လူမှား၍ တိုက်ခိုက်ခြင်း
Vol. 36 Ch. 496
" မင်းက ဘယ်သူလဲ ၊ ကမ္ဘာသခင်ကြီးက ဘယ်မှာလဲ "
ယဲ့ကျီက လောထျန်းအား မျက်မှောင်ကြုံ့ကြည့်ကာ မေးလိုက်သည်။
" ကမ္ဘာသခင်ကြီး.. ဟုတ်လား "
လောထျန်း အံ့အားသင့်သွားကာ ယဲ့ကျီအား အူကြောင်ကြောင် ပြန်ကြည့်လိုက်သည်။
ထိုအချိန်မှာပင်..
" အကိုထျန်း... "
အသံတစ်သံ ထွက်လာ၏။
လောထျန်းက အသံလာရာဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်ရာ.. မြေပြင်တွင် ဒဏ်ရာအပြင်းအထန် ရထားကြသည့် လောရုံနှင့် လောရှောင်ရှောင်းတို့အား တွေ့လိုက်ရသည်။ သူ့မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ရုတ်ချည်း ဖြတ်ပြေးသွား၏။
" ကျုပ်နဲ့ လိုက်ခဲ့ "
လောထျန်းက ပြောပြောဆိုဆိုပင် ရွှေယွဲ့ချီလက်အား ဆုပ်ကိုင်ပြီး လောရုံနှင့် လောရှောင်ရှောင်းတို့ နှစ်ယောက်ရှေ့သို့ တိုက်ရိုက် တည်နေရာရွှေ့ပြောင်းသွားလိုက်သည်။
" ဟင်.. သူ့ရဲ့ ခန္ဓာကိုယ်ရွှေ့ကွက်က... "
ယွဲ့လင်မှာလည်း လောထျန်းတစ်ယောက် ရုတ်တရက် ပေါ်လာသည်ကို ကြည့်ပြီး မျက်လုံးများ အရောင်လက်သွား၏။
" ကောင်းတယ်ကွာ.. နောက်ထပ် သားကောင် ကောင်းကောင်းလေး ထပ်ရောက်လာတာပဲ။ ဒီနေ့တော့ ငါ့ရဲ့ တာအိုနှလုံးသား လုံးဝ ပြီးပြည့်စုံသွားတော့မှာ "
ယွဲ့လင် အားပါးတရ အော်ရယ်လိုက်သည်။
" ရပ်လိုက်စမ်း.. "
ထိုစဥ် ယဲ့ကျီကလည်း လောထျန်းတစ်ယောက် နေရာမှ ရုတ်တရက် ပျောက်သွားသဖြင့် သူ့အား ဖမ်းချုပ်ရန် လှုပ်ရှားလိုက်ပါ၏။
သို့သော် ထိုအချိန်မှာပင်..
" သခင်ကြီး ယဲ့ကျီ ၊ ဟိုကို ကြည့်လိုက်ဦးဗျ.. "
လူတစ်ယောက်၏ အလန့်တကြားအော်သံ ထွက်လာသည်။
" ဟင်.. "
ယဲ့ကျီက ထိုလူညွှန်ပြသည့် ကမ္ဘာနှစ်ခုကြား တံခါးပေါက်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ချက်ချင်းမှာပင် သူ့ခန္ဓာကိုယ် ကြက်သေသေသွားပါ၏။
ဝုန်း..
ထိုစဥ်မှာပင် ကမ္ဘာနှစ်ခုကြား တံခါးပေါက်မှ ယူနီကွန်းတစ်ကောင် ခုန်ထွက်လာပြီး လူအုပ်ကို ဖြတ်သန်းသွားသည်။
" ဒါ... "
ယဲ့ကျီ အံ့သြလွန်း၍ စကားပင် မဆိုနိုင်တော့ပါ။
ဟွမ်ထျန်းကလည်း ထိုမြင်ကွင်းကို ကြည့်ရင်း တအံ့တသြ ရေရွတ်၏။
" အဲ့ဒါ.. ကျုပ်တို့ဂိုဏ်းရဲ့ စိတ်စွမ်းအင်သွေးကြော မဟုတ်လား ။ အခု ဘာလို့ ဒီကိုရောက်လာရတာလဲ "
သို့သော် သူ နားမလည်နိုင်ခင်မှာပင်..
