← Chapters

Chapter 102

Vol. 11 Ch. 102

Chapter 102

Vol. 11 Ch. 102

လက်ဆောင်ပေးပြီးနောက် ကပွဲ စတင်ခဲ့သည်။

ကျုံချင်းယွီ နှင့် ပေဟန်လီတို့သည် အလယ်ဗဟိုတွင် အတူတွဲကနေပြီး သူတို့အပေါ်တွင် မီးမောင်းထိုးနေပြခဲ့သည်။ မိန်းမပျိုလေးသည် ယဉ်ကျေးသိမ်မွေ့ပြီး ကျက်သရေရှိစွာ ဝတ်ဆင်ထားပြီး အမျိုးသားသည် သန့်ရှင်းသပ်ရပ်၍ လူကြီးလူကောင်းဆန်စွာ ဝတ်ဆင်ထားသည်။သေချာသည်မှာ သူတို့သည် အကကြမ်းပြင်ပေါ်တွင် အပြောင်မြောက်ဆုံး စုံတွဲဖြစ်သည်မှာ သေချာလေသည်။

အနီးနားရှိ ဧည့်သည်များသည် မနေနိုင်ကြပဲနှင့် အချင်းချင်း ခပ်တိုးတိုးပြောနေကြသည်။

"ကျုံမိသားစုရဲ့ အငယ်ဆုံးသမီးက ပေမိသားစုရဲ့ အကြီးဆုံးသားနဲ့ အရမ်းလိုက်ဖက်တာပဲ”

“ကမ္ဘာပေါ်မှာ ယောက်ျားကောင်းတွေ အများကြီးရှိပေမယ့် ဒီကောင်မလေးက ဘာလို့ ပေမိသားစုရဲ့ ယောက်ျားတွေကို ဒီလောက်ထိ တွယ်တာနေရတာလဲ"

"ပေဟန်လီရဲ့ ထူးခြားချက်က ဘာလဲဆိုတာ ဘယ်သူသိမှာလဲ၊ ဒီကောင်မလေး ဘာလို့ ငါ့ကို မကြည့်ရတာလဲ "

ယန်ရှီအပေါ် သူတို့၏ လျစ်လျူရှုမှုနှင့် နှိုင်းယှဉ်ပါက ဧည့်သည်များသည် ပေဟန်လီကို ပို၍သတိထားမိကြသည်။ ထို့ကြောင့် သူတို့သည် ညဉ်းတွားရုံသာတက်နိုင်ကြပြီး လူအနည်းငယ်သာ ကျုံချင်းယွီနှင့်အတူ ကခုန်ရန် တောင်းဆိုရဲကြသည်။

ယန်ရှီသည် အကကြမ်းပြင်တွင် မပါဝင်သည့်အပြင် ကျုံယန်စီသည်လည်း မပါဝင်ခဲ့ပေ။ရိုးရှင်းစွာပြောရလျှင် မည်သို့ကရမည်ကို ယန်ရှီမသိချေ။ မဒမ်လင်းသည် လင်းမိသားစုနှင့် အတူရှိချိန်အတွင်း သူမကို တစ်ခါမျှ မသင်ပေးဖူးချေ။

ယန်ရှီသည် ကခုန်မည့်အထဲတွင် မပါဝင်သည့်အတွက် ကျုံယန်စီသည်လည်း စိတ်ဝင်စားမှုမရှိချေ။

ချူးမိုသည်လည်း အကကြမ်းပြင်ပေါ်သို့ ရောက်လာသည်။

သူ၏အကြည့်များသည် ယန်ရှီအား တသွေမတိမ်း စိုက်ကြည့်နေသော်လည်း ကျုံယန်စီဘေးတွင် သူမ ရှိနေသောကြောင့် သူမထံ ချဉ်းကပ်ရန် အခွင့်အရေးမရှိတော့ချေ။

သူသည် ယန်ရှီအားတွေ့ရန် ပွဲသို့ လာခဲ့သော်လည်း အနားကပ်ရန် အကြောင်းပင် မရှိခဲ့ပေ။ ထို့ကြောင့်သူသည် ပွဲမှစောစောပြန်ရန် ဆုံးဖြတ်လိုက်သည်။

ချူမို ထွက်ခွာသွားပြီးနောက် မကြာမီတွင် ကပွဲသည် ပြီးဆုံးသွားခဲ့သည်။

မွေးနေ့ရှင်မိန်းကလေးအား စိတ်မဝင်စားတော့ပဲနှင့် ကျုံချင်းယွီသည် အိမ်ခြံမြေဗီလာ၏ ဒုတိယထပ်ရှိ ကွန်ဖရင့်ခန်းမထဲသို့ ပြန်လာခဲ့သည်။

ထိုနေရာတွင် ပါပါရာဇီတစ်ဒါဇင်သည် ဖောင်ဒေးရှင်းရှေ့တွင် ၀င်စောင့်နေသည်။

သူတို့သည် သတင်းကြားပြီး ကျုံချင်းယွီအားတွေ့ရန် စံအိမ်သို့ အပြေးလာခဲ့ကြသည်။

ကျုံချင်းယွီသည် တည့်တိုးပြောချလိုက်သည်။

"ချူးမိုကို မကောင်းသတင်းထွက်စေချင်တယ်"

ယန်ရှီသည် သူတို့ ဥပဒေကို ချိုးဖောက်လို့ မရဘူးဟု ပြောခဲ့သည် မဟုတ်လား။ ချူမိုသည် သူမ၏ကိုယ်ပိုင်ဗီရိုထဲတွင် အရိုးစုများရှိနေလျှင်တောင် ၎င်းသည် သူမ၏ အပြစ် မဟုတ်ဘူးမလား။

အထက်တန်းစား အသိုင်းအဝန်းတွင် ကြီးပြင်းခဲ့သည့်အတွက် ကျုံချင်းယွီသည် ချမ်းသာသော မိသားစုမှ သခင်လေးများစွာ၏ အရှုပ်တော်ပုံများကို မျှဝေခံစားတတ်ကြောင်း သိပြီးဖြစ်သည်။

ငွေသည် လူတို့ကို ဖောက်ပြန်ပျက်စီးစေသည်။ ထိုစကားသည် မှန်ကန်ပေသည်။

ထို့အပြင် ယန်ရှီကို ငြင်းဆိုပြီးဖြစ်သော်လည်း ချူမိုက သူမကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။သူသည် မည်မျှ သန့်ရှင်း(ဖုံးကွယ်)နိုင်မည်နည်း။

ပြီးတော့ ပါပါရာဇီတွေ။

အထက်တန်းအတင်းအဖျင်းများသာ ဖြစ်ပါက သူတို့သည် အကောင်းဆုံးသတင်းပေးနိုင်သည့် သူများဖြစ်သည်။

ငွေအလုံအလောက်ရှိလျှင် မည်သည့်လျှို့ဝှက်ချက်ကိုမဆို ၀ယ်ယူနိုင်သည်။

ကျုံချင်းယွီ၏ဘေးတွင်ရပ်နေသည့် ယန်ရှီသည် ထိုလှုပ်ရှားမှုကို မမျှော်လင့်ထားခဲ့‌ပေ။ သူမသည် ခပ်တိုးတိုးပြောလာသည်။

“ချူမှာ အရှုပ်အရှင်းတွေရှိရင်တောင် ချူမိသားစုက သူတို့ကို ဖုံးကွယ်ဖို့ ငွေပေးလိမ့်မယ်၊ သူတို့သခင်လေးရဲ့ နာမည်ဂုဏ်သတင်းကြောင့် သူတို့စတော့စျေးနှုန်းတွေကို ဘယ်တော့မှ ထိခိုက်စေမှာ မဟုတ်ဘူး”

ကျုံချင်းယွီသည် ပြုံးလိုက်သည်။

“ကျွန်မ သိပါတယ်၊ ဒါပေမယ့် ဒီပါပါရာဇီတွေက ကျွန်မကို ပြောပြလိမ့်မယ်လို့ ယုံကြည်တယ်”

