အားလုံး ရှင်းပြီးသွားပြီ
Vol. 36 Ch. 498
ယောင်ချီနတ်ဘုရားသခင်မကြီး၏ မျက်နှာမှာ သွေးမရှိတော့သလိုပင် ဖြူရော်နေတော့သည်။
ဤတိုက်ပွဲ၏ အဓိက ရည်ရွယ်ချက်က ဘာပါနည်း..
သူမတို့ ယောင်ချီ၏ စိတ်စွမ်းအင်သွေးကြောကို ကာကွယ်ရန် ဖြစ်ပါသည်။
သို့သော်.. လောထျန်းသာ ယခုကဲ့သို့ တိုက်ခိုက်လိုက်ပါက ယွဲ့ယန်ကမ္ဘာဘက်မှ ရှုံးနိမ့်သွားမည် မှန်သော်လည်း..
သူမတို့ ယောင်ချီပါ အပျောက်ဖြစ်သွားရပေလိမ့်မည်။
ရန်သူတစ်ထောင်ကို ထိခိုက်အောင် လုပ်နိုင်ချိန်တွင် မိမိဘက်မှလည်း တစ်သောင်းလောက် ဆုံးရှုံးသွားရမည် မလွဲပေ။
" သခင်လေး လောထျန်း ၊ ဒီတောင်တန်းက ယောင်ချီ တည်ထောင်တားတဲ့ နေရာမို့ ကျေးဇူးပြုပြီး အဲ့ဒါနဲ့ မတိုက်ခိုက်လိုက်ပါနဲ့ "
ရွှေယွဲ့ချီကလည်း အလန့်တကြား ပြောလိုက်သည်။
လောထျန်းသာ ထိုသို့ လုပ်လိုက်ပါက သူမတို့ ယောင်ချီ နှစ်ပေါင်းထောင်ချီကြာ တည်ဆောက်ထားရသည့် အခြေခံအုတ်မြစ်ကြီး ပျက်စီးသွားရမည် မဟုတ်ပါလား။
" အင်... "
လောထျန်း အံ့အားသင့်သွားပြီး နောက်လှည့်ကြည့်လိုက်မှသာ မည်သို့ ဖြစ်ပျက်နေသည်ကို နားလည်သွား၏။
" အိုး.. တောင်းပန်ပါတယ်ဗျာ ၊ ကျုပ် နည်းနည်း စိတ်လှုပ်ရှားသွားလို့ "
သူ ထိုသို့ပြောပြီး ယောင်ချီ တောင်တန်းအား အောက်ပြန်ချပေးလိုက်သည်။
ယောင်ချီမှ လူများမှာလည်း တောင်တန်းကြီး တစ်ခုလုံး မြေကြီးပေါ် ပြန်ရောက်သွားမှသာ စိတ်သက်သာရာရပြီး သက်ပြင်းကိုယ်စီ ချနိုင်သွား၏။
ယွဲ့ယန်ကမ္ဘာမှ လူများလည်း စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းများ ချလိုက်ကြသည်။
သို့သော် တခဏအကြာမှာပင်.. သူတို့ စိတ်သက်သာရာ ရသည်မှာ စောလွန်းသွားကြောင်း သိလိုက်ရပါသည်။
ဘုန်း..
အဘယ့်ကြောင့်ဆိုသော် ထိုစဥ်တွင် ယောင်ချီကို အောက်ပြန်ချလိုက်သည့် လောထျန်း၏ ရွှေရောင်လက်ဝါးကြီးက သူ့အောက်ဘက်မှ မြေကြီးအား နှိုက်လိုက်သည်ကို သူတို့ တွေ့လိုက်ရသောကြောင့်ပင် ။
" ဟင်.. သူက ဘာလုပ်မလို့.. "
၎င်းကို ကြည့်ရင်း အားလုံး လန့်ကုန်ကြ၏။
ထိုစဥ်မှာပင် လောထျန်းက ညာသံပေး အော်ဟစ်ပြီး
သူ့ခြေထောက်အောက်မှ မြေကြီးတွင် တွင်းကြီးတစ်ခု ဖြစ်သွားအောင် တူးလိုက်သည်။
ထိုတွင်းထဲမှ အပူလှိုင်းများ ရုတ်ချည်း ထွက်လာပြီး ချော်ရည်များ အဆက်မပြတ် ပေါက်ကွဲထွက်လာသည်ကို ကြည့်ချင်းဖြင့်ပင် ၎င်းတွင်းကြီးက မည်မျှ နက်ကြောင်း သိသာပါ၏။
ဝီ..
