အခန်း (၂၅၁၅-၂၅၁၇)
Vol. 104 Ch. 2515-2517
အပိုင်း (၂၅၁၅) မီးကုန်ယမ်းကုန်
“အဲ့အချိန်တည်းကစပြီး အဲ့ကောင်မလေးက ဒီနဂါးတက်လှမ်းခြင်းပြိုင်ကွင်းကိုလာပြီး နေ့တိုင်း တိုက်ခိုက်နေတာ… ဘယ်သူမှ သူ့ကို အနိုင်မယူနိုင်ဘူး… သူနဲ့တွေ့တဲ့ပြိုင်ဘက်တိုင်းကလည်း လက်ဖက်ရည်တစ်ခွက်စာတောင် မခုခံနိုင်ကြဘူး… သူ့ရဲ့ကြမ်းကြုတ်တဲ့ တိုက်ခိုက်တဲ့ပုံစံကြောင့် လူတိုင်းက သူ့ကို အသူရာကောင်မလေးလို့ ခေါ်ကြတာ…”
“ဒီကောင်မလေးက တကယ်အားကောင်းတာပဲ…” ပထမဦးဆုံး စကားစပြောလိုက်သည့်လူ၏ မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့ပြီး တိုက်ပွဲအား စိတ်ဝင်တစားဖြင့် ကြည့်လိုက်လေသည်။
“အသူရာကောင်မလေးက အားကောင်းတာမှန်တယ်… ဒါပေမဲ့ ကုရှန်းကလည်း မဆိုးပါဘူး… ငါထင်တာတော့ ကုရှန်းပဲနိုင်လိမ့်မယ်နဲ့တူတယ်…”
ကုရှန်း၏ပရိတ်သတ်ကြီးမှာတော့ ကုရှန်းအပေါ်ကိုသာ စွဲစွဲမြဲမြဲ ယုံကြည်နေခဲ့လေသည်။
တတိယမြောက် စကားပြောခဲ့သည်လူက ဝင်ပြောလိုက်လေ၏။ “ကုရှန်းအားကောင်းတာမှန်တယ်… အုတ်မြစ်ကလည်း ခိုင်မာကျစ်လျစ်ပြီးသား… သူ့အရင်းအမြစ်ချီကလည်း အားကောင်းပြီးသား… ဒါပေမဲ့ အသူရာကောင်မလေးကိုတော့ သူနိုင်မှာမဟုတ်ဘူး…”
“ဘာဖြစ်လို့လဲ…”
“ဟုတ်တယ်… ဘာဖြစ်လို့ ကုရှန်းက မနိုင်ရမှာလဲ… အခုတိုက်ပွဲအခြေအနေကို ကြည့်ရတာတော့ ကုရှန်းဘက်က အသာစီးရနေတာပဲ…”
တတိယမြောက်စကားပြောသည့်လူက တိုက်ပွဲစင်မြင့်ကို လှမ်းကြည့်လျက် ပြန်ပြောလိုက်လေသည်။ “အဲ့လိုပြောရတာ ငါ့အကြောင်းနဲ့ငါရှိတာပေါ့…”
“ဘယ်လိုအကြောင်းများလဲ… ရောင်းရင်းတစ်ချက်လောက် ပြောပြပေးပါဦး…”
“ကုရှန်းရဲ့ခွန်အားက သူ့အကန့်အသတ်ကို ရောက်နေပြီ… ဧကရာဇ်အဆင့်ကိုသာ မတက်တော့ဘူးဆိုလို့ရှိရင် ဘယ်လိုမှ ထပ်ပြီး တိုးတက်လာတော့မှာ မဟုတ်ဘူး… ဒါပေမဲ့ အသူရာကောင်မလေးကတော့ မတူဘူး… သူ့ပုံစံကိုကြည့်ရတာ သိပ်ပြီး တိုက်ခိုက်ခဲ့ဖူးတဲ့ပုံမပေါ်ဘူး… ဒါပေမဲ့ တိုက်ပွဲတစ်ပွဲ တိုက်ပြီးတိုင်း တိုက်ပြီးတိုင်းမှာ သူ့ခွန်အားက တဖြည်းဖြည်းနဲ့ တိုးတက်လာတယ်… အခုကြည့်ကြည့်ကွာ… အခုလက်ရှိ အသူရာကောင်မလေးက လွန်ခဲ့တဲ့ရက်နှစ်ဆယ်က အသူရာကောင်မလေးထက် အများကြီးပိုအားကောင်းတယ်… ကုရှန်းနဲ့ စတိုက်တိုက်ချင်းတုန်းက အသူရာကောင်မလေး လုံးဝကို အောက်စည်းရောက်နေတာ မင်းတို့ သတိမထားဘူးလား… ဒါပေမဲ့ အခု ဘာဖြစ်နေလဲ… ပြန်ပြီးတော့ ခုခံရင်းနဲ့မှ တန်ပြန်တိုက်ကွက်တွေသုံးပြီး တိုက်ခိုက်နိုင်နေပြီလေ… ငါထင်တာမမှားလို့ရှိရင် တိုက်ပွဲသာ ဒီတိုင်းဆက်သွားမယ်ဆိုရင် ကုရှန်းရှုံးလိမ့်မယ်…”
ထိုလူပြောသည်ကို နားထောင်ပြီးသည့်နောက် ကျန်နှစ်ဦးမှာ တိုက်ပွဲအား သေသေချာချာ စစ်ဆေးကြည့်လိုက်ရာ ထိုလူပြောသည့်အတိုင်းပင် ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ ထို့အတွက်ကြောင့် ကောက်၍ ချီးကျူးလိုက်လေ၏။ “ရောင်းရင်းပြောတာဟုတ်တယ်နော်… ကြည့်ရတာ ကုရှန်း သူ့ကို မနိုင်လောက်ဘူး…”
“ဒီကောင်မလေး ဘယ်ကရောက်လာတာလဲ… သူ့ကြည့်ရတာ အသက်နှစ်ဆယ်လောက်တောင် မရှိတတ်သေးဘူး… အဲ့ကောင်မလေးက ကျင့်ကြံခြင်းတစ်မျိုးမျိုးကိုသုံးပြီး သူ့ကိုယ်သူ ငယ်ရွယ်အောင်လုပ်ထားတဲ့ အဖွားကြီးများ ဖြစ်နေမလား…”
“သေချာစဉ်းစားပြီးမှလည်း ပြောစမ်းပါကွာ… အဲ့အသူရာကောင်မလေးပုံစံက ခက်ထန်ကြမ်းတမ်းတဲ့ပုံ ပေါက်နေတယ်ဆိုပေမဲ့ သူ့ပုံစံကိုကြည့်… လုံးဝ ကလေးတစ်ယောက်ရဲ့ပုံစံအတိုင်းပဲ… ဘယ်လိုမှ အဖွားကြီးတစ်ယောက် မဖြစ်နိုင်ဘူး…”
“ရောင်းရင်းကိုကြည့်ရတာ အသူရာကောင်မလေးကို ကောင်းကောင်းသိတဲ့ပုံပဲနော်…”
ထိုလူ၏ နှုတ်ခမ်း မဲ့သွားခဲ့လေသည်။ “သိတာပေါ့… ဘာဖြစ်လို့လဲဆိုတော့ အသူရာကောင်မလေးရဲ့ ပထမဆုံးပြိုင်ဘက်က ငါဖြစ်ခဲ့တာလေ…”
“ဟမ်…” အခြားသောလူနှစ်ဦးမှာ ထိုလူအား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်လေသည်။ သူတို့နှင့်စကားပြောနေသည့်လူမှာ အသူရာကောင်မလေး၏ တိုက်ကွက်သုံးကွက်အတွင်း သတိလစ်သွားအောင် အမှောက်သိပ်ခံလိုက်ရသည့်လူ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ချက်ချင်းဆိုသလို လူသုံးဦးကြားရှိ စကားဝိုင်းမှာ ကို့ယို့ကားယား ဖြစ်သွားတော့လေ၏။
လက်ရှိအချိန်တွင် လူတိုင်းမှာ အသူရာကောင်မလေး၏ နောက်ခံကို စတင်၍ ခန့်မှန်းနေကြလေသည်။ အသူရာကောင်မလေး၏ တိုက်ခိုက်ပုံမှာ ခက်ထန်ကြမ်းတမ်းပါသော်ငြား မည်သည့်မှော်ရတနာကိုမှ အသုံးပြုနေခြင်း မရှိသည့်အတွက်ကြောင့် သူမ၏ဇစ်မြစ်ကို ခန့်မှန်းရန်အတွက် ခက်ခဲနေလေ၏။
ထို့အတွက်ကြောင့် လူများမှာ သူမနှင့် ပတ်သက်၍ ပို၍ စိတ်ဝင်စားလာကြတော့လေ၏။
ရန်ကိုင်ကမူ တိုက်ပွဲစင်မြင့်ဆီသို့ လှမ်းကြည့်နေရင်း ထူးဆန်းသည့် ခံစားချက်တစ်မျိုးကို ရနေခဲ့လေသည်။
ကျန်းရို့ရှီမှာ ဤကဲ့သို့သော တိုက်ပွဲစင်မြင့်တွင် လာရောက်တိုက်ခိုက်နေရုံမက အသူရာကောင်မလေးဟူသော နာမည်ပြောင်ကိုပင် ရရှိခဲ့လိမ့်မည်ဟု ရန်ကိုင်မထင်ထားခဲ့ချေ။ လက်ရှိကျန်းရို့ရှီသည် သူယခင်က တွေ့ခဲ့ရသော ကျန်းရို့ရှီနှင့် လုံးဝကို ကွဲပြားနေခဲ့လေသည်။
သူ့ကိုယ်သူလည်း သားရဲကြီးတစ်ကောင်ကို မွေးမြူထားခဲ့သည်ဟု ခံစားလာရလေသည်။ ထိုသားရဲသည် လှောင်အိမ်ထဲတွင် ရှိနေသည့်အခါ လိမ္မာပါသော်ငြား လှောင်အိမ်ထဲမှ လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် စိတ်ကြိုက်ကို သောင်းကျန်းတော့လေ၏။
ထိုစဉ်အတောအတွင်း စင်မြင့်ပေါ်ရှိ တိုက်ပွဲမှာ အရှိန်အဟုန် မြင့်လာတော့လေသည်။
တိုက်ပွဲမှာ အစပိုင်းတွင် ကုရှန်းဘက်မှ အသာရနေပါသော်ငြား တဖြည်းဖြည်းနှင့် လက်ရည်တူလာခဲ့လေသည်။ ထို့နောက်တွင် ကုရှန်း အောက်စည်းသို့ ရောက်သွားခဲ့ပြီး ကျန်းရို့ရှီမှ အပေါ်စည်းမှ ဖိတိုက်ခိုက်တော့လေသည်။
