ကမ္ဘာနှစ်ခုကြားမှ တံခါးကို ပိတ်ခြင်း
Vol. 36 Ch. 499
" အရှုံးပေးတယ်.. ဟုတ်လား "
လောထျန်း မျက်မှောင်ကြုံ့သွား၏။
ယွဲ့လင်က ခပ်မြန်မြန် ဆက်ပြောသည်။
" ဟုတ်တယ် ၊ လောင်းထားတဲ့ စည်းမျဥ်းတွေအတိုင်းဆိုရင် ငါ့ဘက်က အရှုံးပေးလို့ ရတယ်လေ။ မင်းတို့ ထျန်းယွမ်ကမ္ဘာက တစ်ယောက်လဲ ရှေ့မှာ အဲ့လိုလုပ်ခဲ့သေးတာပဲ။ မင်းက အခုမှ ပေးထားတဲ့ကတိကို ပြန်ချိုးဖောက်ချင်လို့လား "
လောထျန်း ခေတ္တမျှ ငြိမ်၍ စဥ်းစားလိုက်ပြီးမှ ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီလေ.. ဒါဆို မင်းတို့ ယွဲ့ယန်ကမ္ဘာက လောင်းကြေးကို ရှုံးသွားပြီနော် ၊ ဟုတ်လား "
ယွဲ့လင် ဆွံ့အသွားတော့သည်။
ထိုမေးခွန်းကို မေးနေစရာပင် လိုပါသေးရဲ့လား..
သူတို့ယွဲ့ယန်ကမ္ဘာမှ မသေမျိုးများ အားလုံးပင် လော
ထျန်းလက်ချက်ဖြင့် အားလုံး သေသူသေ ၊ ဒဏ်ရာရသူရ ဖြစ်နေချိန်၌..
အလောင်းအစားကို အဘယ့်ကြောင့် ဂရုစိုက်နေရပါဦးမည်နည်း ။
သို့သော် သူ ခေါင်းညိတ်၍ ပြန်ပြောလိုက်ပါ၏။
" ဟုတ်တယ် ၊ မင်းတို့ ထျန်းယွမ်ကမ္ဘာက နိုင်သွားပြီ "
လောထျန်း အပြုံးဖြင့် ပြောလိုက်သည်။
" ကောင်းပြီလေ ၊ ဒါဆို မင်း အရှုံးပေးတာကို ငါ လက်ခံတယ် "
" တာ့တာ.. "
ယွဲ့လင်မှာ ဤနေရာ၌ တစ်စက္ကန့်မျှပင် ထပ်မနေချင်တော့သဖြင့် ချက်ချင်း လှည့်ပြန်ရန် လုပ်လိုက်သည်။
သို့သော် ..
ဝှစ်..
လောထျန်းက တည်နေရာရွှေ့ပြောင်းပြီး သူ့ရှေ့တွင် ပေါ်လာပြန်၏။
" ဟင်.. မင်းက ဘာလုပ်ချင်သေးလို့လဲ ။ ငါ အရှုံးပေးထားပြီးသားလေ "
ယွဲ့လင် လောထျန်းအား တုန်လှုပ်စွာ ကြည့်လိုက်သည်။
လောထျန်းက မျက်မှောင်ကြုံ့၍ ပြန်ပြော၏။
" လောင်းကြးကပဲ ပြီးသွားတာလေ ။ အခုက မင်းနဲ့ ငါနဲ့ကြားက သီးသန့်ရန်ငြိုးအတွက် "
" မင်းနဲ့ငါနဲ့ ကြားက ရန်ငြိုး.. ဟုတ်လား "
ယွဲ့လင်စိတ်ထဲ ချက်ချင်း လေးလံသွားရသည်။
လောထျန်းက မျက်မှောင်ကြုံ့ရင်း ဆက်ပြော၏။
" မင်းက ငါ့ညီနဲ့ ညီမကို ဒဏ်ရာရအောင် လုပ်ထားခဲ့တာလေ။ တကယ်လို့ ငါသာ အချိန်မီ ရောက်မလာခဲ့ရင် မင်း သူတို့ကို သတ်လိုက်မှာ မဟုတ်ဘူးလား "
ယွဲ့လင် တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရသည်။
" အဲ့တုန်းက... ငါတို့က သိုင်းပြိုင်ပွဲမှာ ဝင်ပြိုင်နေကြတာလေကွာ.. "
လောထျန်း မျက်နှာညိုသွားကာ ထပ်ပြော၏။
" မင်းဒီကို ဘာရည်ရွယ်ချက်နဲ့ လာခဲ့တယ်ဆိုတာကို ငါ ဂရုမစိုက်ဘူး ။ ဒါပေမယ့် မင်းက ငါ့လူတွေကို တကယ်ကြီး သတ်ရဲခဲ့တာလေ။ အဲ့တော့ ဒီနေ့ မင်းကို ဘယ်သူမှ မကာကွယ်နိုင်ဘူးသာ မှတ်ပါ "
ဝုန်း..
