အများ၏ အာရုံစိုက်ခံရသော လောရုံ
Vol. 36 Ch. 492
လောရှောင်ရှောင်က ထိုသို့ပြောပြီး တိုက်ပွဲစင်မြင့်အောက်သို့ ဆင်းကာ လောရုံဆီသို့ လာလိုက်သည်။
" ဟား ဟား... မတိုက်နိုင်ရင် မတိုက်နိုင်ဘူးပေါ့ကွာ။ ဘာလဲ ပြိုင်မယ့်သူ ပြောင်းသလေး ဘာလေးနဲ့ ။ တော်တော်အရှက်မရှိတာပဲ "
ထိုစဥ် လူအုပ်ထဲမှ ဒဏ်ရာများ ပြန်သက်သာလာသော ကျွင့်ဟွမ်က အောက်ဆင်းလာသည့် လောရှောင်ရှောင်းကို ကြည့်ရင်း လှောင်လိုက်သည်။
လောရှောင်ရှောင်း ချက်ချင်း မျက်မှောင်ကြုံ့သွားကာ ကျွင့်ဟွမ်၏ ရင်ဘတ် အကျ်ီစကို ဆွဲကိုင်လိုက်သည်။
" နင်.. နင် ဘာလုပ်မလို့လဲ "
ကျွင့်ဟွမ် တအံ့တသြ ပြန်မေး၏။
" မကျေနပ်ဘူးလား... ဒါဆို ငါ နင့်ကို စင်ပေါ် ပစ်တင်ပေးလိုက်မယ်လေ။ ဟိုကောင်နဲ့ သူသေကိုယ်သေ သွားတိုက်ခိုက်ချည် "
လောရှောင်ရှောင်းက အေးစက်စက် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျွင့်ဟွမ်တစ်ယောက် ကြောက်လွန်း၍ တစ်ကိုယ်လုံး တုန်သွားပြီး မေ့လဲကျတော့မတတ် ဖြစ်သွား၏။
ယခုလို သူမ ဒဏ်ရာအပြင်းအထန် ရထားချိန် မဆိုထားဘိ..
သူမ အစွမ်းပြည့် သုံးနိုင်နေလျှင်ပင် တိုင်လင်ကို လူနှင့် တိုက်ခိုက်ပါက.. တစ်ချက်တည်းဖြင့်ပင် သူမ ရှုံးနိမ့်သွားရပေလိမ့်မည်။
" ငါ့ကို လွတ်စမ်း ၊ ငါ သွားစရာ ဘာအကြောင်းမှ မရှိဘူး ။ ငါ ခုနတည်းက ရှုံးထားပြီးသားလေ.. ဘာလို့ သွားရမှာလဲ "
ကျွင့်ဟွမ် ကြောက်လန့်တကြား ငြင်းလိုက်သည်။
ထိုစဥ် လောရှောင်ရှောင်းက သူမ၏ မျက်နှာကို ရိုက်ချလိုက်ရာ ကျွင့်ဟွမ်၏ ပါးတစ်ဖက် ချက်ချင်း ဖူးယောင်သွား၏။
" မသွားချင်ဘူးဆိုရင် ပါးစပ်ပိတ်ထား ။ နောက်ထပ် အဓိပ္ပါယ်မရှိတဲ့ စကားတစ်ခွန်း ထပ်ထွက်တာနဲ့ နင့်လျှာကို ဖြတ်ထုတ်ပစ်မယ်မှတ်။ အဲ့ကျ နင့်မိသားစုကလဲ နင့်ကို ကယ်နိုင်မှာ မဟုတ်ဘူး။ ငါပြောတာ ကြားလား "
လောရှောင်ရှောင်းက ဒေါသတကြီး ပြောလိုက်သည်။
ကျွင့်ဟွမ်မှာ လောရှောင်ရှောင်းအား အလွန်ကြောက်သွားပြီး ချက်ချင်း အသည်းအသန် ခေါင်းညိတ်ပြလိုက်၏။