ထိုစဥ်မှာပင် လောထျန်းက သူတူးထားသော မြေကြီးများထဲမှ တောင်တစ်လုံးစာ အရွယ်ရှိသည့် မြေပမာဏကို လက်ဖြင့်ဆုပ်၍ ခေါင်းပေါ်မြှောက်ကာ.. ပြိုကွဲမသွားအောင် စိတ်စွမ်းအင်များဖြင့် လွှမ်းခြုံလိုက်သည်။
" ယွဲ့ယန်ကမ္ဘာက ကောင်တွေ ၊ ရော့... ငါ့အကွက်ကို ယူလိုက်ဦး "
လောထျန်း ဒေါသတကြီးအော်ပြီး သူ့လက်ထဲမှ မြေကြီးဖြင့် ပစ်ပေါက်လိုက်၏။
" မဖြစ်ဘူးဟေ့.. အားလုံး အတူတူပေါင်းပြီး အဲ့မြေကြီး ပြိုကွဲသွားအောင် လုပ်ကြ "
ယွဲ့ယန်ကမ္ဘာ၏ ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်က ကြောက်လန့်တကြား အော်လိုက်သည်။
" ကောင်းပြီ "
ကျန်လူအနည်းငယ်ကလည်း ချက်ချင်း လှုပ်ရှားသွားကာ တိုးဝင်လာသော မြေတုံးကြီးကို အစွမ်းကုန်သုံး တိုက်ခိုက်လိုက်ကြသည်။
ဝုန်း...
ဤသို့ဖြင့် အစွမ်းထက် ကျင့်ကြံသူများစွာ၏ အစွမ်းကုန်သုံး တိုက်ခိုက်မှုများကြောင့် မြေတုံးကြီးက နောက်ဆုံး ပြိုကွဲသွားတော့သည်။
သို့သော်... ထိုသို့ ပြိုကွဲသွားသည့်တိုင် မရေမတွက်နိုင်သော စိတ်စွမ်းအင်များ ဝန်းရံထားသည့် အပျက်အစီး အပိုင်းအစများက ယွဲ့ယန်ကမ္ဘာမှ လူများဘက်သို့ ကျသွားပါ၏။
ချက်ချင်းမှာပင် လူများစွာ အသတ်ခံလိုက်ရပြီး နောက်ထပ် လူများစွာလည်း ဒဏ်ရာများ ပြင်းပြင်းထန်ထန် ရသွားကြကာ ဝမ်းနည်းဖွယ် မြင်ကွင်းတစ်ခုအဖြစ် ပြောင်းသွားတော့သည်။
ကမ္ဘာပေါ်မှ မသေမျိုးများထဲ၌ပင် ဒဏ်ရာမရသူ မရှိပါချေ။
" ဟမ့်.. အဲ့လောက် မောက်မာတဲ့ကောင်တွေ.. နေဦး "
လောထျန်း ထိုသို့ပြောကာ လက်ခုပ်တစ်ချက် တီးလိုက်သည်။
သို့သော် ထိုစဥ်မှာပင်..
