← Chapters

အခန်း (၂၅၀၆-၂၅၀၈)

Vol. 104 Ch. 2506-2508

အခန်း (၂၅၀၆-၂၅၀၈)

Vol. 104 Ch. 2506-2508

အပိုင်း (၂၅၀၆) ခရမ်းတောင်တန်း

တွမ့်ဟုန်ချန်က နှာခေါင်းရှုံ့လိုက်လေသည်။ “ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်ဆိုတဲ့နာမည်က အလကားသက်သက်လို့ မင်းထင်နေတာလား… ဒီအခွင့်အရေးကိုသာ လက်လွှတ်လိုက်ရမယ်ဆိုရင် ငါ သူ့ကို နောက်နောင် သတ်ဖို့ အခွင့်အရေး ထပ်ရတော့မှာမဟုတ်ဘူး…”

ထိုစကားဆုံးသွားသည်နှင့် ထပ်မံ၍ အော်ရယ်မောလျက် “ဒီလောကကြီးထဲမှာ ဒီဘုရင်ကို ဘယ်သူမှ မသတ်နိုင်ဘူးကွ…”

ရန်ကိုင်က ပြန်အော်ပြောလိုက်လေသည်။ “ခင်ဗျား ပါးစပ်ပိတ်ထားစမ်း…”

တွမ့်ဟုန်ချန်သည် ရန်ကိုင့်အား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လျက် အော်ပြောလိုက်လေ၏။ “ကောင်လေး… မင်း ထပ်ပြောရဲရင် ပြောကြည့်လိုက်စမ်း… ငါ မင်းကို…”

ရန်ကိုင်က သူ့လက်ကိုဝှေ့ယမ်းလျက် ဖြတ်ပြောလိုက်လေ၏။ “တော်ပြီ တော်ပြီ… ဒီသခင်လေး အခုမှ ဧကရာဇ်အဆင့်ပဲ ရှိသေးတာတောင် ခင်ဗျား ဒီလောက် ဒုက္ခရောက်နေတာ…လောမနေနဲ့၊ ဒီသခင်လေး မဟာဧကရာဇ်အဆင့်ထိ ရောက်လာတဲ့ထိစောင့်… အဲ့အချိန်ကြမှ ခင်ဗျားကို ကောင်းကောင်း သင်ခန်းစာပေးပစ်မယ်… အခု စီနီယာတွမ့်ကို မြန်မြန်ထွက်လာပြီး စကားပြောခိုင်းလိုက်တော့…”

“မင်း…” ဝူခွမ်းမှာ စကားတစ်လုံးသာ ပြောလိုက်နိုင်ပြီး တွမ့်ဟုန်ချန်သည် သူ့ခန္ဓာကိုယ်ကို ပြန်လည်သိမ်းပိုက်သွားခဲ့လေသည်။ “အခု ဒီလူအိုကြီးရဲ့ ခန္ဓာကိုယ်ထဲမှာ ဝိဉာဉ်နှစ်ခု ရှိနေတယ်ဆိုတာကို မင်းတွေ့သွားပြီမလား… အဲ့ကောင် တောက်လျှောက် လိုက်ရှုပ်နေလို့ ငါ့ကိုယ်ငါ ဖောက်ခွဲပစ်လို့မရဘူး… သူ့ကိုလည်း ငါ့ခန္ဓာကိုယ်ထဲကနေ မောင်းထုတ်ပစ်လို့မရဘူး… အခု ငါ့ပုံစံက လူလည်းမဟုတ် တစ္ဆေလည်းမဟုတ် ပုံစံမျိုး ပေါက်နေပြီ… အခုပုံစံမျိုးကြီးနဲ့ အသက်ရှင်ရတာ ဘာအကျိုးရှိဦးမှာလဲ…”

ထိုစကားကိုကြားပြီးသည့်နောက် ရန်ကိုင် ဇောချွေးပြန်သွားခဲ့ပြီး အလျင်စလို နှစ်သိမ့်ပေးလိုက်လေသည်။ “လက်မလျှော့ပါနဲ့ စီနီယာရယ်… ကံဆိုးတယ်လို့ပဲ သဘောထားလိုက်ပါ… ကောင်းကင်က အခုလိုမျိုးဖြစ်အောင် လုပ်လိုက်မှတော့ သူ့မှာ သူ့အကြောင်းနဲ့သူ ရှိလို့နေမှာပေါ့…”

“ကဲ… ဘယ်လိုအကြောင်းရှိလဲ ဒီလူအိုကြီးကို ပြောပြစမ်း… မင်းပြောတာက ယုံချင်စရာကောင်းတယ်ဆိုလို့ရှိရင် ငါ့အသက်ကို ကယ်ပေးတဲ့အတွက် ငါ မင်းကို အပြစ်မတင်တော့ဘူး…”

ရန်ကိုင့်မှာ ငိုချင်လာခဲ့လေသည်။ လူတစ်ဦး၏အသက်ကို ကယ်လိုက်ခြင်းသည် ဤမျှ ပြဿနာတက်သွားရလိမ့်မည်ဟု သူမည်ကဲ့သို့များ ထင်ထားခဲ့ပါမည်နည်း။ ရန်ကိုင်မှာ တွမ့်ဟုန်ချန်ကို နှစ်သိမ့်ပေးရန်အတွက်သာ ပါးစပ်ထဲ ရောက်တတ်ရာရာ လျှောက်ပြောလိုက်ခြင်း ဖြစ်သော်ငြား တကယ့်တကယ်တွင် သူကိုယ်တိုင်သည်လည်း တွမ့်ဟုန်ချန် ဤကဲ့သို့ ဖြစ်သွားရသည်နှင့် ပတ်သက်၍ မည်သည့်ကောင်းကွက်ကိုမှ မမြင်တွေ့ရပေ။ ခဏမျှစဉ်းစားနေပြီးသည့်နောက် ပြန်ရှင်းပြလိုက်လေသည်။ “စီနီယာတွမ့်… ဒီလိုစဉ်းစားကြည့်လိုက်လေ… အခု ဝူခွမ်းရဲ့ဝိဉာဉ်က ခင်ဗျားရဲ့ကိုယ်ထဲမှာ ရှိနေတာ… သူရှိနေလို့ ခင်ဗျားအတွက် လှုပ်ရှားရခက်သွားတယ်ဆိုပေမဲ့ ခင်ဗျားအနေနဲ့လည်း သူ့ကို တစ်ချိန်လုံး တောက်လျှောက် စောင့်ကြည့်လို့ရသွားပြီလေ… ခင်ဗျားကိုယ်တိုင်က သူ့ကို အနီးကပ် စောင့်ကြည့်နေတာဆိုတော့ ဝူခွမ်းလည်း ဘာပြဿနာမှ ရှာနိုင်တော့မှာမဟုတ်ဘူး၊ မဟုတ်ဘူးလား…”

ထိုစကားကိုကြားသည့်အခါ တွမ့်ဟုန်ချန်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့ပြီး ပြုံးကာ ခေါင်းညိတ်လျက် “ဟုတ်တယ်နော်… မင်းပြောတာမှန်တယ်…”

ရန်ကိုင်က ဆက်ပြောလိုက်လေ၏။ “စီနီယာတို့နှစ်ဦးက ခန္ဓာကိုယ်တစ်ခုထဲမှာ အတူတူနေကြရမှာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ရန်မဖြစ်ကြတော့တာ ကောင်းလိမ့်မယ်…”

တွမ့်ဟုန်ချန်က ပြန်ပြောလိုက်လေ၏။ “ငါတို့နှစ်ယောက်ကတော့ မိတ်ဆွေတွေဖြစ်လာနိုင်မှာ မဟုတ်ဘူး… အခွင့်အရေးရတာနဲ့ ဒီခန္ဓာကိုယ်ကိုဖောက်ခွဲပစ်မှာ… ဝူခွမ်း… မင်း အိပ်ပြီဆိုရင် ကြည့်ကျက်ပြီးတော့ အိပ်ပေတော့… ငါ့ကို တစ်ချက်ကလေးမှတော့ အလွတ်မပေးမိစေနဲ့…”

ထိုစကားကိုကြားသော် ရန်ကိုင့်ကျောပြင်တစ်လျှောက် ချွေးအေးများဖြင့် စိုရွှဲသွားရလေသည်။ ဤကိစ္စနှင့်ပတ်သက်၍ တွမ့်ဟုန်ချန်၏ခန္ဓာကိုယ်ထဲ ပုန်းအောင်းနေသော ဝူခွမ်း မည်ကဲ့သို့ ခံစားရမလဲဆိုသည်ကို သူမပြောတတ်ချေ။

ဝူခွမ်းခမျာ တွမ့်ဟုန်ချန်၏ ခန္ဓာကိုယ်တစ်ဝက်လောက်ကို လုယူထားနိုင်ရန်အတွက် ခက်ခက်ခဲခဲ ကြိုးစားအားထုတ်ခဲ့ရပေသည်။ သို့သော်ငြား ဤကဲ့သို့ လုပ်နိုင်ပြီးသည့်နောက်တွင် တွမ့်ဟုန်ချန်မှာ သူ့ခန္ဓာကိုယ်အား ဖောက်ခွဲရန် ကြိုးစားနေသည်ကို မျက်ခြေမပြတ် သတိထားနေရတော့မည်။ တစ်ချက်ကလေး သတိလက်လွတ်သွားသည်နှင့် တစ်ပြိုင်နက် တွမ့်ဟုန်ချန်သည် သူ့ကိုယ်သူ ဖောက်ခွဲပစ်ပေလိမ့်မည်။ ထိုအခါ ဝူခွမ်း ကြိုးစားခဲ့သမျှအရာအားလုံး သဲထဲရေသွန် ဖြစ်သွားရပေလိမ့်မည်။

“ကောင်းပြီလေ… ဒီကကိစ္စတွေ ပြီးသွားပြီဆိုမှတော့ ကြယ်ပျက်ပင်လယ်ဆီ ပြန်ကြတာပေါ့…” ရန်ကိုင်က လိုရင်းကို တန်းပြောလိုက်လေ၏။

တွမ့်ဟုန်ချန်က ခေါင်းခါလိုက်လေသည်။ “အခုချိန် ကြယ်ပျက်ပင်လယ်ဆီ ပြန်သွားလို့ မရလောက်တော့ဘူး…”

“ဘာဖြစ်လို့လဲ…” ရန်ကိုင်က ဇဝေဇဝါဖြင့် ပြန်မေးလိုက်လေသည်။

တွမ့်ဟုန်ချန်က ရှင်းပြလိုက်လေသည်။ “ဝူခွမ်း အရင်နေနေတဲ့နေရာက ကြယ်ပျက်ပင်လယ်ကြီးရဲ့ ပင်မအူတိုင်ပဲ… အခု အဲ့နေရာက ပျက်စီးသွားပြီဆိုတော့ ကြယ်ပျက်ပင်လယ်လဲ ပျက်စီးသွားလောက်ပြီ…”

ထိုစကားကိုကြားပြီးသည့်နောက် ရန်ကိုင့်ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားခဲ့ပြီး တိုးတိုးလေး ပြောလိုက်လေသည်။ “ကြယ်ပျက်ပင်လယ် ပျက်စီးသွားပြီလား… ဒါဆိုရင် အထဲမှာ ရှိနေတဲ့လူတွေကရော…”

