက်နက်ထဲသို့ ကျဆင်းနေသည်ဟု ခံစားနေရ၏။ သူက မည်သို့ပင် ရုန်းကန်သည်ဖြစ်စေ မလွတ်မြောက်နိုင်ပေ။ နောက်ဆုံးမှာတော့ တက္ကသိုလ်ဂိုဏ်းချုပ်၏ မျက်လုံးထဲတွင် ထိတ်လန့်တကြားအကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။

ဤသည်က ဆူဇီမို၏ တန်ပြန်တိုက်ခိုက်မှုဖြစ်သည်။

စောစောက မီးပဒေသာမျက်လုံးသည် သူ့ရှေ့မှမြင်ကွင်းထွက်ပေါ်လာဖို့အတွက် အစပျိုးခြင်းမျှသာ ဖြစ်လေသည်။

ဆူဇီမိုသည် ဧကရာဇ်ဂူသင်္ချိုင်းထဲသို့ ဝင်ရောက်ပြီး ရောင်စဥ်ခုနှစ်သွယ်အင်မော်တယ်ဂျင်ဆင်းကို ခူးယူခဲ့စဥ်က သူသည် ထူးဆန်းသောအမှောင်စွမ်းအားတစ်ခုဖြင့် ဝါးမျိုခံရပြီး သေလုမတတ်ဖြစ်ခဲ့ရ၏။

ကံကောင်းထောက်မစွာဖြင့် သူ၏ ဘယ်ဘက်မျက်လုံးထဲရှိ တမလွန်မီးရောင်ကျောက်တုံးက ထိုအမှောင်စွမ်းအားကို အဆက်မပြတ် စုပ်ယူခဲ့ပြီး သူက ရှင်သန်နိုင်ခဲ့၏။

နောက်ဆုံးမှာတော့ ရောင်စဥ်ခုနှစ်သွယ်အင်မော်တယ်ဂျင်စင်းနှင့်အတူ သူ၏ အသားများကို ပြန်လည်​ရရှိလာခဲ့၏။

ထိုကြောက်စရာကောင်းသော အမှောင်စွမ်းအားကိုတော့ တမလွန်မီးရောင်ကျောက်တုံးထဲမှာ ချိပ်ပိတ်ထားခဲ့လေသည်။

သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ သူက ပကတိဧကနယ်ပယ်ကို ဝင်ရောက်ပြီး သူ၏ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက အဆင့်-၁၂ထိ ကြီးပြင်းလာခဲ့တာတောင် ဆူဇီမိုသည် တမလွန်မီးရောင်ကျောက်တုံးထဲရှိ အမှောင်စွမ်းအားကို လှည့်ပတ်နိုင်ခြင်း မရှိသေးပေ။

သူက အဲဒါကို အသက်မသွင်းနိုင်ဘူးဆိုမှတော့ သူသည် တက္ကသိုလ်ဂိုဏ်းချုပ်၏ စွမ်းအားကို ငှားရမ်းအသုံးချရပေမည်။ ယခု တက္ကသိုလ်ဂိုဏ်းချုပ်၏ မျက်လုံးထဲရှိ ထိတ်လန့်တကြားအကြည့်ကို တွေ့မြင်လိုက်ရပြီး ဆူဇီမိုက ကျေနပ်အားရစွာပြုံးလိုက်သည့်အလား သူ၏ နှုတ်ခမ်းက တွန့်သွားလေသည်။

တက္ကသိုလ်ဂိုဏ်းချုပ်သည် ကောင်းကင်ဘုံလျှို့ဝှက်ချက်များ၊ ကံကြမ္မာ၊ လူသားနှလုံးသားနှင့် ကမ္မတို့ကို တွက်ချက်နိုင်လေသည်။ သို့သော်လည်း ဤလောကမှာ သူ၏ တွက်ချက်မှုကနေ လွတ်မြောက်နေသည့်အရာတချို့ ရှိနေဆဲဖြစ်၏။

တက္ကသိုလ်ဂိုဏ်းချုပ်က အလျင်အမြန်တည်ငြိမ်လာပြီး အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။ သူက သူ၏ နောက်ဘက်ကောင်းကင်လိုဏ်ဂူ၏ ဧရာမတံခါးရှစ်ချပ်ကို လှည့်ပတ်ကာ ရှေ့တည့်တည့်အမှောင်ထုရှိရာသို့ ပစ်ဝင်သွားစေ၏။

တံခါးရှစ်ချပ်မှ အလင်းတန်းများက ပစ်လွင့်ထွက်ပေါ်လာပြီး အမှောင်ထုကို ချေဖျက်ချင်လေသည်။

သို့သော်လည်း အလင်းများအားလုံးက အမှောင်ထုဖြင့် ဝါးမျိုခြင်းခံလိုက်ရ၏။

တက္ကသိုလ်ဂိုဏ်းချုပ်စုဖွဲ့ထားသည့် တံခါးရှစ်ချပ်ကပင်လျှင် အမှောင်စွမ်းအားမှာ ဆက်လက်၍တောင့်မခံနိုင်တော့ဘဲ ယိမ်းထိုးလာခဲ့၏။

“ဧကရာဇ်နယ်ပယ်”

တက္ကသိုလ်ဂိုဏ်ချုပ်က အံကိုကြိတ်ပြီးပြောလိုက်၏။

ဧကရာဇ်နယ်ပယ်ကနေ ထုတ်ဖော်လိုက်သည့် ဤကဲ့သို့သန့်စင်သော လောကစွမ်းအားကသာလျှင် သူ၏ ပကတိကောင်းကင်လိုဏ်ဂူနှင့် တ​ခါးရှစ်ချပ်အပေါ် ဤမျှအထိ ကြီးမားသော ရိုက်ခတ်မှုကို ဖြစ်စေနိုင်ပေမည်။