လောရှောင်ရှောင်းက ထိုအချိန်မှသာ သူမအကျ်ီစကို လွတ်ပေးလိုက်ပြီး လောရုံဆီသို့ ဆက်လျှောက်သွားသည်။
" ရှောင်ရှောင်း... နင် အရင်က အဲ့လိုမဟုတ်ပါဘူး... "
လောရုံက သူမကို ကြောက်ရွံ့မှုအငွေ့အသက်အချို့ ပါသော အကြည့်ဖြင့် ကြည့်၍ ဆိုလိုက်သည်။
လောရှောင်ရှောင်းက အံ့သြသွားဟန်ဖြင့် ပြန်ပြော၏။
" တကယ်ကြီးလား... ကျွန်မတော့ ဘာမှ ပြောင်းသွားတယ်လို့လဲ မခံစားမိပါဘူး။ ကြည့်ရတာ အရင်တစ်ခေါက် တစ်ကိုယ်တည်း ကျင့်ကြံတုန်းက တစ်ယောက်တည်းနေတာ အရမ်းများသွားလို့လား မသိဘူး "
လောရုံ မျက်နှာကြီး ရှုံ့မဲ့သွား၏။ အခြားသူများက အိပ်ရာနိုးစအချိန်တွင် စိတ်မကြည်မလင်ဖြစ်ပြီး ဒေါသကြီးတတ်သည်ဟုသာ သူ ကြားဖူးထားချိန်တွင်.. ယခု လောရှောင်ရှောင်းက တစ်ယောက်တည်း ကျင့်ကြံပြီး ပြန်ထွက်လာချိန် ထိုသို့ ဖြစ်နေသတဲ့လား။
ထိုစဥ် လောရှောင်ရှောင်းက ဆက်ပြောသည်။
" အကိုလောရုံ ၊ အဲ့ကောင်ကို အကို့ဆီ လက်လွှဲပေးလိုက်လို့ ရလား "
လောရုံ ချက်ချင်း ခေါင်းညိတ်ပြ၏။
" ရတာပေါ့... ငါက လုပ်ချင်နေတာ ကြာလှပြီ "
သူ ထိုသို့ပြောပြီး တိုက်ပွဲစင်မြင့်ထက်သို့ ချက်ချင်း ခုန်တက်လိုက်သည်။
" ဟင်.. ဘာတွေ ဖြစ်နေတာလဲ ။ လောရှောင်ရှောင်း ဆင်းသွားပြီးတော့ ဟိုကောင် တက်လာတာလား။ အဲ့ကောင်က ဘယ်သူလဲ "
" လူစားထိုးမယ့်ထိုးတော့ ချင်းရှောင်ရှန်တို့ ၊ ရှန့်မူချင်းတို့ကို အစားထိုးတာ မဟုတ်ဘူး ။ ဘာလို့ အဲ့လိုတွေ့ကရာလူနဲ့ လူစားထိုးလိုက်ရတာလဲ "
အားလုံးက လောရုံအား မယုံသည့်အကြည့်ဖြင့် ကြည့်လိုက်ကြသည်။
ချင်းဝူချုံသည်ပင် မျက်မှောင်ကြုံ့သွားပါ၏။
" နတ်ဘုရားသခင်မကြီး.. အဲ့လူကို သိလား "
သူ ယောင်ချီ နတ်ဘုရားသခင်မကြီးဘက် လှည့်ကာ မေးလိုက်သည်။
ယောင်ချီ နတ်ဘုရားသခင်မကြီးက ခေါင်းယမ်း၍ ပြန်ပြော၏။
" ကျွန်မလဲ မသိဘူးရှင့် ။ ဒါပေမယ့် လောရှောင်ရှောင်းမှာ အဲ့လူကို ခေါ်ထုတ်လိုက်ရတဲ့ ရည်ရွယ်ချက် ရှိမှာပါ "
ထိုစဥ်တွင် ရွှေယွဲ့ချီ ပြောဖူးသော စကားများကိုလည်း သူမ ပြန်သတိရမိသွားပါသည်။