ရန်ကိုင်သည် လျို့ယန်၊ ကျန်းရို့ရှီနှင့် မိုရှောင်ချီတို့ကို ကမ္ဘာငယ်လေးထဲတွင် ထည့်ခေါ်လာခဲ့ပါသော်ငြား ဟွာချင်းစီ၊ ရှရှန်း၊ မုရုန်ရှောင်ရှောင်နှင့် ရှောင်ပိုင်ယီတို့မှာ ကြယ်ပျက်ပင်လယ်ထဲတွင် ရှိနေကြပေသေးသည်။ ထို့အပြင် ကြယ်တာရာအစုအဝေး၏ နယ်မြေကြီးလေးခုမှ လက်ရွေးစင်တပည့်များလည်း ရှိနေကြပေသေးသည်။ ထိုလက်ရွေးစင်အားလုံးသာ ကြယ်ပျက်ပင်လယ် ပျက်စီးသွားသည့်အတွက်ကြောင့် သေသွားကြမည်ဆိုပါက ကြယ်တာရာအစုအဝေးတစ်ခုလုံး၏ အုတ်မြစ်ကို ဆိုးဆိုးရွားရွား ထိခိုက်သွားစေနိုင်ပေသည်။

တွမ့်ဟုန်ချန်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေ၏။ “အဲ့ကိစ္စနဲ့ပတ်သက်ပြီး စိတ်ပူမနေနဲ့… ကြယ်ပျက်ပင်လယ် ပျက်စီးသွားရင် အထဲမှာရှိနေတဲ့လူတွေအကုန်လုံး သူ့အလိုလို အပြင်ပြန်ရောက်သွားလိမ့်မယ်… သူတို့အတွက် ဘာအသက်အန္တရာယ်မှ မရှိဘူး…”

“အဲ့ဒါဆိုရင် အဆင်ပြေတယ်…” ရန်ကိုင် စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်လေသည်။

“ဒါပေမဲ့ အခုချိန်ကနေစပြီး ကြယ်ပျက်ပင်လယ်ဆိုတာ ရှိတော့မှာ မဟုတ်တော့ဘူး… နောက်လာမဲ့ လက်ရွေးစင်တပည့်လေးတွေအတွက်လည်း လေ့ကျင့်စရာ နယ်မြေကြီးတစ်ခု လျော့သွားရတော့မှာပေါ့…” တွမ့်ဟုန်ချန်က ကရုဏာသက်နေသည့် လေသံဖြင့် ပြောလိုက်လေသည်။

ကြယ်ပျက်ပင်လယ်ကြီးသည် ခြောက်ခြားဖွယ်ရာ ကောင်းလွန်းလှသော လူဆိုးကြီးတစ်ဦးဖြစ်သည့် ဝူခွမ်း ပုန်းအောင်းနေသည့် နေရာတစ်ခု ဖြစ်ခဲ့ပါသော်ငြား ကြယ်ပျက်ပင်လယ်ကြောင့် ကြယ်တာရာအစုအဝေးထဲတွင် ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာ ထွက်ပေါ်လာရသည်မှာတော့ ရှောင်လွှဲ၍မရသည့် အမှန်တရားတစ်ခု ဖြစ်ပေသည်။ ယခုတစ်ကြိမ် ကြယ်ပျက်ပင်လယ်၏ အခြေအနေကို ကြည့်လျှင်ပင် သိသာပေသည်။ ကံနှင့် အရည်အသွေးကောင်းမွန်ပြီးသား ကျင့်ကြံသူများမှာ ဧကရာဇ်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းသွားနိုင်ခဲ့ကြသလို ဧကရာဇ်အဆင့်သို့ မရောက်သေးသည့် ကျင့်ကြံသူများမှာလည်း သူတို့၏ ဂိုဏ်းအသီးသီးသို့ ပြန်ရောက်သည်နှင့် တံခါးပိတ်ကျင့်စဉ်ဝင်ကာ ဧကရာဇ်အဆင့်သို့ တက်ရောက်ရန် ကြိုးစားနိုင်ကြပေသည်။

ထိုသို့ဖြစ်သွားသည့်နောက် နောက်ဆယ်နှစ်၊ နှစ်ငါးဆယ်၊ နှစ်တစ်ရာအတွင်း ကြယ်တာရာအစုအဝေးထဲ ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာ မိုးကျပြီးသည့်နောက် ဝါးအမြစ်များ တရစပ်ပေါက်လာသည့်နှယ် ထွက်ပေါ်လာကြပေလိမ့်မည်။

တကယ့်တကယ်တော့ ကြယ်ပျက်ပင်လယ် ဖွင့်ပြီးသွားသည့်အချိန်တိုင်း ဤကဲ့သို့ ဖြစ်လေ့ဖြစ်ထရှိပေသည်။ နှစ်တစ်ရာဝန်းကျင်ခန့် ကြာသွားပြီးသည့်နောက် ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာ အစုလိုက်အပြုံလိုက် ထွက်ပေါ်လာကြလေ၏။

“ရှောင်လွှဲလို့မှ မရတဲ့ဟာပဲကို…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “အကျိုးနဲ့အမြတ်ဆိုတာ ဒွန်တွဲနေတာလေ… ဝူခွမ်းရဲ့ အန္တရာယ်ကို ရှင်းပစ်နိုင်မယ် ဆိုလို့ရှိရင် ကြယ်ပျက်ပင်လယ်ကြီးတစ်ခုလုံးကို စတေးရမယ်ဆိုရင်တောင် တန်တယ်လို့ ပြောလို့ရတယ်…”

တွမ့်ဟုန်ချန်က ရန်ကိုင့်ကိုကြည့်၍ ခေါင်းညိတ်လိုက်လေသည်။ “မင်းမှန်တယ်…”

ပြောနေရင်းမှ ဖြည်းဖြည်းချင်းထရပ်လျက် “ကောင်းပြီလေ… ဒီနေရာကနေ အရင်ထွက်သွားကြတာပေါ့… ငါတစ်ချက်ကြည့်ကြည့်လိုက်ဦးမယ်… ငါတို့ ဟင်းလင်းပြင်ထဲရောက်နေတာပဲ… ဒီတော့ ဒီကထွက်သွားမယ်ဆိုရင် ဟင်းလင်းပြင်ရဲ့အားနည်းတဲ့အပိုင်းကို အရင်ဆုံးရှာရမယ်…”

ထိုသို့ပြောနေရုံပင်ရှိသေး ရန်ကိုင့်အား အံ့ဩတကြီးဖြင့် လှမ်းကြည့်မိလိုက်လေသည်။ အကြောင်းမှာ ရန်ကိုင်သည် ဆန်းကြယ်သည့်စွမ်းအားတစ်ရပ်ကို ထုတ်လွှတ်လျက် သူ့လက်ဖြင့် ဟင်းလင်းပြင်အား ဆုတ်ဖြဲနေသည်ကို တွေ့လိုက်ရသည့် အတွက်ကြောင့်ပင်လျှင်။

“မင်းက လေဟာနယ်တာအိုကိုလည်း ကျွမ်းကျင်ထားတာလား…” တွမ့်ဟုန်ချန် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့လေသည်။ ရန်ကိုင် အစောပိုင်းက ထုတ်ပြသွားခဲ့သည့် စွမ်းဆောင်ရည်မှာ အမှန်တကယ်ကို အထင်ကြီးဖွယ် ကောင်းနေခဲ့လေပြီ။ သို့သော်ငြား ရန်ကိုင်သည် လေဟာနယ်တာအိုကိုပင်လျှင် ကျွမ်းကျင်ထားဦးလိမ့်မည်ဟု တွမ့်ဟုန်ချန် မထင်ထားခဲ့ချေ။ ရန်ကိုင်သာ လေဟာနယ်နိယာမများကို မထိန်းချုပ်နိုင်ပါက ယခုကဲ့သို့ ဟင်းလင်းပြင်အား မည်ကဲ့သို့များ ဆုတ်ဖြဲနိုင်ပါမည်နည်း။ တွမ့်ဟုန်ချန်ကဲ့သို့သော လူသည်ပင်လျှင် ဤဟင်းလင်းပြင်ထဲမှ ထွက်လိုပါက ဟင်းလင်းပြင်၏ အားနည်းသည့် နေရာအား လိုက်ရှာရပေသေးသည်။ ရန်ကိုင်ကမူ ထိုကဲ့သို့ လုပ်စရာမလိုခဲ့။

ရန်ကိုင်က ပြုံးဖြီးလျက် “ဘာမှ ဒီလောက်မဟုတ်ပါဘူး…”

တွမ့်ဟုန်ချန်၏ ပါးစပ်ကြီး မဲ့သွားခဲ့လေသည်။ “အံ့ဩစရာပဲ… အံ့ဩစရာပဲ… ဒီနေ့ခေတ်လူငယ်တွေက တကယ်ကို အံ့ဩစရာတွေချည်းပဲ…”

တွမ့်ဟုန်ချန်မှ ထိုကဲ့သို့ ပြောပြီးသွားရုံပင် ရှိသေး ရုတ်တရက် ဒေါသူပုန်ထလာပြီး ထပ်ပြောလိုက်လေသည်။ “တွမ့်ဟုန်ချန်… မင်းကြောင့်သာ မဟုတ်လို့ရှိရင် အဲ့ကောင်လေးရဲ့ ခန္ဓာကိုယ်ကို ဒီဘုရင် အပိုင်စီးပြီးနေပြီ… နောက်ပိုင်း ထပ်ရှာမယ်ဆိုရင်တောင် ဒီလောက်ကောင်းတဲ့ ခန္ဓာကိုယ်မျိုး ရှာတွေ့နိုင်တော့မှာ မဟုတ်ဘူး…”

ရန်ကိုင် ဆွံ့အသွားတော့လေ၏။ လက်ရှိ စကားပြောနေသည့်လူမှာ ဝူခွမ်းမှန်း သိနေပါသော်ငြား မျက်စိတစ်မှိတ်အတွင်း စိတ်အမျိုးမျိုး ပြောင်းလဲနေသည့် လူတစ်ဦးနှင့် ရန်ကိုင် သိပ်၍ အသားမကျသေးချေ။ ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခု ဖန်တီးလိုက်ပြီးသည့်နောက် လက်ယက်ပြလိုက်လေ၏။ “စီနီယာတွမ့် အရင်သွားပါ…”

တွမ့်ဟုန်ချန်သည် ခေါင်းညိတ်၍ ဟင်းလင်းပြင်အက်ကြောင်းထဲ အရင်ဝင်သွားလိုက်လေသည်။ တွမ့်ဟုန်ချန် ထွက်သွားပြီးသည့်နောက် ရန်ကိုင်လည်း နောက်မှ လိုက်သွားလေ၏။

ဟင်းလင်းပြင်အက်ကွဲကြောင်းထဲမှ ထွက်လာပြီးသည့်နောက် ခြောက်ကပ်သည့်မြင်ကွင်းတစ်ရပ် ရန်ကိုင့်ရှေ့ ထွက်ပေါ်လာခဲ့လေသည်။

လက်ရှိ ရန်ကိုင့်ရှေ့တွင် သဲကန္တာရကြီးတစ်ခု ရှိနေခဲ့လေသည်။ ဝါကျင့်ကျင့်သဲများမှာ မျက်စိတစ်ဆုံး လွှမ်းခြုံထားလေသည်။ လေပြင်းများမှာ တဖြူးဖြူးနှင့် တိုက်ခတ်နေပြီး ကောင်းကင်တစ်ခုလုံးမှာတော့ တိမ်ယံကင်းစင်နေခဲ့လေသည်။ ထို့အပြင် မျက်စိတဆုံး လှမ်းမျှော်ကြည့်လိုက်မည်ဆိုပါက မည်သည့်အရာကိုမှ မြင်တွေ့ရလိမ့်မည် မဟုတ်ချေ။

