← Chapters

အခန်း (၂၅၀၉-၂၅၁၁)

Vol. 104 Ch. 2509-2511

အခန်း (၂၅၀၉-၂၅၁၁)

Vol. 104 Ch. 2509-2511

အပိုင်း (၂၅၀၉) ကမ္ဘာငယ်လေးအား ပြန်ပြင်ခြင်း

ကမ္ဘာငယ်လေးတစ်ခုလုံးနှင့် ပေါင်းစပ်သွားပြီးသည့်နောက်တွင် အချက်တစ်ချက်ကို ရန်ကိုင် သိလာခဲ့ရလေသည်။ ကမ္ဘာငယ်လေးသည် ပိတ်လှောင်ထားခြင်းခံရသော လောကစွမ်းအားကိုသုံးလျက် သူ့ကိုယ်သူ ပြန်လည်ပြုပြင်ချင်နေခဲ့လေသည်။ ဤသည်မှာ ကမ္ဘာငယ်လေး၏ဆန္ဒသာ ဖြစ်လေသည်။

လက်ရှိကမ္ဘာငယ်လေးမှာ ကုသရေးဆေးလုံးတစ်လုံးကို မြင်လိုက်ရသည့် ဒဏ်ရာရနေသော လူတစ်ဦးကဲ့သို့ ဖြစ်နေသည်။

ထို့အတွက်ကြောင့် ရန်ကိုင့်မှာ ဝမ်းသာသွားခဲ့ပါသော်ငြား သူ့စိတ်ကို တည်ငြိမ်အောင် ထားထားခဲ့လေ၏။ ရန်ကိုင့်၏အမူအယာသည် ရှေးဟောင်းကန်ရေပြင်တစ်ခုနှယ် တည်ငြိမ်နေခဲ့လေသည်။ ထို့နောက် မျက်လုံးကို တင်းတင်းကြပ်ကြပ်ပိတ်လျက် နက်နဲဆန်းကြယ်သော လက်ကွက်အချို့ကို ဖန်တီးလိုက်လေသည်။

တကယ့်တကယ်တွင်တော့ ရန်ကိုင်ကိုယ်တိုင်ပင်လျှင် ထိုလက်ကွက်များကို မသိချေ။ သူသည် ကမ္ဘာငယ်လေး၏ စိတ်ဆန္ဒစေညွှန်ရာအတိုင်း လိုက်လုပ်နေခြင်းသာ ဖြစ်သည်။

အမျိုးမျိုးသော လက်ကွက်များကို ဖန်တီးပြီးနောက် ချိတ်စည်းများ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် ထိုချိတ်စည်းများကို ဖမ်းဆီးထားခြင်းခံရသည့် လောကစွမ်းအားဆီသို့ တွန်းပို့လိုက်လေ၏။ မကြာမီတွင် အလင်းတိမ်တိုက်တစ်ခုလုံးမှာ အမျိုးမျိုးသောချိတ်စည်းများ၏ ဘက်ပေါင်းစုံမှ ဝိုင်းရံထားခြင်း ခံရတော့လေသည်။ ရုန်းကန်နေသော လောကစွမ်းအားမှာလည်း သူ့ကံကြမ္မာကို လက်ခံလိုက်သည့်အလား ဆက်၍ ရုန်းကန်မနေတော့ဘဲ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့လေ၏။

တစ်ခဏအကြာတွင် ရန်ကိုင် မျက်လုံးပြန်ပွင့်လာခဲ့ပြီး လေသံတိုးတိုးဖြင့် အော်ပြောလိုက်လေသည်။ “လွှတ်လိုက်စမ်း…”

ထိုအော်သံနှင့်အတူ ချုပ်ထားခံရသည့် လောကစွမ်းအားမှာ ရုတ်ချည်း ပေါက်ကွဲထွက်သွားခဲ့သည်။ ထို့နောက် မီးပန်းတစ်ခု ပေါက်ကွဲထွက်သွားသည့်အလား မရေမတွက်နိုင်သော အလင်းစီးကြောင်းလေးများအဖြစ်သို့ ပြောင်းလျက် ကမ္ဘာငယ်လေး၏ နေရာအသီးသီးဆီသို့ ပြန့်ထွက်သွားလေသည်။

ထို့နောက်တွင် အလင်းစီးကြောင်းအားလုံးမှာ ကမ္ဘာငယ်လေးထဲသို့ တိုးဝင်ပျောက်ကွယ်သွားကုန်ကြလေသည်။

ကမ္ဘာငယ်လေးမှာ စတင်၍ စိတ်လှုပ်ရှားနေသည်ကို ရန်ကိုင် အတိုင်းသား ခံစားမိနေသည်။

ပျက်စီးနေသော အစိတ်အပိုင်းများသည် ဆက်၍ ပျက်စီးနေခြင်း မရှိတော့ချေ။ ဆိုးဆိုးရွားရွား ထိခိုက်သွားရသည့် အတွက်ကြောင့် တစ်သားတည်းလိုလိုဖြစ်သွားကြသော ကောင်းကင်နှင့်မြေပြင်မှာလည်း တစ်ဖန် ပြန်လည်ကွဲကွာသွားကြသည်။ ကသောင်းကနင်းဖြစ်နေသည့် အရာအားလုံးမှာလည်း ငြိမ်သက်သွားကုန်ကြ၏။

အချိန်ကြာလာသည်နှင့် မြေပြင်အနှံ့တွင် ပြန့်နေသော အသူရာချောက်နက်တမျှ နက်ရှိုင်းလှသည့် အက်ကွဲကြောင်းကြီးများမှာလည်း တဖြည်းဖြည်း ပြန်ပိတ်သွားခဲ့ကြပြီး အပျက်အစီးအားလုံးမှာ အချိန်နောက်ပြန်ရစ်ခံလိုက်ရသည့်အလား အကောင်းပကတိ ပြန်ဖြစ်လာကုန်ကြလေသည်။ တစ်ချိန်တည်းတွင် အသက်စွမ်းအင်တို့ ယုတ်လျော့လာနေသော ကမ္ဘာငယ်လေးထဲ အားကောင်းလွန်းလှသည့် အသက်စွမ်းအားတို့ ပြန်လည် ပြည့်နှက်လာတော့သည်။

အမြုတေပင်လယ်မှ စုပ်ယူထားခဲ့သော အမြုတေစွမ်းအားများစွာမှာလည်း ကမ္ဘာငယ်လေးနှင့်အတူ ပေါင်းစပ်လျက် အသစ်အသစ်သော လောကနိယာမများအသွင်သို့ ပြောင်းလဲနေခဲ့လေသည်။ ဤသို့ဖြင့် ကမ္ဘာငယ်လေး၏အုတ်မြစ်မှာ တဖြည်းဖြည်း ပိုမိုအားကောင်းလာရတော့လေသည်။

လေပြင်းများ တိုက်ခတ်လာပြီး တိမ်တိုက်များ စုဝေးလာကြကာ မိုးခြိမ်းသံများ မြည်ဟည်းလာခဲ့လေသည်။ ထို့နောက်တွင် မိုးသီးမိုးပေါက်များသည် ကောင်းကင်ထက်မှ မြေပြင်ပေါ်သို့ နတ်သက်ကြွေသည့်အလား ကြွေဆင်းလာကုန်ကြလေ၏။ ခြောက်ကပ်နေသော ကမ္ဘာငယ်လေးသည် ထိုသဘာဝတရား၏ အားဖြည့်ပေးမှုအောက်တွင် သစ်ပင်ပန်းမန်များဖြင့် ပြန်လည်စိမ်းစိုလာတော့လေသည်။

ဆေးဥယျာဉ်ထဲတွင် ရန်ကိုင်စိုက်ပျိုးထားသော အဖိုးတန်ဆေးပင်များသည်ပင်လျှင် ကမ္ဘာငယ်လေးမှ ပေးစွမ်းလာသည့် များပြားလှသော အသက်ဓာတ်များကို ဝမ်းပန်းတသာ ကြိုလင့်နေသည့်အလား ကချေသည်မလေးများနှယ် ယိမ်းထိုးနေခဲ့ကြသည်။

ဤဖြစ်စဉ်ကြီးတစ်ခုလုံး အပြည့်အဝ ပြီးမြောက်သွားရန် အချိန်မည်မျှကြာမလဲ ရန်ကိုင် မပြောနိုင်ချေ။

ထိုကဲ့သို့ ဖြစ်လာပြီးနောက် ကမ္ဘာငယ်လေးနှင့် ဆက်သွယ်ထားသော သူ့စိတ်အစုံမှာ ရုတ်တရက် ပြတ်တောက်သွားသလို ခံစားလိုက်ရလေသည်။ ထို့နောက် ထိုအံ့ဩဖွယ်ရာခံစားချက်မှ ရန်ကိုင် ပြန်နိုးလာခဲ့လေ၏။

ပြန်နိုးလာပြီးသည့်နောက် လှည့်ပတ်စစ်ဆေးကြည့်လိုက်ရာ ကမ္ဘာငယ်လေးမှ ယခင်ကကဲ့သို့ ပြန်လည်စိမ်းစိုနေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရလေသည်။ သို့သော်ငြား ယခင်ကထက် ပိုသာသွားသည့် တစ်ချက်တော့ ရှိပေသည်။ ဤသည်မှာ ကမ္ဘာငယ်လေး၏ ပိုမိုပြီးပြည့်စုံလာသော လောကနိယာမများသာ ဖြစ်ကြလေသည်။ လက်ရှိကမ္ဘာငယ်လေးသည် အစစ်အမှန် လောကတစ်ခုနှင့် မယှဉ်နိုင်သေးသော်ငြား ယခင်ကနှင့်စာလျှင်တော့ အများကြီး ပိုမိုကောင်းမွန်နေခဲ့လေပြီ။

(လောကစွမ်းအားကြောင့် ဒီလိုမျိုးတွေ ပြောင်းလဲသွားတာပေါ့…) ရန်ကိုင် ဝမ်းသာအားရ ဖြစ်နေခဲ့လေသည်။

ကမ္ဘာငယ်လေးမှာ ပြီးပြည့်စုံခြင်း မရှိသေးမှန်း ယခင်တည်းက သိနေခဲ့ပါသော်ငြား မည်ကဲ့သို့ ပြီးပြည့်စုံအောင် လုပ်လို့လုပ်ရမှန်း မသိခဲ့ပေ။ သို့သော်ငြား ယနေ့ အဖြစ်အပျက်သည် ရန်ကိုင်အား အသုံးဝင်သည် အချက်အလက်အချို့ကို ပေးသွားခဲ့သည်။

လောကစွမ်းအားသာ ရှိမည်ဆိုလျှင် ကမ္ဘာငယ်လေးအား ပြီးပြည့်စုံသော အစစ်အမှန်လောကတစ်ခု ဖြစ်လာအောင် လုပ်နိုင်ပေလိမ့်မည်။ ဤသည်မှာ ယနေ့အတွေ့အကြုံမှ ရန်ကိုင်ရှာတွေ့လိုက်ရသည့် အချက်သာ ဖြစ်လေသည်။

ကမ္ဘာငယ်လေး ပြီးပြည့်စုံသွားသည့်တစ်နေ့ ကျင့်ကြံသူများသည် ကမ္ဘာငယ်လေးထဲသို့ ဝင်ရောက်ကာ အဆင့်တက်နိုင်ကြပေလိမ့်မည်။ တစ်နေ့နေ့ တစ်ချိန်ချိန်ကြလျှင် တာအိုသခင်အဆင့် ကျင့်ကြံသူများပင်လျှင် ကမ္ဘာငယ်လေးထဲ၌ နေ၍ ဧကရာဇ်အဆင့်သို့ တက်လှမ်းကောင်း တက်လှမ်းနိုင်ကြပေလိမ့်မည်။