" ရွှေယွဲ့ချီ ပြောတာတော့ ပျောင်ပိုင်မြို့က လောထျန်းက မူလအရှုပ်အထွေးခန္ဓာကိုယ်ကို အသက်သွင်းနိုင်တယ်တဲ့။ မဟုတ်မှလွဲ... ဒီလောရုံဆိုတဲ့ ကောင်လေးကရော.... "
" မဖြစ်နိုင်တာ... ငါ စိုးရိမ်စရာတွေ အရမ်းများနေတော့ အဓိပ္ပါယ်ရှိတဲ့ အတွေးမျိုးတောင် မတွေးနိုင်တော့ဘူး။ အရှုပ်အထွေး ခန္ဓာကိုယ်ဆိုတာ မဖြစ်နိုင်တာကြီးပဲ။ ဒါပေမယ့် သူလဲ တိုင်လင်လို အရှုပ်အထွေး နတ်ဘုရားအလင်းတန်းလေး နည်းနည်းအသက်သွင်းနိုင်မယ်ဆို သိပ်ကောင်းမှာ... "
သူမ ထိုသို့တွေးရင်း အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
ထိုအချိန်တွင် လောရုံမှာ တိုက်ပွဲစင်မြင့်ထက်သို့ ရောက်နေခဲ့လေပြီ။
" အိုး.. ဟိုကောင်မလေးက သိပ်အစွမ်းမထက်တော့ အခု မင်းအလှည့်ပေါ့လေ.. ဟုတ်လား။ ဒါပေမယ့် ဘယ်သူလာလာ အရေးမကြီးပါဘူးကွာ။ ငါ့လို အရှုပ်အထွေး နတ်ဘုရားအလင်းတန်းပိုင်ရှင် ရှေ့မှာတော့ အားလုံးက အမှိုက်တွေချည်းပဲ "
တိုင်လင်က ဂုဏ်မောက်စွာ ပြောလိုက်သည်။
လောရုံ ခေါင်းတစ်ချက် ညိတ်လိုက်၏။
" ကောင်းပြီလေ "
သူ၏ မတုန်မလှုပ် တုန့်ပြန်ပုံကြောင့် တိုင်လင်တစ်ယောက် ချက်ချင်း ဒေါသူပုန် ထသွားတော့သည်။
" ဘာလဲ အဲ့စကားပြောတဲ့ ပုံစံက ။ မင်းက ငါ့ရဲ့ အရှုပ်အထွေး နတ်ဘုရားအလင်းတန်းကို အထင်သေးတာလား။ သြော်... သိပြီ ၊ မင်းတို့ရဲ့ တောကြီး ထျန်ယွမ်ကမ္ဘာမှာ အရှုပ်အထွေး နတ်ဘုရားအလင်းတန်းကို ကျင့်ကြံတဲ့သူ မရှိတာ ကြာလှနေပြီ မဟုတ်လား "
" ဒါဆိုလဲ မင်းကို ငါ ရှင်းပြပေးမယ်။ အရှုပ်အထွေးခန္ဓာကိုယ်ဆိုတာ ဒီ စကြဝဠာမှာ ရှိတဲ့ ထူးခြားတဲ့ခန္ဓာကိုယ် အမျိုးအစား မရေမတွက်နိုင်င် ရှိတဲ့ထဲကမှ အစွမ်းအထက်ဆုံး ခန္ဓာကိုယ်တစ်မျိုးပဲကွ။ အရှုပ်အထွေး နတ်ဘုရားအလင်းတန်း ဆိုတာကတော့ အရှုပ်အထွေးခန္ဓာကိုယ်ရဲ့ ရှေ့ပြေးအစွမ်းတစ်ခုပေါ့ကွာ "
" ရှေ့ပြေးအစွမ်း ဆိုပေမယ့် အဲ့အလင်းကို ရတာနဲ့ အစွမ်းတိုးသွားတဲ့ နှုန်းက မင်း ခန့်မှန်းလို့တောင် ရမှာမဟုတ်ဘူးကွ "
သူ့စကားကို နားထောင်ရင်း လောရုံ ခေါင်းတစ်ချက် ညိတ်လိုက်သည်။
" မင်းပြောတဲ့ အရှုပ်အထွေးခန္ဓာကိုယ်ဆိုတာ ဒါမျိုးလား... "
ဝီ...
