← Chapters

လောထျန်း ပြန်လာပြီ

Vol. 36 Ch. 495

လောထျန်း ပြန်လာပြီ

Vol. 36 Ch. 495

" အိမ်မက် ဆက်မက်လိုက်ဦး "

လောရုံ ဒေါသတကြီး အော်ကာ ရှေ့သို့ ပျံသန်းလာသည်။

လောရှောင်ရှောင်းကလည်း သုန်မှုန်နေသော မျက်နှာဖြင့် ရှေ့သို့ ရောက်လာ၏။

ထို့နောက် သူတို့နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း ဆက်တိုက် တိုက်ခိုက်လိုက်ကြသည်။

သို့သော် ယွဲ့လင်က တည်တည်ငြိမ်ငြိမ်ပင် ရှိနေပြီး ထိုနှစ်ယောက်၏ သိုင်းကွက်များကို အလွယ်တကူ ချေဖျက်နေနိုင်၏။

တစ်ခါတစ်ရံ သူ ပြန်တိုက်ခိုက်သည့် အချိန်တိုင်းတွင်လည်း လောရုံတို့နှစ်ယောက် အစွမ်းကုန်သုံး ကာကွယ်သည့်ကြားမှ နောက်သို့ ဆုတ်သွားရသည်ချည်းပင်။

အားလုံးမှာလည်း ထိုတိုက်ပွဲကိုကြည့်ရင်း အလွန်ကြောက်ရွံ့တုန်လှုပ်နေကြတော့သည်။

ထိုစဥ် ထျန်းယွမ်ကမ္ဘာဘက်မှ ချင်းရှောင်ရှန်က ရှန့်မူချင်းဘက် လှည့်ကြည့်၍ တုန်တုန်ယင်ယင် ပြော၏။

" အကိုရှန် ၊ ကျုပ်တို့ သွားကူလိုက်သင့်လား "

သူ့စကားကို ကြားသည်နှင့် ရှန့်မူချင်း၏ မျက်နှာ ချက်ချင်း သွေးဆုတ်ဖြူရော်သွားသည်။

" သွားကူမယ်.. ဟုတ်လား ။ ဒီလို တိုက်ပွဲမျိုးမှာ မင်း ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မယ် ထင်လို့လဲ "

ချင်းရှောင်ရှန် ခေတ္တမျှ မှိုင်သွား၏။

" အလွန်ဆုံးမှ... ဆယ်စက္ကန့်လောက်ပဲ ခံနိုင်မယ် ထင်တယ် "

ရှန့်မူချင်း ခေါင်းညိတ်လိုက်သည်။

" ငါလဲ အဲ့လောက်ပဲ ရမှာ။ ဒီတိုက်ပွဲက ငါတို့ ဝင်ပါလို့ရတဲ့ပွဲ မဟုတ်တော့ဘူးကွ။ ငါတို့ သွားရင် ပြဿနာတွေ ပိုများအောင် လုပ်လိုက်သလိုပဲ ဖြစ်သွားလိမ့်မယ် ။ ဒီကနေပဲ ကြည့်ကြတာပေါ့ကွာ "

" အင်း.... "

ချင်းရှောင်ရှန်ကလည်း ခေါင်းညိတ်လိုက်၏။

လက်ရှိအချိန်တွင် ကျုံ့ကျိုးဒေသ၏ ပါရမီရှင်များ ဖြစ်ကြသော သူတို့နှစ်ယောက်လုံး အလွန်စိတ်ဓာတ်ကျ အားငယ်နေပါတော့သည်။

ယခင်ဆိုလျှင်... သူတို့ကိုယ်သူတို့ ထိပ်တန်းအဆင့် ပါရမီရှင်များဟု မှတ်ယူပြီး...