သို့သော်ငြား လောကစွမ်းအားမှာ မဟာဧကရာဇ်အဆင့်သို့ ရောက်သည့်အချိန်မှ ခံစားနိုင်သည့် စွမ်းအားတစ်မျိုး ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင့်အနေဖြင့် မဖြစ်နိုင်သေးသောအရာကို ဘေးချိတ်ထားရုံသာ တတ်နိုင်ခဲ့လေသည်။ မည်သို့ပင်ဖြစ်နေစေကာမူ ထိုတွေ့ရှိချက်နှင့်ပတ်သက်၍ ရန်ကိုင့်မှာ အလွန်ကိုမှ စိတ်လှုပ်ရှားခဲ့ရသည်။

ကမ္ဘာငယ်လေးအား ထပ်တလဲလဲ သေချာစစ်ဆေးကြည့်ပြီးသည့်နောက် မည်သည့်အန္တရာယ်မှ မရှိတော့မှန်း အတည်ပြုပြီးသည့်နောက်တွင် ရန်ကိုင် လုံးဝ စိတ်သက်သာရာ ရသွားတော့လေသည်။ ထို့နောက် ကမ္ဘာငယ်လေးထဲမှ အပြင်ဘက်ဆီသို့ ပြန်ထွက်လာခဲ့လေ၏။

“အစ်ကိုရန်…”

ရန်ကိုင်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မိုရှောင်ချီ၏အသံကို ကြားလိုက်ရလေသည်။ အသံကြားသဖြင့် လှည့်ကြည့်လိုက်ရာ မိုရှောင်ချီနှင့် ကျန်းရို့ရှီတို့နှစ်ဦးစလုံး ပြန်နိုးနေပြီဖြစ်ကြောင်းကို တွေ့လိုက်ရလေသည်။

ပြုံးလျက် ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “နင်တို့ နိုးနေပြီပဲ…”

“အစ်ကိုရန်… ကျွန်မတို့ ခရမ်းတောင်တန်းဆီ ရောက်နေတာလား… ဘာလဲ ကြယ်ပျက်ပင်လယ်ပိတ်သွားပြီလား… အဲ့နောက်ပိုင်း ဘာတွေဖြစ်သွားသေးလဲ… နတ်ဝိဉာဉ်ချိတ်စည်းကိုရော ဘယ်သူပြန်ချိတ်ပိတ်လိုက်တာလဲ… ကျွန်မ အစ်ကိုရန်ကို ထိခိုက်အောင်တော့ မလုပ်မိဘူးမလား…” မိုရှောင်ချီသည် ရန်ကိုင့်ကိုမြင်သည်နှင့် မေးခွန်းများကို မိုးသီးမိုးပေါက်များ ကျဆင်းလာသည့်အလား တရစပ် မေးချလိုက်လေသည်။

မိုရှောင်ချီကို ကြည့်ရသလောက် နတ်ဝိဉာဉ်ချိတ်စည်းကိုသာ ဖြည်လိုက်မည်ဆိုပါက သူမအသိစိတ်လွတ်သွားမည် ဆိုသည့်အကြောင်းကို သိထားသည့်ပုံပင်။

ရန်ကိုင်သည် ခပ်လှမ်းလှမ်းတွင် ရှိနေသော ကျောက်တုံးကိုယ်ပွားကို အံ့ဩတကြီးဖြင့် ကြည့်လျက် “မင်း ဘာဖြစ်လို့ သူ့ကို ရှင်းမပြတာလဲ…”

ကျောက်တုံးကိုယ်ပွားက ပုခုံးတွန့်ပြလိုက်၏။ “သူတို့ အခုပဲ နိုးလာတာလေ… ငါ့မှာ ရှင်းပြဖို့ အချိန်မှမရှိတာ…”

ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ ထို့နောက်တွင် ရန်ကိုင်လည်း အကြောင်းစုံကို ပြန်ရှင်းပြလိုက်လေ၏။ တွမ့်ဟုန်ချန်နှင့် ဝူခွမ်းတို့ တိုက်ခိုက်ခဲ့သည့်အကြောင်းကိုတော့ ထည့်မပြောခဲ့ချေ။ ကြယ်ပျက်ပင်လယ် ဘာကြောင့် ပိတ်လို့ ပိတ်သွားမှန်း မသိဟုသာ ပြောပြခဲ့လေသည်။

ရန်ကိုင်ရှင်းပြသည်ကို ကြားပြီးသည့်နောက် မိုရှောင်ချီသည် အကြောက်မပြယ်သေးသည့် အမူအယာဖြင့် သူမ၏ ရင်ဘတ်ကို လက်ကလေးဖြင့် ဖိလျက် သက်ပြင်းချကာ ပြောလိုက်လေ၏။ “အစ်ကိုရန်တို့ကို ထိခိုက်အောင် မလုပ်မိတာ တော်သေးတယ်… မဟုတ်ရင် နောက်ပိုင်း ရှောင်ချီ အစ်ကိုရန်ကို ဘယ်မျက်နှာနဲ့ ရင်ဆိုင်လို့ရင်ဆိုင်ရမှန်း သိတော့မှာမဟုတ်ဘူး…”

ရန်ကိုင်က အလေးအနက် အမူအယာဖြင့် သတိပေးလိုက်လေ၏။ “နောက်ပိုင်း အဲ့ချိတ်စည်းကို လွယ်လင့်တကူ သွားသွားမဖြေနဲ့… အဲ့နတ်သားရဲရဲ့ခွန်အားက အရမ်းကြောက်ဖို့ကောင်းတယ်… နင့်လက်ရှိခွန်အားနဲ့ ဘယ်လိုမှ မထိန်းချုပ်နိုင်ဘူး…”

မိုရှောင်ချီက ခေါင်းညိတ်လိုက်လေ၏။ “အင်း…”

ထိုစဉ် ကျန်းရို့ရှီက ကြားဖြတ်၍ ဝင်ပြောလိုက်လေသည်။ “ဆရာ… အစ်မလျို့ယန် ဘာဖြစ်နေတာလဲ… ဘာဖြစ်လို့ သူ့အရှိန်အဝါက အရမ်းအားနည်းနေရတာလဲ…” ကျန်းရို့ရှီသည် လျို့ယန်ရှိနေသည့် ဘက်ဆီသို့ လှမ်းကြည့်ရင်း ပြောလိုက်လေသည်။

ရန်ကိုင်လည်း ကျန်းရို့ရှီ၏အမေးကိုကြားသော် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ဥအခြေအနေကို စစ်ဆေးကြည့်လိုက်လေသည်။ ဖီးနစ်ဥမှာ သူထွက်သွားစဉ်ကအတိုင်း ဘာမှပြောင်းလဲခြင်းမရှိသည်ကိုမြင်သော် အလျင်အမြန် နှစ်သိမ့်ပေးလိုက်လေ၏။ “စိတ်မပူနဲ့… သူ အခွင်အလမ်းတစ်ခုခုနဲ့ ကြုံနေရတာ…”

ထို့နောက် ကျန်းရို့ရှီအား အလေးအနက် အမူအယာဖြင့် စိုက်ကြည့်လိုက်လေသည်။

ရန်ကိုင်သည် ကြယ်ပျက်ပင်လယ်ထဲတွင် မယုံကြည်နိုင်စရာ အဖြစ်အပျက်ပေါင်းများစွာနှင့် ကြုံတွေ့ခဲ့ရသည်။ တောင်နဲ့မြစ်ခေါင်းလောင်းဖြစ်စေ၊ ဖီးနစ်မီးတောက်ဖြစ်စေ၊ သေရာမှ အသက်ပြန်ရှင်လာသော ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်ဖြစ်စေ၊ မိမိ၏ကျင့်ကြံခြင်းကို အကြိမ်ပေါင်းများစွာ ဖြတ်တောက်ပစ်ခဲ့သော လောကတစ်သောင်း မဟာဧကရာဇ်ဖြစ်ပါစေ… အကုန်လုံးမှာ အံ့အားသင့်ဖွယ်ရာကြီးများပင်။

သို့သော်ငြား ရန်ကိုင့်အား ဇဝေဇဝါဖြစ်အောင် အလုပ်နိုင်ဆုံးလူမှာ ကျန်းရို့ရှီသာ ဖြစ်လေသည်။

တွမ့်ဟုန်ချန်သည် ကျန်းရို့ရှီ၏ သွေးအဆီအနှစ်တစ်စက်ကိုသုံး၍ မိုရှောင်ချီ၏ နတ်ဝိဉာဉ်ချိတ်စည်းကို ပြန်လည် ချိတ်ပိတ်ပေးခဲ့သည်။ ထို့အပြင် ကျန်းရို့ရှီနှင့် ပတ်သက်၍လည်း ရန်ကိုင့်အား သေသေချာချာ သတိပေးခဲ့ပေသည်။

လောကတစ်သောင်းမဟာဧကရာဇ်သည် ရန်ကိုင့်အား ကျန်းရို့ရှီကို နတ်ဆိုးလမ်းစဉ်သို့ မကျရောက်သွားစေအောင် ထိန်းကျောင်းပေးရမည်ဟု သတိပေးခဲ့လေသည်။ အကြောင်းမှာ ကျန်းရို့ရှီသည် သူမ၏ အထွဋ်အထိပ်စွမ်းအားကို ပိုင်ဆိုင်သွားမည်ဆိုပါက ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်ထက်ပင်လျှင် ပို၍ ကြောက်မက်ဖွယ်ကောင်းသည့် အတွက်ကြောင့်ပင်လျှင်။ သူမသာ နတ်ဆိုးတစ်ကောင် ဖြစ်လာပါက ကြယ်တာရာအစုအဝေးတစ်ခုလုံး သွေးချောင်းစီးရပေလိမ့်မည်။

ထိုစဉ်က တွမ့်ဟုန်ချန် မည်သူမှန်း မသိသည့်အတွက်ကြောင့် ရန်ကိုင်သည် တွမ့်ဟုန်ချန် အပိုပြောနေခြင်း ဖြစ်သည်ဟုသာ ယူဆခဲ့လေသည်။ သို့သော်ငြား တွမ့်ဟုန်ချန်သည် လောကတစ်သောင်း မဟာဧကရာဇ်ဖြစ်နေမှန်း သိသွားပြီးသည့်နောက် ရန်ကိုင့်အား အနေဖြင့် မယုံနိုင်စရာအကြောင်း မရှိတော့ချေ‌။

ကျန်းမိသားစုမှ ကောင်မလေးသည် မည်ကဲ့သို့သော သွေးမျိုးဆက်ကို ပိုင်ဆိုင်ထား၍များ တွမ့်ဟုန်ချန်အနေဖြင့် သူမအား ဤမျှ ထိတ်လန့်နေရလေသနည်း။ ထို့အပြင် နတ်သားရဲဖြစ်သော ချုန်းချီသည်ပင်လျှင် ကျန်းရို့ရှီမှ အချိန်မြစ်ကျောင်းတော်ကို ရောက်စဉ်က သူမအား ပန်းရောင်တိမ်တိုက်ဖီးနစ်ဝတ်ရုံကို လက်ဆောင်ပေးခဲ့ပေသည်။

သာမန်လူတစ်ဦးသာဆိုလျှင် ဤကဲ့သို့သော မြှောက်စားမှုကို ခံရလိမ့်မည် မဟုတ်ချေ။ ချုန်းချီကဲ့သို့သော သားရဲတစ်ကောင်ကောင်နှင့်သာ သွားတိုးပါက အရှင်လတ်လတ် ကိုက်စားမခံရလျှင်ပင် ကံကောင်းနေပြီဟု ပြော၍ရသည်။ မည်သူ့ကများ ချုန်းချီဆီမှ အကာအကွယ်အမျိုးအစား ဧကရာဇ်မှော်ရတနာတစ်ခုကို လက်ဆောင်ရရန် မျှော်လင့်ထားပါမည်နည်း။

ထို့အပြင် ကျန်းရို့ရှီ၏ သွေးမျိုးဆက်သည်သာ ထိုထူးဆန်းသော လေဟာနယ်ဝိဉာဉ်ကျောက်စိမ်းကို အသက်သွင်းနိုင်လေသည်။