ပါပါရာဇီများသည် စိတ်မသက်မသာစွာ အကြည့်ချင်းဖလှယ်လိုက်သည်။

အချို့သည် ချူမိုတွင် မကောင်းသတင်းများ ရှိနေသည်ကို ဝန်ခံခဲ့သည်။

သို့သော် မည်သို့ထုတ်ဖော်နိုင်မည်နည်း။ ဖုံးကွယ်ထားရန် မိသားစုမှ ငွေပေးထားသည်မဟုတ်ချေလော။

သတင်းထောက်တစ်ယောက်သည် ဖြောင့်မတ်စွာဖြင့် ဝင်ပြောလာသည်။

"မမလေး ငါတို့ကို ခက်ခဲအောင်မလုပ်ပါနဲ့၊ ငါတို့မှာ ကျင့်ဝတ်တွေ ရှိတယ်"

ကျုံချင်းယွီသည် အပြစ်ကင်းစွာ မျက်တောင်ခတ်လိုက်သည်။

"ငါကဘာလို့အခက်အခဲဖြစ်စေရမှာလဲ ငါမင်းကိုအတင်းအကြပ်မလုပ်ပါဘူး၊ ဒါကစီးပွားရေးသက်သက်ပဲ ငါစျေးတစ်ခုပေးတယ်၊ မင်းတရားမျှတတယ်ထင်ရင်ပြောပါ မဟုတ်ရင်ငါတို့ထွက်သွားမယ်၊ အဆင်ပြေတယ်မလား"

"ပြီးတော့ အမှန်တရားကို အစီရင်ခံတာဟာ သတင်းစာတိုက်ရဲ့ တကယ့်ကျင့်ဝတ်မဟုတ်ဘူးလား၊ သတင်းတွေကို နှိမ်နှင်းရေးဟာ ဘယ်တုန်းက ကုဒ်ရဲ့ အစိတ်အပိုင်းဖြစ်လာတာလဲ”

ပါပါရာဇီများသည် တုံ့ဆိုင်းသွားသော်လည်း ကျုံချင်းယွီသည် လေလံဆွဲခြင်းအား စတင်နေပြီဖြစ်သည်။

"တစ်မီလီယမ်နဲ့ ဝယ်လို့ရမလား"

တစ်ချို့သည် ဆွံ့အသွားသည်။

ကျုံကော်ပိုရေးရှင်း၏ အမွေဆက်ခံသူအတိုင်းပင်ဖြစ်သည်။ ချူမိုသည် ကျော်ကြားသူပင်မဟုတ်ပေ။ သူ၏ အရှုပ်တော်ပုံများသည် တစ်ထောင်မျှသာတန်သော်လည်း သူမသည် တစ်မီလီယမ်ဖြင့် ဈေးဖွင့်ခဲ့သည်။

သို့သော် ချုမိသားသည် ကိစ္စများကို ဖုံးကွယ်ထားရန်ငွေပေးထားလေသည်။ သတင်းထောက်များသည် နှုတ်ဆိတ်နေဆဲဖြစ်သည်။

ကျုံချင်းယွီသည် ဈေးကိုမြှင့်လိုက်သည်။

“နှစ်မီလီယမ်”

“သုံးမီလီယမ်”

“ငါးမီလီယမ်”

“တစ်ဆယ်မီလီယမ်”

သုံးမီလီယမ်တွင် တစ်ချို့သည်လက်ထောင်လာကြသည်။

ငါးမီလီယမ်တွင် လူတိုင်းသည် စိတ်ယိုင်လာကြသည်။

တစ်ဆယ်မီလီယမ်ရောက်သော် ပါပါရာဇီတိုင်းသည် သူတို့သိထားသမျှကို ပြောချင်လာကြသည်။

“မမလေး၊ ချူမိုသတင်း ငါ့မှာရှိတယ်”

“ငါ့မှာရောပဲ၊ ငါလည်း သူ့အကြောင်းတွေသိတယ်”

‘'ကျွန်မ ငါးမီလီယမ်ယူမယ်”

“ပြီးပြီလား၊ ငါ သုံးမီလီယမ်ယူမယ်”

ကျုံချင်းယွီသည် ယန်ရှီဘက်သို့ လှည့်လာပြီး အပြစ်ကင်းကြောင်း ဟန်ဆောင်၍ ပခုံးတွန့်ပြလိုက်သည်။

“တွေ့လား ငါသူတို့ကို အတင်းအကြပ်မလုပ်ဘူး၊ သူတို့က စေတနာနဲ့ လုပ်ပေးတာ"

ယန်ရှီ "..."

ကျုံချင်းယွီသည် ချူမို၏ အရှုပ်တော်ပုံများကို အောင်မြင်စွာ ရရှိခဲ့သည်။ အမှန်အတိုင်းပြောရလျှင် ၎င်းတို့သည် တုံ့လှုပ်စရာမရှိချေ။အမျိုးသမီး ပေါင်းစုံနှင့် အပျော်အပါးလိုက်နေသည့် ဓာတ်ပုံများသာဖြစ်သည်။ တစ်ချို့သည် လင်းရန်ရန်နှင့် တွဲနေစဉ်အခါက ပုံများဖြစ်ပြီး တစ်ချို့သည် စေ့စပ်မှုပြီးပြတ်ပြီးနောက် သူတို့၏ဓါတ်ပုံများဖြစ်သည်။

ချူမိုသည် လင်းရန်ရန်၏ ဆွဲဆောင်မှုကို မတွေ့ဖူးသောကြောင့် သူသည် ရံဖန်ရံခါ အပျော်တွဲခြင်းအား နှစ်သက်သည်။ လမ်းခွဲပြီးနောက်တွင် လှပသည့်အရာများကိုသာ သူသည်ပို၍နှစ်သက်လာသည်။

ကျုံချင်းယွီသည် ဓာတ်ပုံများကို ကြည့်၍ မျက်လုံးများ ကျဉ်းလာသည်။

"ဒါတွေက သက်သေတွေလား"

ပါပါရာဇီသည် တုံ့ဆိုင်းသွားပြီး ခေါင်းငြိမ့်ပြသည်။

သို့သော် ဓာတ်ပုံများသည် ချူးမို၌ စရိုက်မျိုးစုံရှိကြောင်း သက်သေပြနေသည်။ ဖော်ထုတ်မှုသည် လူတိုင်းကို လှုပ်လှုပ်ရွရွဖြစ်စေနိုင်သော်လည်း ထိခိုက်မှုအနည်းငယ်ပြင်းထန်စေလိမ့်မည်။

ရုတ်တရက် သတင်းထောက်တစ်ယောက် စိတ်လှုပ်ရှားစွာ ထွက်ပြောလာသည်။

"မမလေး၊ သတင်းအသစ်စက်စက်ကလေး"

ကျုံချင်းယွီ၏ မျက်လုံးများသည် တောက်ပလာသည်။

"ပြော!"

"Bamboo Grove Club နဲ့ စကားပြောတုန်းကကျွန်တော့်ရဲ့ အဆက်အသွယ်က ချူမို ဒီနေ့ အဲကို သွားခဲ့တယ် လို့ ပြောပါတယ်”

ယန်ရှီသည် ခေါင်းငြိမ့်လိုက်သည်။

"အဲဒါက ဘယ်လိုကလပ်မျိုးလဲ"

သတင်းထောက်သည် ပြုံးသည်။

“ငါ့ကောင်လေးက ချူမိုရဲ့အကြောင်းကို အဲမှာစုံစမ်းလို့ရတယ်လို့ပြောတယ်၊ သူတို့က အပြင်မှာ ဘွတ်ကင်ယူတယ်၊ ကလပ်ထဲမှာလည်း အလုပ်လုပ်တယ်”

ယနေ့ည ယန်ရှီနှင့်ပြဿနာဖြစ်ကာ ထွက်ခွာပြီးနောက်တွင် ချူမိုသည် နောက်တစ်နေရာ၌ နှစ်သိမ့်မှုသေချာပေါက်ရှာနေလိမ့်မည်။ သူ ယနေ့ မသွားလျှင်တောင် နောက်ထပ် ရက်အနည်းငယ်ကျ ကျိန်းသေပေါက်သွားပေလိမ့်မည်။