ဟွမ်ဖုယွီ တစ်ယောက်မှလွဲ၍ ဤထျန်းယွမ်ကမ္ဘာ၏ လူငယ်မျိုးဆက်သစ်ထဲတွင် သူတို့ကို ယှဥ်နိုင်သူ တစ်ဦးမှ မရှိဟုသာ မှတ်ယူထားခဲ့ကြပါ၏။

သို့သော်.... သူတို့ အမြင်ကျဥ်းလွန်းသွားခဲ့လေပြီ။

ယခု ရှေ့တွင် ရှိနေသော လူငယ်သုံးယောက်နှင့် ယှဥ်လိုက်ပါက.. သူတို့မှာ ဘာမှမဟုတ်သည့် သာမာန်လူများပါပင် ။

ထိုစဥ် တဖက်ရှိ ယောင်ချီ နတ်ဘုရားသခင်မကြီးကလည်း တိုက်ပွဲကို ကြည့်နေရင်း ရုတ်တရက် သက်ပြင်းချ၍ တီးတိုးပြောလာသည်။

" သခင်ကြီးတို့ ၊ ကျွန်မတို့တွေ ခုတည်းက အရှုံးပေးလိုက်ကြစို့လား "

" ဟင်... "

ချင်းဝူချုံက မျက်မှောင်ကြုံ့၍ သူမဘက် ချက်ချင်း လှည့်ကြည့်လာ၏။

" ယောင်ချီ နတ်ဘုရားသခင်မကြီး ၊ အဲ့စကားက ဘာအဓိပ္ပါယ်လဲ "

သူ အသံတည်ဖြင့် မေးလိုက်သည်။

ယောင်ချီ နတ်ဘုရားသခင်မကြီးက တုန်တုန်ယင်ယင် ပြန်ပြောရှာ၏။

" ယွဲ့ယန်ကမ္ဘာက ယောင်ချီရဲ့ မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြော တစ်ခုတည်းကိုပဲ လိုချင်တာလေ။ အဲ့တော့ သူတို့လိုချင်တာကို ပေးပြီး တိုက်ပွဲကို ဒီမှာပဲ အဆုံးသတ်လိုက်ကြတာပေါ့ "

" ဒါ.... "

တာအိုသခင်ကြီး ထျန်းလုံမှာလည်း သူမစကားကြောင့် အံ့အားသင့်သွား၏။

ယောင်ချီ နတ်ဘုရားသခင်မကြီးက စကားဆက်သည်။

" ယောင်ချီရဲ့ မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြောကို အဆုံးရှုံးခံပြီး ဒီကလေးနှစ်ယောက်ရဲ့ အသက်ကို ကယ်လိုက်တာက ထျန်းယွမ်ကမ္ဘာရဲ့ အနာဂါတ်ကို ကယ်တင်ပေးလိုက်သလိုပဲ ဖြစ်မှာလေ "

ထိုစကားကြောင့် လူများစွာ၏ သဘောထားများ ပြောင်းလဲသွားကုန်၏။

သွမ့်ချန်ချိုးကလည်း ဝင်ပြောသည်။

" ယောင်ချီ နတ်ဘုရားသခင်မကြီးကရော ဒါကို သတိထားမိတာလား "

နတ်ဘုရားသခင်မကြီးက ဝမ်းနည်းနေသည့် မျက်နှာလေးဖြင့် ပြန်ပြော၏။

" အရင် ကောင်းကင်ဘုံပျက်စီးခြင်းကိုးခုနဲ့ ရင်ဆိုင်ခဲ့ရတုန်းက ကျွန်မ ခုခံလဲ ဘာအဓိပ္ပါယ်မှ မရှိဘူးလို့တွေးပြီး စိတ်ဓာတ်ကျနေခဲ့ရတာရှင် ။ ဒါပေမယ့်.. အဲ့ဒါက ကျွန်မ ထျန်းယွမ်ကမ္ဘာကို သစ္စာဖောက်တယ် ဆိုတဲ့သဘော မဟုတ်ပါဘူး။ အခု ဒီကလေးနှစ်ယောက်က ကျွန်မကို မျှော်လင့်ချက်တွေ ပေးလာတော့ ... ကျွန်မ ကြိုးစားကြည့်ချင်သွားတယ် "

ပြီးခဲ့သော ကောင်းကင်ဘုံပျက်စီးခြင်း ကိုးခုတွင် ထျန်းယွမ်ကမ္ဘာမှ သက်ရှိများအားလုံး ဆိုးရွားသော ဒုက္ခကိုယ်စီနှင့် ရင်ဆိုင်ခဲ့ကြရပါသည်။

အထူးသဖြင့်... ကောင်းကင်ဘုံပျက်စီးခြင်း အပေါ်သုံးခုတွင် အသက်ပေါင်း သန်းချီ သေကြေပျက်စီးခဲ့ရပါ၏။

သူမ ထိုသို့သော အဖြစ်မျိုးကို ထပ်မကြုံချင်ပါ။

သို့သော်..