ရန်ကိုင့်ထက် စော၍ ထွက်လာသော တွမ့်ဟုန်ချန်သည် လက်ရှိအချိန်တွင် ပတ်ဝန်းကျင်အား စစ်ဆေးကြည့်နေခဲ့လေသည်။ ရန်ကိုင်သည် တွမ့်ဟုန်ချန်နောက်တွင် ရပ်ရင်းမှ ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရင်း မေးလိုက်လေသည်။ “စီနီယာတွမ့်… ဒါဘယ်နေရာကြီးလဲ…”

ခဏမျှ စဉ်းစားနေပြီးသည့်နောက် တွမ့်ဟုန်ချန်က ပြောလိုက်လေသည်။ “ဒီနေရာက အရှေ့ဘက်နယ်မြေက ခရမ်းရောင်တောင်တန်းဖြစ်လိမ့်မယ်…”

“အရှေ့ဘက်နယ်မြေ…” ရန်ကိုင့်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့လေသည်။

ယင်လဲ့ရှန်းဆီမှ သတင်းရပြီးသည့်နောက်တွင် ကြယ်ပျက်ပင်လယ်ထဲကသာ ပြန်ထွက်လာခဲ့ပါက ရှောင်ရှောင်ကိုရှာရန်အတွက် အရှေ့ဘက်နယ်မြေသို့ လာရမည်ဟု စဉ်းစားထားခဲ့လေသည်။

အရှေ့ဘက်နယ်မြေသို့ လာရသည့်ခရီးမှာ မလွယ်ကူလှပေ။ ရန်ကိုင်သည် မြို့အသီးသီးရှိ ဟင်းလင်းပြင်အစီအရင်များကို သုံး၍ သွားရန် စဉ်းစားထားခဲ့ပါသော်ငြား ကြယ်ပျက်ပင်လယ်ထဲမှ ထွက်လာလာပြီးချင်း အရှေ့ဘက်နယ်မြေသို့ ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။

“မင်း အရှေ့ဘက်နယ်မြေမှာ လုပ်စရာတစ်ခုခု ရှိလို့လား…” တွမ့်ဟုန်ချန်သည် ရန်ကိုင့်အား ကြည့်ရင်း ပြောလိုက်လေသည်။

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ကိုယ်ရေးကိုယ်တာကိစ္စလေးတစ်ခုပေါ့…”

တွမ့်ဟုန်ချန်သည် ထိုအကြောင်းကို ဆက်ပြောမနေတော့ဘဲ ခေါင်းညိတ်၍သာ ပြန်ပြောလိုက်လေသည်။ “အဲ့ဒါဆိုရင် မင်းနဲ့ငါ ဒီမှာ လမ်းခွဲကြတာပေါ့… မင်းကိုယ်မင်း မိစ္ဆာလမ်းစဉ်ထဲကို မကျအောင် သေချာ သတိထားပြီးတော့ကျင့်ကြံ… ပြီးတော့ တစ်ခုခု လုပ်မယ်ဆိုရင်လည်း ကိုယ့်လိပ်ပြာကိုယ် မလုံရတဲ့ လုပ်ရပ်မျိုး မလုပ်နဲ့…”

ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “စီနီယာ့စကားကို ဂျူနီယာ သေချာမှတ်ထားပါမယ်…”

ထိုသို့ပြောပြီးသည့်နောက် ထပ်၍မေးလိုက်လေသည်။ “စီနီယာ… နေမင်းပြာကျောင်းတော်ဆီ ပြန်မသွားချင်ဘူးလား…”

တွမ့်ဟုန်ချန်က ခေါင်းခါလျက် “အခုပုံစံနဲ့ လူနေထူထပ်တဲ့နေရာတွေဆီ သွားလို့မဖြစ်ဘူး… ဝမ်ကျိရှန်းကို နောက်ပိုင်း တွေ့လို့ရှိရင် ငါ အခုလိုဖြစ်နေတယ်ဆိုတဲ့အကြောင်းကို သွားမပြောပြနဲ့… အဲ့ကောင်က အရမ်းစိုးရိမ်တတ်လွန်းတယ်…”

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ဂျူနီယာ နားလည်ပါပြီ…”

တွမ့်ဟုန်ချန်သည် ခေါင်းညိတ်၍ ရန်ကိုင့်၏မြင်ကွင်းမှ ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့လေ၏။

ရန်ကိုင်သည် တွမ့်ဟုန်ချန် ထွက်သွားသည့် နေရာကိုကြည့်ရင်း သက်ပြင်းယဲ့ယဲ့လေး ချလိုက်လေသည်။ တစ်ခဏကြာပြီးသည့်နောက် သူ၏ လှေပျံကိုထုတ်၍ လျှပ်စီးတန်းတစ်ခုအလား ပျံသန်းထွက်သွားလေ၏။

နေ့ဝက်ခန့်ကြာပြီးသည့်နောက်တွင် သဲကန္တာရ၏ အနားသတ်ဆီသို့ ရောက်လာခဲ့ပြီး အစိမ်းရောင်ရှုခင်းများကို စတင်၍ မြင်တွေ့လာရတော့လေသည်။

သေချာ အနီးကပ် လာကြည့်ပြီးသည့်နောက်တွင် ထိုနေရာမှာ သဲကန္တာရထဲရှိ အိုအေစစ်လေးတစ်ခု ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။

အိုအေစစ်များမှာ သဲကန္တာရအတွင်းရှိ အလွန်ကိုမှ ရှားပါးသည့်နေရာများ ဖြစ်ကြပြီး သက်ရှိပေါင်းများစွာအတွက် ခိုလှုံရာနေရာတစ်ခုလည်း ဖြစ်ကြပေသည်။ အများအားဖြင့် ဤကဲ့သို့သော အိုအေစစ်နေရာများတွင် လူသူအရိပ်အယောင်များကို တွေ့ရလေ့ရှိသည်။ သို့သော်ငြား လက်ရှိအခိုက်အတန့်တွင် ဤအိုအေစစ်၌ မည်သူတစ်ဦးတစ်ယောက်မှ ရှိမနေခဲ့ချေ။

ရန်ကိုင်သည် ထိုနေရာတွင် ဆင်းလိုက်ပြီး သန့်ရှင်းသည့်နေရာတစ်ခုရှာကာ ကမ္ဘာငယ်လေးထဲသို့ ဝင်လာလိုက်လေသည်။

ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်စဉ်က ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲမှ လောကစွမ်းအားကို ထုတ်ယူလျက် သူ့အား လာရောက်တိုက်ခိုက်သော လောကစွမ်းအားကို ပြန်လည် တုံ့ပြန်တိုက်ခိုက်ခဲ့ပေသည်။ ထိုသို့လုပ်လိုက်ခြင်းသည် ကမ္ဘာငယ်လေးအား ထိခိုက်သွားစေသလား ဆိုသည်ကို စစ်ဆေးကြည့်ရပေဦးမည်။

သို့သော်ငြား ထိုစဉ်က သူ့တွင် စစ်ဆေးကြည့်နေရန် အချိန်မရှိခဲ့သည့် အတွက်ကြောင့် ယခုအချိန်ရောက်မှသာ လာရောက်စစ်ဆေးခြင်း ဖြစ်လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၀၇) ပျက်စီးသွားသောကမ္ဘာငယ်လေး

ကမ္ဘာငယ်လေးထဲသို့ ဝင်လာသည်နှင့် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရန်ကိုင့်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရလေသည်။ “ဘယ်လို… ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ…”

လောကစွမ်းအားကို ထုတ်ယူလိုက်ခြင်းသည် ကမ္ဘာငယ်လေးအား ထိခိုက်သွားစေလိမ့်မည်မှန်း ကြိုသိထားခဲ့ပါသော်ငြား ဤမျှဆိုးရွားလိမ့်မည်ဟုတော့ မထင်ထားခဲ့ချေ။

လက်ရှိအချိန်တွင် ကမ္ဘာငယ်လေးတစ်ခုလုံးမှာ ဆိုးဆိုးရွားရွားကို ထိခိုက်ပျက်စီးနေခဲ့လေသည်။ တွမ့်ဟုန်ချန်နှင့် ဝူခွမ်းတို့ ဤနေရာတွင် လာရောက်တိုက်ခိုက်သွားကြသည့်အလား မရေမတွက်နိုင်သော အက်ကွဲကြောင်းများ နေရာအနှံ့တွင် တည်ရှိနေလေ၏။

စိမ်းလန်းစိုပြေစွာ ပေါက်ရောက်ခဲ့ကြသော သစ်ပင်ပန်းပင်များမှာလည်း ပျက်စီးကျိုးကြေနေကုန်ပြီး သိပ်သည်းလှသည့် မိုးမြေစွမ်းအင်သည်ပင်လျှင် သိသိသာသာ လျော့ကျသွားခဲ့လေသည်။

ကမ္ဘာငယ်လေးတစ်ခုလုံးမှာ ကမ္ဘာပျက်ကိန်းကို ကြုံတွေ့ခဲ့ရသည့် လောကကြီးတစ်ခုအလား တစပြင်နှယ် ခြောက်ကပ်နေခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင့်ရင်ထဲ နာကျင်သွားခဲ့ရလေသည်။ ကမ္ဘာငယ်လေးအား ရရှိပြီးသည့် အချိန်မှစ၍ ကမ္ဘာငယ်လေးသည် သူ့အား အကူအညီများစွာ ပေးခဲ့ရုံမက သေရေးရှင်ရေး အန္တရာယ်များမှလည်း ကာကွယ်ပေးခဲ့သေးသည်။ သို့သော်ငြား တစ်နေ့နေ့ တစ်ချိန်ချိန်၌ ကမ္ဘာငယ်လေး ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။

ကျောက်တုံးကိုယ်ပွားသည် ရန်ကိုင့်၏ ဘေးနားတွင် ဝမ်းနည်းနေသည့် အမူအယာဖြင့် ရပ်လျက် ပြောလိုက်လေ၏။ “လောကစွမ်းအားဆိုတာ လောကတစ်ခုရဲ့ အမြုတေစွမ်းအားလို့ ဝူခွမ်း ပြောခဲ့တယ်… ဒီတော့ ဒီလောကကြီးကနေ အမြုတေစွမ်းအားကို ထုတ်ယူလိုက်မှတော့ လောကကြီး ဘယ်လိုဖြစ်သွားမယ်လို့ မင်းထင်လဲ…”

“လျို့ယန်နဲ့ အခြားသူတွေရော… သူတို့ အဆင်ပြေရဲ့လား…” ရန်ကိုင်က စိုးရိမ်တကြီးဖြင့် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ရင်းမှ မေးမြန်းလိုက်လေသည်။

ကျောက်တုံးကိုယ်ပွားက ပြန်ပြောလိုက်သည်။ “သူတို့အဆင်ပြေတယ်… ဒါပေမဲ့ ရို့ရှီနဲ့ ရှောင်ချီတို့နှစ်ယောက်ကတော့ အိပ်ပျော်နေတုန်းပဲ… သူတို့ ဘယ်ချိန်နိုးလာမလဲ ဆိုတာကတော့ ငါလည်းမသိဘူး…”

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး လျို့ယန်နှင့် အခြားသူများ ရှိနေသည့် နေရာဆီသို့ တည်နေရာခုန်ကူးသွားလေသည်။ ကျောက်တုံးကိုယ်ပွားပြောခဲ့သလိုပင် ကျန်းရို့ရှီနှင့် မိုရှောင်ချီမှာ အိပ်ပျော်နေပေသေးသည်။

