← Chapters

နောက်ထပ် လက်ထပ်ပွဲတစ်ခု

Vol. 36 Ch. 500

နောက်ထပ် လက်ထပ်ပွဲတစ်ခု

Vol. 36 Ch. 500

ဝုန်း..

ထိုစဥ်တွင် လောထျန်းက တံခါးကို လက်ဖြင့်ကိုင်ပြီး ဆက်ပိတ်လိုက်ပြန်၏။

ကမ္ဘာနှစ်ခုကြား တံခါးပေါက်မှ ထွက်နေသည့် မြည်သံကျယ်များမှာ ယွဲ့ယန်ကမ္ဘာသားများ၏ နှလုံးသားကို ဧရာမ တူကြီးတစ်ခုနှင့် ဆက်တိုက် ထုနေသလိုပါပင် ။

" ကမ္ဘာသခင်ကြီးက ဒီကောင့်ကို တားနိုင်မယ်လို့ ထင်လား "

မသေမျိုးတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။

သူ့ဘေးတွင် ရှိနေသူက နှုတ်ခမ်းမဲ့ပြီး ပြန်ပြော၏။

" လုံးဝ တားနိုင်မယ် မထင်ဘူး "

သူ့အမြင်မှာ အစောက မသေမျိုး တွေးထားသည်နှင့် တထေရာတည်းပင် ။

သူတို့ကမ္ဘာသခင်ကြီးက အစွမ်းကုန် သုံးလျှင်ပင် ကမ္ဘာနှစ်ခုကြား တံခါးပေါက်ကို တုန်ခါအောင် လုံးဝ မလုပ်နိုင်ဘူး မဟုတ်ပါလား။

ဤသို့ဖြင့် အားလုံး၏ မျက်စိရှေ့မှာပင် ကမ္ဘာနှစ်ခုကြား တံခါးပေါက်က တဖြည်းဖြည်း ပိတ်သွားပြီး နောက်ဆုံး အဟ သေးသေးလေးသာ ကျန်ပါတော့၏။

ထိုစဥ်မှာပင် တဖက်မှ လောထျန်းက တံခါးကို ဆက်ပိတ်၍ မရတော့ဟန်ဖြင့် သူ့ ရွှေရောင်လက်ဝါးကြီး နှစ်ဖက်ကို ပြန်သိမ်းလိုက်သည်။

သို့သော် ထိုအချိန်မှာပင်...

ဘုန်း..

သူ ကမ္ဘာနှစ်ခုကြား တံခါးပေါက်ဆီသို့ လက်သီးဖြင့် ထိုးလိုက်၏။

ဝုန်း..

ထိုလက်သီးချက်ဖြင့် ကမ္ဘာနှစ်ခုကြား တံခါးပေါက်က လုံးဝ ပိတ်သွားတော့သည်။

သို့သော် ထိုမြည်သံကျယ်ကြီးမှာ ထျန်းယွမ်ကမ္ဘာသားများ၏ နှလုံးသားကို ကိုင်လှုပ်လိုက်သလို ဖြစ်သွားပါ၏။

သို့သော် တစ်ချိန်တည်းမှာပင် သူတို့အားလုံး စိတ်သက်သာရာရပြီး သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။

လက်ရှိတွင် ကမ္ဘာနှစ်ခုကြား တံခါးပေါက် ပိတ်သွားခြင်းက ကောင်းသည့်အရာတစ်ခုဟု ပြော၍ ရပေသည်။

ထိုတံခါးပေါက်၏ တဖက်တွင် လောထျန်းဟု ခေါ်သော ဘီလူးကြီးတစ်ကောင် ရှိနေသည် မဟုတ်ပါလား။

သို့သော်.. ထိုအချိန်တွင် လူတစ်ယောက်က တစ်စုံတစ်ခု ပုံမှန်မဟုတ်သည်ကို သတိထားမိသွားပါ၏။

