အခန်း (၂၅၁၂-၂၅၁၄)
Vol. 104 Ch. 2512-2514
အပိုင်း (၂၅၁၂) ဖီးနစ်ကလန်အမွေအနှစ်
ရန်ကိုင်မှ လီဝူရီနှင့် ကျိုဖုန်းတို့အား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ဆက်သွယ်နေစဉ် မိုရှောင်ချီနှင့် ကျန်းရို့ရှီတို့မှာတော့ ရန်ကိုင့်၏ပါးစပ်နှုတ်ခမ်းများ လှုပ်သွားသည်ကိုသာ မြင်နေရလေသည်။ ရန်ကိုင့်၏နှုတ်ခမ်းများ လှုပ်သွားပြီးသည့်နောက် ဧကရာဇ်အဆင့် ပညာရှင်နှစ်ဦးစလုံး၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။ ထို့နောက် နှစ်ဦးစလုံး၏ အမူအရာမှာ အဆက်မပြတ်ကို ပြောင်းလဲနေတော့လေ၏။
မကြာမကြာ လီဝူရီနှင့် ကျိုဖုန်းသည် ရန်ကိုင့်အား မေးခွန်းများ လှမ်းလှမ်းမေးတတ်လေသည်။ ထိုမေးခွန်းများကို ရန်ကိုင်က စိတ်ရှည်ရှည်ဖြင့် ပြန်ဖြေပေးလေ၏။
“သူတို့တွေ ဘာအကြောင်း ပြောနေကြတာလဲ…” မိုရှောင်ချီက ကျန်းရို့ရှီကို မသိမသာလေး မေးလိုက်လေသည်။
ကျန်းရို့ရှီကမူ သူမ မသိကြောင်း ခေါင်းသာ ခါပြလေ၏။
မိုရှောင်ချီက ဆက်ပြောလိုက်လေသည်။ “ငါ သတိလစ်သွားတဲ့နောက်ပိုင်း ကြယ်ပျက်ပင်လယ်ထဲမှာ ဘာတွေဖြစ်သွားလဲဆိုတာကို ငါ တကယ်သိချင်လာပြီ… နင်ရောသိလား…”
ကျန်းရို့ရှီက ခေါင်းခါလျက် တိုးတိုးလေးပြောလိုက်လေသည်။ “ငါလည်း နင်နဲ့တစ်ချိန်တည်း သတိလစ်သွားတာ… ငါနိုးလာတဲ့အချိန် ဒီကိုရောက်နေတာပဲသိတယ်…”
မိန်းကလေးနှစ်ဦးစလုံးမှာ တစ်ဦးကိုတစ်ဦး ကရုဏာသက်နေမိကြလေသည်။
“ဘယ်လိုလုပ်ပြီး အဲ့လိုကိစ္စမျိုး ဖြစ်သွားတာလဲ…” နောက်ဆုံးတွင် လီဝူရီမှာ သူ့အသံကို မထိန်းတော့ဘဲ အလေးအနက်အမူအယာဖြင့် အသံထွက်ကာ ပြောလိုက်လေသည်။
ကျိုဖုန်းမှာလည်း အလွန်ကိုမှ အံ့အားသင့်နေခဲ့လေသည်။ “ကြည့်ရတာ အဲ့လူကြီးမင်းရဲ့အခြေအနေက မကောင်းဘူးဆိုတော့ ငါတို့ ဒီကိစ္စကို လူကြီးမင်းဆီ ကျိန်းသေ ပြန်ပြောရမယ်… မိစ္ဆာကောင်ရဲ့ ဝိဉာဉ်နဲ့ ခန္ဓာကိုယ်တစ်ခုတည်းမှာ အတူတူနေနေရတာ အဲ့လူကြီးမင်းရဲ့ဘဝက လွယ်ကူနေမှာမဟုတ်တာ လုံးဝသေချာတယ်…”
ရန်ကိုင်က သက်ပြင်းချလျက် “စီနီယာတွမ့်ဟုန်ကတော့ ထွက်သွားပြီ… ဒါပေမဲ့ သူဘယ်ကိုထွက်သွားတယ်ဆိုတာကို ပြောပြမသွားဘူး… လူကြီးမင်းသားရဲသခင်သာ သူ့ကို ရှာနိုင်တယ်ဆိုရင်တော့ ကောင်းတာပေါ့… သူ့အသက်ကိုပဓာနမထားဘဲ ဒီလောကကြီးက လူတွေအကုန်လုံးအတွက် သူ့အသက်ကို စတေးပစ်ခဲ့တဲ့ စီနီယာတွမ့်ရဲ့လုပ်ရပ်ကို ဒီဂျူနီယာ တကယ်လေးစားတယ်… သူ့လိုလူတစ်ယောက် အခုလိုမျိုး တောက်လျှောက် နှိပ်စက်ခံနေရမှာကို ဂျူနီယာမကြည့်ရက်ဘူး…”
ကျိုဖုန်းက အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “စိတ်မပူနဲ့… ဒီကိစ္စနဲ့ပတ်သက်ပြီး ငါတို့လူကြီးမင်းက ဒီတိုင်းရပ်ကြည့်နေမှာမဟုတ်ဘူး… စိတ်ဝိဉာဉ်သားရဲကျွန်းကို ပြန်ရောက်တာနဲ့ ဒီအကြောင်းကို ကျိန်းသေ ပြန်ပြောပေးမယ်…”
ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ…”
သားရဲသခင်မဟာဧကရာဇ်သာ ကူညီပေးမည်ဆိုပါက သူတို့အနေဖြင့် တွမ့်ဟုန်ချန်ကို ရှာတွေ့လောက်ပေသည်။ တွမ့်ဟုန်ချန်၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ ကူညီပေးကောင်း ကူညီပေးနိုင်ပေသေးသည်။
“ကြယ်ပျက်ပင်လယ်ထဲမှာ အဲ့လိုကိစ္စမျိုး ဖြစ်သွားမယ်လို့ မထင်ထားဘူး… ဒါကြောင့် နယ်မြေလေးခုလုံးက လက်ရွေးစင်တပည့်တွေအကုန်လုံး ကြယ်ပျက်ပင်လယ်ထဲကနေ ရုတ်တရက် အပြင်ပြန်ပို့ခံလိုက်ရတာ… ငါတို့ရဲ့လူကြီးမင်းကတော့ ကြယ်ပျက်ပင်လယ်ထဲမှာ ငါတို့မသိတဲ့ကိစ္စတစ်ခုခု ဖြစ်သွားတာလို့တော့ ပြောတာပဲ… ဒါပေမဲ့ ဒီလိုကိစ္စမျိုး ဖြစ်မယ်လို့ မထင်ထားခဲ့ဘူး…” လီဝူရီက သက်ပြင်းချလိုက်လေသည်။
“သူတို့အကုန်လုံး လုံခြုံနေတာ ကံကောင်းသွားတယ်… အဲ့ကိစ္စကြောင့်သာ သူတို့တွေအကုန်လုံး သေသွားမယ်ဆိုရင်တော့…” ထိုအကြောင်းကိုတွေးလိုက်ရုံဖြင့် ကျိုဖုန်း ကြက်သီးမွေးညှင်းများ ထလာခဲ့လေသည်။
ထို့နောက်တွင် ရန်ကိုင့်အား မီးတောက်မတတ်အကြည့်ဖြင့် စိုက်ကြည့်လျက် ချက်ချင်း ခေါင်းစဉ်ပြောင်းလိုက်လေသည်။ “ကောင်လေး… ဒီဘုရင်မ ဒီကို ရောက်လာတည်းက နင့်ကို မေးချင်နေတဲ့ ကိစ္စတစ်ခု ရှိတယ်…” ထို့နောက်တွင် ဖီးနစ်ဥရှိနေသည့်ဘက်သို့ လက်ညှိုးထိုး၍ မေးလိုက်လေသည်။ “အဲ့ဥထဲကနေ ဘာဖြစ်လို့ ဖီးနစ်မီးတောက်ရဲ့ အရှိန်အဝါကို ဒီဘုရင်မ ခံစားနေရတာလဲ…”
လီဝူရီ အံ့အားသင့်သွားခဲ့လေသည်။ “ဖီးနစ်မီးတောက်…”
ထိုသို့ပြောပြီးသည့်နောက် လီဝူရီသည်လည်း ဖီးနစ်ဥဆီသို့ ချက်ချင်း လှမ်းကြည့်လိုက်လေသည်။ ဥမျက်နှာပြင်ထက်တွင် ရှိနေသော အင်းကွက်များကိုမြင်သော် အံ့အားသင့်နေသည့်လေသံဖြင့် ပြောလိုက်လေ၏။ “ဖီးနစ်ကလန်ရဲ့ အမွေအနှစ်…”
“စီနီယာသိတာလား…” ရန်ကိုင်က လီဝူရီအား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်လေသည်။
ရန်ကိုင့်မှာ ထိုဥကြီးသည် ဖီးနစ်ကလန်၏ အမွေအနှစ်မှန်းကို ဥပေါ်ရှိ အင်းကွက်များကို စစ်ဆေးနေရင်းမှ အသိစိတ်ပင်လယ်ထဲတွင် ဝိဉာဉ်အမျိုးအစား ပညာရပ်တစ်ခု၏ တိုက်ခိုက်ခြင်း ခံလိုက်ရသည့်အခါမှသာ သိခဲ့ရခြင်း ဖြစ်လေသည်။ လီဝူရီသည် ထိုအရာကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
လီဝူရီမှာ ဖီးနစ်ဥကိုကြည့်ရင်း တစ်ခဏကြာမျှ မင်သက်နေခဲ့လေသည်။ ထို့နောက်တွင် အသိပြန်ဝင်လာပြီး ရှင်းပြလိုက်လေ၏။ “စိတ်ဝိဉာဉ်သားရဲကျွန်းမှာ ဖီးနစ်ကလန်နဲ့ပတ်သက်တဲ့ မှတ်တမ်းတွေရှိတယ်… ပြီးတော့…” ထိုသို့ပြောပြီးသည့်နောက် ကျိုဖုန်းအား လှမ်းကြည့်လိုက်ပြီး ဆက်မပြောတော့ချေ။
ကျိုုဖုန်းက မေးခွန်းထုတ်လိုက်လေသည်။ “အဲ့ဒါ တကယ်ကြီး ဖီးနစ်မီးတောက်လား…”
ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။ “ဟုတ်ပါတယ်…”
“ကြယ်ပျက်ပင်လယ်ထဲမှာ ဖီးနစ်မီးတောက်တစ်ခုရှိတယ်လို့ ငါကြားဖူးတယ်… အဲ့မီးတောက်ကို သိုင်းမီးတောက်မဟာဧကရာဇ်က ပိုင်ဆိုင်ခဲ့တာတဲ့… အခု နင်ကလည်း ကြယ်ပျက်ပင်လယ်ထဲက ထွက်လာခဲ့တာဆိုတော့ ဖြစ်နိုင်တာက….” ကျိုဖုန်း ဖြစ်နိုင်ခြေတစ်ခုကို ချက်ချင်း စဉ်းစားမိသွားလေသည်။
“စီနီယာထင်တာအမှန်ပါပဲ… ဒီဖီးနစ်မီးတောက်က ဂျူနီယာ ကြယ်ပျက်ပင်လယ်ထဲကနေ ရလာတဲ့ သိုင်းမီးတောက်မဟာဧကရာဇ် သေသွားတဲ့နောက်ပိုင်း ကျန်ခဲ့တဲ့အရာပါ…” ရန်ကိုင်က ဖုံးကွယ်မနေဘဲ ရှင်းပြလိုက်လေသည်။
သူထင်ထားသည့်အတိုင်းပင် ရန်ကိုင့်၏စကားကို ကြားပြီးသည့်နောက် ကျိုဖုန်း သက်ပြင်းရှိုက်သွားလေ၏။ ထို့နောက် ဖီးနစ်ဥအား လေးစားအားကျနေသည့် အကြည့်ဖြင့် ကြည့်ရင်း မှတ်ချက်ပေးလိုက်လေသည်။ “ဖီးနစ်မီးတောက်ကိုရှာဖို့ ဒီဘုရင်မ ကြယ်ပျက်ပင်လယ်ထဲကို တစ်ကြိမ်မက သွားခဲ့ဖူးတယ်… ဒါပေမဲ့ တစ်ခါမှ ရှာမတွေ့ခဲ့ဘူး… အခုမှ လာမြင်ရမယ်လို့လည်း မထင်ထားခဲ့ဘူး…”
တစ်ချက်ရပ်ပြီးသည့်နောက် မျက်မှောင်ကြုတ်လျက် ပြောလိုက်လေသည်။ “ဖီးနစ်ဥဖြစ်သွားပြီဆိုတော့ တစ်ယောက်ယောက်က ဖီးနစ်မီးတောက်ကို သန့်စင်လိုက်တယ်ဆိုတဲ့သဘောပေါ့… ဘယ်သူကများ ဖီးနစ်မီးတောက် အသိအမှတ်ပြုတာကို ရသွားရတာလဲ..”