နှစ်ဦးစလုံးမှာ လက်ဗလာသက်သက်ဖြင့်သာ တိုက်ခိုက်နေကြခြင်း ဖြစ်လေသည်။ ကျန်းရို့ရှီ လက်ဗလာဖြင့် တိုက်ခိုက်ရခြင်းမှာ သူမတွင် ပန်းရောင်တိမ်တိုက်ဖီးနစ်ဝတ်ရုံသာ ရှိပြီး အခြား မည်သည့်တိုက်ခိုက်ရေးမှော်ရတနာမှ မရှိသည့် အတွက်ကြောင့်ပင်။ သို့သော်ငြား ဧကရာဇ်အဆင့် မှော်ရတနာ၏ အကာအကွယ်စွမ်းအားကိုတော့ ထုတ်မသုံးခဲ့ပေ။ ကုရှန်း၏အမြင်အရ သူသည် ခရမ်းတောင်မြို့တွင် နာမည်ကျော်ကြားသည့် လူတစ်ဦး ဖြစ်နေသည့်အတွက်ကြောင့် လက်ဗလာနှင့် တိုက်ခိုက်နေသည့် မိန်းမငယ်လေးတစ်ဦးအား လက်နက်ထုတ်သုံး၍ တိုက်ခိုက်ရမည်မှာ ရှက်ဖွယ်ကောင်းသည်ဟု ထင်ပေသည်။
နှစ်ဦးစလုံး၏ အမျိုးမျိုးသော သိုင်းပညာရပ်များသည် တစ်ခုနှင့်တစ်ခု ထိပ်တိုက်တွေ့ကာ ပေါက်ကွဲထွက်နေခဲ့ကြလေသည်။
ကုရှန်း၏ ကျောက်ဆောင်တစ်ခုနှယ် ခိုင်မာကျစ်လျစ်သည့် တိုက်ခိုက်ပုံနှင့် ယှဉ်လိုက်သော် ကျန်းရို့ရှီ၏ လှုပ်ရှားမှုများမှာ ပို၍ လျင်မြန်သွက်လက်ပေသည်။ ထို့အပြင် ကျန်းရို့ရှီသည် အလွန်ကိုမှ အားကောင်းလှသည့် တိုက်ခိုက်ရေးဆဌမအာရုံကို ပိုင်ဆိုင်ထားသည့်ပုံပင်။ လက်ရှိ ကျန်းရို့ရှီထုတ်သုံးနေသည့် သိုင်းပညာရပ်များအကြောင်းကို ရန်ကိုင် ကြားလည်းမကြားခဲ့ဖူးသလို မြင်လည်းမမြင်ခဲ့ဖူးပေ။ ကျန်းရို့ရှီ မည်သည့်အချိန်တည်းက ထိုပညာရပ်များကို သင်လို့သင်ထားမှန်း ရန်ကိုင်ပင်မသိ။
ကုရှန်း၏ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော သွေးနီရောင်အလင်းမှာ စတင်၍ တုန်ခါလာခဲ့ပြီး တဖြည်းဖြည်းနှင့် အရောင်မှိန်ကျလာခဲ့လေသည်။ ကုရှန်းကိုယ်တိုင်၏ အရှိန်အဝါသည်ပင်လျှင် စတင်၍ မတည်မငြိမ် ဖြစ်လာလေ၏။
(အားကောင်းလိုက်တာ…) ကုရှန်းစိတ်ထဲ တုန်ရီနေမိလေသည်။ ခရမ်းတောင်မြို့မှ ကျင့်ကြံသူများအား တစ်ယောက်ပြီးတစ်ယောက် အမှောက်သိပ်နေသည့် ဤကောင်မလေးအကြောင်းကို ကြားခဲ့ဖူးသော်ငြား ယခု တိုက်ခိုက်ကြည့်လိုက်သည့် အခါမှသာ ဤကောင်မလေး၏ ခွန်အားကို အထင်သေးမိနေခဲ့မှန်း ကုရှန်း နားလည်သွားတော့လေသည်။
ဤအသူရာကောင်မလေး၏ တိုးတက်နှုန်းသည် ကုရှန်းအား အမှန်တကယ်ကို ကြောက်လန့်သွားစေခဲ့လေသည်။
တစ်ခဏလေးအတွင်း ဤကောင်မလေးမှာ တိုက်ပွဲ၏ရေချိန်ကို လုံးဝ ပြောင်းလဲပစ်လိုက်သည်။ လုံးဝအောက်စည်းသို့ ရောက်နေရာမှ တဖြည်းဖြည်းနှင့် ပြန်လည်ခုခံတိုက်ခိုက်လာနိုင်ပြီး နောက်ဆုံးတွင် သူ့ကိုပင်လျှင် အထက်စည်းမှ ဖိအားပေး၍ တိုက်ခိုက်လာတော့လေသည်။
သူ့ကိုယ်ပေါ်ရှိ သွေးအလင်းရောင် ပျက်စီးသွားတော့မည်ကိုမြင်သော် ကုရှန်းသည် အံကိုတင်းတင်းကြိတ်၍ နောက်သို့ တစ်လှမ်းဆုတ်လိုက်လေသည်။ ထို့နောက် တိုက်ပွဲတူတစ်ချောင်းကို ထုတ်ယူလျက် အော်ပြောလိုက်လေသည်။ ကောင်မလေး… နင့်ရဲ့ မှော်ရတနာကို ထုတ်ယူလိုက်တော့… မထုတ်ရင် အခွင့်အရေးရတော့မှာမဟုတ်ဘူး…”
ကုရှန်းကိုကြည့်ရသည်မှာ သူသေကိုယ်သေ တိုက်ခိုက်တော့မည့်ပုံပင်။
သူနှင့် ကျန်းရို့ရှီကြားတွင် မည်သည့် ရန်ငြိုးရန်စမှ မရှိသော်ငြား ကုရှန်း ခရမ်းတောင်မြို့၏ ပြိုင်ပွဲစင်မြင့်ပေါ်တွင် တိုက်ခိုက်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ ထိုနှစ်များအတောအတွင်း သူသည် ဧကရာဇ်အဆင့်အောက်တွင် ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်သည်ဟူသော ဂုဏ်ပုဒ်ကိုပင် ရရှိခဲ့လေရာ ဘယ်ကမှန်းမသိသော မိန်းမငယ်လေးတစ်ဦး၏ အနိုင်ယူခြင်းသာ ခံလိုက်ရမည်ဆိုပါက သူ၏ ဂုဏ်ပုဒ်နှင့် ဂုဏ်သိက္ခာ ပျက်စီးသွားရပေလိမ့်မည်။ ထို့အတွက်ကြောင့် သူ၏ဝှက်ဖဲကို ထုတ်သုံးရန်သာ ရှိတော့လေသည်။
သို့သော်ငြား မျှမျှတတ တိုက်ခိုက်ချင်သည့်အတွက်ကြောင့် မတိုက်ခိုက်ခင် ကျန်းရို့ရှီအား သူမ၏မှော်ရတနာကို ထုတ်ယူရန် ပြောလိုက်လေသည်။
ထိုအချင်းအရာကိုမြင်သော် ကျန်းရို့ရှီက ခေါင်းခါလျက် ပြန်ပြောလိုက်လေ၏။ “ကျွန်မမှာ မှော်ရတနာမရှိဘူး…”
“ဘာကွ…” ကုရှန်းမှာ သူမလေးအား ငေးကြောင်စိုက်ကြည့်မိသွားလေသည်။ ထို့နောက် ဒေါမာန်တကြီးဖြင့် “သူများကိုအထင်သေးတယ်ဆိုတာ အကန့်အသတ်နဲ့ ရှိသင့်တယ်ကွ…”
ကျန်းရို့ရှီမှာ သူ့အား ထင်သေးသည့်အတွက်ကြောင့် သူမတွင် တိုက်ခိုက်ရန်အတွက် လက်နက်မရှိဟု ထုတ်ပြောလိုက်ခြင်း ဖြစ်လိမ့်မည်ဟု ကုရှန်း ထင်သွားခဲ့ခြင်း ဖြစ်လေသည်။ ပုံမှန်အားဖြင့် တာအိုသခင်တတိယအဆင့်သို့ ရောက်နေသည့်လူတစ်ဦးမှာ မည်သည့်နည်းနှင့်မျှ မှော်ရတနာတစ်ခုအား မပိုင်ဆိုင်ထားစရာ အကြောင်းမရှိချေ။ ထို့အတွက်ကြောင့် ကျန်းရို့ရှီသည် သူ့အား အထင်အမြင်သေးနေခြင်း ဖြစ်သည်ဟုသာ ကုရှန်း ယုံကြည်သွားတော့လေသည်။
တကယ့်တကယ်တွင်တော့ ကျန်းရို့ရှီ၏ ခွန်အားတိုးတက်နှုန်းမှာ အလွန်ကိုမှ မြန်ဆန်သလို သူမကိုယ်တိုင်ဟာလည်း ကမ္ဘာငယ်လေးထဲတွင်သာ အမြဲလိုလိုနေတတ်သည့်အတွက်ကြောင့် ရန်ကိုင့်မှာ သူမအား မှော်ရတနာတစ်ခု ပေးချင်ပါသော်ငြား သူမနှင့် လိုက်ဖက်သင့်တော်မည့် မှော်ရတနာတစ်ခုကို မပေးနိုင် ဖြစ်ခဲ့ရသည်။ အဆင့်နိမ့်သည့်မှော်ရတနာများကို ပေးလိုက်မည်ဆိုပါက ကျန်းရို့ရှီ၏ကျင့်ကြံခြင်းအမြန်နှုန်းကို လိုက်မီနိုင်လိမ့်မည်မဟုတ်သလို အဆင့်မြင့်လွန်းသည့် မှော်ရတနာများကို ပေးလိုက်လျှင်လည်း ကျန်းရို့ရှီအနေဖြင့် ထိုမှော်ရတနာ၏ စွမ်းအားအပြည့်အဝကို ထုတ်သုံးနိုင်လိမ့်မည်မဟုတ်ချေ။
ထို့အတွက်ကြောင့် သူမတွင် ပန်းရောင်တိမ်တိုက်ဖီးနစ်ဝတ်ရုံ မှော်ရတနာတစ်ခုသာ ရှိနေခြင်း ဖြစ်လေသည်။
ကုရှန်းက ဒေါမာန်တကြီးဖြင့် ပြောလိုက်လေသည်။ “ငါနင့်ကို အခွင့်အရေးမပေးဘူးလို့ မပြောနဲ့နော်… နင်က ဒီလောက်တောင် မောက်မာနေမှတော့ ငါ့ကို ရက်စက်တယ်လို့ လာအပြစ်မတင်နဲ့ပေါ့….”
