← Chapters

ကျွင့်မိသားစုအား ဝိုင်းရံခြင်း

Vol. 36 Ch. 504

ကျွင့်မိသားစုအား ဝိုင်းရံခြင်း

Vol. 36 Ch. 504

လောထျန်းမှာ ကျင့်ကြံခြင်း နောက်တစ်ဆင့် တက်ရန်အတွက် သိဒ္ဓိဝင်ဆေး ငါးမျိုး လိုပါသည်။

သို့သော် လက်ရှိအချိန်ထိ သူ့ထံတွင် နှစ်မျိုးသာ ရှိသေးရာ..

ကျင့်ကြံခြင်း အဆင့်တက်ရန်အတွက် များစွာ လိုနေပါသေးသည်။

သို့သော် သူ့ရှေ့မှ လူများထံမှသာ သိဒ္ဓိဝင်ဆေးများ ရလိုက်မည် ဆိုပါက အလွန်ကောင်းသွားမည် မဟုတ်ပါလား ။

လောထျန်းစကားကို ကြားသောအခါ ချင်းဝူချုံက ခေါင်းညိတ်၍ ဆို၏။

" သိဒ္ဓိဝင်ဆေးလား... ၊ ကျုပ်တို့ ဝူလျန်နန်းတော်မှာတော့ ရှိတယ်ဗျ "

လောထျန်း၏ မျက်လုံးများ ပျော်ရွှင်မှုကြောင့် ချက်ချင်း အရောင်လက်သွားသည်။

သို့သော် ချင်းဝူချုံက စကားဆက်၏။

" ဆေးပင်က နောက်ထပ် နှစ်သုံးရာလောက်နေရင်တော့ အရွယ်ရောက်လောက်ပါပြီ။ သခင်လေးလောထျန်း လိုချင်တယ်ဆိုရင် ကျုပ် နောက်နှစ်သုံးရာကျ သခင်လေးဆီကို သေချာပို့ပေးပါ့မယ် "

ထိုစကားကြောင့် လောထျန်းတစ်ယောက် သွေးအန်မိမလိုပင် ဖြစ်သွားရသည်။

နောက် နှစ်သုံးရာကြာမှတဲ့လား..

နောက်နေသည်များလား..

သူ့တွင် နှစ်သုံးရာအထိ စောင့်ရန် အချိန်မရှိပါချေ။

" ခုလို ပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ကြီးချင်း ။ ဒါပေမယ့် နှစ်သုံးရာဆိုတာ... ကြာလွန်းတယ်ဗျ "

လောထျန်း ခေါင်းယမ်းလိုက်သည်။

တာအိုသခင်ကြီး ထျန်းလုံကလည်း သံယောင်လိုက်၏။

" ဟုတ်တယ်ဗျ ၊ နှစ်သုံးရာဆိုတာ ကြာလွန်းတယ်။ သခင်လေး လောထျန်း ၊ ကျုပ်တို့ ထျန်းယွမ်ကျောင်းတော်မှာတော့ နောက် နှစ်ငါးဆယ်နေရင် ကြီးလာတော့မယ့် သိဒ္ဓိဝင်ဆေး နှစ်ပင်ရှိတယ်ဗျ "

နောက် နှစ်ငါးဆယ်တဲ့လား..

လောထျန်း စိတ်ပျက်လက်ပျက် ဖြစ်သွားရပြန်သည်။

" စိတ်မကောင်းပါဘူးဗျာ.. နှစ်ငါးဆယ်လဲ ကြာလွန်းတယ်ဗျ။ ကျုပ် အဲ့လောက်ကြီး မစောင့်နိုင်ဘူး။ ကြီးပြီးသား သိဒ္ဓိဝင်ဆေးပင်တွေ ဘယ်မှာ ရနိုင်လဲဆိုတာရော သခင်ကြီးတို့ သိကြလားဟင် "