လေဟာနယ်ဝိဉာဉ်ကျောက်စိမ်းအကြောင်း တွေးမိလိုက်သည့်အခါမှသာ ထိုအရာကို ကျန်းရို့ရှီဆီသို့ ပေးရန် အချိန်တန်ပြီမှန်း ရန်ကိုင် ရုတ်တရက် သတိရလာခဲ့သည်။ တကယ်တော့ ထိုအရာသည် ကျန်းမိသားစု၏ ဘိုးဘေးအစဉ်အဆက် လက်ဆင့်ကမ်းလာပေးခဲ့သော ရတနာတစ်ခုပင် မဟုတ်လေလော။ ယခင်က ကျန်းရို့ရှီ၏ခွန်အားမှာ လေဟာနယ်ဝိဉာဉ်ကျောက်စိမ်း၏ လျှို့ဝှက်ချက်များကို သိရန်အတွက် လုံလောက်သေးခြင်းမရှိသည့် အတွက်ကြောင့် ရန်ကိုင်လည်း မပေးဘဲ သူကိုယ်တိုင် သိမ်းထားခဲ့ခြင်း ဖြစ်သည်။ ယခု ကျန်းရို့ရှီကိုယ်တိုင်မှာ တာအိုသခင်တတိယအဆင့်သို့ ရောက်လာပြီ ဖြစ်သည့်အတွက်ကြောင့် သူမအနေဖြင့် လေဟာနယ်ဝိဉာဉ်ကျောက်စိမ်း၏ လျှို့ဝှက်ချက်များကို ထုတ်ဖော်ဖို့ရာ ကိစ္စမရှိလောက်တော့ချေ။

ရန်ကိုင်ကိုယ်တိုင်မှာ လေဟာနယ်ဝိဉာဉ်ကျောက်စိမ်းနှင့် ပတ်သက်၍ မည်ကဲ့သို့သော လျှို့ဝှက်ချက်များ ရှိနေသလဲ ဆိုသည်ကို သိချင်မိပါသော်ငြား အရမ်းကြီးတော့ ဂရုစိုက်နေခြင်း မရှိချေ။ သူတကယ်သိချင်သည့်အရာမှာ ထိုလေဟာနယ်ဝိဉာဉ်ကျောက်စိမ်းသည် ကျန်းရို့ရှီ၏ သွေးမျိုးဆက်နှင့် ပတ်သက်သည့် ဆန်းကြယ်မှုကို ဖြေရှင်းနိုင်ပါမည်လား ဟူသော အချက်ပင်။

တွမ့်ဟုန်ချန်မှ ကျန်းရို့ရှီ၏ သွေးမျိုးဆက်အား အသည်းအသန် ဖုံးကွယ်ထားခဲ့သည်ကို ကြည့်ရင်း ရန်ကိုင့်မှာ ကျန်းရို့ရှီ၏ သွေးမျိုးဆက်နှင့် ပတ်သက်၍ ပိုပို၍ သိချင်လာလေသည်။

“ဆရာ… ဘာဖြစ်လို့ ရို့ရှီကို စိုက်ကြည့်နေတာလဲ…” ရန်ကိုင်မှ သူ့အား မမှိတ်မသုန် စိုက်ကြည့်နေသည်ကို ကျန်းရို့ရှီ၏မျက်နှာ ရဲတက်လာခဲ့ပြီး ရှက်ရှက်ဖြင့် ခေါင်းကို ငုံ့လိုက်လေသည်။

ရန်ကိုင်က ပြုံးဖြီးလျက် ပြန်ပြောလိုက်လေ၏။ “ရို့ရှီလည်း အရွယ်ရောက်ပြီး အပျိုဖားဖားတစ်ဦး ဖြစ်လာပြီပဲ..”

ကျန်းရို့ရှီအား ပထမဦးဆုံးအကြိမ် မြင်ခဲ့ရစဉ်က ပုံစံနှင့် ယှည်လိုက်သော် လက်ရှိကျန်းရို့ရှီမှာ တကယ်ကို အရွယ်ရောက်လာခဲ့လေပြီ။ ရန်ကိုင်မှာ ကျန်းရို့ရှီအား သူမငယ်ရွယ်စဉ်တည်းက ကျန်းမိသားစုမှ ခေါ်လာခြင်း ဖြစ်သည့်အတွက်ကြောင့် ကျန်းရို့ရှီ အရွယ်ရောက်လာသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသည်ဟု ပြောလျှင်ပင် မမှားချေ။

ကျန်းရို့ရှီအား ကျန်းမိသားစုမှ ခေါ်လာသည့်အကြောင်းကို ပြန်စဉ်းစားရင်း လင်းယွင်အာအကြောင်းကို ရန်ကိုင် သတိရသွားပြန်လေသည်။ ထိုစဉ် ယန်ယန်သည် ဟုန်းလော့ကြယ်စီရင်စုကြီးမှ ထွက်သွားစဉ်က လင်းယွင်အာကိုပါ သူမနှင့်အတူ ခေါ်သွားခဲ့လေသည်။ ယခုအချိန်လောက်ဆိုလျှင် လင်းယွင်အာလည် ကျန်းရီု့ရှီအရွယ်လောက် ရောက်နေလောက်ပေပြီ။

လင်းယွင်အာသည် သူမမိတ်ဆွေ၏ အမွေအနှစ်ကို ဆက်ခံရန်အတွက် ပြီးပြည့်စုံသည့် လူတစ်ဦး ဖြစ်သည်ဟု ယန်ယန်မှ ပြောခဲ့သည်ကို ရန်ကိုင် သတိရနေပေသေးသည်။ အခုချိန်လောက်ဆိုလျှင် ထိုမိန်းကလေး မည်သည့်နေရာသို့များ ရောက်နေလေမည်နည်း။

ထို့အပြင် ကြယ်တာရာအစုအဝေးသို့ ရောက်လာပြီးသည့်နောက်ပိုင်း ယန်ယန်နှင့် ပတ်သက်သည့် မည်သည့်သတင်းမှ မကြားရသည့်မှာလည်း ထူးဆန်းလှပေသည်။ ယန်ယန်သည် ဤလောကကြီးထဲရှိ အားအကောင်းဆုံးသော ပညာရှင်များအနက်မှ တစ်ဦးဖြစ်သည့်အတွက်ကြောင့် သူမနှင့်ပတ်သက်သည့် မည်သည့်သတင်းမှ မကြားရသည်မှာ ထူးတော့ ထူးဆန်းလှ၏။

ရန်ကိုင်မှ သူမပြောနေသည့်တိုင် အကြည့်လွှဲဖယ်သွားခြင်း မရှိသေးသည်ကိုမြင်သော် ကျန်းရို့ရှီမှာ ပို၍ပင် ရှက်လာခဲ့လေသည်။

ထိုစဉ် မိုရှောင်ချီက စိတ်လှုပ်ရှားစွာဖြင့် ဝင်ပြောလိုက်လေသည်။ “ကျွန်မရော… ကျွန်မလည်း အရင်ကလို ကောင်မလေးတစ်ယောက် မဟုတ်တော့ဘူးမလား…”

“ဟုတ်တယ် ဟုတ်တယ်…” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။

“အစ်ကိုရန်… ရှင် အခု ဘယ်ကို ဆက်သွားမှာလဲ… ကျွန်မကိုပါ ရှင်နဲ့အတူ ခေါ်သွားလို့ရလား…” မိုရှောင်ချီသည် ရန်ကိုင့်အား အလွန်ကိုမှ စိတ်အားထက်သန်နေသည့် အကြည့်ဖြင့် စိုက်ကြည့်ရင်း မေးလိုက်လေသည်။

ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ငါ နင့်ကို ခေါ်သွားလို့တော့ ရပါတယ်… ဒါပေမဲ့ ဒေါ်လေးဖုန်း နင့်နောက်ကို လိုက်လာမှာ မကြောက်ဘူးလား… ငါကြည့်ရသလောက်တော့ ဒေါ်လေးဖုန်းက နင်လျှောက်သွားတာနေတာကို ကြိုက်တဲ့ပုံမပေါ်ဘူးနော်…”

မိုရှောင်ချီက နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “အရင်တစ်ကြိမ် သူပြန်ခေါ်သွားတုန်းက ကျွန်းထဲမှာပဲ တောက်လျှောက်ကြီး ပိတ်ထားခံရတာ အရမ်းပျင်းဖို့ကောင်းတယ်…. အခု ပြန်ထွက်လာခွင့်ရပြိဆိုတော့ အဲ့ကို အလွယ်တကူ ပြန်သွားတော့မှာမဟုတ်ဘူး…. ပြီးတော့ အခုလေးတင်ပဲ ကြယ်ပျက်ပင်လယ်က ထွက်လာခဲ့တာလေ… ဒီတော့ ဒေါ်လေးဖုန်း ကျွန်မကို ရှာတွေ့ဦးမှာမဟုတ်သေးဘူး… ကျွန်မ စိတ်ကြိုက် လျှောက်သွားပြီးတော့မှပဲ ပြန်သွားတော့မယ်…”

“ဒီအကြောင်းကို လူကြီးမင်းသားရဲသခင်ရော သိလား…” ရန်ကိုင်က ပြုံးကာ မေးလိုက်လေ၏။

မိုရှောင်ချီက လျှာလေးတစ်လစ်တစ်လစ် ထုတ်လျက် “အစ်ကိုရန် ရှင်ဘယ်လိုသိသွားတာလဲ…”

ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ဒီလောက် အသက်ငယ်ငယ်လေးနဲ့ တာအိုသခင်တတိယအဆင့်ကို ရောက်ထားတာ နင့်နောက်ခံက အားမကောင်းဘဲ ဘယ်နေပါ့မလဲ… ပြီးတော့ နင်ကိုယ်တိုင်ကလည်း သားရဲတွေကို ထိန်းကျောင်းတဲ့နေရာမှာ ကျွမ်းကျင်တယ်… အရှေ့ဘက်နယ်မြေက လာတာလို့လဲ ပြောသေးတယ်…. ပြီးတော့ နင်အရင်က “ကျွန်း” ဆိုတဲ့စကားလုံးကို ခဏခဏ ပြောတယ်… ဒီတော့ နင် ဘယ်ကလာလဲဆိုတာကို ငါမသိဘဲ နေတော့မလား….”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၁၀) လီဝူရီနှင့် ကျိုဖုန်း

မိုရှောင်ချီက ရှက်ကိုးရှက်ကန်း အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “တကယ်တော့ ရှောင်ချီလည်း အစ်ကိုရန်ကို အဲ့အကြောင်း ပြောပြချင်ပါတယ်… ဒါပေမဲ့ အဖေက…”

ရန်ကိုင်က သူ့လက်ကို ဆန့်ထုတ်၍ ဟန့်တားလိုက်လေ၏။ “နင် ရှင်းပြနေစရာမလိုဘူး… ငါနားလည်တယ်…”

သူမအဖေအကြောင်း သိသွားချိန်တွင် အခြားလူများ ကြောက်သွားမည်ကို စိုးရိမ်သည့် အတွက်ကြောင့် မိုရှောင်ချီသည် သူမ မည်သူမည်ဝါ ဖြစ်သလဲဆိုသည်ကို ရန်ကိုင့်အား တစ်ခါမှ မပြောပြခဲ့ပေ။ ထို့အတွက်ကြောင့် ရန်ကိုင်မှ သူမ မည်သူဖြစ်သလဲ ဆိုသည်ကို သိသွားချိန် မိုရှောင်ချီ ရှက်သွားသည်မှာ သဘာဝသာ ဖြစ်လေသည်။

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေ၏။ “နင့်ရဲ့အဖေက ဘယ်သူပဲဖြစ်ဖြစ် နင်က ငါသိတဲ့ အဆော့မက်တဲ့ မိုရှောင်ချီပဲ… သားရဲသခင်မဟာဧကရာဇ်ရဲ့ သမီးမဟုတ်ဘူး…”

