အရှုပ်အထွေး နတ်ဘုရားအလင်းတန်း
Vol. 36 Ch. 491
" ဒီလူက... "
လောရှောင်းရှောင်းအကြည့်က တိုက်ခိုက်လိုက်သူဆီ ရောက်လာ၏။ ထိုသူမှာ ယွဲ့ယန်ကမ္ဘာဘက်မှ တိုက်ခိုက်ရန်လာခဲ့ကြသူ ဆယ်ယောက်ထဲမှ တစ်ယောက်ပင်။
သို့သော် ထိုသူမှာ ရောက်စကတည်းက အလွန်ပျင်းရိနေပုံ ပေါက်နေခဲ့ပါ၏။
တိုက်ပွဲအစမှ ယခုချိန်ထိလည်း တိုက်ပွဲစင်မြင့်ပေါ်သို့ အကြည့်တစ်ချက် မရောက်ခဲ့ပါ။
ထို့ကြောင့် လောရှောင်းရှောင်းမှာ ထိုလူအား စိတ်ထဲ အလေးနက် မထားခဲ့ပါချေ။ ယခု သူမ၏ မီးတောက်များကိုလည်း ယွဲ့ယန်ကမ္ဘာမှ လူများအား သတိပေးသည့်အနေဖြင့် ထိုနေရာဘက်သို့ လွှတ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် တဖက်လူက ထိုမီးတောက်များကို လက်တစ်ဖက် ဝေ့ယမ်းရုံဖြင့် ချေဖျက်နိုင်ခဲ့ပါ၏။
ထို့ထက်ပို ဒေါသထွက်စရာ ကောင်းသည်မှာ ထိုလူက မီးတောက်များကို ငြိမ်းသတ်ပြီးနောက် ပျင်းရိဟန်ဖြင့် သန်းဝေနေခြင်းပင်။
ထိုလူက မီးတောက်များအား စိတ်ထဲ လုံးဝ အလေးနက်မထားသည်မှာ အသိသာပင် ။
" မင်း... မင်း.... "
ထိုစဥ် စင်မြင့်ထက်မှ ရန်လုံရှင်း၏ အသံကြောင့် လောရှောင်ရှောင်း အာရုံပြန်ပြောင်းသွား၏။
လောရှောင်ရှောင်း လှည့်ကြည့်လိုက်ရာ ရန်လုံရှင်း၏ ခန္ဓာကိုယ်မှာ တစ်ကိုယ်လုံး မီးများလောင်ကျွမ်းထားသောကြောင့် မဲတူးနေပြီး သေလုမျောပါး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
သူ နှစ်ကြိမ်မျှ အော်လိုက်ပြီး နောက်တွင်မူ မျက်လုံးများ ပြူးကျယ်ကာ ကြမ်းပြင်သို့ လဲကျသွားတော့သည်။
ယွဲ့ယန်ကမ္ဘာမှ လူနှစ်ယောက် စင်ပေါ်အပြေးတက်လာကာ သူ့အား ပြန်သယ်ချသွားကြ၏။
ဤသို့ဖြင့် နှစ်ပွဲဆက် ရှုံးနိမ့်ပြီး နောက်တွင်ကား ယွဲ့ယန်ကမ္ဘာမှ လူများအားလုံး မျက်နှာကြီး သုန်မှုန်သွားကုန်ကြတော့သည်။
" အဲ့မိန်းကလေးနဲ့ ဘယ်သူ တိုက်ခိုက်ချင်လဲ "
ထိုစဥ် ယွဲ့ယန်ကမ္ဘာဘက်ရှိ ကျန်နေသော လူများထဲမှ တစ်ယောက်က ပြောလာ၏။
" ငါ သွားတိုက်မယ် "
လူတစ်ယောက်က ပြန်ပြောလာပြီး တိုက်ပွဲစင်မြင့်ပေါ်သို့ ပျံတက်လိုက်သည်။
" ဒီကောင်မလေးက တော်တော်တော့ ကောင်းသားပဲကွ။ ထူးခြားတဲ့စိတ်စွမ်းအင်ပင်လယ် အစွမ်းနှစ်မျိုးတောင် ပိုင်ဆိုင်ထားတာ "
ထိုလူက အပြုံးဖြင့် ဆိုသည်။
လောရှောင်ရှောင်းက သူ့အား တစ်ချက်ကြည့်လိုက်၏။
" နင်က နောက်ထပ်တိုက်ခိုက်မယ့်သူလား ။ လာလေ.. လာတိုက်ခိုက် "
သူမ ထိုသို့ပြောပြီး ခုခံရန် အသင့်အနေအထားဖြင့် စောင့်နေလိုက်၏။
သို့သော် တဖက်လူက လက်ယမ်းပြပြီး ပြောလာသည်။
" မိန်းကလေး ၊ မင်းပဲ စပြီး တိုက်ခိုက်လိုက်ပါကွာ။ မင်းက ငါ့အတွက် ပြိုင်ဘက် မဟုတ်ဘူးကွ "