လောထျန်း ထိုနှစ်ယောက်ကိုကြည့်ကာ မေးလိုက်သည်။

ချင်းဝူချုံက မှုတ်ဆိတ်မွေးကို ပွတ်ရင်း ပြန်ပြောသည်။

" သိဒ္ဓိဝင်ဆေးပင်တွေက အဲ့လောက်ကြီးတော့လဲ မရှားဘူးဗျ။ ဒါပေမယ့် အရွယ်ရောက်ဖို့တော့ နှစ်တွေအကြာကြီး စောင့်ရတတ်တယ်။ ကျုပ် သိသလောက်ဆိုရင်တော့ ဒီ ထျန်းယွမ်ကမ္ဘာရဲ့ အဖွဲ့ကြီးတွေထဲမှာ ယောင်ချီရဲ့ သိဒ္ဓိဝင်ဆေးက အရွယ်အစား အကောင်းဆုံးပဲ ။ အဲ့ဒါက လွဲရင်.... "

သူ စဥ်းစားနေစဥ်မှာပင် အနောက်ဘက်မှ ဝူလျန်ဂိုဏ်းသားတစ်ယောက်က ရုတ်တရက် ပြောလာ၏။

" ဂိုဏ်းချုပ်ကြီး ၊ ကျွင့်မိသားစုမှာ ဖီးနစ်ငှက်ပန်းပင် ရှိတာ ကျုပ် မှတ်မိပြီဗျ ။ ပြီးတော့ အဲ့အပင်ကလဲ ပန်းပွင့်ခါနီးပြီထင်တယ် "

ချင်းဝူချုံ၏ မျက်လုံးများ ရုတ်ချည်း အရောင်လက်သွားသည်။

" ဟုတ်သားပဲ... အဲ့ ဖီးနစ်ငှက်ပန်းပင်က ဒီနှစ်ထဲ အပွင့်ပွင့်မှာ.. "

" ကျွင့်မိသားစု.. ဟုတ်လား "

ထိုစဥ် လောထျန်းနောက်တွင် ရှိနေသော လောရှောင်ရှောင်ကလည်း မကျေမနပ် လေသံဖြင့် ရေရွတ်၏။

" ဟင်.. မင်း သူတို့ကို သိလို့လား "

လောထျန်း သူမဘက် လှည့်ကြည့်လိုက်သည်။

လောရှောင်ရှောင်းမ ဘေးလူများအား မေးလိုက်၏။

" ကျွင့်ဟွမ်က ကျွင့်မိသားစုက မဟုတ်လား "

အားလုံး ခေါင်းညိတ်ပြလိုက်ကြသည်။

" ဒါပေါ့ဗျာ "

လောရှောင်ရှောင်း ချက်ချင်း ဒေါသထွက်သွားပြီး ပြော၏။

" အကိုထျန်း ၊ အကိုမရှိတုန်းက အဲ့ ကျွင့်ဟွမ်ဆိုတဲ့ မိန်းမက ကျွန်မတို့ကို အနိုင်ကျင့်ခဲ့တာရှင့် "

သူမ တလက်စတည်း ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ပြောပြလိုက်သည်။

စကားဆုံးအောင် နားထောင်ပြီးသည်နှင့် လောထျန်း၏ မျက်နှာ ရုတ်ချည်း ရှုံ့မဲ့သွား၏။

" အဲ့လိုမျိုး တကယ်ဖြစ်ခဲ့တယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး။ အစကတော့ ငါက သူတို့ဆီက သိဒ္ဓိဝင်ဆေးကို ဝယ်မလို့ပဲ ။ ဒါပေမယ့် ဒီကောင်တွေက အဲ့လောက်တောင် ကန်းကြမှတော့ ငါ့အဆိုးမဟုတ်တော့ဘူး "

လောထျန်းက တလက်စတည်း ယောင်ချီ နတ်ဘုရားသခင်မကြီးဘက် လှည့်ကြည့်၍ ဆက်ပြော လိုက်၏။

" နတ်ဘုရားသခင်မကြီး ၊ ကျေးဇူးပြုပြီးတော့ ခင်ဗျားတို့ယောင်ချီရဲ့ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံကို ခဏပေးသုံးပြီးတော့ ကျုပ်တို့ကို ကျွင့်မိသားစုဆီ ပို့ပေးလို့ ရမလား။ ကျုပ် အဲ့လူတွေကို ဓားပြသွားတိုက်.... အဲ မဟုတ်ပါဘူး.. ကျုပ်ညီနဲ့ ညီမအတွက် ပြန်ပြီး လက်တုန့်ပြန်ပေးချင်လို့ပါ "