လောထျန်းက စကားဆုံးဆုံးချင်းမှာပင် လူသတ်အရိပ်အငွေ့ကို ထုတ်လွှတ်လိုက်သည်။
ယွဲ့လင် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ ဒေါသတကြီး ပြောလိုက်၏။
" ငါက မင်းကို ကြောက်မယ်လို့ ထင်နေတာလား "
လောထျန်းကလည်း အသံမြှင့်ပြီး ပြန်ပြော၏။
" မင်း ကြောက်တာ မကြောက်တာကို ငါက ဘာလို့ ဂရုစိုက်ရမှာလဲ။ ဒီနေ့တော့ မင်းကိုငါ သတ်မှာ "
ချွှင်..
ချက်ချင်းမှာပင် လောထျန်းလက်ထဲမှ ဓားသံတစ်သံ ထွက်လာသည်။
ယွဲ့လင်၏ မျက်နှာထား အနည်းငယ်ပြောင်းသွားကာ နောက်လှည့်ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော်.. သူ ထွက်ပြေးလွတ်မြောက်နိုင်ပါမည်လား...
ထို့နောက်တွင်ကား...
ဇွပ်...
လောထျန်း၏ ဓားက သူ့ကိုယ်ထဲ ထိုးဖောက်ဝင်လာ၏။
" မင်း.... မင်း... "
ယွဲ့လင်က မယုံနိုင်သော မျက်လုံးများဖြင့် နောက်လှည့်ကြည့်လာသည်။
သူသည် ယွဲ့ယန်ကမ္ဘာတွင် နံပါတ်တစ် ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ယွဲ့ယန်ကမ္ဘာ သမိုင်းတလျှောက်တွင်ပင် အစွမ်းအထက်ဆုံး ပါရမီရှင်ဟု ပြော၍ ရနိုင်ပါသည်။
သူ့ရှေ့တွင်လည်း တောက်ပသော အနာဂါတ်က စောင့်ကြိုနေခဲ့ပါ၏။
ဤတစ်ကြိမ် သူ ထျန်းယွမ်ကမ္ဘာသို့ လာခဲ့ရသည့် ရည်ရွယ်ချက်မှာလည်း သူ့အစွမ်းကို စမ်းသပ်လေ့ကျင့်လို၍သာ ဖြစ်သည်။
သို့သော်... မျှော်လင့်မထားစွာပင် .. သူ့အသက် ဆုံးရှုံးလိုက်ရသတဲ့လား ။
" ငါတို့ ကမ္ဘာသခင်ကြီးက .... မင်းကို ဒီတိုင်း လွှတ်ထားမယ် မထင်နဲ့ "
၎င်းမှာ.. ယွဲ့လင်၏ နောက်ဆုံးစကားများပင်..