မိုရှောင်ချီသည် ရန်ကိုင့်၏စကားများကို ခဏမျှကြာအောင် စဉ်းစားနေလေ၏။ ထို့နောက်တွင် သူမ၏မျက်လုံးလေးများ လခြမ်းကွေးနှယ် ကွေးတက်သွားခဲ့ပြီး အပြုံးတစ်ပွင့် သူမမျက်နှာထက် ထွက်ပေါ်လာခဲ့လေသည်။

ရုတ်တရက် ရန်ကိုင့်အမူအယာ လေးနက်တည်ကြည်သွားခဲ့ပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်လေ၏။

“ဆရာ…” ကျန်းရို့ရှီသည်လည်း တစ်ချိန်တည်းတွင် တိုးတိုးလေး ပြောလိုက်လေ၏။ ထို့နောက် သူမ၏အရင်းအမြစ်ချီကို လှည့်ပတ်လျက် ကောင်းကင်ပေါ်သို့ သတိချပ်ကာ စိုက်ကြည့်နေခဲ့လေသည်။

(ရို့ရှီလည်း အာရုံခံနိုင်တာလား…) ရန်ကိုင်သည် ကျန်းရို့ရှီအား အံ့အားသင့်တကြီးဖြင့် လှမ်းကြည့်မိလိုက်လေသည်။ ထိုသို့လှမ်းကြည့်လိုက်ချိန် ကျန်းရို့ရှီ၏ မျက်လုံးများမှာ ခြောက်ခြားဖွယ်ရာကောင်းစွာ အေးစက်နေကြောင်းကို တွေ့ရှိလိုက်ရသည်။

ကျန်းရို့ရှီ၏ ထိုပုံစံကို မြင်လိုက်ပြီးသည့်နောက် ရန်ကိုင့်စိတ်ထဲ ထိတ်လန့်တုန်လှုပ်သွားမိခဲ့သလို ကျန်းရို့ရှီ၏ သွေးမျိုးဆက်အပေါ်လည်း ပို၍ သိချင်လာမိခဲ့လေသည်။

ပင်လယ်ပြင်ထဲသို့ ကျောက်တုံးတစ်တုံး ကျသွားသည့်နှယ် ကြည်လင်သာယာလှသော ကောင်းကင်ထက်တွင် လှိုင်းတွန့်များ ထွက်ပေါ်လာခဲ့လေသည်။ လှိုင်းတွန့်များမှာ အဘက်ဘက်သို့ ပျံ့နှံ့နေခဲ့ပြီး အချိန်ကြာလာသည်နှင့်အမျှ ပိုပို၍ ပြင်းထန်လာခဲ့လေသည်။

မကြာမီတွင် ကောင်းကင်ထက်ရှိ ဟင်းလင်းပြင်မှာ စတင်၍ တွန့်လိမ်လာပြီး နက်နဲဆန်းကြယ်သည့် စွမ်းအင်လှိုင်းတစ်ရပ်သည် အဘက်ဘက်သို့ ဖြာထွက်လာခဲ့လေသည်။

“လေဟာနယ်နိယာမစွမ်းအားတွေ…” ရန်ကိုင့်၏မျက်လုံးများ မှေးစင်းသွားခဲ့လေသည်။

ဤကဲ့သို့သော နေရာမျိုးတွင် လေဟာနယ်နိယာမစွမ်းအားကို ကျွမ်းကျင်ထားသည့် ပညာရှင်တစ်ဦးနှင့် လာတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ တစ်ယောက်ယောက်သည် အခြားတစ်နေရာမှ ဟင်းလင်းပြင်ကိုဆုတ်ဖြဲ၍ ဤနေရာသို့လာနေမှန်း သိသာလှသည်။ လာနေသည့်လူမှာလည်း လေဟာနယ်တာအိုအပေါ် အလွန်ကိုမှ အဆင့်မြင့်မားစွာ ကျွမ်းကျင်ထားသည့် လူတစ်ဦး ဖြစ်ရပေလိမ့်မည်။

ရန်ကိုင့်၏အမူအယာ တဖြည်းဖြည်းနှင့် တည်ကြည်လေးနက်လာခဲ့လေသည်။ လာနေသည့်လူမှာ မည်သူမှန်း မသိပါသော်ငြား ဟင်းလင်းပြင်ကိုဆုတ်ဖြဲ၍ သွားလာနိုင်သည့် လူတစ်ဦး၏ ခွန်အားမှာ လုံးဝကို နိမ့်ကျနေလိမ့်မည် မဟုတ်ချေ။

ဘယ်သူလဲ…။ ဘာရည်ရွယ်ချက်ကြောင့်များ ဤနေရာသို့ ရောက်လာလေသလဲ…။

ရန်ကိုင့်မှာ ဤကိစ္စနှင့်ပတ်သက်၍ ပေါ့တန်တန် သဘောမထားရဲပဲ ကျောက်တုံးကိုယ်ပွားကို အမြန်သိမ်းလိုက်ပြီး ဧကရာဇ်ချီကို တိတ်တဆိတ် လှည့်ပတ်ထားလိုက်လေသည်။

သူတစ်ယောက်တည်းသာ ရှိမည်ဆိုလျှင် အခြားတစ်နေရာ၌ သွားပုန်း၍ ရပါသော်ငြား လက်ရှိအချိန်တွင် ကျန်းရို့ရီနှင့် မိုရှောင်ချီတို့မှာလည်း သူ့ဘေးနားတွင် ရှိနေပေသည်။ ထို့အပြင် လျို့ယန်သည်လည်း ဖီးနစ်ဥအတွင်း ဆင့်ကဲပြောင်းလဲနေသေး၏။

“ဟမ်…” ကောင်းကင်ပေါ်သို့ မော့ကြည့်နေရင်းမှ မိုရှောင်ချီသည် ကြောက်လန့်တကြား ထအော်ပြီး သူမမျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့လေသည်။ ထို့နောက် ရန်ကိုင့်နောက်တွင် အလျင်အမြန် ပြေးပုန်းလျက် ကြောင်ကိုမြင်လိုက်သည့် ကြွက်တစ်ကောင်နှယ် တုန်တုန်ရီရီဖြင့် ပြောလိုက်လေသည်။ “အစ်ကိုရန်… အခု မြန်မြန်ပြေးကြရအောင်… မဟုတ်ရင် နောက်ကျသွားလိမ့်မယ်…” မိုရှောင်ချီက တိုးတိုး‌လေး ပြောလိုက်လေ၏။

“မရတော့ဘူး… နောက်ကျသွားပြီ…” ရန်ကိုင်က ကူကယ်ရာမဲ့နေသည့် လေသံဖြင့် ပြောလိုက်လေသည်။

ကောင်းကင်စုတ်ပြဲသွားခဲ့ပြီး အက်ကွဲကြောင်းထဲမှ ခြေထောက်တစ်ချောင်း အပြင်သို့ ထွက်လာခဲ့လေသည်။

ရန်ကိုင့်၏မျက်နှာ ဖြူလျော်သွားခဲ့လေသည်။ ခြေထောက်မှာ ဟင်းလင်းပြင်ထဲသို့ တက်နင်းလိုက်ခြင်းသာ ဖြစ်သော်ငြား သူ့ရင်ဘတ်တည့်တည့်သို့ ဆောင့်နင်းလိုက်သလို ရန်ကိုင် ခံစားလိုက်ရသည်။

(အားကောင်းလိုက်တာ…) ရန်ကိုင့်၏မျက်လုံးထဲ ကြောက်ရွံ့မှုတို့ ပြည့်နှက်သွားခဲ့သည်။ ရောက်လာသည့်လူမှာ အားနည်းလိမ့်မည်မဟုတ်မှန်း သိထားခဲ့ပါသော်ငြား ယခုမှသာလျှင် တစ်ဖက်လူ၏ခွန်အားကို အထင်သေးမိနေသေးမှန်း ရန်ကိုင် သဘောပေါက်သွားခဲ့သည်။

ယခုရောက်လာသည့်လူသည် မည်သူဖြစ်နေစေကာမူ ထိုလူ၏ကျင့်ကြံခြင်းသည် အနည်းဆုံး ဧကရာဇ်တတိယအဆင့်သို့ ရောက်ထားရပေလိမ့်မည်။

ထို့နောက်တွင် လူတစ်ဦးသည် ပန်းခြံထဲ အပျင်းပြေ လမ်းလျှောက်ထွက်နေသည့် ပုံစံမျိုးဖြင့် အက်ကြောင်းထဲမှ ထွက်လာခဲ့လေသည်။

ထိုလူမှာ ကျောင်းတော်သားပုံစံ ဝတ်စားထားသည့် သက်လတ်ပိုင်းလူကြီးသာ ဖြစ်ပေသည်။ သူ့ပုံစံကိုကြည့်ရသလောက် လုံးဝ အန္တရာယ်မရှိဘဲ ဖော်ရွေသည့် ပုံစံမျိုးပင်။

ထိုလူကြီးသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ဝေ့ကြည့်လိုက်ပြီးသည့်နောက် အဆုံးတွင် သူ၏အကြည့်သည် ရန်ကိုင့်ဆီသို့ ရောက်ရှိလာခဲ့လေသည်။ ထို့နောက် ထူးဆန်းစွာ ပြုံးလိုက်လေ၏။

“ဂလု…”

လူအိုကြီး၏အကြည့်ကို မြင်လိုက်ရချိန် ရန်ကိုင် တံတွေးတစ်လုပ် မျိုချမိလိုက်လေသည်။ ဤအချိန်မျိုးတွင် ကြောက်နေသည့်ပုံစံမျိုး လုပ်မပြသင့်မှန်း သိပါသော်ငြား ဆာလောင်နေသည့် ဝံပုလွေတစ်ကောင်၏ ပစ်မှတ်ထားခြင်း ခံရသည့် ယုန်ပေါက်လေးတစ်ကောင်နှယ် ခံစားနေရသည့်အတွက်ကြောင့် ရန်ကိုင့်၏ခန္ဓာကိုယ်မှာ သူ့အလိုလို တုန်ရီနေမိလေသည်။

သက်လတ်ပိုင်းလူကြီး ထွက်လာပြီးသည့်နောက်တွင် နောက်ထပ်လူတစ်ယောက် အက်ကွဲကြောင်းထဲမှ ထပ်ထွက်လာခဲ့လေသည်။

သက်လတ်ပိုင်းလူကြီး၏ ဖော်ဖော်ရွေရွေပုံစံနှင့် မတူသည်မှာ နောက်ထွက်လာသည့်လူသည် လောင်ကျွမ်းနေသည့် မီးတောက်တစ်ခုနှယ် အလွန်ကိုမှ ခက်ထန်ခြင်းပင်။ ထိုလူထွက်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်အပူချိန်မှာ ရုတ်ချည်း မြင့်တက်လာခဲ့ရလေသည်။

ဒုတိယမြောက်ထွက်လာသည့်လူမှာ အခြားမဟုတ် ကျော့ရှင်းသောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် လှပလွန်းလှသော အမျိုးသမီးတစ်ဦးသာ ဖြစ်ပေသည်။ ထိုအမျိုးသမီးသည် အလှထွဋ်ခေါင်အမျိုးသမီးတို့ ပိုင်ဆိုင်ထားလေ့ရှိသည့် လုံးကြီးပေါက်လှခန္ဓာကိုယ်၊ သေးသွယ်လှသောခါး၊ နီစွေးစွေးနှုတ်ခမ်းများနှင့် ကျောက်စိမ်းသားနှယ် ချောမွတ်လှသည့် အသားအရေကို ပိုင်ဆိုင်ထားလေသည်။ သူမ၏မျက်လုံးများမှာလည်း မြင်လိုက်သူတိုင်းအား ရီဝေသွားစေနိုင်လောက်အောင် ရွှန်းစို လှပလွန်းလှသည်။ တစ်ချိန်တည်းတွင် ရင်သပ်ဖွယ်ရာကောင်းလှသော မီးနီရောင်ဆံပင်များမှာ ရေတံခွန်အလား သူမကျောပြင်တစ်လျှောက် ဖြာကျနေခဲ့လေသည်။