အခြားပါပါရာဇီများသည် ၎င်းတို့၏ ကင်မရာများကို စိတ်အားထက်သန်စွာ ကိုင်ဆောင်ကြသည်။

"မမ‌လေး၊ ငါတို့ ဒီပြဿနာကို မဖြစ်ခင် ဖျက်လိုက်သင့်လား"

ကျုံချင်းယွီသည် အနီးဆုံးလူ၏ ခေါင်းကို ရိုက်လိုက်သည်။

"ဘာကို ဖျက်ချင်တာလဲ၊ အချိန်ကျရင် ရဲကို ဖုန်းဆက်လိုက်"

—

ချူမိုသည် မွေးနေ့ပွဲမှ ထွက်သွားခဲ့သည် ။

ကျုံယန်စီအား ရန်မစရဲသော်လည်း ယန်ရှီသည် သူ၏ဘေးတွင် ရပ်နေသည်ကို မြင်တိုင်း ဒေါသနှင့် စိတ်ပျက်မှုများ ဆူပွက်လာသည်။

ယန်ရှီသည် သူ၏အပိုင်ဖြစ်သင့်သည်။

ထိုနေရာတွင် ယန်ရှီကဲ့သို့ ဖြူစင်ပြီး ဆွဲဆောင်မှုရှိသည့် မိန်းကလေးတစ်ဦးသည် သူ၏အ‌မှောင်စိတ်များကို ဖြည့်ဆည်းပေးနိုင်သောကြောင့် Bamboo Grove Club သို့ သူ မကြာခဏ လည်ပတ်လေ့ရှိသည်။

ယနေ့ညတွင် စိတ်မရှည်စွာ ပြင်ပအစည်းအဝေးကို စီစဉ်ရန် ဆန္ဒမရှိသဖြင့် သူသည် ကလပ်သို့ တန်းတန်းမတ်မတ်သွားခဲ့သည်။

မန်နေဂျာသည် သူ့အား ချက်ခြင်းမှတ်မိပြီး လျို့ဝှက်အခန်းသို့ ခေါ်သွားလေသည်။

ချူမိုသည် ရေချိုးခန်းထဲရှိ ခလုတ်များကို စမ်းသပ်နေခဲ့သည်။

ကောင်းသည်။ အားလုံးအဆင်ပြေသည်။

ယန်ရှီသာ သူ့ကို အမှန်တကယ် ထိခိုက်စေခဲ့လျှင် ၎င်းသည် တကယ်ကို ဆိုးရွားလှပေလိမ့်မည်။

သိပ်မကြာမီ စကားပြောချိုသာပြီး လိုက်လျောညီထွေစွာ နေတက်သည့် ကောင်မလေးတစ်ယောက် ရောက်လာသည်။ အရာအားလုံးသည် ချောမွေ့စွာ ပြီးဆုံးသွားပြီးနောက် ချူမို စိတ်လျှော့ကာ မျက်လုံးများ မှိတ်ထားလိုက်သည်။

ငြင်းစရာမရှိ‌ပေ။ ငွေပေးထားသော ပါတနာသည် ပို၍နာခံမှုရှိသည်။ သူအား ဘာမဆို လုပ်ခွင့်ပေးထားလေသည်။

ဟာလာဟင်းလင်းနှင့် သူ၏စိတ်လှုပ်ရှားမှုများ တိုးလာသည့်အ‌လျောက် ချူမိုသည် ဦးတည်ရာအာရုံအားလုံးကို ဆုံးရှုံးသွားသည်။

ထို့နောက် အပြင်ရှိ မန်နေဂျာထံမှ အော်သံအား ကြားလိုက်ရသည်။

"ရဲတွေ ဝင်လာပြီ!!”

ချူမို၏သွေးများ အေးစက်သွားပြီး ဆန္ဒအားလုံးလည်း ပျောက်ကွယ်သွားသည်။

"ဒီနေရာက လျို့ဝှက်နေရာလို့ ထင်နေတာ"

ကောင်မလေးကို ဟောက်လိုက်သည်။

"ရဲ တွေက ဘယ်လိုရှာတွေ့တာလဲ"

ကောင်မလေးသည် တိုးတိုးလေး ဖြေလာသည်။

“ကျွန်မလည်းမသိဘူး!"

သူသည် အထိတ်တလန့်ဖြစ်သွားသည်။ ဆက်ဆံနေစဉ်တွင် ဖမ်းမိခြင်းသည် အနည်းဆုံး ရက်အနည်းငယ်သာ အကျဉ်းချခံရခြင်းခံရမည် ဖြစ်သော်လည်း ချူမိုသည် ဖမ်းဆီးခံရန် ရည်ရွယ်ချက်မရှိပေ။

သူသည် မျက်လုံးများကို ဖွင့်လိုက်ရာ ယူနီဖောင်းဝတ်ထားသော ရဲအရာရှိများ လျင်မြန်စွာ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ ချူမို သည် သူ၏အဝတ်အစားများကို ၀တ်ဆင်ရန် အချိန်မရှိခဲ့ပဲ အဝတ်များကို ဆုပ်ကိုင်၍ ထွက်ပြေးရန် လမ်းကြောင်းကို အသည်းအသန် ရှာဖွေနေခဲ့သည်။

ပြတင်းပေါက်ကို တွန်းဖွင့်လိုက်သည်။ သူ့အခန်းသည် ဒုတိယထပ်တွင် ဖြစ်ပြီး အရမ်းမမြင့်‌ချေ။

စိတ်အားထက်သန်စွာဖြင့် ချူမို ခုန်ချလိုက်သည်။

ထိုအချိန်တွင် Bamboo Grove Club ၏ အပြင်ဘက်တွင် ပါပါရာဇီတစ်အုပ်သည် ရောက်နှင့်နေပြီဖြစ်သည်။

သာမာန်အားဖြင့် ကလပ်သည် မီဒီယာများ၏ အာရုံစိုက်မှုကို များများစားစား မဆွဲဆောင်ခံရပဲ ၎င်းသည် သီးသန့် အဆင့်မြင့်နေရာတစ်ခုအဖြစ် စျေးကွက်တင်၍ ကိုယ်ပိုင်သီးသန့်အကန့်ဖြင့် ဖွင့်လှစ်ထားသည်။နာမည်တစ်ခုတည်းသာလျှင် သပ်သပ်ရပ်ရပ်နှင့် ကျက်သရေရှိသည့် ပုံရိပ်ကို ဖြစ်ပေါ်စေသည်။၎င်းသည် တရားမဝင်သော လှုပ်ရှားမှုများအတွက် ချိတ်ဆက်မှုတစ်ခုဖြစ်ကြောင်း လူအနည်းငယ်ကသာ သိကြသည်။

သို့သော် ဤသတင်းထောက်များအားလုံး ကျုံချင်းယွီ၏ စံအိမ်မှ တိုက်ရိုက်လာကြခြင်းဖြစ်သည်။

မိန်းမပျို‌လေးသည် ဤနေရာသို့ ရဲကို သတင်းပို့ခဲ့ကြောင်း သူတို့သိကြပြီး ဝင်ရောက်စီးနင်း‌ နေပြီဖြစ်သည်။ဤကဲ့သို့ အထက်တန်း လူမှုရေးအရှုပ်တော်ပုံမျိုးမှာ အလွန်ပင် သတင်းရေးချင်စဖွယ်ကောင်းသည်။

အများစုမှာ ဝင်ပေါက်နားတွင် လုံခြုံရေးများ၏ ဖမ်းဆီးမှုခံရသည့်သူအား စောင့်မျှော်နေကြသည်။

ဘုန်း!