ရန်ကိုင်မပြောနိုင်သေးခင် မိုရှောင်ချီက ဖြတ်ပြောလိုက်လေသည်။ “အစ်မလျို့ယန်ပဲ…”
“အို…” ကျိုဖုန်း၏မျက်လုံးလေးများ တဖျတ်ဖျတ်တောက်ပလာခဲ့ပြီး “အဲ့မှော်ရတနာစိတ်ဝိဉာဉ်လား…”
သူမ၏အမူအယာနှင့်လေသံကို ကြည့်ရသလောက် မိုရှောင်ချီသည် လျို့ယန်အကြောင်းကို ကျိုဖုန်းအား ပြောပြထားပြီးသည့်ပုံပင်။ ထိုအတွက်ကြောင့် လျို့ယန်မှာ မှော်ရတနာစိတ်ဝိဉာဉ်ဖြစ်ကြောင်းကို သိနေခြင်း ဖြစ်လေသည်။
ထိုအခါ ကျိုဖုန်းက ချီးကျူးလိုက်လေ၏။ “သူ့လိုမှော်ရတနာစိတ်ဝိဉာဉ်တစ်ခုအနေနဲ့ ဖီးနစ်မီးတောက်ရဲ့ အသိအမှတ်ပြုခံရတာ တကယ်ကို ရေစက်ဆုံတာလို့ ပြောရမယ်… နီဗာနားစက်ဝန်းကို ဝင်ရောက်သွားပြီး ပြန်လည်မွေးဖွားလာနိုင်တဲ့တစ်နေ့ ဖီးနစ်ကလန်ရဲ့ အမွေအနှစ်ကို သူပိုင်ဆိုင်သွားလိမ့်မယ်… အဲ့ခါကျရင် သူ့မှာ ဖီးနစ်ကလန်ရဲ့ အဖွဲ့သားတစ်ယောက် ဖြစ်လာဖို့ အခွင့်အရေးရသွားပြီ…”
“စီနီယာကျိုဖုန်းကိုကြည့်ရတာ ဖီးနစ်ကလန်နဲ့ပတ်သက်ပြီး တော်တော်လေးသိထားတဲ့ပုံပဲနော်…” ရန်ကိုင်က ပြောလိုက်လေသည်။
“အတော်လေးသိထားတယ်…” ကျိုဖုန်းသည် ရန်ကိုင့်အား အထင်အမြင်တသေးဖြင့် ကြည့်လိုက်လေသည်။
ကျိုဖုန်း၏ တုံံ့ပြန်မှုကြောင့် ရန်ကိုင့်မှာ အနည်းငယ်ပျာယာခတ်သွားခဲ့ပြီး ပြန်မေးလိုက်လေသည်။ “ကျုပ်ပြောတာ မှားသွားလို့လား…”
မိုရှောင်ချီက ယဲ့ယဲ့လေးပြုံးလျက် “အစ်ကိုရန်… ဒေါ်လေးဖုန်းက ဖီးနစ်ကလန်ရဲ့ အရမ်းသန့်စင်တဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတာ… မူလဖီးနစ်ကလန်ရဲ့ လူတွေကလွဲလို့ ဘယ်သူမှ ဖီးနစ်ကလန်အကြောင်းကို သူ့ထက်ပိုမသိဘူး…”
“ဘယ်လို…” ရန်ကိုင် အံ့အားသင့်သွားလေ၏။ “စီနီယာကျိုဖုန်းက ဖီးနစ်ကလန်ရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတာလား….”
ရန်ကိုင့်မှာ ဤအကြောင်းကို ပထမဦးဆုံးအကြိမ်အဖြစ် ကြားဖူးခြင်း ဖြစ်လေသည်။ သို့သော်ငြား သေချာစဉ်းစားလိုက်သည့်အခိုက် ကျိုဖုန်း၏ နာမည်ထဲတွင် ပါနေသော ဖုန်းဟူသည့် စကားလုံးမှာ ဖီးနစ်ကို ကိုယ်စားပြုပေသည်။ ထို့အပြင် သူမဆီမှ ဖြာထွက်လာသည့် ခြစ်ခြစ်တောက်ပူလောင်သော စွမ်းအားမှာလည်း မီးဖီးနစ်၏စွမ်းအားနှင့် ပလဲပနံသင့်နေလေသည်။ ထို့အပြင် သူမသည် စိတ်ဝိဉာဉ်သားရဲကျွန်းမှ လာခြင်း ဖြစ်လေသည်။
ထိုအကြောင်းကိုကြားသော် ရန်ကိုင်က အလျင်စလို မေးလိုက်လေသည်။ “စီနီယာ… စီနီယာက ဖီးနစ်ကလန်ရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတာဆိုတော့လေ ဂျူနီယာမိတ်ဆွေ ဘယ်ချိန် ဥကနေ ထွက်လာမလဲဆိုတာကို သိလို့ရမလား…”
ကျိုဖုန်းက မျက်မှောင်ကျုံ့လျက် “အဲ့ဒါကတော့ ပြောရခက်တယ်… ဒါပေမဲ့ မေးပါဦးမယ်… ဒီဘုရင်မ ဒီကို ရောက်မလာဘူးဆိုလို့ရှိရင် နင် ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ…”
“ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ…” ထိုမေးခွန်းကို ကြားပြီးသည့်နောက် ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ထို့နောက် ပွင့်ပွင့်လင်းလင်းသာ ပြန်ပြောလိုက်လေ၏။ “ဒီတိုင်း ထိုင်စောင့်မလို့…”
“စောင့်မလို့…” ကျိုဖုန်းသည် ရန်ကိုင့်အား ထူးထူးဆန်းဆန်းအမူအယာဖြင့် ကြည့်ရင်း “ဒီမှာ တစ်နှစ် နှစ်နှစ်လောက် ထိုင်စောင့်မှာလား…”
“တစ်နှစ် နှစ်နှစ်… အဲ့လောက်တောင်ကြာတာလား…” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။
“ကြာမကြာတော့မသိဘူး… ဥကနေထွက်လာဖို့ဆိုရင် အနည်းဆုံး တစ်နှစ်လောက် အချိန်ယူရတယ်… အဲ့ဒါတောင် အောက်ထစ်ပဲ ရှိသေးတယ်။ ရှစ်နှစ်၊ ဆယ်နှစ်လောက် ကြာသွားတာမျိုးတောင် ဖြစ်နိုင်တယ်” ကျိုဖုန်းက လှောင်ပြောင်ပြောဆိုလိုက်လေ၏။ “ဖီးနစ်မီးတောက်ကို သန့်စင်ဖို့ အဲ့လောက်လွယ်တယ် ထင်နေတာလား… ဖီးနစ်မီးတောက်ရဲ့ အသိအမှတ်ပြုတာ ခံရပြီး ဖီးနစ်ဥအဖြစ် ပြောင်းသွားတာ အစပဲရှိသေးတယ်… ဖီးနစ်မီးတောက်ကို သန့်စင်ပြီး အဲ့မီးတောက်ရဲ့သခင်ဖြစ်လာဖို့က ခရီးရှည်ကြီးတစ်ခုလုံး ဖြတ်သန်းရဦးမှာ… အခက်အခဲတွေအများကြီးကိုလည်း ရင်ဆိုင်ရဦးမှာ… အဲ့အခက်အခဲတွေကို တောင့်မခံနိုင်ဘူးဆိုလို့ရှိရင် ဖီးနစ်မီးတောက် လောင်ကျွမ်းတာခံရပြီး ပြာဖြစ်သွားမှာပဲ… သူ့အနေနဲ့ ဇွဲကောင်းမယ်ဆိုလို့ရှိရင်တောင် အချိန်တိုအတွင်းတော့ အောင်မြင်နိုင်မှာမဟုတ်ဘူး…”
“အောင်မြင်သွားမယ်ဆိုလို့ရှိရင်တောင် ဖီးနစ်မီးတောက်ကို ဘယ်လို ထိန်းချုပ်ရမလဲ ဆိုတာကို သိမသိက မေးခွန်းထုတ်စရာ ဖြစ်နေသေးတယ်… ပြီးတော့ အမွေအနှစ်ကို အမွေဆက်ခံလိုက်ရုံနဲ့ ဖီးနစ်ကလန်ရဲ့ ပညာရပ်တွေကို သူသိသွားမှာလား…”
ရန်ကိုင်သည် ကျိုဖုန်းပြောသည်ကိုနားထောင်ရင်း မျက်နှာပျက်သွားလေသည်။
ယခုမှသာ သူအလွန်ကိုမှ တုံးအသွားမှန်း နားလည်သွားတော့လေသည်။ လျို့ယန် ဥထဲမှ ပြန်ထွက်လာရန် သိပ်မကြာဘူးဟု ထင်နေခဲ့ခြင်း ဖြစ်လေသည်။ ယခု ကျိုဖုန်းရှင်းပြသည်ကို နားလည်သွားပြီးသည့်နောက် နတ်သားရဲများကို အထင်သေးမိနေသေးမှန်း ရန်ကိုင် သဘောပေါက်သွားခဲ့သည်။
ကျိုဖုန်းသည် ဖီးနစ်ကလန်၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် အတွက်ကြောင့် ဖီးနစ်ကလန်နှင့် ပတ်သက်သည့် အကြောင်းအရာများကို အခြားသူများထက် ပိုသိပေသည်။ သူမပြောသည်မှာ မမှားလောက်ချေ။
“စီနီယာ… ဒါဆိုရင် ဂျူနီယာ ဘာဆက်လုပ်ရမလဲ…” ရန်ကိုင်က မေးလိုက်လေ၏။
ကျိုဖုန်းက ပြန်ပြောလိုက်လေသည်။ “ပြောပြမယ်ဆိုရင်တောင် နင် သူ့ကို ကူညီပေးနိုင်မှာမဟုတ်ဘူး… ဖီးနစ်ကလန်အကြောင်းကို နင် ဘာမှ သိတာမဟုတ်ဘူး… ပြီးတော့ ဖီးနစ်မီးတောက်ရဲ့အကြောင်းကိုရောပေါ့… နင် သူ့ကို ကူညီမပေးနိုင်ဘူး..”