ကျန်းရို့ရှီ၏ သွေးအဆီအနှစ်တစ်စက်ကို သုံး၍ တွမ့်ဟုန်ချန်မှ နတ်သားရဲ၏ ဝိဉာဉ်ကို ပြန်လည်ချိတ်ပိတ်ပေးလိုက်ပြီးသည့်နောက်တွင် ကျန်းရို့ရှီရော မိုရှောင်ချီပါ သတိလစ်သွားခဲ့ကြလေသည်။ မိန်းမငယ်လေးနှစ်ဦးစလုံးမှာ အလွန်ကိုမှ အားအင်ကုန်ခမ်းသွားခြင်း ဖြစ်ရပေလိမ့်မည်။ သို့သော်ငြား နှစ်ဦးစလုံး၏ အသက်ရှူနှုန်းမှာ အဆင်ပြေနေသည့် အတွက်ကြောင့် မည်သည့်ပြဿနာမှ မရှိလောက်ချေ။

ကျန်းရို့ရှီတို့၏ အခြေအနေအား စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့လေသည်။ ထို့နောက် ကောင်းကင်စိတ်အာရုံအား ဆေးဥယျာဉ်ဘက်ဆီသို့ ပို့လွှတ်လိုက်လေသည်။ အင်မော်တယ်သစ်ပင်၊ မိုးကောင်းကင်သစ်ပင်နှင့်တကွ သူစိုက်ပျိုးထားသည့် အဖိုးတန်ဆေးပင်များအားလုံး အကောင်းအတိုင်းသာ ရှိနေသေးကြောင်း တွေ့လိုက်ရပြီးသည့်နောက် ရန်ကိုင် အမှန်တကယ်ကို စိတ်သက်သာရာ ရသွားခဲ့ရသည်။ အင်မော်တယ်သစ်ပင်နှင့် မိုးကောင်းကင်သစ်ပင်သည်သာ ထိခိုက်သွားမည်ဆိုလျှင်တော့ ရန်ကိုင့်တွင် ငိုဖို့ မျက်ရည်ပင် ရှိတော့လိမ့်မည် မဟုတ်ချေ။

ကံကောင်းစွာဖြင့် ကမ္ဘာငယ်လေးမှာ ဆိုးဆိုးရွားရွား ထိခိုက်သွားခဲ့ပါသော်ငြား အရေးကြီးသည့်နေရာများမှာတော့ အကောင်းအတိုင်းသာ ရှိနေပေသေးသည်။

(ဒါကြီးကို ဘယ်လိုပြန်ပြင်ရတော့မှာလဲ…) ရန်ကိုင် ခေါင်းစားသွားလေပြီ။ ရန်ကိုင်သည် လေဟာနယ်တာအိုတွင် ကျွမ်းကျင်သော်ငြား လောကစွမ်းအားကိုတော့ မကျွမ်းကျင်ပေ။ ဤနေရာတစ်ခုလုံးကို ပြန်ပြင်လိုပါက မည်သည့်နေရာမှ စလို့စရမှန်းပင် မသိပေ။

ကမ္ဘာငယ်လေးသည် အမြုတေပင်လယ်ထဲတွင် အမြုတေစွမ်းအားများစွာကို စုပ်ယူခဲ့ပေသည်။ သို့သော်ငြား ရန်ကိုင်မှ လောကစွမ်းအားကို ထုတ်ယူပြီးလိုက်သည့်နောက်ပိုင်း ကမ္ဘာငယ်လေးတစ်ခုလုံးမှာ ဆိုးဆိုးရွားရွား ထိခိုက်သွားရာ မိုးမြေစွမ်းအင်များနှင့် စုပ်ယူထားသော အမြုတေစွမ်းအင်တို့မှာ အပြင်ဘက်သို့ တဖြည်းဖြည်း စိမ့်ထွက်နေကုန်တော့လေ၏။

ရန်ကိုင်သာ အဖြေတစ်ခုခုအား အမြန် မစဉ်းစားနိုင်ပါက ဤနေရာတွင်ရှိနေသော အမြုတေစွမ်းအားနှင့် မိုးမြေစွမ်းအင်အားလုံး ပြောင်စင်သွားပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ ကမ္ဘာငယ်လေးသည် လျို့ယန်နှင့် အခြားသူများအတွက် ကျင့်ကြံရန် သင့်တော်သော နေရာတစ်ခု ဖြစ်တော့လိမ့်မည် မဟုတ်ချေ။

ရုတ်တရက် တစ်ခုခုအား တွေးမိသွားသည့်နောက် ရန်ကိုင့်၏မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာခဲ့လေသည်။

ကမ္ဘာငယ်လေး ဤကဲ့သို့ ဖြစ်သွားရခြင်းမှာ ရန်ကိုင်မှ ၎င်း၏ လောကစွမ်းအားကို ထုတ်ယူလိုက်သည့် အတွက်ကြောင့်ပင်။

ထိုသို့ဖြစ်လေရာ ရန်ကိုင့်အနေဖြင့် ပျောက်ဆုံးသွားသော လောကစွမ်းအားကိုသာ ပြန်လည် ဖြည့်တင်းပေးမည်ဆိုလျှင် ကမ္ဘာငယ်လေး တစ်ဖန် ပြန်လည် ကောင်းမွန်လာပေလိမ့်မည်။

လောကစွမ်းအားကို ဤလောကကြီး၏ နေရာအနှံ့တွင် ရှာတွေ့နိုင်ပေသည်။ သို့သော်ငြား အလွန်ကိုမှ အားကောင်းလှသော မဟာဧကရာဇ်အချို့သည်သာ လောကစွမ်းအားကို အနည်းအကျဉ်း အသုံးပြုနိုင်ကြလေ၏။ ရန်ကိုင့်လက်ရှိခွန်အားဖြင့် မည်သည့်လောကစွမ်းအားကိုမှ အသုံးချနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား သူ့တွင် တောင်နဲ့မြစ်ခေါင်းလောင်း ရှိပေသည်။ တောင်နဲ့မြစ်ခေါင်းလောင်းသည် ရန်ကိုင် ဧကရာဇ်အဆင့်သို့ တက်ရောက်လာစဉ်က ရန်ကိုင့်အား တိုက်ခိုက်ခဲ့သော လောကစွမ်းအားအချို့ကို ဖိနှိပ်ပစ်ခဲ့သည်။

ထိုဖိနှိပ်ထားခံရသော လောကစွမ်းအားများကိုသာ ကမ္ဘာငယ်လေးထဲသို့ ထည့်သွင်းလိုက်မည်ဆိုပါက မည်ကဲ့သို့များ ဖြစ်လာလေမည်နည်း။

အထူးသဖြင့် ဖိနှိပ်ထားခံရသော လောကစွမ်းအားသည် ကမ္ဘာငယ်လေးထဲမှ ရန်ကိုင်ထုတ်ယူလိုက်သော လောကစွမ်းအားထက်ပင် ပို၍ အားကောင်းသိပ်သည်းနေသည့် အခါမျိုးတွင် ဖြစ်၏။ သေသေချာချာ အသုံးချနိုင်မည်ဆိုပါက ကမ္ဘာငယ်လေးအား ပြန်လည်ပြုပြင်နိုင်ရုံသာလျှင် မဟုတ်ဘဲ ကမ္ဘာငယ်လေး၏ အခြေအနေကို ပိုမိုကောင်းမွန်သွားအောင်ပင် လုပ်နိုင်ပေလိမ့်မည်။

ထိုအချက်ကို စဉ်းစားမိလိုက်သည့်အခိုက် ရန်ကိုင့်မှာ စတင်၍ စိတ်လှုပ်ရှားလာမိတော့လေသည်။

မည်သို့ပင်ဖြစ်နေစေကာမူ ရန်ကိုင့်အနေဖြင့် စမ်းကိုစမ်းကြည့်ရပေလိမ့်မည်။ စမ်းမကြည့်ဘဲ ဤအတိုင်း ရပ်ကြည့်နေမည်ဆိုလျှင် ကမ္ဘာငယ်လေးမှာ လုံးဝကို ပျက်စီးသွားရလိမ့်မည်ဖြစ်သော်ငြား စမ်းကြည့်လိုက်၍ အောင်မြင်ခဲ့မည်ဆိုလျှင် အကျိုးအမြတ်မှာ အလွန်ကို များပြားလာပေလိမ့်မည်။

ထိုကဲ့သို့ စဉ်းစားလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် အိုအေစစ်ဘေး၌ ပြန်ပေါ်လာခဲ့လေသည်။ ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလျက် ကျောက်တုံးကိုယ်ပွား၊ လျို့ယန်၊ ကျန်းရို့ရှီနှင့် မိုရှောင်ချီတို့ကို ထုတ်လိုက်လေ၏။

“သခင် ဘာများပြောချင်လို့လဲ…” လျို့ယန်က ရန်ကိုင့်အား ကြည့်လိုက်လေသည်။

ရန်ကိုင်သည် ပုံမှန်အားဖြင့် သူတို့အား ကမ္ဘာငယ်လေးထဲမှ အပြင်သို့ ခေါ်ထုတ်လေ့မရှိချေ။ ထို့အတွက်ကြောင့် သူမတို့အား ကမ္ဘာငယ်လေးထဲမှ ခေါ်ထုတ်လာသည်ကိုမြင်သော် လျို့ယန်လည်း မေးကြည့်လိုက်လေ၏။

ရန်ကိုင်က ပြောလိုက်လေသည်။ “ငါ ကမ္ဘာငယ်လေးကို ပြန်ပြင်ကြည့်မလို့… နင်တို့ အထဲမှာနေလို့ အန္တရာယ်မကင်းဘူး…”

“ကမ္ဘာငယ်လေးကို ပြန်ပြင်ဖို့…” ကျောက်တုံးကိုယ်ပွား နားမလည်နိုင် ဖြစ်သွားလေသည်။ သို့သော်ငြား ချက်ချင်းပဲ ပြန်၍ မေးလိုက်လေ၏။ “မင်း အဲ့ဖိနှိပ်ထားတဲ့ လောကစွမ်းအားကို သုံးဖို့ လုပ်နေတာလား…”

ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ “အဲ့တစ်နည်းပဲရှိတာကို စမ်းကြည့်ရမှာပေါ့…”

တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ကျောက်တုံးကိုယ်ပွားက ပြန်ပြောလိုက်လေ၏။ “အဲ့ဒါ အဆင်ပြေလောက်တယ်…”

“ဒါပေမဲ့ အဲ့မတိုင်ခင် ငါ လျို့ယန်ကို တစ်ခုခုပေးစရာရှိတယ်…” ရန်ကိုင်သည် လျို့ယန်အား လှမ်းကြည့်လိုက်လေ၏။

“ဖီးနစ်မီးတောက်လား…” လျို့ယန်၏အသက်ရှူနှုန်း မြန်ဆန်လာခဲ့လေသည်။

“နင်ခံစားမိတယ်ပေါ့…” ရန်ကိုင်က ပြုံးဖြီးလိုက်လေသည်။

ရန်ကိုင်သည် ဖီးနစ်မီးတောက်ကို ရရှိပြီးသည့်နောက်တွင် ကမ္ဘာငယ်လေးထဲသို့ ပစ်ထည့်၍ ဖိနှိပ်ထားလိုက်လေသည်။ လျို့ယန်သည် ဖီးနစ်မီးတောက်၏ တည်ရှိမှုကို အစောကြီးတည်းက အာရုံခံမိခြင်း ဖြစ်ရပေလိမ့်မည်။