" ဟင်... ဘာတွေ ဖြစ်နေတာလဲ ။ စိတ်စွမ်းအင်တွေက ဘာလို့ အဲ့လောက်နည်းနေရတာလဲ ။ အဲ့လောက်ကြွယ်ဝတဲ့ စိတ်စွမ်းအင်တွေ ဘယ်ရောက်ကုန်တာလဲ... "

တစ်ယောက်က တအံ့တသြ ရေရွတ်လိုက်သည်။

ထိုစကားက မရေမတွက်နိုင်သော လူများ၏ အာရုံကို ဖမ်းစားလိုက်နိုင်ပါ၏။

" ဟုတ်တယ်... စိတ်စွမ်းတွေက ဘယ်လိုလုပ်ပြီး မရှိသလောက်နီးပါးကို ဖြစ်နေတာလဲ ။ ဒီမှာ ဘာတွေ ဖြစ်သွားခဲ့တာလဲ "

အခြားတစ်ယောက်ကလည်း အံ့သြဟန်ဖြင့် မေးလာသည်။

" စိတ်စွမ်းအင်သွေးကြောတွေ.... စိတ်စွမ်းအင်သွေးကြောတွေ... "

ထိုစဥ်တွင် တစ်ယောက်က အစောပိုင်းက သူမြင်ခဲ့သည့် မြင်ကွင်းကို ပြန်သတိရသွားဟန်ဖြင့် အလန့်တကြား ပြောလာ၏။

" ဟိုလောထျန်းဆိုတဲ့ကောင်က ငါတို့ ယွဲ့ယန်ကမ္ဘာက စိတ်စွမ်းအင်သွေးကြောတွေ အားလုံးကို ခေါ်ထုတ်သွားပြီကွ "

" ဘယ်လို... ဒါဆို ငါတို့ယွဲ့ယန်ကမ္ဘာက ဘာဖြစ်သွားပြီလဲ ။ စိတ်စွမ်းအင်တွေမရှိတော့ရင် ငါတို့ ယွဲ့ယန်ကမ္ဘာတော့ သွားပြီပေါ့ကွာ "

အားလုံး အထိတ်တလန့် ဖြစ်ကုန်ကြတော့သည်။

စိတ်စွမ်းအင်သွေးကြောများ အားလုံးသာ မရှိတော့ဘူးဆိုလျှင်... သူတို့ ယွဲ့ယန်ကမ္ဘာက ပျက်ကပ်ဖြင့် ကြုံရပေတော့မည်။

စိတ်စွမ်းအင်သွေးကြောများမှာ ကောင်းကင်နှင့်မြေကြီး၏ စည်းမျဥ်းများမှ နှစ်ပေါင်းမရေမတွက်နိုင်အောင် ပြုစုပျိုးထောင်ခြင်း ခံရပြီးမှသာ မွေးဖွားလာတတ်ကြကြောင်းကို သူတို့ မသိဘဲ မနေပါချေ။

သို့ဖြစ်ရာ နောင်နှစ်ပေါင်း သန်းချီ ကြာပြီးသွားသည့်တိုင် ယွဲ့ယန်ကမ္ဘာက ယခင်လို အခြေအနေမျိုး ပြန်ရရန် မလွယ်တော့ပါ။

" ဒေါသထွက်စရာ ကောင်းလိုက်တာကွာ ။ ဒီ ထျန်းယွမ်ကမ္ဘာသားတွေ... ငါတို့ ဒီကောင်တွေကို ဘာလို့ ရန်စမိခဲ့ရတာလဲ "

ထိုအချိန်တွင် အားလုံး၏ ရင်ထဲ၌ နောင်တများ ကြီးစိုးလျက်..