ဝုန်း..
သူ့အနောက်ဘက်မှ အသံကျယ်တစ်သံ ထပ်ထွက်လာပြန်သည်။
အသံနှင့် မရှေးမနှောင်းမှာပင် အရွယ်အစား စုံလင်လှသော စိတ်စွမ်းအင်သွေးကြောများ မရေမတွက်နိုင်အောင် ထပ်ထွက်လာကြပါ၏။
ထိုမြင်ကွင်းမှာ မယုံနိုင်စရာ ကောင်းလွန်းလှ၍ အားလုံး အံ့သြမှင်သက်ကုန်ကြသည်။
အားလုံးထဲမှ ချင်းဝူချုံက အရင်ဆုံးအသိပြန်ဝင်လာကာ ကောင်းကင်ယံသို့ ချက်ချင်း ပျံတက်ပြီး ယဲ့ကျီအား ပြောလိုက်သည်။
" ယဲ့ကျီ .. မင်း ဘာတွေဉာဏ်ဆင်နေတာလဲ "
ချင်းဝူချုံမှာ ထိုအချိန်တွင် အလွန်လည်း ဒေါသထွက်နေပါ၏။
တဖက်လူက စိတ်စွမ်းအင်သွေးကြောများ အားလုံးကို ခေါ်ထုတ်လာသည်ဖြစ်ရာ.. သူတို့ ကမ္ဘာနှစ်ခုကြားတွင် ရက်ရက်စက်စက် တိုက်ပွဲကြီး စတော့မည်ဆိုသည့် အဓိပ္ပါယ်ပေလား ။
ထိုလူများက ပြီးခဲ့သော တိုက်ပွဲများတွင် တမင်သက်သက် အချိန်ဆွဲနေခဲ့ခြင်းပေလား ။
သို့သော်.. ထိုစဥ် တဖက်မှ ယဲ့ကျီမှာလည်း နားမလည်နိုင်ဖြစ်ကာ အံ့သြမှင်သက်နေပါ၏။
" ချီး... ငါက ဘယ်လိုလုပ် သိမှာလဲကွ "
ယဲ့ကျီ ဒေါသတကြီး အော်လိုက်သည်။
သူ ထျန်းယွမ်ကမ္ဘာသို့ မလာခင်တွင် သူတို့ ယွဲ့ယန်ကမ္ဘာသခင်ကြီးက သူ့အား တိုက်ခိုက်ရေးအင်အားစုကို အတတ်နိုင်ဆုံး ချွေတာပြီး မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြော တစ်ခုကိုသာ ပြန်ယူလာရန် သေချာမှာကြားခဲ့ပါသည်။
ထို့ကြောင့်လည်း ကမ္ဘာပေါ်မှ မသေမျိုး အနည်းငယ်ကိုသာ သူ ခေါ်လာခဲ့ခြင်းပင်။
သို့သော်... ယခု စိတ်စွမ်းအင်သွေးကြောများက အဘယ့်ကြောင့် ရုတ်တရက် ရောက်လာရပါသနည်း။
အထူးဖြင့်.. သူတို့ ကမ္ဘာသခင်ကြီး တစ်ကိုယ်တည်း ကျင့်ကြံရာတွင်သာ ရှိနေသင့်သော ကောင်းကင်ဝါးမြို မြွေဟောက်ကြီးက အဘယ့်ကြောင့် ဤနေရာသို့ လာခဲ့ရပါသနည်း။
ကမ္ဘာသခင်ကြီးက စိတ်စွမ်းအင်သွေးကြော ရောက်လာသည်ကို မသိခြင်းပေလား..