" ဟင်.. လာပြန်ပြီလား ငကြွား "
လောရှောင်ရှောင်း မျက်မှောင်ကြုံ့သွားတော့သည်။
တဖက်လူက လက်ကာပြကာ ထပ်ပြောလာ၏။
" မဟုတ်ပါဘူးကွာ ၊ မင်း အထင်လွဲနေပြီ။ ခန္ဓာကိုယ်အစွမ်းချင်း ယှဥ်လိုက်ရင် မင်းနဲ့ငါနဲ့က အတူတူလောက်ပဲကွ။ ဒါပေမယ့် ငါက သဘာဝအတိုင်း ပိုအစွမ်းထက်တဲ့သူမို့ မင်းက ငါ့ပြိုင်ဘက် မဟုတ်တော့တာ "
" ဟင်... "
လောရှောင်ရှောင်း ထိုလူအား သံသယမကင်းသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
တဖက်လူက အပြုံးဖြင့် လက်ယမ်းရင်း လက်ချောင်းတစ်ချောင်း ထောင်လိုက်၏။
ဝုန်း... ဝုန်း... ဝုန်း...
သူ့အနောက်ဘက်တွင် ရုတ်တရက် အလင်းတန်းသုံးခု တိုးထွက်လာကြသည်။
" ဒါ.... "
အနီးနားတွင် ရှိနေကြသူများမှာလည်း ၎င်းကို ကြည့်ရင်း အံ့သြမှင်သက်သွားကုန်၏။
ထိုလူက အပြုံးဖြင့် ဆက်ပြောသည်။
" ငါက မွေးကတည်းက မတူညီတဲ့ အစွမ်းသုံးမျိုးကို ပိုင်ဆိုင်တဲ့ ပါရမီသုံးသွယ် ခန္ဓာကိုယ်နဲ့ မွေးလာတာကွ။ မင်းကလဲ အစွမ်းတွေအများကြီးကို ကျင့်ကြံတဲ့သူတစ်ယောက်ဆိုတော့ ငါပြောတာကို သဘောပေါက်မှာပါ။ အခု ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က မင်းထက်ပိုမြင့်ပြီးတော့ သုံးနိုင်တဲ့ အစွမ်းကလဲ မင်းထက် တစ်ခုပိုသာတယ်။ ငါ့ရဲ့ အစွမ်းသုံးခုထဲက တစ်ခုက မင်းထက် နည်းနည်းလေး ပိုအစွမ်းနိမ့်နေရင်တောင် .. ငါက သုံးနိုင်တဲ့အစွမ်း ပိုများတဲ့အတွက် မင်းထက် နိုင်နိုင်ချေ ပိုများတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲလေ "
" ငါ ဆိုလိုတာကို မင်းသဘောပေါက်မယ်လို့ ထင်ပါတယ်။ အဲ့တော့ ခုတည်းက အရှုံးပေးလိုက်ပါကွာ "
သူ ထိုသို့ပြောပြီး လောရှောင်ရှောင်းအား ယုံကြည်ချက်အပြည့် မျက်နှာဖြင့် ကြည့်လိုက်သည်။
သို့သော် လောရှောင်ရှောင်းက သူ့အား မျက်မှောင်ကြုံ့ကြည့်ရင်း ပြန်ပြော၏။
" အစွမ်းတွေ အမျိုးအစားအများကြီး ပိုသုံးနိုင်ရင် ပိုအစွမ်းထက်တယ်လို့ ပြောချင်တာပေါ့.. ဟုတ်လား "
" ဒါ အမှန်ပဲလေ "
ထိုလူက အပြုံးဖြင့် ဆိုသည်။
လောရှောင်ရှောင်း ခေါင်းညိတ်လိုက်၏။
" ကောင်းပြီလေ.. ဒါဆိုလဲ... "
သူမ ထိုသို့ပြောပြီး မျက်လုံးများ မှိတ်လိုက်သည်။
တဖက်လူမှာ ၎င်းကို ကြည့်ပြီး လောရှောင်ရှောင်းက အရှုံးပေးလိုက်သည်ဟု ထင်သွားကာ နှစ်သိမ့်စကား ဆိုလိုက်၏။
" ကောင်မလေး ၊ စိတ်ဓာတ်မကျပါနဲ့ကွာ။ ငါ့ကို ရှုံးတာက မင်းအမှားကြောင့် မဟုတ်ဘူးကွ။ ငါ့ ပါရမီက အရမ်းမြင့်လွန်း.... "
သူ နှစ်သိမ့်စကား ချိုချိုသာသာပြောရန် လုပ်နေစဥ်မှာပင်...