ထို့နောက်တွင်မူ သူ့ခန္ဓာကိုယ်က မြေပြင်သို့ တုံးခနဲ လဲကျသွားတော့သည်။
သို့သော် လောထျန်းက သူ့စကားကို ကြားပြီး မျက်မှောင်အနည်းငယ် ကြုံ့သွား၏။
" ကမ္ဘာသခင်ကြီးတဲ့... ယွဲ့ယန်ကမ္ဘာမှာ အဲ့လိုလူမျိုး ရှိတယ်လား.. "
" သူ ပြောတဲ့အတိုင်းဆိုရင်... အဲ့ကမ္ဘာသခင်ကြီး ဆိုတဲ့သူက တော်တော်အစွမ်းထက်တဲ့ ပုံပဲ "
လောထျန်း ခေါင်းထဲတွင် ယခင်က ယွဲ့ယန်ကမ္ဘာ၌ သူ့ကို တိုက်ခိုက်ခဲ့သော ထူးဆန်းသည့် လူကြီးတစ်ယောက်ကိုလည်း ပြန်သတိရသွားသည်။
" ဟုတ်သားပဲ... ဒီတိုင်း ဘယ်ကပေါ်လာမှန်း မသိတဲ့သူ တစ်ယောက်ကတောင် အဲ့လိုအစွမ်းမျိုး ရှိနေတာ။ သူတို့ရဲ့ ကမ္ဘာသခင်ကြီး ဆိုတဲ့သူက အများကြီး ပိုအစွမ်းထက်မှာပဲ ။ ငါက အခုမှ ထုံရွှယ်အဆင့်ပဲ ရှိသေးတာဆိုတော့ အဲ့လို လူတစ်ယောက်နဲ့ တိုက်ခိုက်ဖို့ ကိုယ့်ကိုကိုယ် ယုံကြည်ချက် မရှိသေးဘူး ။ ဒီပွဲကို မြန်နိုင်သမျှ မြန်မြန် အဆုံးသတ်လိုက်တာပဲ ကောင်းမယ် "
အမှန်တွင်မူ ယွဲ့ယန်ကမ္ဘာ၌ သူနှင့် တိုက်ခိုက်ခဲ့သူမှာ သူတို့၏ ကမ္ဘာသခင်ကြီးပင် ဖြစ်ကြောင်းကို လောထျန်းတစ်ယောက် တစ်စွန်းတစပင် မရိပ်မိပါချေ။
" အခု ဆယ်စက္ကန့်အတွင်းမှာ ယွဲ့ယန်ကမ္ဘာက လူတွေအားလုံး ဒီကနေ ထွက်သွားကြပါ။ မဟုတ်လို့ကတော့ ကျန်နေတဲ့သူအားလုံး အသတ်ခံရမယ်မှတ် "
လောထျန်းက ယွဲ့ယန်ကမ္ဘာမှ လူများဘက် လှည့်ပြီး အားလုံးကြားအောင် အော်ပြောလိုက်သည်။
ထိုစကား တစ်ခွန်းဖြင့်ပင် ယွဲ့ယန်ကမ္ဘာမှ လူများ၏ မျက်နှာထားများ ရုတ်ချည်းပြောင်းသွားကြကာ ကမ္ဘာနှစ်ခုကြား တံခါးပေါက်ဆီသို့ အသည်းအသန် ပြေးသွားလိုက်ကြသည်။
မပြေးဘဲလည်း မည်သို့ နေနိုင်ပါမည်နည်း ။
သူတို့ရှေ့တွင် ရှိနေသော လူသတ်နတ်ဘုရားကြီးက ကြောက်စရာကောင်းလွန်းလှသည် မဟုတ်ပါလား ။
ထိုသူမှာ သူတို့ယွဲ့ယန်ကမ္ဘာ၏ ကမ္ဘာပေါ်မှ မသေမျိုးများကို တစ်ချက်တည်းဖြင့် သတ်ခဲ့နိုင်ရုံမက..
သူတို့၏ နံပါတ်တစ် လူငယ်ပါရမီရှင်ကိုလည်း သတ်ပစ်ခဲ့သူ ဖြစ်ပါသည်။
ထိုသိုင်းကွက်မျိုးဖြင့်သာ သူတို့ကို တိုက်ခိုက်လာလျှင်လည်း သူတို့အတွက် အသက်ရှင်နိုင်ရန်ပင် အခွင့်အရေး မရှိပါ။
အချို့ အသက်ရှင်ကျန်နေသေးသော မသေမျိုးများသည်ပင် သတိလက်လွတ် မနေဝံံ့ဘဲ ချက်ချင်း နောက်လှည့်၍ ကမ္ဘာနှစ်ခုကြား တံခါးပေါက်ဆီသို့ ပြေးသွားလိုက်ကြ၏။
ဤသို့ဖြင့် ယွဲ့ယန်ကမ္ဘာမှ နောက်ဆုံးတစ်ယောက် တံခါးပေါက်ထဲ ဝင်ရောက်သွားချိန်တွင် လောထျန်း တံခါးပေါက်ရှေ့သို့ တည်နေရာရွှေ့ပြောင်းသွားလိုက်သည်။
" ဟင်.. အဲ့လူက ငါတို့နောက်ကို ဘာလို့ လိုက်လာတာလဲ ။ သူက ဘာလုပ်ချင်သေးလို့လဲ "
လောထျန်းက ကမ္ဘာနှစ်ခုကြား တံခါးပေါက်ရှေ့၌ ရုတ်တရက် ပေါ်လာသည်ကို မြင်သည့်အချိန်တွင် တဖက် ယွဲ့ယန်ကမ္ဘာမှ လူများအားလုံး အထိတ်တလန့် ဖြစ်ကုန်ကြ၏။
