လွယ်လွယ်လေး ရှင်းလို့ရတဲ့ ပြဿနာ မဟုတ်ဘူးလား
Vol. 36 Ch. 501
ထိုစကားကို ကြားရုံဖြင့်ပင် တစ်စုံတစ်ခု မှားယွင်းနေမှန်း အားလုံး ရိပ်မိလိုက်ကြသည်။
ယခင် နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းမှ ရွှေယွဲ့ချီအား လက်ထပ်ခွင့်တောင်းခဲ့သည့် ရည်ရွယ်ချက်မှာ သူတို့၏ နတ်ဘုရားသားတော် မင်ထျန်းဟွေ့က ရွှေယွဲ့ချီအား ချစ်လွန်း၍ မခွဲနိုင်သောကြောင့်ဟု အကြောင်းပြချက် ပေးခဲ့ကြပါသည်။
ထို့ကြောင့်လည်း နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းချုပ်ကြီးက ယောင်ချီ နတ်ဘုရားသခင်မကြီးထံ လက်ထပ်ကြောင်းလမ်းခဲ့ခြင်း ဖြစ်၏။
သို့သော် ယခုတွင်ကား..
မင်ထျန်းဟွေ့တစ်ယောက် မရှိတော့သည့်တိုင် ရွှေယွဲ့ချီအား လက်ထပ်ခွင့် ဆက်တောင်းနေဆဲပင် ။
ထို့အပြင် သူတို့က ရွှေယွဲ့ချီအား လက်ထပ်ခွင့်ရရန် တစ်ခုတည်းအတွက်ဖြင့် ယောင်ချီကိုသာမက လောထျန်းကိုပါ စော်ကားသလို ဖြစ်သွားမည်ကိုလည်း လုံးဝ တွန့်ဆုတ်ခြင်း မရှိခဲ့ပေ။
သူတို့က ယောင်ချီနှင့် ကောင်းမွန်သော ဆက်ဆံရေးကို လိုချင်သည် မဟုတ်ဘဲ..
ရွှေယွဲ့ချီအား လိုချင်နေသည်မှာ အသိသာပင် ။
ထိုတခဏ၌ ယောင်ချီ နတ်ဘုရားသခင်မကြီး အခြေအနေကို ချက်ချင်း သဘောပေါက်သွားသည်။
နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းမှာ ရွှေယွဲ့ချီ၏ ထူးခြားသော ခန္ဓာကိုယ်ကို မြင်သည့်အတွက်ကြောင့် မင်ထျန်းဟွေ့အား အကြောင်းပြချက်တစ်ခုအဖြစ် သုံးသွားခဲ့ခြင်းသာ ဖြစ်ရပေမည်။
သို့သော် ထိုစဥ်တွင် ဖေးစစ်နန်သည် မျက်နှာကြီး သုန်မှုန်နေကာ အားလုံးကို လျစ်လျူရှုထားပြီး ယောင်ချီ နတ်ဘုရားသခင်မကြီးကိုသာ စိုက်ကြည့်၍ ပြော၏။
" နတ်ဘုရားသခင်မကြီး ၊ ယောင်ချီရဲ့ အကြီးအကဲ သဘာဝစိတ်ဝိဥာဥ်ရဲ့ ခန္ဓာကိုယ်အခြေအနေက အင်မတန် အန္တရာယ်များတယ်ဆိုတာကို သခင်မကြီး သိမှာပါ။ ကျုပ်တို့ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းကသာ ဝင်မကူပေးရင် သူ မကြာခင်တောင် ပျောက်ကွယ်သွားနိုင်တယ် "
ဖေးစစ်နန်က ပြောနေရင်း ခပ်လှမ်းလှမ်းတွင် ရှိနေသော ယောင်ချီ၏ သဘာဝစိတ်ဝိဥာဥ်အား တစ်ချက် လှမ်းကြည့်လိုက်သည်။
" ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် အစွမ်းထက်တဲ့ စိတ်ဝိဥာဥ်အစွမ်း လိုရုံတင်မကဘူး ၊ အစွမ်းထက်တဲ့ စိတ်ဝိဥာဥ်သခင်ကြီး ၃၆၀ ယောက် အတူတူပေါင်းပြီး အစီအမံတစ်ခု လုပ်ဖို့လဲ လိုသေးတယ်။ ဒီကိစ္စတွေ အားလုံး ပြီးဖို့ဆိုရင်လဲ ရက်ပေါင်း ၉၉၈၁ ရက် အချိန်ယူရမှာ "
" ပြီးတော့ အခုလက်ရှိမှာ စိတ်ဝိဥာဥ်သခင်ကြီးများအဖွဲ့ကလဲ ပြဿနာ ဖြစ်နေတဲ့ပုံ ဆိုတော့ ... ဒီကမ္ဘာမှာ ကျုပ်တို့ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းကလွဲပြီး အဲ့လောက်များတဲ့ စိတ်ဝိဥာဥ်သခင်ကြီးတွေကို စုစည်းနိုင်တဲ့သူ ဘယ်သူရှိလို့လဲ "
သူ့စကားကြောင့် ယောင်ချီ နတ်ဘုရားသခင်မကြီး မျက်နှာပျက်သွားသည်။
ထိုစဥ် ဘေးတွင် ရှိနေသော လောထျန်းက အံ့အားသင့်သွားဟန်ဖြင့် မေးလာ၏။
" ဘာပြဿနာ မို့လို့လဲဗျ.. အဲ့လောက်ကြီး ဒုက္ခခံစရာ လိုတာက "
ဖေးစစ်နန်က လောထျန်းအား တစ်ချက်လှည့်ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် လောထျန်းအား စက်ဆုပ်လှသော်လည်း ပေါ်တင်စော်ကားရန် မဝံ့သဖြင့် တည်တည်ငြိမ်ငြိမ်သာ ပြန်ပြောလိုက်ရ၏။
" ဒါတွေကိုက စိတ်ဝိဥာဥ်သခင်ကြီးတွေပဲ နားလည်နိုင်တာမို့.. သခင်လေး လောထျန်း မသိတာ မဆန်းပါဘူး "
ယောင်ချီ နတ်ဘုရားသခင်မကြီးက သက်ပြင်းချ၍ ဝင်ပြောလိုက်သည်။
" ဒီလိုပါ သခင်လေးလောထျန်း ၊ ကျွန်မတို့ ယောင်ချီရဲ့ သဘာဝစိတ်ဝိဥာဥ်က လျှို့ဝှက်ဒေသတစ်ခုထဲကို မတော်တဆဝင်မိပြီး အဲ့က မှော်လက်နက်အပိုင်းအစ တစ်ခုကြောင့် ဒဏ်ရာရသွားခဲ့တာပါ။
အဲ့ မှော်လက်နက်အပိုင်းစလေးက သူ့ကိုယ်ထဲမှာပဲ ဆက်ရှိနေပြီးတော့ သူ့ရဲ့ စိတ်ဝိဥာဥ်ကို တိုက်စားနေတာ.... "
လောထျန်း အံ့သြနေဟန်ဖြင့် ထပ်မေး၏။
" မှော်လက်နက်အပိုင်းအစ ဟုတ်လား... ဒါဆို အဲ့အပိုင်းအစလေးကို ထုတ်လိုက်ရင်ရော မရဘူးလား "
ဖေးစစ်နန်က လှောင်ပြုံးဖြင့် ဝင်ပြောလိုက်သည်။
" သခင်လေး လောထျန်းက အင်မတန်ရိုးအတာပဲဗျာ။ အဲ့အပိုင်းအစလေးက ရိုးရိုးသာမာန် မှော်လက်နက်ရဲ့ အပိုင်းအစ မဟုတ်ဘူးဗျ ။ စိတ်ဝိဥာဥ်နဲ့ တာအိုအစွမ်းကို ရသွားခဲ့တဲ့ ကမ္ဘာပေါ်က မသေမျိုးတစ်ယောက်က လုပ်ထားခဲ့တဲ့ မသေမျိုးလက်နက်တစ်ခုပဲ။ သာမာန်လူတွေအနေနဲ့ ဒါကို ထုတ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး "
" စိတ်ဝိဥာဥ်နဲ့ တာအိုအစွမ်းကို ရသွားတာ ဟုတ်လား.. ဒါ မဖြစ်နိုင်ဘူး ။ ဒီ ထျန်းယွမ်ကမ္ဘာမှာ အဲ့လိုအဆင့်မျိုးနဲ့ စိတ်ဝိဥာဥ်သခင်ကြီး ရှိလို့လား.. "
ရွှေယွဲ့ချီထံမှ တအံ့တသြ စကားသံ ထွက်လာသည်။
ယောင်ချီ နတ်ဘုရားသခင်မကြီး သက်ပြင်းချလိုက်၏။
" အဲ့လူက ငါတို့ ထျန်းယွမ်ကမ္ဘာက မဟုတ်ဘူး.... အပေါ်ကမ္ဘာက... "
" အပေါ်ကမ္ဘာက.... "
ရွှေယွဲ့ချီတစ်ယောက် တုန်လှုပ်ခြင်းကြီးစွာ ဖြစ်သွားသည်။
ယောင်ချီ နတ်ဘုရားသခင်မကြီးက လက်ကာပြရင်း ဆက်ပြော၏။
" အဲ့ဒါက ပြောရရင် အရှည်ကြီးပဲ ။ ငါ နောက်မှ နင့်ကို ပြောပြမယ် "
ရွှေယွဲ့ချီမှာလည်း ထိုကိစ္စက ယောင်ချီ၏ လျှို့ဝှက်ချက်နှင့် ပတ်သက်နေနိုင်သည်ကို နားလည်လိုက်သဖြင့် ဆက်မမေးတော့ချေ။
ထိုစဥ်တွင် ဖေးစစ်နန်က လောထျန်းအား မပြုံးချင်ပြုံးချင် ရုပ်ဖြင့် ကြည့်ပြီး ပြောလာပြန်သည်။
" သခင်လေး လောထျန်း ၊ ယောင်ချီရဲ့ သဘာဝစိတ်ဝိဥာဥ် ပြဿနာကို သခင်လေး ဖြေရှင်းလိုက်ပါလား။ သခင်လေးသာ အဲ့လို လုပ်နိုင်မယ်ဆိုရင် ကျုပ်တို့ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းက ရွှေယွဲ့ချီကို လက်ထပ်ခွင့် ဘယ်တော့မှ မတောင်းတော့ဘူးလို့ ကတိပေးပါတယ် "
ထိုစကားကို ကြားသောအခါ လောထျန်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး သဘာဝစိတ်ဝိဥာဥ်အား လှမ်းကြည့်လိုက်သည်။ ချက်ချင်းမှာပင် သူမ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော လက်နက်အပိုင်းအစ တစ်ခုကို သူ မြင်လိုက်ရပါ၏။
ထိုအပိုင်းအစ၌ ပါဝင်သော စိတ်ဝိဥာဥ်အစွမ်းတစ်ခုက အမှန်တကယ်လည်း သူမ၏ ခန္ဓာကိုယ်ကို တိုက်စားနေဟန်ပင်။
ထိုစဥ် သဘာဝစိတ်ဝိဥာဥ်က ရုတ်တရက် ပြောလာသည်။
" နတ်ဘုရားသခင်မကြီး ၊ ဒီ ဇာတ်လမ်းတွေကို အဆုံးသတ်လိုက်သင့်ပြီနော် "
" ဟင်... ဒါ.... "
ယောင်ချီ နတ်ဘုရားသခင်မကြီး အနည်းငယ် အံ့အားသင့်သွားဟန် တူ၏။
ယောင်ချီ၏ အစောင့်အကြပ် စိတ်ဝိဥာဥ်က လက်ယမ်း၍ ဆက်ပြောသည်။
" ရွှေယွဲ့ချီကို စတေးပြီးတော့ ငါ့အသက်ကို ကယ်ဖို့ကိစ္စကို ငါ ဘယ်တုန်းကမှလဲ သဘောမတူခဲ့ဘူးလေ။ အခု အခြေအနေတွေက ဒီလိုတောင် ဖြစ်လာမှတော့ အဲ့လို လုပ်ဖို့ကို ပိုပြီးတောင် သဘောမတူနိုင်တော့ဘူး "