ချက်ချင်းမှာပင် လောရုံ၏ ကိုယ်မှ အရှုပ်အထွေး နတ်ဘုရားအလင်းတန်း လင်းလက်လာပြီး အရှုပ်အထွေးခန္ဓာကိုယ် အပြည့်အဝ အသက်ဝင်လာတော့၏။
တိုင်လင် ခေါင်းညိတ်၍ ပြန်ပြောသည်။
" ဟုတ်တယ် ၊ အမှန်ပဲ။ ဒါပေမယ့် အဲ့ဒါက မင်းဘဝ တလျှောက်လုံး ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်တဲ့ အစွမ်းမျိုးပဲကွ "
သို့သော် သူ ထိုသို့ ပြောပြီးချိန်မှာပင် တစ်စုံတစ်ခု လွဲနေသည်ကို ချက်ချင်း ခံစားမိလိုက်ပါ၏။
သူ မျက်လုံးနှစ်ဖက်လုံးကို ပွတ်၍ လောရုံအား သေချာထပ်ကြည့်လိုက်သည်။ ထို့နောက်တွင်မူ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွား၏။
" မင်း... မင်းက.... "
သူ အံ့သြမှင်သက်လွန်း၍ စကားပင် ဆက်မဆိုနိုင်တော့ပါချေ။
သူသည်သာမက ၊ အနီးနားတွင် ရှိနေကြသော လူများအားလုံးလည်း အံ့သြလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။
တိုင်လင်၏ ကိုယ်မှ ထွက်ခဲ့သော မှိန်ဖျော့ဖျော့ အရှုပ်အထွေး နတ်ဘုရားအလင်းတန်းလေးကပင် အားလုံးကို ကြောက်လန့်သွားရအောင် လုပ်နိုင်ခဲ့ပါသည်။
သို့သော်.. ယခု လောရုံကိုယ်ပေါ်မှာ အလင်းတန်းက တိုင်လင်ထက် အဆများစွာ ပိုသိပ်သည်းပြီး..
ဒဏ္ဍာရီကျော် အရှုပ်အထွေး ခန္ဓာကိုယ်နှင့် တစ်ပုံစံထဲပါပင် ။
ဝုန်း..
ထိုစဥ် ယောင်ချီ နတ်ဘုရားသခင်မကြီးမှာ အံ့သြတုန်လှုပ်လွန်း၍ ခြေကို ဆောင့်ချမိသွားသဖြင့် သူမခြေထောက်အောက်မှ မြေကြီးပင် အက်ကွဲသွား၏။
သူမ လောရုံအား တအံ့တသြ ကြည့်နေရင်း ရင်ထဲတွင်လည်း ခံစားချက်ပေါင်းစုံ လှိုင်းထန်လာသည်။
" ဒါ... မဟုတ်မှလွဲရော... ရွှေယွဲ့ချီ ပြောခဲ့တာတွေက အမှန် ဖြစ်နေတာလား။ ဒီကမ္ဘာမှာ အရှုပ်အထွေးခန္ဓာကိုယ်ကို အသက်သွင်းနိုင်တဲ့သူ တကယ်ကြီး ရှိနေတာလား ။ ဒါပေမယ့် သူပြောတာတော့ လောထျန်းလို့ ပြောခဲ့တာပါ။ အခု ဘယ်လိုဖြစ်ပြီး လောရုံက.... "
" ငါ မှတ်မိတာပဲ မှားတာများလား.... ဒါမှမဟုတ်.. အရှုပ်အထွေးခန္ဓာကိုယ်ပိုင်ရှင်က နှစ်ယောက်ဖြစ်နေတာလား... "
ယောင်ချီ နတ်ဘုရားသခင်မကြီးမှာ သူ့မျက်လုံးသူပင် မယုံနိုင်တော့ပါချေ။
အရှုပ်အထွေးခန္ဓာကိုယ် မဆိုထားဘိ ၊ အရှုပ်အထွေး နတ်ဘုရားအလင်းတန်းလေး အနည်းငယ်အား ထုတ်လွှတ်နိုင်သူပင်လျှင် မသေမျိုးတစ်ယောက် ဖြစ်လာပါက ကြောက်မက်ဖွယ် တိုက်ခိုက်စွမ်းရည်မျိုး ပိုင်ဆိုင်မည်ကို သေချာပြော၍ ရပါသည်။