လောထျန်းက ယွဲ့ယန်ကမ္ဘာသို့ လိုက်လာပြီး တန်ပြန်တိုက်ခိုက်လာမည်ကိုလည်း သူတို့ အလွန်စိုးရိမ်ကြောက်ရွံ့သွားကြသည်။ သို့ဆိုလျှင် သူတို့ ယွဲ့ယန်ကမ္ဘာအတွက် ဒုက္ခကြီးတစ်ခု ဖြစ်သွားမည် မဟုတ်ပါလား။
သို့သော် ထိုစဥ်တွင် လောထျန်းအသွင်မှာ ယွဲ့ယန်ကမ္ဘာသို့ လိုက်လာချင်သည့်ပုံ ရှိမနေသဖြင့် သူတို့ အနည်းငယ် စိတ်အေးသွားပါ၏။
ပြီးနောက် လောထျန်းက ကမ္ဘာနှစ်ခုကြား တံခါးပေါက်အား စူးစမ်းဟန်ဖြင့် ဘယ် ၊ ညာ သေချာကြည့်လိုက်သည်။
" သူက ဘာလုပ်မလို့ပါလိမ့်.. "
ယွဲ့ယန်ကမ္ဘာ၏ ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်က ၎င်းကို ကြည့်ရင်း သိချင်နေဟန်ဖြင့် မေးလိုက်သည်။
" ငါလဲ မသိဘူးကွ ၊ ဒါပေမယ့် သတိတော့ မလွတ်နဲ့နော် "
" ငါ ကမ္ဘာသခင်ကြီးကို မြန်မြန်လာဖို့ သတင်းပို့ထားတယ်ကွ "
" တကယ်ကြီးလား.. ။ ကမ္ဘာသခင်ကြီးသာ ဝင်တိုက်ခိုက်ရင်တော့ ငါတို့ ဒီဘီလူးကို ခုခံနိုင်မယ်ထင်တယ် "
ယွဲ့ယန်ကမ္ဘာမှ လူများစွာပင် တစ်ယောက်တစ်ခွန်း တီးတိုးပြောလိုက်ကြသည်။
ထိုအချိန်မှာပင် လောထျန်းက ရုတ်တရက် လှုပ်ရှားသွား၏။
ဝုန်း..
သူ လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်လိုက်ရာ.. အသံကျယ်တစ်သံနှင့်အတူ ဧရာမ ရွှေရောင်လက်ဝါးကြီး နှစ်ခု ပေါ်လာသည်။
" သူ တိုက်ခိုက်တော့မလား မသိဘူး.. "
ယွဲ့ယန်ကမ္ဘာမှ လူများ ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။
အချို့ဆိုလျှင် အသက်အန္တရာယ်ကို ကြောက်လွန်း၍ ပြေးပင်ပြေးသွားကြပါ၏။
သို့သော် မျှော်လင့်မထားစွာပင်..
ဘုန်း.. ဝုန်း..
ရွှေရောင်လက်ဝါးကြီး နှစ်ခုက ကမ္ဘာနှစ်ခုကြား တံခါးပေါက်အား ကိုင်လာသည်။
" ဟင်... ဒီကောင်က ဘာလုပ်မလို့ စဥ်းစားနေတာလဲ "
" ကမ္ဘာနှစ်ခုကြား တံခါးပေါက်ကို တိုက်ခိုက်မလို့လား မသိဘူး "
" ကမ္ဘာနှစ်ခုကြား တံခါးပေါက်က ကောင်းကင်နဲ့
မြေကြီးရဲ့ စည်းမျဥ်းတွေကြောင့် ဖြစ်လာတာလေ။ ဘာမှ သွားလုပ်လို့ မရဘူး။ ဒါ လူတိုင်းသိတဲ့ ကိစ္စပဲကို... သူက တခြား ဘာလုပ်ချင်နေသေးတာလဲ "
ယွဲ့ယန်ကမ္ဘာမှ မသေမျိုးများစွာပင် မျက်မှောင်ကြုံ့၍ ပြောလိုက်ကြသည်။
သူတို့သည်သာမက.. ထျန်းယွမ်ကမ္ဘာမှ အခြားသူများအားလုံးလည်း လောထျန်းကို ကြည့်ရင်း အံ့သြမှင်သက်နေကြပါ၏။
" သခင်လေး လောထျန်း ၊ ကမ္ဘာနှစ်ခုကြား တံခါးပေါက်က ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဥ်းတွေကြောင့် ဖြစ်လာတာရှင့် ။ လူသားအစွမ်းနဲ့ ဘာမှ လုပ်လို့မရ.... "
ယောင်ချီ နတ်ဘုရားသခင်မကြီး လှမ်း၍ သတိပေးလိုက်သည်။
သို့သော်...