သူ စိတ်ထဲရှိသည့် အမှန်အတိုင်း ထုတ်ပြောမိမလိုပင် ဖြစ်သွားသည်။

သို့သော် ယောင်ချီနတ်ဘုရားသခင်မကြီးက ဘာမှ ပြန်မပြောနိုင်ခင်မှာပင် ယောင်ချီ၏ အစောင့်အကြပ် သဘာဝစိတ်ဝိဥာဥ်က ရုတ်တရက် ဝင်ပြောလာသည်။

" ဟမ့်... ဒီ ကျွင့်မိသားစုကတော့ တော်တော်ကြီးကို လွန်နေပြီ။ သခင်လေး လောထျန်း ၊ တကယ်တော့ ကျွန်မတို့ ယောင်ချီကလဲ ကျွင့်မိသားစုကို သဘောမကျတာ ကြာလှပြီရှင့် ။ အခု သူတို့က သခင်လေးရဲ့ ညီနဲ့ ညီမကိုပါ အနိုင်ကျင့်နေတာဆိုတော့ ကျွန်မတို့ ယောင်ချီလဲ သခင်လေးနဲ့ လိုက်ခဲ့မယ် "

သူမ ထိုသို့ပြောပြီး ယောင်ချီ နတ်ဘုရားသခင်မကြီးအား ခြေဖြင့် တစ်ချက်ကန်လိုက်သည်။

နတ်ဘုရားသခင်မကြီးမှာလည်း ထိုအချိန်မှသာ အသိဝင်လာပြီး ခေါင်းတဆတ်ဆတ် ညိတ်လိုက်၏။

" ဟုတ်ပါတယ် သခင်လေး ။ ယောင်ချီဂိုဏ်းသူတို့.. အားလုံး နားထောင်ကြပါ။ ကောင်းကင်ထိန်းချုပ်အဆင့်ရဲ့ အထက်မှာ ရှိတဲ့သူတိုင်း လူစုပြီးတော့ သခင်လေးလောထျန်း အဖွဲ့နဲ့ လိုက်သွားကြပါ။ ကျွင့်မိသားစုဆီကနေ သခင်လေး လောထျန်းတို့အတွက် တရားမျှတမှု ပြန်ယူခဲ့ကြ " .

လောထျန်းနှင့် မိတ်ဆွေကောင်းဖြစ်ရန် အခွင့်လမ်းကြီးက သူတို့ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်ဖြစ်ရာ ထိုအခွင့်အရေးကို မဆုပ်ကိုင်ဘဲ မည်သို့ နေပါမည်နည်း။

" ဟုတ်ကဲ့ပါ နတ်ဘုရားသခင်မကြီး "

ယောင်ချီဂိုဏ်းဝင်များ သံပြိုင် ပြန်ဖြေလိုက်ကြသည်။

" အင်း.. ယောင်ချီ နတ်ဘုရားသခင်မကြီး ပြောတာမှန်တယ်။ ကျုပ်တို့ ဝူလျန်နန်းတော်ကလည်း ဝင်ကူညီပေးမယ်ဗျာ။ ကျုပ် ဂိုဏ်းကို သတင်းပို့ပြီးတော့ ဒီကိုမပါလာတဲ့သူတိုင်း ကျွင့်မိသားစုဆီ ချက်ချင်းသွားကြဖို့ ပြောလိုက်မယ် "

ချင်းဝူချုံကလည်း နောက်ကျကျန်မနေလိုဟန်ဖြင့် ဝင်ပြောလိုက်သည်။

တာအိုသခင်ကြီး ထျန်းလုံကလည်း ပြော၏။

" ရှန့်မူချင်းရေ.. ငါ့အမိန့်ကို ထုတ်ပြန်လိုက်စမ်းကွာ။ ထျန်းယွမ်ကျောင်းတော်ရဲ့ တပည့်တွေအားလုံးရော ၊ ငါတို့နဲ့ မိတ်ဖက်အဖွဲ့က လူတွေရော.. အသက်ရှင်နေတဲ့ သူမှန်သမျှ ကျွင့်မိသားစုအိမ်တော်ကို အခုချက်ချင်း သွားရမယ်လို့ ။ ငါတို့တွေ သခင်လေးလောထျန်းအတွက် တရားမျှတမှုရအောင် လုပ်ပေးရမယ် "

