အခန်း (၂၅၁၈-၂၅၂၀)
Vol. 104 Ch. 2518-2520
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၅၁၈) ကောင်းရွှယ်ထင်း၏ ပြဿနာ
“ကျုပ်စကားကို အဲ့လောက်ကြီး အလေးအနက် ထားမနေပါနဲ့ ဆရာတို့ရယ်…” လူငယ်လေးက ပြုံးဖြီးလျက် “ကျုပ် ခင်ဗျားတို့ကို ဆူတာမဟုတ်ပါဘူး… ကောင်းပြီ ကောင်းပြီ ကောင်းပြီ… ဒီဆိုင်ကနေ ပစ္စည်းလေးတစ်ခု ဝယ်စရာရှိလို့ ကျေးဇူးပြုပြီး ဝင်ခွင့်ပေးလို့ရမလား…”
လူငယ်လေး၏စကားထဲ မှော်ဆန်ဆန်စွမ်းရည်များ ပါနေသလားမသိရ လူငယ်လေးမှ ထိုကဲ့သို့ ပြောပြီးသည့်နောက်တွင် အစောင့်ခေါင်းဆောင်မှာ သူတို့နှစ်ဦးသွားရန်အတွက် လမ်းဖယ်ပေးလိုက်လေသည်။
မြို့သခင်စံအိမ်အစောင့်များသည် သူတို့၏ခေါင်းဆောင်အား အံ့ဩတကြီးဖြင့် ကြည့်နေကြလေ၏။ သူတို့ခေါင်းဆောင် ဘာကြောင့် ထိုကဲ့သို့ လုပ်လိုက်သလဲဆိုသည်ကို နားမလည်နိုင် ဖြစ်နေကြလေသည်။
“ဘာဖြစ်သွားတာလဲ…” အနီးအနားရှိ ရေနွေးကြမ်းဆိုင်တွင် ထိုင်လျက် နေမင်းပြာစံအိမ်အား စောင့်ကြည့်နေသော တာအိုသခင် တတိယအဆင့် ကျင့်ကြံသူမှာ ဒေါသတကြီးဖြင့် ထခုန်လျက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကာ မြို့စောင့်တပ်ခေါင်းဆောင်အား အပြစ်တင်လိုက်လေသည်။ “မင်း ဘာဖြစ်နေတာလဲ…”
“ဆရာကျန်း…” အသံကိုကြားလိုက်ပြီးသည့်နောက် မြို့စောင့်တပ်ခေါင်းဆောင်၏အမူအယာ လေးနက်တည်ကြည်သွားခဲ့လေသည်။
“ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးဖို့ ငါမင်းကို ပြောမထားဘူးလား… မင်း ဘယ်လိုလုပ်ပြီး ငါ့အမိန့်ကို လွန်ဆန်ရဲတာလဲ…”
“ကျုပ် တစ်ယောက်ယောက်ကို ဝင်ခွင့်ပေးလိုက်တာလား…” မြို့စောင့်တပ်ခေါင်းဆောင်က ကြောင်သွားခဲ့လေသည်။ ထို့နောက် အစောပိုင်းက သူ့လုပ်ရပ်ကို ပြန်စဉ်းစားမိလိုက်သော် နဖူးထက် ချွေးအေးများ ဝေ့သီလာပြီး ချက်ချင်းပဲ ရေရွတ်လိုက်လေသည်။ “ဘယ်လိုလုပ်ပြီး ငါ တစ်ယောက်ယောက်ကို ဝင်ခွင့်ပေးလိုက်ရတာလဲ…”
အစောပိုင်းက ဘာဖြစ်လို့ ဖြစ်သွားမှန်းကိုပင် သူနားမလည်လိုက်ချေ။ သူ့စိတ်မှာ လုံးဝကို ကြည်လင်ပြတ်သားနေပါသော်ငြား လူငယ်လေး၏ တောင်းဆိုချက်ကို မငြင်းပယ်နိုင်ခဲ့ဘဲ ခွင့်ပြုပေးလိုက်မိခဲ့သည်။
ဆရာကျန်းပြောလာသည့်အတွက်ကြောင့်သာ မဟုတ်လျှင် သူဘာလုပ်လို့ လုပ်မိသွားသလဲ ဆိုသည်ကိုပင် မှတ်မိလိမ့်မည်မဟုတ်ချေ။
“ဝိဉာဉ်ပညာရပ်…” မြို့စောင့်တပ်ခေါင်းဆောင်၏ ပုံစံကိုမြင်သော် အစောပိုင်းကလူငယ်လေးသည် ဝိဉာဉ်ပညာရပ်တစ်မျိုးမျိုးကိုသုံး၍ မြို့စောင့်တပ်ခေါင်းဆောင်အား လှည့်စားခဲ့ရမည်မှန်း ဆရာကျန်းဆိုသူ ချက်ချင်းနားလည်သွားခဲ့လေသည်။
“ဆရာကျန်း… ကျုပ်တို့ အခု ဘာလုပ်ကြမလဲ… ကျုပ်အဖွဲ့သားတွေကို ခေါ်ပြီး အဲ့ကောင်ကို သွားပြန်ဖမ်းလာခဲ့ရမလား…” မြို့စောင့်တပ်ခေါင်းဆောင်က မေးလိုက်လေသည်။
“စိတ်ငြိမ်ငြိမ်ထား… အဲ့လူကိုကြည့်ရတာ အရမ်းအားကောင်းတဲ့ပုံပဲ… ဘာဖြစ်လို့ ဒီကိုရောက်လာလဲဆိုတာကို ငါတို့မသိရသေးဘဲ မဆင်မခြင် မလုပ်နဲ့… သူ ပစ္စည်းတစ်ခုခု ဝယ်ချင်လို့လည်း ဖြစ်ရင်ဖြစ်နေမှာ… ဒီတိုင်းပဲ ဆက်ပြီး စောင့်ကြည့်ကြတာပေါ့…” ဆရာကျန်းဆိုသည့်လူက ပြောလိုက်လေသည်။
“ဟုတ်ကဲ့…”
ဆိုင်ထဲသို့ ရောက်လာပြီးသည့်နောက် ရန်ကိုင်သည် ဆိုင်၏ အတွင်းပြင်ဆင်ပုံကို လှည့်ပတ်ကြည့်လိုက်လေသည်။ ဤဆိုင်မှာ အတော်လေးကိုသေးကာ ရောင်းစရာပစ္စည်းဆို၍လည်း အနည်းငယ်သာ ရှိလေ၏။ ထို့အပြင် ထိုရောင်းရန်ရှိနေသည့် ပစ္စည်းများသည်ပင်လျှင် အဖိုးတန်ခြင်းမရှိဘဲ စင်များပေါ်တွင် ဖြစ်သလို တင်ထားကြလေသည်။
ကျင့်ကြံခြင်းအဆင့်နိမ့်ကြသည့် ဆိုင်ဝန်ထမ်းလေးနှစ်ဦးမှာတော့ ကောင်တာအနားတွင် ထိုင်နေရင်း ဆိုင်အပြင်ဘက်သို့ မကြာမကြာလှမ်းကြည့်လျက် အလွန်ကိုမှ တုန်လှုပ်ခြောက်ခြားနေသည့် ပုံစံဖြင့် ရေရွတ်လိုက်လေ၏။ “သွားပြီ သွားပြီ…”
ဆိုင်ဝန်ထမ်းလေးတစ်ဦးက ရေရွတ်လိုက်လေသည်။ “ဆိုင်ပိုင်ရှင် ဘာပြဿနာတွေ သွားရှာထားလဲ မသိပါဘူးကွာ… ငါတို့တော့ သွားပါပြီ…”
ဆိုင်ဝန်ထမ်းလေးနှစ်ဦးမှာ အလွန်ကိုမှ စိုးရိမ်ပူပန်နေလေရာ ရန်ကိုင်နှင့် ကျန်းရို့ရှီတို့ ဆိုင်ထဲသို့ ဝင်လာသည်ကိုပင်လျှင် သတိမထားမိခဲ့ချေ။
သူတို့နှစ်ဦးအား တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်သည် ဆိုင်နောက်ဘက်သို့သာ တန်းသွားလိုက်လေသည်။
စင်္ကြန်လမ်းတစ်ခုကို ဖြတ်လျှောက်လာပြီးသည့်နောက်တွင် ဥယျာဉ်လေးတစ်ခုဆီသို့ ရောက်လာခဲ့လေသည်။ ဆက်သွားလိုက်ရာ မကြာမီတွင် အခန်းတစ်ခုရှေ့သို့ ရောက်လာခဲ့လေသည်။ အခန်းရှေ့တွင် ရပ်နေပြီးသည့်နောက် တံခါးအား အသာအယာ ခေါက်လိုက်လေသည်။
“ဘယ်သူလဲ…” နှစ်ပေါင်းများစွာကြာအောင် မအိပ်စက်ထားရသည့်အလား အားအင်ကုန်ခမ်း မောပန်းနွမ်းနယ်နေသည့် အမျိုးသမီးတစ်ဦး၏အသံ ထွက်လာခဲ့လေသည်။
ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ကျုပ် ဒီကို ပစ္စည်းတစ်ခုဝယ်ဖို့ ရောက်လာတာ…”
တစ်ခဏကြာမျှ တိတ်ဆိတ်နေပြီးသည့်နောက် အမျိုးသမီးက ပြန်ပြောလိုက်လေ၏။ “ဆိုင်က လတ်တလော ပြဿနာအချို့နဲ့ ရင်ဆိုင်နေရလို့ ယာယီပိတ်ထားပါတယ်… ကျေးဇူးပြုပြီး ပြန်ထွက်သွားလိုက်ပါတော့…”
ရန်ကိုင်က ဆက်ပြောလိုက်လေသည်။ “ဒီသခင်လေးက တောင်ဘက်နယ်မြေကနေ ဒီအထိရောက်အောင် လာခဲ့တာကို ခင်ဗျားက ကျုပ်ကို ပြန်သွားဖို့ ပြောနေတာလား…”
“တောင်ဘက်နယ်မြေ…” တစ်ခုခုအား နားလည်သွားသည့်အလား ထိတ်လန့်တကြားအော်သံနှင့်အတူ အခန်းတံခါး ချက်ချင်းပွင့်လာခဲ့လေသည်။ ထို့နောက် အမျိုးသမီးတစ်ဦး ရန်ကိုင့်ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့လေသည်။
ထိုအမျိုးသမီးမှာ အသက်နှစ်ဆယ်ကျော်လောက်သာ ရှိပေဦးမည်။ သားသားနားနား ဝတ်စားထားပြီး သူမ၏ရုပ်ရည်မှာ အလွန်လှပခြင်း မရှိသည့်တိုင် အတော်လေးကိုလှပသည်ဟုတော့ ပြော၍ရပေသေးသည်။
လတ်တလော ကြုံနေရသည့် ပြဿနာများကြောင့်လားမသိရ အမျိုးသမီးမှာ မျက်တွင်းဟောက်ပက်ဖြစ်နေပြီး မျက်လုံးများမှာလည်း သွေးရောင်ရဲနေခဲ့လေသည်။ သို့သော်ငြား ရန်ကိုင့်ကိုကြည့်လာသည့် သူမ၏အကြည့်မှာတော့ အလွန်တရာကိုမှ တောက်ပနေခဲ့လေသည်။ ရန်ကိုင့်ဆီမှ တစ်ခုခုအား မျှော်ကိုးနေသည့်အလား။