တစ်စုံတစ်ယောက်သည် အပေါ်မှ ပြုတ်ကျလာသလိုမျိုး အနောက်မှ ရုတ်တရက် အသံ ထွက်ပေါ်လာသည်။

ပါပါရာဇီများသည် ချူမိုအား ခေါင်မိုးပေါ်မှ ခုန်ဆင်းကာ မြေပြင်ပေါ်သို့ ခက်ခက်ခဲခဲ ခုန်ဆင်းလာသည်ကို တွေ့လိုက်ရသည်။

သူသည် ခုန်ချရာတွင် နေရာလွဲပြီး ဘုန်းကနဲ လဲကျသွားကာ ခေါင်းသည် ချာချာလည်နေသည်။

ခဏတာ သတင်းထောက်များသည် ငေးကြည့်နေကြပြီး အံ့အားသင့်သွားကြသည်။

ဘောင်းဘီတစ်ထည်သာဝတ်ဆင်ထားသော ချူမိုသည် ခြေထောက်နာကျင်သွားဟန် တူသည်။ ထင်ရှားသည်မှာ သူသည် ရှပ်အင်္ကျီကိုဝတ်ရန် အလျင်လိုနေခြင်း ဖြစ်လိမ့်မည်။

သူသည်ခေါင်းကို ပွတ်သပ်ရင်း မျက်လုံးအား မျက်တောင်ခတ်၍ ဖွင့်လိုက်သည်။

သူ၏ရှေ့တွင် မျက်လုံးများတစ်ဒါဇင် ရပ်နေကြပြီး အားလုံးသည် သူ့အား စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။

ချူမို: "…"

ကလစ်—(ဓါတ်ပုံရိုက်သံ)

ပါပါရာဇီတစ်ဦးသည် ဓာတ်ပုံရိုက်ကာ အမြန်ဆုံးတုံ့ပြန်ခဲ့သည်။

အခြားသူများမှလည်း လိုက်ရိုက်ကြပြီး သူတို့၏ရှပ်တာ(shutters) များသည် အမြန်ဆုံးနှုန်းထားဖြင့် ရိုက်ကူးနေသည်။

"ဒါက ချူမိုပဲ"

"ချူမိသားစုရဲ့ အကြီးဆုံးသား"

"မြန်မြန်လေး များများရိုက်ကြ၊ ငါတို့က မှုခင်းနှိမ်နင်းဖို့ လာခဲ့တာ ဒါပေမဲ့ အခု ငါတို့မှာ နာမည်ကြီး အတင်းအဖျင်းတွေ လည်း ရနေပြီ"

"ရဲတွေ သူ့ကိုခေါ်သွားရင် ငါတို့တင်စရာ ပျောက်သွားတယ်၊ မြန်မြန်ရိုက်"

ချူမိုသည် အံ့သြသွားသည်။ Bamboo Grove Club သည် လျို့ဝုက်ဆန်သည်မဟုတ်လော။ အဘယ့်ကြောင့်သတင်းထောက်များ ဤကဲ့သို့ များနေရသနည်း။

ထိတ်လန့်စွာဖြင့် သူ၏အဝတ်အစားများအား ဆွဲယူပြီး ထွက်ပြေးခဲ့သော်လည်း ပါပါရာဇီများသည် မဆုတ်မနစ် လိုက်ဖမ်းခဲ့သည်။ တစ်ယောက်သည် သူ၏အင်္ကျီလက်ကို အတင်းဆွဲ၍ မျက်နှာကို ကင်မရာနှင့် တည့်တည့်ချိန်၍ ရိုက်‌လေသည်။

ဘာလဲကွာ။ ဒီလူတွေ ပရော်ဖက်ရှင်နယ် မဆန်လိုက်တာ။

ချူမိုသည် ဆူပူ‌ပြောဆိုသော်လည်း လူအုပ်ကြီးသည် သူ့ကို ဝိုင်းထားသဖြင့် ထွက်ပြေးရန် မဖြစ်နိုင်ပေ။

ရုန်းရင်းဆန်ခတ်ဖြစ်မှုသည် အနီးနားရှိ အရာရှိများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

ချူမိုသည် နောက်ဆုံးတွင် လွတ်မြောက်ပြီး Audi ကားထံသို့ ပြေးသွားကာ လွတ်မြောက်ရန် မျှော်လင့်ချက်ဖြင့် တံခါးလက်ကိုင်အား ဆုပ်ကိုင်လိုက်သည့်အချိန် သူ၏လက်ကောက်ဝတ်တွင် အေးသည့်သတ္တုတစ်ခု ကပ်ငြိလာသည်။

၎င်းသည် လက်ထိတ် ဖြစ်သည်။

—

ချူမိသားစု၏ အကြီးဆုံးသားဖြစ်သူသည် ပြည့်တန်ဆာ ငှားရမ်းသည့် သတင်းသည် အွန်လိုင်း‌ပေါ်တွင် ပျံ့နှံ့လာသည်။

ဓာတ်ပုံများသည် မှုန်ဝါးနေသော်လည်း ညဉ့်နက်အချိန်တွင် ဘောင်းဘိီသာပါပြီး ကြက်သားကဲ့သို့ ဖြူဖျော့နေသော အသားအရေဖြင့်အကျီမပါသော ချူမိုအား ထင်ရှားစွာ မြင်တွေ့နေရဆဲဖြစ်သည်။

[ငါက သူ ရသစုံရှိုးထဲက ထွက်လာတယ်လို့ပဲထင်ခဲ့တာ၊ သူ ဒီကိုရောက်နေမယ်မှန်း ဘယ်သူသိမှာလဲ။]

[ ရဲတွေက ဖမ်းလိုက်တာလား၊ သူ့ရဲ့ပထမဆုံးအကြိမ်တော့ မဟုတ်‌လောက်ဘူး။]

[သူ ပြတင်းပေါက်ကနေ ထွက်ပြေးဖို့လုပ်တယ်လို့ ကြားတယ်၊ သူ့ကို‌ဖမ်း]

[ဒီလိုပြဿနာမျိုးက လွယ်လွယ်နဲ့မပြီးသွားသင့်ဘူး]

[ငါ သူ့ကို ရှိုးမှာ ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး၊ သူသည် လင်းရန်ရန်နှင့်တွဲနေတာတောင် ယန်ရှီကို မျက်စိကျနေတာလေ]

[အမှန်ပဲ တခြားမိန်းမတွေဆီကနေ မျက်လုံးကိုမခွာဘူး၊ သူ့လိုကောင်တွေရဲ့ ပုံမှန်အကျင့်တွေလေ]

[စိတ်ပျက်ဖို့ကောင်းတာက သူထောင်ထဲမှာ ရက်သတ္တပတ်အနည်းငယ်ပဲ နေရတာက ဆိုးလိုက်တာ]

…

ထိန်းသိမ်းရေးစခန်း၌ ချူမို သေချင်လာသည်။

သူအဘယ်ကြောင့် ကံမကောင်းရသနည်း။

များသောအားဖြင့် သူ၏ဗီလာ၌သာ မိန်းကလေးများကို ခေါ်အိပ်လေ့ရှိသည်။ ယနေ့တွင် သူသည် အရမ်းပျင်းလာသောကြောင့် ကလပ်သို့ သွားသည့်အခါ ဤကဲ့သို့ဖြစ်ကုန်သည်။

သူ၏အမေသည် မိသားစုရှေ့နေနှင့်အတူ ရောက်လာသည်။

ချူမိုသည် သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည်။

"မား! ကျွန်တော် စိတ်ပျက်သွားပါပြီ၊ ဒါကို ဖြေရှင်းပေးဖို့ ရှေ့နေ ချန်းကို ပြော‌ပေးပါ၊ ၊ကျွန်တော် ထောင်ထဲ မသွားနိုင်ဘူး"

ချူမားမား၏မျက်နှာသည် မည်းမှောင်သွားသည်။ သူမသည် သူ့မျက်နှာကို ပြင်းပြင်းထန်ထန် ပါးရိုက်လိုက်သည်။

ချူမို၏ပါးသည် လည်ထွက်သွားသည်

"မား"

"ငါ မင်းကို အမြန်ဖမ်းလိုက်ပါစေလို့ ဆုတောင်းတယ်၊ ငါတို့မိသားစုကို မင်းဘာတွေလုပ်ခဲ့တယ်ဆိုတာ တွေးတောင်တွေကြည့်ဖူးရဲ့လား"