အရှုပ်အထွေးခန္ဓာကိုယ်ပိုင်ရှင် ဆိုလျှင်ကား... ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက် မဟုတ်ဘဲ မသေမျိုးအစွမ်းကို စုပ်ယူ၍ မသေမျိုးတစ်ယောက် ဖြစ်လာလျှင်ပင်.. သာမာန် ကမ္ဘာပေါ်မှမသေမျိုးများထက် ပိုသာမည် ဖြစ်သည်။
ထို အရှုပ်အထွေးခန္ဓာကိုယ်မှာ ကြောက်မက်ဖွယ် ထူးခြားသော ခန္ဓာကိုယ်တစ်ခုပင် ။
အရှုပ်အထွေးခန္ဓာကိုယ်ပိုင်ရှင်က ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက် ဖြစ်လာလျှင်ကား... သူမ ဆက်ပင် မတွေးရဲတော့ပါ။
သူမ သိသလောက်ဆိုလျှင်လည်း ရှေးယခင်ခေတ်မှစ၍ ထိုသို့သော အစွမ်းထက်ကျင့်ကြံသူမျိုး ထျန်းယွမ်ကမ္ဘာ၌ လုံးဝ ပေါ်မလာခဲ့ဖူးပါချေ။
ရှေးခေတ်အလွန်တွင် ရှိခဲ့ဖူးလား ၊ မရှိခဲ့ဖူးလား ဆိုသည်ကိုမူ သူမ မသိပါ။
ထို အရှုပ်အထွေးခန္ဓာကိုယ်၏ အစွမ်းကြောင့်လည်းမည်သည့်အဖွဲ့တွင်ဖြစ်စေ ၊ အရှုပ်အထွေး ခန္ဓာကိုယ်၏ မျိုးစေ့ကို စရထားပြီ ဆိုသည်နှင့် ထိပ်သီးအဆင့် ကျင့်ကြံသူအဖြစ် သတ်မှတ်ခံရခြင်း ဖြစ်သည်။
ယခု လောရုံမှာကား.. အရှုပ်အထွေးခန္ဓာကိုယ်ပိုင်ရှင်တစ်ယောက် ဖြစ်နေပြီဖြစ်ရာ.. သူမ စိတ်လှုပ်ရှားနေခြင်းက မလွန်ပေ။
သို့သော် ထိုသို့ စိတ်လှုပ်ရှားနေသူမှာ သူမတစ်ယောက်တည်း မဟုတ်ပါ။
" ဂိုဏ်းချုပ်ကြီး ချင်း ၊ အကိုသွမ့်.... "
သခင်ကြီး ထျန်းလုံမှာလည်း စိတ်လှုပ်ရှားလွန်း၍ တစ်ကိုယ်လုံးပင် တုန်နေ၏။
ချင်းဝူချုံကလည်း အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ ဆိုသည်။
" ဒီလောက် နှစ်တွေကြာသွားပြီးတဲ့နောက်... ထျန်းယွမ်ကမ္ဘာမှာ အခုလို ပါရမီရှင်မျိုး ပေါ်လတော့ ကျုပ် ထင်တောင်မထင်ခဲ့ဘူးဗျာ။ ကျုပ် သူ့ကို ဝူလျန်နန်းတော် ခေါ်သွားမယ်။ သူသာ ကောင်းကောင်းမွန်မွန် အရွယ်ရောက်လာရင် ကျုပ်တို့ ကောင်းကင်ဘုံပျက်စီးခြင်း အပေါ်သုံးခုကိုလဲ ကြောက်စရာ မရှိတော့ဘူး "
" ခင်ဗျားပြောတာ အဓိပ္ပါယ်ရှိပါတယ်။ ဒါပေမယ့် ထျန်းယွမ်ကျောင်းတော်မှာဆို သူ ပိုပြီး ကောင်းကောင်းကျင့်ကြံနိုင်မယ်လို့ ကျုပ် ထင်တယ် "
တာအိုသခင်ကြီး ထျန်းလုံကလည်း ပြောလာ၏။