" ဒီကိစ္စက အဲ့လောက် မရိုးရှင်းဘူးဗျ "

ထိုစဥ် တာအိုသခင်ကြီး ထျန်းလုံက သက်ပြင်းချပြီး အသံတည်ဖြင့် ပြောလာပြန်သည်။

" သခင်ကြီး ဆိုလိုတာကို ကျွန်မ နားမလည်ဘူး "

ယောင်ချီ နတ်ဘုရားသခင်မကြီး အံ့အားသင့်သွားရသည်။

သခင်ကြီး ထျန်းလုံက စကားဆက်၏။

" အခု သခင်မကြီး တွေးသလို တဖက်ကလဲ တွေးနေမှာပဲဗျာ။ ယွဲ့ယန်ကမ္ဘာက လူတွေက ဒီကလေးနှစ်ယောက်ကို ဆက်ပြီး ကြီးပြင်းခွင့် ပေးမယ်ထင်လို့လား "

ထိုစကားကို ကြားမှသာ ယောင်ချီနတ်ဘုရားသခင်မကြီး သဘောပေါက်သွားတော့သည်။

" သူတို့တွေက ဒီကလေးနှစ်ယောက်ကို အတင်းအားသုံးပြီး သတ်ကြမှာပဲ... "

ချင်းဝူချုံကလည်း ပြောသည်။

" အမှန်ပဲ ၊ အခုလက်ရှိမှာ ယောင်ချီရဲ့ စိတ်စွမ်းအင်သွေးကြောက အဲ့လောက်အရေးမကြီးတော့ဘူးဗျ ။ ဒီနေ့ တိုက်ပွဲက ဘယ်လိုမှ ရှောင်လွဲလို့ မရတော့တဲ့ ပွဲပဲ "

သွမ့်ချန်ချိုး၏ အသံလည်း ထပ်ထွက်လာ၏။

" ကျုပ်ရဲ့ ခန္ဓာကိုယ်အစစ်က လမ်းမှာ လာနေပြီ... "

တာအိုသခင်ကြီး ထျန်းလုံက လန့်သွားဟန်ဖြင့် ဆို၏။

" ခင်ဗျားရဲ့ ခန္ဓာကိုယ်အစစ်က အောက်ကမ္ဘာရဲ့ လည်ပတ်နှုန်းကို အချိန်ဆွဲနေတာ မဟုတ်ဘူးလား ။ ခင်ဗျားသာ ဒီကိုလာမယ်ဆိုရင်... "

သွမ့်ချန်ချိုးက တည်တည်ငြိမ်ငြိမ် ပြန်ပြောသည်။

" လောလောဆယ် ဒီက ကိစ္စက ပိုအရေးကြီးနေတာပဲဗျာ "

ထိုစကားကို ကြားသောအခါ ကျန်နှစ်ယောက်ကလည်း အံကြိတ်၍ ဆို၏။

" ကောင်းပြီဗျာ ။ ဒါဆို ကျုပ်တို့ရဲ့ ခန္ဓာကိုယ်အစစ်တွေလဲ ဒီကို ​မကြာခင် ရောက်လာလိမ့်မယ် "

ယောင်ချီ နတ်ဘုရားသခင်မကြီးမှာ သူတို့၏ စကားများကြောင့် တုန်လှုပ်သွားရတော့သည်။

ထိုသုံးယောက်ကြောင့်သာ ကောင်းကင်ဘုံပျက်စီးခြင်း အပေါ်သုံးခုက နောက်ကျနေကြောင်း သူမ ကောင်းကောင်းကြီး သိထားသည် မဟုတ်ပါလား ။

သို့သော်.. ယခုတွင် သူတို့သုံးယောက်လုံး ရောက်လာကြပေတော့မည်။

ထိုစဥ် လေထဲရှိ တိုက်ပွဲမှာလည်း အဆုံးသတ်ခါနီးနေလေပြီ ။

" နေမင်းမာန"

ယွဲ့လင်၏ အော်သံကျယ်နှင့်အတူ တလက်လက်တောက်နေသော အလင်းတန်းတစ်ခု တိုးထွက်လာ၏။

ဘုန်း.... ဘုန်း..