ဖီးနစ်မီးတောက်သည် သိုင်းမီးတောက်မဟာဧကရာဇ်၏ အမွေအနှစ်ဖြစ်ကာ ဖီးနစ်ငှက်တစ်ကောင်၏ ပင်မစွမ်းအင်အရင်းအမြစ်လည်း ဖြစ်ပေသည်။ လျို့ယန်သည် မူလက မီးဓာတ်အမျိုးအစား မှော်ရတနာစိတ်ဝိဉာဉ်တစ်ခု ဖြစ်သည့်အတွက်ကြောင့် သူတို့နှစ်ဦးကြား ဆက်သွယ်ချက်တစ်မျိုးမျိုး ရှိနေသည်မှာ အထူးအဆန်းတော့မဟုတ်ချေ။ ထို့အပြင် လျို့ယန်သည် လွမ်ဖုန်း၏ ငှက်မွေးတောင်ကိုလည်း သန့်စင်ထားခဲ့ပေသေးသည် မဟုတ်လော။

မီးဖီးနစ်နှင့် လွမ်ဖုန်းတို့သည် ဖီးနစ်ကလန်၏ အဖွဲ့ဝင်များ ဖြစ်ကြလေရာ သူတို့၏စည်းမျဉ်းမှာ တူညီသည်ဟု ပြော၍ရပေသည်။

လျို့ယန်သည် လွမ်ဖုန်း၏ စွမ်းအားတစ်ပိုင်းတစ်စကို ပိုင်ဆိုင်ထားပြီး ဖြစ်သည့်အတွက်ကြောင့် ဖီးနစ်မီးတောက်ကိုလည်း သန့်စင်နိုင်လောက်ပေသည်။

သို့သော်ငြား ဖီးနစ်မီးတောက်ကို သန့်စင်ရာတွင် အချိန်မရွေး အသက်အန္တရာယ်နှင့် ကြုံတွေ့ရနိုင်ပေသည်။

ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြောလိုက်လေသည်။ “လျို့ယန်… ဖီးနစ်မီးတောက်က မီးဖီးနစ်ရဲ့ စွမ်းအင်အရင်းအမြစ်ပဲ… နင်သာ ဒါကို အောင်အောင်မြင်မြင် သန့်စင်နိုင်မယ်ဆိုရင် မီးဖီးနစ်တစ်ကောင်ရဲ့ အမွေအနှစ်ကို ရသွားသလို ဖြစ်သွားမှာ… အဲ့အခါကျရင် နင့်အနေနဲ့ မီးဖီးနစ်တစ်ကောင် ဖြစ်လာဖို့က အချိန်ပဲလိုတော့လိမ့်မယ်… ဒါပေမဲ့ ဒီဖီးနစ်မီးတောက်ကို သန့်စင်တဲ့နေရာမှာ အန္တရာယ်တွေရှိတယ်ဆိုတာကိုလည်း မေ့ထားလို့ မရသေးဘူး… တစ်ချက်ကလေးမှားသွားရုံနဲ့ နင့်တစ်ကိုယ်လုံး ပြာကျသွားနိုင်တယ်… နင်…”

“သခင်… ကျွန်မ ပြင်ဆင်ပြီးပါပြီ…” လျို့ယန်က ဖြတ်ပြောလိုက်လေသည်။

ရန်ကိုင် အနည်းငယ်ကြောင်သွားခဲ့လေ၏။ ထို့နောက် ခေါင်းညိတ်လျက် ဆက်ပြောလိုက်လေသည်။ “ဒါက နင်ရွေးချယ်ရမဲ့ လမ်းကြောင်းပဲ… နင့်ဘက်က ပြင်ဆင်ပြီးပြီဆိုမှတော့ ငါ နင့်ကို ဘာမှပြောမနေတော့ဘူး… သတိတော့ထားပေါ့…”

လျို့ယန်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “လျို့ယန် မအောင်မြင်ခဲ့လို့ရှိရင် ကျေးဇူးပြုပြီး သခင် ဝမ်းမနည်းပါနဲ့နော်… လျို့ယန်က တစ်ချိန်တုန်းက မှော်ရတနာစိတ်ဝိဉာဉ်သာသာပဲ ဖြစ်ခဲ့တာ… ဒါပေမဲ့ ကံကောင်းပြီး အသိဉာဏ်ရပြီးတဲ့နောက်ပိုင်း သခင့်နောက်ကို နှစ်တွေအများကြီးကြာအောင် လိုက်နိုင်ခဲ့တယ်… အဲ့လောက်နဲ့တင် ကျေနပ်ပါပြီ… ဒီ လွတ်လပ်ခဲ့ရတဲ့ အချိန်လေးအတွင်းမှာ အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတွေ အတွေ့အကြုံတွေကို လျို့ယန် ပိုင်ဆိုင်ခဲ့ရပါတယ်…”

ပြောနေရင်း လျို့ယန်၏မျက်လုံးလေးများမှာ အနည်းငယ် ရဲတက်လာခဲ့လေသည်။ သို့သော်ငြား ရုပ်သေးရုပ်တစ်ရုပ် ဖြစ်သည့်အတွက်ကြောင့် မျက်ရည်မကျနိုင်ပေ။

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “နင့်လိုလူတစ်ယောက်ကို အဖော်အဖြစ် ရခဲ့တာလည်း ငါ့အတွက် ဂုဏ်ယူစရာပါပဲ… ဘာပဲဖြစ်ဖြစ် အများကြီးစဉ်းစားမနေနဲ့… နင်အောင်မြင်မှာပါ…”

လျို့ယန်က ခေါင်းညိတ်လိုက်လေသည်။ “သခင့်ကို လုံးဝစိတ်မပျက်စေရပါဘူး…”

ရန်ကိုင့်၏အမူအယာ လေးနက်တည်ကြည်သွားခဲ့ပြီး သူ့ကိုယ်ထဲရှိ ရွှေနဂါးအမြုတေစွမ်းအားကို ထုတ်လွှတ်လိုက်လေသည်။ ရုတ်တရက်ဆိုသလို ရွှေနဂါးပုံရိပ်တစ်ခု ရန်ကိုင့်၏ကျောဘက်တွင် ထွက်ပေါ်လာလေ၏။

ထို့နောက်တွင် ရန်ကိုင်သည် နဂါးလက်သည်းကို ထိန်းချုပ်လျက် ကမ္ဘာငယ်လေးထဲရှိ ဖီးနစ်မီးတောက်ကို ဆွဲယူလိုက်လေ၏။

လက်ရှိ နဂါးလက်သည်းထဲတွင် ရှိနေသည့် ဖီးနစ်မီးတောက်မှာ အသက်ရှိနေသည့် ဖီးနစ်ငှက်ကလေးတစ်ကောင် ဖြစ်နေခဲ့လေသည်။ နဂါးလက်သည်း၏ ချုပ်နှောင်မှုမှ ၎င်း၏တောင်ပံများကို အသည်းအသန်ခတ်ရင်း ရုန်းထွက်ရန် ကြိုးစားနေခဲ့သည်။ သို့သော်ငြား အချည်းနှီးသည်သာ။

“ယူလိုက်…” အော်ပြောလိုက်ပြီးသည့်နောက် ရန်ကိုင်သည် ဖီးနစ်မီးတောက်ကို လျို့ယန်ဆီသို့ တဖြည်းဖြည်းချင်း ပို့ပေးလိုက်လေသည်။

လျို့ယန်သည် အသက်ကိုပြင်းပြင်းရှူသွင်းလိုက်လေ၏။ သူမ၏မျက်နှာသည် တမုဟုတ်ချည်းဆိုသလို ရှေးဟောင်းကန်ရေပြင်တစ်ခုနှယ် တည်ငြိမ်သွားခဲ့လေသည်။ ထို့နောက် ဖီးနစ်မီးတောက်အား သူမ၏ကိုယ်တွင်းသို့ ဆွဲယူပစ်လိုက်လေသည်။

ထို့နောက်တွင် သဲကန္တာရအတွင်းပိုင်းထဲသို့ လျှပ်စီးတမျှ အမြန်နှုန်းဖြင့် ပျံထွက်သွားလေရာ မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင့်၏မြင်ကွင်းမှ အပြီးတိုင် ပျောက်ကွယ်သွားခဲ့လေသည်။

မကြာမီတွင် အလွန်တရာကိုမှ ပြင်းထန်လွန်းလှသည့် အပူလှိုင်းတို့ လျို့ယန် ပျံထွက်သွားသည့်ဘက်ဆီမှ ဖြာထွက်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် ကြည်လည်ပြတ်သား စူးရှလှသည့် ဖီးနစ်ငှက်အော်ကြူးသံတို့မှာလည်း အာကာယံတစ်လျှောက် ပဲ့တင်ထပ်လာခဲ့လေ၏။

ရန်ကိုင်သည် အလေးအနက် အမူအယာဖြင့် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ထိုနေရာရှိ အခြေအနေကို သေချာအာရုံစိုက်ကြည့်နေခဲ့လေသည်။

ရွေးချယ်ခွင့်သာ ရခဲ့မည်ဆိုလျှင် ဤအချိန်၌ လျို့ယန်အား ဖီးနစ်မီးတောက်ကို မသန့်စင်စေချင်ခဲ့ပေ။

အစကမူ လျို့ယန် အားကောင်းလာသည့် အချိန်ထိ စောင့်ပြီးမှ ဖီးနစ်မီးတောက်အား ပေးရန် ကြံစည်ထားခြင်း ဖြစ်လေသည်။ သို့သော်ငြား ကမ္ဘာငယ်လေးမှာ ဆိုးဆိုးရွားရွား ထိခိုက်သွားခဲ့ရာ အချိန်မရွေး ပြိုကျတော့မည့်အလား ဖြစ်လာသည့်အတွက်ကြောင့် ကမ္ဘာငယ်လေးထဲတွင် ဖီးနစ်မီးတောက်ကို ဆက်လက်ထိန်းသိမ်းထားဖို့ရာ အဆင်မပြေတော့ချေ။

ကမ္ဘာငယ်လေးသည်သာ ဖီးနစ်မီးတောက်အား ထိန်းသိမ်းထားနိုင်ပြီး မည်သည့်သိုလှောင်လက်စွပ်မှ ဖီးနစ်မီးတောက်ကို ထည့်သွင်း မသိမ်းဆည်းနိုင်ပေ။

ကမ္ဘာငယ်လေး ပျက်စီးသွားခဲ့မည်ဆိုလျှင် အဖိုးတန်ဖီးနစ်မီးတောက်မှာလည်း ဟင်းလင်းပြင်ထဲသို့ ဝါးမျိုခြင်း ခံလိုက်ရကာ အပြီးတိုင် ပျောက်ကွယ်သွားရပေလိမ့်မည်။

ထို့အတွက်ကြောင့် ရန်ကိုင်လည်း မတတ်သာတော့ဘဲ လျို့ယန်ကို ဤကဲ့သို့သော အချိန်မျိုးတွင် ဖီးနစ်မီးတောက်အား သန့်စင်စေခိုင်းလိုက်ရခြင်း ဖြစ်ပေသည်။

သို့သော်ငြား ရန်ကိုင်ကမူ အပြည့်အဝ ပြင်ဆင်ပြီးထားခဲ့လေပြီ။ လျို့ယန်အောင်မြင်ခဲ့လျှင်တော့ အကောင်းဆုံးသာ ဖြစ်လေသည်။ မအောင်မြင်ခဲ့လျှင်ပင် ရွှေနဂါးအမြုတေစွမ်းအားနှင့်တကွ တောင်နဲ့မြစ်ခေါင်းလောင်းကိုသုံးကာ ဖီးနစ်မီးတောက်အား အတင်းအကြပ် ဝင်ရောက်ဖိနှိပ်ပစ်ရပေလိမ့်မည်။