ကျန်းရို့ရှီသည် ယဲ့ယဲ့လေးသာ ပြုံးလိုက်သည်။ သူမအနေဖြင့် ဘာကိုမှ မရှင်းပြချင်တော့သည့်အတွက်ကြောင့် တိတ်နေရန်သာ ရွေးလိုက်လေသည်။ ထို့နောက် အားကုန်သုံး၍ တိုက်ခိုက်တော့မည့်အလား သူမ၏အမူအယာမှာ လေးနက်တည်ကြည်သွားခဲ့လေသည်။
မာန်သွင်းအော်ဟစ်လိုက်ပြီးသည့်နောက်တွင် ကုရှန်း၏ခန္ဓာကိုယ်ကြီး ဖောင်းကား တက်လာလေသည်။ သူ့ခန္ဓာကိုယ်ဆီမှ အရင်းအမြစ်ချီလှိုင်းတို့ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့ပြီး ကုရှန်းသည် အရင်းအမြစ်ချီများကို ကျားခေါင်းတိုက်ပွဲတူထဲသို့ ထည့်သွင်းလိုက်လေသည်။
ရုတ်တရက် ထွက်ပေါ်လာသည့် ကျားဟိန်းသံကြီးကြောင့် တိုက်ပွဲစင်မြင့်တစ်ခုလုံး တုန်ခါသွားခဲ့လေသည်။
“အခုထိ နင့်ရဲ့မှော်ရတနာကို မထုတ်သေးဘူးလား…” ကုရှန်းက နောက်တစ်ကြိမ် ထပ်အော်ပြောလိုက်လေသည်။
ကျန်းရို့ရှီက ဖြည်းဖြည်းချင်းသာ ခေါင်းခါပြလိုက်လေသည်။
“အခုလိုဖြစ်အောင် နင်လုပ်တာပဲ…” ကုရှန်းမှာ အရူးတစ်ပိုင်းဖြစ်သွားလေ၏။ ကုရှန်းမှာ အသက်ပြင်းပြင်းတစ်ချက် ရှုထုတ်လိုက်ပြီးသည့်နောက် ဖောင်းကားလာသည့် သူ့ခန္ဓာကိုယ် နဂိုပုံစံအတိုင်း ပြန်ဖြစ်သွားခဲ့လေသည်။ ထို့နောက် သူ့ကိုယ်ထဲရှိ စွမ်းအင်အားလုံး တိုက်ပွဲတူထဲသို့ စီးဝင်သွားလေ၏။ ချက်ချင်းဆိုသလို လေပြင်းများတိုက်ခတ်လာခဲ့ပြီး မျက်စိကျိန်းမတတ် အလင်းတန်းနှင့်အတူ ဧရာမကျားပုံရိပ်ကြီးတစ်ခု တိုက်ပွဲစင်မြင့်ပေါ်၌ ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားကို သယ်ဆောင်လျက် ထိုပုံရိပ်ကြီးမှာ ကျန်းရို့ရှီဆီသို့ ခုန်အုပ်လာခဲ့လေသည်။
ကျန်းရို့ရှီမှာလည်း ကျားပုံရိပ်ကြီး၏ ကြောက်မက်ဖွယ်ရာကောင်းမှုကို ခံစားမိလိုက်သည့်အလား အလေးအနက် အမူအယာဖြင့် လက်နှစ်ဖက်ကို ပူးကပ်လျက် ကုရှန်း၏ တိုက်ကွက်ဆီသို့ တိုးဝင်သွားလေ၏။
“ဘုန်း ဘုန်း ဘုန်း…”
တရစပ်ပေါက်ကွဲသံများနှင့်အတူ တိုက်ပွဲစင်မြင့်တစ်ခုလုံး မျက်စိကျိန်းမတတ် အလင်းတန်းတို့ဖြင့် လင်းထိန်သွားခဲ့လေသည်။ မည်သူမျှ စင်မြင့်ပေါ်တွင် ဘာဖြစ်လို့ဖြစ်နေမှန်းကို သေချာမမြင်တော့ချေ။ သို့သော်ငြား တိုက်ပွဲမှာ သူသေကိုယ်သေတိုက်ပွဲတစ်ခုအဆင့်ထိသို့ ရောက်လာပြီဖြစ်ကြောင်းကိုတော့ အကုန်လုံး သိနေခဲ့လေသည်။
တိုက်ပွဲစင်မြင့်ပေါ်မှ ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းများကြောင့် တိုက်ပွဲစင်မြင့်အား ကာကွယ်ပေးထားသော အကာအရံများပင်လျှင် ချိုင့်ဝင်ကုန်ကြလေ၏။ လူတိုင်းမှာ ကုရှန်း၏ အံ့အားသင့်ဖွယ်ရာ တိုက်ခိုက်မှုကြောင့် အံ့အားသင့်မိနေကြသလို အသူရာကောင်မလေးမှ ကုရှန်းအား မည်ကဲ့သို့ တန်ပြန်တိုက်ခိုက်မည်ဆိုသည်ကို သိချင်မိကြသေးသည်။ သို့သော်ငြား မျက်စိကျိန်းမတတ် အလင်းတန်းများကြောင့် ဘာကိုမှ သေချာမမြင်ကြရချေ။
အချိန်အတော်ကြာပြီးသည့်နောက်တွင် ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအင်လှိုင်းတို့ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး မျက်စိကျိန်းမတတ် အလင်းတန်းများမှာလည်း ပျောက်ကွယ်သွားကုန်ကြလေသည်။
“ဟမ်… ဘာဖြစ်လို့ ကုရှန်းတစ်ယောက်တည်း ရှိနေရတာလဲ…”
“အသူရာကောင်မလေး ဘယ်ရောက်သွားတာလဲ…”
“တစ်နေရာရာမှာ ပုန်းနေပြီး ကုရှန်းကို အလစ်ချောင်းတိုက်ခိုက်ဖို့ ပြင်နေတာလား…”
“စင်မြင့်က သေးသေးလေးပဲကို… ဘယ်လိုလုပ်ပြီး ပုန်းလို့ရမှာလဲ…”
“ကြည့်… စင်မြင့်ပေါ်မှာ အဝတ်အပြဲတွေရှိနေတယ်… အသူရာကောင်မလေးဝတ်ထားတဲ့ အဝတ်တွေ မဟုတ်ဘူးလား…”
“အသူရာကောင်မလေး သေသွားတာလား… သူတစ်စစီဖြစ်သွားတာများလား…”
“ကုရှန်းနိုင်သွားတာပေါ့…”
ရုတ်ချည်းဆိုသလို ပွဲကြည့်စင်တစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်လာတော့လေသည်။ ပွဲကြည့်စင်များပေါ်မှ ထိတ်လန့်တကြား အော်ဟစ်သံများ၊ စိတ်လှုပ်ရှားတကြီး အော်ခေါ်သံများ၊ အားရနေသည့်လေသံများ၊ ကရုဏာသက်နေသည့် အသံများ၊ အော်ဟစ်ကျိန်ဆဲသံများ အသံဗလံမျိုးစုံ ထွက်လာခဲ့လေသည်။
အသူရာကောင်မလေးသည် ဥက္ကာခဲတစ်စင်းနှယ် အရှိန်အဟုန်ပြင်းပြင်းဖြင့် ဝင်ရောက်လာပြီး လျင်မြန်စွာ ပြန်လည်ပျောက်ကွယ်သွားခဲ့လေသည်။ သူမကဲ့သို့သော လူတစ်ဦးသည် ခရမ်းတောင်မြို့တော်ထဲတွင် ရက်နှစ်ဆယ်လောက်သာ ထွန်းတောက်ခဲ့သည်မှာ တကယ်ကို နှမြောစရာပင်။ အသူရာကောင်မလေးအား အားပေးထောက်ခံပြုနေကြသော ကျင့်ကြံသူပေါင်းများစွာ ကုရှန်း၏ ရက်စက်သည့် တိုက်ခိုက်ပုံအား အော်ဟစ်ပြောဆိုနေကြလေသည်။
ကုရှန်းမှာတော့ စင်မြင့်ပေါ်တွင်သာ ငေးကြောင်ကြောင်ဖြင့် ရပ်နေလေ၏။ သူ့ခန္ဓာကိုယ်မှာ အလွန်တရာကိုမှ အားနည်းနေခဲ့လေသည်။ ထိုတိုက်ကွက်ကို ထုတ်ဖော်လိုက်ပြီးသည့်နောက် သူ့အနေဖြင့် မည်သို့မှ ဆက်၍ မတိုက်ခိုက်နိုင်တော့ချေ။
ထို့အပြင် ကုရှန်း၏ မျက်နှာကြီးမှာလည်း ထူးဆန်းနေခဲ့ပြီး တိုက်ပွဲစင်မြင့်ပေါ်တွင် ရှိနေသော အဝတ်အပြဲများကို မှင်သေသေအမူအယာဖြင့်သာ စိုက်ကြည့်နေလေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၅၁၆) ခရီးနှင်ခြင်း
ဤတိုက်ပွဲအား သူနိုင်သွားသည့်ပုံမှာ အလွန်ကိုမှ ထူးဆန်းလှပေသည်။
သူ့တိုက်ကွက်ထဲတွင် ပါဝင်သည့် စွမ်းအင်အများစုကို အသူရာကောင်မလေးမှ ချေဖျက်လိုက်သည်ကို ကုရှန်း အသေအချာ ခံစားမိလိုက်သည်။ ကျန်ရစ်နေသော စွမ်းအင်များမှာလည်း အသူရာကောင်မလေးအား သတ်ရန် မလုံလောက်ချေ။ ထို့အပြင် သူ့အနေဖြင့် အသူရာကောင်မလေးအား သတ်နိုင်ခဲ့လျှင်ပင် တိုက်ပွဲစင်မြင့်ပေါ်တွင် သွေးစက်များ ကျန်ရစ်ခဲ့သင့်ပေသည်။ သို့သော်ငြား သွေးစက်ကားမရှိ၊ ထို့အစား အဝတ်စအပြဲများသာ ရှိနေ၏။
(ဒီကောင်မလေး မသေသေးဘူး…) ကုရှန်း ထိုကဲ့သို့ တွေးလိုက်သည်။
(ဒါပေမဲ့ မသေသေရင် သူဘယ်ရောက်နေတာလဲ… ပွဲကြည့်ပရိတ်သတ်တွေ ပြောသလိုမျိုးပဲ တစ်နေရာရာမှာပုန်းပြီး ငါ့ကို အလစ်ချောင်းတိုက်ခိုက်ဖို့ လုပ်နေတာလား…) ထိုကဲ့သို့ တွေးလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ကုရှန်း၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ဘေးပတ်ဝန်းကျင်အား ပျာယီးပျာယာ လှည့်ပတ်စူးစမ်းကြည့်တော့လေသည်။ သို့သော်ငြား အသူရာကောင်မလေး၏ အရိပ်အယောင်ကို လုံးဝ ရှာမတွေ့ခဲ့ချေ။
အချိန်အတော်ကြာသွားပြီးသည့်တိုင် အသူရာကောင်မလေး ပေါ်မလာသည့်အခါမှသာလျှင် ကုရှန်းသည်လည်း သူနိုင်သွားပြီဖြစ်ကြောင်းကို ဇဝေဇဝါအမူအယာဖြင့် လက်ခံလိုက်တော့လေ၏။