ချူမိုသည် ဒေါသထွက်သွားသည်။

"အဖမ်းခံရတာ ကျွန်တော်ပါ ခင်များမဟုတ်ဘူး၊ ထောင်ထဲမှာခဏလောက်နေရလည်း ဘာများဖြစ်သွားမှာမလို့လဲ"

“မင်းကြောင့် ချူမိသားစုက ဒေဝါလီခံလုနီးပါး ဖြစ်နေပြီ သိရဲ့လား”

သူမ၏အသံသည် တုန်ရီ‌နေခဲ့ပြီး ဖုန်းကိုထုတ်၍ ဖွင့်ပြလိုက်သည်။၎င်းသည် သူတို့၏ ကျဆင်းနေသည့် ရှယ်ယာဝင်များ၏ စတော့ရှယ်ယာဇယားဖြစ်သည်။

ချူမို၏ အသက်ရှုသံများ ရပ်တန့်သွားသည်။

လင်းမိသားစု၏စတော့ရှယ်ယာများသည် ညတွင်းချင်းကျဆင်းသွားသည့်အတိုင်းပင် ချူ မိသားစု၏ရှယ်ယာများသည် ကျဆင်းနေသည်။ သည်တစ်ခါ ပို၍ဆိုးသည်။

"ဒါက ကျုံယန်စီ လုပ်တာလား”

ချူမားမားသည် ဒေါသတကြီးဖြစ်နေသည်။

"ဒီလိုမျိုး ငါတို့ကို ဘယ်သူက ဖျက်ဆီးနိုင်မှာလဲ”

ချူမို အံ့ဩသွားသည်။

“ကျွန်တော် ကျုံမိသားစုကို မနှောင့်ယှက်ခဲ့ပါဘူး၊ သခင်မလေးရဲ့ မွေးနေ့ပါတီကိုတောင် ကျွန်တော်တက်ရောက်ခဲ့‌သေး…"

၎င်းသည် သူ့အားရိုက်ခတ်သည့်အကြောင်းအရင်းဖြစ်သည်။ ကျုံယန်စီသည် ယန်ရှီ၏ ချစ်သူဖြစ်သည်။ယ‌နေ့ သူသည် ယန်ရှီနှင့် ထိပ်တိုက်စကားဆိုခဲ့ပြီး ယခုသူတို့၏စတော့ရှယ်ယာများသည် ကျဆင်းသွားသည်။၎င်းသည် ကျုံယန်စီ၏လက်စားချေမှုပင် ဖြစ်ပေလိမ့်မည်။

မိဘထံမှ စွန့်ပြစ်ခံထားရသည့် လူတစ်ယောက်အတွက် ဤမျှလောက်အထိ လုပ်ပေးရန်လိုအပ်ပါသလား။ ကျုံယန်စီသည် သူမအတွက် ထိုမျှအထိ ပြုလုပ်မည်လော။။

သို့သော်၎င်းထက် ပိုခဲ့သည်။ ချူမားမားသည် ဆက်၍‌ပြောပြန်သည်။

"ဒီဖမ်းဆီးမှုကို ကျုံချင်းယွီက နာမည်တပ်ပြီး သတင်းပို့လိုက်တာ"

ချူမိုသည် မျက်လုံးပြူးသွားသည်။

သူမ၏ အသံသည် အေးစက်သွားသည်။

"အဲတော့ အာမခံကို မေ့လိုက်ပြီး ဒီမှာထိုင်ပြီး ပြန်လည်ဆင်ခြင်‌နေလိုက်၊ ချူမိသားစုက ပြန်လည်မရပ်တည်နိုင်ဘူးဆိုရင် မင်းလွတ်လာရင်တောင် အိမ်ပြန်လာဖို့ စိတ်မကူးနဲ့"

---

ထိုညတွင် ချူမားမားသည် သားဖြစ်သူကိုယ်စား ယန်ရှီအား တောင်းပန်ရန် ကျုံစံအိမ်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့သည်။

သိူ့သော် ၎င်းသည် တစ်ဖက်သတ်ကြိုးစားမှုပင် ဖြစ်သည်။ ယန်ရှီသည် သူမကိုတွေ့ရန်ပင် စိတ်မ၀င်စား‌ချေ။ တံခါးများ ပိတ်ထားသဖြင့် ချူ‌မားမာသည် အပြင်ဘက်တွင် ရပ်နေသည်။

ချူမိသားစု၏ စတော့ရှယ်ယာများသည် ဆက်လက်၍ကျဆင်းနေသည်။ ကျုံယန်စီ၏ လက်တုံ့ပြန်မှုသည် လင်းမိသားစုအား သူလုပ်ခဲ့သည့်အရာထက်ပင် ပိုမို၍ပြင်းထန်လေသည်။ ထို့ကြောင့် ဒေဝါလီခံခြင်းသည် မလွှဲမရှောင်နိုင်‌ေတာ့သည့် အခြေအနေဖြစ်သည်။ ဤအတောအတွင်း ချူမို၏ အရှုပ်တော်ပုံ ဓာတ်ပုံများသည် အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီး သူသည် အွန်လိုင်းနာမည်ပြောင် "Streaker" ကို ရရှိခဲ့သည်။

ကျုံချင်းယွီသည် ဤရလဒ်ကို ကျေနပ်‌နေသည်။

ဤကိစ္စအား ပြေလည်အောင်ဖြေရှင်းပြီးနောက် သူမ၏ ပန်းတိုင်အသစ်ကို ပြန်လည်ချမှတ်လိုက်သည်။

မွေးနေ့ပွဲပြီးသည့်‌နောက်တွင် သူမသည် အနုပညာလောကမှ ထွက်ခွာတော့မည်ဟု Weiboတွင် ကြေညာခဲ့သည်။

ထိုသတင်းသည် ရှိုးအတွက် တုန်လှုပ်ခြောက်ခြားဖွယ် သတင်းဖြစ်သည်။

ထိပ်တန်းကြယ်ပွင့်တစ်ယောက်က နှုတ်ထွက်တော့မှာလား။ ဒါက ချူမိုရဲ့ အရှုပ်တော်ပုံသတင်းထက်တောင် ပိုကြီးတယ်။ ခဏနေ ရေပန်းစားနေတဲ့ ထိပ်တန်းအကြောင်းအရာငါးဆယ်မှာ နှစ်ဆယ်လောက်က သူမအကြောင်းတွေပဲ ဖြစ်နေတော့မှာ။

ပရိသတ်များသည် ၀မ်းနည်းကြေကွဲနေကြသည်။

[မထွက်ပါနဲ့]

[သခင်မလေး၊ မင်းရဲ့သရုပ်ဆောင်တာ မကောင်းပေမယ့် မင်းက အရမ်းချောတယ်‌လေ၊ တကယ်ထွက်သွားပြီလား]

[အဲမျက်နှာ လှလှလေးနဲ့ဆို ရသစုံရှိုးတွေ မဂ္ဂဇင်းတွေ ရိုက်နိုင်သေးတယ်လေ]

[ကော်ဇောနီပွဲတွေမှာ ပေါ်မလာနိုင်တော့ဘူး၊ ငါယုံတောင် မယုံနိုင်ဘူး…]

[သခင်မလေး ထွက်သွားရင် အနုပညာလုပ်ငန်းတစ်ခုလုံးရဲ့ အလှတရားစံနှုန်းတွေ ကျဆင်းသွားလိမ့်မယ်၊ လူတိုင်းကို '70s နှင့် 80s ဟောင်ကောင်ကြယ်ပွင့်များ' နှင့် နှိုင်းယှဉ်ပြီး ထပ်ပြီး ပြောကျတော့မှာပဲ]

[ကျေးဇူးပြုပြီး ပြန်လာပါ၊ မင်းရဲ့မျက်နှာတစ်ခုတည်းနဲ့တင် fandom ကျေနပ်စေတယ်]

[ကျွန်တော် အရမ်းအသဲကွဲနေပြီ၊ သခင်မလေး မသွားပါနဲ့]