ဝုန်း...
အသံကျယ် တစ်သံနှင့်အတူ လောထျန်းက ရွှေရောင်လက်ဝါးထဲ အစွမ်းများ ထုတ်လွှတ်လိုက်ပြီး ကောင်းကင်ဘုံ လက်ဝါးသိုင်း တဖြည်းဖြည်း အသက်ဝင်လာ၏။
ကျွီ...
ရုတ်တရက်.. ကောင်းကင်နှင့် မြေကြီးကြားမှ ပွတ်တိုက်သံကျယ်ကြီး ထွက်လာသည်။
ထို့နောက်တွင်ကား... ကမ္ဘာနှစ်ခုကြား တံခါးပေါက်က လောထျန်း၏ တွန်းအားအောက်၌ စ၍ ပိတ်လာတော့သည်။
" ဘာတွေဖြစ်နေတာလဲ.... "
ထိုအချိန်တွင် ယွဲ့ယန်ကမ္ဘာသာမက ထျန်းယွမ်ကမ္ဘာမှ လူများအားလုံးပါ အံ့သြတုန်လှုပ်သွားကြ၏။
ကမ္ဘာနှစ်ခုကြား တံခါးပေါက်ကို လက်ချည်းသက်သက်ဖြင့် ပိတ်နေသတဲ့လား ...
၎င်းမှာ လူသားတစ်ယောက်၏ လုပ်နိုင်စွမ်းပင် ဟုတ်ပါသေးရဲ့လား ။
သူတို့ အမြင်မှားနေသည်များလား..
" မဖြစ်နိုင်ဘူး ... ကမ္ဘာနှစ်ခုကြား တံခါးပေါက်က ဒီတိုင်း ပိတ်ခါနီး ဖြစ်နေတဲ့အချိန် သူ လုပ်လိုက်တာနဲ့ တိုက်ဆိုင်သွားတာပဲ ဖြစ်မယ် "
ယွဲ့ယန်ကမ္ဘာ၏ ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်က ရုတ်တရက် ပြောလာသည်။
အခြားသူများကလည်း သူ့ဆိုလိုသည့် အဓိပ္ပါယ်ကို ချက်ချင်း နားလည်လိုက်ကြဟန်ပင်။
" ဟမ့်.. ဘာမှ ဟန်ဆောင်မနေနဲ့ ကောင်လေး "
အားလုံး တစ်ယောက်တစ်ပေါက် လှမ်းအော်လိုက်ကြသည်။
သို့သော် ထိုအချိန်တွင် လောထျန်းက ရုတ်တရက် ရပ်လိုက်ပါ၏။
" တံခါးကလဲ လေးလိုက်တာကွာ။ လက်တောင် နည်းနည်းညောင်းချင်လာပြီ "
လောထျန်းက ပြောပြောဆိုဆိုပင် သူ့လက်မောင်းသူ ပြန်ပွတ်လိုက်သည်။
သူ ရပ်လိုက်သည့်အချိန်တွင် ကမ္ဘာနှစ်ခုကြား တံခါးပေါက်မှာလည်း ဆက်မပိတ်တော့ဘဲ နေရာ၌ ရပ်သွား၏။
" ဒါ..... "
ယွဲ့ယန်ကမ္ဘာမှ လူများမှာ ထိုမြင်ကွင်းကိုကြည့်ရင်း ပါးစပ်အဟောင်းသားဖြင့် ဆွံ့အကုန်ကြတော့သည်။
အထူးသဖြင့် အစောပိုင်းက လောထျန်းအား အော်ရယ်နေခဲ့ကြသည့် လူအချို့မှာ မျက်လုံးများပြူးပြီး မျက်လုံးအိမ်ထဲမှ ပေါက်ထွက်လာတော့မလိုပါပင် ။
" အဲ့ကောင်က ကမ္ဘာနှစ်ခုကြား တံခါးပေါက်ကို တကယ်ကြီး လက်နဲ့ပိတ်နေတာလား... "
" ဒါ... လူမဟုတ်တော့ဘူး ၊ ဘီလူးကြီးပဲကွ... "