ခရမ်းတောင်မြို့တော်မှ မိုင်တစ်သောင်းခန့်အကွာတွင် ရန်ကိုင်နှင့် ကျန်းရို့ရှီသည် လှေပျံလေးပေါ်၌ ထိုင်လျက် လျှပ်စီးတမျှ အမြန်နှုန်းဖြင့် ခရီးဆက်နေခဲ့လေသည်။
ကုရှန်းမှ သူ၏နောက်ဆုံးတိုက်ကွက်ကို ထုတ်သုံးလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် တိုက်ပွဲအား ကြားဝင်တားခဲ့ပြီး ကျန်းရို့ရှီအား ထိုနေရာမှ ခေါ်ထုတ်လာခဲ့သည်။
တိုက်ပွဲ၏ရလဒ်မှာ သိသာနေလေပြီ။ ကုရှန်းမှာ နောက်ဆုံးတိုက်ကွက်ကို ထုတ်သုံးပြီးသည့်နောက် မည်သို့မှ ထပ်မတိုက်ခိုက်နိုင်တော့ချေ။ ကျန်းရို့ရှီမှာတော့ ဆက်၍ တိုက်ခိုက်နိုင်ပေသေးသည်။ ထို့အတွက်ကြောင့် တိုက်ပွဲ၏အောင်နိုင်သူမှာ ကျန်းရို့ရှီဖြစ်သည်မှာ အထင်းသားပင်။
ရန်ကိုင်မှာ ဧကရာဇ်အဆင့်သို့ ရောက်နေပြီဖြစ်သလို လေဟာနယ်တာအိုကိုလည်း အဆင့်မြင့်မြင့် ကျွမ်းကျင်ထားပေသည်။ ခရမ်းတောင်မြို့တော်ရှိ ကျင့်ကြံသူများ၏ အမြင့်ဆုံးကျင့်ကြံခြင်းမှာ တာအိုသခင် တတိယအဆင့်သာ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင် တိုက်ပွဲထဲ ဝင်ပါခဲ့သည်ကို မည်သူမှ သတိမထားမိခဲ့ချေ။
တိုက်ပွဲစင်မြင့်မှ ခေါ်ထုတ်လာခံရပြီးသည့်နောက်တွင် ကျန်းရို့ရှီ၏ ကြမ်းကြုတ်ခက်ထန်သည့် အရှိန်အဝါမှာ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြီး အလွန်ကိုမှ ငြိမ်ကုတ်သွားခဲ့လေသည်။ လှေပျံပေါ်တွင် ငြိမ်သက်စွာထိုင်နေရင်း ရန်ကိုင့်အား ကြောက်ကြောက်လန့်လန့်ဖြင့် လှမ်းကြည့်နေလေသည်။ သူမ၏ မဆင်မခြင် အပြုအမူအတွက် ရန်ကိုင်များ သူမအား ဆူပူလေမလားဆိုသည်ကို တွေးကြောက်နေသည့်ပုံပင်။
ကျန်းရို့ရှီကိုယ်တိုင်ကလည်း သူမဘာကြောင့် ဤကဲ့သို့ဖြစ်နေမှန်း မသိချေ။ သူမအနေဖြင့် အခြားသောကျင့်ကြံသူများနှင့် တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးသော်ငြား တိုက်ပွဲစင်မြင့်ထဲသို့ ဝင်၍ တိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုကဲ့သို့ တိုက်ခိုက်ရသည်ကို အလွန်ကိုမှ နှစ်ခြိုက်သွားတော့သည်။ သူမခံစားလိုက်ရသည့် နာကျင်မှုတိုင်း မြေခသွားသည့် သွေးစက်တိုင်းသည် သူမအား အလွန်ကိုမှ ကျေနပ်ပီတိဖြစ်စေပေသည်။ သူမကိုယ်တိုင်သည် တိုက်ခိုက်ခြင်းအမှုအား အလွန်ကိုမှ ဆာလောင်နှစ်ခြိုက်သည့်ပုံပင်။
သို့သော်ငြား တိုက်ပွဲစင်မြင့်မှ ပြန်လာတိုင်း ပြန်လာတိုင်း သူမ၏လုပ်ရပ်နှင့် ပတ်သက်၍ နောင်တရခဲ့သည်။ သူမဆရာနောက် လိမ်လိမ်မာမာနှင့်လိုက်၍ အခြားသူများနှင့် မတိုက်ခိုက်ရဟု သူမကိုယ်သူမ အမြဲတစေ သတိပေးခဲ့သည်။ ‘ငါနောက်တစ်ကြိမ် နဂါးတက်လှမ်းခြင်းပြိုင်ကွင်းဆီ ထပ်မသွားတော့ဘူး’ ဟုလည်း သံဓိဠာန်ချခဲ့သည်။ သို့သော်ငြား နောက်တစ်နေ့သို့ ရောက်သည်နှင့်တစ်ပြိုင်နက် တိုက်ခိုက်လိုစိတ်အား ထိန်းထားနိုင်ခြင်း မရှိတော့ဘဲ နဂါးတက်လှမ်းခြင်းပြိုင်ကွင်းဆီသို့ ထပ်သွားမိပြန်လေသည်။ ထိုသို့ဖြင့် အသူရာကောင်မလေးဟူသော ဂုဏ်ပုဒ်ကိုပင် ရရှိခဲ့သည်။ ကျန်းရို့ရှီမှာ အခြားသူများနှင့် တိုက်ခိုက်ရသည့်အပေါ် အလွန်ကိုမှ ကျေနပ်ပီတိ ဖြစ်နေမိလေသည်။ အနိုင်အရှုံးကို သူမဂရုမစိုက်ပေ။ သူမလိုချင်သည်မှာ တိုက်ပွဲတစ်ပွဲသာ ဖြစ်လေသည်။
ထို့အတွက်ကြောင့် သူမ၏ ခန္ဓာကိုယ်ထဲတွင် မိစ္ဆာတစ်ကောင်ကောင်ကိုများ ချိတ်ပိတ်ထားလေသလားဟု ကျန်းရို့ရှီ တွေးမိသွားရသည်အထိပင်။
“နင် ဓါးသုံးရတာကို ကြိုက်လား…” ရန်ကိုင်က နောက်သို့ လှည့်မကြည့်ဘဲ ရုတ်တရက် ကောက်မေးလိုက်လေသည်။
“ဟင်…” ကျန်းရို့ရှီ ထခုန်လေသည်။ သို့သော်ငြား အလျင်အမြန် ပြန်ပြောလိုက်လေ၏။ “မ… မပြောတတ်ဘူး…”
“ကုရှန်းနဲ့ တိုက်ခိုက်တုန်းက နင်လှုပ်ရှားသွားတဲ့ပုံစံက ဓါးသမားတစ်ယောက် လှုပ်ရှားတဲ့ပုံစံမျိုးပဲ။ ပြီးတော့ နင်ခန္ဓာကိုယ်ကနေလည်း အားကောင်းတဲ့ ဓါးစိတ်ဆန္ဒတွေကို ထုတ်လွှတ်နေသေးတယ်” ရန်ကိုင်က တစ်ချက်ရပ်၍ ဆက်ပြောလိုက်လေသည်။ “နင်အရင်တုန်းက ဓါးကိုသုံးဖူးလား…”
“မသုံးဖူးဘူး…” ကျန်းရို့ရှီက ဖြည်းဖြည်းချင်း ခေါင်းခါပြလိုက်သည်။ ထို့နောက် ရေရွတ်လိုက်လေ၏။ “ဘာလက်နက်မှ တစ်ခါမှ မသုံးဖူးဘူး…”
“အဲ့ဒါဆိုရင် ထူးဆန်းလွန်းတယ်…” ရန်ကိုင် အတွေးနက်သွားလေသည်။ ကျန်းရို့ရှီကိုယ်တိုင်က ဓါးအား တစ်ခါမှမသုံးဖူးဘူးဟု ပြောနေပါသော်ငြား သူမဆီမှ ဖြာထွက်လာသည့် ဓါးစိတ်ဆန္ဒမှာ အလွန်ကိုမှ သိသာပေသည်။ ကျင့်ကြံသူတစ်ဦးသည်သာ ဓါးပညာရပ်အား နှစ်ပေါင်းများစွာကြာအောင် တစိုက်မတ်မတ် လေ့လာခဲ့ခြင်း မရှိခဲ့ပါက ထိုကဲ့သို့သော ဓါးစိတ်ဆန္ဒမျိုးကို ထုတ်လွှတ်နိုင်လိမ့်မည် မဟုတ်ချေ။ ရန်ကိုင်သိထားသည့် ဓါးပညာရှင်များအနက်တွင် ကောင်းကင်တိုက်ပွဲဒိုဂျိုမှ ချန်ဝမ်ဟောင်သည် အားအကောင်းဆုံးသော ဓါးစိတ်ဆန္ဒကို ပိုင်ဆိုင်ထားပေသည်။ ထို့အပြင် သူ့၌ ရေအလျင်ဓါးဟုခေါ်သော ဧကရာဇ်အဆင့် မှော်ရတနာလည်း ရှိနေသေးပြီး သူ၏ ဓါးသုံးထောင်တာအိုကိုလည်း ရန်ကိုင် ကွက်ကွက်ကွင်းကွင်း မှတ်မိနေပေသေးသည်။
ရန်ကိုင်ကိုယ်တိုင်လည်း ရံဖန်ရံခါ ဓါးအား သုံးတတ်ပေသည်။ သို့သော်ငြား ဓါးစွမ်းရည်မှာ သူ့၏ တကယ့်ခွန်အားမဟုတ်။ ရန်ကိုင့်၏ တကယ့်ခွန်အားမှာ သူတတ်ကျွမ်းထားသည့် သိုင်းပညာရပ်များသာ ဖြစ်လေသည်။ သူအသုံးပြုနေသည့် အနန္တဓါးမှာ ရန်ကိုင် တတ်ကျွမ်းထားသော သိုင်းပညာရပ်များကို အားဖြည့်ပေးနေခြင်းသာ ဖြစ်လေသည်။ တကယ့်တကယ် ဓါးပညာရပ်ခြင်းသာ ယှဉ်မည်ဆိုပါက ရန်ကိုင် အနေဖြင့် ချန်ဝမ်ဟောင်၏ ခြေဖျားကိုပင်လျှင် မမီချေ။
သို့သော်ငြား ကျန်းရို့ရှီကတော့ ထိုကဲ့သို့မဟုတ်ချေ။ ရန်ကိုင်သည် မည်သည့်ဓါးစိတ်ဆန္ဒကိုမှ ပိုင်ဆိုင်ထားခြင်း မရှိသော်ငြား ကျန်းရို့ရှီကမူ ဓါးစိတ်ဆန္ဒကို အလိုလိုပိုင်ဆိုင်ထားလေသည်။ လက်ရှိကျန်းရို့ရှီမှာ မသွေးရသေးသော ကျောက်ရိုင်းတုံးလေးတစ်တုံးနှင့် တူပေသည်။ သူမကိုသာ သေသေချာချာလေးသွေးကာ လေ့ကျင့်ပေးမည်ဆိုပါက ကျန်းရို့ရှီသည် အလွန်တရာကိုမှ ကြောက်မက်ဖွယ်ကောင်းလာပေလိမ့်မည်။
ရုတ်တရက် ရန်ကိုင် တစ်ခုခုအား ပြန်သတိရသွားခဲ့လေသည်။
ကျန်းရို့ရှီ အဆင့်ကြီးတစ်ဆင့် ချိုးဖြတ်တိုင်း ချိုးဖြတ်တိုင်း သူမကျောဘက်တွင် အမျိုးသမီးတစ်ဦး၏ပုံရိပ် ထွက်ပေါ်လာလေ့ရှိသည်။ အမျိုးသမီးသည် ပေါ်လာပြီးသည့်နောက်တွင် ကျန်းရို့ရှီရင်ဆိုင်ရမည့် မိုးမြေကောင်းချီးအားလုံးကို စုပ်ယူကာ စုပ်ယူပြီးသော စွမ်းအင်များအားလုံးကို ကျန်းရို့ရှီ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ထည့်သွင်းပေးလေသည်။