“ရှင် တကယ်ကြီး တောင်ဘက်နယ်မြေကနေ လာခဲ့တာလား…” အမျိုးသမီးက စိုးရိမ်တကြီးဖြင့် မေးလိုက်လေ၏။
“ဟုတ်တယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။
အမျိုးသမီးမှာ တာအိုသခင်ဒုတိယအဆင့်သာ ရှိပေသေးသည်။ ထို့အပြင် သူမ၏အရှိန်အဝါမှာ အနည်းငယ် အားနည်းနေခဲ့လေ၏။
“ရှင့်မှာ သက်သေရှိလား…” အမျိုးသမီးက မယုံသင်္ကာဖြင့် မေးလိုက်လေသည်။
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် နေမင်းပြာရွှေတံဆိပ်ပြားကို ထုတ်ပြလိုက်လေသည်။
ထိုတံဆိပ်ပြားကိုမြင်သော် အမျိုးသမီး၏မျက်လုံးများ တောက်ပသွားခဲ့ပြီး သူမစိတ်ထဲရှိ သံသယအားလုံး ရှင်းလင်းသွားခဲ့ရလေသည်။
“အထဲမှာပြောကြရအောင်…” အမျိုးသမီးက ရန်ကိုင့်အား အထဲသို့ ဖိတ်ခေါ်လိုက်လေ၏။
ရန်ကိုင်လည်း ခေါင်းညိတ်လျက် ကျန်းရို့ရှီနှင့်အတူ အထဲသို့ ဝင်သွားလိုက်လေသည်။
ထို့နောက်တွင် အမျိုးသမီးသည် ဘေးပတ်လည်အား စိုးရိမ်တကြီးဖြင့် လှည့်ပတ်ကြည့်လေသည်။ အနားတွင် မည်သူမှ ရှိမနေကြောင်း အတည်ပြုပြီးသည့်နောက် အခန်းတံခါးကိုပိတ်၍ အကာအရံအချို့ကို အသက်သွင်းလိုက်လေ၏။
အမျိုးသမီးမှ ထိုကဲ့သို့ လုပ်ပြီးသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်က သုန်သုန်မှုန်မှုန်ဖြင့် မေးလိုက်လေသည်။ “နင် ဘာပြဿနာနဲ့ ကြုံနေရတာလဲ… ဘာဖြစ်လို့ ဆိုင်ရှေ့မှာ မြို့စောင့်တပ်တွေ ပိတ်ရပ်နေရတာလဲ…”
အမျိုးသမီးကမူ ရန်ကိုင့်၏အမေးကို ပြန်မဖြေဘဲ သူမ၏သိုလှောင်လက်စွပ်ထဲမှ တံဆိပ်ပြားတစ်ခုကို ထုတ်၍သာ ရန်ကိုင့်လက်ထဲသို့ ထည့်ပေးလိုက်လေသည်။ သူမပေးလာသည့် တံဆိပ်ပြားမှာ ရန်ကိုင့်၏ နေမင်းပြာရွှေတံဆိပ်ပြားနှင့် တူပေသည်။ သို့သော်ငြား ရန်ကိုင့်၏တံဆိပ်ပြားမှာ ရွှေရောင်ဖြစ်ပြီး သူမ၏တံဆိပ်ပြားမှာတော့ ကြေးရောင်ဖြစ်လေသည်။ နေမင်းပြာကျောင်းတော်၏ တပည့်အဆင့်အတန်း ခွဲခြားပုံကို ရန်ကိုင်မသိပါသော်ငြား ရွှေရောင်တံဆိပ်ပြားသည် အဆင့်အမြင့်ဆုံး ဖြစ်လောက်ပြီး ရွှေရောင်အောက်တွင် ငွေရောင်နှင့် ကြေးရောင်တို့ ရှိနေလိမ့်မည်မှန်းတော့ ခန့်မှန်းမိပေသည်။ တစ်နည်းဆိုရသော် သူတို့ကြားတွင် အဆင့်နှစ်ဆင့် ခြားနေပေသည်။
“စီနီယာအစ်ကို… တပည့်ရဲ့နာမည်က လုဝမ်ပါ… ကျွန်မက အကြီးအကဲချန်းချန်ရဲ့ နောက်လိုက်တစ်ဦးပါ…”
ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေ၏။ အကြီးအကဲချန်းချန်ဆိုသည့်လူမှာ နေမင်းပြာကျောင်းတော်၏ အကြီးအကဲတစ်ဦးဖြစ်ပြီး ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးလည်း ဖြစ်ပေသည်။ သူမသည် နေမင်းပြာကျောင်းတော်၏ ရတနာဂိုထောင်နှင့် ပတ်သက်၍ ကိုင်တွယ်နေရသူတစ်ဦးလည်း ဖြစ်ပေသည်။
“စီနီယာက စီနီယာအစ်ကိုရှရှန်းလား…” လုဝမ်သည် ရန်ကိုင့်အားကြည့်ရင်း မေးလိုက်လေသည်။
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် နှာခေါင်းရှုံ့လိုက်လေသည်။ “ရှရှန်းက ငါ့လောက် ရုပ်ချောမလား…”
လုဝမ်မှာ ရှက်သွားခဲ့ပြီး ထပ်၍မေးလိုက်လေသည်။ “ဒါဆို စီနီယာအစ်ကိုရှောင်ပိုင်ယီလား…”
“ရှရှန်းလည်းမဟုတ်ဘူး ရှောင်ပိုင်ယီလည်းမဟုတ်ဘူး… ငါ့နာမည်က ရန်ကိုင်ပဲ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။
“စီနီယာအစ်ကိုရန်…” လုဝမ် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ထိုနာမည်ကို သူမ တစ်ခါမှ မကြားဖူးချေ။
ရန်ကိုင်က ပြန်မေးလိုက်လေသည်။ “နင်က နေမင်းပြာကျောင်းတော်ရဲ့ တပည့်တစ်ယောက်လို့သာ ပြောနေတာ… ဘယ်လိုလုပ်ပြီး ရှရှန်းနဲ့ ရှောင်ပိုင်ယီတို့ရဲ့ မျက်နှာတွေကို မသိရတာလဲ… သူတို့တွေက ကျောင်းတော်ရဲ့ ထိပ်တန်းတပည့်တွေလေ…”
လုဝမ်က ရှက်ရှက်ဖြင့် ပြန်ပြောလိုက်လေ၏။ “ဒီဂျူနီယာညီမ နေမင်းပြာကျောင်းတော်ကနေ ထွက်လာတာ တော်တော်လေးကြာနေပြီ… နေမင်းပြာကျောင်းတော်မှာ ရှိနေတဲ့အချိန်တုန်းကလည်း အဲ့စီနီယာအစ်ကိုနှစ်ယောက်ကို တစ်ခါမှ မတွေ့ခဲ့ဖူးဘူး… ဒါကြောင့် သူတို့နာမည်ကိုပဲ ကြားဖူးတာ…”
ရန်ကိုင်က အံ့အားသင့်သွားသည့်ဟန်ဖြင့် ပြန်မေးလိုက်လေသည်။ “ငါသိပြီ… ဒါဆိုရင် နင်ဘာဖြစ်လို့ အရှေ့ဘက်နယ်မြေကိုလာပြီး ဒီမှာ ဆိုင်လာဖွင့်စားနေတာလဲ…”
လုဝမ်က ပြန်ပြောလိုက်လေသည်။ “ကျွန်မက ဒီကို ကျောင်းတော်ရဲ့ တာဝန်အရ ရောက်လာခဲ့တာပါ… ဒီမှာ ဆိုင်ဖွင့်စားတယ်ဆိုတာကလည်း ဟန်ပြသက်သက်ပါပဲ… အဓိကတာဝန်ကတော့ ဒီမှာဖြစ်နေတဲ့အကြောင်းစုံကို ကျွန်မရဲ့ဆရာဆီ သတင်းပြန်ပို့ပေးဖို့ပါ…”
“သေသေချာချာရှင်းပြစမ်း…” ရန်ကိုင်က ထပ်ပြောလိုက်လေသည်။
“ကျွန်မတို့ရဲ့ကျောင်းတော်က တောင်ဘက်နယ်မြေမှာ ရှိတာဆိုပေမဲ့ အခြားနယ်မြေက သတင်းအချက်အလက်တွေကိုလည်း စုဆောင်းဖို့လိုသေးတယ်… ဒီတော့ နယ်မြေတစ်ခုချင်းစီတိုင်းမှာ သတင်းစုဆောင်းဖို့ဆိုပြီး တပည့်တော်တော်များများကို စေလွှတ်လေ့ရှိတယ်… အဲ့တပည့်တွေက ကျောင်းတော်ကို သတ်မှတ်ထားတဲ့အချိန်ရောက်ရင် သူတို့သိထားတဲ့အကြောင်းအရာတွေကို ပြန်ပြီး တင်ပြပေးရတာပေါ့… ဂျူနီယာညီမက အဲ့လိုလူတွေထဲက တစ်ယောက်ပါ… ဒါပေမဲ့ ကျွန်မတို့ ဘယ်သူတွေလဲဆိုတာကို အခြားလူတွေ သိမသွားအောင်လို့ ကျွန်မတို့ရဲ့ နာမည်နဲ့ ဇစ်မြစ်တွေကို သေသေချာချာ ဖုံးကွယ်ထားရပါတယ်… သေရေးရှင်ရေးအခြေအနေနဲ့ ကြုံနေရတာတောင် ထုတ်ပြောလို့မရပါဘူး…”
“အဲ့လိုမျိုးလည်းရှိသေးတာလား…” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။
လုဝမ်က ယဲ့ယဲ့လေးပြုံးလျက် “စီနီယာအစ်ကိုက ကျောင်းတော်ရဲ့ လက်ရွေးစင်တပည့်တစ်ယောက်ဆိုတော့ ဒီလိုကိစ္စမျိုးကို မသိတာ မထူးဆန်းပါဘူး… စီနီယာအစ်ကိုရဲ့တာဝန်က ကိုယ့်ကျင့်ကြံခြင်းကို ပိုပြီးမြင့်မားအောင် လုပ်ဖို့ပဲလေ… ဒီလိုတာဝန်တွေကို သိပ်ပါရမီမရှိတဲ့ ဒါမှမဟုတ် ကျင့်ကြံခြင်း ဆက်ပြီး အဆင့်မတက်နိုင်တော့တဲ့ တပည့်တွေကိုပဲ တာဝန်ပေးလေ့ရှိတယ်… ဒီလိုတာဝန်မျိုးကို လုပ်ရတာ အရမ်းလည်း အချိန်ကုန်ပြီး အားစိုက်ရလွန်းတယ်လေ… ဒီတော့ ကျင့်ကြံဖို့ သိပ်ပြီး အချိန်မရှိတော့ဘူး… ဒါကြောင့် ကျောင်းတော်က ဒီလိုတာဝန်မျိုးကို လက်ရွေးစင်တပည့်တွေကို မလုပ်ခိုင်းတာ…”
ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။ “ကြိုးစားပေးခဲ့တာတွေအတွက် ကျေးဇူးပါပဲ…”