ထို့အတွက်ကြောင့် လျို့ယန်အနေဖြင့် သူမအသက်အား စိတ်ပူစရာ မလိုချေ။

ရန်ကိုင် ဤအကြောင်းအား လျို့ယန်ကို မပြောခဲ့ရခြင်းမှာ လျို့ယန်၏ စိတ်အခြေအနေအား ယိမ်းယိုင်သွားစေမည် စိုးသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ သေခြင်းတရားနှင့် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ခိုင်းလိုက်ခြင်းဖြင့် လျို့ယန်၏ အလားအလာကို အပြည့်အဝ ထွက်ပေါ်လာစေနိုင်ပေသည်။

ရန်ကိုင်သည် အလေးအနက်အမူအယာဖြင့် ကောင်းကင်စိတ်အာရုံကိုသုံး၍ တောက်လျှောက် စောင့်ကြည့်နေခဲ့လေသည်။

ဖီးနစ်မီးတောက်အား သန့်စင်နေသော လျို့ယန်ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်များဖြင့် လောင်မြိုက်နေခဲ့ပြီး မီးဖီးနစ်၏ ပုံရိပ်တစ်ခုသည် သူမခန္ဓာကိုယ်ထက်တွင် စတင်၍ ထွက်ပေါ်လာခဲ့လေသည်။ ကံကောင်းစွာဖြင့် လျို့ယန်၏ ခန္ဓာကိုယ်မှာ စိတ်ဝိဉာဉ်ရုပ်သေးရုပ်တစ်ရုပ် ဖြစ်နေကာ သူမကိုယ်တိုင်ကလည်း မီးဓာတ်အမျိုးအစား မှော်ရတနာစိတ်ဝိဉာဉ်တစ်ခု ဖြစ်နေခဲ့လေသည်။ ထို့အပြင် လျို့ယန်သည် နေမီးတောက်များကိုပါ စုပ်ယူဝါးမျိုထားသည့် အတွက်ကြောင့် ဤခြစ်ခြစ်တောက်ပူလောင်လှသော မီးဓာတ်အား အတော်လေးကိုမှ ခံနိုင်ရည်ရှိပေသည်။

လျို့ယန်သည် သူမ၏စွမ်းအားကို အသည်းအသန် လှည့်ပတ်ရင်း ဖီးနစ်မီးတောက်၏ ကြောက်မက်ဖွယ်ရာစွမ်းအားကို ကြိုးစားပမ်းစား ခုခံနေခဲ့သည်။ တစ်ချိန်တည်းတွင်လည်း သူမ၏ ကောင်းကင်စိတ်အာရုံကိုသုံး၍ ဖီးနစ်မီးတောက်နှင့်လည်း အဆက်မပြတ် ဆက်သွယ်နေခဲ့လေ၏။

ထိုအချက်ကို တွေ့ရှိလိုက်သော် ရန်ကိုင့်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့လေသည်။ သူ့အနေဖြင့် ဘာမှစိတ်ပူနေစရာမလိုမှန်း နားလည်သွားတော့လေသည်။

လျို့ယန်သည် ကလေးတစ်ယောက်မဟုတ်တော့။ ကိုယ့်ဘာသာကိုယ် စဉ်းစားတွေးတောတတ်နေသည့် လူကြီးတစ်ဦး ဖြစ်နေခဲ့လေပြီ။ သူမသာ ဖီးနစ်မီးတောက်နှင့် အောင်မြင်စွာ ဆက်သွယ်သွားနိုင်မည်ဆိုလျှင် ဖီးနစ်မီးတောက်သည် သူမအား သခင်အဖြစ် အသိအမှတ်ပြုကောင်း ပြုပေလိမ့်မည်။ ထိုသို့ဖြစ်လာပါက မည်သည့် အန္တရာယ်ကိုမှ စိတ်ပူစရာ မလိုတော့ချေ။

အရေးကြီးဆုံးအချက်မှာ ဖီးနစ်မီးတောက် အသိအမှတ်ပြုလာအောင် မည်ကဲ့သို့လုပ်ရမလဲ ဆိုသည်သာပင်။

ရန်ကိုင်သည် လျို့ယန်၏ အခြေအနေကို မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၀၈) ဖီးနစ်ဥ

အလျှံတညီးညီး တောက်လောင်နေသော မီးတောက်များကြောင့် မြေပြင်တစ်ခုလုံး ခြစ်ခြစ်တောက် လောင်ကျွမ်းသွားကုန်ရသည်။ အဝါရောင်သဲမှုန်များမှာလည်း မီးဓာတ်၏ အပူချိန်ကြောင့် အငွေ့ပျံကာပင် ပျောက်ကွယ်ကုန်ကြ၏။

လျို့ယန်ပတ်လည် မိုင်တစ်ထောင်ဝန်းကျင်သည် ချော်ရည်ကန်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့လေသည်။

ဧရာမမီးဖီးနစ်ပုံရိပ်သည် လျို့ယန်၏ခေါင်းထက်တွင် ဝဲနေခဲ့လေ၏။ နောက်ဆုံးတွင် လျို့ယန်သည် မီးဖီးနစ်၏မီးတောက်ကို ခုခံနေရန် ကြိုးစားမနေတော့ဘဲ ထိုမီးတောက်များကိုသာ သူမအား ဝါးမျိုခွင့်ပေးလိုက်တော့သည်။ မီးတောက်များ လောင်ကျွမ်းလာသည့်အလျောက် နာကျင်မှုကြောင့် လျို့ယန်၏မျက်နှာလေးလည်း ရှုံ့မဲ့လာခဲ့လေသည်။

ကောင်းကင်စိတ်အာရုံနှစ်ခုမှာတော့ တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်သွယ်နေကြလေသည်။ တစ်ခုသည် အလွန်တရာကိုမှ အားနည်းလှပြီး အခြားတစ်ခုမှာတော့ နတ်ဘုရားသဖွယ် အားကောင်းလွန်းလှပေသည်။

သူတို့ မည်သည့်အကြောင်းအရာများအား ပြောဆိုနေသလဲ ဆိုသည်ကို မသိရသော်ငြား ရုတ်တရက်ဆိုသလို လျို့ယန်အား လောင်ကျွမ်းနေသည့် မီးတောက်များမှာ ပို၍ ပြင်းထန်လာခဲ့လေသည်။ ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်လည်း ဝင်တားခါနီး ဖြစ်သွားခဲ့ရသည်။

လျို့ယန်သည် စိတ်ဝိဉာဉ်ရုပ်သေးရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါသော်ငြား သူမ၏ခန္ဓာကိုယ်မှ ထိုမီးတောက်များအား မည်မျှကြာကြာအထိ ခုခံနိုင်မလဲ ဆိုသည်ကို မည်သူမျှ မပြောနိုင်ပေ။ သူမသာ ဆက်၍ မခုခံနိုင်တော့လျှင် ပြာပုံဘဝ ရောက်သွားရပေလိမ့်မည်။

ရန်ကိုင်မှာ ဝင်ပါတော့မည်အပြု လျို့ယန်၏ ပုံမှန်မဟုတ်သည့် အမူအယာကြောင့် ရပ်လိုက်လေသည်။

လက်ရှိအချိန်တွင် လျို့ယန်၏ အသွင်အပြင်မှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေပါသော်ငြား သူမမျက်ခုံးကြောနှစ်ခုမှာတော့ အကြွင်းမဲ့ကို တည်ငြိမ်နေခဲ့လေသည်။ အသွင်မတူသည့် သူမ၏ အမူအယာနှစ်မျိုးကိုကြည့်ရင်း ရန်ကိုင်လည်း ဝင်မပါရန် ဆုံးဖြတ်လိုက်လေ၏။

ရုတ်တရက်ဆိုသလို လျို့ယန်ရှိနေသည့် နေရာဆီမှ စူးရှသည့် ငှက်အော်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ထိုငှက်အော်သံမှာ ဖီးနစ်ငှက်၏ အော်သံမဟုတ်ဘဲ အခြားငှက်တစ်ကောင်၏ အော်သံဖြစ်လေသည်။ ထို့နောက်တွင် လျို့ယန်၏ ခန္ဓာကိုယ်မှ အသွင်ပြောင်းလဲသွားသော မီးနီရောင်ငှက်တစ်ကောင် ပေါ်လာခဲ့လေသည်။ ဤသည်မှာ လျို့ယန်၏ မူရင်းပုံစံသာ ဖြစ်လေသည်။

အပူလှိုင်းများမှာ သူ့မြင်ကွင်းအား အဆက်မပြတ် နှောင့်ယှက်နေသည့်တိုင် ရန်ကိုင်ကမူ ကောင်းကင်စိတ်အာရုံဖြင့် လျို့ယန်၏အခြေအနေကို အတိုင်းသား မြင်နေရပေသေးသည်။

လျို့ယန် သူမ၏ မူရင်းပုံစံသို့ မပြောင်းခဲ့သည်မှာ အတော်ကြာနေခဲ့လေပြီ။ သူမအား ပထမဦးဆုံးအကြိမ် စတွေ့ခဲ့သည့် မြင်ကွင်းကို ရန်ကိုင် သေသေချာချာ မှတ်မိနေပေသေးသည်။ ထိုစဉ်က လျို့ယန်သည် စိတ်ဝိဉာဉ်တစ်ခု ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား တကယ့်တကယ်တွင် ရှေးဟောင်းပန်းပဲမီးဖိုတစ်လုံး၏ မှော်ရတနာစိတ်ဝိဉာဉ် ဖြစ်နေခဲ့သည်။

ထူးဆန်းသည့်မီးငှက် ပေါ်လာပြီးသည့်နောက်တွင် ထိုမီးငှက်သည် ကောင်းကင်ပေါ်သို့ ပျံတက်သွားလေ၏။ ခဏအကြာတွင် ထိုမီးငှက်သည် ဖီးနစ်၏ ထိပ်နားဆီသို့ ရောက်လာခဲ့လေသည်။

မီးဖီးနစ်မှာ အဆက်မပြတ် အော်ဟစ်မြည်ကြွေးရင်း ၎င်း၏တောင်ပံများကို တဖျတ်ဖျတ်ခတ်လျက် အလွန်ပြင်းထန်သည့် အပူလှိုင်းများကို အဖက်ဖက်သို့ ဖြန့်ထုတ်နေခဲ့လေ၏။ လျို့ယန်၏ ဝိဉာဉ်ခန္ဓာကိုယ်မှာ အပူလှိုင်းများ၏ ရိုက်ခတ်ခြင်းခံရကာ အချိန်မရွေး နစ်မြုပ်သွားတော့မည့် မုန်တိုင်းထန်နေသည့် ပင်လယ်ထဲရှိ လှေငယ်လေးတစ်စင်းလို ဖြစ်နေခဲ့သည်။

ကောင်းကင်စိတ်အာရုံစွမ်းအင်လှိုင်းများမှာတော့ တစ်ချက်ကလေးမှပင် ရပ်တန့်သွားခြင်း မရှိချေ။ လျို့ယန်သည် ဖီးနစ်မီးတောက်နှင့် ဆက်လက်၍ ဆက်သွယ်နေသည့်ပုံပင်။