ထိုစဥ် ယဲ့ကျီနှင့် ချင်းဝူချုံတို့က တစ်ယောက်ကိုတစ်ယောက် လူသတ်အရိပ်အငွေ့ အပြည့်ဖြင့် ရင်ဆိုင်လိုက်ကြသည်။
တဖက်မှ လောထျန်းမှာမူ လောရုံတို့ နှစ်ယောက်ရှေ့၌ အေးစက်စက် မျက်နှာထားဖြင့် ရပ်နေ၏။
" မင်းတို့ကို အဲ့လိုဖြစ်အောင် ဘယ်သူလုပ်လိုက်တာလဲ။ ဟို ယောင်ချီက အကြီးအကဲဟွာ လား "
လောထျန်းခေါင်းထဲတွင် သူတို့ကို လူလွှတ်၍ ပြဿနာရှာခဲ့သော သူအား ပထမဆုံး တွေးမိသွားသည်။
" မဟုတ်ဘူးဗျ... "
လောရုံက နှုတ်ခမ်းထောင့်တွင် ပေနေသော သွေးများကို သုတ်ရင်း ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ပြန်ပြောပြလိုက်၏။
စကားဆုံးအောင် နားထောင်ပြီးနောက်တွင်မူ လောထျန်း အခြေအနေအား သဘောပေါက်သွားကာ ပြောလိုက်သည်။
" အဲ့လိုလား... ဒါဆို လောင်းပွဲမှာ မင်းတို့နှစ်ယောက်လုံး ရှုံးသွားခဲ့ကြတာပေါ့ "
လောရှောင်ရှောင်းက တရှုံ့ရှုံ့ငိုရင်း ခေါင်းညိတ်ပြသည်။
" ဟုတ်တယ် အကိုထျန်းရဲ့ ၊ ရန်သူက မယုံနိုင်စရာ ကောင်းလောက်အောင်ကို အစွမ်းထက်လွန်းတယ်။
အကိုထျန်း ကျွန်မတို့ ဒေါသကို ကူပြီး ဖြေပေးပါဦး "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" စိတ်မပူပါနဲ့ ၊ အဲ့ကိစ္စကို ငါ့တာဝန်သာထား "
သူ့ ညီလေးနှင့် ညီမလေးတို့နှစ်ယောက် ထိုသို့ ရက်ရက်စက်စက် အနိုင်ယူခံလိုက်ရသည်ကို သူ မည်သို့ သည်းခံနိုင်ပါမည်နည်း။
ဘေးတွင်ရပ်နေသော ရွှေယွဲ့ချီကလည်း ထိုအချိန်မှ အသိပြန်ဝင်လာကာ လောထျန်းအား ပြော၏။
" လောထျန်း ၊ ကျေးဇူးပြုပြီးတော့ ကျွန်မတို့ ယောင်ချီရဲ့ စိတ်စွမ်းအင်သွေးကြောကို ကာကွယ်ပေးပါရှင် "
လောထျန်း ခေါင်းကင်ယံသို့ ခေါင်းမော့ကြည့်လိုက်သည်။ လက်ရှိတွင် နေဝင်လုဆဲ ဖြစ်နေသည့်တိုင် နေမဝင်ခင် အချိန်အနည်းငယ် ရနေသေးပါသည်။
" စိတ်မပူပါနဲ့ ၊ ကျုပ်တာဝန်သာထား ။ ယွဲ့ယန်ကမ္ဘာက ပါရမီရှင် ဆယ်ယောက် မဟုတ်လား ။ အဲ့ကောင်တွေအားလုံးကို ကျုပ် တစ်ချက်တည်းနဲ့ ရှင်းလိုက်လို့ရတယ် "
သူ ထိုသို့ပြောပြီးသည်နှင့် လေထဲ ချက်ချင်းပျံတက်ကာ အသံကျယ်ဖြင့် အော်လိုက်သည်။
" ကျုပ်က ထျန်းယွမ်ကမ္ဘာဘက်ကနေ တိုက်ခိုက်မယ့် ပျောင်ပိုင်မြို့က လောထျန်းပဲ "
ထိုအော်သံကြောင့် အားလုံး၏ အာရုံက သူ့အပေါ် ရောက်လာ၏။
" ခုချိန် ထွက်ပြီးတိုက်ခိုက်ရဲတဲ့သူ ရှိသေးတာလား.. "