လုဝမ်က ယဲ့ယဲ့လေးပြုံးလျက် “မလိုပါဘူး… စီနီယာအစ်ကိုနဲ့ စီနီယာအစ်မတွေ ပိုပြီး အားကောင်းလာတဲ့အခါ ကျောင်းတော်က ပိုပြီးအဆင်ပြေလာမှာလေ… အဲ့လိုဆိုရင် ကျွန်မတို့လိုလူတွေအတွက်လည်း ပိုပြီး လုံခြုံရတာပေါ့… နေမင်းပြာကျောင်းတော်တင်မဟုတ်ပါဘူး… အခြားအင်အားစုကြီးတွေကလည်း ဒီနည်းအတိုင်းပဲသွားကြတာ… သူတို့ရဲ့တပည့်တော်တော်များများကို သတင်းအချက်အလက် စုဆောင်းဖို့ဆိုပြီး ကြယ်တာရာအစုအဝေးရဲ့ နယ်မြေကြီးလေးခုစလုံးကို စေလွှတ်ထားကြတာ…”
“အဲ့ဒါဆိုရင် နင် အခု ဘာပြဿနာနဲ့ကြုံနေတာလဲ…” ရန်ကိုင်က မေးလိုက်လေသည်။
လုဝမ်၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ “ပြဿနာကြုံရတာ ကျွန်မမဟုတ်ဘူး… အကြီးအကဲကောင်းပဲ…”
ရန်ကိုင် ဇဝေဇဝါဖြစ်သွားလေသည်။ “အကြီးအကဲကောင်း… ဘယ်အကြီးအကဲကောင်းလဲ…”
ရုတ်တရက် ကြောင်သွားခဲ့ပြီးနောက် တိုးတိုးလေးပြောလိုက်လေသည်။ “အကြီးအကဲကောင်းဆိုတာ ကောင်းရွှယ်ထင်းကိုပြောတာလား…”
“အင်း…”
ရန်ကိုင့်အမူအယာ ပြောင်းလဲသွားခဲ့ပြီး ဆက်ပြောလိုက်လေ၏။ “အကြီးအကဲကောင်း အရှေ့ဘက်နယ်မြေကို ရောက်နေတာလား…”
“ဟုတ်တယ်… သူ အခုဆို အသက်အန္တရာယ်နဲ့ ကြုံနေရလောက်ပြီ…”
“ဘာတွေဖြစ်နေတာလဲ…” ရန်ကိုင်က အလျင်စလို ကောက်မေးလိုက်လေ၏။
“စိတ်အေးအေးထား စီနီယာအစ်ကို… ကျွန်မ အကုန်လုံးကို ရှင်းပြပေးမယ်…”
လုဝမ်ရှင်းပြပြီးသွားသည့်အခါမှသာ ရန်ကိုင်လည်း နားလည်သွားတော့လေသည်။
လုဝမ်သည် လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်က နေမင်းပြာကျောင်းတော်မှထွက်ကာ မြေမြို့တော်သို့လာပြီး သတင်းအချက်အလက် စုဆောင်းနေခြင်း ဖြစ်လေသည်။ သတင်းအချက်အလက် စုဆောင်းရ လွယ်ကူလေအောင် ဤနေရာတွင် ဆိုင်ဖွင့်စားထားခဲ့လေသည်။ သို့သော်ငြား ပိုက်ဆံများများစားစားတော့ ရှာမရခဲ့ပေ။ တကယ်တော့ ဤဆိုင်သည် အပေါ်ယံသက်သက်သာပင် မဟုတ်ပေလော။
လွန်ခဲ့သောနှစ်ဝက်ခန့်က လုဝမ်သည် ကျင့်ကြံသူတစ်ဦးဆီမှ သားရဲအရေပြားတစ်ပိုင်းကို ရခဲ့လေသည်။ ထိုသားရဲအရေပြားကို လာရောင်းသည့်လူကတော့ ထိုသားရဲအရေပြားမှာ သူတို့၏ ဘိုးဘေးအစဉ်အဆက် လက်ဆင့်ကမ်းပေးခဲ့သည့် အရာတစ်ခုဖြစ်ပြီး ထိုသားရဲအရေပြား၏ နောက်ကွယ်တွင် ရှေးဟောင်းလျှို့ဝှက်ချက်တစ်ခု ရှိနေသည်ဟု ပြောခဲ့ပေသည်။
လုဝမ်မှာတော့ ထိုကဲ့သို့သော စကားမျိုးကို ယုံလိမ့်မည်မဟုတ်ချေ။ သို့သော်ငြား ထိုသနားစဖွယ်လူအား ကရုဏာသက်မိသည့်အတွက်ကြောင့် ထိုသားရဲအရေပြားအား ဝယ်ခဲ့မိပေသည်။
သားရဲအရေပြားအား အတော်ကြာအောင် လေ့လာကြည့်ပြီးသည့်နောက် မည်သည့်သဲလွန်စမှ မရခဲ့လေသဖြင့် ထိုသားရဲအရေပြားကို သူမစုဆောင်းရရှိထားသည့် သတင်းအချက်အလက်များနှင့်အတူ နေမင်းပြာကျောင်းတော်ထံသို့ ပေးပို့ပေးခဲ့သည်။
လွန်ခဲ့သောသုံးလခန့်က ကောင်းရွှယ်ထင်းသည် မြေမြို့တော်သို့ ရောက်လာခဲ့ပြီး သားရဲအရေပြားနှင့်ပတ်သက်၍ မေးခွန်းပေါင်းများစွာကို မေးခဲ့ပေသည်။
ထိုအခါမှသာလျှင် သားရဲအရေပြားနှင့် ပတ်သက်၍ လျှို့ဝှက်ချက်တစ်ခုခု ရှိနေရမည်မှန်း လုဝမ် နားလည်သွားတော့လေသည်။ ထို့ကြောင့်သာမဟုတ်လျှင် ကောင်းရွှယ်ထင်းကဲ့သို့ ပညာရှင်တစ်ဦးသည် သားရဲအရေပြားအကြောင်း မေးမြန်းရန်အတွက်သက်သက်နှင့် အရှေ့ဘက်နယ်မြေသို့ လာခဲ့လိမ့်မည် မဟုတ်ချေ။
လုဝမ်လည်း သူမသိထားသည့် အကြောင်းအရာများကို ဖုံးကွယ်မထားခဲ့ဘဲ အကြောင်းစုံကို ရှင်းပြပေးလိုက်လေသည်။
ကံမကောင်းစွာဖြင့် ကောင်းရွှယ်ထင်းသည် သူမဆီမှ မည်သည့်အရေးပါသည့် သဲလွန်စကိုမှ မရရှိခဲ့ပေ။
ဤနေရာသို့ ရောက်လာပြီးသည့်နောက်ပိုင်း ကောင်းရွှယ်ထင်းသည် သားရဲအရေပြား၏ လျှို့ဝှက်ချက်များကို တောက်လျှောက်လေ့လာခဲ့ပေသည်။ မကြာမကြာဆိုသလို မြို့တော်မှလည်း ထွက်သွားလေ့ရှိပေသည်။ သို့သော်ငြား သူမဘာလုပ်လို့ လုပ်နေမှန်းကိုတော့ လုဝမ် နားမလည်ခဲ့ပေ။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၅၁၉)
လွန်ခဲ့သောတစ်လခွဲခန့်က ကောင်းရွှယ်ထင်းသည် အရေးပါသည့် အရာတစ်ခုကို ရှာတွေ့သွားပြီဟု ပြောလာခဲ့လေသည်။ သားရဲမြေပုံနောက်ကွယ်မှ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ရန်အတွက် အခြားလူများနှင့် ပူးပေါင်းရမည်ဟု ပြောလျက် ကျင့်ကြံရေးအရင်းအမြစ်အချို့ ထားခဲ့ကာ ထွက်သွားလေ၏။ ထိုအချိန်ကတည်းက ကောင်းရွှယ်ထင်း ပျောက်နေခဲ့ခြင်း ဖြစ်လေသည်။
လွန်ခဲ့သောခုနှစ်ရက်ခန့်က နေမင်းပြာစံအိမ်ကို မြို့သခင်စံအိမ်မှ အစောင့်များ လာရောက်ဝိုင်းရံကြလေသည်။ ဝိုင်းရံရသည့် အကြောင်းအရင်းကို မပြောပြဘဲ ဆိုင်ကိုသာ ဝိုင်းရံထားကြပြီး အခြားမည်သူ့ကိုမှ ဝင်ခွင့်မပေးခဲ့ချေ။
ထိုကဲ့သို့ ရှင်းပြပြီးသည့်နောက်တွင် လုဝမ်မှာ တစ်ခုခုအား နားလည်သွားခဲ့ပြီး မေးလိုက်လေသည်။ “ဒါနဲ့ စီနီယာအစ်ကိုရန် အထဲကို ဘယ်လိုဝင်လာတာလဲ… မြို့သခင်စံအိမ်ကလူတွေက အပြင်မှာရှိနေတာလေ…”
ရန်ကိုင်က ပြုံးဖြီးလျက် ပြန်ပြောလိုက်လေသည်။ “အဲ့အမှိုက်တွေက ငါ့ကို တားနိုင်မှာမို့လို့လား…” တစ်ချက်မျှရပ်ပြီးသည့်နောက် မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်လေသည်။ “အကြီးအကဲကောင်းက လွန်ခဲ့တဲ့လဝက်က သားရဲအရေပြားနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်ကို ဖြေရှင်းစရာရှိလို့ ထွက်သွားတယ်… ဒါပေမဲ့ လွန်ခဲ့တဲ့ခုနှစ်ရက်လောက်ကျတော့ ဒီနေရာကို မြို့သခင်စံအိမ်က အစောင့်တွေက လာဝိုင်းတယ်…”
လုဝမ်က စိုးရိမ်တကြီးဖြင့် ရှင်းပြလိုက်လေသည်။ “ဟုတ်တယ်… အဲ့ဒါကြောင့် အကြီးအကဲကောင်း ဒုက္ခရောက်နေပြီလို့ ဂျူနီယာညီမ ထင်သွားတာ… နေမင်းပြာစံအိမ် အဝိုင်းခံရတဲ့ အကြောင်းအရင်းကတော့ သူတို့တွေ ဒီနေရာမှာဖြစ်နေတဲ့ ကိစ္စတွေကို သတင်းပျံ့မသွားအောင် လုပ်ချင်လို့ ဖြစ်လောက်တယ်… အကြီးအကဲကောင်းက နေမင်းပြာစံအိမ်မှာ ရှိနေတုန်းက သူ ဘယ်နေရာရောက်နေလဲဆိုတာကို ဖုံးကွယ်မထားခဲ့ဘူးလေ… ဒီတော့ အကြီးအကဲကောင်းက ဒီနေရာနဲ့ပတ်သက်နေမယ်ဆိုတာကို အခြားသူတွေအကုန်လုံးက အလွယ်လေးခန့်မှန်းမိတယ်…”
ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။ “နင်မှန်တယ်… အဲ့လိုသာဆိုလို့ရှိရင် ဒီကိစ္စက မြေမြို့တော်နဲ့ တစ်မျိုးတစ်ဖုံ ပတ်သက်နေမှာ…”
လုဝမ်က ပြန်ပြောလိုက်လေ၏။ “ဒါကြောင့်ပဲ ဂျူနီယာညီမလည်း တံဆိပ်ပြားကို သုံးပြီးတော့ အကူအညီရလို့ရငြား ဆက်သွယ်ကြည့်လိုက်တာ… စီနီယာအစ်ကိုရန် တကယ်ကြီးရောက်လာမယ်လို့ မထင်ထားခဲ့ဘူး…”
“ငါလည်း ကိစ္စရှိလို့ ဒီနားကနေ ဖြတ်သွားဖြတ်လာလုပ်ရင်းနဲ့ သတင်းရလို့ ဒီဘက်ကို လှည့်လာခဲ့တာ…”
ရန်ကိုင်သည်သာ အရှေ့ဘက်နယ်မြေသို့ ရောက်မလာခဲ့ပါက လုဝမ်အနေဖြင့် အခြားသော မည်သည့်တပည့်ကိုမှ ဆက်သွယ်၍ ရလိမ့်မည် မဟုတ်ချေ။ တကယ်တော့ ဤနေရာသည် အရှေ့ဘက်နယ်မြေမဟုတ်ပေလော။ နေမင်းပြာကျောင်းတော်၏ ဌာနချုပ်သည် တောင်ဘက်နယ်မြေတွင် ရှိနေသည်ဖြစ်လေရာ မည်သည့်တပည့်နှင့် အကြီးအကဲမှ အကြောင်းအရင်းမရှိဘဲ ဤနေရာသို့ လာလိမ့်မည်မဟုတ်ချေ။
ကောင်းရွှယ်ထင်းသည် အေးစက်စက် မျက်နှာတည်တည်နှင့် လူတစ်ဦးဖြစ်သော်ငြား သူမသည် ရန်ကိုင့်အပေါ် အတော်လေးကိုမှ ဂရုစိုက်ခဲ့ကာ နေမင်းပြာရွှေတံဆိပ်ပြားကိုပင် ရန်ကိုင့်လက်ထဲသို့ ထည့်ပေးခဲ့လေသည်။ ထို့အပြင် ရန်ကိုင့်၏ကျင့်ကြံခြင်းနှင့် ပတ်သက်၍လည်း လမ်းညွှန်ထောက်ပြပေးခဲ့ဖူးသည်။
ထို့အတွက်ကြောင့် ကောင်းရွှယ်ထင်း ဒုက္ခရောက်နေသည့်အခါ ရန်ကိုင့်အနေဖြင့် မည်သို့မှ ရပ်ကြည့်မနေနိုင်ပေ။
သို့သော်ငြား လက်ရှိလုဝမ်ပြောပြသွားသည်မှာ ခန့်မှန်းချက်သက်သက်သာ ဖြစ်သေးသည့်အတွက်ကြောင့် တကယ့်တကယ်အဖြစ်အပျက်မှာ သူမ ထင်ထားသလို မဟုတ်သည်မှာလည်း ဖြစ်နေနိုင်ပေသည်။ သို့သော်ငြား မြို့သခင်စံအိမ်မှ ကျင့်ကြံသူများ နေမင်းပြာစံအိမ်ကို လာဝိုင်းထားသည်နှင့် ပတ်သက်၍ သဲလွန်စအချို့တော့ ရသွားခဲ့သည်။ ကောင်းရွှယ်ထင်းကိစ္စကြောင့်သာ မဟုတ်ပါက သူတို့အနေဖြင့် ဤကဲ့သို့သော အရေးမပါသည့် ဆိုင်တစ်ဆိုင်အား ဘာကြောင့်များ လာဝိုင်းထားရပါမည်နည်း။
“ဂျူနီယာညီမလုပြောတဲ့ပုံအရဆိုရင်တော့ ဒီကိစ္စက မြို့သခင်စံအိမ်နဲ့ ကျိန်းသေ ပတ်သက်နေရလိမ့်မယ်…” ရန်ကိုင်သည် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြောပြလိုက်လေသည်။
လုဝမ်က သဘောတူလိုက်သည်။ “ဂျူနီယာညီမလည်း အဲ့လိုပဲထင်တယ်… အကြီးအကဲကောင်းက အဲ့တိရစ္ဆာန်အရေပြားရဲ့ လျှို့ဝှက်ချက်ကို ဖြေရှင်းဖို့ အခြားသူတွေနဲ့ ပူးပေါင်းရမယ်လို့ ပြောသွားတယ်… ဒါပေမဲ့ မြေမြို့တော်ထဲမှာ ဧကရာဇ်ပထမအဆင့်ကို ရောက်နေတဲ့လူဆိုလို့ မြို့သခင်ကျုဟုန်ပဲ ရှိတာ… ဒီတော့ အကြီးအကဲကောင်း ပူးပေါင်းမယ်ဆိုရင်တောင် သူနဲ့ပဲပူးပေါင်းဖြစ်လောက်တယ်….”
“အို…” ရန်ကိုင်ကမျက်ခုံးပင့်သွားခဲ့ပြီး ပြုံးဖြီးလျက် ပြောလိုက်လေ၏။ “သံသယဝင်စရာ လူတစ်ယောက်တွေ့ပြီဆိုမှတော့ လုပ်ရကိုင်ရ ပိုလွယ်သွားပြီပေါ့…”
“စီနီယာအစ်ကိုရန် ရှင်ဘာလုပ်မှာလဲ…” လုဝမ်သည် ရန်ကိုင့်အားကြည့်ကာ ပြောလိုက်လေသည်။
“ဘာလုပ်ရမှာလဲ.. မြို့သခင်ဆီသွားပြီး အဖြေရှာရမှာပေါ့…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။
လုဝမ် ထိတ်လန့်သွားလေသည်။ “စီနီယာအစ်ကို မဆင်မခြင်လုပ်လို့ မဖြစ်ဘူးနော်… ကျုဟုန်က လွန်ခဲ့တဲ့နှစ်လေးဆယ်လောက်တည်းက ဧကရာဇ်အဆင့်ကို ရောက်နေတဲ့ပညာရှင်တစ်ဦးပဲ… အရမ်းလည်းအားကောင်းတယ်… ပြီးတော့ သူ့မှာ ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုလည်း ရှိသေးတယ်… စီနီယာအစ်ကိုက ကျောင်းတော်ရဲ့လက်ရွေးစင်တစ်ယောက်မှန်း ဂျူနီယာညီမသိပေမဲ့ စီနီယာအစ်ကိုရင်ဆိုင်ရမှာက ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးနော်….”
ထိုသို့ပြောပြီးသည့်နောက် ဆက်မပြောတော့ချေ။
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ဂျူနီယာညီမလု စိတ်ပူမနေနဲ့… ကျုဟုန်ဆိုတဲ့လူလောက်ကိုတော့ နင့်စီနီယာအစ်ကိုက မျက်လုံးထဲကိုမထည့်တာ…” ခဏရပ်ပြီးသည့်နောက်တွင် ကျန်းရို့ရှီဘက်သို့လှည့်၍ “အနောက်တံခါးကနေ ဂျူနီယာညီမလုကို ဒီမြို့ထဲကနေ ခေါ်ထုတ်သွားပေးလိုက်ပြီး ငါ့ကို မြို့ပြင်မှာ စောင့်နေလိုက်… ဒီကိစ္စတွေ ဖြစ်လာပြီဆိုမှတော့ ဂျူနီယာညီမလု ဒီမှာ ဆက်နေနေစရာမလိုတော့ဘူး… ကျောင်းတော်ကိုသာ တိုက်ရိုက်ပြန်လိုက်ပေတော့…”
“ဟုတ်ကဲ့ပါဆရာ…” ကျန်းရို့ရှီက ချက်ချင်း ခေါင်းညိတ်ပြလိုက်လေသည်။
ထို့နောက်တွင် ရန်ကိုင် ပျောက်ကွယ်သွားခဲ့လေသည်။
“ဒါက…” လုဝမ်မှာတော့ ထိတ်လည်းထိတ်လန့် စိုးလည်းစိုးရိမ် နေခဲ့လေသည်။ ကျုဟုန်သည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်သည်ဆိုသော အချက်ကို သေချာပြောခဲ့ပါသော်ငြား သူမ၏စီနီယာအစ်ကိုကတော့ နားမထောင်ခဲ့ပေ။
ကျန်းရို့ရှီက ယဲ့ယဲ့လေးပြုံးလျက် နှစ်သိမ့်ပေးလိုက်လေ၏။ “ဆရာ့အတွက် စိတ်ပူမနေနဲ့… ကျုဟုန်က ဆရာ့အတွက် ဘာမှမဟုတ်ဘူး…”
“ဆရာ…” လုဝမ်သည် ကျန်းရို့ရှီအား အံ့ဩတကြီးဖြင့် ကြည့်လျက် “အစ်မက ကျောင်းတော်ရဲ့ တပည့်တစ်ယောက် မဟုတ်ဘူးလား…”
ကျန်းရို့ရှီက ခေါင်းခါလျက် “ကျွန်မက မိသားစုငယ်လေးတစ်ခုက အဖွဲ့သားတစ်ယောက်ပဲ… ကျွန်မ အခုလို တိုးတက်အားကောင်းလာနိုင်တယ်ဆိုတာ ဆရာက သူ့နားမှာခေါ်ပြီး လမ်းညွှန်သင်ကြား ပြသပေးခဲ့လို့ပဲ…”
“ဟမ်…” လုဝမ်ကြောင်သွားလေသည်။
တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်နှင့်အညီ ကျန်းရို့ရှီ၏ကျင့်ကြံခြင်းမှာ သူမထက် ပိုအားကောင်းကြောင်းကို လုဝမ်ခံစားမိပေသည်။ တစ်နည်းဆိုရသော် ကျန်းရို့ရှီသည် တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လေ၏။
(ဒီလိုပညာရှင်တစ်ယောက်ကို စီနီယာအစ်ကိုရန်က လေ့ကျင့်ပေးခဲ့တာလား… သူ့ပုံစံက ကျောင်းတော်ရဲ့ ထိပ်တန်းလက်ရွေးစင်ပညာရှင်တွေနဲ့တောင် ယှဉ်လို့ရနေပြီပဲဟာကို…)
“နေပါဦး… စီနီယာအစ်ကိုရန်ရဲ့ ကျင့်ကြံခြင်းက ဘာလဲ…” လုဝမ်က မေးလိုက်လေသည်။
ကျန်းရို့ရှီက ပြုံးလျက် ပြန်ပြောလိုက်လေ၏။ “စီနီယာအစ်ကိုရန်က ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးပဲ…”
လုဝမ် လုံးဝ ကြောင်သွားခဲ့လေ၏။ ထို့နောက်တွင် သူမ၏မျက်လုံးလေးများ တဖျတ်ဖျတ် တောက်ပလာတော့လေသည်။