ထိုစကားကို ကြားသောအခါ ဖေးစစ်နန်၏ မျက်နှာကြီး ချက်ချင်း သုန်မှုန်သွားသည်။
" ပြန်စဥ်းစားပါဦး သခင်မကြီး ။ ကျုပ်တို့ နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းသာ ဝင်မပါရင် ခင်ဗျား အသက်ဆုံးရှုံးသွားရမှာနော် "
သဘာဝစိတ်ဝိဥာဥ်က သူ့အား မျက်စောင်းဖြင့် ပြန်ကြည့်၏။
" ငါက အဲ့ကိစ္စတွေကို ဂရုစိုက်မယ်ထင်လို့လား။ ငါ ဂရုစိုက်တဲ့ တစ်ခုတည်းသောအရာက ယောင်ချီရဲ့ အမွေအနှစ်ပဲ။ အခု ယောင်ချီရဲ့ အနာဂါတ်ကိုလဲ စိတ်ပူစရာ မလိုတော့ဘူးဆိုတော့ ငါသေသွားလဲ ဘာမှ မထူးတော့ဘူး "
" သခင်မကြီး... "
" သခင်မကြီး.... "
ယောင်ချီဂိုဏ်းဝင်များက သဘာဝစိတ်ဝိဥာဥ်အား ဝမ်းနည်းသည့် မျက်နှာကိုယ်စီဖြင့် ကြည့်လိုက်ကြသည်။
သို့သော်.. ထိုအချိန်မှာပင်..
" ဟမ်.. တကယ်တော့ အဲ့လိုကြီး လုပ်စရာ မလိုပါဘူးဗျာ။ အပိုင်းသေးသေးပဲကို.. ဒီတိုင်း ဆွဲထုတ်လို့ မရဘူးလား "
လောထျန်း ပြောလာ၏။
" အင်... "
အားလုံးက သူ့အား တအံ့တသြ လှည့်ကြည့်လိုက်ကြသည်။
ဖေးစစ်နန်က မျက်ခုံးပင့်ပြီး လှောင်ပြုံးဖြင့် ပြော၏။
" အပိုင်းသေးသေးလေးပဲ ဟုတ်လား ။ ဒါဆိုရင် သခင်လေးကိုယ်တိုင်ပဲ စိတ်ဝိဥာဥ်သခင်ကြီး အယောက် ၃၆၀ စုပြီးတော့ အဲ့ဒါကို ထုတ်လိုက်ပါလား "
လောထျန်း သူ့ကို ကြည့်ကာ ထပ်မေးလိုက်သည်။
" ခင်ဗျားက ဘာဖြစ်လို့ စိတ်ဝိဥာဥ်သခင်ကြီး အယောက် ၃၆၀ ကို ရှာနေရတာလဲ "
ဖေးစစ်နန်က ဒေါသဖြေသည့်အနေဖြင့် ရယ်ရင်း ပြန်ပြော၏။
" သခင်လေးက ဘာမှလဲ နားမလည်ပါလား။ ကျုပ် စောနက ပြောတာ မေ့သွားပြီလားဗျ ။ စိတ်ဝိဥာဥ်ပညာရှင် ၃၆၀ အတူတူပေါင်းပြီး အစီအမံတစ်ခု လုပ်မှ အဲ့အပိုင်းအစကို ထုတ်လို့ရမှာလေ။ အခု နားလည်ပြီလား "
လောထျန်း မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး သူ့လက်တစ်ဖက်ကို ဆန့်ထုတ်၍ ယောင်ချီ သဘာဝစိတ်ဝိဥာဥ်ဆီသို့ လက်လှမ်းလိုက်သည်။
ဝုန်း...
အစွမ်းထက်သော စိတ်ဝိဥာဥ်အစွမ်းတစ်ခုက သူ့လက်မှ တဆင့် သူမ၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း စီးဝင်သွား၏။
ထို့နောက်တွင်မူ..