လောရှောင်ရှောင်းနှင့် လောရုံတို့ နှစ်ယောက်လုံး မြေပေါ်သို့ တစ်ပြိုင်နက်တည်း လွင့်ကျသွားကာ.. တွင်းနက်ကြီး နှစ်ခု ဖြစ်သွားသည်။

" ရှုံးသွားပြီလား... "

" နှစ်ယောက်လုံးက ဒီလောက်အစွမ်းထက်တာတောင် ရှုံးသွားရတယ်နော် "

" မုန်းစရာကောင်းလိုက်တာ ။ ဟို ယွဲ့ယန်ကမ္ဘာက ကောင်က မသေမျိုး တစ်ဝက်တောင် ဖြစ်နေပြီလေ။ တောက်... လောရုံနဲ့ လောရှောင်ရှောင်းတို့သာ ကျင့်ကြံခြင်းအဆင့် ပိုမြင့်ထားရင် သေချာပေါက် နိုင်မှာပဲ "

ထျမ်းယွမ်ကမ္ဘာမှ လူများ သက်ပြင်းချကာ မကျေမနပ် ရေရွတ်လိုက်ကြသည်။

ထိုစဥ် လောရုံနှင့် လောရှောင်ရှောင်းတို့မှာ သွေးများ ကိုယ်စီအန်နေကြပြီး သူတို့၏ နဂါးအသွင်ပြောင်း ခန္ဓာကိုယ်များလည်း ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။

" အစွမ်းထက်လိုက်တာ... "

လောရုံ အံကြိတ်၍ ဆို၏။

ထိုအချိန်တွင် ယွဲ့လင်က သူတို့နှစ်ယောက်ကို အပေါ်စီးမှ ငုံ့ကြည့်ရင်း အပြုံးဖြင့် ပြောလာသည်။

" မင်းတို့နှစ်ယောက်ကို ကျေးဇူးအများကြီး တင်ပါတယ်။ ငါ ဒီတိုက်ပွဲကနေ အကျိုးအမြတ်တွေ အများကြီး ရခဲ့တယ်ကွ။ ငါ မင်းတို့ နှစ်ယောက်လုံးကို သတိရနေတော့မှာပဲ " သူက ပြောပြောဆိုဆိုပင် တိုက်ခိုက်ရန် ပြင်လိုက်ပြီး ထိုနှစ်ယောက်အား အသေသတ်မည့် သိုင်းကွက်ကို ထုတ်သုံးရန် လုပ်လိုက်၏။

" ရပ်လိုက်... "

၎င်းကို မြင်သောအခါ ယောင်ချီနတ်ဘုရားသခင်မကြီးနှင့် ကျန်လူများ တစ်ပြိုင်နက်တည်းလိုပင် အော်၍ တားလိုက်ကြသည်။

တဖက်မှ ယဲ့ကျီကလည်း မျက်လုံးများ အရောင်လက်သွားပြီး သူတို့လူစုကို တားရန် ပြင်လိုက်၏။

သို့သော် ထိုအချိန်မှာပင်..

ဝေါင်း..

ကမ္ဘာနှစ်ခုကြား တံခါးပေါက်ဆီမှ သားရဲအော်သံကြီးတစ်ခု ရုတ်တရက် ထွက်လာသည်။

" ဟင်... "

အားလုံးက အသံလာရာ တံခါးပေါက်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

ထို့နောက်တွင်ကား.. ကောင်းကင်ဝါးမြို ဧရာမ မြွေဟောက်ကြီးက ကမ္ဘာနှစ်ခုကြား တံခါးပေါက်မှ ခေါင်းတိုးထွက်လာပါ၏။

" ဟင်... ဒါ သူတို့ရဲ့ နောက်တိုးစစ်ကူတွေလား.. "