နေမင်းပြာစံအိမ်၏ အပြင်ဘက်တွင် ရှိနေသော ရေနွေးကြမ်းဆိုင်ထဲတွင် ဆရာကျန်းဆိုသည့်လူသည် ရေနွေးကြမ်းများကို တစ်ငုံပြီးတစ်ငုံ သောက်နေရင်းမှ နေမင်းပြာစံအိမ်အား မျက်တောင်မခတ်တမ်း စောင့်ကြည့်နေခဲ့လေသည်။
နေမင်းပြာစံအိမ်ထဲသို့ ဝင်လာသည့် အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးကို သူမသိချေ။ သူ့လက်အောက်ငယ်သားများကို သွားစစ်ဆေးခိုင်းကြည့်ပါသော်ငြား မည်သည့်သတင်းမှ မရခဲ့။ ကြည့်ရသလောက် ထိုနှစ်ဦးသည် မြို့ထဲသို့ ယနေ့မှ ဝင်လာသည့်ပုံပင်။ ထို့အတွက်ကြောင့် ဆရာကျန်းဆိုသည့်လူမှာ ပို၍ နိုးနိုးကြားကြား ဖြစ်နေခဲ့လေသည်။ ထိုနှစ်ဦးမှာ မြို့သခင် အမိန့်ပေးထားသည့် ကိစ္စနှင့် ပတ်သက်နေမည်ကို ကြောက်ရွံ့နေခြင်း ဖြစ်လေသည်။
ထို့အတွက်ကြောင့် ဆရာကျန်းဆိုသည့်လူမှာ တစ်ချက်ကလေးပင် သတိမလွတ်သွားရဲခဲ့ပဲ နေမင်းပြာစံအိမ်ကိုသာ အပြည့်အဝ အာရုံစိုက် စောင့်ကြည့်နေခဲ့လေ၏။
ရုတ်တရက်ဆိုသလို အန္တရာယ်တစ်ခုခု သူ့ဆီသို့ ချည်းကပ်လာနေသည့်အလား ဆရာကျန်း ရင်တဒုန်းဒုန်း ခုန်သွားခဲ့လေသည်။
ဆရာကျန်း မတုံ့ပြန်နိုင်သေးခင်မှာပင် လူစိမ်းတစ်ဦး သူ့အနား ရုတ်တရက် ပေါ်လာသည်ကို မျက်လုံးထောင့်စွန်းမှ လှမ်းမြင်လိုက်ရလေသည်။
ချက်ချင်းပဲ လှည့်ကြည့်လိုက်ရာ အစောပိုင်းက ဆိုင်ထဲသို့ ဝင်သွားသော လူငယ်လေးသည် သူနှင့် မျက်နှာချင်းဆိုင်တွင် ပြုံးကာ ထိုင်နေကြောင်း တွေ့လိုက်ရလေ၏။
“ဖူး…”
ဆရာကျန်းဆိုသည့်လူမှာ သောက်လက်စရေနွေးများကို အကုန်ထွေးထုတ်မိသွားလေသည်။
ရန်ကိုင်သည် သူ့လက်ကိုဝှေ့ယမ်းလျက် ဆရာကျန်းထွေးထုတ်မိသွားသော ရေနွေးကြမ်းများကို ဖယ်ထုတ်ပစ်လိုက်လေ၏။ ထို့နောက်တွင် ဆရာကျန်းဆိုသည့်လူသည် ကမန်းကတန်း ထရပ်၍ ကြောက်လန့်တုန်လှုပ်နေသည့် အမူအယာဖြင့် ရန်ကိုင့်အား စိုက်ကြည့်နေလေသည်။
သူ၏ တာအိုသခင်တတိယအဆင့် ကျင့်ကြံခြင်းနှင့်ပင်လျှင် ဤလူငယ်လေး သူ့ရှေ့၌ မည်ကဲ့သို့ ပေါ်လာလို့ ပေါ်လာမှန်းကိုပင် ဆရာကျန်းဆိုသူ မသိခဲ့ချေ။ ထိုအချက်ကိုကြည့်ရုံဖြင့်ပင်လျှင် ထိုလူငယ်လေးသာ သူ့အားသတ်ချင်သည်ဆိုပါက ဆရာကျန်းအနေဖြင့် မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
ထိုအချက်ကိုစဉ်းစားမိလိုက်သည့်အခိုက် ဆရာကျန်းဆိုသူ ဇောချွေးပြန်သွားခဲ့လေသည်။
“ထိုင်လိုက်…” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် ပြုံးရင်း ပြောလိုက်လေသည်။
ရန်ကိုင့်၏ အကြည့်စူးစူးကို မြင်သော် ဆရာကျန်း တုန်တုန်ရီရီ ဖြစ်သွားလေ၏။ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် ဆရာကျန်းဆိုသူသည် အံကိုတင်းတင်းကြိတ်လျက် ရန်ကိုင့်ရှေ့တည့်တည့်တွင် ထိုင်ချလိုက်လေသည်။ သစ်သားခုံပေါ်သာ ထိုင်နေရပါသော်ငြား လှံများစိုက်ထားသည့် ထိုင်ခုံပေါ် ထိုင်နေရသည့်အလား ခံစားနေရလေသည်။
“ကျုပ် ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ…” ရန်ကိုင်က မေးလိုက်လေသည်။
“ကျန်းစီ…”
“အင်း… တွေ့ရတာ ဝမ်းသာပါတယ်…” ရန်ကိုင်က နှုတ်ဆက်လိုက်လေသည်။ ထို့နောက် ကျန်းစီဆိုသည့်လူအား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်လျက် “ဒီသခင်လေး ဘာလို့ ဒီရောက်နေလဲဆိုတာကို ဆရာကျန်းသိမှာပေါ့ ဟုတ်တယ်မလား…”
နဖူးထက်တွင် ဝေ့သီလာသော ချွေးအေးများကို သုတ်ရင်းမှ ကျန်းစီက အားတင်းပြုံးလျက် ပြန်ပြောလိုက်လေသည်။ “သခင်လေး နောက်နေတာပဲ… ဒီကျန်းက ကိုယ့်ဘာကိုယ် အေးအေးဆေးဆေးလေး ရေနွေးကြမ်းလေး သောက်နေတာလေ… သခင်လေး ရောက်လာတာကို ဘယ်လိုလုပ်ပြီး…”
ပြောနေရင်းမှ ရန်ကိုင့်လက်ထဲတွင် ရှိနေသော လက်ဝါးအရွယ် အကာအကွယ်မှော်ရတနာလေးအပေါ် အာရုံရောက်သွားလေသည်။ ထို့နောက် တိုးတိုးလေး ရေရွတ်လိုက်လေသည်။ “ဒီဒိုင်းကာက…”
ကျန်းစီမှာ အတော်လေးကိုမှ အမြင်စူးရှပေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ရန်ကိုင့်လက်ထဲရှိ ဒိုင်းမှာ တာအိုအဆင့်မြင့် မှော်ရတနာတစ်ခု ဖြစ်နေမှန်း ပြောနိုင်ပေသည်။
တာအိုသခင်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်နေသည့်တိုင် ထိုဒိုင်းကိုမြင်လိုက်ပြီးသည့်နောက် ကျန်းစီ ရင်ခုန်သံ မြန်လာခဲ့လေသည်။
“ခရက်…”
ရန်ကိုင်မှ သူ့လက်အား တင်းတင်းကြပ်ကြပ် ဆုပ်ချလိုက်ရာ ရေ၏တိုက်စားမှုဒဏ်ကို မခံနိုင်သည့် ကျောက်တုံးတစ်တုံး တစ်စစီကွဲကြေသွားသည့်အလား ရန်ကိုင့်လက်ထဲတွင်ရှိနေသော ဒိုင်းကာအမျိုးအစား အကာအကွယ်မှော်ရတနာမှာလည်း တစ်စစီကွဲကြေသွားခဲ့လေသည်။
“ဘာဒိုင်းလဲ…” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်လျက် “ငါတို့ ခုနတုန်းက အခြားကိစ္စအကြောင်း ပြောနေတာပါ… ဘယ်လိုလုပ်ပြီး ဒိုင်းကိစ္စကို ရောက်သွားတာလဲ…”
ကျန်းစီ၏နဖူးထက် ချွေးသီးချွေးပေါက်များ မိုးရေစက်များနှယ် စီးကျလာတော့လေသည်။ ထို့နောက် ကတုန်ကယင်ဖြင့် ပြန်ပြောလိုက်လေ၏။ “ဘာမှမဟုတ်ပါဘူး ဘာမှမဟုတ်ပါဘူး…”
ရန်ကိုင်က နှာခေါင်းရှုံ့လျက် “ဆရာကျန်းက လူတော်တစ်ယောက်ပါ… ဒီတော့ ဒီသခင်လေး အရမ်းကြီး အာညောင်းနေစရာ မလိုဘူးနဲ့တူပါတယ်… ဒီသခင်လေး ဆရာကျန်းကို မေးချင်နေတဲ့ မေးခွန်းတစ်ချို့ရှိတယ်…”
ကျန်းစီက အလျင်စလို ပြန်ပြောလိုက်လေသည်။ “မေးပါသခင်လေး… ဒီကျန်းက ကျင့်ကြံတဲ့နေရာမှာ အရည်အချင်း သိပ်မရှိဘူးဆိုပေမဲ့ မြေမြို့တော်မှာ နေတာကြာပြီမလို့ အဆက်အသွယ်တွေ တော်တော်များများတော့ ရှိပါတယ်…”
“အင်း… ကောင်းပြီ…” ရန်ကိုင်က ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်ပြီးသည့်နောက် အေးစက်စက်လေသံဖြင့် ကောက်မေးလိုက်လေ၏။ “နေမင်းပြာစံအိမ်ကိုပိတ်ထားဖို့ ဘယ်သူက အမိန့်ပေးလိုက်တာလဲ…”
ကျန်းစီက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြန်ပြောလိုက်လေသည်။ “မြို့… မြို့သခင်ပါ…”
“ကျုဟုန် ဘာလို့ အခုလိုလုပ်ခိုင်းတာလဲ…”
ကျန်းစီက ပြန်ပြောလိုက်လေ၏။ “မြို့သခင်က နေမင်းပြာစံအိမ်ထဲကို ဝင်ဖို့ကြိုးစားတဲ့ သံသယရှိတဲ့ ဘယ်သူ့ကိုမဆို ဖမ်းခိုင်းထားတာပါ…. အဲ့ဖမ်းခိုင်းတဲ့လူတွေကိုလည်း မြေမြို့တော်ကနေ ထွက်သွားခွင့် ပေးမထားပါဘူး…”
ရန်ကိုင်က မျက်ခုံးပင့်လျက် ပြန်ပြောလိုက်လေ၏။ “မြို့သခင်က တကယ်ကို နိုင့်ထက်စီးနင်း လုပ်တာပဲ…”