" သေမင်းဓား ... "
ခပ်တိုးတိုး အော်သံတစ်သံနှင့်အတူ လောထျန်းအနောက်ဘက်တွင် ကြောက်မက်ဖွယ် ဓားစွမ်းအင်တစ်ခု ရုတ်ချည်း ပေါ်လာ၏။
" ဟာ... ချီး... ၊ အဲ့ကောင် ဘယ်တုန်းက ရောက်လာတာလဲ "
" အလစ်တိုက်ခိုက်နေပြီဟေ့ ၊ သူက လောထျန်းကို အလစ်တိုက်ခိုက်ဖို့ ကြိုးစားနေတာ "
ယောင်ချီ နတ်ဘုရားသခင်မကြီးနှင့် ကျန်လူများ အလန့်တကြား အော်ဟစ်လိုက်ကြသည်။
အားလုံး အသံလာရာဘက် လှည့်ကြည့်လိုက်ကြရာ ယွဲ့ယန်ကမ္ဘာ၏ ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်က လက်ထဲဓားကိုင်လျက် လောထျန်းဆီသို့ ချဥ်းကပ်လာသည်ကို တွ့လိုက်ရသည်။
သူ့တစ်ကိုယ်လုံးတွင်လည်း စိတ်စွမ်းအင်များ ပြည့်နေကာ ဓားအား အသက်စွန့်၍ လွှဲနေဟန်ပါပင် ။
၎င်းမှာ မမျှော်လင့်ဘဲ ရုတ်တရက် ဖြစ်သွားခြင်း ဖြစ်သဖြင့် လောထျန်းသည်ပင် မည်သို့မှ မတုန့်ပြန်လိုက်နိုင်ပါချေ။
လောထျန်း ကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ ဓားအား လက်ဖြင့် ကာလိုက်၏။
ချွှင်..
တဖက်ဓားမှ ဓားစိတ်ဆန္ဒ တိုးထွက်လာပြီး လောထျန်း၏ အကာအကွယ်ချီအား ထိုးဖောက်ဝင်လာသည်။
" ဟင်... "
သူ့ကိုယ်၏ အကာအကွယ်ချီမှာ ထိုးဖောက်ရန် လွယ်ကူသော အရာတစ်ခု မဟုတ်သဖြင့် လောထျန်းသည်ပင် အံ့အားသင့်သွားရပါ၏။
တဖက်လူကလည်း လောထျန်း၏ အမူအရာကို သတိထားမိသွားကာ ချက်ချင်း ဝမ်းသာပျော်ရွှင်နေပုံ ပေါက်သွားသည်။
" ကောင်လေး.. သေစမ်း "
ထိုအော်သံနှင့်အတူ ဓားအစွမ်းက သက်တန့်တစ်စင်းလို အစွမ်းထက်သွားပြီး လောထျန်း၏ လက်ပေါ်သို့ ကျလာ၏။
ထိုအချိန်မှာပင်..
ဂျွတ် . .
ကမ္ဘာနှစ်ခုကြား တံခါးပေါက်ဆီမှ ကျွတ်ဆတ်ဆတ် အသံတစ်သံ ထွက်လာသည်။
ပြီးနောက်... အားလုံး၏ မြင်ကွင်းထဲသို့ လည်နေသော ဓားအကျိုးတစ်လက် ရောက်လာ၏။
ချွှင်..
ထိုဓားကျိုးသည်ပင် ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်ပြီး တောင်တစ်လုံးကို ချက်ချင်း ပြားချပ်သွားအောင် လုပ်ပစ်ကာ နောက်ဆုံး ကောင်းကင်နှင့်မြေကြီးကြား ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
" ဒါ.... "
အားလုံး အံ့သြမှင်သက်ကာ လောထျန်းနှင့် ယွဲ့ယန်ကမ္ဘာမှ မသေမျိုးအား ထပ်ကြည့်လိုက်ကြသည်။
လောထျန်းမှာ မျက်နှာအနည်းငယ် ပျက်နေပြီး.. သူ့လက်မောင်းတစ်ဖက်တွင်လည်း အဖြူရောင် အရာတစ်ခု ရှိနေ၏။
သို့သော် ၎င်းအရာက မကြာခင်မှာပင် ပျောက်ကွယ်သွားတော့သည်။
ထိုဓားက သူ့ကို အနည်းငယ်လေးမျှသာ နာကျင်အောင် လုပ်နိုင်ခဲ့ပါသည်။
" ဘယ်လိုဖြစ်ပြီး.... "
တဖက်မှ မသေမျိုးမှာကား ထိုစဥ်တွင် အရောင်အဝါက ယခင်ထက်များစွာ အားနည်းနေခဲ့လေပြီ ။
သူ လောထျန်းအား တစ်ချက်တည်းဖြင့် အနိုင်ယူရန် ရည်ရွယ်၍ အစောက ဓားကွက်ထဲတွင် သူ့ စိတ်စွမ်းအင် ၉၀ ရာခိုင်နှုန်းကို ထည့်သုံးသွားခဲ့ပါ၏။
သို့သော် နောက်ဆုံးတွင်ကား လောထျန်း၏ လက်ပေါ်၌ အရာလေး အနည်းငယ်မျှသာ ထင်သွားရုံပင်..