၎င်းကို မြင်သော ထျန်းယွမ်ကမ္ဘာမှ လူများ ချက်ချင်း မျက်နှာဖြူရော်သွားကြတော့သည်။

လက်ရှိမြင်ကွင်းမှာလည်း မည်သို့ပင်ကြည့်ကြည့် ယွဲ့ယန်ကမ္ဘာမှ စစ်ကူများ ထပ်ရောက်လာသည်နှင့် တူနေသည် မဟုတ်ပါလား။

ယွဲ့ယန်ကမ္ဘာမှ လူများကလည်း မြွေဟောက်ကြီးကို တွေ့သည်နှင့် တအံ့တသြ ရေရွတ်လိုက်ကြသည်။

" ဒါ... ကမ္ဘာသခင်ကြီးရဲ့ ဘေးနားမှာနေတဲ့ စိတ်စွမ်းအင်သွေးကြောပဲ.. "

ကျန်လူများလည်း ထိုစကားကြောင့် မျက်လုံးများ အရောင်လက်သွားကြပြီး အချို့ဆိုလျှင် မြေကြီးပေါ်သို့ ချက်ချင်း ဒူးတစ်ဖက် ထောက်လိုက်ကြ၏။

" ကြိုဆိုပါတယ် ကမ္ဘာသခင်ကြီး "

အားလုံး သံပြိုင်အော်လိုက်ကြသည်။

" ဟင်.. ယွဲ့ယန်ကမ္ဘာရဲ့ ကမ္ဘာသခင်ကြီး ရောက်လာတာလား "

တဖက်မှ ချင်းဝူချုံမှာလည်း ထိုလူများ၏ အော်သံကို ကြားကာ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။

သူ ယွဲ့ယန်ကမ္ဘာနှင့် ကြိမ်ဖန်များစွာ ရင်ဆိုင်ခဲ့ဖူးသည်ဖြစ်ရာ ယွဲ့ယန် ကမ္ဘာသခင်ကြီး၏ အစွမ်းက မည်သို့ရှိသည်ကို ကောင်းကောင်း သိပါသည်။

ထိုသူမှာ သာမာန် ကမ္ဘာပေါ်မှ မသေမျိုးအဆင့်ကို ကျော်လွန်ပြီး ထို့ထက်မြင့်သည့် အဆင့်သို့ ရောက်နေပြီဟု ပြော၍ရပါ၏။

သူသာ ယွဲ့ယန်ကမ္ဘာကို ကာကွယ်စရာ မလိုပါက အပေါ်ကမ္ဘာသို့ တက်ပြီး ကိုယ်ပိုင်ကမ္ဘာသစ်တစ်ခု တည်ထောင်နိုင်သည်မှာလည်း ကြာလှလေပြီ ။

အကယ်၍ ထိုလူသာ ရောက်လာမည် ဆိုလျှင် သူတို့သုံးယောက်လုံး၏ ခန္ဓာကိုယ်အစစ်များနှင့်ပင် သူ့အား တားနိုင်မည် မဟုတ်ပါ။

" ထျန်းယွမ်ကမ္ဘာက ဒီလိုနဲ့ အဆုံးသတ်ရတော့မှာလား "

သူ မျက်နှာပျက်ပျက်ဖြင့် ကမ္ဘာနှစ်ခုကြား တံခါးပေါက်ဆီသို့သာ အဓိပ္ပါယ်မဲ့စွာ ကြည့်နေလိုက်တော့သည်။

ထိုအချိန်တွင် ကောင်းကင်ဝါးမြို မြွေဟောက်ကြီး၏ ခန္ဓာကိုယ်က တံခါးပေါက်ကို ဖြတ်ပြီး ထျန်းယွမ်ကမ္ဘာထဲသို့ ရောက်လာခဲ့ပြီ ဖြစ်၏။

" ကြည့်လိုက်ကြဦးဟေ့... မြွေဟောက်ကြီးရဲ့ ခေါင်းပေါ်မှာ ထိုင်နေတာ ဘယ်သူလဲ "

" အဲ့ဒါ ကမ္ဘာသခင်ကြီးလား ၊ ကမ္ဘာသခင်ကြီးကို ကြိုဆို.... ဟင်... "