ကျန်းစီမှာ ကြောက်လန့်သွားခဲ့ပြီး အလျင်စလို ရှင်းပြလိုက်လေ၏။ “ဒီကျန်းက မြို့သခင်ပေးတဲ့အမိန့်အတိုင်းပဲ လုပ်နေတာပါ…. ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ သခင်လေး…”
ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ဒါဆိုရင် နေမင်းပြာစံအိမ်က ဘယ်အင်အားစုနဲ့ ပတ်သက်နေလဲဆိုတာကို မင်းသိလား…”
“မသိပါဘူး… အရင်တုန်းကတော့ မသိခဲ့ပါဘူး… ဒါပေမဲ့ လတ်တလောတုန်းက နေမင်းပြာစံအိမ်ကို တောင်ဘက်နယ်မြေမှာရှိတဲ့ နေမင်းပြာကျောင်းတော်က တပည့်တစ်ယောက်က လာဖွင့်ထားတာဆိုတာကိုတော့ သိခဲ့ရပါတယ်… အဲ့လိုသိခဲ့ရတယ်ဆိုတာလည်း မြို့သခင်က နေမင်းပြာစံအိမ်ရဲ့နောက်ကြောင်းကို လိုက်ပြီး စစ်ဆေးခိုင်းလိုက်လို့ပါ…”
“အင်း…. ကျုပ်သိချင်တာတွေနဲ့ တော်တော်လေးကွက်တိပဲ…” ရန်ကိုင်က ပြောလိုက်လေသည်။
ကျန်းစီတုန်ရီသွားခဲ့ပြီး ချက်ချင်းပဲ ပြန်ပြောလိုက်လေသည်။ “ကျုပ်က အမိန့်အတိုင်းပဲ လုပ်နေရတာပါ…”
ရန်ကိုင်က ဆက်မေးလိုက်လေသည်။ “မြို့သခင်စံအိမ်မှာ ခင်ဗျား ဒီအမျိုးသမီးကို မြင်ဖူးလား…” ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ၏ ဧကရာဇ်ချီကိုသုံးလျက် ကောင်းရွှယ်ထင်းပုံစံကို ဖန်တီးပြလိုက်လေသည်။
ကျန်းစီက ထိုပုံကိုကြည့်ပြီးသည့်နောက် ခေါင်းခါလျက် ပြန်ပြောလိုက်လေသည။ “တစ်ခါမှတော့မမြင်ဖူးဘူး… ဒါပေမဲ့ နေမင်းပြာစံအိမ်ထဲကို အဲ့ပုံနဲ့ဆင်တူ အမျိုးသမီးတစ်ဦး ဝင်ထွက်သွားလာနေတယ်လို့ ကျုပ်လက်အောက်ငယ်သားတွေ ပြောတာတော့ ကြားဖူးပါတယ်… ကျုပ်လည်း အဲ့အမျိုးသမီးအကြောင်းကို လိုက်စုံစမ်းရင်းနဲ့မှ နေင်းပြောစံအိမ်အကြောင်း သိခဲ့ရတာပါ…”
ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ “မင်း သူ့ကို တစ်ခါမှမမြင်ဖူးဘူးလား…”
လုဝမ်နှင့်သူ၏ သုံးသပ်ချက်အရ ကောင်းရွယ်ထင်းသည် တိရစ္ဆာန်အရေပြား၏ လျှို့ဝှက်ချက်ကို ရှာဖွေရန်အတွက် ကျုဟုန်နှင့် အတူတူ အလုပ်တွဲလုပ်လောက်ပေသည်။ ထိုသို့သာ ဖြစ်မည်ဆိုပါက ကောင်းရွှယ်ထင်းအနေဖြင့် မြို့သခင်စံအိမ်သို့ တစ်ချိန်မက သွားခဲ့ဖူးရပေလိမ့်မည်။ ထိုသို့ဖြစ်လေရာ ကျန်းစီမှာ ကောင်းရွှယ်ထင်းအား ဘာကြောင့် တစ်ခါမှပင် မမြင်ဖူးရလေသနည်း။ ထို့အပြင် ကျန်းစီပုံစံကိုကြည့်ရသလောက် လိမ်နေသည့်ပုံမပေါက်ချေ။
(ကောင်းရွှယ်ထင်း ကျုဟုန်နဲ့ သွားမတွေ့ဖူးတာများ ဖြစ်နေမလား… ဒါဆိုရင် သူဘယ်သူနဲ့ အတူတူ အလုပ်တွဲလုပ်နေတာလဲ…)
(ဒါပေမဲ့ မြို့သခင်စံအိမ်က ဒီကိစ္စနဲ့ ပတ်သက်သက် မပတ်သက်သက် ကောင်းရွှယ်ထင်းကြောင့် မဟုတ်ဘူးဆိုလို့ရှိရင် သူတို့အနေနဲ့ နေမင်းပြာစံအိမ်ကို ဝိုင်းထားစရာ အကြောင်းမရှိဘူး…)
ရန်ကိုင် လုံးဝကို ခေါင်းရှုပ်သွားတော့လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၅၂၀)
ကျန်းစီသည် ရန်ကိုင့်၏အမူအယာကို သေသေချာချာ စောင့်ကြည့်နေပေသည်။ ထို့နောက် တစ်ခုခုအား တွေးမိသွားသည့်အလား တံတွေးတစ်လုပ်မျိုချလျက် ပြောလိုက်လေ၏။ “သခင်လေး… ဒီကျန်း သိထားတာတာ တစ်ခုတော့ရှိတယ်… ပြောကြည့်ရမလား…”
“အပိုတွေဆိုရင် ငါ့အချိန်ကို လာဖြုန်းမနေတော့နဲ့…” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်ကာ ပြန်ပြောလိုက်လေသည်။
ကျန်းစီက ခေါင်းညိတ်၍ ဆက်ပြောလိုက်လေ၏။ “လွန်ခဲ့တဲ့တစ်လခွဲလောက်တုန်းက အကြီးအကဲကျုထျန်းချင် မြို့သခင်စံအိမ်ဆီ ရောက်လာခဲ့ပါတယ်… သူရောက်ပြီး နောက်တစ်နေ့လည်းကျရော မြို့သခင် မြေမြို့တော်ထဲကနေ ထွက်သွားပါတယ်”
“ကျုထျန်းချင်…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။ “သူက ဘယ်သူလဲ…”
ကျန်းစီက ပြန်ပြောလိုက်လေသည်။ “သူက ဗြဟ္မာကုန်းမြေမှာရှိတဲ့ ဧကရာဇ်အဆင့် အကြီးအကဲတွေထဲက တစ်ယောက်ပါ… မြို့သခင်နဲ့ ရင်းနှီးတဲ့လူတစ်ယောက်လို့လည်း ပြောလို့ရပါတယ်…”
“ဗြဟ္မာကုန်းမြေ…” ရန်ကိုင် အံ့အားသင့်သွားလေသည်။
ဗြဟ္မာ ကုန်းမြေအကြောင်းကို ရန်ကိုင်သိပေသည်။ ဗြဟ္မာကုန်းမြေသည် အရှေ့ဘက်နယ်မြေရှိ ထိပ်တန်းအင်အားစုများအနက်မှ တစ်ခုဖြစ်ကာ နေမင်းပြာကျောင်းတော်နှင့် အဆင့်တူတွင် ရှိနေသော အင်အားစုတစ်ခုဖြစ်ပေသည်။
ဗြဟ္မာကုန်းမြေ၏ တော်ဝင်သားတော်နှစ်ပါးဖြစ်သော ကျန်းရှန်နှင့် ကျန်းဟောင်တို့ကိုပင်လျှင် ကြယ်ပျက်ပင်လယ်ထဲ၌ ရန်ကိုင်တွေ့ခဲ့ရပေသေးသည်။
“ကျုထျန်းချင်ရဲ့ ကျင့်ကြံခြင်းအသေးစိတ်ကိုပြော… သူ ဧကရာဇ် ဘယ်အဆင့်မှာ ရှိနေတာလဲ…” ရန်ကိုင်က ထပ်မေးလိုက်လေသည်။
“ဧကရာဇ်ပထမအဆင့်မှာပါ…” တစ်တက်စားလည်း ကြက်သွန် နှစ်တက်စားလည်း ကြက်သွန် ဖြစ်နေပြီ ဖြစ်သည့်အတွက် ကျန်းစီလည်း ဘာကိုမှ ဖုံးကွယ်မနေတော့ဘဲ သိထားသမျှ အကြောင်းအရာများကို ရှင်းပြလိုက်လေသည်။ သူ့အနေဖြင့် ဤနေရာမှ မြန်မြန်သာ ထွက်သွားချင်နေမိတော့သည်။ ရန်ကိုင်မှ တာအိုသခင်အဆင့်မြင့် အကာအကွယ်မှော်ရတနာတစ်ခုအား လက်ဗလာသက်သက်ဖြင့် ဖျက်ဆီးပစ်ခဲ့သည်ကို ကြည့်လျှင် ရန်ကိုင်သာ သတ်ချင်ပါက သူ့အနေဖြင့် မည်သည့်နည်းနှင့်မှ အသက်ရှင်နိုင်လိမ့်မည် မဟုတ်မှန်း ကျန်းစီ သိနေခဲ့သည်။
ရန်ကိုင် ခေါင်းညိတ်လျက် လက်တစ်ချောင်းထောင်ကာ ပြောလိုက်လေသည်။ “နောက်ဆုံးမေးခွန်းတစ်ခု… ကျုထျန်းချင်၊ ကျုဟုန်တို့ ဘယ်ထွက်သွားလဲ မင်းသိလား…”
ကျန်းစီသည် နဖူးထက်ဝေ့သီလာသော ချွေးများကိုသုတ်လျက် ရင်တထိတ်ထတ်နှင့် ပြန်ပြောလိုက်လေသည်။ “အဲ့ဒါတော့ ကျုပ်မသိပါဘူး”
ရန်ကိုင့်၏ အကြည့်မှာ ရုတ်ချည်းဆိုသလို ပို၍ စူးရှလာ၏။
ကျန်းစီ၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး ကြောက်လန့်တကြားဖြင့် ပြန်ပြောလေ၏။ “မြို့သခင် ဘယ်ဘက်ကို ထွက်သွားလဲ ကျုပ် တကယ်ကို မသိတာပါ… မြို့သခင်က သူမထွက်သွားခင်တုန်းက ကျုပ်တို့ကို ဘာမှ ပြောမသွားခဲ့ပါဘူး…” တစ်ချက်ရပ်ပြီးသည့်နောက် ဆက်၍ ပြောလိုက်လေ၏။ “သခင်လေး သိချင်ရင်တော့ ကျုပ် သခင်လေးကို ကူပြီးရှာပေးလို့ရပါတယ်”
“ရှာပေးဖို့…” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ “မင်း ငါ့အတွက် ဘယ်လိုရှာပေးမှာလဲ… ကျုဟုန် ထွက်မသွားခင် မင်းတို့ကို ဘာမှ ပြောပြမသွားခဲ့ဘူးလို့ အခုလေးတင် မင်းပြောလိုက်တာမဟုတ်ဘူးလား…”