“ငါ့လခွမ်း… ဘယ်လိုလုပ်ပြီး သူဖြစ်နေရတာလဲ…” ရန်ကိုင်မှာ ထိုအမျိုးသမီးကို မြင်ပြီးသည့်နောက် သူ့လျှာသူ ပြန်ကိုက်မိလုမတတ် ဖြစ်သွားခဲ့လေသည်။

အကြောင်းမှာ ထိုအမျိုးသမီးသည် အခြားမဟုတ်ဘဲ မိုရှောင်ချီ ခဏခဏပြောနေသည့် ဒေါ်လေးဖုန်းဆိုသည့်လူသာ ဖြစ်နေသည့် အတွက်ကြောင့်ပင်။

စိတ်ဝိဉာဉ်သားရဲကျွန်းမှ ကျိုဖုန်းပင်။ သူမသည် မဟာဧကရာဇ်ဆယ်ပါးအနက် တစ်ပါးအပါအဝင် မဟုတ်သော်ငြား ကျိုဖုန်းဆိုသည့်နာမည်သည် ကြယ်တာရာအစုအဝေးထဲတွင် အလွန်ကိုမှ ကျော်ကြားပေသည်။ ဤအမျိုးသမီးသည်သာ ကျိုဖုန်းဖြစ်ပါက သက်လတ်ပိုင်းလူကြီး မည်သူဖြစ်သလဲဆိုသည်ကို ခန့်မှန်းလို့ရသွားပေပြီ။

လီဝူရီပင်။

ရန်ကိုင့်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပလာခဲ့ပြီး လီဝူရီ၏အကြည့်အား ရှောင်လွှဲခြင်းမရှိဘဲ ပြန်၍ စိုက်ကြည့်လိုက်လေသည်။ ဤသည်မှာ လီဝူရီအား ပထမဦးဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သော်ငြား လီဝူရီ၏နာမည်ကို ကြားဖူးနေသည်မှာတော့ တစ်ကြိမ်မကတော့ချေ။ အကြောင်းမှာ လီဝူရီသည် ကြယ်တာရာအစုအဝေးတစ်ခုလုံးတွင် လေဟာနယ်တာအိုကို အဆင့်မြင့်မြင့် ကျွမ်းကျင်ထားသည့် တစ်ဦးတည်းသောလူဖြစ်ကာ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးလည်း ဖြစ်သည့်အတွက်ကြောင့်ပင်။

နောက်ပိုင်း ရန်ကိုင့်အနေဖြင့် လေဟာနယ်တာအိုကို လေ့လာသင်ကြားနိုင်အောင် လီဝူရီနှင့် မိတ်ဆက်ပေးမည်ဟု မိုရှောင်ချီမှပင် ပြောခဲ့ပေသေးသည်။

ရောက်လာသည့်လူနှစ်ဦးမှာ စိတ်ဝိဉာဉ်သားရဲကျွမ်းမှ ပညာရှင်များ ဖြစ်နေမှန်း သိသွားသည့်နောက်တွင် သူတို့ ဘာကြောင့် ရောက်လာရသလဲ ဆိုသည်ကို ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့လေသည်။

ထိုနှစ်ဦးမှာ မိုရှောင်ချီနောက် လိုက်လာခြင်းသာ ဖြစ်သည်။

(ဒါပေမဲ့ မိုရှောင်ချီ ဒီမှာ ရှိနေတယ်ဆိုတာကို သူတို့ ဘယ်လိုသိသွားတာလဲ…)

တစ်ခဏမျှ စဉ်းစားကြည့်ပြီးသည့်နောက် မိုရှောင်ချီ၏ကိုယ်ပေါ်တွင် ခြေရာခံအမှတ်အသား တစ်ခုခု ချန်ထားခဲ့ခြင်း ဖြစ်ရမည်မှန်း ရန်ကိုင် နားလည်သွားခဲ့လေသည်။ ထို့ကြောင့်ပင်လျှင် မိုရှောင်ချီ ကြယ်ပျက်ပင်လယ်ထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် သူမအား ခြေရာခံမိသွားခြင်း ဖြစ်လေသည်။

ကောင်းကင်ထက်ရှိ ပုံစံကို မြင်ပြီးသည့်နောက် မိုရှောင်ချီ သူ့အား ထွက်ပြေးရန် ပြောခဲ့သည်မှာ အထူးအဆန်းမဟုတ်ချေ။ သူမနောက်သို့ မည်သူလိုက်လာမလဲ ဆိုသည်ကို သိနေသည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။

“လီဝူရီ ခွေးကောင်… နင် ဘယ်လိုတောင် ငါ့ကို ဟင်းလင်းပြင်ထဲမှာ ထားခဲ့တာလဲ… နင့်ကြောင့် ငါ အဲ့ဟင်းလင်းပြင်စီးကြောင်းတွေ ဝါးမျိုခံရကာနီးနီးပဲ…” အက်ကွဲကြောင်းအပြင်ဘက်သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ကျိုဖုန်းသည် လီဝူရီအား အင်္ကျီကော်လံမှ ဆွဲကိုင်၍ အော်ဟစ်မာန်မဲလေသည်။

ဧကရာဇ်များပြီးလျှင် အားအကောင်းဆုံးပညာရှင်ဟု နာမည်ကျော်ကြားသော လီဝူရီသည် လက်ရှိအချိန်တွင် ကျိုဖုန်းရှေ့၌ အားနည်းသည့် ကြက်ပေါက်လေးတစ်ကောင်နှယ် ဖြစ်နေကာ အနည်းငယ်မျှပင်လျှင် ပြန်၍ မခုခံရဲခဲ့ပေ။

လီဝူရီက ရှက်ရှက်ဖြင့် ပြန်ပြောလိုက်လေ၏။ “နင် ဘာလုပ်နေတာလဲ… ဂျူနီယာတွေ ကြည့်နေတယ်လေ… ငါ့ဂုဏ်သိက္ခာလေးကို နည်းနည်းပါးပါးလေး ထည့်စဉ်းစားပါဦး…”

“နင့်ဂုဏ်သိက္ခာ…” ကျိုဖုန်းသည် လီဝူရီအား စူးရဲစွာစိုက်ကြည့်ရင်း သွားကြားထဲမှ ထွက်သည့်လေသံဖြင့် ပြောလိုက်လေသည်။ “ဂုဏ်သိက္ခာဆိုတာ ကိုယ့်ဘာသာကိုယ် ရှာယူရတာ… အခြားလူတွေက ပေးတာမဟုတ်ဘူး… နင်ဂုဏ်သိက္ခာရှိရှိနဲ့ နေချင်ရင် ငါ့ကိုကောင်းကောင်းဆက်ဆံ… နားလည်လား…”

“နားလည်ပါပြီ… နားလည်ပါပြီ… နားလည်ပါပြီ…” လီဝူရီသည် ကြက်အစာကောက်သည့်နှယ် သူ့ခေါင်းအား အဆက်မပြတ် ညိတ်နေခဲ့လေသည်။

“စကားပြောမယ်ဆိုလည်း နည်းနည်း သိမ်သိမ်မွေ့မွေ့လေးတော့ ပြောပါဦး... အခု ငါ့ကို ပြန်ချပေးလို့ရပြီလား”

“သိမ်သိမ်မွေ့မွေ့လေး…” ကျိုဖုန်းသည် ဒေါမာန်တကြီးဖြင့် ထအော်ပြောလေသည်။ “အဲ့သိမ်မွေ့တာက ဘာကောင်းတာမို့လို့လဲ… စားလို့ရတာမို့လို့လား…”

လီဝူရီက မျက်နှာကြီးမဲ့လျက် ရန်ကိုင့်တို့ဘက်သို့ သနားစဖွယ်ကြည့်ရင်း “ရှောင်ချီ… ငါ့ကိုကယ်ပါဦး…”

“ရှင် ကျွန်မကိုမတွေ့ဘူး… ရှင် ကျွန်မကိုမတွေ့ဘူး… ရှင် ကျွန်မကိုမတွေ့ဘူး…” မိုရှောင်ချီသည် ရန်ကိုင့်နောက်တွင် ပုန်းကွယ်နေရင်း ထိုစာကြောင်းကို ထပ်တလဲလဲ ရေရွတ်နေခဲ့လေသည်။

“နင် နောက်တစ်ကြိမ် ငါ့ကို ဟင်းလင်းပြင်ထဲမှာ ထပ်ထားခဲ့ရဲ ထားခဲ့ကြည့် ငါ နင့်ကို လူစဉ်မမီအောင် လုပ်ပစ်မှာ…” ကျိုဖုန်းသည် အံကိုကြိတ်လျက် ခက်ထန်သည့်အမူအယာဖြင့် ပြောလိုက်လေသည်။

ကျိုဖုန်းပြောသည့်စကားကို ကြားပြီးသည့်နောက် လီဝူရီ သူ့ပေါင်နှစ်ဖက်ကို အလိုလို တင်းတင်းကြပ်ကြပ် စေ့မိလိုက်လေသည်။ ထို့နောက် အလျင်စလို တောင်းပန်လိုက်လေ၏။ “မလုပ်တော့ပါဘူး… မထားခဲ့တော့ပါဘူး… ဟုတ်ပြီလား… ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါနော် ဒေါ်လေးရယ်…”

“ဟမ့်…” ကျိုဖုန်းသည် လီဝူရီအား အမှိုက်ထုပ်တစ်ခုနှယ် လွှင့်ပစ်လိုက်လေသည်။ ထို့နောက် ရှက်သွေးဖြာနေသည့် မိန်းမပျိုလေးတစ်ဦး၏ ဟန်အမူအယာ လေသံမျိုးဖြင့် ထပ်ပြောလိုက်လေသည်။ “အဲ့လို အမှောင်ထုကြီးထဲမှ ပိတ်ခံထားရလို့ရှိရင် ဘယ်မိန်းကလေးက မကြောက်ပဲနေမှာလဲ… နင် အဲ့ဒါကိုတောင် မသိဘူးလား…”

ထိုသို့ပြောပြီးသည့်နောက်တွင် အောက်ဘက်အား ငုံ့ကြည့်လိုက်လေ။ ထို့နောက် ရန်ကိုင့်အား မြင်သွားခဲ့ပြီး လှပသည့် အမူအယာဖြင့် နှုတ်ဆက်လိုက်လေသည်။ “ဟင်… မောင်လေးပါလား… ထပ်တွေ့ပြန်ပြီနော်… ငါတို့က တကယ်ကို ရေစက်ပါတာပဲ…”

ရန်ကိုင်သည် ရေခဲကန်ထဲသို့ ရောက်နေသည့်အလား တောင့်တောင့်ကြီးဖြင့် တံတွေးတစ်လုပ်ကို ခက်ခက်ခဲခဲ မျိုချလိုက်ရလေသည်။ လီဝူရီနှင့် ကျိုဖုန်းတို့အကြောင်းကို စကြားစဉ်က ရန်ကိုင့်ခမျာ ထိုနှစ်ဦးအား အတော်လေးကိုမှ အထင်ကြီးလေးစားခဲ့ရသလို သူတို့နှင့်ပတ်သက်၍ အထင်အမြင်ကောင်းများ ရှိခဲ့ရပေသည်။ သို့သော်ငြား လက်ရှိ အဖြစ်အပျက်ကို မြင်ပြီးနောက် သူ့စိတ်ထဲရှိ ထိုနှစ်ဦး၏ ကြီးကျယ်မြင့်မြတ်လှသည့်ပုံရိပ် တစ်စစီ ကွဲကြေသွားခဲ့ရလေ၏။

သူ့စိတ်ထဲ မည်သို့ပင် မသက်မသာ ဖြစ်နေလင့်ကစား ရန်ကိုင်သည် လက်သီးဆုပ်လျက် အလေးအနက် အမူအယာဖြင့် ပြောလိုက်လေသည်။ “ဂျူနီယာရန်ကိုင် စီနီယာလီနဲ့ စီနီယာကျိုဖုန်းတို့ကို နှုတ်ဆက်ပါတယ်…”