ရန်ကိုင်က ထပ်ပြောလိုက်လေသည်။ “စီနီယာ… ကျေးဇူးပြုပြီး သေသေချာချာလေး ရှင်းပြပေးလို့ရမလား.. အဲ့ဒါဆို ဂျူနီယာ နားလည်လောက်မှာပေါ့…”
ကျိုဖုန်းက ရန်ကိုင့်အားကြည့်ရင်း အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ပြောလိုက်လေ၏။ “ငါ နင့်ကို ဟင်းအမယ်တွေ ပေးမယ်ဆိုလို့ရှိရင်တောင် နင်က ဟင်းတစ်ပွဲချက်နိုင်မှာမို့လို့လား…”
ရန်ကိုင်က နဖူးထက်ရှိ ဝေ့သီလာသော ချွေးအေးများကို သုတ်ရင်း ယုံကြည်ချက်မရှိသည့် လေသံဖြင့် ပြန်ပြောလိုက်လေသည်။ “အနည်းဆုံးတော့ ဟင်းတစ်ခွက်လောက်တော့ ချက်လို့ရမှာပါ…”
မိုရှောင်ချီက ကျိုုဖုန်းအနားသို့ ကပ်လာပြီး သူမ၏လက်မောင်းကို ဆွဲယမ်းရင်း ပြောလိုက်လေသည်။ “ဒေါ်လေးဖုန်း… အစ်မလျို့ယန်က လူကောင်းတစ်ယောက်မလို့ ဖြစ်နိုင်မယ်ဆိုရင် ကျေးဇူးပြုပြီး သူ့ကို ကူညီပေးလိုက်ပါနော်…”
ကျိုဖုန်းသည် မိုရှောင်ချီအား စူးရဲစွာ စိုက်ကြည့်ရင်းမှ ပြောလိုက်လေ၏။ “တိုးတိုးနေ… ငါ နင့်ကိစ္စကို မရှင်းရသေးဘူး… အားနေရင် လျှောက်ဆော့နေဖို့ပဲ သိတယ်… ကိုယ့်ကျင့်ကြံခြင်းကို တစ်ခါမှ ဂရုမစိုက်ဘူး… ဒီတစ်ကြိမ် ငါနဲ့ နင့်ဦးလေးလီ လာရှာလို့ပေါ့… မဟုတ်လို့ရှိရင် နင် နောက်တစ်ကြိမ် ထပ်ပြီး ထွက်ပြေးဦးမှာ…”
မိုရှောင်ချီက နှုတ်ခမ်းလေးကိုကွေးလျက် “ဒါဆိုရင် ဒီလိုလုပ်မယ်လေ… ဒေါ်လေးဖုန်းသာ အစ်မလျို့ယန်ကို ကူညီပေးမယ်ဆိုရင် သမီး ဒေါ်လေးဖုန်းတို့နဲ့ ကျွန်းဆီပြန်လိုက်လာပြီး ဧကရာဇ်အဆင့် ရောက်တဲ့အချိန်ထိ အဲ့ကနေ ပြန်ထွက်မလာဘူးလို့ ကတိပေးတယ်…”
“အို…” ထိုစကားကိုကြားသော် ကျိုဖုန်း၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့ပြီး မိုရှောင်ချီအား ကြည့်လျက် ပြောလိုက်လေသည်။ “နင်ပြောတာနော်…”
မိုရှောင်ချီက သူမ၏မျက်လုံးများကိုပိတ်လျက် ဆုံးဖြတ်ချက်ချထားဟန်ဖြင့် ပြောလိုက်လေသည်။ “ဟုတ်တယ်…”
“ကောင်းပြီလေ…” လီဝူရီကလည်း ရယ်သွမ်းသွေးလိုက်လေ၏။
ကျိုဖုန်းကလည်း ဝင်ပြောလိုက်လေသည်။ “နင်က သူတို့ဘက်ကနေ ဒီလောက်ဝင်ပြောပေးနေတယ်ဆိုမှတော့ ဒေါ်လေးဖုန်းလည်း ဒီတိုင်း ရပ်ကြည့်နေလို့ ဘယ်ဖြစ်ပါတော့မလဲ…”
မိုရှောင်ချီက ပြန်ပြောလိုက်လေ၏။ “ဒေါ်လေးဖုန်း… နင်က အရမ်းအကျင့်မကောင်းဘူး… အကျိုးအမြတ်မရှိဘဲနဲ့ ဘာမှလုပ်မပေးဘူး…”
ကျိုဖုန်းက ရယ်သွမ်းသွေးလျက် ဝမ်းသာအားရဖြင့် ပြန်ပြောလိုက်လေသည်။ “အခုမှ နောင်တရနေရင်လည်း ကိစ္စမရှိဘူး… နင်ဘာပြောပြော နင့်ဦးလေးနဲ့ ဒေါ်လေးက နင့်ကို မရရအောင် ပြန်ခေါ်သွားမှာ… ဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးရလဒ်က အတူတူပဲ…”
မိုရှောင်ချီက ဒေါသတကြီးဖြင့် ခြေဆောင့်လေ၏။ “ရှင်တို့နှစ်ယောက်စလုံးကို မုန်းတယ်…”
ကျိုဖုန်းက ပြုံးမနေတော့ဘဲ ရန်ကိုင့်ဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ “နင် အဆင်ပြေမယ်ဆိုလို့ရှိရင် ငါ ဒီဖီးနစ်ဥကို ငါနဲ့မတူ စိတ်ဝိဉာဉ်ကျွန်းဆီ ပြန်ယူသွားပြီး သူ့ကိုကာကွယ်ပေးလို့ရအောင် ဖီးနစ်ကလန်ကကျင့်စဉ်တစ်ခု သုံးပေးထားလိုက်မယ်…”
“စိတ်ဝိဉာဉ်ကျွန်းဆီ ခေါ်သွားဖို့…” ရန်ကိုင် ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့လေသည်။ ထို့နောက် ဖီးနစ်ဥရှိနေသည့် နေရာဆီသို့ လှမ်းကြည့်လိုက်လေ၏။
ကျိုဖုန်းက ဆက်ပြောလိုက်လေ၏။ “နင်ကိုယ်တိုင် ငါတို့နဲ့အတူ စိတ်ဝိဉာဉ်ကျွန်းဆီ လိုက်ခဲ့လည်း ရတယ်.. စိတ်ဝိဉာဉ်ကျွန်းကို လာလည်နိုင်တဲ့လူ အများကြီးမရှိဘူးဆိုပေမဲ့ နင်က ရှောင်ချီရဲ့မိတ်ဆွေဆိုမှတော့ နင်ကိုယ်တိုင်လည်း ကျွန်းမှာ ခဏလောက်နေလို့ ကိစ္စမရှိပါဘူး… လူကြီးမင်းက ခွင့်ပြုပေးလောက်မှာပါ…”
ထိုစကားကိုကြားသော် မိုရှောင်ချီ၏ မျက်လုံးများ တဖျတ်ဖျတ်တောက်ပလာခဲ့ပြီး ဝင်ပြောလိုက်လေ၏။ “ဟုတ်တယ်အစ်ကိုရန်… အစ်ကိုရန် ကျွန်မနဲ့အတူ စိတ်ဝိဉာဉ်ကျွန်းဆီ လိုက်ခဲ့ပါလား… ကျွန်မတို့ရဲ့ စိတ်ဝိဉာဉ်သားရဲကျွန်းက အရမ်းလှတာနော်…”
မိုရှောင်ချီ၏ ဝမ်းသာပြုံးရွှင်နေသည့် မျက်နှာလေး ညှိုးငယ်သွားမည်ကို မမြင်ရက်သည့် အတွက်ကြောင့် ရန်ကိုင်သည် မိုရှောင်ချီအား မကြည့်ခဲ့ဘဲ ကျိုဖုန်းဘက်သို့ လှည့်၍ မေးလိုက်လေသည်။ “စီနီယာပြောတဲ့ပုံအရ ဆိုလို့ရှိရင် လျို့ယန် ဖီးနစ်မီးတောက်ကို သန့်စင်ဖို့ ဘယ်လောက်လောက် ကြာနိုင်လဲ…”
ကျိုဖုန်းက ပြောလိုက်လေသည်။ “အနည်းဆုံး တစ်နှစ်ပဲ… ဒဏ္ဍာရီတွေအရတော့ သိုင်းမီးတောက်မဟာဧကရာဇ်က ဖီးနစ်မီးတောက်ကို သန့်စင်ဖို့ ငါးလ အချိန်ယူလိုက်ရတယ်… ဒီတော့ တစ်နှစ်က အခြေခံအကျဆုံး ခန့်မှန်းချက်ပဲ… ဒီထက်ပိုရင်လည်း ပိုနိုင်တယ်၊ လျော့ရင်လည်း လျော့သွားနိုင်တယ်…”
“တစ်နှစ်…” ရန်ကိုင် သက်ပြင်းချလိုက်လေသည်။ “ဒါဆိုရင် စီနီယာတို့ပဲ သူ့ကို ခေါ်သွားလိုက်ပါတော့… ဂျူနီယာမှာ အခု လုပ်စရာတစ်ခု ရှိနေသေးလို့ နောက်ကျမှပဲ လာခဲ့ပါ့မယ်”
ရန်ကိုင့်၏စကားကိုကြားသော် မိုရှောင်ချီ စိတ်ပျက်သွားခဲ့လေသည်။
ကျိုဖုန်းက ခေါင်းညိတ်လိုက်လေသည်။ “စိတ်မပူနဲ့… ဒီဘုရင်မ သူ့ကို ကာကွယ်ပေးထားမယ်… နင့်ဆီကနေ သူ့ကို လုမသွားဘူး… ဖီးနစ်မီးတောက်ကို မှော်ရတနာစိတ်ဝိဉာဉ်တစ်ခုက သန့်စင်လိုက်လို့ ဘယ်လိုတွေဖြစ်လာမလဲ ဆိုတာကို ဒီဘုရင်မ မြင်ချင်ရုံသက်သက်ပဲ…”
ထိုသို့ပြောနေရင်း သူမ၏မျက်နှာထက် မျှော်လင့်စောင့်စားနေသည့် အမူအယာတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
ထို့နောက်တွင် ကျိုဖုန်းသည် လက်ကွက်တစ်ခုကို ဖန်တီး၍ သူမလက်အား ဖီးနစ်ဥဘက်သို့ ဆန့်ထုတ်လိုက်ကာ ဧကရာဇ်ချီကိုသုံး၍ ဖီးနစ်ဥကို သူမဆီသို့ ဆွဲယူလိုက်လေသည်။ ဖီးနစ်ဥမှာ တစ်ခုခုအား အာရုံခံမိသွားသည့်အလား ၎င်းမျက်နှာပြင်ထက်ရှိ အင်းကွက်များ စတင်၍ တောက်ပလာခဲ့ပြီး အော်သံတစ်သံမှာလည်း ဥအတွင်းဆီမှ ထွက်ပေါ်လာခဲ့လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၅၁၃) အပြာရောင်ကျောက်တုံးကို လေ့လာဆင်ခြင်ခြင်း
ခရမ်းတောင်တန်းအနီးတွင် တည်ရှိသော ခရမ်းတောင်မြို့သည် အရှေ့ဘက်နယ်မြေရှိ အခြားသောမြို့ကြီးများနှင့် ယှဉ်လိုက်သော် သာမန်မြို့တစ်မြို့သာ ဖြစ်လေသည်။ အရိုင်းဆန်သော ပတ်ဝန်းကျင်နှင့် လွင်တီးခေါင်ပြင်ဖြစ်နေသော ကုန်းမြေကြီးကြောင့် မြို့လေးမှာ အခြားမြို့များကဲ့သို့ စည်ကားသိုက်မြိုက်ခြင်း မရှိချေ။