ဝုန်း..
လောရှောင်ရှောင်း အနောက်ဘက်၌ ခေါင်းကိုးလုံး ထူးဆန်းသော သားရဲကြီးတစ်ကောင် စတင်စုစည်းလာသည်။
ဝေါင်း..
ထို သားရဲကြီး၏ ခေါင်းကိုးလုံးမှ တစ်ပြိုင်နက်တည်း အော်သံကြောင့် ကမ္ဘာတစ်ခုလုံးပင် တုန်ခါသွားတော့၏။
တစ်ချိန်တည်းမှာပင် လောရှောင်းရှောင်း၏ ကိုယ်၌ မတူညီသော အစွမ်းကိုးမျိုးဖြင့် ပြည့်သွားပါသည်။
" နင် ခုနက ဘာပြောလိုက်တာလဲ "
ထိုစဥ်မှာပင် လောရှောင်ရှောင်းက မျက်လုံးများ ပြန်ဖွင့်လာပြီး မေးလာ၏။
" ငါ.... "
တဖက်လူ လုံးဝ ဆွံ့အသွားရတော့သည်။
သူသည် အစွမ်းသုံးမျိုးကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားသဖြင့် ကြွားဝါရန် ပြင်နေစဥ်မှာပင်..
လောရှောင်ရှောင်းက မတူညီသော အစွမ်းကိုးမျိုးကို တစ်စိတစ်မှိတ်အတွင်း ထုတ်ပြလာသတဲ့လား။
ထို့ထက်ပို ကြောက်စရာကောင်းသည်မှာ ခေါင်းကိုး
လုံး သားရဲကြီး အပြည့်အဝ ပုံပေါ်လာပြီးနောက် လောရှောင်ရှောင်းကိုယ်မှ အစွမ်းတစ်ခုစီတိုင်းက များစွာ ပို၍ အစွမ်းထက်လာကြခြင်းပင်။
တနည်းအားဖြင့် ဆိုရသော်.. သူမက သူ့ထက် အစွမ်းများ ပိုပိုင်ဆိုင်ရုံအပြင်.. ထိုအစွမ်းများကိုလည်း သူ့ထက်ပိုကောင်းကောင်း ထိန်းချုပ်နိုင်ပေသည်။
ထိုမျှမက သူမ အစောက သုံးသွားခဲ့သည့် ကြောက်မက်ဖွယ် နည်းလမ်းများလည်း ရှိသေးရာ...
" တာ့တာ "
တဖက်လူ နောက်သို့ ချက်ချင်းလှည့်သွားကာ တိုက်ပွဲစင်မြင့်ပေါ်မှ မပြေးရုံတမယ် ဆင်းသွားတော့သည်။
ထိုတခဏတွင် တိုက်ပွဲစင်မြင့် နှစ်ဖက်လုံး အသံများ တိတ်ဆိတ်နေပါ၏။
အချိန်အတန်ကြာသွားပြီးမှသာ ထျန်းယွမ်ကမ္ဘာဘက်မှ အော်ဟစ်အားပေးသံများ ညံညံစီစီ ထွက်လာတော့သည်။
တဖက် ယွဲ့ယန်ကမ္ဘာဘက်တွင်ကား.. အလွန်တိတ်ဆိတ်လျက်...