လီဝူရီက ယဲ့ယဲ့လေး ပြုံးလိုက်လေသည်။ ထို့နောက် သူ့မျက်လုံးထဲ အေးစက်စက်အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး ပြန်၍ ပြောလိုက်လေ၏။ “မင်း ခုနတုန်းက ဘာတွေမြင်လိုက်လဲ…”

ရန်ကိုင်က အလေးအနက် အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “လေဟာနယ်နိယာစွမ်းအားတွေ ထွက်လာပြီး ကောင်းကင်တစ်ခုလုံး တွန့်လိမ်သွားတာကို မြင်လိုက်ပါတယ်… နောက်ဘာတွေဆက်ဖြစ်လဲဆိုကိုတော့ ကြည့်ဖို့ကြိုးစားလိုက်ပေမဲ့ ဟင်းလင်းပြင်တစ်ခုလုံးက ကသောင်းကနင်းဖြစ်နေတာရယ်၊ ဂျူနီယာရဲ့ခွန်အားကလည်း အရမ်းမြင့်မားခြင်း မရှိတာရယ်ကြောင့် ဘာမှမှမမြင်ခဲ့ရပါဘူး…”

“မင်းတော်တယ် မဆိုးဘူး… ရှောင်ချီ ကျွန်းပေါ်မှာတုန်းက မင်းအကြောင်း ခဏခဏ ပြောတာ ဒီဘုရင်ကြားဖူးတယ်… မင်းလည်း လေဟာနယ်တာအိုကို ကျွမ်းကျင်ထားတယ်ဆို…”

ရန်ကိုင်က ချက်ချင်းပြန်ပြောလိုက်လေသည်။ “ဂျူနီယာ အဲ့လောက် မကျွမ်းကျင်ပါဘူး… လေဟာနယ်တာအိုအကြောင်းကို နည်းနည်းပါးပါးလောက်ပဲ သိတာပါ… စီနီယာလိုပညာရှင်တစ်ယောက်ရှေ့မှာ ဂျူနီယာ ကိုယ့်ကိုယ်ကို ကြွားလုံးမထုတ်ရဲပါဘူး… အခွင့်အရေးရှိရင်တော့ စီနီယာဆီကနေ ညွှန်ကြားမှုရနိုင်ဖို့ ဒီဂျူနီယာ မျှော်လင့်နေမိပါတယ်…”

လီဝူရီက ဝမ်းပန်းတသာဖြင့် ပြုံးလျက် “ကောင်းတယ် ကောင်းတယ်… မင်း တကယ်တော်တယ်… နောက်ပိုင်း စိတ်ဝိဉာဉ်သားရဲကျွန်းကို ရောက်လာခဲ့ရင် ဒီဘုရင်ကို လာတွေ့လိုက်… ဒီဘုရင် မင်းကို စွမ်းရည်တစ်မျိုး သင်ပေးမယ်…”

ထိုစကားကိုကြားသော် ရန်ကိုင့်မှာ ဝမ်းသာသွားခဲ့ပြီး ချက်ချင်း ပြန်ပြောလိုက်လေသည်။ “စိတ်ဝိဉာဉ်သားရဲကျွန်းကိုရောက်မှ သင်ပေးစရာမလိုပါဘူး စီနီယာ… အခု သင်ပေးလိုက်လို့ ရပါတယ်…”

လီဝူရီက ပြုံးမြဲပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ကောင်လေး… သိပ်ပြီးတော့ အရှက်မမဲ့နဲ့ကွ… ဒီဘုရင်ရဲ့ပညာရပ်တွေကို မင်း သင်ချင်တိုင်းသင်လို့ရမယ်လို့ ထင်နေတာလား…”

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “စီနီယာက အရမ်းကပ်စေးနည်းတာပဲ… အဲ့ဒါဆိုလို့ရှိရင် ဂျူနီယာကိုသင်ပေးမယ်လို့ ဘာလို့ လာပြောနေသေးတာလဲ… တမင်သက်သက် ပျော်နေတဲ့စိတ်ကို မပျက် ပျက်အောင် လာလုပ်သွားတယ်…”

“မင်းဘာသာ ပျော်ပျော်မပျော်ပျော် ငါ့ကိစ္စမဟုတ်ဘူး…” လီဝူရီက အော်ရယ်မောလျက် “ဒီဘုရင်ပျော်နေသရွေ့ အကုန်လုံး အဆင်ပြေတယ်…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၅၁၁) မေးမြန်းစစ်ဆေးခြင်း

“တကယ်ကြီးလား… ဒါပေမဲ့ ဂျူနီယာက စိတ်မပျော်လို့ရှိရင် မဟုတ်တရုတ်တွေ လျှောက်ပြောတတ်တယ်နော် စီနီယာရဲ့… ဒီနေ့ဖြစ်သွားတဲ့ အကြောင်းအရာတွေကို ဂျူနီယာဘာသာ ဇာတ်လမ်းထွင်ပြီးတော့တောင် လျှောက်ပြောရင် ပြောမိသွားမှာ… အဲ့ဇာတ်လမ်းကို အရှေ့ဘက်နယ်မြေက စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေမှာရှိတဲ့ ပုံပြောတဲ့လူတွေကို သွားပေးပြီး ပြောခိုင်းလိုက်လို့ရှိရင် စီနီယာရဲ့ ဂုဏ်သတင်းနဲ့ ဂုဏ်သိက္ခာကတော့ ဟူး… မတွေးရဲစရာပဲ… အဲ့ဇာတ်လမ်းနဲ့ပတ်သက်ပြီး ဂျူနီယာ ခေါင်းစဉ်တစ်ခုကိုတောင် စဉ်းစားထားသေးတယ်… စီနီယာဘယ်လိုထင်လဲတော့မသိဘူး… ‘စိတ်ဝိဉာဉ်သားရဲကျွန်းပေါ်က ကျိုဖုန်းနှင့် သူမ၏ သစ္စာရှိအစေခံတို့ရဲ့ နေ့စဉ်ဘဝ’တဲ့”

လီဝူရီ ဒေါသူပုန်ထသွားလေသည်။ “ခုနတုန်းက မင်း ဘာမှမမြင်လိုက်ဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား ကောင်လေး… မင်းက ကိုယ့်စကားကိုယ် မတည်တဲ့ကောင်ပဲကွ…”

“အခုပြောမှပဲ ဂျူနီယာ ပြန်သတိရသွားတယ်… ဂျူနီယာ တကယ်ကြီး တစ်ခုခု မြင်လိုက်တယ် စီနီယာရဲ့…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။

“သောက်ကျင့်မကောင်းတဲ့ကောင်…” လီဝူရီက ပြန်ပြောလေသည်။

“ကျုပ်က အကျင့်ကောင်းတဲ့လူတစ်ယောက် ဖြစ်ချင်တာပါ … ဒါပေမယ့် ကံကြမ္မာက မျက်နှာသာမှမပေးတာကိုး…” ရန်ကိုင်က ပျင်းရိပျင်းတွဲလေသံဖြင့် တိုးတိုးလေး ရေရွတ်လိုက်လေသည်။

ကျိုဖုန်းမှာမူ ထိုမြင်ကွင်းကိုကြည့်ရင်း အူလှိမ့်အောင် ရယ်မောနေခဲ့လေသည်။

“ကောင်းပြီ ကောင်းပြီ ကောင်းပြီ…” လီဝူရီက အံကိုတင်းတင်းကြိတ်၍ ရန်ကိုင့်အား ကြည့်ရင်း ပြောလိုက်လေသည်။ “မင်းက ဒီဘုရင်ကို ရွေးချယ်စရာမရှိအောင် လုပ်လိုက်တာပဲ… ကောင်းပြီလေ… ရော့ ဒါကိုယူလိုက်…”

ပြောပြီးသည့်နောက် သူ့လက်ကို ဝှေ့ယမ်းချလိုက်ရာ အလင်းတန်းတစ်ခု ရန်ကိုင့်ဆီသို့ ပျံသန်းသွားလေ၏။

ထိုအလင်းတန်းကိုကြည့်ရင်း ရန်ကိုင် မျက်ခုံးပင့်လိုက်လေသည်။ ရှောင်တော့မရှောင်ခဲ့ပေ။ ထို့အစား သူ့လက်ကို ဆန့်ထုတ်၍ တိုးဝင်လာနေသည့် အလင်းတန်းကို လှမ်းဆွဲယူလိုက်လေ၏။ အလင်းတန်းကို လှမ်းကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင့်၏ခန္ဓာကိုယ် မသိမသာလေး တုန်တက်သွားခဲ့လေသည်။ သို့သော်ငြား ချက်ချင်း မျက်လုံးမှေးစင်းလျက် သူ့လက်ထဲတွင် ပါလာသည့်ပစ္စည်းကို အလျင်အမြန် ကောက်သိမ်းလိုက်လေ၏။

“အခု ဒီဘုရင် ဘယ်လောက် အားကောင်းလဲ မင်းသိပြီလား… ဒီဘုရင်အကြောင်း မဟုတ်တရုတ်တွေ မင်း လျှောက်ပြောရဲ ပြောကြည့်ပေါ့ကွာ…” လီဝူရီက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။

ရန်ကိုင်က ပြုံးဖြီးဖြီးဖြင့် လက်သီးဆုပ်လျက် ပြန်ပြောလိုက်လေသည်။ “ဂျူနီယာရဲ့ ကျင့်ကြံခြင်းက စီနီယာရဲ့ ခြေဖျားကိုတောင် မမီသေးပါဘူး… အစောပိုင်းက ရိုင်းပျမိသလို ဖြစ်သွားခဲ့လို့ရှိရင် ခွင့်လွှတ်ပေးဖို့ စီနီယာလီကို တောင်းဆိုပါတယ်…”

လီဝူရီက လက်ဝှေ့ယမ်းလျက် “ဒီဘုရင်က သဘောထားသေးသိမ်တဲ့လူမဟုတ်ဘူး… မင်းတို့လို့ ဂျူနီယာတွေနဲ့ ပြိုင်ပြီး ရန်ဖြစ်မနေဘူး…”

ကျိုဖုန်းက ရန်ကိုင်နှင့် လီဝူရီတို့ကို ကြည့်ရင်း ပြောလိုက်လေသည်။ “နင်တို့နှစ်ယောက်က တကယ်ကို စကားကောင်းနေကြတာပဲ…”

လီဝူရီက နှာခေါင်းရှုံ့လျက် “ငါက ကိုယ့်ကိုယ်ကို အထင်ကြီးပြီး သွေးနားထင်ရောက်နေတဲ့ ကောင်လေးတစ်ယောက်ကို သူ့အကြောင်းသူသိသွားအောင် နည်းနည်းပါးပါးလေး သင်ပြပေးလိုက်ရုံပဲ… ဒေါ်လေး တစ်ခုခုပြောချင်တယ်ဆိုလို့ရှိရင် ဒီလီ ဝမ်းပန်းတသာနဲ့ နားထောင်ပေးပါမယ်…”

ကျိုဖုန်းသည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ရန်ကိုင့်ဆီသို့ လှမ်းကြည့်လိုက်လေသည်။ အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက်တွင် ပြောလိုက်လေသည်။ “ငါတို့ အရင်တစ်ကြိမ်တွေ့တုန်းက နင် တာအိုသခင် ပထမအဆင့်ပဲ ရှိသေးတာနော်… ဒီလောက်အချိန်လေးအတွင်း ဧကရာဇ်အဆင့်ကို ရောက်လာမယ်လို့ မထင်ထားဘူး… ဒီဘုရင်မ နင့်ကို အထင်သေးမိလိုက်တာပဲ…”