" ပျောင်ပိုင်မြို့က လောထျန်းတဲ့ ၊ ပျောင်ပိုင်မြို့က နောက်တစ်ယောက်ပေါ့... "
" ပျောင်ပိုင်မြို့မှာ နောက်ထပ် ပါရမီရှင်တစ်ယောက် ရှိသေးတာလား ။ အဲ့ကောင်လေးက လောရုံထက်တောင် ပိုအစွမ်းထက်မလား မသိဘူးနော် "
အားလုံးက လောထျန်းအား ခေါင်းမော့ကြည့်လိုက်ကြသည်။ သို့သော် သူတို့ရင်ထဲတွင်ကား မျှော်လင့်ချက် သိပ်မရှိလှပါချေ။
" လောထျန်း တဲ့လား... "
တာအိုသခင်ကြီး ထျန်းလုံက လောထျန်းအား အတွေးနက်နေသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
" ဒီကောင်လေးက တိုက်ခိုက်ချင်တယ်တဲ့လား ။ အင်းလေ ဒါဆိုလဲ ကောင်လေးကိုပဲ တိုက်ခိုက်ပြီး အချိန်ဆွဲခိုင်းထားလိုက်မယ်။ ဒီကြားထဲမှာ ယွဲ့ယန်ကမ္ဘာဘက်က ဘယ်လိုလှည့်ကွက်တွေ စီစဥ်ထားလဲ စောင့်ကြည့်ရမှာပေါ့ "
ချင်းဝူချုံ စိတ်ထဲမှ တွေးမိလိုက်သည်။
သူ့ ရင်ထဲတွင်လည်း လောထျန်းအား အချိန်ဆွဲရန်အနေဖြင့်သာ တွေးထားပြီး လောထျန်းဘက်မှ နိုင်လိမ့်မည်ဟု လုံးဝ မထင်မိပါ။
" လောထျန်းတဲ့... ရွှေယွဲ့ချီ ပြောဖူးတဲ့ အရှုပ်အထွေးခန္ဓာကိုယ်ပိုင်ရှင် ဆိုတာလား.. "
ယောင်ချီနတ်ဘုရားသခင်မကြီးမှာလည်း လောထျန်းကို တစ်ချက်ကြည့်ပြီး ရင်ထဲ လေးလံသွား၏။
" ထုံရွှယ်အဆင့်ပဲ ရှိသေးတာပါလား ။ ဒီအဆင့်နဲ့ဆို အရှုပ်အထွေးခန္ဓာကိုယ် ရှိရင်တောင် ဘာမှ အသုံးမဝင်ဘူးလေ "
သူမ တစ်ကိုယ်တည်း တွေးမိလိုက်သည်။
တဖက်တွင်မူ..
" ဟားဟား ကောင်းတယ်ကွာ ၊ ထျန်းယွမ်ကမ္ဘာမှာ မကြောက်ဘဲ တိုက်ခိုက်ရဲတဲ့သူ ရှိဦးမယ်လို့ ငါ ထင်တောင် မထင်ထားမိဘူး။ ပြိုင်ပွဲစည်းကမ်းတွေအတိုင်းဆို မင်းတို့ နေမဝင်ခင်အထိ တိုက်ခိုက်လို့ ရပါသေးတယ် "
ယွဲ့လင် ပြောလာ၏။
သူက လေထဲတွင် ဟိတ်ကြီးဟန်ကြီးဖြင့် ရပ်နေပြီး လောထျန်းကိုလည်း စိတ်ထဲ အလေးနက်ထားဟန် လုံးဝ မတူပါချေ။
သူ လောထျန်း၏ ကျင့်ကြံခြင်းအဆင့်ကို မြင်တွေ့ထားပြီးပြီ မဟုတ်ပါလား။
သို့သော်.. ထိုစဥ်တွင် လောထျန်းတစ်ယောက် အနည်းငယ် တွန့်ဆုတ်သွားဟန် တူပါသည်။
" အခု တိုက်ရမယ့် ပြိုင်ဘက်က ဘယ်သူလဲ "
သူသည် ယခုလေးတင် ကမ္ဘာနှစ်ခုကြား တံခါးပေါက်မှ ထွက်လာခဲ့သည်ဖြစ်ရာ မည်သူ့ကို ယှဥ်တိုက်ခိုက်ရမည်မှန်း မသိသေးပါချေ။
" အင်း ရှောင်ရှောင်းက ပြောတာတော့ ပြိုင်ဘက်က မယုံနိုင်စရာကောင်းအောင်ကို အစွမ်းထက်တယ်တဲ့။ အဲ့တော့ အစွမ်းထက်တဲ့သူကိုပဲ ရှာလိုက်မယ် "