“ကျုပ်တို့ကို မြို့သခင် ဘာမှ ပြောမသွားပေမဲ့ မြို့သခင်ရဲ့ သား မဟုတ်ရင် မြို့သခင်မိန်းမကို သွားမေးမြန်းကြည့်လို့တော့ ရပါတယ်… သူတို့ဆိုရင်တော့ တစ်ခုခု သိကောင်းသိထားမှာပါ… အဲ့လိုမှမဟုတ်ရင်တော့ အကြီးအကဲကျုရဲ့ တပည့်တွေဆီ တစ်ယောက်ယောက်ကို စေလွှတ်ပြီး မေးမြန်းကြည့်လို့လည်း ရပါသေးတယ်… တကယ်တမ်းပြောရလို့ရှိရင် အကြီးအကဲကျုရဲ့တပည့်တွေနဲ့ ကျုပ် နည်းနည်းပါးပါးတော့ ရင်းနှီးပါတယ်… သူတို့သာဆိုရင် အကြီးအကဲကျု ဘယ်မှာရှိနေလဲဆိုတာကို သိလောက်ပါတယ်…”
“ဘယ်လောက်ကြာမှာလဲ….” ရန်ကိုင်က ထပ်မေးလိုက်လေသည်။
“လေးနာရီလောက်ပါပဲ… မဟုတ်ပါဘူး မဟုတ်ပါဘူး… နှစ်နာရီလောက်ဆို လောက်ပါပြီ…”
ရန်ကိုင်က ချက်ချင်း ပြန်ပြောလိုက်လေသည်။ “အဲ့ဒါဆိုရင်တော့ ခင်ဗျားကိုပဲ အကူအညီတောင်းရမှာပေါ့ ဆရာကျန်းရယ်… မြန်မြန်သွားပြီး မြန်မြန်ပြန်လာနော်… ကျုပ် ခင်ဗျားကို ဒီကနေ ထိုင်စောင့်နေမယ်…”
ရန်ကိုင့်ဆီမှ ခွင့်ပြုချက်ရလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းစီသည် နောက်သို့ပင် လှည့်မကြည့်တော့ဘဲ ချက်ချင်း ပြေးထွက်သွားလေ၏။
သို့သော်ငြား ကျန်းစီမှ ခြေတစ်လှမ်းလှမ်းပြီးသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်မှ သူ့ပုခုံးကို ပုတ်လိုက်လေသည်။
ကျန်းစီ၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့လေသည်။ ထို့နောက် ရန်ကိုင့်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။ ရန်ကိုင်မှ သူ့ပုခုံးကို ပုတ်လိုက်ချိန် သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခု အလွန်တရာကိုမှ ပူလောင်လာကြောင်း တွေ့ရှိလိုက်ရသည်။
“စိတ်ပူမနေနဲ့… ဒီသခင်လေးရဲ့ ပညာရပ်လေးတစ်ခုပဲ… ရေတိုအတွင်းတော့ မင်းကို ဘာဒုက္ခမှ ဖြစ်စေမှာမဟုတ်ဘူး…” ရန်ကိုင် ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်လေသည်။
“ရေရှည်ဆိုရင်ရော…” ကျန်းစီ အသံတုန်ရီလာခဲ့လေသည်။
“ဒီတိုင်းလေးပဲ ဆက်နေသွားလို့ နှစ်ဆယ့်လေးရီကျော်သွားမယ်ဆိုရင်တော့ မင်းရဲ့အရိုးတွေ တစ်ချောင်းချင်းစီ ပြုတ်ထွက်ပြီး သွေးကြောတွေလည်း ပျက်စီးသွားလိမ့်မယ်”
ရန်ကိုင့်၏စကားလုံးများသည် ကျန်းစီအား ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေခဲ့လေသည်။
ရန်ကိုင်ပြောသည့်စကားကို ကြားပြီးသည့်နောက် ကျန်းစီမျက်နှာ တစ္ဆေတစ်ကောင်နှယ် ဖြူလျော်သွားခဲ့လေသည်။ သို့ရာတွင် ရန်ကိုင် မည်မျှအားကောင်းမှန်း သိထားသည့်အတွက်ကြောင့် တစ်ချက်ကလေးမှပင် မခုခံရဲပေ။ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် ချက်ချင်း လေအလျင်အလား အပြင်ဘက်သို့ ပြေးထွက်သွားလေသည်။
ရန်ကိုင်သည် ရေနွေးကြမ်းဆိုင်ဝန်ထမ်းလေးအား ရေနွေးကြမ်းတစ်အိုး ယူလာရန် ပြောပြီးသည့်နောက် ရေနွေးသောက်ကြမ်းသောက်ရင်း ဇိမ်ပြေနပြေဖြင့် ထိုင်စောင့်နေလေသည်။
အမွှေးတိုင်တစ်ချောင်းစာခန့် ကြာပြီးသည့်နောက် ကျန်းစီ ပြန်ရောက်လာလေ၏။
“မြန်လှချည်လား…” ရန်ကိုင်သည် ကျန်းစီကိုကြည့်လျက် အံ့ဩတကြီးဖြင့် ချီးကျူးလိုက်လေသည်။ “ဆရာကျန်းက တကယ်ကိုတော်တာပဲ… ဆရာကျန်းပုံစံကို ကြည့်ရသလောက်ဆိုရင်တော့ ဆရာကျန်းက မြို့သခင်ရဲ့ ညာလက်ရုံးမလား”
ကျန်းစီက ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “တိုက်ဆိုင်သွားရုံသက်သက်ပါပဲ… မြို့သခင်က သူထွက်မသွားခင် သခင်မကို တစ်ခုခုပြောသွားခဲ့လို့ အခုလို အလွယ်တကူ သိလာရတာပါ …”
“မြို့သခင်မဆီကတောင် ကိုယ်တိုင်သွားမေးလို့ရမယ်လို့ ကျုပ်မထင်ထားဘူး… ကျွတ် ကျွတ် ကျွတ်… မြို့သခင်ကတော့ ဦးထုပ်စိမ်း ဆောင်းနေရတာများလား မသိပါဘူး..” ရန်ကိုင်သည် ကျန်းစီကိုကြည့်ရင်း ညစ်ကျယ်ကျယ် ပြုံးပြလိုက်လေသည်။
ကျန်းစီက ကြောက်လန့်တကြားဖြင့် အလျင်စလို ပြန်ရှင်းလာလေ၏။ “သခင်လေး ကျေးဇူးပြုပြီး အခုလိုမျိုး မနောက်ပါနဲ့… သခင်လေးထင်သလို မဟုတ်ပါဘူး…. ဒီကျန်းက မြို့သခင်မရဲ့ အစေခံမလေးတစ်ဦးကနေတစ်ဆင့် စုံစမ်းခဲ့တာပါ…”
“ကောင်းပြီလေ…” ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြန်မေးလိုက်လေသည်။ “ကဲ… မင်း ဘာသိလာလဲ ငါ့ကို ပြောပြပါဦး…”
ကျန်းစီက ပြန်ပြောလိုက်လေ၏။ “မြို့သခင်က နဂါးအရိုးလွင်ပြင်ဆီ သွားမယ်လို့ ပြောသွားခဲ့ပါတယ်… ဒါပေမဲ့ သွားမဲ့နေရာ အတိအကျကိုတော့ မပြောပြခဲ့ပါဘူး…”
“နဂါးအရိုးလွင်ပြင်….” ရန်ကိုင့်၏မျက်လုံးများထဲ အေးစက်စက်အလင်းရောင်တစ်ခု ဖြတ်ပြေးသွားခဲ့လေသည်။
ကျန်းစီက ဆက်ပြောလိုက်လေ၏။ “ဒီကျန်းအဲ့လောက်ပဲ သိခဲ့ရပါတယ်… အဲ့ထက်တော့ ပိုမသိခဲ့ရပါဘူး… သခင်လေး ခင်ဗျား…”
ရန်ကိုင်ခေါင်းညိတ်လိုက်ပြီး မတ်တပ်ရပ်လိုက်လေ၏။ ထို့နောက် ကျန်းစီပုခုံးကို ပုတ်လျက် ပြောလိုက်လေသည်။ “နားလည်ပြီ… နှုတ်ဆက်ပါတယ်…”
ထိုစကားဆုံးသွားသည်နှင့် ရန်ကိုင့်ပုံရိပ် ကျန်းစီရှေ့မှ ဝေဝါးပျောက်ကွယ်သွားခဲ့လေသည်။
ကျန်းစီ၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး အလျင်စလို ပြန်မေးလိုက်လေ၏။ “အမှတ်အသားကရော…”
သို့သော်ငြား ရန်ကိုင့်အရိပ်အယောင်ကို မတွေ့ရတော့ချေ။ ကျန်းစီမှာ မီးခဲပေါ်နင်းထားရသည့် ကြောင်တစ်ကောင်နှယ် ဒေါသတကြီးဖြင့် ခုန်ဆွခုန်ဆွလုပ်ရင်း ရန်ကိုင့်အား စိတ်ထဲမှနေ၍ အော်ဟစ်ကျိန်ဆဲတော့လေ၏။
သို့သော်ငြား မကြာမီ တစ်ခုခုထူးခြားနေမှန်း သဘောပေါက်သွားခဲ့လေသည်။ အစောပိုင်းက ခံစားနေခဲ့ရသည့် မီးလောင်နေသော ခံစားချက်မှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့သည်။ သူ့ကိုယ်သူ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါတွင်လည်း သူ့ခန္ဓာကိုယ်နှင့် ပတ်သက်၍ မည်သည့်ထူးခြားမှုမှ ရှိမနေကြောင်း တွေ့ရှိလိုက်ရလေသည်။ ထိုအခါမှသာ ရန်ကိုင်မှ သူ့ပုခုံးကို ပုတ်သွားစဉ်က အမှတ်အသားကို ဖယ်ပေးခဲ့ကြောင်း ကျန်းစီနားလည်သွားတော့သည်။
ထိုအချက်ကိုနားလည်လိုက်သော် ကျန်းစီမှာ အလွန်ကိုမှ ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး မြေမြို့တော်မှ ထွက်သွားရန် ပြင်နေသည့်အလား မြို့ဂိတ်ပေါက်ဆီသို့ မသိမသာလေး ထွက်သွားလေသည်။