ရှန့်မူချင်းက နဖူးမှ ချွေးကို သုတ်ကာ ချက်ချင်း ခေါင်းညိတ်လိုက်သည်။

" ဟုတ်ကဲ့ပါဆရာ ၊ ကျုပ် လုပ်လိုက်ပါ့မယ် "

ထိုအချိန်တွင် လောထျန်းမှာ သူ့ကို ဖားရန်အသည်းအသန် ကြိုးစားနေသော ထိုလူများကိုကြည့်ရင်း သက်ပြင်းသာ ချလိုက်၏။

ထိုစဥ် ကျုံ့ကျိုးဒေသ ၊ ကျွင့်မိသားစု အိမ်တော်၌...

" အဖေ... ကျွန်မအတွက် လက်တုန့်ပြန်ပေးပါ.. ."

ခိုးကြောင်ခိုးဝှက် ပြန်လာသော ကျွင့်ဟွမ်က အိမ်ပြန်ရောက်ရောက်ချင်းမှာပင် အော်ဟစ်ငိုကြွေးလိုက်သည်။

" ဟင်.. ဟွမ်လေး ၊ ဘယ်လိုဖြစ်ပြီး အဲ့လိုဒဏ်ရာတွေ ရလာတာလဲ "

ကျွင့်ဟွမ်၏ အဖေ ဖြစ်သလို ၊ ကျွင့်မိသားစု ခေါင်းဆောင်လည်း ဖြစ်သော ကျွင့်ကျီဝေ့မှာ တစ်ကိုယ်လုံး သွေးများပေနေသည့် ကျွင့်ဟွမ်ကို တွေ့သည်နှင့် ချက်ချင်း ထိတ်ထိတ်ပြာပြာ ဖြစ်သွား၏။

" အဖေ ၊ ကျွန်မရဲ့ မီးတောက်ဖီးနစ်ငှက် ခန္ဓာကိုယ်က ဖျက်ဆီးခံလိုက်ရပြီရှင့် "

ကျွင့်ဟွမ်က ငိုရင်း ပြန်ပြောသည်။

" ဟင်.. ဘယ်သူ လုပ်လိုက်တာလဲ ။ ငါ အဲ့ကောင်ကို သတ်မယ် "

ကျွင့်ကျီဝေ့တစ်ယောက် ချက်ချင်း ဒေါသူပုန် ထသွား၏။

သူ့သမီး ကျွင့်ဟွမ်မှာ သူ ပန်းကလေးလို အရိပ်တကြည့်ကြည့် ချစ်ရသူဖြစ်ပြီး သူ ဂုဏ်ယူရသည့် သူတစ်ယောက်လည်း ဖြစ်ပါသည်။

ယခုတွင် သူ့သမီး၏ မီးတောက်ဖီးနစ်ငှက် ခန္ဓာကိုယ်က ဖျက်ဆီးခံလိုက်ရပြီဖြစ်ရာ.. သူ ဒေါသထွက်သွားခြင်းက တရားပါသည်။

" ကျွန်မရဲ့ မီးတောက်ဖီးနစ်ငှက် ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့တဲ့သူက ယွဲ့ယန်ကမ္ဘာက နှင်းဖီးနစ်ငှက် ခန္ဓာကိုယ်ပိုင်ရှင်ပဲ အဖေရဲ့။ ဒါပေမယ့်.. တကယ့်တရားခံကတော့ ဟို လောရှောင်ရှောင်းလို့ ခေါ်တဲ့ မိန်းမယုတ်ပဲ။ သူက ကျွန်မကို ကယ်လို့ရရဲ့သားနဲ့ တမင်ကို မကယ်ဘဲ ဒီတိုင်းထိုင်ကြည့်​နေခဲ့တာ "

ကျွင့်ဟွမ်က ပြောရင်း ငိုလိုက်ပြန်၏။

သူမ ရခဲ့သော ဒဏ်ရာများအတွက် ယွဲ့ယန်ကမ္ဘာကို အပြစ်တင်ရမည့်အစား လောရှောင်ရှောင်းကိုသာ အပြစ်ပုံချလိုက်သည်။