အစပိုင်းတွင် သူတို့သည် ထျန်းယွမ်ကမ္ဘာမှ မြင့်မြတ်နယ်မြေအဆင့် စိတ်စွမ်းအင်သွေးကြောတစ်ခုကို ယူပြီး သူတို့ ယွဲ့ယန်ကမ္ဘာ၏ စိတ်စွမ်းအင် ပိုကြွယ်ဝအောင် လုပ်ရန် ရည်ရွယ်ခဲ့ကြပါသည်။

သို့သော် သူတို့ ထိုသို့ လုပ်နေချိန်တွင် သူတို့ ကမ္ဘာမှ အသွင်ပြောင်း စိတ်စွမ်းအင်သွေးကြောများအား အခြားသူတစ်ယောက်က ခေါ်ထုတ်သွားမည်ဟု မည်သို့ ထင်မိပါမည်နည်း။

ထိုအချိန်မှာပင်..

ဝုန်း..

ယွဲ့ယန်ကမ္ဘာက ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာ၏။

" ဟင်... ဘာတွေ ထပ်ဖြစ်နေပြန်ပြီလဲ "

အားလုံး အသံလာရာဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။

မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူတို့အားလုံး အံ့သြမှင်သက်သွားကြ၏။

ထိုစဥ် .. အားလုံး၏ မျက်စိရှေ့မှာပင်... ကောင်းကင်နှင့်မြေကြီး၏ စည်းမျဥ်းများမှ ဖြစ်ပေါ်လာသော ကမ္ဘာနှစ်ခုကြား တံခါးပေါက်တစ်ခု စတင်အသွင်ပေါ်လာသည်။

ထို ကမ္ဘာနှစ်ခုကြား တံခါးပေါက်ကို ကြည့်ရင်း ယွဲ့ယန်ကမ္ဘာမှ လူများအားလုံး စိတ်အညစ်ကြီး ညစ်သွားကြတော့သည်။

အချိန် အတန်ကြာသွားပြီးမှသာ အဘိုးအိုတစ်ယောက် စကားစလာ၏။

" အောက်ကမ္ဘာက...... "

ထိုစဥ် ထျန်းယွမ်ကမ္ဘာ ၊ ယောင်ချီရှေ့၌...

ကမ္ဘာနှစ်ခုကြား တံခါးပေါက် လုံးဝပိတ်ပြီးသွားပြီးနောက် လောထျန်း စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။

" အင်း.. တံခါးပေါက်လဲ ပိတ်သွားပြီဆိုတော့ ယွဲ့ယန်ကမ္ဘာက အစွမ်းထက်တဲ့ လူတွေ လာနိုင်တော့မှာ မဟုတ်ဘူး "

လောထျန်း ပြောလိုက်သည်။

သူ ပြောပြီးသွားသည်နှင့် အားလုံး၏ အံ့သြတုန်လှုပ်နေသော အကြည့်အောက်မှာပင် ရွှေယွဲ့ချီဆီသို့ လျှောက်သွားလိုက်၏။

" ရွှေယွဲ့ချီ ၊ ဒီတစ်ခေါက် ယောင်ချီရဲ့ပြဿနာ ပြေလည်သွားပြီ မဟုတ်လား "

လောထျန်း မေးလိုက်သည်။

ရွှေယွဲ့ချီ တံတွေးကို ခက်ခက်ခဲခဲ မြိုချပြီး ပြန်ပြောလိုက်ရသည်။

" အဲ့လိုပဲ ဆိုပါတော့ရှင် "

သူမ ထိုအချိန်တွင် စိတ်လည်း ရှုပ်ထွေးနေပါ၏။

လောထျန်းက အစွမ်းထက်သည်ကို သူမ သိထားပြီး ဖြစ်သော်လည်း ဤမျှ အစွမ်းထက်လိမ့်မည်ဟု ထင်မထားခဲ့ပါ။

" ဒါဆိုရင် ကျုပ်နဲ့လိုက်ခဲ့ "

လောထျန်းက ထိုသို့ပြောကာ ရွှေယွဲ့ချီအား လက်ဆွဲပြီး ယောင်ချီ နတ်ဘုရားသခင်မကြီးဆီသို့ လျှောက်သွားလိုက်သည်။

ယောင်ချီ နတ်ဘုရားသခင်မကြီးမှာလည်း လောထျန်း လာနေသည်ကို မြင်သည်နှင့် အနည်းငယ် စိတ်လှုပ်ရှား ထိတ်လန့်သွားပါ၏။