ခရမ်းတောင်မြို့သည် ခရမ်းတောင်တန်းသို့ ဝင်လိုသည့်ကျင့်ကြံသူများ လာရောက်နားခိုကြသည့် မြို့တစ်မြို့သာ ဖြစ်ပေသည်။ ကျင့်ကြံသူပေါင်းများစွာသည် ခရမ်းတောင်တန်းတွင် လာရောက်လေ့ကျင့်ကြသည့်အတွက်ကြောင့် ခရမ်းတောင်မြို့သည် ထိုလူများနားခိုရာ နေရာတစ်ခု ဖြစ်လာခဲ့လေသည်။
မြို့ထဲရှိ ကျင့်ကြံသူများ၏ ခွန်အားမှာလည်း မြင့်မားလှခြင်းမရှိချေ။ မေပယ်မြို့၏ အကြမ်းဖျင်းခွန်အားထက် အနည်းငယ်လေးသာရုံသာ ရှိပေသည်။ မြို့တစ်ခုလုံးမှာ သူတောင်စင်ဘုရင်များဖြင့် ပြည့်နေခဲ့ပြီး ဤနေရာတွင် ဧကရာဇ်အဆင့် ပညာရှင်များကို မတွေ့ရသော်ငြား တာအိုသခင်အဆင့် ပညာရှင်များစွာကိုတော့ တွေ့ရပေသေးသည်။
ရန်ကိုင်နှင့် ကျန်းရို့ရှီမှာ ခရမ်းတောင်တန်းတစ်ခုလုံးကို ဖြတ်ကျော်လာခဲ့ရခြင်း ဖြစ်လေသည်။ တောက်လျှောက် ခရီးနှင်လာခဲ့ရသည့်အတွက်ကြောင့် ဖုန်များဖြင့်ပေကျံနေသဖြင့် ခရမ်းတောင်မြို့ထဲသို့ ရောက်သော် တည်းခိုခန်းတစ်ခုကိုရှာကာ တစ်ညအိပ်အနားယူလိုက်လေသည်။
ဖီးနစ်ဥကိုတော့ ကျိုဖုန်းနှင့် လီဝူရီတို့မှ ယူသွားခဲ့လေပြီ။ ကျိုဖုန်းနှင့် လီဝူရီတို့နှစ်ဦးစလုံးမှာ ကြယ်တာရာအစုအဝေးတွင် နာမည်ကျော်ကြားသည့် ပညာရှင်များဖြစ်ကြပြီး သားရဲသခင်မဟာဧကရာဇ်၏ လက်အောက်ငယ်သားများ ဖြစ်ကြသည့်အတွက်ကြောင့် လျို့ယန်၏ လုံခြုံရေးနှင့်ပတ်သက်၍ ရန်ကိုင်စိတ်မပူချေ။ ထို့အပြင် သူနှင့် မိုရှောင်ချီ၏ ဆက်ဆံရေးကိုပါ ထည့်သွင်းလိုက်သော် ကျိုဖုန်းသည် လျို့ယန်အား ကောင်းကောင်းကာကွယ်ပေးလိမ့်မည်မှန်း ရန်ကိုင် ပြောနိုင်ပေသည်။
ရန်ကိုင်စိတ်ပူနေသည့်အရာမှာ ဖီးနစ်မီးတောက်အား သန့်စင်သည့်ဖြစ်စဉ်ပင်။ ထိုဖြစ်စဉ်သည် သူမျှော်လင့်ထားသလို ချောချောမွေ့မွေ့နှင့် ပြီးဆုံးချင်မှ ပြီးဆုံးသွားပေလိမ့်မည်။
သို့သော်ငြား ရန်ကိုင့်မှာ ရှောင်ရှောင်ကိုလည်း ရှာချင်နေသေးသည့် အတွက်ကြောင့် လျို့ယန်နောက်သို့ လိုက်မသွားနိုင်ခဲ့ပေ။ ထိုသို့သာမဟုတ်ပါက စိတ်ဝိဉာဉ်ကျွန်းသို့ ရောက်ပြီးနောက် အရှေ့ဘက်နယ်မြေဆီသို့ တစ်နှစ်ကျော် နှစ်နှစ်ခန့်ကြာအောင် ခရီးပြန်ထွက်လာရပေလိမ့်မည်။
ဤသည်မှာ ကျန်းရို့ရှီအဖို့ ပထမဆုံးအကြိမ် ရန်ကိုင်နှင့်အတူ ဘေးချင်းယှဉ်ရပ်၍ ခရီးသွားလာဖူးခြင်း ဖြစ်ပေသည်။ ယခင်ကဆိုလျှင် ရန်ကိုင်သည် သူမအား ကမ္ဘာငယ်လေးထဲတွင်သာ အမြဲတစေ နေစေခဲ့သည့်အတွက်ကြောင့် အပြင်ထွက်ခွင့်မရခဲ့ချေ။
ယခုမူ ကျန်းရို့ရှီသည် တာအိုသခင် တတိယအဆင့်သို့ ရောက်လာပြီဖြစ်သည့်အတွက်ကြောင့် သူမကိုယ်သူမ ကာကွယ်နိုင်သည့်ခွန်အားကို ပိုင်ဆိုင်နေနိုင်လေပြီ။
ကျင့်ကြံခြင်းသည် မိမိ၏ခွန်အား တိုးတက်ရန်အလို့ငှာ အမြဲတမ်း တံခါးပိတ်ကျင့်စဉ်ဝင်နေ၍ မရချေ။ ရန်ကိုင်သည် ယခုကဲ့သို့သော ခွန်အားကို ပိုင်ဆိုင်နိုင်ရန်အတွက် အခက်အခဲအမျိုးမျိုးနှင့် မုန်တိုင်းအသွယ်သွယ်ကို ဖြတ်ကျော်လာခဲ့ရခြင်းဖြစ်ပေသည်။ ထို့အတွက်ကြောင့်ပင်လျှင် အကျိုးအမြတ်ကို ချင့်တွက်ပြီးသည့်နောက်၌ ကျန်းရို့ရှီကို အပြင်သို့ထုတ်ပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်လေသည်။ သို့မှသာ ကျန်းရို့ရှီမှာ လောကကြီးအကြောင်းကို ပိုမိုသိနားလည်လာပေလိမ့်မည်။
ပြောစရာမလိုအောင်ပင် ကျန်းရို့ရှီမှာ လှောင်အိမ်ထဲမှ လွတ်လာသည့် ငှက်ပေါက်ကလေးတစ်ကောင်နှယ် အလွန်ကိုမှ ဝမ်းသာရွှင်မြူးနေခဲ့လေသည်။ သူမပတ်ဝန်းကျင်ရှိ အသစ်အဆန်းများကို ကြည့်ရင်း အလွန်ကိုမှ စိတ်လှုပ်ရှားနေခဲ့လေ၏.
ရန်ကိုင်သည်လည်း ယခင်ရက်များအတွင်း သူ၏ ကျင့်ကြံရေးအတွေ့အကြုံများကို ကျန်းရို့ရှီအား ရှင်းပြပေးခဲ့လေသည်။ ကျန်းရို့ရှီ၏ပုံစံမှာ ထူထအအဖြစ်နေသည့်တိုင် သူမ၏ ကျင့်ကြံရေးပါရမီမှာတော့ ဩချစရာပင်။
ကျန်းရို့ရှီမှာ မေးခွန်းပေါင်းမြောက်မြားစွာကို မေးမြန်းခဲ့ပြီး ရန်ကိုင့်ခမျာ ထိုမေးခွန်းများကိုဖြေရန်အတွက် အတော်လေးကိုမှ ကြိုးစားအားထုတ်ခဲ့ရလေသည်။
ကျန်းရို့ရှီအား သင်ကြားပြသပေးနေစဉ်အတောအတွင်း ရန်ကိုင်သည် သူ့ကျင့်ကြံခြင်းကိုလည်း လျစ်လျူရှုမထားခဲ့ချေ။
ရန်ကိုင်သည် ဧကရာဇ်အဆင့်အား ချိုးဖြတ်ဝင်ရောက်သွားပြီ ဖြစ်သည့်အတွက်ကြောင့် ပညာရှင်ဟူသော ခေါင်းစဉ်ကို ရရှိသွားခဲ့ပြီဖြစ်သလို သူ့ကိုယ်တွင်းရှိ အရင်းအမြစ်ချီအားလုံးမှာလည်း ဧကရာဇ်ချီအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါသော်ငြား ဝါရင့်သမ္ဘာရင့် ဧကရာဇ်အဆင့် ပညာရှင်များနှင့် ယှဉ်လိုက်သော် ရန်ကိုင်သည် ဧကရာဇ်အဆင့်အကြောင်းကို ကောင်းကောင်း မသိသေးသလို သူ့စွမ်းအားကိုလည်း ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်ခြင်း မရှိသေးချေ။
ခရမ်းတောင်မြို့ဆီသို့ ရောက်လာသော ရန်ကိုင်သည် ကြုံရာတည်းခိုခန်းတစ်ခုကို ရွေးလျက် သူတို့နှစ်ဦးနေရန်အတွက် အခန်းနှစ်ခန်း ငှားလိုက်လေသည်။ ထို့နောက် သူ့အခန်းပတ်လည်၌ အကာအရံများကို ချလိုက်လေ၏။
ခရမ်းတောင်မြို့တွင် ပညာရှင်များများစားစား မရှိချေ။ ရန်ကိုင်သည် ဤမြို့ထဲတွင်ရှိသည့် တစ်ဦးတည်းသော ဧကရာဇ်အဆင့် ပညာရှင်ဖြစ်ပေသည်။ ထို့အတွက်ကြောင့် အခြားသူများ သူ့အား လာပြဿနာရှာမည်ကို စိတ်မပူချေ။ မည်သို့ပင်ဖြစ်နေစေကာမူ ကျင့်ကြံနေစဉ်အတောအတွင်း အခြားသူများ၏ နှောင့်ယှက်ခြင်း ခံရသည်မှာတော့ စိတ်ပျက်စရာပင်။ ထို့အတွက်ကြောင့် လိုရမယ်ရ အကာအရံတစ်ခုကို သူ့အခန်းပတ်လည်၌ ဖန်တီးထားလိုက်လေ၏။
အကာအရံကို ဖန်တီးထားလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်လေသည်။
ဤအရာမှာ တောကြက်မောက်အရွယ်လောက်သာ ရှိမည့် အပြာရောင်ကျောက်တုံးတစ်တုံး ဖြစ်ပေသည်။ အပေါ်ရှပ်ကြည့်လိုက်မည်ဆိုပါက ဤကျောက်တုံးမှာ ဘာမှ ထူးခြားသည့်ပုံ မပေါ်သော်ငြား တကယ့်တကယ်တွင်တော့ ဤကျောက်တုံးကို လီဝူရီဆီမှ ရလာခဲ့ခြင်း ဖြစ်ပေသည်။
ကျောက်တုံးသည် လီဝူရီမှ သူ့ဆီသို့ လှမ်းပစ်လိုက်သည့် အလင်းတန်းထဲတွင် ပါလာသည့် အရာသာ ဖြစ်လေသည်။
ခရမ်းတောင်တန်းအား ဖြတ်သန်းသွားလာနေစဉ် အတောအတွင်း ဤကျောက်တုံးနှင့် ပတ်သက်၍ မည်ကဲ့သို့သော နက်နဲဆန်းကြယ်မှုများ ရှိနေသလဲ ဆိုသည်ကို ရန်ကိုင်ခမျာ စူးစမ်းလေ့လာရန် အချိန်မရှိခဲ့သဖြင့် ယခု တည်းခိုခန်းသို့ ရောက်သောအခါမှသာ စိတ်အေးလက်အေးဖြင့် လေ့လာနိုင်ခြင်း ဖြစ်လေ၏။