ဝှစ်..
မှော်လက်နက် အပိုင်းအစတစ်ခု လောထျန်းလက်ထဲသို့ ရောက်လာသည်။
" အခု ထုတ်လို့ရသွားပြီ မဟုတ်လား.. "
လောထျန်း ဖေးစစ်နန်ကို ကြည့်ကာ ပြောလိုက်၏။
ထိုတခဏ၌ ဖေးစစ်နန်မှာ အံ့သြမှင်သက်လွန်း၍ စကားပင် မဆိုနိုင်တော့ပါ။
ရွှေယွဲ့ချီသည်လည်း အံ့သြမှင်သက်နေသလို ယောင်ချီ နတ်ဘုရားသခင်မကြီးမှာလည်း ဆွံ့အနေသည်။
ယောင်ချီ၏ အစောင့်အကြပ် သဘာဝစိတ်ဝိဥာဥ်မှာလည်း မကျန်ရပါ။
ထိုအပိုင်းအစလေးကြောင့် သူမ သေမလို ဖြစ်ခဲ့ရရုံမက ယောင်ချီသည်ပင် ပျက်စီးလုနီး အခြေအနေသို့ ရောက်ခဲ့ရပါသည်။
သို့သော် လောထျန်းက လက်ဖြင့် ဒီတိုင်း ထုတ်ယူနိုင်ခဲ့သတဲ့လား ။
ထိုစဥ်တွင် ဖေးစစ်နန်မှာ အားလုံးထက် ပိုအံ့သြတုန်လှုပ်နေရှာ၏။ အစောက လောထျန်း သုံးသွားခဲ့သည့် စိတ်ဝိဥာဥ်အစွမ်းကို သူ ရင်းရင်းနှီးနှီးကြီး သိနေပါသည်။
" မင်း... မင်းက အစောပိုင်းတုန်းက ငါ့ကို တိုက်ခိုက်ခဲ့တဲ့သူလား "
သူ လောထျန်းအား လက်ညိုးထိုးကာ တုန်တုန်ယင်ယင် ပြောလိုက်သည်။
" ဟင်.. ခင်ဗျားကို တိုက်ခိုက်တယ် ဟုတ်လား ။ ကျုပ်ကို လျှောက်ပြီး လှည့်စားဖို့ ကြိုးစားမနေနဲ့နော် "
လောထျန်း မျက်မှောင်ကြုံ့သွား၏။
ထိုစဥ်တွင် ယောင်ချီ နတ်ဘုရားသခင်မကြီးလည်း အသိဝင်လာကာ မေးလာသည်။
" သခင်လေးက ဟို ထူးဆန်းတဲ့ သခင်ကြီးလား.... "
သူမ အလွန်လည်း အံ့သြတုန်လှုပ်သွားရပါ၏။
သူမရှေ့မှ လောထျန်းက အံ့မခန်း အစွမ်းမျိုး ပိုင်ဆိုင်ရုံမက အံ့မခန်း စိတ်ဝိဥာဥ်အစွမ်းမျိုးပါ ရှိထားသေးသတဲ့လား ။
ထိုလူက မည်မျှ ကြောက်စရာကောင်းလိုက်ပါသနည်း ။
ထိုစဥ် ဖေးစစ်နန်က လောထျန်းကို ကြည့်ရင်း ဦးညွှတ်၍ ဆိုလိုက်သည်။
" နှုတ်ဆက်ပါတယ် ၊ ကျုပ်ကို သွားခွင့်ပြုပါဦး "
သူ ထိုသို့ပြောပြီးသည်နှင့် ချက်ချင်း နောက်လှည့်ထွက်ရန် ပြင်လိုက်၏။
သို့သော် ထိုအချိန်မှာပင်..