ထိုသို့ မဖြစ်ဘဲလည်း မည်သို့ နေပါမည်နည်း။

ထိုလူက ကမ္ဘာနှစ်ခုကြား တံခါးပေါက်အား လက်ချည်းသက်သက်ဖြင့် ဆွဲပိတ်ခဲ့ကာ.. အစောလေးတွင်လည်း ဒေါသကြောင့် ယောင်ချီတစ်ခုလုံးကို ဖျက်ဆီးပစ်လုနီးပါး ဖြစ်ခဲ့ရသည် မဟုတ်ပါလား။

ထိုသို့သော သူမျိုးကို သူမ ဂရုမစိုက်ဘဲ မနေဝံ့ပါ။

" ကြိုဆိုပါတယ် သခင်ကြီး လောထျန်း "

လောထျန်းမှာ သူရောက်ရောက်ချင်း သခင်ကြီးဟု ဆီးကြိုအခေါ်ခံလိုက်ရသဖြင့် လန့်သွားပြီး ပြောလိုက်သည်။

" ယောင်ချီ နတ်ဘုရားသခင်မကြီးက ယဥ်ကျေးလွန်နေပါပြီဗျာ ။ ကျုပ် သခင်မကြီးကို ပြောစရာလေးနည်းနည်းရှိလို့ လာခဲ့တာပါ "

" ကျေးဇူးပြုပြီး ပြောပါရှင် "

ယောင်ချီ နတ်ဘုရားသခင်မကြီးက ဦးညွှတ်၍ ဆိုသည်။

" ပထမဆုံးအနေနဲ့ ၊ ကျုပ် ရွှေယွဲ့ချီကို ယောင်ချီရဲ့ အပျိုစင်နတ်ဘုရားမ ရာထူးမှာပဲ ဆက်ရှိနေစေချင်တယ် "

လောထျန်းက အသံတည်ဖြင့် ပြောလိုက်၏။

" ဟင်... ရှင်... "

ထိုစကားကို ကြားသည်နှင့် ရွှေယွဲ့ချီ၏ ကိုယ်လေး ဆတ်ခနဲ တုန်သွားသည်။

လောထျန်း ပြောချင်သည့် ပထမဆုံးအကြောင်းရာက ထိုကိစ္စ ဖြစ်နေလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

ယောင်ချီ နတ်ဘုရားသခင်မကြီးကလည်း တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် ချက်ချင်း ပြုံး၍ ပြောလာ၏။

" စိတ်မပူပါနဲ့ သခင်ကြီး လောထျန်း ၊ ယောင်ချီရဲ့ အပျိုစင်နတ်ဘုရားမ ရာထူးကို ရွှေယွဲ့ချီပဲ ရမှာပါ "

သူမ ပြောလိုက်သည့်စကားမှာ အမှန်တရားလည်း ဖြစ်ပါသည်။

ရွှေယွဲ့ချီ၏ ထူးခြားသော ခန္ဓာကိုယ်က သူမအတွက် တောက်ပမည့်အနာဂါတ်လမ်းကို ခင်းပေးနေသည် မဟုတ်ပါလား။

အမှန်တွင်မူ ယောင်ချီနတ်ဘုရားသခင်မကြီး၏ ယခင်ပုံစံသာ ပျော့ညံ့ခြင်း မရှိခဲ့ပါက.. ရွှေယွဲ့ချီအား အတတ်နိုင်ဆုံး အစွမ်းကုန် ကာကွယ်ပေးခဲ့သင့်ပေသည်။

သို့သော် မျှော်လင့်မထားစွာပင် ယောင်ချီ နတ်ဘုရားသခင်မကြီး ကိုယ်တိုင်က သဘောတူနေစဥ်၌.. တစ်ယောက်၏ မကျေမနပ် ပြန်ပြောသံ ထွက်လာ၏။