" ဟေ့.. အဲ့လိုကြီး အရှုံးပေးလိုက်ပြီပေါ့လေ ။ အရှက်မရှိဘူးလား "
" ဟား ဟား... မင်း မကျေနပ်ရင် သွားပြီး တိုက်ခိုက်လိုက်လေ ။ ဟိုကောင်မလေးက ဘယ်လောက် ကြောက်စရာကောင်းတယ် ဆိုတာကို မတွေ့ဘူးလား "
တစ်ယောက်က မကျေမနပ် ပြောလာသဖြင့် စင်ပေါ်မှ ဆင်းလာသူနှင့် အချင်းများကုန်ကြ၏။
" တော်ပြီ... ရပ်ကြတော့ "
ထိုစဥ် အသားမဲမဲ လူတစ်ယောက်က လေသံမာမာဖြင့် အော်လိုက်သဖြင့် ... စကားများနေသူ နှစ်ယောက်လုံး ချက်ချင်း တိတ်သွားကြသည်။
" အဲ့ကောင်မလေးကို ငါ့တာဝန်ထားလိုက် "
ထိုအသားမဲမဲလူက ပြောပြီး တိုက်ပွဲစင်မြင့်ထက်သို့ ခြေလှမ်းလိုက်၏။
ဝုန်း..
သူ စင်ပေါ်သို့ ရောက်ရောက်ချင်းမှာပင် အရောင်အဝါကို ထုတ်လွှတ်လိုက်သည်။
" ဟင်.. အဆုံးအစမဲ့ အဆင့်ကိုး ထိပ်ဆုံးပါလား။ အသက်တစ်ရာအောက်နဲ့တင် အဲ့လို ကျင့်ကြံခြင်း အဆင့်မျိုးကို ရောက်နေပြီပေါ့ "
" ဘယ်တတ်နိုင်မလဲကွာ ။ သူတို့ ယွဲ့ယန်ကမ္ဘာမှာက ငါတို့ထျန်းယွမ်ကမ္ဘာထက် စိတ်စွမ်းအင်တွေ ပိုကြွယ်ဝတော့ အဲ့လို ဘီလူးမျိုးတွေ ထွက်လာတာ မဆန်းပါဘူး "
ထျန်းယွမ်ကမ္ဘာမှ လူများ ခေါင်းယမ်းလိုက်ကြသည်။
ထိုစဥ်တွင် ယွဲ့ယန်ကမ္ဘာမှ အသားမဲမဲလူက လောရှောင်ရှောင်းကို ကြည့်ရင်း အေးစက်စက်ပြောလာ၏။
" ငါ့နာမည်က တိုင်လင် တို့ခေါ်တယ် ၊ ခန္ဓာကိုယ် ကျင့်ကြံသူတစ်ယောက်ပဲ ။ ငါ မင်းကို ခုတည်းက အရှုံးပေးလိုက်ဖို့တော့ အကြံပေးချင်တယ်။ မဟုတ်ရင် မင်း နောင်တရလိမ့်မယ်နော် "
လောရှောင်ရှောင်းက အံ့အားသင့်သွားဟန် လုပ်ပြရင်း ပြန်ပြောသည်။
" လေကလဲ ကြီးလိုက်တာ "
တဖက်မှ တိုင်လင်က သူမကို အေးစက်စက်ကြည့်၍ ထပ်ပြော၏။
" ငါပြောတာကို မယုံရင် မင်းကိုယ်တိုင် မြင်ရမှာပါ "
သူ ထိုသို့ပြောပြီး အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ လက်သီးဆုပ်လိုက်သည်။
ဝုန်း..
ချက်ချင်းမှာပင် သူ ဝတ်ထားသောအကျ်ီက ပြာဖြစ်သွားပြီး တောင့်တင်းသော ကြွက်သားများ ပေါ်လာ၏။
လောရှောင်ရှောင်း လန့်သွားကာ ပြောလိုက်သည်။
" နင်... ယုတ်မာဖို့တော့ မစဥ်းစားနဲ့နော် "
တိုင်လင်တစ်ယောက် နှုတ်ခမ်းမဲ့သွားကာ အေးစက်စက် ပြော၏။
" စောင့်သာ စောင့်ကြည့်နေစမ်းပါ "
သူ ထိုသို့ ပြောမပြီးမှာပင် အသက်ပြင်းပြင်း ထပ်ရှိုက်၍ ကျယ်လောင်စွာ အော်လိုက်သည်။
ယား....