လောထျန်း ထိုသို့တွေးကာ ယွဲ့ယန်ကမ္ဘာမှ လူများအား ဝေ့ဝဲကြည့်လိုက်သည်။ သူ ယွဲ့လင်အား မြင်သည့်အချိန်တွင် သူ့အကြည့်က တခဏလေးမျှပင် ရပ်မသွားခဲ့ပါ။
" ဟင်.. ဒီကောင်က ဘာလုပ်နေတာလဲ ။ မတိုက်ခိုက်သေးဘူးလား "
အနီးနားမှ လူများမှာ လောထျန်း ဘာလုပ်နေသည်ကို နားမလည်နိုင်ဘဲ သူ့အား အံ့သြတကြီး ကြည့်လိုက်ကြသည်။
ထိုစဥ်တွင် လောထျန်း၏ အကြည့်က ယဲ့ကျီထံ ရောက်သွား၏။
" ဒီတစ်ယောက်က အစွမ်းအထက်ဆုံးပဲ။ သူပဲ ဖြစ်ရမယ်.. "
လောထျန်း စိတ်ထဲမှ တွေးကာ တဖက်လူဆီသို့ ပျံသန်းသွားလိုက်သည်။
" ဟား ဟား.. တိုက်ခိုက်ဖို့ အသင့်ဖြစ်ပြီလား "
ယွဲ့လင်က ရယ်ပြီး တိုက်ခိုက်ရန်အသင့်ပြင်လိုက်၏။
သို့သော်..
ဝှစ်..
လောထျန်းက သူ့ခေါင်းပေါ်မှ ဖြတ်၍ ပျံသန်းသွားဖြင့် ..
" ဟင်... "
ယွဲ့လင် နားမလည်နိုင် ဖြစ်သွားရသည်။
လောရုံနှင့် လောရှောင်ရှောင်းတို့ နှစ်ယောက်မှာလည်း သူ့နည်းတူပင် ခေါင်းရှုပ်သွားကြပါ၏။
ဘာတွေ ဖြစ်နေပါသနည်း ။
၎င်းက လက်တုန့်ပြန်ခြင်းတဲ့လား..
ထိုအချိန်တွင် လောထျန်းမှာ ယဲ့ကျီရှေ့သို့ ရောက်သွားခဲ့လေပြီ။
" ငါ့ညီနဲ့ ညီမကို ဒဏ်ရာရအောင် လုပ်ရဲတယ်ပေါ့လေ။ ရော့.. မြေနိုး.. ငါ့လက်သီးကို စားလိုက် "
လောထျန်း ဒေါသတကြီး အော်ကာ ရှေ့သို့ လက်သီးဖြင့် ထိုးလိုက်သည်။
ယဲ့ကျီ အံ့သြမှင်သက်သွားပြီး ချက်ချင်း မျက်လုံးပြူးသွားပါ၏။
" ဘာအဓိပ္ပါယ်မရှိတဲ့စကားတွေ လာပြောနေတာလဲ.. "
" အကိုထျန်း ၊ လူမှားနေပြီ .. "
လောရုံနှင့် လောရှောင်ရှောင်းတို့ အခြေအနေကို နားလည်သွားကာ ချက်ချင်း အော်တားလိုက်ကြသည်။
သို့သော်.. သူတို့ တုန့်ပြန်မှုက နောက်ကျသွားခဲ့လေပြီ ။
ဘုန်း..
လောထျန်း၏ လက်သီးချက် ထွက်လာပြီး ..
ချက်ချင်းမှာပင် ကောင်းကင်ယံတစ်ခုလုံးကို ဖုံးသည့် လက်သီးအရိပ်ကြီးတစ်ခု ပေါ်လာကာ ယဲ့ကျီရှေ့သို့ ရောက်လာသည်။
သူ့တစ်ကိုယ်လုံးရှိ အမွေးများ ထောင်သွားသည်ကို ယဲ့ကျီတစ်ယောက် ရုတ်ချည်း ခံစားလိုက်ရ၏။
မျှော်လင့်မထားသော အန္တရာယ်နှင့် ကြုံရလေပြီ..
ယဲ့ကျီက ချက်ချင်းမှာပင် စိတ်စွမ်းအင်များကို အစွမ်းကုန် ထုတ်သုံးပြီး လက်နှစ်ဖက်ဖြင့် ကာ၍ တားလိုက်သည်။
သူ လက်ကာပြီးပြီးချင်းမှာပင် လောထျန်း၏ လက်သီးက သူ့ဆီ ရောက်လာ၏။
ဖြောင်း..