" ခဏနေပါဦး.. "
ချင်းဝူချုံ၏ အသံ ထွက်လာသည်။
ဖေးစစ်နန်၏ မျက်နှာထား အနည်းငယ် ပြောင်းသွားကာ သူ့အား လှည့်ကြည့်လိုက်၏။
" ဘာများပြောချင်လို့လဲ ဂိုဏ်းချုပ်ကြီး ချင်း "
ချင်းဝူချုံ ပြန်ပြောသည်။
" ခင်ဗျားတို့ဂိုဏ်းရဲ့ နတ်ဘုရားသားတော်က ထျန်းယွမ်ကမ္ဘာကို သစ္စာဖောက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျုပ် နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းကို သုံးရက်အတွင်း လာခဲ့မယ်။ အဲ့ကျရင် ခင်ဗျားတို့ရဲ့ ဂိုဏ်းချုပ်ကြီးအနေနဲ့ ကျုပ်ကို ကျေနပ်လောက်တဲ့ ဖြေရှင်းချက်မျိုး ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် "
" ဒါ... "
ဖေးစစ်နန် မျက်နှာအနည်းငယ် ပျက်သွားသော်လည်း ဦးညွှတ်၍ ဆိုလိုက်၏။
" ကျုပ် သဘောပေါက်ပါပြီ "
ထိုသို့ပြောပြီးသည်နှင့် သူ နောက်ပြန်လှည့်ပြီး ထွက်ခွာသွားတော့သည်။
ထိုစဥ်တွင် ယောင်ချီ နတ်ဘုရားသခင်မကြီးက လောထျန်းကို ကြည့်ကာ ရုတ်တရက် ဒူးတစ်ဖက် ထောက်ချပြီး ပြောလိုက်၏။
" ကျေးဇူးတင်ပါတယ် သခင်လေး လောထျန်း "
လောထျန်းက ၎င်းကို မြင်သည်နှင့် ချက်ချင်း လက်ကာပြ၍ ဆိုသည်။
" အဲ့လိုကြီး လုပ်ဖို့မလိုပါဘူးဗျာ။ ကျုပ်က ဒီတိုင်း ကိစ္စသေးသေးလေးမှာပဲ ကူညီလိုက်တာပါ။ တကယ်လို့ ကျုပ်ကို ကျေးဇူးတင်ချင်တယ် ဆိုရင်တော့.. မသေမျိုးအဆင့် သိုင်းကျင့်စဥ် တစ်ခုခုပဲ ထပ်ပေးလိုက်ပါ "
" ဟင်... "
ယောင်ချီ နတ်ဘုရားသခင်မကြီး ဆွံ့အသွားရပြန်သည်။
လောထျန်းက ချောင်းဟန့် လည်ချောင်းရှင်းပြီး စကားဆက်၏။
" နောက်.. ကျုပ် ပြောချင်တဲ့ ဒုတိယအကြောင်းအရာက ကျုပ်နဲ့ ရွှေယွဲ့ချီကြားမှာ သဘောတူထားတဲ့ ကိစ္စပဲ။ ကျုပ် ယောင်ချီကို လာကူညီပေးရင် ယောင်ချီရဲ့ မသေမျိုးအဆင့် သိုင်းကျင့်စဥ်နဲ့ သိဒ္ဓိဝင်ဆေးကို ပေးမယ်လို့ သူ ပြောထားတယ်ဗျ။ နတ်ဘုရားသခင်မကြီး အနေနဲ့ရော ဒီလို သဘောတူထားတာကို လက်ခံနိုင်လားဆိုတာ ကျုပ် သိချင်လို့ပါ "
ယောင်ချီ နတ်ဘုရားသခင်မကြီးမှာ သူ့စကားကြောင့် အံ့အားသင့်သွားသော်လည်း ခေါင်းညိတ်ပြလိုက်သည်။
" ဒါပေါ့.. ကျွန်မဘက်က သဘောမတူစရာ အကြောင်းမရှိပါဘူးရှင် ။ ယောင်ချီရဲ့ လျှို့ဝှက် သိုင်းကျမ်းတွေထဲက ဟို လွှဲပြောင်းပေးလို့မရတဲ့ သိုင်းကျင့်စဥ် တစ်ခုကလွဲပြီး ကျန်တာတွေကို သခင်လေးလောထျန်း အကုန်ယူနိုင်ပါတယ် "