ဤသည်က ဧကရာဇ်တစ်ပိုင်းအဆင့်ပင်မဟုတ်ဘဲ အစစ်အမှန်ဧကရာဇ်တစ်ပါး၏ စွမ်းအားဖြစ်လေသည်။

တက္ကသိုလ်ဂိုဏ်းချုပ်သည် ဤဖြစ်ရပ်ကို ထင်မှတ်မထားသည်မှာ အံ့အားသင့်စရာမရှိပေ။

ပကတိအင်မော်တယ်တစ်ဦးကို မပြောနှင့် အင်မော်တယ်ဘုရင်တစ်ပါး၏ ခန္ဓာကိုယ်ပင်လျှင် ဤကဲ့သို့သော ဧကရာဇ်နယ်ပယ်စွမ်းအားကို ချိပ်ပိတ်ထားနိုင်မည် မဟုတ်ပေ။

ဤဧကရာဇ်နယ်ပယ်စွမ်းအားသည် အင်မော်တယ်ဘုရင်တစ်ပါး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာမည်ဆိုလျှင် သူက ချက်ချင်းပင်ပေါက်ကွဲထွက်ကာ သေသွားရပေလိမ့်မည်။

တက္ကသိုလ်ဂိုဏ်းချုပ်သည် ဆူဇီမိုက ဤမျှအထိကြောက်စရာကောင်းသော ဧကရာဇ်နယ်ပယ်စွမ်းအားတစ်ခုကို သူ၏ မျက်လုံးထဲမှာ ချိပ်ပိတ်ထားနိုင်မည်ဟု ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ပေ။

တကယ်တော့... တက္ကသိုလ်ဂိုဏ်းချုပ်သည် ပကတိကောင်းကင်လိုဏ်ဂူ တံခါးရှစ်ချပ်၏ စွမ်းအားကို အသုံးချကာ အမှောင်ထုကနေ လျင်မြန်စွာရုန်းထွက်လာခဲ့ပြီဖြစ်၏။

မည်သို့ပင်ဆိုစေ ဧကရာဇ်တစ်ပါး၏ ထိန်းချုပ်မှုမရှိဘဲ ထိုအမှောင်စွမ်းအားသည် ၎င်း၏ အစစ်အမှန်စွမ်းပကားကို ထုတ်ဖော်နိုင်မည် မဟုတ်ပေ။

ထိုသို့ဆိုလျှင်တောင် တက္ကသိုလ်ဂိုဏ်းချုပ်က သိသာထင်ရှားသောတန်ဖိုးတစ်ခုကို ပေးဆပ်လိုက်ရဆဲဖြစ်၏။

သူ၏ လက်ဖဝါးတစ်ဖက်က အမှောင်စွမ်းအားဖြင့် လုံးလုံးလျားလျားဝါးမျိုခံရပြီး ပျောက်ကွယ်သွား​၏။

သူ၏ လက်ကောက်ဝတ်မှာ အမှောင်စွမ်းအားက ရစ်ဝဲနေဆဲဖြစ်ပြီး အဲဒါကို ချက်ချင်းမပယ်ရှားနိုင်ပေ။ ထိုသို့ဖြင့် သူ၏ လက်​ကိုလည်း ပြန်မကောင်းစေနိုင်သေးပေ။

“ဟားဟားဟားဟား...”

ဘေးမှာရှိသော လူအိုကြီးရွှမ်က ထိုသည်ကို တွေ့မြင်သောအခါ ဟားတိုက်ရယ်မောလိုက်၏။

သူတို့က ဒီနေ့ သေခြင်းတရားကနေမလွတ်မြောက်နိုင်တော့ဘူးဆိုတာကို လူအိုကြီးရွှမ်နှင့် ဆူဇီမို နှစ်ယောက်စလုံး သိရှိထားကြ၏။

သို့သော်လည်း သူတို့မသေခင် တက္ကသိုလ်ဂ်ိုဏ်းချုပ်ကို ဤကဲ့သို့ဆိုးဆိုးဝါးဝါး အခြေအနေဖြင့် တွေ့မြင်ရသည်မှာ အလွန်တရာကျေနပ်စရာကောင်းလေသည်။ သူတို့က နောက်ဆုံးမှာ ဒီရေအလှည့်အပြောင်းတစ်ခုကို ဖြစ်စေနိုင်ခဲ့၏။

တက္ကသိုလ်ဂိုဏ်းချုပ်က လှောင်ရယ်လိုက်၏။

“သိပ်ပြီးအူမြူးအားရမနေပါနဲ့... ဒီအမှောင်စွမ်းအားပျက်ပြယ်သွားတာနဲ့ မင်းတို့နှစ်ယောက်က သေရဦးမှာပဲ”

တမလွန်မီးရောင်ကျောက်တုံးထဲမှာ ချိပ်ပိတ်ထားသော အမှောင်စွမ်းအားက အကန့်သတ်ရှိလေသည်။ ယခုအဲဒါကို တက္ကသိုလ်ဂိုဏ်းချုပ်က နှိုးဆွလိုက်ပြီဖြစ်ပြီး ၎င်းက အဆက်မပြတ်ထွက်ပေါ်လာခဲ့၏။

သို့သော်လည်း အဲဒါက သိပ်မကြာခင် ခန်းခြောက်သွားပေလိမ့်မည်။

All Chapters