" နတ်ဘုရား သခင်မကြီး ၊ အဲ့စကားက ဘာအဓိပ္ပါယ်လဲ ။ ကျုပ်တို့ နတ်ဘုရား စိတ်ဝိဥာဥ်ဂိုဏ်းကို လက်ထပ်ဖို့ ပေးထားတဲ့ကတိကို မေ့သွားပြီလား "

စကားဆုံးဆုံးချင်းမှာပင် နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်း၏ လက်ထောက်ဂိုဏ်းချုပ်ကြီး ဖြစ်သူ ၊ ဖေးစစ်နန်က တောင်ဝှေးတစ်ချောင်းကို အားပြုရင်း ယိုင်နဲ့နဲ့ လျှေက်လာသည်။

" အဲ့ဒါ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းရဲ့ လက်ထောက်ဂိုဏ်းချုပ်ကြီး မဟုတ်လား။ သူက ဘာဖြစ်သွားတာလဲ "

" ငါကြားတာတော့ သူက စိတ်ဝိဥာဥ်သခင်ကြီးတစ်ယောက်ရဲ့ စိတ်ဝိဥာဥ်အစွမ်းကြောင့် ဒဏ်ရာရသွားခဲ့တာတဲ့ "

" စိတ်ဝိဥာဥ်အစွမ်းနဲ့ ဒဏ်ရာရအောင် လုပ်လိုက်တယ်.... နောက်များ နေသလားကွာ။ ဖေးစစ်နန်ဆိုတာ အစွမ်းထက် စိတ်ဝိဥာဥ်သခင်ကြီး တစ်ယောက်လေ။ သူ့ကို စိတ်ဝိဥာဥ်အစွမ်းနဲ့ ဒဏ်ရာရအောင် လုပ်နိုင်တဲ့သူ ဒီကမ္ဘာမှာ ဘယ်နှယောက်များ ရှိလို့လဲ။ ဟို သခင်ကြီးယွမ်က လုပ်လိုက်တာလို့တော့ မပြောဘူး မဟုတ်လား "

" မဖြစ်နိုင်တာ... သခင်ကြီးယွမ် ပေါ်မလာတာဖြင့် ဒီလောက်နှစ်တွေအများကြီး ကြာခဲ့ပြီ။ တကယ်လို့ သူ့လက်ချက် ဆိုရင်တောင်မှ.. သူက ဖေးစစ်နန်ကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ "

အားလုံးက ထင်ရာကို ပြောလိုက်ကြသည်။

ထိုအချိန်တွင် ဖေးစစ်နန်မှာ လူအုပ်ရှေ့သို့ ရောက်လာခဲ့ပြီဖြစ်ပြီး လောထျန်းအား ကြောက်ရွံ့မှု အငွေ့အသက်တချို့ ပါနေသည့် အကြည့်ဖြင့် ကြည့်

လိုက်ပြီးနောက် ယောင်ချီ နတ်ဘုရားသခင်မကြီးဘက် အကြည့်လွှဲလိုက်သည်။

" နတ်ဘုရားသခင်မကြီး ၊ တကယ်လို့ ခင်ဗျားတို့ဘက်ကသာ လက်ထပ်ဖို့သဘောတူထားတာကို ဖျက်မယ်ဆိုရင် ကျုပ်တို့ဘက်ကလဲ ..ခင်ဗျားတို့ယောင်ချီရဲ့ သဘာဝစိတ်ဝိဥာဥ်ကို ကယ်မပေးနိုင်ဘူး "

ဖေးစစ်နန်က ခြိမ်းခြောက်စကား ဆိုလိုက်သည်။

သဘာဝစိတ်ဝိဥာဥ်.. ဆိုသော စကားကို ကြားသည်နှင့် ယောင်ချီနတ်ဘုရားသခင်မကြီး မျက်မှောင်အနည်းငယ် ကြုံ့သွား၏။