သူ့ရှေ့မှ လူက မည်သို့သော ဘီလူးမျိုးပါနည်း။
" မင်း... "
ထိုစဥ်တွင် လောထျန်းက တဖက်လူအား မျက်နှာသုန်မှုန်စွာ ကြည့်လာသည်။
သူ လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်၏။
၎င်းကို မြင်သော ကမ္ဘာပေါ်မှ မသေမျိုးမှာလည်း တစ်စုံတစ်ခု လွဲနေပြီမှန်း ချက်ချင်း ရိပ်မိကာ နောက်လှည့်ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော်... သူ ထွက်ပြေးနိုင်ပါမည်လား ။
ဘုန်း..
ထို့နောက်တွင်မူ လောထျန်း၏ လက်ဝါးချက်က သူ့အား ခပ်ပြင်းပြင်း ရိုက်လာပြီး သူ နောက်သို့ လွင့်ထွက်သွားကာ ကမ္ဘာနှစ်ခုကြား တံခါးပေါက်နှင့် ရိုက်မိသွားတော့သည်။
ထိုလူ နေရာတွင်ပင် သေဆုံးသွားရပြီး ကျန်ရှိသော စိတ်စွမ်းအင်များလည်း ကောင်းကင်နှင့် မြေကြီးကြား ပျောက်ကွယ်သွားတော့၏။
လောထျန်းက လက်ကို ခါပြီး နောက်လှည့်ကြည့်လိုက်သည်။
တဖက် ယွဲ့ယန်ကမ္ဘာ၏ ကမ္ဘာပေါ်မှ မသေမျိုး ဆယ့်နှစ်ယောက်ထဲတွင်ကား ကောင်းကောင်း ရပ်နိုင်သူ တစ်ယောက်မှပင် မရှိတော့ပါချေ။
လောထျန်းက ၎င်းကို ကြည့်ရင်း ပြုံးလိုက်ပြီး လောရုံနှင့် လောရှောင်ရှောင်းတို့ဘက် လှည့်ကြည့်လိုက်သည်။
" ကဲ.. ယွဲ့ယန်ကမ္ဘာက လူငယ်မျိုးဆက်သစ်တွေကိုတော့ ရှင်းပြီးသွားပြီ ။ ဒါပေမယ့် ဒီကောင်တွေက အကုန်လုံး တော်တော်အစွမ်းထက်ကြတာပဲ။ ငါ့ရဲ့ အကာအကွယ်ချီ ကိုတောင် ထိုးဖောက်နိုင်လိုက်သေးတယ်။ မင်းတို့နှစ်ယောက် ရှုံးသွားတာ မဆန်းတော့ပါဘူး "
လောထျန်း သူတို့နှစ်ယောက်ကို ကြည့်ရင်း ပြောလိုက်သည်။
သို့သော် ထိုစဥ်တွင် လောရုံနှင့် လောရှောင်ရှောင်းတို့မှာ ဖော်ပြရန် ခက်ခဲသော မျက်နှာထားကိုယ်စီ ရှိနေကြ၏။
လူငယ်မျိုးဆက်သစ်တဲ့လား..
တော်တော်အစွမ်းထက်ကြသတဲ့လား..
ဘာတွေ ပြောနေပါသနည်း ..
ထိုလူများကို လူငယ်မျိုးဆက်သစ်တွေဟု ထင်နေ သတဲ့လား..