သူတို့စကားကို ကြားသောအခါ ယောင်ချီ နတ်ဘုရားသခင်မကြီးက မျက်မှောင်ကြုံ့၍ ဆိုသည်။
" ကျွန်မတို့ ယောင်ချီ အနေနဲ့လဲ ခြွင်းချက်ထားပြီးတော့ ယောကျ်ားလေး ဂိုဏ်းဝင်ကို လက်ခံလိုက်လို့ ရတယ်လေ "
ပထမလူ သုံးယောက်က ယောင်ချီနတ်ဘုရားသခင်မကြီးအား မျက်နှာမသာမယာ ကြည့်လာကြ၏။
ထိုသို့ ထျန်းယွမ်ကမ္ဘာမှ လူများ ပျော်ရွှင်နေကြစဥ်တွင် ယွဲ့ယန်ကမ္ဘာမှ လူများမှာကား ထိုသို့ ဟုတ်မနေပါ။
" သခင်ကြီး ယဲ့ကျီ "
ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်က ယဲ့ကျီအား လှည့်ကြည့်လိုက်သည်။
ယဲ့ကျီက မျက်နှာကြီး သုန်မှုန်နေပြီး စိုးရိမ်မကင်းသည့် အကြည့်ဖြင့် လောရုံအား ကြည့်နေ၏။
" ဒီနေ့ အခုလို တိုက်ပွဲမျိုး စီစဥ်မိလိုက်တာ တော်သေးတာပေါ့။ မဟုတ်ရင် ထျန်းယွမ်ကမ္ဘာမှာ အဲ့လိုဘီလူးမျိုး ရှိနေတာ ငါတို့ သိလိုက်ရမှာ မဟုတ်ဘူး။ အားလုံး နားထောင်ကြဟေ့.. ဒီကောင့်ကို တိုက်ပွဲကွင်းပြင်ထဲမှာ မသတ်နိုင်ရင် ၊ပြီးသွားတဲ့အခါကျ ငါကိုယ်တိုင် သူ့ကို သတ်လိုက်မယ်။ မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြော မရဘူး ဆိုရင်တောင် သူ့ကိုတော့ သတ်ကိုသတ်မယ် ။ ငါပြောတာ ကြားကြလား "
ယဲ့ကျီ အေးစက်စက် ပြောလိုက်သည်။
အရှုပ်အထွေး ခန္ဓာကိုယ်မှာ သူတို့ ကမ္ဘာနှစ်ခုကြားမှ ဆက်ဆံရေးကို ပြောင်းပြန်လှန်ပစ်နိုင်ပါသည်။
သူ ထိုသို့ အဖြစ်မခံနိုင်ပေ။
" ဟုတ်ကဲ့ပါ "
ကျန်လူများကလည်း တစ်ယောက်ပြီးတစ်ယောက် ပြန်ဖြေလိုက်ကြသည်။
ထိုစဥ် တိုက်ပွဲစင်မြင့် တဖက်တွင် ရှိနေသော တိုင်လင်မှာမူ လောရုံအား သရဲတစ်ကောင်ကို တွေ့လိုက်သလို ကြည့်နေပါ၏။
အစောက... နတ်ဘုရားအလင်းတန်းလေး ထုတ်လွှတ်နိုင်အောင်ပင် သူ့အသက်ကို စွန့်စားခဲ့ရပါသည်။
သို့သော်... လောရုံက အရှုပ်အထွေး ခန္ဓာကိုယ်အား ဤမျှအလွယ်တကူ အသက်သွင်းလိုက်နိုင်သည့်အဖြစ်ကို သူ လုံးဝ လက်မခံနိုင်ပါ။
" ဟား ဟား.. သဘောပေါက်ပြီ ၊ မင်းက ဒီတိုင်း ဟန်ဆောင်နေတာပဲကွ။ မင်းက ထူးဆန်းတဲ့ မှော်လက်နက် တစ်မျိုးမျိုးကို သုံးပြီး အရှုပ်အထွေးခန္ဓာကိုယ်အဖြစ် ဟန်ဆောင်နေတာမလား။ ငါ့ကို လှည့်စားဖို့တောင် ကြိုးစားလိုက်သေးတယ် ။ နေဦး... မင်း တွေ့မယ် "
သူ ထိုသို့ပြောကာ လောရုံထံသို့ လက်သီးချက်တစ်ခု ပစ်လွှတ်လိုက်သည်။