ကျောက်တုံးကို သူ့လက်ဝါးပေါ်သို့ တင်ပြီးသည့်နောက် ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံအား ဖြန့်ကျက်ကြည့်လိုက်လေသည်။ မကြာမီ ရန်ကိုင် ထိတ်လန့်အံ့အားသင့်သွားခဲ့ပြီး သူ့ကောင်းကင်စိတ်အာရုံကိုသုံးလျက် အပြာရောင်ကျောက်တုံးအား အပြည့်အဝ လွှမ်းခြုံလိုက်လေ၏။ ထို့နောက်တွင် ရန်ကိုင့်မျက်နှာအမူအယာမှာ ထိတ်လန့်ရာမှ အံ့အားသင့်၊ အံ့အားသင့်ရာမှ စိတ်လှုပ်ရှား၊ စိတ်လှုပ်ရှားရာမှ လေးစားသည့်ပုံစံသို့ ပြောင်းလဲသွားခဲ့လေ၏။
ကောင်းကင်စိတ်အာရုံမှတစ်ဆင့် အပြာရောင်ကျောက်တုံး၏ အပေါ်ပိုင်းသည် အကောင်းအတိုင်း ရှိနေသေးပါသော်ငြား အတွင်းပိုင်းမှာ အက်ကြောင်းထပ်နေကြောင်း တွေ့လိုက်ရလေသည်။ ထိုသို့ဖြစ်ရခြင်းမှာ အပြာရောင်ကျောက်တုံး၏အတွင်းပိုင်းထဲတွင် မရေမတွက်နိုင်သော ဆံချည်မျှင်တမျှ သေးငယ်လှသည့် ဟင်းလင်းပြင်အက်ကွဲကြောင်းများ ရှိနေသည့် အတွက်ကြောင့်ပင်။
ထိုဟင်းလင်းပြင်အက်ကွဲကြောင်းများကို သာမန်မျက်လုံးဖြင့် မမြင်နိုင်ချေ။ အားကောင်းသော စိတ်အာရုံ၏ အကူအညီဖြင့်သာ ရန်ကိုင်မှာ ထိုအရာများကို မြင်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
ဟင်းလင်းပြင်အက်ကြောင်းများမှာ အပြာရောက်ကျောက်တုံးထဲတွင် မူလကတည်းက ရှိနေခြင်း မဟုတ်လောက်ချေ။ ရန်ကိုင်မှ သူ့အား သင်ကြားပြသပေးရန် ပြောလာသည့်အခါမှသာ ကျောက်တုံးထဲတွင် ဟင်းလင်းပြင်အက်ကွဲကြောင်းများကို အလျင်အမြန် ကောက်ဖန်တီးလိုက်ခြင်း ဖြစ်ရပေလိမ့်မည်။ သို့သော်ငြား ထိုမျှလောက်လေးသည်ကပင်လျှင် ရန်ကိုင်ကို အံ့အားသင့်သွားအောင် လုပ်နိုင်၏။
ရန်ကိုင်ကိုယ်တိုင်သည်လည်း လေဟာနယ်တာအိုအား ကျွမ်းကျင်ထားသည့် လူတစ်ဦးဖြစ်သည့်အတွက်ကြောင့် ဤအပြာရောင်ကျောက်တုံးအား ထိခိုက်စေခြင်းမရှိဘဲ ကျောက်တုံးအတွင်း၌ အလွန်ကိုမှ သေးငယ်လှသော ဟင်းလင်းပြင်အက်ကွဲကြောင်းများကို ဖန်တီးရန်မှာ မည်မျှခက်ခဲမှန်း သိပေသည်။ ထိုသို့လုပ်ရန်အတွက် လေဟာနယ်နိယာမစွမ်းအားများကို တိတိကျကျ ထိန်းချုပ်နိုင်ရုံမက လေဟာနယ်တာအိုကိုလည်း နက်နက်နဲနဲ နားလည်ထားနိုင်ရန်လည်း လိုအပ်ပေသေးသည်။
ရန်ကိုင်သည် လဓါးသွားဝဲကတော့၊ ဗလာနတ္ထိဟူသော အမျိုးမျိုးသော လေဟာနယ်ပညာရပ်များကို တတ်ကျွမ်းထားပေသည်။ လောကကြီး၏ လေဟာနယ်နိယာမစွမ်းအားများကို ထိန်းချုပ်၍ပင် သတ်မှတ်ထားသည့် ဘောင်တစ်ခုအတွင်းရှိ ဟင်းလင်းပြင်အား အေးခဲသွားအောင် လုပ်ပစ်နိုင်ပေသေးသည်။ ရန်ကိုင်သည် ထိုကဲ့သို့သော အရာအားလုံးကို မည်သူ၏ သင်ကြားပြသမှုကိုမှ မရရှိခဲ့ဘဲ သူ့ဘာသာ ကျွမ်းကျင်ခဲ့ခြင်း ဖြစ်လေသည်။
သူ့ကိုယ်သူ လေဟာနယ်တာအိုတွင် အတော်လေး ကျွမ်းကျင်နေပြီဟု ထင်ခဲ့ဖူးသည်။ သို့သော်ငြား ဤအပြာရောင်ကျောက်တုံးကို လေ့လာပြီးသည့်နောက် သူသည် ရေတွင်းပျက်ထဲရှိ ဖားသူငယ်သာသာသာ ဖြစ်နေသေးကြောင်း တွေ့ရှိသွားခဲ့ရသည်။ အနည်းဆုံး လီဝူရီလုပ်သွားခဲ့သည့် အရာမျိုးကို သူလုပ်မပြနိုင်ချေ။
ရန်ကိုင်သည် ဤအပြာရောင်ကျောက်တုံးအား မထိခိုက်စေဘဲ မရေမတွက်နိုင်သော ဟင်းလင်းပြင်အက်ကွဲကြောင်းများကို ဖန်တီးနိုင်လောက်သည်အထိ လေဟာနယ်နိယာမစွမ်းအားများကို ကျွမ်းကျွမ်းကျင်ကျင် မထိန်းချုပ်နိုင်သေးချေ။
(အံ့ဩစရာပဲ…) ရန်ကိုင် စိတ်လှုပ်ရှားလာခဲ့လေသည်။ လီဝူရီသည် ကြယ်တာရာအစုအဝေး၏ သမိုင်းကြောင်းတစ်လျှောက် လေဟာနယ်တာအိုအား အဆင့်မြင့်မားစွာ ကျွမ်းကျင်သည့် တစ်ဦးတည်းသော ပညာရှင်ဖြစ်သည်ဟု တစ်ကြိမ်မက ကြားခဲ့ရပါသော်ငြား သူနှင့် လီဝူရီကြား အရမ်းကြီး ကွာခြားချက်မရှိဟု ထင်ခဲ့ပေသည်။ သို့သော်ငြား ယခုမှသာ ထိုသို့မဟုတ်မှန်း နားလည်သွားရတော့လေသည်။
ရန်ကိုင့်အနေဖြင့် လီဝူရီကို မီရန် အဝေးကြီး လိုအပ်နေပေသေးသည်။
အပြာရောင်ကျောက်တုံးထဲရှိ ဟင်းလင်းပြင်အက်ကွဲကြောင်းတိုင်းတွင် လီဝူရီ၏ လေဟာနယ်တာအိုအပေါ် ထိုးထွင်းနားလည်မှုများ ပါဝင်နေခဲ့လေသည်။ ကျောက်တုံးအတွင်းပိုင်းမှာ မရေမတွက်နိုင်သော ဟင်းလင်းပြင်အက်ကြောင်းများဖြင့် ပြည့်နေပါသော်ငြား ကျောက်တုံး၏ မျက်နှာပြင်နှင့် နီးကပ်နေသော ဟင်းလင်းပြင်အက်ကွဲကြောင်းများမှာ အတွင်းပိုင်းထဲတွင်ရှိနေသော ဟင်းလင်းပြင်အက်ကွဲကြောင်းများနှင့် ယှဉ်လိုက်သော် အနည်းငယ် ကြမ်းတမ်းပြီး မတည်မငြိမ် ဖြစ်နေခဲ့လေသည်။ အတွင်းပိုင်းရှိ ဟင်းလင်းပြင်အက်ကွဲကြောင်းများမှာတော့ အပြင်ဘက်နှင့်မတူညီစွာ ပို၍ သိမ်မွေ့ကာ တည်ငြိမ်နေလေ၏။
ရန်ကိုင်သည် အပြာရောင်ကျောက်တုံးအား တစ်လွှာချင်း တစ်လွှာချင်း လေ့လာစစ်ဆေးကြည့်နေခဲ့ပြီးသည့်နောက်တွင် လီဝူရီသည် လေဟာနယ်တာအိုကို သူ မည်ကဲ့သို့ ကျွမ်းကျင်လာခဲ့သလို ဆိုသည်အား ဤကျောက်တုံးမှတစ်ဆင့် ဖော်ပြထားကြောင်းကို ရန်ကိုင်တွေ့ရှိသွားခဲ့ရသည်။
ထိုအက်ကွဲကြောင်းများမှာ လီဝူရီ တစ်သက်တာ လေ့ကျင့်ထားခဲ့ရသည့် အသီးအပွင့်များ ဖြစ်ပေသည်။
ဤကျောက်တုံးမှာ လီဝူရီမှ သင်ကြားပေးမည့် သင်ခန်းစာတစ်ခုထက်ပင် ပို၍ အဖိုးတန်ပေသေးသည်။ ရန်ကိုင်သာ ဤကျောက်တုံးကို သေသေချာချာ အပြည့်အဝ နားလည်မည်ဆိုပါက လေဟာနယ်တာအိုအပေါ် သူ၏နားလည်မှုမှာ သိသိသာသာ မြင့်တက်လာပေလိမ့်မည်။
ရုတ်တရက်ဆိုသလို ရန်ကိုင့်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်စိတ်အာရုံဖြင့် ကျောက်တုံး၏အတွင်းပိုင်းနေရာဆီသို့ စူးစမ်းကြည့်လိုက်လေသည်။
ထိုနေရာသို့ အရောက်တွင် ရန်ကိုင့်မှာ ရင်တဒုန်းဒုန်းခုန်လာခဲ့ပြီး အသက်ပင် ကောင်းကောင်း မရှူနိုင်တော့ချေ။
ကျောက်တုံး၏ အလယ်ဗဟိုတွင် အလွန်ကိုမှ သေးငယ်လှသော တွင်းနက်တစ်ခု ရှိနေကြောင်း တွေ့လိုက်ရလေသည်။
ထိုတွင်းနက်မှာ ရန်ကိုင်မှ တွင်းနက်ဟူသော ပညာရပ်ကို ထုတ်သုံးစဉ် ပေါ်လာသည့် တွင်းနက်နှင့် ဆင်တူပါသော်ငြား ကျောက်တုံးထဲတွင် ရှိနေသော တွင်းနက်၏ အရွယ်အစားမှာ မရေမတွက်နိုင်လောက်အောင် အဆပေါင်းများစွာ သေးငယ်လွန်းလှပေသည်။
အပြာရောင်ကျောက်တုံးထဲ အလွန်ကိုမှ သေးငယ်လှသော ဟင်းလင်းပြင်အက်ကြောင်းများအား ဖန်တီးထားခဲ့ပုံသည် ရန်ကိုင့်အား မှင်တက်စေခဲ့သည်ဆိုပါက ဤတွင်းနက်၏ တည်ရှိမှုမှာ ရန်ကိုင့်အား အမှန်တကယ်ကို ထိတ်လန့်ကြောက်ရွံ့သွားစေခဲ့လေသည်။ သူနှင့် လီဝူရီသည် အလွန်တရာကိုမှ ကွာခြားနေသေးကြောင်းကိုလည်း ရန်ကိုင်ကိုယ်တိုင် ဝန်ခံလိုက်ရလေတော့သည်။
လေဟာနယ်တာအိုအရာတွင် လီဝူရီသည် ရန်ကိုင့်ထက် အများကြီး ကြိုပြီး ရှေ့သို့ ရောက်နေခဲ့လေသည်။ သူ့လက်ရှိစွမ်းရည်အရ လီဝူရီ၏ ခြေဖျားကိုပင် မမှီသေးချေ။