ထိုအမျိုးသမီးပေါ်လာသည့်အချိန်တိုင်း ဓါးတစ်ချောင်းကို ကိုင်စွဲထားခဲ့လေသည်။
(ကျန်းရို့ရှီ ဓါးစိတ်ဆန္ဒကို ထုတ်လွှတ်နိုင်တာ အဲ့ပုံရိပ်နဲ့ ပတ်သက်နေရလိမ့်မယ်…)
ဤသည်မှာ ခန့်မှန်းချက်သက်သက်သာ ဖြစ်သော်ငြား မှန်နိုင်ချေ အလွန်ကိုမှ များပေသည်။
ကျန်းရို့ရှီသည် ဓါးအသုံးပြုရသည်ကို ကြိုက်နှစ်သက်သည့် အတွက်ကြောင့် ရန်ကိုင့်အနေဖြင့် အနန္တဓါးကို ကျန်းရို့ရှီဆီသို့ ပေးရန် တွေးလိုက်လေ၏။
အမျိုးသမီးပုံရိပ်၏ လက်ထဲတွင် ကိုင်ထားသည့် ဓါးမှာ ရန်ကိုင်အသုံးပြုနေသည့် အနန္တဓါးနှင့် ဆင်ပေသည်။ ထို့အတွက်ကြောင့် အနန္တဓါးကို ကျန်းရို့ရှီကြိုက်လောက်၏။
သို့သော်ငြား အနန္တဓါးမှာ ရန်ကိုင့်အပိုင်မဟုတ်။ ထိုဓါးမှာ မေပယ်မြို့တွင် ရှိနေသော ချင်းမိသားစု၏ ဘိုးစဉ်ဘောင်ဆက် ရတနာတစ်ခုဖြစ်သည်။ ရန်ကိုင့်ဆီသို့ အနန္တဓါးကို ပေးအပ်ခဲ့စဉ်က ချင်းမိသားစု၏ ခေါင်းဆောင်သည် ချင်းယု တစ်နေ့နေ့တစ်ချိန်ချိန်၌ ဧကရာဇ်အဆင့်သို့ ရောက်သော် ရန်ကိုင်မှ အနန္တဓါးကို သူမဆီသို့ ပြန်ပေးရန် ပြောခဲ့သည်။
ထို့အတွက်ကြောင့် ထိုကိစ္စကို သေချာစဉ်းစားလိုက်ပြီးသည့်နောက်တွင် အနန္တဓါးကို ကျန်းရို့ရှီဆီသို့ မပေးရန် ဆုံးဖြတ်လိုက်ပြန်လေသည်။ ကြည့်ရသလောက် ရန်ကိုင့်အနေဖြင့် ကျန်းရို့ရှီနှင့် လိုက်ဖက်မည့် ဧကရာဇ်အဆင့် ဓါးတစ်ချောင်းကို ရှာရတော့မည့်ပုံပင်။
ရန်ကိုင့်အပေါင်းအပါများထဲတွင် လျို့ယန်သည် သုတ်သင်ခြင်းမိုးကြိုးဓာတ်လုံးကို ပိုင်ဆိုင်ထားပြီး ဟွာချင်းစီသည် ငါးရောင်ခြယ်လှံကို ရရှိထားလေသည်။ သူ၏ကျောက်တုံးကိုယ်ပွားတွင်ပင်လျှင် တိုက်ပွဲတူရှိနေခဲ့လေသည်။ အကုန်လုံးတွင် ကိုယ်ပိုင် ဧကရာဇ်အဆင့် မှော်ရတနာအသီးသီး ရှိနေကြပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင့်အနေဖြင့် မျက်နှာလိုက်၍ မဖြစ်ချေ။
“တောင်းပန်ပါတယ်နော် ဆရာ… ရို့ရှီ ဆရာ့ရဲ့ ခွင့်ပြုချက်မရဘဲ အခုလို ရုတ်ရုတ် ရုတ်ရုတ် ဖြစ်အောင် လုပ်မိလိုက်လို့…” ကျန်းရို့ရှီက ခေါင်းလေးငုံ့လျက် ရဲဆေးတင်ရင်း သူမ၏အမှားကို ဝန်ခံလိုက်လေသည်။
ရန်ကိုင်က ရယ်သွမ်းသွေးလျက် “နင် ဘာကိုလာတောင်းပန်နေတာလဲ… ငါနင့်ကို အပြစ်တင်နေတာမှမဟုတ်တာ…”
ကျန်းရို့ရှီက ခေါင်းလေးမော့လျက် ချက်ချင်း ပြန်မေးလေ၏။ “ဆရာ ဒေါသမထွက်ဘူးလား…”
ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “နင်လျှောက်ရမယ့်လမ်းကို နင့်ဘာသာရွေး… အခြားသူတွေ ဘယ်လိုတွေးလဲဆိုတာကို ဂရုစိုက်မနေနဲ့… နင့်စိတ်ထဲ အဆင်ပြေနေရင်ပြီးရော… ငါနင့်ကိုမေးဦးမယ်… အဲ့လိုတိုက်ပွဲစင်မြင့်တွေပေါ်မှာ တိုက်ရတာကို တကယ်ကြိုက်တာလား…”
“ကြိုက်တယ်…” ကျန်းရို့ရှီသည် ကြက်အစာကောက်သည့်နှယ် ခေါင်းကို ထပ်တလဲလဲ ညိတ်ပြလိုက်လေသည်။
“ဒါဆိုရင် နင် လူရောသတ်သေးလား…”
ကျန်းရို့ရှီက ခေါင်းခါလျက် “သူတို့ကို သတိလစ်အောင်ပဲလုပ်လိုက်တာ… မသတ်ဘူး…”
“နင့်စိတ်ထဲ အဲ့ဒါနဲ့ပတ်သက်ပြီး လိပ်ပြာမလုံတာမျိုးရော ခံစားရဖူးလား…”
ကျန်းရို့ရှီသည် အလေးအနက် အမူအယာဖြင့် ထိုင်စဉ်းစားနေပြီးသည့်နောက် ခေါင်းခါပြလိုက်လေ၏။ “မခံစားရဘူး… သူတို့တွေက သူတို့ပြိုင်ဘက်လောက် အားမကောင်းလို့ အနိုင်ယူခံလိုက်ရတာလေ… တိုက်ပွဲစင်မြင့်ကို ဝင်လာပြီဆိုကတည်းက သူတို့ နိုင်ရင်နိုင် မနိုင်လို့ရှိရင် ရှုံးမယ်ဆိုတာကို ကြိုသိထားသင့်ပြီးသား… ရို့ရှီကိုယ်တိုင်လည်း အဲ့ဒါတွေကို သိသိကြီးနဲ့ တိုက်ပွဲစင်မြင့်ပေါ် သွားတိုက်ခိုက်ခဲ့တာ…”
“ငါသိပြီ…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။ “နင် မှန်တယ်ထင်လို့ရှိရင် မှန်တယ်… နင့်လုပ်ရပ်နဲ့ပတ်သက်ပြီး အခြားသူတွေက နင့်ကို လက်ညှိုးထိုးပြီး စွပ်စွဲကြမှာတော့ သဘာဝပဲ… သူတို့ပြောတာက အကျိုးအကြောင်းသင့်တယ်ဆိုရင်တော့ ငြိမ်ငြိမ်လေးနားထောင်ပြီးတော့ သူတို့ပြောတာကို စဉ်းစားကြည့်ပေါ့… ဒါပေမဲ့ ဒီအတိုင်း ပြဿနာသက်သက် လာရှာနေတာဆိုရင်တော့ သူတို့ဘာသူတို့ ပြောချင်ရာပြောပါစေ ဂရုစိုက်မနေနဲ့… အဓိကသော့ချက်က ဒီမှာပဲ…” ပြောရင်းနှင့် ရန်ကိုင်သည် သူ့ရင်ဘတ်တည့်တည့်ကို ညွှန်ပြလိုက်လေသည်။
“ရို့ရှီနားလည်ပါပြီ…” ကျန်းရို့ရှီက ခေါင်းညိတ်ပြလိုက်လေ၏။ ထို့နောက် ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ဆရာနဲ့ အတူခရီးသွားရတာ အရမ်းကောင်းတာပဲ…”
လဝက်ခန့်ကြာအောင် ခရီးဆက်လာပြီးသည့်နောက်တွင် အရှေ့ဘက်နယ်မြေ၏ အလယ်ဗဟိုဆီသို့ ရန်ကိုင် ရောက်လာခဲ့လေသည်။
ထိုအချိန်အတောအတွင်း ကျန်းရို့ရှီ၏ခွန်အားမှာ သိသိသာသာကို မြင့်တက်လာခဲ့ရလေသည်။ သူမ၏ကျင့်ကြံခြင်းမှာ တိုးတက်လာခြင်း မရှိသော်ငြား သူမ၏ ခွန်အားကို ထိန်းချုပ်ရာတွင်တော့ အတော်လေးကို တိုးတက်လာခဲ့ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ နဂါးတက်လှမ်းခြင်းပြိုင်ကွင်း တွင် တိုက်ခိုက်ခဲ့သည့် အတွေ့အကြုံများကြောင့် ဖြစ်နိုင်လောက်ပေသည်။
သေရေးရှင်ရေးတိုက်ပွဲများသည် ကျင့်ကြံသူတစ်ဦး၏ အားနည်းချက် အားသာချက်များကို နားလည်သဘောပေါက်သွားစေနိုင်ပြီး သူတို့၏တိုးတက်မှုကို မြှင့်တင်ပေးနိုင်ပေသည်။
ကျန်းရို့ရှီသည် အားကောင်းလာရုံသာလျှင် မဟုတ်ဘဲ အတွေ့အကြုံများလည်း ရခဲ့ပေသည်။
တစ်ရက်တွင် ရန်ကိုင်သည် သူစီးလာသည့် လှေပျံအား ရုတ်တရက် ကောက်ရပ်လိုက်လေ၏။
“ဆရာ… ဘာဖြစ်လို့လဲ…” ကျန်းရို့ရှီသည် သူမ၏ဘေးပတ်ဝန်းကျင်အား ကောင်းကင်စိတ်အာရုံဖြင့် အလျင်စလို စစ်ဆေးကြည့်ရင်း မေးလိုက်လေသည်။
အန္တရာယ်တစ်ခုခုနှင့် ရင်ဆိုင်နေရပြီဟု ထင်နေခြင်း ဖြစ်ပေသည်။ သို့သော်ငြား အနီးအနား၌ မည်သည့်အန္တရာယ်ကိုမှ သူမ အာရုံခံမရခဲ့ပေ။
ရန်ကိုင့်ဆီသို့ လှမ်းကြည့်လိုက်ရာ ရန်ကိုင်သည် ရွှေရောင်တံဆိပ်ပြားတစ်ခုကို အံ့အားသင့်နေသည့် အမူအယာဖြင့် ထုတ်လျက် စစ်ဆေးကြည့်နေကြောင်း တွေ့လိုက်ရလေသည်။
ထို့နောက်တွင် သူ့မျက်နှာ သုန်မှုန်သွားခဲ့လေသည်။
ကျန်းရို့ရှီမှာ ကြောက်လွန်းသည့်အတွက်ကြောင့် စကားပင်မပြောရဲတော့ချေ။ ရန်ကိုင့်နောက်သို့ လိုက်လာသည့် အချိန်မှစ၍ ယခုအချိန်မှသာ ရန်ကိုင် ဒေါသထွက်သည်ကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပေသည်။ ကြည့်ရသလောက် အလွန်ကိုမှ အရေးကြီးသည့် ကိစ္စတစ်ခုခု ဖြစ်သွားသည့်ပုံပင်။
(အဲ့ရွှေရောင်တံဆိပ်ပြားက ဘာကြီးလဲ… ဆရာ ဘာဖြစ်လို့ ဒီလောက်တောင် ဒေါသထွက်သွားရတာလဲ…)
ကျန်းရို့ရှီမှာ ဇဝေဇဝါဖြစ်နေပါသော်ငြား သွားမမေးရဲခဲ့ပေ။