ကျုံချင်းယွီသည် ၎င်းကို မမျှော်လင့်ထားခဲ့ချေ။ ယခင်အချိန်တွင် ပရိသတ်တော်တော်များများသည် သူမကို မုန်းတီးခဲ့ကြပြီး နှုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။ ယခုတွင်မူ သူမကိုနေရန် ၀န်ခံတောင်းဆိုနေကြပြီ ဖြစ်သည်။

သို့ပေမဲ့ သူမသည် စိတ်ပိုင်းဖြတ်ပြိီးဖြစ်သည်။ ဖျော်ဖြေရေးလောကသည် သူမအတွက်မဟုတ်‌ပေ။သူမသည် သရုပ်ဆောင်ခြင်းကိုပင် မနှစ်သက်ခဲ့ပေ။

သူမ၏နှုတ်ဆက်ပွဲအပြီးတွင် သူမသည် ရှင်းယောင်၏ဂီတခန်းတွင် cello လေ့ကျင့်နေသည့်ဓာတ်ပုံကိုမျှဝေခဲ့သည်။

ခေါင်းစဉ်မှာ “အသက် ၂၅ နှစ်၊ ဘဝအသစ် စတင်ခြင်း~”

နှစ်နှစ်ကျော်ကုန်လွန်သွားခဲ့ပြီဖြစ်သည်။ ထိုနှစ်နှစ်ကို အလဟသ ဖြုန်းတီးခဲ့သော်လည်း သူမ အမှန်တကယ် ချစ်မြတ်နိုးသည့်အရာကို လိုက်လျှောက်ရန် အချိန်တန်ပြီဖြစ်သည်။

ချူမိုသည် ပြည့်တန်ဆာများနှင့် အတူနေသည့်သတင်းသည် လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ရက်ပိုင်းအတွင်းတွင် ချူမိသားစု၏ စတော့စျေးနှုန်းများ ကျဆင်းနေခြင်းမှာ ကျုံယန်စီလုပ်နေခြင်းဖြစ်ကြောင်းကိုလည်း ဟိုင်ချန်းမြို့၏ အထက်တန်းစားအသိုင်းအဝိုင်းများသည် သိရှိခဲ့ကြသည်။လင်းမိသားစုနှင့် ပတ်သက်သည့် ယခင်အဖြစ်အပျက်ကိုလည်း ကျုံလုပ်ငန်းစုမှ ကြိုးကိုင်ထားကြောင်း ထင်ရှားသည်။

ကျုံယန်စီသည် ဤအရာကို တမင်တကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သူသည် ယန်ရှီကိုထိလျှင် မည်သည့်အကျိုးဆက်ဖြစ်မည်ကို လူတိုင်းအားသိစေလိုသည်။

အိမ်ထောင်ပြုခြင်းအားဖြင့် ကျုံမိသားစုနှင့် မဟာမိတ်ဖွဲ့ရန် တစ်ချိန်က စဉ်းစားခဲ့ဖူးသော မိသားစုများသည် ထိုအကြံကို အမြန်ပယ်ချလိုသည်။ ကျုံယန်စီသည် ယန်ရှီနှင့် အပျော်တွဲနေခြင်း မဟုတ်ပဲ အတည်တွဲနေခြင်းဖြစ်ကြောင်းတွင် နောက်ဆုံးတွင် သူတို့နားလည်သဘောပေါက်ခဲ့သည်။

သူတို့အထဲတွင် လင်းမိသားစုထက် ဘယ်သူကမျှ မပျော်ရွှင်ကြချေ။

လင်းမိသားစု ကျဆင်းသွားသောအခါတွင် လင်းပါးပါးသည် ၎င်းတို့၏ ငယ်စဉ်က စေ့စပ်ပွဲကို ဂုဏ်ပြုရန် ချူမိသားစုထံ ချဉ်းကပ်ခဲ့သည်။ ယင်းအစား ချူမားမားသည် သူတို့၏အတိတ်ဆက်ဆံရေးကို ဂရုမစိုက်ပဲ စေ့စပ်ခြင်းကိုဖျက်သိမ်းရန် အဆိုပြုခဲ့သည်။ ပိုဆိုးသည်မှာ သူတို့သည် လင်းမိသားစုထံမှ စီးပွားရေး အခွင့်အလမ်းတွေ ရယူခဲ့သည်။

လင်းပါးပါးသည် ဒေါသကြီးသော်လည်း အာဏာမရှိသောကြောင့် လင်းရန်ရန်အပေါ် သာ ဒေါသများ ပုံချခဲ့သည်။ချူမို၏ချစ်ခင်ကြင်နာမှုကို မရရှိသည့်အပြင် မိသားစုကြားရှိ မဟာမိတ်ဆက်ဆံရေးကို ပျက်စီးစေခြင်းအတွက် သူမကို အပြစ်တင်ခဲ့သည်။

ယခုတွင် ချူမိသားစု ဒုက္ခရောက်သည့်အခါ၌ လင်းပါးပါးနှင့် မဒမ်လင်းတို့သည်အရမ်းပျော်သွားပြီး ပြဿနာများကိုရှောင်၍ သူတို့ကိုယ်သူတို့ ချီးကျူးဂုဏ်ပြုနေကြသည်။ အိမ်ထောင်ရေးကိုဆက်လက်ဆောင်ရွက်မည်ဆိုလျှင် ကျုံယန်စီသည် သူတို့အား နောက်ထပ် ပစ်မှတ်ထား‌ပေလိမ့်မည်။

လင်းရန်ရန်သည် ဤမိသားစုကြောင့် အသက်ရှူကြပ်သွားကဲ့သို့ ခံစားရသည်။

လင်းမိသားစုနှင့် အဆက်အသွယ်ဖြတ်ရန် ယန်ရှီသည် အဘယ်ကြောင့် အကြွေးသန်းပေါင်းများစွာကို ယူဆောင်ရန် ဆန္ဒရှိခဲ့သည်ကို ရုတ်တရက် နားလည်သွားသည်။ သာမန်လူတစ်ယောက်ဖြစ်လာဖို့ ဇိမ်ခံဘဝတစ်ခုကို စွန့်လွှတ်လိုက်ရတဲ့အတွက် ယန်ရှီကို လူတိုင်း လှောင်ပြောင်ခဲ့ကြသော်လည်း ထိုအရာသည် ဘာများဆိုးလို့လဲ။ အနည်းဆုံး သာမန်လူများသည် ထိုကဲ့သို့သော အဆိပ်အတောက်ဖြစ်စေသော မိသားစု၏ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် မလိုအပ်‌ပေ။

လင်းရန်ရန်သည် လင်းမိသားစုသို့ မပြန်ခဲ့လျှင် အခြေအနေများ ပိုကောင်းလာလိမ့်မည်ဟုပင် တွေးမိသည်။

ယန်ရှီသည် တလျှောက်လုံး မှန်နေခဲ့သည်။ ဤနှစ်များတစ်လျှောက် မဒမ်လင်းသည် သူမအား ကြိုးကိုင်ခြယ်လှယ်နေခဲ့ပြီး ယန်ရှီကို ရန်သူအဖြစ်မြင်‌စေကာ "အစစ်အမှန်" နှင့် "အတု" အမွေဆက်ခံသူကိစ္စတွင် နစ်မြုပ်‌စေခဲ့သည်။

သို့သော် ယခု သူမ ပြန်စဉ်းစားကြည့်သောအခါ၊ သူမနှင့် ယန်ရှီအကြားတွင် ပြိုင်ဆိုင်မှု မရှိတော့သည်ကို သူမ သဘောပေါက်လာသည်။

တကယ့်ပြိုင်ဆိုင်မှုသည် လင်းစီဘိုဖြစ်သည်။

သူတို့ပဋိပက္ခ၏ အဓိကအချက်မှာ လင်းမိသားစု၏အာဏာဖြစ်သည်။

လင်းစီဘိုကိုအနိုင်ယူပြီး သူမ ရသင့်သည်ကိုရရရန် သူမပိုကောင်းလာရန် ပိုကြိုးစားရမည်ဖြစ်သည်။