" လောရှောင်ရှောင်း.. ဟုတ်လား ။ အဲ့တစ်ယောက်က ဘယ်အဖွဲ့ကလဲ အဖေ့ကို ပြောစမ်း ။ သူ ဘယ်သူပဲဖြစ်ဖြစ် အဖေသူ့ကို သတ်ပေးမယ် "

ကျွင့်ကျီဝေ့၏ မျက်လုံးထဲတွင် လူသတ်အရိပ်အငွေ့များဖြင့် ပြည့်နေတော့၏။

" သူက မြောက်ပိုင်းဒေသ ၊ ပျောင်ပိုင်မြို့က အဖေရဲ့ ။ ဒါပေမယ့် သူတို့ ပျောင်ပိုင်က လောထျန်းဆိုတဲ့သူက အင်မတန်ကို အစွမ်းထက်တယ်။ အဲ့တော့ အဖေသူ့ကို ထိပ်တိုက် မတိုက်ခိုက်တာ ပိုကောင်းလိမ့်မယ်။ တကယ်လို့ သမီးအတွက် လက်တုန့်ပြန်ပေးချင်တယ်ဆိုရင် အဲ့ လောရှောင်ရှောင်းဆိုတဲ့ မိန်းမယုတ်ကိုပဲ တိတ်တိတ်လေး လူလွှတ်ပြီး သတ်ပေးပါ "

ကျွင့်ဟွမ်က ဒေါသတကြီး ပြန်ပြောလိုက်သည်။

သူမ၏ အဖေမှာ မသေမျိုးအစွမ်းကို စုပ်ယူရာမှ မသေမျိုးတစ်ယောက် ဖြစ်လာသူမှန်း သူမ ကောင်းကောင်းကြီး သိထားပြီး ဖြစ်ပါသည်။

သူမ အဖေတွင် ထူးခြားသော ခန္ဓာကိုယ်ရှိပြီး သူနှင့်အဆင့်တူ အခြားမသေမျိုးများထက် ပိုအစွမ်းထက်သည့်တိုင် ... လောထျန်းနှင့်သာ ယှဥ်တိုက်ခိုက်လိုက်ပါက မိမိကိုယ်ကို သေတွင်းထဲ တွန့်ပို့လိုက်သလိုသာ ဖြစ်သွားပေမည်။

သို့သော် သူ့လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် ဆိုလျှင်မူ လောရှောင်ရှောင်းအား အလွယ်တကူ သတ်၍မရစရာ အကြောင်းမရှိချေ။

" ဟား ဟား.. သမီးလေး ၊ ဘာမှ စိတ်ပူမနေစမ်းပါနဲ့။ မြောက်ပိုင်းဒေသက အဖွဲ့လေး တစ်ခုလောက်ကိုတော့ စကားလုံးနဲ့တောင် ဖျက်ဆီးပစ်လိုက်လို့ရတယ် "

ကျွင့်ကျီဝေ့က ဂုဏ်မောက်စွာ ပြောလိုက်သည်။

ကျွင့်ဟွမ်မှာ ထိုစကားကို ကြားကြားချင်း စိတ်လေးသွားပြီး သူ့အဖေကို ဆက်နားချရန် လုပ်လိုက်၏။

သို့သော် ထိုအချိန်မှာပင်..

" သတင်းပို့ပါတယ် ခေါင်းဆောင်ကြီး ၊ အပြင်မှာ လူတွေအများကြီး ရောက်နေကြပါတယ် "

ကျွင့်မိသားစုမှ လူတစ်ယောက်က ဒရောသောပါး ပြေးဝင်လာသည်။

" ဟင်.. လူတွေ ဟုတ်လား ၊ ဘယ်သူတွေလဲ "

ကျွင့်ကျီဝေ့ အံ့အားသင့်သွားရ၏။

" ဝူလျန်နန်းတော်က လူတွေဗျ ၊ အားလုံးပေါင်း သုံးရာကျော်လောက် ရှိမယ်ထင်တယ်.... "

တဖက်လူက ပြန်ပြောသည်။

" ဝူလျန်နန်းတော်က ဟုတ်လား.. ။ သူတို့က ဘာကြောင့် ဒီကိုရောက်နေကြတာလဲ ။ ပေးဝင်လိုက်ပါကွာ.. "

ကျွင့်ကျီဝေ့ ပြောလိုက်သည်။

ကျွင့်မိသားစုသည် အင်အားကြီးသော အဖွဲ့တစ်ခု ဖြစ်သော်ငြား ဝူလျန်နန်းတော်ကို စော်ကားရန်မူ မရဲပါချေ။

သို့သော် ထိုစဥ်မှာပင်..