" အကိုထျန်း... တကယ်တော့ အကိုထျန်းက လူမှားပြီး တိုက်ခိုက်လိုက်တာ "
လောရှောင်ရှောင်းက အူကြောင်ကြောင် မျက်နှာပေးဖြင့် ပြောလိုက်သည်။
" ဟင်.. လူမှားတာ.. ဟုတ်လား။ ခုနက လူတွေက ယွဲ့ယန်ကမ္ဘာရဲ့ ဒီတိုင်း ရိုးရိုးသာမာန်လူတွေလား။ လူငယ်မျိုးဆက်ထဲက အစွမ်းထက်တဲ့သူတွေ မဟုတ်ဘူးလား "
လောထျန်း အံ့သြတကြီး မေးလိုက်သည်။
လောရုံက မြန်မြန်လက်ကာပြပြီး ဝင်ပြော၏။
" မဟုတ်ဘူးဗျ... ကျွန်တော်တို့ ဆိုလိုတာက.. ခုနက အကိုထျန်း တိုက်ခိုက်လိုက်တဲ့သူတွေက တကယ်တော့ ယွဲ့ယန်ကမ္ဘာရဲ့ ကမ္ဘာပေါ်က မသေမျိုးတွေဗျ "
" ဟင်... "
ဤတစ်ကြိမ်တွင် လောထျန်း အမှန်တကယ် စိတ်ရှုပ်သွားရတော့သည်။
ထို့နောက် သူ သေသွားသူများနှင့် ဒဏ်ရာရထားကြသူများအား လှည့်ကြည့်ကာ တအံ့တသြ ပြောလိုက်၏။
" သူတို့တွေက ကမ္ဘာပေါ်က မသေမျိုးတွေလား "
လောရုံနှင့် လောရှောင်ရှောင်းတို့နှစ်ယောက် ခေါင်းညိတ်ပြလိုက်ကြသည်။
လောထျန်း မျက်မှောင်ကြုံ့သွားပြီး ထပ်ပြော၏။
" ယွဲ့ယန်ကမ္ဘာရဲ့ မသေမျိုးတွေက ဘာလို့ အဲ့လောက်အစွမ်းနိမ့်နေရတာလဲ "
“လခွမ်း ကလေးလက်ထဲက သကြားလုံးကို လုရသလိုပဲ။ အနိုင်ကျင့်ရတာလွယ်လိုက်တာ”
ထိုစကားကို ကြားသည်နှင့် တဖက်ရှိ သတိရနေဆဲ ဖြစ်သော မသေမျိုးအချို့မှာ ဒေါသထွက်လွန်း၍ သွေးများပင် အန်သွားကြသည်။
ယောင်ချီနတ်ဘုရားသခင်မကြီးနှင့် အခြားသူများလည်း မျက်နှာကြီး ရှုံ့မဲ့သွားကြပါ၏။
ယွဲ့ယန်ကမ္ဘာ၏ ကမ္ဘာပေါ်မှ မသေမျိုးများက အစွမ်းနိမ့်သတဲ့လား..
သူတို့အတွက်မူ ထိုသို့ မမြင်ပါချေ။
အစောက တိုက်ပွဲကို ကြည့်ခြင်းဖြင့် ထိုသူများ၏ သိုင်းကွက်များက အလွန်ကြောက်မက်ဖွယ်ကောင်းကြောင်း အသိသာပင်။ ယောင်ချီ နတ်ဘုရားသခင်မကြီးမှာ ထိုသူများနှင့် တိုက်ခိုက်ပါက သူမ မည်သူ့ကို ထိုသို့အလွယ်တကူ အနိုင်ယူနိုင်မည်နည်း ဆိုသည့်မေးခွန်းကိုပင် သူမကိုယ်သူမ ပြန်မေးမိသွားပါသည်။
ထိုလူများထဲမှ အထူးသဖြင့် ယဲ့ကျီက သူမထက် များစွာ ပိုအစွမ်းထက်သည်မှာ သေချာပါ၏။
ထိုသို့သော လူမျိုးကို အစွမ်းနိမ့်သည်ဟု ပြောနေသည်မှာ.... စိတ်ကူးယဥ် အိမ်မက်လိုပါပင် ..