အစစ်အမှန်ပါရမီရှင်တစ်ဦးသည်သာ တာအိုသခင်ပထမအဆင့်မှ ဧကရာဇ်ပထမအဆင့်သို့ ဤမျှ အချိန်တိုအတွင်း တက်လှမ်းနိုင်ပေလိမ့်မည်။ ထို့အပြင် မြင့်မားသော ပါရမီကို ပိုင်ဆိုင်ထားမှသာလျှင် ဧကရာဇ်အဆင့် ကျင့်ကြံခြင်းကိုလည်း ဤမျှ အချိန်တိုတိုအတွင်း သိပ်သည်းကျစ်လျစ်သွားအောင် လုပ်နိုင်ပေလိမ့်မည်။

“စီနီယာ ချီးကျူးလွန်းနေပါပြီ… ဂျူနီယာက ကံကြမ္မာမျက်နှာသာပေးပြီး အခွင့်အလမ်းအချို့နဲ့ ကြုံခဲ့ရလို့ အခုလိုမျိုး မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်တာပါ…” ရန်ကိုင်က သူ့ကိုယ်သူနှိမ့်ချလျက် ပြန်ပြောလိုက်လေသည်။

ကျိုဖုန်းက ပြန်ပြောလိုက်လေ၏။ “ဒါပေမဲ့ ဧကရာဇ်ပထမအဆင့်ဆိုတာ သိုင်းတာအိုရဲ့ အထွဋ်အထိပ်ကို ရောက်ဖို့အတွက် ပထမဦးဆုံး ခြေတစ်လှမ်းပဲ ရှိသေးတယ်… နင့်မှာ သွားစရာလမ်းကြောင်း အဝေးကြီးကျန်သေးတယ်… အရမ်းကြီး ဝမ်းသာစောမနေနဲ့ဦး။ သေချာအားစိုက်ကျင့်ကြံဖို့သာ အာရုံစိုက်…”

ရန်ကိုင်က ကျိုဖုန်းအား အလေးအနက်အမူအယာဖြင့် စိုက်ကြည့်၍ အလျင်အမြန် ပြန်ပြောလိုက်လေသည်။ “စီနီယာပေးတဲ့အကြံကို ဂျူနီယာ သေချာမှတ်သားထားပါမယ်…”

ထိုသို့ပြောပြီးသည့်နောက်တွင် ကျိုဖုန်းက အသာအယာ ခေါင်းညိတ်လျက် ရန်ကိုင့်၏နောက်ဘက်သို့ စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။ ထို့နောက် ချောက်ခြားဖွယ်ရာ အရှိန်အဝါကို ထုတ်လွှတ်လျက် အေးစက်စက်လေသံဖြင့် ပြောလိုက်လေ၏။ “နက်ဆက်ပြီး ပုန်းနေချင်သေးတာလား…”

မိုရှောင်ချီသည် စိတ်မပါလက်မပါ အမူအရာဖြင့် ရန်ကိုင်၏ နောက်ဘက်ဆီမှ မလာချင်လာချင်ဖြင့် ထွက်လာခဲ့လေသည်။ ထို့နောက် နှုတ်ခမ်းလေးစူလျက် ထွက်ပြေးရန် နည်းလမ်းရှာနေသည့်အလား ဘေးပတ်ဝန်းကျင်အား ကျီးကန်းတောင်းမှောက် လှည့်ပတ်ကြည့်နေခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ကျိုဖုန်းမှာ ရယ်လည်း ရယ်ချင်မိသလို ဒေါသလည်း ထွက်မိလေသည်။ “နင် သူ့နောက်မှာ ပုန်းနေတာကို နင့်ဦးလေးလီနဲ့ ဒေါ်လေးဖုန်းတို့ နင့်ကို မတွေ့ဘူးထင်နေတာလား… ငါတို့ကပဲ ကန်းနေတာလား နင်ကပဲ တုံးနေတာလား…”

မိုရှောင်ချီက ဒေါမာန်တကြီးဖြင့် ပြန်ပြောလိုက်လေ၏။ “ဒေါ်လေးဖုန်းတို့က အဲ့လောက်တောင်အားကောင်းနေတာ ကျွန်မ ပုန်းပုန်းမပုန်းပုန်း ဘာမှ မထူးတော့ဘူးလေ…”

“နင် ငါ့ကို ပြန်ပြောရဲတယ်ပေါ့…” ကျိုဖုန်းက မျက်ခုံးပင့်လျက် အော်ပြောလိုက်လေသည်။ “ကြည့်ရတာ နင် အရိုက်ခံချင်နေပြီနဲ့တူတယ်…”

မိုရှောင်ချီသည် နှုတ်ခမ်းလေးစူလျက် လီဝူရီအား သနားစဖွယ်ကြည့်ရင်း ပြောလိုက်လေသည်။ “ဦိးလေးလီ… ဒေါ်လေးဖုန်း သမီးကို ထပ်ရိုက်ချင်နေတယ်… သမီးကို ကူညီပေးပါဦး…”

“သူရိုက်ရဲလား…” လီဝူရီမှာ ဒေါသထွက်သွားခဲ့ပြီး သူ့အရှိန်အဝါမှာ ချက်ချင်း ဖြာထွက်လာခဲ့လေသည်။ အစောပိုင်းက အားနည်းဖျော့တော့သည့် သူ့ပုံစံနှင့် ယှဉ်လိုက်သော် လုံးဝကို ကွာခြားနေခဲ့လေသည်။

သူ့ပုံစံကြောင့် ရန်ကိုင့်မှာ ကြိတ်၍ အံ့အားသင့်သွားခဲ့ရသည်။

“ဟမ်…” ကျိုဖုန်းသည် မိုရှောင်ချီအား စိုက်ကြည့်နေရင်းမှ လီဝူရီဘက်သို့ မသိမသာလေး စောင်းကြည့်လာခဲ့လေသည်။

လီဝူရီက နှာခေါင်းရှုံ့လျက် “ကြောက်မနေနဲ့ ရှောင်ချီ… သူနင့်ကို ရိုက်ရဲလို့ရှိရင် ငါ… ငါ…”

“နင် ဘာလုပ်မှာလဲ…” ကျိုဖုန်းသည် လီဝူရီအား ယဲ့ယဲ့လေးပြုံးကာ ကြည့်လိုက်လေသည်။

လီဝူရီက ယဲ့ယဲ့လေးပြုံးလျက် “နင် သူ့ကို စိတ်ကြိုက်ရိုက်လို့ရအောင် ငါ ရှောင်ချီကို နင့်ဆီ ဆွဲခေါ်လာပေးမှာပေါ့…”

“ဟင်းးးး…”

ရန်ကိုင့်ဘေးတွင် ရပ်နေသော မိုရှောင်ချီမှာ ထိုမြင်ကွင်းကိုကြည့်ရင်း အံကိုတင်းတင်းကြိတ်နေခဲ့လေသည်။

ထိုအခိုက်အတန့်တွင် လီဝူရီသည် မိုရှောင်ချီအား အလေးအနက်အမူအယာဖြင့် စိုက်ကြည့်လိုက်လေ၏။ ထို့နောက် သူ့အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ကောက်မေးလိုက်လေသည်။ “ရှောင်ချီ… နင့်ရဲ့ချိတ်စည်းကို ဖြေလိုက်တာလား…”

“ဘာ…” ထိုစကားကို ကြားပြီးနောက် ကျိုဖုန်းသည် အလန့်တကြား ထခုန်လျက် မိုရှောင်ချီဆီသို့ ချက်ချင်း ပြေးသွားလေ၏။ ထို့နောက် မိုရှောင်ချီ၏လက်ကို ကိုင်ကာ အသေအချာ စစ်ဆေးကြည့်လေသည်။

မကြာမီတွင် မိုရှောင်ချီမှ သူမ၏ချိတ်စည်းအား ဖြေလိုက်ကြောင်းကို ကျိုဖုန်း ရှာတွေ့သွားခဲ့လေသည်။ သူမမျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး ချက်ချင်း မေးတော့လေ၏ “နင့်ချိတ်စည်းကို ဘာဖြစ်လို့ ဖြေလိုက်တာလဲ… နင် အသက်အန္တရာယ်တစ်ခုခုနဲ့ ကြုံရလို့လား… ငါ့ကိုပြော ဘယ်သူတောင်းစားက နင့်ကို တိုက်ခိုက်ရဲတာလဲဆိုတာ…”

ချက်ချင်းဆိုသလို ကျိုဖုန်းဆီမှ ကြောက်မက်ဖွယ်ရာ ဧကရာဇ်ဖိအားတစ်ရပ် ဖြာထွက်လာခဲ့လေသည်။

ရန်ကိုင့်မှာ ကတုန်ကယင်ဖြင့် ကျိုဖုန်းအနီးမှ ခပ်လှမ်းလှမ်းသို့ ဆုတ်သွားခဲ့ရသည်။ သို့တိုင် သူ့ရင်မှာ တဒုန်းဒုန်းခုန်နေပြီး အသက်ကိုပင် ကောင်းကောင်း မရှူနိုင်ချေ။

ကျန်းရို့ရှီမှာ အထိတ်တလန့်အော်ဟစ်ရင်း ရန်ကိုင့်ထက် ပိုဝေးဝေးသို့ပင် ဆုတ်သွားခဲ့လေသည်။

“ဘယ်သူလဲ… ဒေါ်လေးဖုန်းကိုပြောပြ… ဒေါ်လေးဖုန်း သူ့မိသားစုတစ်ခုလုံးကို သွားရှင်းပစ်လိုက်မယ်…” ကျိုဖုန်းက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ပြောလိုက်လေ၏။

ထိုမြင်ကွင်းကိုကြည့်ရင်း လီဝူရီ၏ မျက်နှာတစ်ပြင်လုံးမှာလည်း ရေခဲစများပင် ကပ်ညိတော့မည့်အလား အလွန်တရာကိုမှ အေးစက်နေခဲ့လေသည်။ လီဝူရီသည် ကျိုဖုန်းကဲ့သို့ ခြိမ်းခြောက်စကားများကို မပြောခဲ့ဘဲ တိတ်တိတ်သာ နေနေပါသော်ငြား သူ့ဆီမှ ဖြာထွက်လာသည့် သတ်ဖြတ်လိုစိတ်သည် ကျိုဖုန်း၏ သတ်ဖြတ်လိုစိတ်ထက်ပင် ပို၍ အားကောင်းနေပေသည်။

မိုရှောင်ချီ၏ နတ်ဝိဉာဉ်ချိတ်စည်းမှာ သူမ၏ အဆုံးစွန်သော ဝှက်ဖဲတစ်ခုဖြစ်လေရာ သေရေးရှင်ရေးနှင့်သာ မကြုံတွေ့ရပါက မိုရှောင်ချီအနေဖြင့် ထိုချိတ်စည်းကို ဖြေလိမ့်မည်မဟုတ်ချေ။

ထိုပညာရှင်နှစ်ဦးစလုံးမှာ မိုရှောင်ချီအား ငယ်ရွယ်စဉ်ကတည်းက ပြုစုပျိုးထောင်လာပေးခဲ့ကြသူများ ဖြစ်ကြသဖြင့် မိုရှောင်ချီ အနိုင်ကျင့်ခံနေရသည်ကို မည်ကဲ့သို့များ ရပ်ကြည့်နေနိုင်ပါမည်နည်း။ ထို့အတွက်ကြောင့် မိုရှောင်ချီမှ သူမ၏ နတ်ဝိဉာဉ်ချိတ်စည်းအား ဖြေလိုက်သည်ကို တွေ့ရှိလိုက်ရသော် နှစ်ဦးစလုံး ပျာယာခတ်သွားကုန်ကြလေသည်။

မိုရှောင်ချီမှာ ထိုနှစ်ဦး၏ ကြောက်မက်ဖွယ်ရာ အမူအယာကိုကြည့်ရင်း နှုတ်ခမ်းလေးကို ကိုက်လျက် တိုးတိုးလေးရေရွတ်လိုက်လေသည်။ “ဘယ်သူမှ ကျွန်မကို သတ်ဖို့ကြိုးစားတာမဟုတ်ဘူး… ကျွန်မ မတော်တဆ ဒီအတိုင်း ဖြေလိုက်မိတာ….”