ထို့နောက်တွင် ရန်ကိုင်သည် သူ၏ကောင်းကင်စိတ်အာရုံအား ဒီရေလှိုင်းလုံးတစ်ခုနှယ် ဖြန့်ကျက်လျက် ပတ်ဝန်းကျင်တစ်ခုလုံးအား တမုဟုတ်ချည်း လွှမ်းခြုံလိုက်လေသည်။
တစ်ခဏအကြာတွင် ရန်ကိုင်သည် တစ်ခုခုအား ရှာတွေ့သွားသည့်အလား ကျန်းရို့ရှီကိုခေါ်၍ တည်နေရာခုန်ကူးသွားခဲ့လေ၏။ သူတို့ပြန်ပေါ်လာသည့်အခါတွင် ဘာမှန်းမသိရသော နေရာသစ်တစ်ခု၏ ဟင်းလင်းပြင်ထဲသို့ ရောက်နေကြောင်း တွေ့လိုက်ရလေသည်။ ငုံ့ကြည့်လိုက်ရာ အောက်ဘက်တွင် ကျင့်ကြံသူတစ်အုပ်သည် လိပ်လိုလို ကျားလိုလိုပုံစံပေါက်နေသော မွန်းစတားသားရဲတစ်ကောင်အား ဝိုင်းဝန်းတိုက်ခိုက်နေကြကြောင်း တွေ့လိုက်ရလေသည်။
ထိုမွန်းစတားသားရဲသည် အဆင့်ဆယ့်တစ် အထွဋ်အထိပ်အဆင့် သားရဲတစ်ကောင် ဖြစ်လေရာ လူသားကျင့်ကြံသူများ၏ ကျင့်ကြံခြင်းနှင့်သာ ဆိုပါက တာအိုသခင်အထွဋ်အထိပ်အဆင့်သို့ ရောက်နေပြီဟု ပြော၍ရပေသည်။
မွန်းစတားသားရဲအား ဝိုင်းဝန်းတိုက်ခိုက်နေသည့် လူများထဲတွင် တာအိုသခင်အဆင့်သို့ ရောက်နေသည့်လူဆို၍ သုံးဦးသာ ရှိပြီး ကျန်လူအားလုံးမှာ သူတော်စင်ဘုရင်အဆင့်များ ဖြစ်ကြပေသည်။ ထိုတာအိုသခင်အဆင့် ကျင့်ကြံသူသုံးဦး၏ ကျင့်ကြံခြင်းမှာလည်း လုံလောက်အောင် မြင့်မားခြင်း မရှိလှ။ တစ်ဦးသည် တာအိုသခင် ဒုတိယအဆင့်ဖြစ်ပြီး ကျန်နှစ်ဦးမှာ တာအိုသခင်ပထမအဆင့်များ ဖြစ်ကြပေသည်။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် ဤလူအုပ်သည် ဤမွန်းစတားသားရဲနှင့် အမှတ်မထင် လာတိုးခဲ့ကြောင်း ကောက်ချက်ချနိုင်ပေသည်။
ဂိုဏ်းတစ်ဂိုဏ်းမှ အကြီးအကဲများသည် သူတို့၏တပည့်များ အတွေ့အကြုံရစေရန်အတွက် တောအုပ်ထဲသို့ လာ၍ မွန်းစတားသားရဲများနှင့် တိုက်ခိုက်တတ်ကြသည်မှာ သဘာဝသာ ဖြစ်ပေသည်။ ဤအဖွဲ့သည်လည်း ဤနေရာဆီသို့ လေ့ကျင့်ရန် လာရင်းမှ ဤမွန်းစတားသားရဲနှင့် အမှတ်မထင် တွေ့ခဲ့ရခြင်းဖြစ်လောက်သည်။
လက်ရှိအချိန်တွင် မြေပြင်ပေါ်၌ ဆုတ်ဖြဲထားခံသည့် အလောင်းတစ်လောင်း ရှိနေပြီး လက်ကျန်ကျင့်ကြံသူများမှာလည်း ဒဏ်ရာအသီးသီး ရထားကြလေသည်။
လူအုပ်ကြီးသည် မွန်းစတားသားရဲ၏ ပြိုင်ဘက် မည်သို့မှ မဖြစ်နိုင်ပေ။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၅၁၇) အကူအညီတောင်းခံခြင်း
လက်ရှိအချိန်တွင် မွန်းစတားသားရဲမှာ ရူးသွပ်သည့်အခြေအနေသို့ ရောက်နေလေ၏။ မွန်းစတားသားရဲကြီးသည် ၎င်း၏ပါးစပ်ကြီးကိုဟလျက် တာအိုသခင်ပထမအဆင့် ကျင့်ကြံသူအား ကိုက်ချလိုက်လေသည်။ တာအိုသခင် ပထမအဆင့် ကျင့်ကြံသူမှာ အာစေးမိနေသည့်အလား သူ့ဆီသို့ တိုးဝင်လာနေသော မွန်းစတားသားရဲကို ငေးကြောင်ကြောင်ဖြင့်သာ စိုက်ကြည့်နေလေ၏။ မွန်းစတားသားရဲ၏ ကိုက်ခဲခြင်း ခံလိုက်ရသည့်အခါမှသာ အသိပြန်ဝင်လာသည့်အလား သွေးပျက်ခြောက်ခြားစွာ ထအော်တော့လေသည်။ သွေးများသည်လည်း သူ၏ဝမ်းဗိုက်မှနေ၍ တရဟော စီးကျလာကုန်လေ၏။
ထိုအခိုက်အတန့်တွင် ရန်ကိုင်သည် ခက်ထန်သည့်အမူအယာဖြင့် လက်သီးတစ်ချက် ထိုးချလိုက်လေ၏။
ရန်ကိုင့်၏လက်သီးတစ်ချက်နှင့် ကြမ်းကြုတ်ခက်ထန်လှပါသည်ဆိုသော မွန်းစတားသားရဲမှာ စူးစူးဝါးဝါး ထအော်လေသည်။ ၎င်း၏ မာကျောကျစ်လျစ်လှသော ခန္ဓာကိုယ်၌ အပေါက်ကြီး ထွက်ပေါ်လာခဲ့ပြီး သွေးများမှာ ထိုအပေါက်ကြီးမှ တရဟော စီးကျနေလာလေ၏။ ရန်ကိုင်၏လက်သီးတစ်ချက်နှင့် မွန်းစတားသားရဲမှာ အသက်ထွက်သွားခဲ့ရလေပြီ။
မွန်းစတားသားရဲ၏ ကိုက်ခဲခြင်း ခံထားရသည့် ကျင့်ကြံသူမှာတော့ ယခုအချိန်ထိ အသိပြန်ဝင်မလာသေးဘဲ အဆက်မပြတ်ရုန်းကန်ရင်း အော်ဟစ်နေလေ၏။
သို့သော်ငြား ဘေးတွင်ရှိနေသော တာအိုသခင်အဆင့် ကျင့်ကြံသူနှစ်ဦးမှာတော့ ထိုအချက်ကို သတိပြုမိလိုက်ကြပေသည်။ နှစ်ယောက်စလုံး ခေါင်းမော့၍ ရန်ကိုင့်ဆီသို့ လှမ်းကြည့်လိုက်ပြီးသည့်နောက်တွင် မွန်းစတားသားရဲအား တစ်ချက် ပြန်လှမ်းကြည့်လိုက်ကြလေသည်။ အားကောင်းသော ပညာရှင်တစ်ဦးနှင့် လာတိုးပြီမှန်း နားလည်လိုက်သည့်အခါ နှစ်ယောက်စလုံး တုန်တုန်ရီရီ ဖြစ်သွားကြ၏။
ရန်ကိုင်သည် ငယ်ငယ်ရွယ်ရွယ်လေးသာ ရှိသေးသော်ငြား အဆင့်ဆယ့်တစ် အထွဋ်အထိပ်သို့ ရောက်နေသော မွန်းစတားသားရဲတစ်ကောင်အား လက်သီးတစ်ချက်ဖြင့် သတ်ဖြတ်လိုက်နိုင်သည့်အတွက်ကြောင့် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲပင်။
နှစ်ဦးစလုံးမှာ တစ်ချက်ကလေးမှပင် တုံ့ဆိုင်းမနေရဲခဲ့ပဲ ချက်ချင်းပဲ လက်သီးဆုပ်၍ အလေးအနက်အမူအယာဖြင့် ကျေးဇူးတင်စကားပြောတော့မည်အပြု ရန်ကိုင်က ဖြတ်ပြောလိုက်လေသည်။ “မြေမြို့တော်က ဘယ်ဘက်မှာလဲ…”
နှစ်ယောက်စလုံး ကြောင်သွားခဲ့လေသည်။ သို့သော်ငြား ရန်ကိုင့်၏ခက်ထန်နေသည့် အမူအယာကိုကြည့်ရင်း ထိုနှစ်ဦးမှာ တုံ့ဆိုင်းမနေရဲခဲ့ပဲ တစ်ဦးက တစ်ဖက်ဆီသို့ ညွှန်ပြရင်း ပြောလိုက်လေ၏။ “ဒီလမ်းကြောင်းအတိုင်း နောက်ထပ်မိုင်ငါးထောင်လောက် ဆက်သွားလိုက်မယ်ဆိုလို့ရှိရင် မြေမြို့တော်ကို ရောက်ပါလိမ့်မယ်ဆရာ…”
ရန်ကိုင့်၏ အသက်ကို မသိရပါသော်ငြား ရန်ကိုင်ကိုယ်တိုင်သည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူ့အား ဆရာဟု ခေါ်ဝေါ်သုံးနှုန်းသည်မှာ သဘာဝသာဖြစ်လေသည်။
ရန်ကိုင်သည် ထိုလူညွှန်ပြနေသည့်ဘက်ဆီသို့ လှမ်းကြည့်လိုက်ပြီးသည့်နောက် ကျန်းရို့ရှီကိုခေါ်ကာ တည်နေရာခုန်ကူးသွားခဲ့လေ၏။ ရုတ်တရက်ဆိုသလို ရန်ကိုင်နှင့် ကျန်းရို့ရှီသည် လူအုပ်ကြီး၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။
အချိန်အတော်ကြာပြီးသည့်နောက်တွင် တစ်ယောက်ယောက်က အသံတိုးတိုးဖြင့် မေးလိုက်လေ၏။ “ငါ… ငါ အမြင်တွေမှားနေတာလား… ဒီနေရာမှာ ခုနတုန်းက လူနှစ်ယောက် တကယ်ကြီး ပေါ်လာခဲ့တာလား…”
“စီနီယာအစ်ကို… မင်း ထင်ယောင်ထင်မှားဖြစ်နေတာမဟုတ်ဘူး… ငါလည်း သူတို့ကိုတွေ့လိုက်တယ်… အဲ့ဆရာက ကျားစိမ်းလိပ်ကို လက်သီးတစ်ချက်တည်းနဲ့ သတ်သွားတာ… ဟာ ဟုတ်သားပဲ… ဂိုဏ်းတူဦိးလေးရှောင် ဒဏ်ရာရနေတယ်… ဆေးလုံးတွေ မြန်မြန်ထုတ်…”
“ဂိုဏ်းတူဦးလေးရှောင် တောင့်ထားနော်.. ကျေးဇူးပြုပြီး မသေပါနဲ့ဦး…”
အတွေ့အကြုံမရှိသေးသည့် လူငယ်လေးတစ်သိုက်မှာ သူတို့တွင်ပါလာသော ဆေးလုံးများကို ထုတ်၍ ကျားစိမ်းလိပ်၏ ကိုက်ခဲခြင်း ခံထားရသည့် ဂိုဏ်းတူဦးလေးရှောင်၏ ဒဏ်ရာများကို အလျင်အမြန် ကုသပေးတော့လေသည်။ သူတို့နှင့်အတူ ပါလာသည့် တာအိုသခင်အဆင့် ကျင့်ကြံသူနှစ်ဦးမှာတော့ ငေးကြောင်ကြောင်ဖြင့်သာ ရန်ကိုင့်ထွက်သွားသည့်ဘက်ဆီသို့ ကြောင်ကြည့်နေကြလေ၏။