လျို့ယန်မှ မီးဖီးနစ်အနားတွင် သူမ၏ တောင်ပံများကို တဖျတ်ဖျတ် ခတ်နေသည်ကိုသာ မြင်နေရသဖြင့် လျို့ယန် ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်းကို ရန်ကိုင်မသိချေ။

တစ်ခဏအကြာတွင် မီးဖီးနစ်မှာ တဖြည်းဖြည်း တည်ငြိမ်သွားခဲ့လေသည်။ တဖျတ်ဖျတ်ခတ်နေသော ၎င်း၏တောင်ပံများကို ပြန်ရုတ်သိမ်းလိုက်လေ၏။ သို့သော်ငြား ၎င်း၏မျက်လုံးများမှာတော့ လောကကြီးတစ်ခုလုံးကို အထင်အမြင်သေးသည့် အရိပ်အယောင်တို့ဖြင့် ပြည့်နေပေသေးသည်။

ထိုအချင်းအရာကိုမြင်သော် ဖီးနစ်မီးတောက် သူမအား လက်ခံလာစေရန်အတွက် လျို့ယန်သည် မီးဖီးနစ်အနားသို့ တိုးကပ်သွားလေသည်။

လျို့ယန်သည် မီးဖီးနစ်နားဆီသို့ အလွန်နှေးလွန်းသည့် နှုန်းဖြင့် တရွေ့ရွေ့ သွားနေခြင်း ဖြစ်လေရာ အချိန်အတော်ကြာသွားသည့်အခါမှသာ မီးဖီးနစ်ခေါင်းပေါ်သို့ ရောက်သွားလေ၏။ ထို့နောက် ၎င်း၏နှုတ်သီးကိုသုံး၍ မီးဖီးနစ်၏ ငှက်မွေးတောင်များကို သပ်ပေးလိုက်လေသည်။

မီးဖီးနစ်မှာမူ ဇိမ်ခံနေသည့်အလား ၎င်း၏မျက်လုံးများကို ပိတ်လိုက်လေသည်။

(သူ အောင်မြင်သွားတာလား…) ရန်ကိုင် မျက်မှောင်ကြုတ်နေခဲ့လေသည်။ ဘာတွေဖြစ်လို့ ဖြစ်နေမှန်းကို သူနားမလည်။

ယေဘုယျကျကျ ပြောရသော် လျို့ယန်သည် မည်သူ့ထက်မဆို ဤဖီးနစ်မီးတောက်ကို အောင်မြင်စွာ သန့်စင်နိုင်ရန် ပို၍ အခွင့်အရေးများပေသည်။ အကြောင်းမှာ သူမကိုယ်တိုင်သည်လည်း မီးဓာတ်အမျိုးအစား မှော်ရတနာစိတ်ဝိဉာဉ်တစ်ခု ဖြစ်နေသည့်အတွက်ကြောင့်ပင်။

မီးဖီးနစ်ပုံရိပ်ဆီမှ ထွက်ပေါ်နေသည့် ဖိအားမှာ တစ်စတစ်စနှင့် လျော့ကျလာခဲ့ပြီး အဆုံးတွင် မီးဖီးနစ်ပုံရိပ်သည် လျို့ယန်၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။ မီးဖီးနစ်ပျောက်ကွယ်သွားပြီးသည့်နောက် ပတ်ဝန်းကျင် တစ်ခုလုံးအား လောင်မြိုက်ပစ်နေသော အပူစွမ်းအင်များလည်း ပျောက်ကွယ်လာခဲ့လေ၏။ မီးဖီးနစ်ပုံရိပ် ပျောက်ကွယ်သွားပြီးသည့်နောက်တွင် လျို့ယန်သည်လည်း လူအသွင်သို့ ပြန်ပြောင်းလိုက်လေသည်။

ကောင်းကင်စိတ်အာရုံဖြင့် လျို့ယန်၏အခြေအနေကို စစ်ဆေးကြည့်လိုက်သည့်နောက် ရန်ကိုင် အံ့အားသင့်သွားခဲ့ရလေသည်။

လက်ရှိအချိန်တွင် လျို့ယန်၏တစ်ကိုယ်လုံးကို မီးတောက်များမှ အဆက်မပြတ် လောင်ကျွမ်းနေခဲ့လေသည်။ မီးတောက်များ၏ လောင်ကျွမ်းခြင်း ခံထားရသည့် အတွက်ကြောင့် လျို့ယန်မှာ လူရုပ်ပင် မပေါက်တော့ချေ။ သူမ၏ လှပလှသော ဆံပင်ရှည်များမှာလည်း ပျောက်ကွယ်ကုန်လေပြီ။ လက်ရှိ ရန်ကိုင်မြင်နေရသည့် အရာဆို၍ မီးကျွမ်းထားသည့် သစ်သားပုံစံ အရုပ်ကြီးတစ်ခုသာ ရှိတော့လေသည်။

စိတ်ဝိဉာဉ်ရုပ်သေးရုပ်၏ ခန္ဓာကိုယ်သည်ပင်လျှင် ဤသို့ဖြစ်သွားအောင် လောင်ကျွမ်းခံရသည်ဆိုပါက သာမန်ကျင့်ကြံသူများသာ ဆိုလျှင်တော့ ပြာအတိကျသွားလောက်ပေသည်။

လျို့ယန်၏ထိုပုံစံကိုကြည့်ရင်း ရန်ကိုင်၏ရင်ထဲ နာကျင်သွားရလေသည်။ သို့သော်ငြား သူမအား သွားမကူညီမိအောင် သူ့စိတ်ကို အတတ်နိုင်ဆုံး ထိန်းထားနိုင်ခဲ့ပေသည်။ နောက်ဆုံး အရေးကြုံ၍ လိုအပ်ပါက အင်မော်တယ်သစ်ပင်မှ သစ်ရွက်တစ်ရွက်ကို ထပ်ခူးရန် ပြင်ဆင်ထားလိုက်သေး၏။

မကြာမီ အားနည်းဖျော့တော့လှသော ဝိဉာဉ်စွမ်းအင်အရှိန်အဝါတို့ လျို့ယန်၏ မီးကျွမ်းထားသော ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာခဲ့လေသည်။

တစ်ချိန်တည်းတွင် ကြက်သွေးရောင်စွမ်းအင်လှိုင်းတို့မှာလည်း အဘက်ဘက်သို့ ဖြာထွက်လာခဲ့လေ၏။ ထိုကြက်သွေးရောင်စွမ်းအင်လှိုင်းများထဲတွင် အရာရာကို လောင်ကျွမ်းပစ်နိုင်သော စွမ်းအားတို့ ပါဝင်နေရုံသာလျှင်မက မယုံကြည်နိုင်စရာကောင်းလှသော အသက်စွမ်းအင်တို့လည်း ပါဝင်နေသေး၏။

ဖီးနစ်မီးတောက်ပင်။

ကောလဟာလများအရ ဖီးနစ်များသည် ဘယ်တော့မှ သေဆုံးနိုင်ခြင်းမရှိဟု ဆိုကြပေသည်။ ဖီးနစ်ငှက် တစ်ကြိမ်သေဆုံးသွားတိုင်း နီဗားနားစက်ကွင်းအတွင်းသို့ ဝင်ရောက်၍ ပြန်လည်ရှင်သန်မွေးဖွားလာကြသည်။ တကယ့်တကယ်တွင် ဤသို့ဖြစ်ရခြင်းမှာ ဘယ်တော့မှ ငြိမ်းသေသွားခြင်းမရှိသည့် စွမ်းရည်အား ပိုင်ဆိုင်ထားသော ဖီးနစ်မီးတောက်ကြောင့်သာ ဖြစ်ပေသည်။ ဖီးနစ်မီးတောက်များသည် အဖျက်စွမ်းအားကို ပိုင်ဆိုင်ထားရုံမက အလွန်တရာကိုမှ အားကောင်းလှသော အသက်စွမ်းအင်ကိုလည်း ပိုင်ဆိုင်ထားပေသေးသည်။

အဖျက်စွမ်းအားမှာ ရန်သူ့အတွက်ဖြစ်ပြီး အသက်စွမ်းအားမှာတော့ သူတို့ကိုယ်တိုင်အတွက် ဖြစ်ပေသည်။

မကြာမီတွင် လျို့ယန်၏ ခန္ဓာကိုယ်ဆီမှ ဖြာထွက်နေသော ကြက်သွေးရောင်စွမ်းအင်များသည် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံသွားခဲ့ပြီး တဖြည်းဖြည်းနှင့် သိပ်သည်းကျစ်လျစ်လာကာ အစိုင်အခဲတစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။

လက်ရှိအချိန်တွင် လျို့ယန်သည် အရွယ်ရောက်ပြီးသား ယောကျ်ားတစ်ဦး၏ အရပ်တစ်ဝက်စာခန့်ရှိသော ဥကြီးတစ်လုံးအသွင်သို့ ပြောင်းသွားလေ၏။ မရေမတွက်နိုင်သော နက်နဲဆန်းကြယ်လှသည့် အင်းကွက်များမှာ ဥကြီး၏မျက်နှာပြင်ထက်တွင် တည်ရှိနေကြလေသည်။ ရန်ကိုင်လည်း သိချင်စိတ်ဖြင့် ဥကြီးအား စစ်ဆေးကြည့်ရန် ကြိုးစားလိုက်ပါသော်ငြား ထိုသို့လုပ်ရန်ကြံလိုက်တိုင်း အကြည့်စူးစူးတစ်စုံသည် သူ၏ အသိစိတ်ပင်လယ်ထဲမှနေ၍ သူ့အား စိုက်ကြည့်နေသလို ခံစားလိုက်ရလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင့်မှာ ကြောက်ကြောက်လန့်လန့်ဖြင့် ဥကြီးဆီမှ သူ့အကြည့်အား အလျင်အမြန် လွှဲဖယ်လိုက်ရလေသည်။

ထိုအရာမှာ အခြားမဟုတ်၊ မီးဖီးနစ်၏ မျက်လုံးများသာ ဖြစ်ကြပေသည်။ ထိုမီးဖီးနစ်၏မျက်လုံးများသည် သူ့အသိစိတ်ပင်လယ်ထဲ၌ ဘာကြောင့်ပေါ်လာမှန်းကိုတော့ ရန်ကိုင်နားမလည်ချေ။ သို့သော်ငြား သူသိသည့်တစ်ချက်တော့ ရှိပေသည်။ သူသာ ဆက်၍ စိုက်ကြည့်နေမည်ဆိုပါက ဝိဉာဉ်အမျိုးအစား ပညာရပ်တစ်မျိုးမျိုးနှင့် တိုက်ခိုက်ခြင်း ခံရလိမ့်မည်ဟူသော အချက်ပင်။

ဤသည်မှာ ဖီးနစ်ကလန်၏ အမွေအနှစ်တစ်မျိုး ဖြစ်လောက်ပေသည်။ ဥမျက်နှာပြင်ပေါ်တွင် ရှိနေသော အင်းကွက်များမှာ ဖီးနစ်ကလန်၏ လျှို့ဝှက်ချက်များကို သယ်ဆောင်ထားလောက်သည်။ ထိုလျှို့ဝှက်ချက်များကို စူးစမ်းကြည့်ရန် ကြိုးစားသည့်လူတိုင်း ဖီးနစ်ကလန်၏ အသိအမှတ်ပြုမှုကို ဦးစွာ ရရှိရပေလိမ့်မည်။ ထိုသို့သာမဟုတ်လျှင်တော့ အဆုံးသတ်ကောင်းလိမ့်မည် မဟုတ်ချေ။ ထို့အတွက်ကြောင့် ထိုအခြေအနေကို မြင်ပြီးသည့်နောက် ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့လေသည်။