သူ့နဖူးမှ သွေကြောများ ချက်ချင်းထောင်သွားပြီး အချိန်မရွေး ပေါက်ကွဲထွက်တော့မလိုပင် ဖြစ်သွားပါ၏။
ထို့နောက်တွင်မူ..
ဝီ...
သူ့ကိုယ်မှ မှိန်ဖျော့ဖျော့ အလင်းတန်းတစ်ခု တိုးထွက်လာသည်။
ထိုအလင်းတန်းမှာ မှိန်ဖျော့လွန်းသဖြင့် သေချာ သတိထား မကြည့်မိပါက မမြင်ရသလောက် နီးပါးပင်။
သို့သော် ထို အလင်းတန်းမှိန်မှိန်ကပင် ထျန်းယွမ်ကမ္ဘာမှ လူများအားလုံးကို အသံတိတ်သွားအောင် လုပ်လိုက်နိုင်ပါသည်။
" ဒါ... အရှုပ်အထွေး နတ်ဘုရားအလင်းတန်းလား.. "
ချင်းဝူချုံက တအံ့တသြ မေးလာ၏။
" ဟုတ်တယ်ထင်တယ် ။ ယွဲ့ယန်ကမ္ဘာမှာ အရှုပ်အထွေး နတ်ဘုရားအလင်းတန်းကို ကျင့်ကြံနိုင်တဲ့သူ ရှိနေမယ်လို့ ငါ တွေးတောင် မတွေးမိထားဘူးကွာ။ အဲ့လူသာ နောက်ပိုင်း မသေမျိုးတစ်ယောက် ဖြစ်လာလို့ကတော့... "
သခင်ကြီး ထျန်းလုံမှာလည်း ထိုမြင်ကွင်းကိုကြည့်ရင်း ရင်ထဲ လေးလံသွား၏။
ယွဲ့ယန်ကမ္ဘာမှ သူတို့ကို ပေးလာသော ဖိအားက အလွန်ကြောက်စရာပါပင်...
" လောရှောင်းရှောင်း ရှေ့မှာ လုပ်သွားတာတွေတော့ ကောင်းပါတယ်။ ဒါပေမယ့်.. အခု အဆုံးအစမဲ့ အဆင့်ကိုး ထိပ်ဆုံးမှာ ရှိပြီးတော့ အရှုပ်အထွေးနတ်ဘုရားအလင်းတန်းကို အသက်သွင်းနိုင်တဲ့သူနဲ့ ရင်ဆိုင်ရရင်တော့... အနိုင်ရနိုင်ပါ့မလား "
ယောင်ချီ နတ်ဘုရားသခင်မကြီးမှာလည်း စိတ်လေးသွားတော့သည်။
သူမတို့ ထျန်းယွမ်ကမ္ဘာနှင့် ယွဲ့ယန်ကမ္ဘာမှ လူငယ်များကြားတွင် ကွာဟချက် အလွန်ကြီးလှသည်ကိုလည်း သူမ လက်ခံလိုက်ရတော့၏။
" ဟားဟား... အခု ကြောက်သွားပြီလား "
ထိုစဥ် ဟောဟဲ ဖြစ်နေသော တိုင်လင်က လောရှောင်ရှောင်းကို ကြည့်ရင်း ပြောလာသည်။
" နင်က ချီးတစ်နေသလို အကြာကြီး အော်ပြီးမှ အဲ့လောက်အလင်းတန်းလေးပဲ ထုတ်နိုင်တာလား "
လောရှောင်ရှောင်းက တအံ့တသြ ပြန်မေး၏။
" မင်း.. ဘာပြောလိုက်တယ် ။ မသိဘဲ ဘာမှ လျှောက်မပြောနဲ့ကွ။ ဒါ အရှုပ်အထွေး နတ်ဘုရားအလင်းတန်း.. ဘာမှတ်လို့လဲ "
တိုင်လင် ဒေါသူပုန် ထသွားရတော့သည်။
လောရှောင်ရှောင်း ခေါင်းကုတ်ရင်း ပြန်ပြောလိုက်၏။
" ခဏနေဦး... နင် တိုက်ခိုက်ရမယ့်သူ ပြောင်းပေးလိုက်မယ် "