" မိသားစုခေါင်းဆောင်ကြီး ၊ ထျန်းယွမ်ကျောင်းတော်ရဲ့ လက်အောက်က လောင်ကျွမ်းမီးတောက်ဂိုဏ်းသားတွေ အပြင်မှာ ရုတ်တရက် ရောက်နေကြပါတယ်။ သူတို့က ဘာမေးခွန်းကိုမှ မဖြေသလို အထဲဝင်ခိုင်းတာလဲ မဝင်ကြဘူးဗျ။ သူတို့က... မိသားစုအိမ်တော်ကို ဝိုင်းထားကြတာ... "

" ခေါင်းဆောင်ကြီး ၊ မြို့တောင်ပိုင်းဘက်က ဂိုဏ်းခြောက်ခုက လူတွေက မြို့တံခါးတွေကို ပိတ်ပြီး ကျုပ်တို့မိသားစုက လူတွေကို ဘယ်လိုမှ အဝင်အထွက် မလုပ်နိုင်အောင် တားထားတယ်ဗျ "

" ခေါင်းဆောင်ကြီး ၊ မြို့မြောက်ဘက်ခြမ်းမှာ တပ်သားတွေ ရုတ်တရက်ကြီး ရောက်လာကြတယ် "

" ခေါင်းဆောင်ကြီး ၊ မြို့အရှေ့ပိုင်းမှာလဲ လူတွေအများကြီး... "

" မြို့ အနောက်ဘက်မှာ... မြို့အနောက်ဘက်မှာလဲ အစွမ်းထက်ကျင့်ကြံသူတွေ အများကြီးပဲဗျ... "

" ခေါင်းဆောင်ကြီး ၊ မြို့ရဲ့ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံတွေလဲ ဖျက်ဆီးခံလိုက်ရပြီဗျ.. "

တစ်ယောက်တစ်ပေါက် လာပို့သော သတင်းများကိုနားထောင်နေသည့် ကျွင့်ကျီဝေ့မှာ မည်သို့ဖြစ်ပျက်နေသည်ကို နားမလည်နိုင်သော်လည်း ကိစ္စကြီးကြီးတစ်ခု ဖြစ်သွားခဲ့ကြောင်းကိုမူ တပ်အပ် သိလိုက်ပါ၏။

" ချီး... နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းကို အခုချက်ချင်း သတင်းပို့လိုက်စမ်းကွာ ။ ငါတို့ကို လာကူညီပေးဖို့ ပြောလိုက် ။ ကျန်တဲ့သူတွေက အခြေအနေ သွားကြည့်ရအောင် ငါနဲ့လိုက်ခဲ့ "

ကျွင့်ကျီဝေ့က မျက်နှာသုန်မှုန်စွာ ပြောလိုက်သည်။

သူတို့ ကျွင့်မိသားစုနှင့် နတ်ဘုရားစိတ်ဝိဥာဥ်ဂိုဏ်းမှာ မိသားစုဝင်ချင်း လက်ဆက်ထားကြသူများ ဖြစ်သဖြင့် တဖက်လူက သူ့အား လျစ်လျူရှုမည်မဟုတ်ဟု ကျွင့်ကျီဝေ့ ယုံထားပါ၏။

အခြားတဖက်တွင်..

ဝီ...

တည်နေရာရွှေ့ပြောင်းခြင်း အလင်းတန်းတစ်ခု ကျလာပြီး လောထျန်းနှင့် အခြားသူများ ကျွင့်မိသားစု အိမ်တော်အပြင်ဘက်သို့ ရောက်လာကြသည်။

“ဓားပြတိုက်မယ်၊ ဓားပြတိုက်မယ် ယေ့ယေ့”

စာစဉ်ပြီး၏

All Chapters