လက်ရှိအချိန်တွင် လျို့ယန်သည် ဖီးနစ်ကလန်၏အမွေအနှစ်ကို ရရှိသွားပြီဟုပင် ပြောလို့ရပေသည်။ တစ်နည်းဆိုရသော် ဖီးနစ်မီးတောက်သည် သူမအား လက်ခံသွားခဲ့လေပြီ။ ဖီးနစ်မီးတောက်၏ အကာအကွယ် ရှိနေပြီ ဖြစ်သည့်အတွက်ကြောင့် လျို့ယန် တစ်ခုခုဖြစ်သွားမည်ကို ရန်ကိုင် စိတ်ပူနေစရာ မလိုတော့ချေ။

သူလုပ်ရမည့်အရာဆို၍ စောင့်ဆိုင်းရုံသာ ရှိတော့လေသည်။

ဥတစ်ဥဆီမှ လျို့ယန် ပြန်လည်မွေးဖွားလာရသည်ကို စောင့်ကြည့်နေရသည့် မြင်ကွင်းမှာ တကယ်ကို ဒဏ္ဍာရီဆန်ဆန် မြင်ကွင်းတစ်ရပ်ပင်။

ဖီးနစ်မီးတောက်အား လျို့ယန် ဤမျှ လျင်လျင်မြန်မြန်နှင့် သန့်စင်နိုင်လိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။ ထိုကဲ့သို့ သန့်စင်နေသည့် အချိန်အတောအတွင်း ရန်ကိုင့်မှာ အလွန်တရာကိုမှ စိတ်ပူနေခဲ့ရပါသော်ငြား လျို့ယန်အတွက်မူ မည်သည့်အသက်အန္တရာယ်မှ မရှိခဲ့ပေ။

ထို့နောက်တွင် လျို့ယန်၏ အခြေအနေကို အာရုံစိုက်ထားရန်နှင့် တစ်ခုခုမှားယွင်းပါက သူ့အား ချက်ချင်း အသိပေးရန် ကျောက်တုံးကိုယ်ပွားကို ပြောပြီးသည့်နောက် ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲသို့ ဝင်လာခဲ့လေသည်။

ဖီးနစ်မီးတောက်ကိစ္စ ပြီးသွားပြီဖြစ်သည့်အတွက်ကြောင့် ကမ္ဘာငယ်လေးကိစ္စကို ရှင်းရပေတော့မည်။

ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည့်နောက် ကမ္ဘာငယ်လေး၏ အခြေအနေကို ရန်ကိုင် သိရှိသွားခဲ့ရသည်။ ကမ္ဘာငယ်လေး၏ လောကစွမ်းအားကို ထုတ်ယူလိုက်ပြီးသည့်နောက်တွင် ကမ္ဘာငယ်လေး၏ သုံးပုံတစ်ပုံလောက်မှာ လုံးဝကို ပျက်စီးသွားခဲ့ရသည်။ လက်ရှိအချိန်တွင်ပင် ကမ္ဘာငယ်လေး၏ အစိတ်အပိုင်းတော်တော်များများမှာ တစ်စတစ်စနှင့် ပျက်စီးနေပေသေးသည်။ ဤအတိုင်းသာ နောက်ထပ် တစ်လလောက် ဆက်ဖြစ်နေမည်ဆိုပါက ကမ္ဘာငယ်လေးမှာ လုံးဝကို ပျက်စီးသွားရကာ ကမ္ဘာငယ်လေးထဲတွင် စိုက်ပျိုးထားသော အင်မော်တယ်သစ်ပင်၊ မိုးကောင်းကင်သစ်ပင်နှင့် အခြားသော အဖိုးတန်ဆေးပင်အားလုံးသည်လည်း ပျက်စီးသွားရပေလိမ့်မည်။

ရန်ကိုင့်အနေဖြင့် ထိုအရာများကို အခြားတစ်နေရာသို့ ရွှေ့ပြောင်းလိုက်နိုင်ပါသော်ငြား ဤအဖိုးတန်ဆေးပင်များကို အခြားတစ်နေရာတွင် စိုက်ပျိုးထားရသည့်အပေါ် ရန်ကိုင့်စိတ်ထဲ လုံခြုံသလို မခံစားရပေ။ အထူးသဖြင့် အင်မော်တယ်သစ်ပင်ပင်။ အင်မော်တယ်သစ်ပင်အကြောင်းသာ သတင်းပြန့်သွားမည် ဆိုပါက ကြယ်တာရာအစုအဝေးတစ်ခုလုံး ကသောင်းကနင်း ဖြစ်သွားကုန်ပေလိမ့်မည်။

ထို့အတွက်ကြောင့်ပင်လျှင် ရန်ကိုင်သည် အင်မော်တယ်သစ်ပင်နှင့် မိုးကောင်းကင်သစ်ပင်တို့အား လုံလုံခြုခြုံဖြင့် အခြားမည်သူမျှမသိအောင် ဖွက်ထားနိုင်ရန်အတွက် ကမ္ဘာငယ်လေးကို မြန်နိုင်သမျှမြန်အောင် ပြန်လည်ပြင်ဆင်လိုခြင်း ဖြစ်ပေသည်။

ထို့နောက်တွင် ရန်ကိုင်သည် သူ့လက်အား အလေးအနက် အမူအယာဖြင့် ဆန့်ထုတ်လိုက်လေရာ တောင်နဲ့မြစ်ခေါင်းလောင်း ထွက်ပေါ်လာခဲ့လေသည်။

လောကစွမ်းအားများစွာကို ဖိနှိပ်ထားရသည့် အတွက်ကြောင့်လားမသိ တောင်နဲ့မြစ်ခေါင်းလောင်းသည် မူလအရွယ်သို့ ပြန်လည်ပြောင်းလဲသွားခြင်း မရှိသလို ၎င်း၏မျက်နှာပြင်ထက်ရှိ ရုန်းအက္ခရာများမှာလည်း တလက်လက် တောက်ပနေခဲ့လေသည်။

တောင်နဲ့မြစ်ခေါင်းလောင်းကို အပြင်သို့ ထုတ်ယူလိုက်ချိန် ၎င်းမှ ဖိနှိပ်ထားသော လောကစွမ်းအားသည် ခေါင်းလောင်း၏မျက်နှာပြင်အား အဆက်မပြတ် ဝင်ဆောင့်နေသည်ကို ရန်ကိုင် အတိုင်းသား ခံစားမိနေရလေသည်။

တောင်နဲ့မြစ်ခေါင်းလောင်းအား ခဏမျှကြာအောင် စိုက်ကြည့်နေပြီးသည့်နောက်တွင် ရန်ကိုင်သည် အလေးအနက်အမူအယာဖြင့် လက်ကွက်အချို့ ဖန်တီးလိုက်လေသည်။ တောင်နဲ့မြစ်ခေါင်းလောင်းသည် ရုတ်တရက် တဝီဝီ မြည်လာပြီး ဖိနှိပ်ထားခံရသည့် လောကစွမ်းအား ထွက်သွားနိုင်ရန်အတွက် လမ်းကြောင်းတစ်ခုကို ဖန်တီးပေးလိုက်လေသည်။

လမ်းကြောင်းပွင့်လာသည်နှင့် တစ်ပြိုင်နက် လောကစွမ်းအားမှာ အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလျက် ချက်ချင်း ထွက်ပြေးသွားလေ၏။

“ဝုန်း…”

လောကစွမ်းအား အပြင်သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် အလွန်တရာကိုမှ ပြင်းထန်လှသော ဖိအားတစ်ရပ် ရန်ကိုင့်ဆီသို့ သက်ဆင်းလာခဲ့လေသည်။ တစ်ချိန်တည်းတွင် ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားတို့ပါ လိုက်ပါလာခဲ့လေ။

အဆင့်တက်စဉ်က ရန်ကိုင်သည် လောကစွမ်းအားကို မည်သည့်နည်းနှင့်မျှ မခုခံနိုင်ခဲ့ပါသော်ငြား လက်ရှိအချိန်တွင်တော့ မတူတော့ချေ။ သူသည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေပြီဖြစ်သလို သူ့ကိုယ်တွင်းရှိ အရင်းအမြစ်ချီတို့မှာလည်း ဧကရာဇ်ချီအဖြစ်သို့ လုံးလုံး‌ ပြောင်းလဲသွားကုန်ကြလေသည်။ ထိုမျှသာလျှင်မဟုတ်သေးဘဲ သူသည် ကမ္ဘာငယ်လေးထဲတွင် ရှိနေခြင်းဖြစ်သည်။ ကမ္ဘာငယ်လေးမှာ ပျက်စီးနေပါသော်ငြား သူသည် ကမ္ဘာငယ်လေးထဲ၌ အရာရာကိုပိုင်စိုးသည့် အရှင်သခင်တစ်ဦး ဖြစ်သည်မှာတော့ ပြောင်းလဲ၍မရသည့် အမှန်တရားတစ်ရပ်ဖြစ်သည်။ ရန်ကိုင်သည် အလင်းတိမ်တိုက်အဖြစ်သို့ ပြောင်းလဲသွားသော လောကစွမ်းအားအား မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။ ထို့နောက် သူ၏အတွေးတစ်ချက်နှင့် ကမ္ဘာငယ်လေး၏စွမ်းအားမှာ စတင်၍ လှုပ်ရှားလာတော့လေသည်။

မရေမတွက်နိုင်သော အသွင်မဲ့လက်များ ဘက်ပေါင်းစုံမှ ထွက်ပေါ်လာပြီး လောကစွမ်းအင်တိမ်တိုက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကြလေသည်။

အလင်းတိမ်တိုက်မှာ တဝီဝီမြည်ဟည်းရင်း အဆက်မပြတ် ရုန်းကန်နေပါသော်ငြား တစ်ချက်ကလေးမှပင် မလှုပ်နိုင်ခဲ့ချေ။

လောကစွမ်းအား အားကောင်းသည်မှာ မှန်သော်ငြား လက်ရှိ ရန်ကိုင့်ရှေ့တွင် ရှိနေသော လောကစွမ်းအားမှာ ပြင်ပလောကကြီး၏ ထောက်ပံ့ပေးခြင်း မရှိတော့သော ပြင်ပလောကကြီး၏ အထောက်အပံ့ ပြတ်တောက်သွားသည့် အကြွင်းအကျန် လောကစွမ်းအားတစ်ခုသက်သက်သာ ဖြစ်သည်။ ထိုသို့ဖြစ်လေရာ သူ့စွမ်းအင်သက်သက်ဖြင့် ကမ္ဘာငယ်လေးတစ်ခုလုံး၏စွမ်းအားကို မည်သို့များ ယှဉ်ပြိုင်နိုင်ပါမည်နည်း။

လောကစွမ်းအားကို ဖမ်းဆီးပြီးသည့်နောက်တွင် ရန်ကိုင်သည် တင်ပလင်ခွေထိုင်ချလျက် သူ့စိတ်အစုံကို ဖြန့်ကျက်ချလိုက်လေသည်။

မကြာမီတွင် ရန်ကိုင် ထူးဆန်းသည့်ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ သူကိုယ်တိုင်သည် ကမ္ဘာငယ်လေးနှင့် လုံးဝပေါင်းစပ်သွားပြီး ကမ္ဘာငယ်လေးအသွင်သို့ ပြောင်းလဲသွားသည့်အလား ခံစားလိုက်ရသည်။

All Chapters