" ကျုပ်လဲ မသိဘူးဗျ... "
ထိုစဥ် တဖက်မှ လောရုံက ခေါင်းယမ်းရင်း ပြန်ပြောသည်။
သူ့စကားကို ကြားသောအခါ လောထျန်း ရှက်နေပုံ ပေါက်သွားပြီး လည်ချောင်းရှင်း၍ ပြောလိုက်သည်။
" အဟမ်း... ဒါဆို လူမှားပြီး ထိုးမိသွားတာပဲ။ ဒါဆို.. မင်းတို့အတွက် ငါ လက်တုန့်မပြန်ရသေးဘူးပေါ့။ မင်းတို့ကို ဒဏ်ရာရအောင် လုပ်ခဲ့တာ ဘယ်သူလဲ "
လောရုံ ခေါင်းဖြည်းဖြည်းချင်း မော့၍ မလှမ်းမကမ်းတွင် ရှိနေသည့် ယွဲ့လင်အား ကြည့်လိုက်သည်။
" အဲ့တစ်ယောက်ပဲ.. "
လောထျန်းကလည်း ထိုလူဘက် လှမ်းကြည့်လိုက်၏။
ထိုအကြည့် တစ်ချက်ဖြင့်ပင် ယွဲ့လင်မှာ တစ်ကိုယ်လုံးရှိ သွေးများ အေးခဲသွားသလို ခံစားလိုက်ရသည်။
ဝှစ်..
သူ စကားတစ်ခွန်းမှ မဆိုဘဲ နောက်လှည့်ထွက်ပြေးလိုက်တော့၏။
သို့သော်.. သူ လှည့်လှည့်ချင်းမှာပင်..
ဝှစ်..
လောထျန်းက သူ့ရှေ့သို့ ရုတ်တရက် ရောက်လာသည်။
" ငါက မင်းကို ထွက်ပြေးခိုင်းလို့လား "
လောထျန်း အေးစက်စက် ပြောလိုက်၏။
" မင်း... ဘာလိုချင်လို့လဲ... "
ယွဲ့လင် အံကြိတ်၍ ပြန်မေးလိုက်သည်။ သူ့အသွင်မှာလည်း ယခင်ကဲ့သို့ မောက်မာနေဟန် အလျဥ်းမရှိတော့ပါချေ။
" ဘာမှ မဟုတ်ပါဘူးကွာ ၊ ပြိုင်ပွဲက ခုထိ မပြီးသေးဘူးလေ။ ယွဲ့ယန်ကမ္ဘာရဲ့ လူငယ်မျိုးဆက်သစ်တွေထဲက အစွမ်းအထက်ဆုံးဖြစ်တဲ့ မင်းကို စိန်ခေါ်ပြီးတော့ ဘယ်သူ အနိုင်ရမလဲ ကြည့်ချင်လို့ပါ "
လောထျန်း အော်ပြောလိုက်သည်။
ယွဲ့လင်၏ မျက်နှာကြီး ရှုံ့မဲ့သွား၏။
ဘယ်သူ နိုင်မလဲ တဲ့လား..
ထိုမေးခွန်းကို မေးနေစရာပင် လိုပါသေးသလား..
သူတို့ကမ္ဘာမှ မသေမျိုး ဆယ့်နှစ်ယောက်မှာ လောထျန်း၏ လက်သီး ၃ ချက်နှင့် ကန်ချက် ၂ ချက်တည်းဖြင့်ပင် သေသူသေ ၊ ဒဏ်ရာရသူရ ဖြစ်သွားခဲ့ကြပြီ မဟုတ်ပါလား ။
သူသည် လက်ရှိတွင် မသေမျိုးတစ်ဝက်သာ ရှိသေးသည်ဖြစ်ရာ ပြိုင်ဘက်၏ လက်သီးချက် တစ်ချက်ကိုပင် ခုခံရန် လုံလောက်သည့်အစွမ်း မရှိပါချေ။
" ငါ... ငါ အရှုံးပေးပါတယ် "
ယွဲ့လင် ဆုံးဖြတ်ချက်ချပြီး ပြောလိုက်သည်။