ရန်ကိုင် မည်ကဲ့သို့ရောက်လာသလဲ မည်ကဲ့သို့ ထွက်သွားသလဲ ဆိုသည်ကို သူတို့ လုံးဝမသိကြချေ။ သူတို့ အမြင်တွင်တော့ ရန်ကိုင်သည် ဤနေရာတွင် ဗြုန်းစားကြီး ပေါ်လာပြီး ဗြုန်းစားကြီး ပြန်လည်ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်လေသည်။
လတ်လတ်ဆတ်ဆတ်ရှိနေသေးသည့် ကျားစိမ်းလိပ်၏ အလောင်းကြောင့်သာ မဟုတ်လျှင် သူတို့ကိုယ်သူတို့ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟုသာ ယူဆမိသွားကြပေလိမ့်မည်။
တကယ်တော့ သူတို့ကြုံလိုက်ရသည့်လူမှာ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးပင် မဟုတ်လေလော။ ကြယ်တာရာအစုအဝေး၏ ကျင့်ကြံသူပေါင်းများစွာ ရောက်ရှိချင်သည့် အဆင့်တစ်ခု ဖြစ်လေသည်။ တစ်ချိန်တစ်ခါက သူတို့ကိုယ်တိုင်သည်လည်း ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် အလွန်ကိုမှ စိတ်ဆန္ဒပြင်းပြခဲ့လေသည်။ သို့သော်ငြား အရည်အချင်းမလုံလောက်သလို အရင်းအမြစ်များမှာလည်း ဖောဖောသီသီ မရရှိခဲ့သည့်အတွက်ကြောင့် တာအိုသခင်အဆင့်တွင်သာ တစ်နေခဲ့ရလေ၏။ ဤသို့ဖြင့် အသက်ကြီးလာသည့်နောက်ပိုင်း ဧကရာဇ်အဆင့်သို့ တက်လှမ်းခြင်သည့် စိတ်ဆန္ဒမှာ တဖြည်းဖြည်းနှင့် လျော့ကျလာခဲ့ရလေသည်။
ထို့နောက်တွင် အလွန်ကိုမှ စိတ်ဓာတ်တက်ကြွနေသော သူတို့ဂိုဏ်းမှ လူငယ်လေးများအား လှမ်းကြည့်လိုက်လေ၏။ သူတို့သည်လည်း တစ်ချိန်တစ်ခါက ထိုလူငယ်လေးများကဲ့သို့ပင် ဖြစ်ခဲ့သည် မဟုတ်ပေလော။ သို့သော်ငြား နှစ်ပေါင်းများစွာ ကြာသွားပြီးသည့်နောက်တွင် သူတို့ထဲမှ လူဘယ်လောက်များများ အသက်ရှင်နေပါသေးလို့နည်း။ အသက်ရှင်နေဦးမည်ဆိုလျှင်ပင် သူတို့မျှော်လင့်ထားသလို ဖြစ်နိုင်ပါမည်လား။
ရန်ကိုင်သည် သစ်သားလှေပျံလေးထဲသို့ ဧကရာဇ်ချီကို အရူးအမူးထည့်သွင်းရင်း အလွန်တရာမြန်ဆန်သည့်နှုန်းဖြင့် ပျံသန်းနေခဲ့လေသည်။
“ဒီတံဆိပ်ပြားက နေမင်းပြာကျောင်းတော်ရဲ့ တံဆိပ်ပြားပဲ… ဒါက နေမင်းပြာကျောင်းတော်ရဲ့ အဖွဲ့သားတစ်ယောက် ဖြစ်တယ်ဆိုတာကို သက်သေပြရုံတင်မဟုတ်ဘူး တပည့်တွေအချင်းချင်း ဆက်သွယ်တဲ့နေရာမှာလည်း သုံးလို့ရတယ်… အခုလေးတင် နေမင်းပြာကျောင်းတော်က တပည့်တစ်ယောက် အကူအညီတောင်းနေတာကို တွေ့လိုက်တယ်…” ရန်ကိုင်က လှေပျံပေါ်တွင် ရပ်နေရင်းမှ ကျန်းရို့ရှီမှ ရှင်းပြလိုက်လေသည်။
ရှောင်ပိုင်ယီ၊ မုရုန်ရှောင်ရှောင်တို့နှင့် အမြုတေပင်လယ်ထဲတွင် တွေ့ခဲ့သည့်အချိန်မှစ၍ ရန်ကိုင်သည် နေမင်းပြာရွှေတံဆိပ်ပြားကို အပြင်သို့ တောက်လျှောက် ထုတ်ထားခဲ့ခြင်း ဖြစ်လေသည်။ သို့သော်ငြား ယခင်ရက်များအတွင်း မည်သည့်သတင်းမှ မရခဲ့ပေ။
သို့သော်ငြား ဤနေရာသို့ ရောက်လာပြီးသည့်နောက်တွင် တစ်ယောက်ယောက်မှ အကူအညီတောင်းနေသည်ကို ရုတ်တရက် တွေ့ရှိသွားခဲ့ရလေသည်။ ဤကဲ့သို့သော အရှေ့ဘက်နယ်မြေမျိုးဆီသို့ နေမင်းပြာကျောင်းတော်မှ တပည့်တစ်ဦး ရောက်နေလိမ့်မည်ဟု ရန်ကိုင် လုံးဝ မထင်ထားခဲ့ချေ။
ပို့လာသည့်သတင်းမှာ တိုတိုလေးသာ ဖြစ်လေသည်။
“မြေမြို့တော် နေမင်းပြာစံအိမ် အကူအညီလိုအပ်နေပါတယ်…”
ရန်ကိုင့်၏ရွှေတံဆိပ်ပြားဆီသို့ နေမင်းပြာကျောင်းတော်၏ အဖွဲ့ဝင်တစ်ဦးသည်သာ သတင်းပို့နိုင်လေ၏။ သို့သော်ငြား ရန်ကိုင်သိချင်နေသည့် အချက်နှစ်ချက်တော့ ရှိနေခဲ့သည်။ ထိုတပည့်သည် အရှေ့ဘက်နယ်မြေသို့ မည်ကဲ့သို့များ ရောက်လာလေသနည်း။ ထို့အပြင် မည်ကဲ့သို့သော အန္တရာယ်နှင့် ကြုံနေရလေသနည်း။
တောင်ဘက်နယ်မြေရှိ နေမင်းပြာကျောင်းတော်သည် ဤနေရာနှင့် မိုင်ပေါင်း ကုဋေကုဋာမက ဝေးကွာသောနေရာတွင် တည်ရှိနေခြင်းဖြစ်လေသည်။
နေမင်းပြာကျောင်းတော်မှ တစ်ယောက်ယောက်က အကူအညီတောင်းလာသည့်အတွက်ကြောင့် ရန်ကိုင်လည်း ဤအတိုင်း ရပ်ကြည့်မနေနိုင်။ သို့သော်ငြား သူကိုယ်တိုင်သည် အရှေ့ဘက်နယ်မြေ၏ ဒေသခံတစ်ဦး မဟုတ်သည့်အတွက်ကြောင့် ဤနေရာအကြောင်းမသိ။ ကံကောင်းစွာဖြင့် တိုက်တိုက်ဆိုင်ဆိုင်ကိုမှ အရှေ့ဘက်နယ်မြေ၏ ဒေသခံတစ်အုပ်နှင့် သွားတိုးခဲ့သည်။ ထို့အတွက်ကြောင့်ပင် မြေမြို့တော် မည်သည့်နေရာတွင် ရှိနေသလဲ ဆိုသည်ကို သိခဲ့ရပြီး ထိုအရပ်ဆီသို့ ထွက်လာနိုင်ခဲ့လေသည်။
“အဲ့ဘက်မှာ ဘာတွေဖြစ်နေလဲတော့ မသိဘူး… ဒါပေမဲ့ တိုက်ပွဲတစ်ခုဖြစ်ပြီဆိုရင် ကိုယ့်ကိုယ်ကို ဂရုစိုက်နော်…” ရန်ကိုင်က သတိပေးလိုက်လေသည်။
မြေမြို့တော်ကို စောင့်ကြပ်ကာကွယ်ပေးနေမည့် ပညာရှင်များ ရှိမည်မှာ မလွဲမသေပင်။ ရန်ကိုင်ကိုယ်တိုင်သည် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်နေပြီဖြစ်သော်ငြား သူ့လက်ရှိခွန်အားအရ ဤလောကကြီးထဲရှိ လူတိုင်းကို အထင်သေး၍ မရသေးချေ။ တကယ်တမ်း တစ်စုံတစ်ဦးနှင့် တိုက်ခိုက်လာရမည်ဆိုပါက ကျန်းရို့ရှီအား ကာကွယ်ပေးနိုင်တော့လိမ့်မည် မဟုတ်ချေ။
“ရို့ရှီ နားလည်ပါတယ်…” ကျန်းရို့ရှီက ခေါင်းညိတ်လိုက်လေ၏။ “ဆရာအဆင်ပြေသလိုသာလုပ်ပါ… ရို့ရှီ ဆရာ့ကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေရပါဘူး…”
ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီး လှေပျံကို အရှိန်တင်လိုက်လေ၏။
မြေမြို့တော်သည် အရှေ့ဘက်နယ်မြေ၏ အလယ်ဗဟိုတွင် တည်ရှိနေခြင်း ဖြစ်ကာ အရှေ့ဘက်နယ်မြေ၏ အရေးကြီးဆုံးသော မြို့ကြီးများအနက် တစ်မြို့အပါအဝင် ဖြစ်လေသည်။ မြေမြို့တော်နှင့် ယှဉ်လိုက်သော် ခရမ်းတောင်မြို့တော်မှာ ကျေးရွာဇနပုဒ်သာသာသာ ဖြစ်သွားတော့လေသည်။ ပေါကြွယ်ဝလှသော အရင်းအမြစ်များနှင့်တကွ ကောင်းမွန်လှသော မြေနေရာအနေအထားကြောင့် ကျင့်ကြံသူပေါင်းများစွာသည် မြေမြို့တော်တွင် အခြေချရန် ရွေးချယ်ကြလေသည်။
ကျင့်ကြံသူပေါင်းများစွာ ရောက်လာသည်နှင့်အမျှ မြေမြို့တော်မှာ ပိုပို၍ စည်ပင်သာယာဝပြောလာခဲ့လေ၏။
မြေမြို့တော်၏ မြို့သခင်ဖြစ်သော ကျုဟုန်သည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးဖြစ်ကာ လက်အောက်ငယ်သားများစွာကို ပိုင်ဆိုင်ထားပေသည်။ လွန်ခဲ့သော နှစ်ငါးဆယ်ခန့်က ကျုဟုန်မှ မြေမြို့တော်ကို ထိန်းချုပ်လိုက်သည့်အချိန်မှစ၍ မြေမြို့တော်မှာ သူ့စည်းသူ့ကမ်းနှင့်သူ ဖြစ်လာတော့လေသည်။ မြေမြို့တော်တွင် ချမှတ်ထားသည့် တင်းကြပ်သော စည်းမျဉ်းစည်းကမ်းများ ရှိကြပြီး လူတော်တော်များများမှာ မြို့ထဲတွင် ဒုစရိုက်အမှုများကို မပြုရဲကြချေ။