ကောင်းကင်ဝါးမြို မြွေဟောက်ကြီး၏ ခေါင်းပေါ်တွင် ရှိနေကြသော သူကို ယွဲ့ယန်ကမ္ဘာမှ လူများ ရှင်းရှင်းလင်းလင်း မြင်ကာ အံ့အားသင့်သွားကြသည်။

ထိုစဥ်တွင် မြွေဟောက်ကြီးပေါ်၌ လူနှစ်ယောက် ရှိနေပြီး.. တစ်ယောက်မှ သူတို့၏ ကမ္ဘာသခင်ကြီး မဟုတ်ပါချေ။

ထို နှစ်ယောက်က မည်သူများပါနည်း။

သူတို့ ထိုသူများအား တစ်ခါမှ မမြင်ဖူးပါ...

သို့သော် ထျန်းယွမ်ကမ္ဘာမှ လူတစ်ယောက်က ထိုနှစ်ယောက်ကို မြင်သည်နှင့် မှတ်မိသွားပါ၏။

" အပျိုစင် နတ်ဘုရားမ မဟုတ်လား... "

" ဟင်... ယောင်ချီရဲ့ အပျိုစင် နတ်ဘုရားမ ရွှေယွဲ့ချီလား ။ သူက ဘယ်လိုလုပ်ပြီး အဲ့ကနေ ထွက်လာတာလဲ "

" ပြီးတော့ ရွှေယွဲ့ချီဘေးက လူငယ်ကရော ဘယ်သူလဲ "

ထျန်းယွမ်ကမ္ဘာမှ လူများ နားမလည်နိုင် ဖြစ်ကုန်ကြသည်။

အထူးသဖြင့် ယောင်ချီမှ လူများပါပင်..

သူတို့ သိထားသည့်အတိုင်း ဆိုပါက ရွှေယွဲ့ချီမှာ သူမ၏ အပြစ်ကို ပြန်ဆန်းစစ်ရန်အတွက် အကျဥ်းချခံထားရသည် မဟုတ်ပါလား.. ။

သို့သော်.. ယခု... အဘယ့်ကြောင့်..

မှန်ပါသည် ။ ကောင်းကင်ဝါးမြို မြွေဟောက်ကြီး၏ ခေါင်းပေါ်၌ ရှိနေကြသူ နှစ်ယောက်မှာ လောထျန်းနှင့် ရွှေယွဲ့ချီတို့ပင် ။

လောထျန်းသည် ယွဲ့ယန်ကမ္ဘာသခင်ကြီးကို အနိုင်ယူပြီးနောက် .. စိတ်စွမ်းအင်သွေးကြောများနှင့်အတူ ကမ္ဘာနှစ်ခုကြား တံခါးပေါက်ဆီသို့ အလျင်အမြန် သွားခဲ့ပြီး..

ယခု နောက်ဆုံးမှသာ ထျန်းယွမ်ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

သူ မရှိသည့် အချိန်အတွင်း ကမ္ဘာနှစ်ခုကြား တံခါးပေါက်ရှေ့၌ မည်သို့ဖြစ်ပျက်နေခဲ့သည်ကိုလည်း လောထျန်း တစ်လုံးတပါဒမျှ မသိပါချေ။

သူ ရောက်ရောက်ချင်း ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်ရာ လူစိမ်းတစ်စုက သူ့အား ဒူးထောက်ကြိုနေကြပြီး ..တဖက် ယောင်ချီဘက်မှ လူများမှာမူ ကြောက်မက်ဖွယ် ရန်သူကြီးနှင့် ရင်ဆိုင်နေရပုံ ပေါက်နေကြသဖြင့် သူ အူကြောင်ကြောင် ဖြစ်သွားရ၏။

အချိန်အတန်ငယ် ကြာသွားပြီးမှသာ သူ မနေနိုင်ဘဲ ထုတ်မေးလိုက်သည်။

"အိုရာရာ…တယ်ထူးဆန်းပါလား… ဒီမှာ ဘာလို့ လူတွေအများကြီး ဖြစ်နေရတာလဲ "

All Chapters