ထိုပိတ်ရက်တွင် အတန်းပြီးပြီးချင်း လင်းရန်ရန်သည် စာကျက်ရန် အခန်းသို့ ပြန်လာခဲ့သည်။ သူမသည် မိဘမဲ့ဖြစ်ခဲ့သည့်အချိန်က သူမ၏ အဆင့်များသည် အလွန်ကောင်းမွန်ခဲ့သည်။ သူမသည် အတန်း၏ ထိပ်ဆုံးတွင် အမြဲရှိနေခဲ့သည်။သို့သော် ဘိုဝမ်အထက်‌တန်း‌ကျောင်း သုံးနှစ်တာကာလအတွင်း မဒမ်လင်းသသည် အပြင်ထွက်ပြီးပျော်ပါးဖို့ ပိုက်ဆံပေးခဲ့သည်။ သူ၏သူငယ်ချင်းများသည် ပြောသည် "ချမ်းသာတဲ့ အမွေဆက်ခံသူ တစ်ယောက်အနေနဲ့ ခက်ခက်ခဲခဲ စာလုပ်‌နေစရာလိုလို့လား၊ ပန်းစည်းလေစည်း ၊လက်ဖက်ရည်ပွဲပြင်၊ ဟင်းချက်တက်၊ လှလှ‌နေပြီး အိမ်ထောင်ပြုရင်ရပြီ”

ထို့ကြောင့် သူမ၏ ကောလိပ်ဝင်ခွင့် စာမေးပွဲ ရမှတ်များမှာ အလယ်အလတ်ပင် ဖြစ်သည်။မဒမ်လင်း သည် သူမအား နိုင်ငံခြားသို့ပို့ရန် ငွေမသုံးပဲ သာမာန် တက္ကသိုလ်တစ်ခုသာ တက်စေခဲ့သည်။

ပြန်စဉ်းစားပြီးနောက် လင်းရန်ရန်သည် သဘောပေါက်သွားသည် ။မဒမ်လင်းသည် သူမကို တစ်ချိန်လုံး ဖျက်ဆီးရန် ကြိုးစားနေခဲ့သည်။

သူမသည် ငါးနှစ်တာအချိန်ကို ဖြုန်းတီးခဲ့သည်။ သူမသည် ထိုအတွက် ယခုပင် ပေးဆပ်ရတော့မည်။

အောက်ထပ်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်။

လင်းစီဘိုသည် အိမ်သို့ ပြန်လာခဲ့သည်။

မဒမ်လင်းသည် နိုင်ငံခြားသို့ ကျောင်းတက်ရန် စရိတ်စက မချပေးပဲနေခဲ့သည်။ စာသင်နှစ်စနေပြီဖြစ်သော်လည်း လင်းစီဘိုသည် နေထိုင်စရိတ်များကုန်သွားကာ လင်း မိသားစု၏ ငွေကြေးအခက်အခဲကြောင့် ကျောင်းမတက်ပဲ ပြန်လာခဲ့ရသည်။

ချူမိသားစု ပြိုလဲသွားသည့်အကြောင်းကြားတော့ လင်းစီဘိုသည် လင်းပါးပါးစိတ်ကောင်းရှိမည်ဟု ယူဆကာ ချက်ချင်း ပိုက်ဆံတောင်းလိုက်သည်။

လင်းပါးပါးသည် မျက်မှောင်ကြုတ်၍ သားဖြစ်သူကျောကို ရိုက်ရန် တုတ်ကိုင်လိုက်သည်။

"မင်း ဂရုစိုက်တာက ပိုက်ဆံပဲ မင်း နိုင်ငံခြားမှာ နေတာ ဘယ်လောက်ကြာသေးလို့လဲ၊ နေထိုင်စရိတ် 300,000 ပေးခဲ့တယ်လေ မင်းဘယ်လို‌တောင် သုံးလိုက်တာလဲ"

လင်းစီဘိုသည် သူ၏နောက်ကျောကို ပွတ်သပ်လိုက်သည်။

"300,000 ပဲလေ နိုင်ငံရပ်ခြားမှာ နေထိုင်စရိတ်က အရမ်းကုန်တာ..."

မဒမ်လင်းသည် ကြားဝင်ဖို့ ကြိုးစားလိုက်သည်။

"စီဘိုက ကလေးပဲရှိသေးတယ်၊ ရှင်ဘာလို့ သူ့ကို တင်းကြပ်နေရတာလဲ"

လင်းပါးပါးသည် အံကြိတ်လိုက်သည်။

"အရင်တုန်းကတော့ သူ့စရိတ်စက အကုန်သုံးရင်တောင် ငါ ဂရုမစိုက်ဘူး၊ ဒါပေမဲ့ အခုက သစ်ပင်ပေါ်မှာ ငွေတွေပေါက်နေတယ်များထင်‌နေတာလား”

ကျုံယန်စီ၏ လင်း မိသားစုအပေါ် ထိခိုက်စေမှုသည် မသက်သာသေး‌ပေ။ လင်းပါးပါးသည် ပတ်လည်ဝိုင်းနေသော ချေးငွေအတွက် ပူပန်နေသော်လည်း ဆွေမျိုးများနှင့် သူငယ်ချင်းများထံမှ ချေးယူရန် မာနနှင့် အပြိုင် လွန်ဆွဲနေသည်။

ဒါတောင် သူ၏သားသည် ဇိမ်ခံပစ္စည်းများနှင့် ပိုက်ဆံတွေ ဖြုန်းတီးနေသတဲ့လား။

လင်းစီဘိုသည် ပြောလိုက်သည်။

"ကောင်းပြီ မပေးရင်လည်း မပေးနဲ့၊ ကျွန်တော့်ကိုရိုက်စရာမလိုဘူး..."

လင်းပါးပါးသည် ထပ်၍ရိုက်လိုက်သည်။

"မင်း ဒီရက်ပိုင်း အိမ်မှာပဲနေ အပြင်မထွက်နဲ့ နောက်တစ်ပတ်မှာ မင်း ကျောင်းပြန်တက်မယ်၊ မင်း ပိုက်ဆံလိုရင် ကိုယ့်ဘာသာ အလုပ်ရှာ"

လင်းစီဘိုသည် နာကျင်နေသော ကျောကို ပွတ်ကာ ဆူပုတ်နေသည်။

လင်းမိသားစု ကျဆုံးပြီး‌နောက် သူ့အဖေ၏ ဒေါသသည် ပိုဆိုးလာသည်။ မုန့်ဖိုးနည်းနည်းတောင်းတာကို တကယ်ကြီး ရိုက်ရသလား။

လင်းရန်ရန်သည် ယန်ရှီကြောင့် မဟုတ်ပါက လင်းမိသားစုသည် 300,000 ပင် မသုံးလောက်အောင် မွဲနေလေမည်လော။ နောက်ပိုင်းတွင် လင်းစီဘိုသည် သူ၏ချမ်းသာသော သူငယ်ချင်းများနှင့် ရင်ဆိုင်ရန်ပင် ရှက်ရွံ့လွန်းလှသည်။

စိတ်တိုစွာဖြင့် သူသည် အပေါ်ထပ်သို့ တက်လာ၍ လင်းရန်ရန်၏ တံခါးကို ဖွင့်ရန် ကန်‌နေခဲ့သည်။

“လင်းရန်ရန် ဒါ မင်းအပြစ်ပဲ၊ မင်း‌ကြောင့်မဟုတ်ရင် ငါတို့မိသားစုက ဒီလိုရှုပ်ကုန်မှာမဟုတ်ဘူး!"

လင်းရန်ရန်သည် အောက်ထပ်ရှိ ငြင်းခုံမှုကို လျစ်လျူရှု၍ အသံလုံနားကြပ်တပ်ကာ စာကျက်နေသည်။ သူမ စိတ်ငြိမ်သည့်အခါမှသာ တံခါးကိုဖွင့်လိုက်လေသည်။

" ဘယ်လို့ငါ့အပြစ်လဲ နင့်အမေက ငါ့ကို ယန်ရှီကိုသာ မဆန့်ကျင်ခိုင်းဘူးဆိုရင် ဒီပွဲမှာ ငါ သူ့ကို ပစ်မှတ်ထားပါ့လား၊ နင်နဲ့ နင့်အမေက ဒါကို ကိုယ်တိုင် လုပ်ခဲ့တာ"

"ပါးစပ်ပိတ်ထား!"