ဘာမှမဟုတ်သော ကျောက်တုံးလေးတစ်တုံးသည် ရန်ကိုင် စိတ်ပင် မကူးနိုင်လောက်အောင် များပြားလွန်းလှသော နက်နဲဆန်းကြယ်မှုများကို သယ်ဆောင်ထားခဲ့လေသည်။ တစ်ခဏတာမျှ မင်သက်နေပြီးသည့်နောက်တွင် ရန်ကိုင်သည် အရူးတစ်ယောက်နှယ် ကျောက်တုံးအား သေချာ စတင်လေ့လာတော့လေသည်။
ကျောက်တုံး၏ နက်နဲဆန်းကြယ်မှုများကို တစ်လွှာချင်း တစ်လွှာချင်း ခွာကြည့်ရင်းမှ လေဟာနယ်တာအိုအပေါ် လီဝူရီ၏ နားလည်မှုများကို သိမြင်ချင်မိပေသည်။ ထို့နောက်တွင် ရန်ကိုင်သည် အခြားဘာကိုမှ အာရုံစိုက်မနေတော့ဘဲ အပြာရောင်ကျောက်တုံးအား လေ့လာရာတွင်သာ အပြည့်ဝ အာရုံစိုက်ထားတော့လေသည်။
တစ်ရက်၊ နှစ်ရက်၊ ငါးရက် စသဖြင့် ဆယ်ရက်သည်အထိ ကြာသွားခဲ့လေသည်။
ကျောက်တုံးအား လေ့လာနေစဉ်အတောအတွင်း လီဝူရီသည် သူ့ခေါင်းထဲသို့ ဝင်ရောက်ပြီး သူ့အား ကိုယ်တိုင်သင်ကြားပြသပေးနေသလို ရန်ကိုင်ခံစားခဲ့ရသည်။ ထို့အတွက်ကြောင့် ရန်ကိုင့်၏ခွန်အားမှာ တစ်နေ့ထက်တစ်နေ့ မြင့်မားလာခဲ့ရပြီး လေဟာနယ်တာအိုအပေါ် ထိုးထွင်းနားလည်မှုမှာလည်း ပိုပို၍ မြင့်မားလာခဲ့လေသည်။
အစပိုင်းတွင် ရန်ကိုင်သည် လေဟာနယ်တာအိုအပေါ် လီဝူရီ၏ ထိုးထွင်းသိမြင်မှုများကို ဆင်ခြင်နားလည်နေခဲ့ပြီး သူ၏ပညာရပ်များကို သင်ယူနေခဲ့ပါသော်ငြား အချိန်ကြာလာသည်နှင့်အမျှ ရန်ကိုင်သည် အခြားသူဆီမှ သင်ကြားရရုံဖြင့် ကျေနပ်မနေနိုင်တော့ချေ။ ပထမဦးစွာ ရန်ကိုင်သည် လီဝူရီ၏ ထိုးထွင်းသိမြင်မှုများကို ဆင်ခြင်သုံးသပ်ပေသည်။ နားလည်သွားပြီးသည့်နောက် ထိုအရာများကို သူ့ကိုယ်ပိုင်ဖြစ်လာအောင် ပြန်လည်ဆင့်ကဲ ပြောင်းလဲပစ်လေ၏။
ရန်ကိုင်သည် နေ့မအိပ် ညမအိပ် မစားမသောက်ဘဲ အပြာရောင်ကျောက်တုံးလေးအား လေ့လာရန်တွင်သာ အာရုံစိုက်ထားခဲ့လေသည်။
သူ့ကျင့်ကြံခြင်းမှာ မြင့်မားလာခဲ့ခြင်းမရှိသလို ရန်ကိုင့်၏မျက်လုံးများမှာလည်း မျက်တွင်းဟောက်ပက် ဖြစ်နေပါသော်ငြား သူ့၏မျက်လုံးထဲ အလွန်ကိုမှ စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်တို့ အတိုင်းသား ထွက်ပေါ်နေခဲ့လေသည်။ ထိုအချိန်အတောအတွင်း လေဟာနယ်တာအိုအား ထိုးထွင်းနားလည်မှုအပေါ်တွင် ခြေတစ်လှမ်း လှမ်းလိုက်နိုင်သည်ဟု ရန်ကိုင် အတိုင်းသား ခံစားလိုက်ရသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၅၁၄) အသူရာကောင်မလေး
ရန်ကိုင်သည် အခြားဘာကိုမှ ဂရုမစိုက်ခဲ့ဘဲ အပြာရောင်ကျောက်တုံးကိုသာ နေ့ရောညပါ လေ့လာနေခဲ့သည်။ အစပိုင်းတွင် သူ့ဘေးခန်း၌ နေနေသော ကျန်းရို့ရှီသည် ရန်ကိုင့်ဆီသို့ လာ၍ ခရမ်းတောင်မြို့မှ မည်သည့်အချိန်တွင် ထွက်သွားမလဲ ဆိုသည်ကို လာလာမေးတတ်သော်ငြား အချိန်ကြာလာသည်နှင့်အမျှ ရန်ကိုင်သည် တောက်လျှောက်ကြီးသာ တံခါးပိတ်ကျင့်စဉ်ဝင်နေသဖြင့် ကျန်းရို့ရှီလည်း ရန်ကိုင့်အား ဆက်၍ အနှောင့်အယှတ်မပေးတော့ချေ။
အခန်းထဲတွင် တစ်ချိန်လုံး အောင်းနေရသည်မှာ ပျင်းရိငြီးငွေ့ဖွယ် ကောင်းသည့် အတွက်ကြောင့် ကျန်းရို့ရှီသည် မြို့ထဲလျှောက်ပတ်ကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။
တာအိုသခင်တတိယအဆင့်ကျင့်ကြံခြင်းကြောင့် ကျန်းရို့ရှီအနေဖြင့် မြို့ထဲတွင် လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှား၍ ရပေသည်။ အဆင့်တူ ကျင့်ကြံသူများနှင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် ကြောက်နေစရာမလိုပေ။ မြို့ထဲလျှောက်ပတ်ကြည့်နေရင်းမှ စိတ်ဝင်စားဖွယ်ကောင်းသည့် အရာတစ်ခုအား ကျန်းရို့ရှီ ရှာတွေ့သွားခဲ့ပြီး သွားရောက်စမ်းသပ်ကြည့်လိုက်ရာ ထိုအရာကို အလွန်ကိုမှ စွဲလမ်းသွားလေသည်။ ရန်ကိုင် တံခါးပိတ်ကျင့်စဉ် ဝင်နေသည့် အချိန်အတောအတွင်း ကျန်းရို့ရှီသည် ထိုနေရာသို့ နေ့စဉ်သွား၍ အချိန်အတော်ကြာသည့်အခါမှသာ ပြန်လာတတ်သည်။
ဤသို့ဖြင့် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေခဲ့လေရာ မကြာမီ တစ်လ ပြည့်သွားခဲ့လေသည်။
တစ်လခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် အသက်ပြင်းပြင်းရှူသွင်းလျက် သူ၏ကောင်းကင်စိတ်အာရုံကို အပြာရောင်ကျောက်တုံးထဲမှ ပြန်လည် ဆွဲယူလိုက်သည်။ ရန်ကိုင့်၏မျက်လုံးများမှာ အလွန်ကိုမှ ပင်ပန်းနွမ်းနယ်နေသည့်အလား မျက်တွင်းဟောက်ပက် ဖြစ်နေသော်ငြား သူ့အကြည့်မှာတော့ ညအာကာယံတွင် တောက်ပနေသည့် ကြယ်များနှယ် စူးရှတောက်ပနေခဲ့လေသည်။
တစ်လခန့်ကြာအောင် အိပ်စက်အနားယူခြင်းမရှိဘဲ အပြာရောင်ကျောက်တုံးအား စူးစမ်းလေ့လာပြီးသည့်နောက်တွင် ရန်ကိုင်သည် လီဝူရီ၏ လေဟာနယ်တာအိုအပေါ် ထိုးထွင်းနားလည်လာခဲ့ပုံကို မြင်တွေ့ခဲ့ရပေသည်။
ရန်ကိုင်ကိုယ်တိုင်သည်လည်း လေဟာနယ်တာအိုအရာတွင် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
ယခုမှသာလျှင် သူတတ်ကျွမ်းထားသည့် လေဟာနယ်ပညာရပ်များမှာ ပြည့်စုံခြင်းမရှိသေးမှန်း နားလည်သွားတော့လေသည်။ သူ့အနေဖြင့် သူ၏ပညာရပ်များကို ပိုမိုတိုးတက်အောင် ထပ်လုပ်နိုင်ပေသေးသည်။ သူ၏လေဟာနယ်ပညာရပ်များကိုသာ တိုးတက်အောင် လုပ်နိုင်ပါက ရန်ကိုင့်၏ခွန်အားသည်လည်း ပို၍ တိုးတက်လာပေလိမ့်မည်။ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်လာပြီဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်ရင်ဆိုင်ရတော့မည့် သိုင်းပညာရှင်များမှာ ပိုပို၍ အားကောင်းလာကြပေလိမ့်မည်။ လေဟာနယ်ပညာရပ်များသည် ရန်ကိုင့်၏ဝှက်ဖဲများအနက် တစ်ခုဖြစ်လေရာ ထိုပညာရပ်များ တိုးတက်လာခြင်းသည့် သူ့အား အရေးကြီးသည့် ကဏ္ဍမှ ကူညီပေးနိုင်ပေသည်။
“ခရက်…” ရန်ကိုင့်လက်ထဲရှိ အပြာရောင်ကျောက်တုံးလေးသည် တစ်စစီကွဲကြေသွားခဲ့ပြီး ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားကာ ရန်ကိုင့်၏လက်ချောင်းများကြားမှ အောက်သို့ လျှောကျသွားခဲ့လေသည်။
လွန်ခဲ့သော တစ်လအတွင်း ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကိုသုံး၍ အပြာရောင်ကျောက်တုံးကို ထပ်တလဲလဲ စစ်ဆေးကြည့်ခဲ့ရာ အပြာရောင်ကျောက်တုံးမှာ ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံကို ဆက်၍ မတောင့်ခံနိုင်တော့ဘဲ ပျက်စီးသွားခဲ့ရ၏။
ကံကောင်းစွာဖြင့် အပြာရောင်ကျောက်တုံး မပျက်စီသွားခင်အချိန်အတောအတွင်း ရန်ကိုင်သည် လီဝူရီချန်ရစ်ခဲ့သည့် လေဟာနယ်တာအိုအပေါ် ထိုးထွင်းနားလည်မှုများကို အောင်မြင်စွာ နားလည်သဘောပေါက်အောင် လုပ်နိုင်ခဲ့သည်။