သူ့အနေဖြင့် လျှို့ဝှက်ချက်များစွာကို ရန်ကိုင့်အား ထုတ်ပြောလိုက်သည့်အတွက်ကြောင့် ယနေ့ ရလဒ် မည်သို့ပင်ဖြစ်လာစေကာမူ ဤမြို့ထဲတွင် ဆက်နေ၍ မဖြစ်တော့ချေ။ မြို့သခင်သာ လုံလုံခြုံခြုံနှင့် ပြန်ရောက်လာပါက သူမှ ဤလျှို့ဝှက်ချက်များကို ထုတ်ပြောခဲ့ကြောင်း သိလိုက်ရချိန် သူ့အား ကျိန်းသေ ဆိုးဆိုးရွားရွား အပြစ်ပေးပေလိမ့်မည်။
မြို့သခင်ပြန်မလာခဲ့လျှင်လည်း ရန်ကိုင် သူ့အား ပြန်လာရှာမည်ကို ကြောက်နေပေသေးသည်။ လုံခြုံရေးအတွက် ဤမြို့ထဲမှ ထွက်သွားသည်သာ အကောင်းဆုံးဖြစ်လေသည်။ အရှေ့ဘက်နယ်မြေမှ ထွက်သွားနိုင်လျှင်တော့ ပို၍ပင် ကောင်းပေသေးသည်။
မကြာမီတွင် ရန်ကိုင်သည် ကျန်းရို့ရှီနှင့် လုဝမ်တို့အား မြို့ပြင်၌ ရှာတွေ့သွားခဲ့လေသည်။ လှေပေါ်သို့ တက်ပြီးသည့်နောက် ရန်ကိုင်က လုဝမ်အား မေးလိုက်လေသည်။ “နဂါးအရိုးလွင်ပြင်က ဘယ်မှာလဲ…”
လုဝမ်က တစ်ခုသောဘက်သို့ ညွှန်ပြလျက် ပြောလိုက်လေ၏။ “အဲ့ဘက်မှာပါ… ဒီကနေသွားရင်တော့ နှစ်ရက်လောက်ဆို ရောက်ပါပြီ…” တစ်ချက်မျှရပ်ပြီးသည့်နောက် အံ့အားသင့်တကြီးဖြင့် မေးလိုက်လေသည်။ “အကြီးအကဲကောင်းက နဂါးအရိုးလွင်ပြင်ဆီ သွားတာလား…”
“ဖြစ်နိုင်လောက်တယ်…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ဒါပေမဲ့ နေရာအတိအကျကိုတော့မသိဘူး… နဂါးအရိုးလွင်ပြင်က ကျယ်လား…”
“ကျယ်တယ်… အရမ်းကိုကျယ်တာ…” လုဝမ်က ခေါင်းညိတ်လိုက်လေ၏။ “အဲ့နေရာက ရှေးဟောင်းတိုက်ပွဲကွင်းပြင်တစ်ခု ဖြစ်ခဲ့တယ်လို့တောင် ပြောကြတယ်… လူတွေ တော်တော်များများ သေသွားလို့ အဲ့နေရာတစ်ခုလုံးက ယင်ချီနဲ့ ပြည့်နေတာတဲ့… အဲ့နေရာကို သွားစူးစမ်းကြတဲ့လူတွေကတော့ ကံကေင်းတယ်ဆိုလို့ရှိရင် ရှေးခေတ်ကနေ ကျကျန်ခဲ့တဲ့ ရတနာတွေကိုတွေ့ရတယ်… ဒါပေမဲ့ အဲ့လိုတွေ့ရတဲ့ နေရာအများစုက အဲ့နဂါးအရိုးလွင်ပြင်ရဲ့ အတွင်းပိုင်းအကျဆုံး နေရာတွေမှာပဲ… ဒါပေမဲ့ နဂါးအရိုးလွင်ပြင်တစ်ခုလုံးက ယင်ချီတွေနဲ့ ပြည့်နေတာဆိုတော့ သာမန်ဧကရာဇ်အဆင့် ပညာရှင်တွေတောင် အဲ့နေရာဆီ အလွယ်တကူ မသွားရဲကြဘူး… ကောလဟာလတွေ ပြောကြတာတော့ နဂါးအရိုးလွင်ပြင်ရဲ့ အလယ်ဗဟိုမှာ သေနေတဲ့ အစစ်အမှန်နဂါးတစ်ကောင်ရဲ့ အလောင်း ရှိနေတယ်တဲ့… အဲ့ဒါကြောင့်ပဲ အဲ့လွင်ပြင်ကို နဂါးအရိုးလွင်ပြင်လို့ ခေါ်ကြတာတဲ့…”
“အို…” ရန်ကိုင်က မျက်ခုံးပင့်သွားခဲ့လေသည်။ “ဒါဆိုရင် အဲ့နေရာ အလယ်ဗဟိုဆီ သွားပြီးတော့ တစ်ချက်ကြည့်ကြည့်တာပေါ့…”
နေ့ဝက်ခန့်ကြာပြီးသည့်နောက်တွင် နဂါးအရိုးလွင်ပြင်ဆီသို့ ရန်ကိုင် ရောက်လာခဲ့လေသည်။ အောက်ဘက်တွင် လွင်ထီးခေါင်ပြင်ဖြစ်နေသည့် ကုန်းမြေကြီးတစ်ခု ရှိနေခဲ့လေသည်။ ယင်ချီများမှာ ဝဲကတော့များအသွင် လည်ပတ်ရင်း ဟိုမှ သည့်သို့ ကူးကလန်ခတ်နေလေ၏။
ဤသည်မှာ နဂါးအရိုးလွင်ပြင်၏ အပြင်းပိုင်းလောက်သာ ရှိပေသေးသည်။ ထို့အတွက်ကြောင့် ယင်ချီမှာ အတော်လေး အားနည်းနေသေးသည်ဟု ပြောရပေမည်။
ရန်ကိုင်သည် ယင်ချီများကို လျစ်လျူရှုလျက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ရင်း အတွင်းပိုင်းထဲသို့ ဆက်လက်ဦးတည်သွားလေသည်။
ကောင်းရွှယ်ထင်း ဤနဂါးအရိုးလွင်ပြင်ထဲတွင် ရှိနေမလား ဆိုသည်ကို မသိရပါသော်ငြား သဲလွန်စ ဆက်မရှိတော့သည့်အတွက်ကြောင့် ကံစမ်းကြည့်ရုံသာ တတ်နိုင်ပေသည်။
နေ့ဝက်ခန့်ကြာပြီးသည့်နောက် နဂါးအရိုးလွင်ပြင်၏ အလယ်ဗဟိုဆီသို့ ရန်ကိုင် ရောက်လာခဲ့လေသည်။
နဂါးအရိုးလွင်ပြင်၏ အလယ်ဗဟိုအထိသို့ ရောက်အောင် ပျံသန်းလာပြီးသည့်နောက်တွင် ဤနေရာသည် ကျင့်ကြံသူများအတွက် လေ့ကျင့်ရန် နေရာကောင်းတစ်ခု ဖြစ်ကြောင်း ရန်ကိုင် တွေ့ရှိသွားခဲ့ရသည်။ ရန်ကိုင်သာ တာအိုသခင်အဆင့်တွင် ရှိနေသေးမည်ဆိုလျှင်တော့ ဤနေရာသည် သူ့အတွက် ကျင့်ကြံရန် နေရာကောင်းတစ်ခု ဖြစ်လိမ့်မည် ဖြစ်သော်ငြား လက်ရှိ ရန်ကိုင့်၏ကျင့်ကြံခြင်းမှာ ဧကရာဇ်အဆင့်သို့ ရောက်နေပြီ ဖြစ်သည့်အတွက်ကြောင့် ဤနေရာတွင် ကျင့်ကြံနေ၍လည်း အသုံးမဝင်တော့ချေ။
ရုတ်တရက်ဆိုသလို ရန်ကိုင်သည် တစ်ခုခုအား ရှာတွေ့သွားသည့်အလား တစ်ခုသောဘက်ဆီသို့ လှမ်းကြည့်လိုက်လေ၏။
ထိုနေရာတွင် အားကောင်းသော ကျင့်ကြံသူပေါင်းများစွာသည် နေရာတစ်ခုအား ကာကွယ်ထားကြလေသည်။ အခြားသောကျင့်ကြံသူများကို ထိုနေရာသို့ မလာရန် သတိပးနေသည့်ပုံပင်။ ထို့အပြင် တစ်နေရာဆီမှ ထူးဆန်းသော စွမ်းအင်လှိုင်းတစ်ချို့ ဖြာထွက်လာနေသည်ကိုလည်း ရန်ကိုင် သတိပြုမိပေသည်။
ထို့အတွက်ကြောင့် ရန်ကိုင့်စိတ်ထဲ မယုံသင်္ကာဖြစ်သွားပြီး ထိုအရပ်ဆီသို့ ပျံသန်းသွားလေ၏။
“ဘယ်သူလဲ…” ရန်ကိုင်ချည်းကပ်လာသည်ကို သတိထားမိလိုက်သော် တစ်ယောက်ယောက်က ထအော်လေသည်။
“ရပ်လိုက်ပေတော့ ရှေ့ဆက်ပြီး တိုးမလာတော့နဲ့ မဟုတ်ရင် ငါတို့ကို မယဉ်ကျေးလို့ဆိုပြီး အပြစ်မတင်နဲ့နော်…” အခြားတစ်ယောက်ကလည်း ခြိမ်းခြောက်လိုက်လေသည်။ ရန်ကိုင်ကမူ ထိုလူများ၏ အော်ဟစ်ခြိမ်းခြောက်စကားကို မကြားချင်ယောင်ဆောင်နေကာ ရှေ့ဆက်သွားနေလေသည်။
“ဒီကောင် သေချင်နေတာပဲ…” ထိုကဲ့သို့ အော်ဟစ် ပြောဆိုလိုက်ပြီးသည့်နောက်တွင် လျို့ဝှက်ပညာရပ်၊ တတ်ကျွမ်းထားသည့် သိုင်းပညာရပ်များကို ထုတ်သုံး၍ လှေငယ်လေးအား တိုက်ခိုက်လိုက်လေသည်။
ထိုအချင်းအရာကိုမြင်သော် လုဝမ်၏မျက်နှာ ကြောက်ရွံ့မှုကြောင့် ဖြူလျော်သွားခဲ့ပြီး ဟန်ချက်ပျက်ခါနီး ဖြစ်သွားခဲ့သည်။ ကျန်းရို့ရှီမှာတော့ ထိုအရာများကို မမြင်သည့်အလား မသိချင်ယောင်သာဆောင်၍ ရန်ကိုင့်နောက်တွင်သာ ငြိမ်ငြိမ်လေး ရပ်နေခဲ့လေသည်။
“ဘုန်း ဘုန်း ဘုန်း…”
ပေါက်ကွဲသံပေါင်းများစွာ ထွက်ပေါ်လာခဲ့လေသည်။ တိုက်ခိုက်ခံရသည့်လူမှာ ရန်ကိုင်တို့ ဖြစ်ပါသော်ငြား ရန်ကိုင်တို့မှာမူ ဒဏ်ရာရမသွားခဲ့ဘဲ ဆန့်ကျင်ဘက်အရပ်တွင်ရှိနေသော ကျင့်ကြံသူများမှာတော့ တိုက်ခိုက်ခံလိုက်ရသည့်အလား စူးစူးဝါးဝါး ထအော်ကြလေသည်။ အတော်များများမှာ နာကျင်စွာ အော်ဟစ်ငြီးတွားနေကြပြီး အချို့ဆိုလျှင် မြေပေါ်သို့ လဲကျလာကာ လူးလှိမ့်ကြည့်နေကြလေ၏။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် ဘာလုပ်လို့လုပ်လိုက်မှန်း မသိသည့်အတွက်ကြောင့် လုဝမ်မှာ မျက်လုံးပြူးသွားခဲ့လေသည်။