“မဖြစ်နိုင်ဘူး…” ကျိုဖုန်းက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “အဲ့ကောင်းကင်ပုံရိပ်ယောင်လိပ်ပြာရဲ့ဝိဉာဉ်ကို လူကြီးမင်းကိုယ်တိုင် လောင်ကျွမ်းနေသောလသက်တန့်ပန်းချိတ်စည်းကိုသုံးပြီး ချိတ်ပိတ်ပေးခဲ့တာ… နင်အသက်အန္တရာယ်နဲ့ ကြုံနေမှပဲ အဲ့စည်းက ပွင့်လာမှာ… ဒီအတိုင်း ပွင့်စရာအကြောင်း မရှိဘူး…”

လီဝူရီက ချော့မြူ၍ပြောဆိုလိုက်လေသည်။ “ရှောင်ချီက လိမ္မာပါတယ်… လာ… ဦးလေးလီနဲ့ ဒေါ်လေးဖုန်းတို့ကို ဘာတွေဖြစ်သွားလဲ ပြောပြလေ... နော်”

“တကယ် ဘာမှဖြစ်မသွားဘူး… မတော်တဆ ဖြစ်သွားတာ…” မိုရှောင်ချီမှာ သူမလက်ကို ကမန်းကတန်း ဝှေ့ယမ်းရင်း ပြန်ပြောလိုက်လေသည်။

မိုရှောင်ချီ ဤမျှ အသည်းအသန် ငြင်းဆန်နေသည့် ပုံစံကိုကြည့်ရင်း နောက်ကွယ်၌ အကြောင်းအရင်းတစ်ခု ရှိရလိမ့်မည်မှန်း ကျိုဖုန်း ခန့်မှန်းမိသွားခဲ့လေသည်။ ထို့ကြောင့် မိုရှောင်ချီအား မေးမနေတော့ဘဲ ရန်ကိုင့်ဘက်သို့ လှည့်၍ မေးလိုက်လေသည်။ “ကောင်လေး… နင်က မိုရှောင်ချီနဲ့ အတူရှိနေတာဆိုတော့ နင်တို့နှစ်ယောက် ကြယ်ပျက်ပင်လယ်ထဲမှာ အတူတူရှိခဲ့မှာပေါ့၊ ဟုတ်တယ်မလား... အဲ့မှာ ဘာတွေဖြစ်သွားတာလဲ ဒီဘုရင်မကို ပြောပြစမ်း…”

ရန်ကိုင်က သက်ပြင်းချလျက် ပြောပြလိုက်လေ၏။ “စီနီယာတို့နှစ်ယောက် ကျေးဇူးပြုပြီး နားလည်မှုမလွဲကြပါနဲ့... ညီမရှောင်ချီ အဲ့ချိတ်စည်းကိုဖြေလိုက်တာ ဂျူနီယာကြောင့်ပါ…”

“မင်းကြောင့်…” လီဝူရီ မျက်မှောင်ကြုတ်သွားခဲ့လေသည်။ “မင်း ရှောင်ချီကိုသတ်ဖို့ ကြိုးစားခဲ့တာလား…”

(အဲ့ဒါတော့ မဖြစ်နိုင်ဘူး… ရှောင်ချီက နည်းနည်းတုံးအသလို ဖြစ်တယ်ဆိုပေမဲ့ အရူးတစ်ယောက်တော့ မဟုတ်ဘူး… ဒီကောင်သာ သူ့ကိုသတ်ဖို့ကြိုးစားရင် ဘယ်လိုလုပ်ပြီး သူနဲ့ အတူရှိနေဦးမှာလဲ… သူ့ဆီကနေ ထွက်ပြေးသွားတာ ကြာပြီပေါ့…)

ကျိုဖုန်းက အေးစက်စက်လေသံဖြင့် ပြောလိုက်လေ၏။ “သေချာရှင်းပြ…”

ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီး သူသေသွားပြီဟု အထင်ရောက်လျက် မိုရှောင်ချီ စိတ်လွတ်သွားသည့်အကြောင်းစုံကို ရှင်းပြလိုက်လေသည်။ ထို့နောက် နတ်ဝိဉာဉ်ချိတ်စည်း ပြေသွားခဲ့ပြီး နောက်ဘာဆက်ဖြစ်သွားသလဲ ဆိုသည်ကိုပါ ဆက်၍ ရှင်းပြလိုက်လေ၏။

ရန်ကိုင့်ဘက်မှ ရှင်းပြပြီးသွားသည့်နောက် ကျိုဖုန်းနှင့် လီဝူရီတို့နှစ်ဦးစလုံး အံ့အားသင့်နေသည့်အမူအယာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြလေသည်။

မိုရှောင်ချီ သူမ၏ နတ်ဝိဉာဉ်ချိတ်စည်းအား ဖြေလိုက်ရခြင်းမှာ အခြားလူတစ်ဦး ဒုက္ခရောက်နေသည့် အတွက်ကြောင့် ဖြစ်လိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ချေ။ ထို့နောက် လူကြီးမင်းကိုယ်တိုင်မှ ရှောင်ချီသည် အသက်အန္တရာယ်တစ်ခုခုနှင့် ရင်ဆိုင်ခံစားမိသော် ချိတ်စည်းမှာ ပြေသွားလိမ့်မည်ဟု ပြောပြခဲ့သည်ကို ပြန်သတိရသွားခဲ့လေသည်။ မည်သူအသက်အန္တရာယ်နှင့် ရင်ဆိုင်နေရမလဲဆိုသည်ကိုတော့ အတိအကျ ပြောမပြသွားခဲ့ပေ။

ထိုသို့သာဆိုလျှင် ရှောင်ချီသည် ဤကောင်လေးကို အလွန်နှစ်သက်ရပေလိမ့်မည်။ ထို့ကြောင့်သာ သူသေသွားပြီဟု ထင်လိုက်ချိန် သူမ၏ချိတ်စည်းကို ဖြေလိုက်မိခြင်း ဖြစ်ပေသည်။

ထို့နောက် နှစ်ဦးစလုံးသည် ရန်ကိုင့်အား ရက်စက်ကြမ်းကြုတ်သည့် အကြည့်များဖြင့် စိုက်ကြည့်လာခဲ့လေသည်။

ထိုနှစ်ဦး၏ အကြည့်ကို ခံစားမိလိုက်သော် ရန်ကိုင့်တစ်ကိုယ်လုံး တုန်ရီသွားခဲ့ပြီး စကားတစ်ခွန်းပင် ပြန်မပြောရဲတော့ချေ။

“ဒါဆိုရင် နတ်ဝိဉာဉ်ချိတ်စည်းကို ဘယ်လိုပြန်ချိတ်ပိတ်လိုက်တာလဲ… ချိတ်ပိတ်ထားတဲ့နည်းစနစ်က လူကြီးမင်းရဲ့ နည်းစနစ်နဲ့မတူဘူး.. ဒါပေမဲ့ အရမ်းဆန်းကြယ်လွန်းတယ်.. နင် ပြန်ချိတ်ပိတ်လိုက်တာလား…” ကျိုဖုန်းက ရန်ကိုင့်အား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်ရင်း ပြောလိုက်လေ၏။

ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ဂျူနီယာ အဲ့လိုမျိုး မလုပ်နိုင်ပါဘူး.. အခြားတစ်ယောက် လုပ်သွားခဲ့တာပါ…”

“အို…” လီဝူရီ ရုတ်တရက် စိတ်ဝင်စားလာခဲ့လေသည်။ “လူငယ်မျိုးဆက်ထဲမှာ နတ်သားရဲတစ်ကောင်ရဲ့ဝိဉာဉ်ကို ချိတ်ပိတ်ပေးနိုင်တဲ့လူ ရှိနေတာလား… ဘယ်သူလဲ ငါ့ကို ပြောပြစမ်းပါဦး…”

“အဲ့လူက ဂျူနီယာတစ်ဦးမဟုတ်ပါဘူး… အဲ့လူက…” ရန်ကိုင်၏ပါးစပ် မဲ့သွားခဲ့လေသည်။ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် လီဝူရီနှင့် ကျိုဖုန်းတို့သာကြားအောင် ပြောပြလိုက်လေသည်။

ရန်ကိုင်ပြောပြသည်ကို ကြားပြီးသည့်နောက် လီဝူရီနှင့် ကျိုဖုန်းတို့နှစ်ဦးစလုံး ပျာယာခတ်သွားခဲ့ပြီး ရန်ကိုင့်အား ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်လိုက်ကြလေသည်။

ရန်ကိုင်က ဆက်ပြောလိုက်လေ၏။ “ဟုတ်တယ်… စီနီယာတို့နှစ်ယောက် ထင်နေတဲ့လူပဲ…”

“မဖြစ်နိုင်ဘူး…” ကျိုဖုန်းက ထအော်လေသည်။ “ကြယ်ပျက်ပင်လယ်ထဲကို ဧကရာဇ်အဆင့်တွေမှ ဝင်လို့မရတာ… အဲ့လူကြီးမင်းရဲ့ ခွန်အားက အရမ်းမြင့်မားတယ်ဆိုရင်တောင် ကန့်သတ်ချက်ကို ချိုးဖြတ်လို့မရဘူး…”

လီဝူရီမှာမူ အတွေးနက်နေခဲ့လေသည်။ “ဟုတ်တယ်… အဲ့လူကြီးမင်းက ပုံမှန်အားဖြင့် ဘယ်လိုမှကို လူလုံးထွက်ပြတာမဟုတ်ဘူး… အဲ့ဒါကို ဘာဖြစ်လို့ ကြယ်ပျက်ပင်လယ်ထဲမှာ ပေါ်လာရတာလဲ… အဲ့ထဲက အမြုတေစွမ်းအားတွေက မက်မောဖွယ်ရာ ကောင်းတယ်ဆိုပေမဲ့ အဲ့လူကြီးမင်းအတွက်ဆိုရင် ဘာမှမဟုတ်ဘူး…”

ရန်ကိုင်လည်း တစ်ခဏမျှကြာအောင် စဉ်းစားနေပြီးသည့်နောက် အလေးအနက်အမူအယာဖြင့် ဆက်ပြောလိုက်လေသည်။ “ဒီကိစ္စကို အခြားလူတစ်ယောက်ယောက်သာ လာမေးမယ်ဆိုရင်တော့ ဂျူနီယာ ဘယ်လိုမှ ဆက်ပြောပြမှာမဟုတ်ဘူး… တကယ်တော့ ဒီကိစ္စက ပြောလို့ကောင်းတဲ့ကိစ္စမဟုတ်ဘူးလေ… ဒါပေမဲ့ စီနီယာတို့နှစ်ဦးက စိတ်ဝိဉာဉ်သားရဲကျွန်းက လူတွေဆိုတော့ ဂျူနီယာလည်း သိထားသလောက်ကို ပြောပြပေးပါ့မယ်… စီနီယာတို့နှစ်ယောက် ဒီအကြောင်းကို သားရဲသခင်မဟာဧကရာဇ်ဆီ ပြန်ပြောပြပေးမယ်လို့လည်း မျှော်လင့်ပါတယ်… အဲ့ဒါဆိုလို့ရှိရင် သားရဲသခင်မဟာဧကရာဇ် အကူအညီပေးကောင်းပေးနိုင်မှာ…”

“ကူညီပေးဖို့… ဘာကို ကူညီပေးရမှာလဲ…” ကျိုဖုန်းသည် ရန်ကိုင့်အား မယုံသင်္ကာဖြင့် ကြည့်လိုက်လေသည်။

“ကောင်လေး.. ပြောစရာရှိတာကိုသာ ပြောစမ်းကွာ..” လီဝူရီသည် ရန်ကိုင့်အား စိတ်မရှည်ဟန်ဖြင့် ပြောလိုက်လေသည်။

All Chapters