ရုတ်တရက် ရန်ကိုင်သည် သူ့နဖူးကို ရိုက်လျက် ရေရွတ်လိုက်လေ၏။ “အား… ငါလုံးဝကို မေ့နေတာပဲ…”
ယခုမှသာ လေဟာနယ်တာအိုအား လေ့လာရာတွင် အလွန် အာရုံစိုက်နေလွန်းသည့် အတွက်ကြောင့် ဤနေရာသို့ လာရင်းရည်ရွယ်ချက်နှင့် အချိန်မည်မျှ ကုန်ဆုံးသွားသလဲ ဆိုသည်ကိုပင် မေ့လျော့သွားခဲ့ရသည်။
ပြန်ရေတွက်ကြည့်လိုက်သော် သူတံခါးပိတ်ကျင့်စဉ်ဝင်နေသည်မှာ တစ်လခန့်ရှိနေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရလေသည်။
ထို့အတွက်ကြောင့် သူ့ဘေးအခန်းတွင် ရှိနေသော ကျန်းရို့ရှီအား ခရမ်းတောင်မြို့မှ ထွက်သွားတော့မည်ဆိုသည့်အကြောင်း ပြောရန်အတွက် ကောင်းကင်စိတ်အာရုံကို အလျင်စလို ဖြန့်ကျက်လိုက်လေသည်။ သို့သော်ငြား ထိုအခန်းထဲတွင် မည်သူမှ ရှိမနေကြောင်း တွေ့လိုက်ရလေ၏။ ပူပူနွေးနွေး လက်ဖက်ရည်တစ်ခွက်သည်သာ စားပွဲခုံပေါ်တွင် ရှိနေလေသည်။
ရန်ကိုင့်၏ပုံရိပ် သူ့အခန်းထဲမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး ကျန်းရို့ရှီအခန်းထဲတွင် ပြန်ပေါ်လာခဲ့လေသည်။ ရေနွေးခွက်မှာ နွေးနွေးလေးသာ ရှိနေသေးသည့် အတွက်ကြောင့် ကျန်းရို့ရှီ ဤနေရာမှ ထွက်သွားသည်မှာ မကြာသေးမှန်း နားလည်လိုက်လေသည်။
ရန်ကိုင့်အနေဖြင့် တစ်လလုံးလုံး မစားမသောက် အပြင်သို့မထွက်ဘဲ အခန်းထဲအောင်းကာ တံခါးပိတ်ကျင့်စဉ် ဝင်နေသည့်အတွက်ကြောင့် ကျန်းရို့ရှီအနေဖြင့် မြို့ထဲလျှောက်ပတ်ကြည့်သည်မှာ သဘာဝသာ ဖြစ်လေသည်။ သို့သော်ငြား ခရမ်းတောင်မြို့၏ ယေဘုယျကျင့်ကြံခြင်းမှာ မြင့်မားခြင်းမရှိသည့်အတွက်ကြောင့် ရန်ကိုင်လည်း ကျန်းရို့ရှီအတွက် အရမ်းကြီး စိတ်ပူမနေခဲ့ပေ။
ကောင်းကင်စိတ်အာရုံကိုဖြန့်ကျက်၍ ခရမ်းတောင်မြို့တစ်ခုလုံးကို တမုဟုတ်ချည်း လွှမ်းခြုံလိုက်လေသည်။ မကြာမီတွင် ကျန်းရို့ရှီကို ရန်ကိုင် ရှာတွေ့သွားခဲ့သည်။ သူမသည် မြို့ထဲရှိ စင်မြင့်ပေါ်တွင် လူးလွန့်လှုပ်ရှားနေခြင်း ဖြစ်လေသည်။
“ဟမ်…” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။ ထို့နောက် စားပွဲခုံပေါ်တွင် အရင်းအမြစ်ကျောက်အချို့ကိုချလျက် အခန်းထဲမှ တည်နေရာခုန်ကူးကာ ထွက်လာခဲ့လိုက်လေ၏။
မကြာခင်တွင် ရန်ကိုင့်၏ပုံရိပ်သည် ခရမ်းတောင်မြို့ထဲရှိ နဂါးတက်လှမ်းခြင်းပြိုင်ကွင်းဟုခေါ်သော တိုက်ခိုက်ရေးစင်ဘေးရှိ ပွဲကြည့်စင်ပေါ်တွင် ပေါ်လာခဲ့လေသည်။
ကျင့်ကြံသူအနည်းငယ်မှလွဲ၍ မည်သူမျှ ရန်ကိုင် ရုတ်တရက်ပေါ်လာသည်ကို သတိမထားမိခဲ့ကြချေ။
ထိုလူများမှာ ရန်ကိုင့်အား ဇဝေဇဝါဖြင့် လှမ်းကြည့်လိုက်ကြလေသည်။ သို့သော်ငြား မကြာမီ တိုက်ပွဲစင်မြင့်ဆီသို့သာ ပြန်၍ အာရုံစိုက်သွားကြလေသည်။
စင်မြင့်တစ်ခုလုံးကို မာကြောခိုင်ခံ့စွာ တည်ဆောက်ထားခဲ့ပြီး ဘေးပတ်ပတ်လည်တွင် အလင်းစွမ်းအင်စက်ကွင်းများဖြင့် ကာရံထားခဲ့လေသည်။ ထို့အတွက်ကြောင့် စင်မြင့်ပေါ်တွင်ရှိနေသော ကျင့်ကြံသူများမှာ စိတ်လွတ်ကိုယ်လွတ် တိုက်ခိုက်နိုင်ကြလေ၏။
မြို့တိုင်းလိုလိုတွင် ဤကဲ့သို့သော တိုက်ပွဲစင်မြင့်များ ရှိကြပေသည်။ ကျင့်ကြံသူတိုင်းမှာ ပို၍ အားကောင်းလာချင်ကြသည့် အတွက်ကြောင့် အတွေ့အကြုံရရန်အတွက် ဤကဲ့သို့သော တိုက်ပွဲစင်မြင့်များသို့ လာကာ တိုက်ခိုက်တတ်ကြသည်။ ထို့အပြင် လူဆို၍ဖြစ်လာသည်နှင့် ပဋိပက္ခဆိုသည်မှာလည်း ရှိလာမည်မှာ မလွဲမသေပင်။ အခြားသော တောအုပ်ကဲ့သို့သော နေရာမျိုးတွင်သာ ဆိုလျှင်တော့ သူသေကိုယ်သေတိုက်ခိုက်၍ ပဋိပက္ခကို ဖြေရှင်းပစ်လိုက်လို့ရသော်ငြား ဤကဲ့သို့သော မြို့များတွင် ထိုကဲ့သို့ လုပ်၍ မရပေ။ မြို့တိုင်းတွင် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ ရှိကြရာ မြို့တိုင်းလိုလိုတွင် လူသတ်ခြင်းအား တားမြစ်ပေသည်။
ခရမ်းတောင်မြို့သည် သဲကန္တာရ၏ အစွန်အဖျားပိုင်းတွင် ရှိနေပါသော်ငြား မြို့တစ်မြို့ဖြစ်နေသည့် အတွက်ကြောင့် ၎င်းတွင် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ ရှိပေသည်။ မြို့ထဲတွင် လူသတ်ခွင့်ကို တားမြစ်ထား၏။ ထို့အတွက်ကြောင့် ကျင့်ကြံသူများသည် သူတို့၏ပဋိပက္ခအား ဖြေရှင်းလိုလျှင် ဤတိုက်ပွဲစင်မြင့်သို့လာ၍ သေခြင်းရှင်ခြင်းစာချုပ်ကို လက်မှတ်ထိုးကာ သူသေကိုယ်သေ တိုက်ခိုက်ကြသည်။ ထို့အပြင် ဤတိုက်ပွဲစင်မြင့်သည် ရန်ငြိုးရန်စ မရှိသူများပင် မိမိ၏ ကိုယ်ရည်ကိုယ်သွေးကို တိုးတက်အောင် လုပ်ရန်အတွက် အသုံးဝင်သည့် နေရာတစ်ခု ဖြစ်ပေသည်။
ဤသို့ဖြင့် အချိန်ကြာလာသော် ဤတိုက်ပွဲစင်မြင့်များမှာ ကျင့်ကြံသူများကြား ရေပန်းစားလာရတော့လေသည်။ မိမိ၏ အရည်အချင်းကို တိုးတက်အောင် လုပ်လိုသည့် ကျင့်ကြံသူများသည် တိုက်ပွဲစင်မြင့်သို့လာကာ အခြားသော ကျင့်ကြံသူများနှင့် လက်ရည်သွေးကြပေသည်။ တိုက်ခိုက်ရန် စိတ်မဝင်စားကြသူများမှာလည်း အခြားသူများ တိုက်ခိုက်နေသည်ကို ကြည့်ကာ တစ်ဖက်လူ၏ နည်းစနစ်ကို စနည်းနာနိုင်သလို တိုက်ပွဲများကိုကြည့်ရင်းလည်း စိတ်အပန်းဖြေနိုင်လေ၏။
ရန်ကိုင်ရောက်လာသည့်အခါတွင် နဂါးတက်လှမ်းခြင်းပြိုင်ကွင်း၏ ခုံနေရာအားလုံးမှာ လူများဖြင့် ပြည့်နေခဲ့လေပြီ။ အချို့လူများဆိုလျှင် မတ်တပ်ရပ်၍ပင် ကြည့်နေရသည်။
ရန်ကိုင်စစ်ဆေးကြည့်ရသလောက် ဤနေရာတွင် အနည်းဆုံး လူပေါင်းသောင်းနှင့်ချီကာ ရှိနေပေသည်။ အကုန်လုံးမှာ တိုက်ပွဲစင်မြင့်အား စိတ်ဝင်တစားဖြင့် စူးစိုက်ကြည့်နေလေ၏။ မကြာမကြာဆိုသလို နေရာပေါင်းစုံဆီမှ အော်ဟစ်အားပေးသံများ ထွက်ပေါ်လာကြလေသည်။
လက်ရှိအချိန်တွင် တိုက်ပွဲစင်မြင့်ပေါ်၌ တိုက်ခိုက်နေကြသည့် လူနှစ်ဦးအနက် တစ်ဦးမှာ ကျန်းရို့ရှီဖြစ်ပေသည်။
လက်ရှိ ကျန်းရို့ရှီ၏ပုံစံမှာ သူမ၏ ယခင် အားနည်းပြီး ပျော့ညံ့သည့်ပုံစံမျိုးနှင့် မတူတော့ချေ။ ကျန်းရို့ရှီသည် လှောင်အိမ်ထဲမှ လွတ်လာသည့် သားရဲတစ်ကောင်နှယ် အလွန်ကိုမှ ခက်ထန်ကြမ်းတမ်းနေခဲ့လေသည်။ တိုက်ခိုက်ရ လွယ်ကူစေရန်အတွက် သူမ၏ ဆံပင်ရှည်များကို ဆံထုံးအဖြစ် ထုံးနှောင်ထားခဲ့သည်။
သူမနှင့် တိုက်ခိုက်နေသည့် လူမှာတော့ တာအိုသခင်တတိယအဆင့်သို့ ရောက်နေသော သက်လတ်ပိုင်းလူကြီးဖြစ်ပေသည်။ သက်လတ်ပိုင်းလူကြီးသည် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို သွေးနီရောင်အလင်းဖြင့် လွှမ်းခြုံထားခဲ့လေရာ သူ့ပုံစံမှာ အတော်လေးကိုမှ ကြမ်းကြုတ်ကာ ခက်ထန်နေလေ၏။