သို့သော် ထိုစဥ်တွင် အခြားတစ်ယောက်က အေးစက်စက် ပြောလာသည်။

" လက်ထပ်ဖို့.. ဟုတ်လား ။ သခင်ကြီး ဖေးစစ်နန် ၊ ရှင်တို့ဂိုဏ်းရဲ့ နတ်ဘုရားသားတော် ၊ မင်ထျန်းဟွေ့က ယွဲ့ယန်ကမ္ဘာကိုတောင် ထွက်ပြေးသွားပြီလေ ။ ဒါကို လက်ထပ်ပွဲဆိုတဲ့စကား လာပြောနေတယ်ပေါ့ "

ထိုအချိန်မှလည်း မင်ထျန်းဟွေ့ ကိစ္စကို လူများ ပြန်အမှတ်ရသွားကြသည်။

" ဟုတ်တယ်.. အဲ့သစ္စာဖောက်ကောင် ဘယ်မှာလဲ။ အဲ့ကောင်ကို ငါ သတ်မယ် "

" အဲ့ကောင်က ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာမှ ထျန်းယွမ်ကမ္ဘာကို သစ္စာဖောက်သွားခဲ့တာ။ ဒီကောင့်ကို ဆွဲခေါ်ပြီး အပိုင်းပိုင်း ဖြတ်ပစ်ဖို့ပဲ တန်တယ် "

" ပြီးတော့ သူ့ရဲ့ ညီမဝမ်းကွဲ ကျွင့်ဟွမ်ကလဲ သူနဲ့ပေါင်းပြီး ပျောင်ပိုင်မြို့ကို ဖိနှိပ်ဖို့ ကြိုးစားခဲ့သေးတယ်ကွ။ သူ့ကိုလဲ ပြန်ပေးဆပ်ခိုင်းရမယ် "

" အဲ့ကောင်ကိုတော့ ရှာမနေပါနဲ့တော့ကွာ။ ဒီ သစ္စာဖောက်ကောင်က ယွဲ့ယန်ကမ္ဘာကလူတွေနဲ့ အတူတူ ထွက်ပြေးသွားပြီ။ ကျွင့်ဟွမ်လဲ လစ်တုန်း ပြေးသွားပြီကွ "

" ဘာ... အဲ့ခွေးနှစ်ကောင်ကတော့လား.. "

မကျေမနပ် ဆဲဆိုသံများ နေရာစုံမှ ထွက်လာပြီး နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းမှာလည်း အားလုံး၏ ပါးစပ်ဖျား၌ အဆဲခံလိုက်ရ၏။

နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းမှာ ယခင်ကတည်းကလည်း နာမည်ဆိုး ရှိထားပြီးဖြစ်ရာ ၊ ယခု ပြဿနာ ပြီးသွားသည့် နောက်ပိုင်း အားလုံးအတွက် မသက်ာစရာ ပိုဖြစ်သွားရတော့သည်။

" အမှိုက်လို သစ္စာဖောက်ကောင်မျိုးကို မွေးထားတဲ့ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းကများ လက်ထပ်ဖို့ ပြောရဲနေသေးတယ် ။ အရှက် မရှိကြဘူးလားကွ "

အားလုံး၏ ဆဲဆိုစော်ကားသံများကို နားထောင်နေသော ဖေးစစ်နန်၏ မျက်နှာကြီး ပိုပိုရဲလာ၏။

" အားလုံး နားထောင်ကြပါ။ မင်ထျန်းဟွေ့က သစ္စာဖောက်ကောင်ဆိုတာ မှန်ပါတယ်။ သူက ကျုပ်တို့ဂိုဏ်းအတွက်လဲ အရှက်ရစရာကြီး တစ်ခုပါ။ ဒါ့ကြောင့်မို့ ကျုပ်တို့က သူ့ကို ဂိုဏ်းကနေ ထုတ်ပယ်ပစ်ဖို့လဲ စဥ်စားထားပြီးသားပါ။ ဒီတစ်ခါ ကျုပ်တို့ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းက ရွှေယွဲ့ချီနဲ့ လက်ထပ်ပေးဖို့ တခြားတစ်ယောက်ကို ရွေးထားပါတယ် "

All Chapters