ယဲ့ကျီ၏ လက်နှစ်ဖက်လုံး ကျိုးသွားတော့သည်။
သို့သော် လက်သီးက ဤမျှနှင့် မရပ်သေးဘဲ ရှေ့ဆက်တိုးလာပြီး..
ဖြောင်း..
သူ့ရင်ဘတ်ရိုး ကျိုးသွားပြန်၏။
ဖြောင်း..
ကြောက်မက်ဖွယ် လက်သီးအစွမ်းက သူ့ကိုယ်ထဲသို့ ဆက်တိုးဝင်လာကာ.. ယဲ့ကျီ၏ ခန္ဓာကိုယ် အပေါ်ကပိုင်းမှ အရိုးများ အားလုံးနီးပါး ကျိုးသွားတော့သည်။
ဝုန်း..
ထို့နောက်တွင်မူ.. သူ့ကိုယ်မှ သွေးများ ပန်းထွက်လာပြီး.. သူ အနောက်ဘက်ရှိ ကမ္ဘာနှစ်ခုကြား တံခါးပေါက်ဘက်သို့ လွင့်ထွက်သွားတော့၏။
တခဏလေးအတွင်းမှာပင် ယဲ့ကျီတစ်ယောက် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
" ဟင်... "
ထိုနေရာတွင် ရှိနေကြသူများအားလုံး အံ့သြမှင်သက်သွားကုန်ကြ၏။
" ဟေ့... ခုနက လွင့်ထွက်သွားတဲ့သူက ယွဲ့ယန်ကမ္ဘာလူအုပ်ရဲ့ ခေါင်းဆောင် ၊ ယဲ့ကျီ ဆိုတဲ့သူ မဟုတ်လား "
တစ်ယောက်က တအံ့တသြ ရေရွတ်လိုက်သည်။
" အင်း.. ဟုတ်တယ်နဲ့တူတယ် "
အခြားတစ်ယောက်က ပြန်ပြော၏။
" ငါ... မူးများ မူးနေသလားကွာ။ ခုနက အဲ့လူ လွင့်ထွက်သွားတဲ့အချိန် သူ့ကိုယ်က သွေးတွေထွက်နေတယ်လို့ ငါ မြင်လိုက်သလိုပဲ။ ကမ္ဘာပေါ်က မသေမျိုးတစ်ယောက်က လက်သီးတစ်ချက်တည်းနဲ့ သွေးအန်သွားရတာ ဖြစ်နိုင်ပါ့မလား "
တစ်ယောက်ကလည်း သူ့မျက်လုံးသူ ပြန်ပွတ်ရင်း မေးလာသည်။
" သွေးအန်လား မအန်လားတော့ ငါလဲ မသိဘူး ။ ဒါပေမယ့် သူ့လက်တွေ ကျိုးသွားတာကိုတော့ တွေ့လိုက်တယ်ကွ "
အခြားတစ်ယောက်ကလည်း ပြန်ပြော၏။
ထိုသို့ အနည်းငယ် ပြောနေကြပြီးနောက် အားလုံး တိတ်ဆိတ်သွားကြပြန်သည်။
အားလုံးက သူတို့ လတ်လတ်လောလော ကြုံခဲ့ရသည့် အဖြစ်ကို နားလည်နိုင်အောင် ကြိုးစားနေကြသည်မှာ အသိသာပင် ။
ထိုစဥ် လောထျန်းက ယွဲ့ယန်ကမ္ဘာမှ ကျန်နေသေးသော ကမ္ဘာပေါ်မှ မသေမျိုးများဘက် လှည့်ကြည့်လိုက်သည်။
" မင်းတို့တွေက ယွဲ့ယန်ကမ္ဘာရဲ့ လူငယ်မျိုးဆက်သစ် ပါရမီရှင်တွေလား ။ မင်းတို့အားလုံးက အစွမ်းထက်ကြသားပဲ ။ မျိုးမစစ်တွေ အကုန်တက်လာပြီး လာတိုက်ခိုက်ကြ "
လောထျန်း အော်လိုက်သည်။