နှစ်ယောက်စလုံးသည် တိုက်ပွဲစင်မြင့်ပေါ်တွင် မီးကုန်ယမ်းကုန် တိုက်ခိုက်နေကြလေသည်။ အရင်းအမြစ်ချီအချင်းချင်း ထိပ်တိုက်တွေ့သွားတိုင်း ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး တိုက်ပွဲစင်မြင့်အား ကာရံပေးထားသော အလင်းအကာအရံများမှာလည်း တဖျတ်ဖျတ် လှုပ်ခါလာခဲ့လေ၏။
ကျန်းမိသားစုမှ ကောင်မလေးသည် ဤတိုက်ပွဲစင်မြင့်သို့လာ၍ တိုက်ခိုက်နေခဲ့သည်ကို ကြည့်ရင်း ရန်ကိုင့်မှာ အတော်လေးကိုမှ အံ့အားသင့်နေရတော့လေသည်။
တိုက်ပွဲစင်မြင့်သို့ လာရဲလောက်သည့် သတ္တိကို သူမ မည်သည့်နေရာကများ ရလာလေသနည်း။ ကျန်းရို့ရှီသည် ပုံမှန်အားဖြင့် သူစိမ်းတစ်ဦးနှင့် စကားပြောလျှင်ပင် ရှက်သွေးဖြာတတ်သည့် လူစားမျိုးဖြစ်သလို ငယ်စဉ်ကတည်းက ယခုကြီးလာသည့်အချိန်အထိ ဤကဲ့သို့သော နေရာမျိုးသို့ တစ်ခါမှမလာခဲ့ဖူးချေ။ ထို့အပြင် လက်ရှိ သူမ၏ အရှိန်အဝါမှာ ပုံမှန်အရှိန်အဝါနှင့် လုံးဝကို ကွဲပြားနေခဲ့သည့် အတွက်ကြောင့် ရန်ကိုင့်မှာ ကြိတ်၍ စိုးရိမ်မိလာလေသည်။ ကျန်းရို့ရှီ ဤကဲ့သို့ ဖြစ်သွားရခြင်းမှာ သူမ၏ သွေးမျိုးဆက်နှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေလိမ့်မည်မှန်းတော့ ရန်ကိုင် ပြောနိုင်ပေသည်။ သူမ၏ပြိုင်ဘက်သည် ခရမ်းတောင်မြို့ထဲတွင် နာမည်ကျော်ကြားအားကောင်းသည့် ကျင့်ကြံသူတစ်ဦး ဖြစ်လောက်သည်။ ထို့ကြောင့်သာ မဟုတ်လျှင် ဤနေရာ၌ ပရိတ်သတ်ပေါင်းများစွာ ရှိနေလိမ့်မည် မဟုတ်ချေ။
“သူတို့နှစ်ယောက်ထဲမှာ ဘယ်သူနိုင်မလဲမသိဘူး…”
“သွေးလက်ကုရှန်းပဲ ဖြစ်မှာပေါ့… သွေးလက်ကုရှန်းက ဘယ်ဂိုဏ်းထဲကိုမှ မဝင်ခဲ့ဘူးဆိုပေမဲ့ ဒီကောင် ခရမ်းတောင်မြို့ရဲ့ တိုက်ပွဲစင်မြင့်ကို ကြီးစိုးလာတာ နှစ်ပေါင်း ငါးဆယ်မကတော့ဘူး.. သူနဲ့တွေ့တဲ့ရန်သူတိုင်း ရှုံးရတာချည်းပဲ… ဒီနေ့လည်း အတူတူပဲဖြစ်မှာ…”
“သူ့လို ဘယ်ဂိုဏ်းထဲကိုမှ မဝင်ဖူးတဲ့လူတစ်ယောက်က ဘယ်လိုလုပ်ပြီး တာအိုသခင်တတိယအဆင့်ကို ရောက်နိုင်တာလဲ… ကြည့်ရတာ ဒီကောင့်ပါရမီက တကယ်ကို မြင့်တယ်နဲ့တူတယ်… သူသာ ဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းထဲကို ဝင်လိုက်မယ်ဆိုရင် ဧကရာဇ်အဆင့်ကိုတောင် တက်ရင်တက်နိုင်မှာ…”
“ဟဲ ဟဲ… မင်းမသိလို့… ငါကြားတာတော့ ကုရှန်းက ခရမ်းတောင်တန်းမှာ ရှေးဟောင်းလိုဏ်ဂူတစ်လုံးကို တွေ့ခဲ့ပြီး အဲ့လှိုဏ်ဂူထဲကနေ အားကောင်းတဲ့ကျင့်ကြံသူတစ်ဦးရဲ့ အမွေအနှစ်ကို ရခဲ့တယ်တဲ့… အဲ့ဒါကြောင့်ပဲ သူ ဘယ်ဂိုဏ်းထဲကိုမှ မဝင်ခဲ့တာ…. လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ရောင်နီကျောင်းတော်က တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဒီနားကနေ ဖြတ်သွားသေးတယ်… အဲ့တုန်းက သူ ကုရှန်းနဲ့ပြဿနာတက်သွားတယ်… ဒီတော့ သူတို့နှစ်ယောက်စလုံး ဒီ တိုက်ပွဲစင်မြင့်ကိုလာပြီး တိုက်ခိုက်ကြတာ… တိုက်ပွဲဘယ်လိုဖြစ်သွားတယ်လို့ မင်းထင်လဲ…”
“ဘယ်လိုဖြစ်သွားလဲ…”
“ဘယ်လိုဖြစ်ရမှာလဲ… ကုရှန်းနိုင်သွားတာပေါ့… ရောင်နီကျောင်းတော်က ကျင့်ကြံသူကို တိုက်ကွက်ဆယ်ကွက်အတွင်း အမှောက်သိပ်ပေးလိုက်တာ… ဟိုက ဘာမှကို ပြန်မလုပ်နိုင်ဘူး…”
“ကျွတ်… ကုရှန်းက အဲ့လောက်တောင် အားကောင်းတာလား… ရောင်နီကျောင်းတော်က တပည့်တောင် သူ့ပြိုင်ဘက်မဖြစ်နိုင်တာတော့ နည်းနည်း များသွားပြီ…”
ရောင်နီကျောင်းတော်သည် အရှေ့ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်ရာ ၎င်း၏အဆင့်အတန်းသည် ရှုယဉ်သာနန်းတော်အောက်သာ နိမ့်ကျပေသည်။ ထိုကဲ့သို့သော ဂိုဏ်းတစ်ဂိုဏ်းမှလာသည့် ကျင့်ကြံသူများမှာ အလွန်တရာကိုမှ အားကောင်းကြလေရာ တာအိုသခင်တတိယအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသော လက်ရွေးစင်တပည့်တစ်ဦးသာဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။
“ရောင်နီကျောင်းတော်က လက်ရွေးစင်တပည့်ကို သူအနိုင်ယူခဲ့တာ တော်တော်လေးကြာသွားပြီ… ဒီတော့ ဒီနှစ်တွေအတွင်းမှာ သူ့ခွန်အားက ကျိန်းသေကို တိုးတက်လာမှာပဲ… သူ့လိုလူတစ်ယောက်ကို အဲ့ကောင်မလေးလို အားနည်းတဲ့လူက ဘယ်လိုလုပ်ပြီး နိုင်မှာလဲ… ဒီနေ့ ဒီပွဲကို လာကြည့်တဲ့လူတွေ ဘာလို့ ဒီလောက်များနေလဲသိလား။ အကုန်လုံး ကုရှန်းကြောင့် ရောက်လာတာကွ”
“အားနည်းတဲ့ကောင်မလေး ဟုတ်လား…” အခြားလူတစ်ယောက်က နှာခေါင်းရှုံ့လိုက်လေသည်။ “ရောင်းရင်း… မင်းက တကယ်ကို ရယ်ဖို့ကောင်းတာပဲနော်… မင်းက အဲ့အသူရာကောင်မလေးရှေ့တည့်တည့်သွားပြီး သူ့ကို အားနည်းတဲ့ကောင်မလေးလို့ ခေါ်ရဲလား… မင်း ခေါ်ရဲတယ်ဆိုရင် ငါမင်းကို ထိုင်ရှိခိုးကန်တော့လိုက်မယ်…”
“အဟမ်း အဟမ်း…” ကုရှန်း၏ ပရိတ်သတ်မှာတော့ အသာအယာ ချောင်းဟန့်လိုက်လေ၏။
“အသူရာကောင်မလေး..” ထိုစကားကိုကြားသော် အနားတွင်ရှိနေသောလူတစ်ဦးက ဝင်မေးလိုက်လေသည်။ “ဒီကောင်မလေးက နာမည်ကျော်တာလား…”
အစောပိုင်းက စကားပြောလိုက်သည့်လူက ဝင်မေးလာသည့်လူကိုကြည့်လျက် မေးလိုက်လေသည်။ “ရောင်းရင်း… မင်းအခုမှ ခရမ်းတောင်မြို့ကို ရောက်ဖူးတာလား…”
ထိုလူက ပြုံးဖြီးလျက် “လွန်ခဲ့တဲ့သုံးရက်လောက်ကမှ ရောက်တာ… ခရမ်းတောင်တန်းမှာ အခွင့်အလမ်းတွေ အများကြီးရှိတယ်ဆိုလို့ လာကံစမ်းရင်းနဲ့ ခရမ်းတောင်မြို့ကိုရောက်တုန်း ခရီးတစ်ထောက်နားနေတာ … အခု အားနေတုန်းလေး မြို့ထဲလျှောက်ပတ်ကြည့်ရင်းနဲ့ ဒီမှာ စိတ်ဝင်စားစရာတွေ့လို့ ရောက်လာခဲ့တာ…”
“သုံးရက်… မင်း သူ့အကြောင်းမသိတာ မဆန်းပါဘူးလေ…” ထိုလူက ခေါင်းညိတ်လျက် ရှင်းပြလိုက်လေသည်။ “အဲ့ကောင်မလေးက ထင်သလောက် မရိုးရှင်းဘူးကွ… သူ့နာမည်ကိုတော့ ငါမသိဘူး… ဒါပေမဲ့ လူတိုင်းကတော့ သူ့ကို အသူရာကောင်မလေးလို့ ခေါ်ကြတာပဲ…”
“အဲ့ကောင်မလေးက အဲ့လောက်တောင် အားကောင်းတာလား…”
“အားကောင်းတယ်ဆိုတာ မင်း သူ့ကို နှိမ်ပြောရာကျနေပြီ…” အစောပိုင်းက စကားပြောလိုက်သည့်လူက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “သူက ပြိုင်ဘက်ကိုကင်းနေတာ… ရှင်းရှင်းပြောရရင် အဲ့ကောင်မလေးလည်း ဒီကိုရောက်လာတာ သိပ်မကြာသေးဘူး… လွန်ခဲ့တဲ့ ရက်နှစ်ဆယ်လောက်ကမှ ပေါ်လာတာ… ဒါပေမဲ့ ပေါ်လာပြီးပြီးချင်းမှာပဲ သူနဲ့အဆင့်တူ ကျင့်ကြံသူတစ်ယောက်ကို ရိုက်ထည့်ပေးလိုက်တာ… တိုက်ကွက် (၃)ကွက်ပဲ ရှိသေးတယ် ဟိုကောင်မှာ မှောက်သွားတာ ပြန်ကို ထမလာနိုင်တော့ဘူး… သူ့တိုက်ကွက်တွေက ဘာမှ ဒီလောက်ဆန်းဆန်းပြားပြားမဟုတ်ပေမဲ့ အရမ်းကြမ်းလွန်းတယ်..”
“တကယ်ကြီးလား…”
“အဲ့ဒါဆို တကယ်အားကောင်းတာပဲ အဲ့ကောင်မလေးက…”