ကျုဟုန်သည် မြေမြို့တော်တွင် စည်းမျဉ်းစည်းကမ်းပေါင်း ၉၉၈၁ခုကို ချမှတ်ခဲ့ပေသည်။ ထိုစည်းမျဉ်းစည်းကမ်းများအား ချိုးဖောက်ရဲသည့် မည်သူမဆို ကျူးလွန်သည့်ပြစ်ဒဏ်အလျောက် ပြစ်ဒဏ်ပေးခြင်း ခံရပေလိမ့်မည်။ လူမြင်ကွင်းတွင် ကြိမ်ဒဏ်ပေးခြင်းမှစ၍ သေဒဏ်အထိ ချမှတ်နိုင်ပေသည်။ ကျုဟုန်၏ ရက်စက်ကြမ်းကြုတ်သော ပုံစံနှင့်တကွ တရားမျှတမှုရှိသည့် လုပ်ပုံကိုင်ပုံကြောင့် မြေမြို့တော်မှ လူပေါင်းများစွာ၏ အားပေးထောက်ခံခြင်းကို ရရှိခဲ့သည်။
လက်ရှိအချိန်တွင် မြေမြို့တော်ထဲရှိ နေမင်းပြာစံအိမ်ဟုခေါ်သော ဆိုင်တစ်ဆိုင်ရှေ့တွင် မြို့စောင့်တပ်၏ ဝတ်စုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်အုပ်သည် ဝင်ပေါက်ကို ပိတ်ထားကြခဲ့လေသည်။ အနီးအနားရှိ ရေနွေးကြမ်းဆိုင်တစ်ဆိုင်တွင် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦး ထိုင်နေပြီး ဇိမ်ပြေနပြေဖြင့် ရေနွေးကြမ်း ထိုင်သောက်နေခဲ့လေသည်။ ထိုလူသည် ဆိုင်အနီးမှ ဖြတ်သွားသည့်လူတိုင်းအား တောက်လျှောက်ကို စစ်ဆေးကြည့်နေခဲ့လေသည်။
မြို့နေလူထုများကြားလည်း တီးတိုးဆွေးနွေးသံများ ထွက်ပေါ်နေကြလေ၏။ နေမင်းပြာစံအိမ် မည်ကဲ့သို့သော ကိစ္စရပ်မျိုး လုပ်ခဲ့၍များ မြို့သခင်စံအိမ်မှ နေမင်းပြာစံအိမ်ကို ဝိုင်းထားရလေသနည်း။
နေမင်းပြာစံအိမ်သည် ဆိုင်ကြီးတစ်ဆိုင်မဟုတ်ချေ။ အခြားသောကျင့်ကြံသူများထံမှ ရရှိသည့် ဆေးလုံးများနှင့် မှော်ရတနာများကို ပြန်လည်ရောင်းချသည့် တစ်ပတ်ရစ်ဆိုင်သာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် သူတို့အတွက် အကျိုးအမြတ် များများစားစား မရှိလှကာ စီးပွားရေးကို ဆက်လက်လည်ပတ်ရန်အတွက်ပင် အတော်လေးကို ရုန်းကန်နေခဲ့ရသည်။
နေမင်းပြာစံအိမ်သို့ သွားရောက်ဖူးသည့်လူတိုင်း ထိုစံအိမ်တွင် ဆိုင်ရှင်မှအပ ဝန်ထမ်းလေးနှစ်ဦးသာရှိကြောင်း သိထားကြပေသည်။ ထို့အပြင် ဆိုင်ဝန်ထမ်းနှစ်ဦးမှာ အတော်လေးကိုမှ နာမည်ဆိုးဖြင့် ကျော်ကြားကြလေသည်။ ဆိုင်ထဲသို့ ဈေးဝယ်သူများ ဝင်လာကြသည့်တိုင် ဆိုင်ဝန်ထမ်းနှစ်ဦးမှာတော့ ဂရုစိုက်ခြင်း မရှိကြဘဲ သူတို့ဘာသာ အေးအေးဆေးဆေး အိပ်နေကြၐၐၐၐလေ၏။
အချိန်ကြာလာသည့်နောက် ကျင့်ကြံသူတော်တော်များများမှာ နေမင်းပြာစံအိမ်၏ ဆိုးရွားလှသည့် ဝန်ဆောင်မှုကြောင့် ထိုဆိုင်သို့ ထပ်မသွားကြတော့ချေ။
မြို့သခင်စံအိမ်မှ နေမင်းပြာစံအိမ်ကို ဝိုင်းထားသည့်အတွက်ကြောင့်သာမဟုတ်လျှင် မြို့ထဲရှိ ကျင့်ကြံသူတော်တော်များများ နေမင်းပြာစံအိမ်အကြောင်းကို မေ့ပင်မေ့သွားလောက်ပေပြီ။
နေမင်းပြာစံအိမ် ဘာလုပ်လို့လုပ်ခဲ့မှန်းကို မည်သူမျှ မသိကြချေ။ သို့သော်ငြား မြို့စောင့်တပ်များ၏ ဝိုင်းရံထားခြင်း ခံရသည့်အတွက်ကြောင့် သူတို့အနေဖြင့် အဆုံးသတ်တော့ ကောင်းလိမ့်မည် မဟုတ်ချေ။ နေမင်းပြာစံအိမ်နားမှ ဖြတ်သွားသည့်လူတိုင်းမှာ နေမင်းပြာစံအိမ်ထံမှ ခပ်ခွာခွာသွားရင်း ဆိုင်ဆီသို့ မကြာမကြာ လှမ်းလှမ်းကြည့်သွားတတ်ကြလေသည်။
ထိုစဉ် ယောက်ျားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် လူအုပ်ထဲမှထွက်ကာ နေမင်းပြာစံအိမ်ဆီသို့ တည့်တည့်လျှောက်လာလေ၏။
နှစ်ယောက်စလုံးမှာ အတော်လေးကိုမှ ငယ်ရွယ်ကြပေသေးသည်။ နေမင်းပြာစံအိမ်အား မြို့စောင့်တပ်များမှ ဝိုင်းရံထားသည့်အတွက်ကြောင့် နေမင်းပြာစံအိမ်ဆီသို့ မည်သူမျှ မသွားရဲကြပေ။ ထို့ကြောင့် ထိုလူနှစ်ဦး စံအိမ်ဆီသို့ လျှောက်သွားသည်ကိုမြင်သော် လူတိုင်း၏အာရုံကို ဆွဲဆောင်သွားခဲ့လေသည်။
အနီးအနားရှိ ရေနွေးကြမ်းဆိုင်တွင် ရေနွေးကြမ်းထိုင်သောက်နေသော တာအိုသခင်အဆင့် ကျင့်ကြံသူမှာလည်း မျက်လုံးမှေးစင်းသွားပြီး ထိုလူနှစ်ဦးအား သေသေချာချာ စစ်ဆေးကြည့်လေ၏။
ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်စစ်ဆေးကြည့်လိုက်သည့်တိုင် ထိုလူနှစ်ဦး၏ ကျင့်ကြံခြင်းအား အာရုံမခံနိုင်ကြောင်း တွေ့ရှိလိုက်ရလေသည်။ ထို့အတွက်ကြောင့် တာအိုသခင်အဆင့် ကျင့်ကြံသူ၏အမူအယာ လေးနက်တည်ကြည်သွားခဲ့လေသည်။
သူသည် တာအိုသခင်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သည်။ သူ့ကျင့်ကြံခြင်းဖြင့်ပင်လျှင် ထိုလူနှစ်ဦး၏ ကျင့်ကြံခြင်းအား အာရုံမခံနိုင်သည်ကို ကြည့်လျှင် ထိုလူနှစ်ဦးသည် ဧကရာဇ်အဆင့် ပညာရှင်များဖြစ်လျှင်ဖြစ်၊ မဖြစ်လျှင် ကျင့်ကြံခြင်းအား ဖုံးကွယ်ပေးနိုင်သော ရတနာတစ်မျိုးမျိုးကို ပိုင်ဆိုင်ထားရခြင်း ဖြစ်ရပေလိမ့်မည်။
ထိုလူနှစ်ဦး၏ အသက်အရွယ်ကို ကြည့်ရသလောက် ဧကရာဇ်အဆင့် ကျင့်ကြံသူများ လုံးဝ မဖြစ်နိုင်ချေ။ သူတို့တွင် ကျင့်ကြံခြင်းကို ဖုံးကွယ်ပေးနိုင်သည့် မှော်ရတနာတစ်မျိုးမျိုး ရှိနေခြင်းသာ ဖြစ်ရပေလိမ့်မည်။
(အဲ့လိုမှော်ရတနာတွေကို ပိုင်ဆိုင်ထားတာဆိုတော့ ဒီနှစ်ယောက်ရဲ့ နောက်ခံက ရိုးရှင်းမှာမဟုတ်ဘူး… ဒါပေမဲ့ သူတို့တွေက ဘယ်သူတွေလဲ… ဘာဖြစ်လို့ နေမင်းပြာစံအိမ်ကို စိတ်ဝင်စားနေရတာလဲ…)
တာအိုသခင်အဆင့် ပညာရှင်မှ ထိုကဲ့သို့ တွေးနေစဉ်မှာပင် လူငယ်လေးနှစ်ဦးသည် အစောင့်များရှေ့သို့ ရောက်လာလေသည်။ လူငယ်လေးသည် ဝင်ပေါက်ကိုပိတ်ထားသည့် အစောင့်များကိုကြည့်၍ အော်ပြောလိုက်လေ၏။ “မင်းတို့ ဘာရပ်လုပ်နေကြတာလဲ… ခွေးကောင်းဆိုတာ သူများလမ်းကို ပိတ်မရပ်ရဘူးကွ… မြန်မြန်ဖယ်ပေးစမ်း…”
ထိုစကားထွက်လာသည်နှင့်တစ်ပြိုင်နက် အနီးအနားတွင်ရှိနေသော ကျင့်ကြံသူအားလုံး အံ့အားသင့်သွားကုန်ကြလေသည်။
(ဒီကောင် ဘယ်လိုတောင် မြို့စောင့်တပ်ကို သွားရန်စရဲတာလဲ… သေရမှာကိုမကြောက်ဘူးလား…)
နေမင်းပြာစံအိမ်၏ အပေါက်ဝကို ပိတ်ထားကြသည့် အစောင့်များမှာ ရန်ကိုင့်စကားကြောင့် ဒေါသူပုန်ထသွားခဲ့ပြီး လူငယ်လေးအား အကြည့်စူးစူးဖြင့် စိုက်ကြည့်လာခဲ့လေသည်။ အစောင့်များ၏ ခေါင်းဆောင်ဖြစ်ဟန်တူသူက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “မင်းစကားကိုမင်းကြည့်ပြော… အစောင့်တွေကို စော်ကားတယ်ဆိုတာ ပြစ်မှုတစ်ခုပဲ…”
လူငယ်လေးက ပြုံးဖြီးလျက် “တစ်ယောက်ယောက်ကိုဆူတာက အပြစ်လား… မင်းတို့တွေ တစ်ခါမှ အဆူမခံရဖူးဘူးလို့တော့ ငါ့ကို လာမပြောနဲ့နော်…”
အစောင့်ခေါင်းဆောင်က ပြန်၍ပြောလိုက်လေသည်။ “မြို့သခင်ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ငါမင်းကို အချိန်မရွေး အကျဉ်းထဲ ကောက်ထည့်လိုက်လို့ရတယ်…”
“အဲ့လောက်တောင် ဆိုးတာလား…” လူငယ်လေးမှာ ကြောင်သွားခဲ့ပြီး မျက်နှာတစ်ပြင်လုံးလည်း ဖြူလျော်သွားလေသည်။
အစောင့်ခေါင်းဆောင်က အထင်အမြင်တသေးဖြင့် စိုက်ကြည့်လျက် ပြောလိုက်လေ၏။ “ဘာလဲ ကြောက်သွားပြီလား…”