လင်းစီဘိုသည် သူမကို ရိုက်လိုက်သည်။

"ငါ့အမေနဲ့ ယန်ရှီက အရမ်း ရင်းနှီးခဲ့တာ၊ မင်း သူ့ကို မယှဉ်နိုင်လို့ မင်း မနာလိုဖြစ်နေတာမလား"

လင်းရန်ရန်သည် ပြုံးလိုက်သည်။

"အိုး တကယ်လား၊ သူတို့တွေ ဒီလောက်ရင်းနှီးရင် မိသားစုနဲ့ အဆက်အသွယ်ဖြတ်ဖို့ ယန်ရှီက ဘာလို့ တစ်မီလီယမ်ပေးရတာလဲ၊ ငါတို့နဲ့နေဖို့ထက် သူမ ဘာလို့ အကြွေးတင်ဖို့ကိို ရွေးလိုက်ရတာလဲ"

"မင်း လိမ်နေတာ”

လင်းစီဘို၏ မျက်နှာသည် ဒေါသများဖြင့် နီမြန်းလာသည်။

"ယန်ရှီ က မင်းကို မုန်းတာ၊ သူက ငါတို့ကို မမုန်းဘူး”

လင်းရန်ရန်၏ အပြုံးသည် လှောင်ပြုံးအဖြစ်သို့ ပြောင်းလဲသွားသည်။

"နင်က ယန်ရှီ နဲ့ အရမ်းရင်းနှီးရင် ဘာလို့ ပိုက်ဆံသွားမတောင်းတာလဲ၊ သူက အခု ရှင်းယောင် မှာ VP တစ်ယောက်ဖြစ်နေပြီး သူဌေးမကြီးဖြစ်နေပြီ၊ နင့်ကို သူ ထောက်ပံ့ကြေးပေးမလား ကြည့်ရအောင်"

သူမသည် အမှန်တကယ်ပြုလုပ်စေရန် မရည်ရွယ်ခဲ့ပေ။ လင်းစီဘိုကဲ့သို့ လူပိန်းတစ်ယောက်ပင်လျှင် ကိုယ့်ကိုယ်ကိုယ် အသိတရား တစ်ချို့ရှိလေသည်။

သိူ့ငော် သူ့မျက်လုံးတွေတောက်ပသွားသည့်အချိန်တွင် သူမသည် အံ့အားသင့်သွားသည်။

*မင်းမှန်တယ် ယန်ရှီ ချမ်းသာနေပြီ၊ ဒါဆို သူက ငါ့ကို ကူညီပေးမှာပါ ငါ သူ့ကို သွားရှာလိုက်မယ်”

ဤသို့ဖြင့် သူသည် လှည့်ထွက်ပြီး အခန်းထဲ ၀င်သွားသည်။ လင်းရန်ရန်သည် အံ့ဩသွားသည်။ သူ ယန်ရှီဆီကို တကယ်ကြီး ပိုက်ဆံတောင်းမလို့လား။လင်းမိသားစုက သူမကို ဘယ်လိုဆက်ဆံခဲ့တယ်ဆိုတာ သူ မမှတ်မိဘူးလား။

သို့သော် လင်းစီဘိုသည် တစ်ခုခုကို စိတ်ဆုံးဖြတ်လိုက်သည်နှင့် နောက်မဆုတ်တက်ချေ။ လင်းပါးပါး ရုံးသွားသည်နှင့် လင်းစီဘိုသည် ကားဂိုဒေါင်သို့ အပြေးအလွှားသွားကာ BMW ကားပေါ်တက်၍ အရှိန်ပြင်းပြင်းဖြင့် မောင်းထွက်သွားသည်။

လင်းရန်ရန်သည် ကြီးမားသောအမှားတစ်ခုကို လုပ်မိလိုက်ကြောင်း ရုတ်တရက် သဘောပေါက်လိုက်သည်။

ယန်ရှီအတွက် ကျုံယန်စီ၏ ခံစားချက်ကို မသိရလောက်သည်အထိ သူမ မျက်ကန်းမဟုတ်ပေ။ လင်းစီဘိုကို ယန်ရှီထံသို့ သူမ ပို့လိုက်ကြောင်းသာ သူသိလျှင် သူမနောက်သို့ လိုက်လာလိမ်မည်။

ထိတ်လန့်စွာဖြင့် ဖုန်းကို ကောက်ကိုင်လိုက်ပြီး ယန်ရှီအား လျင်မြန်စွာ စာပို့လိုက်သည်။

—

ရှင်းယောင်၌ လူဝမ်နင်နှင့် ကြော်ငြာအကြောင်း ဆွေးနွေးနေစဉ် ယန်ရှီသည် မက်ဆေ့ခ်ျတစ်ခု လက်ခံရရှိခဲ့သည်။

သူမ၏ဖုန်းစခရင်က လင်းလာပြီး သူမ တစ်ချက်ကြည့်လိုက်သည်။

လင်းရန်ရန် [လင်းစီဘိုက နင့်ဆီကို ပိုက်ဆံတောင်းဖို့ လာနေပြီ၊ ငါအဲဒါကို လက်လွတ်စပယ်ပြောခဲ့မိတယ်၊ နင့်ကို အနှောက်အယှက်ပေးဖို့ ငါမရည်ရွယ်ပါဘူး]

[သူက နင့်ရဲ့ဆက်ဆံရေးကို ဖော်ထုတ်နိုင်တယ်၊ ကြို‌ပြောပြတာပါ]

[ငါ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ပါဘူး၊ တကယ်ပါ]

ယန်ရှီသည် တစ်ကြိမ်ဖတ်ပြီးနောက် စကားတစ်ခွန်းမှ မပြောပဲ ဖုန်းကို မှောက်လိုက်သည်။

လင်းစီဘိုနှင့် ယှဉ်လျှင် လုဝမ်နင်၏လုပ်ငန်းသည် ပို၍အရေးကြီးသည်။

လုဝမ်နင်သည် ပြောလိုက်သည်။

"SP" ရဲ့ ဖိုင်နယ်ကထုတ်လွှင့်ဖို့ နှစ်ရက်ပဲလိုတော့တယ်၊ အဲတာကို တိုက်ရိုက်ထုတ်လွှင့်မှုအဖြစ် ပြောင်းလဲလိုက်တယ်လို့ ကြားတယ်၊ လု လုပ်ငန်းစုမှာ စပွန်ဆာပေးချင်တဲ့ ဒိန်ချဉ်အမှတ်တံဆိပ်တစ်ခုရှိတယ် စိတ်ဝင်စားလား"

ယန်ရှီသည် အတွေ့အကြုံရှိစွာ ပြန်ပြောသည်။

"ဉက္ကဌလု၊ ရှင်သိတဲ့အတိုင်းပဲ 'SP'က ထူးထူးခြားခြား လုပ်ဆောင်နေတာ လတ်တလော ကြော်ငြာရှင်တော်တော်များများဟာ စပွန်ဆာအတွက် အပြိုင်အဆိုင်လုပ်နေကြတော့ နာမည်ပေးပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့လို—"

“မီလီယမ်တစ်ရာ"

လုဝမ်နင်သည့် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"လု,လုပ်ငန်းစုက 'SP' ရဲ့ အမည်ပေးပိုင်ခွင့်အတွက် မီလီယမ်တစ်ရာ ကမ်းလှမ်းတယ်"

"ပြဿနာမရှိပါဘူး"

ယန်ရှီသည် ချက်ချင်းပင် အသံပြောင်းသွားသည်။

အမှန်မှာ SP သည် ထုတ်လုပ်ရန်အတွက် မီလီယမ်သုံးဆယ်သာ ကုန်ကျခဲ့သည်။ တစ်ဆယ်မီလီယမ်စပွန်ဆာနဲ့တွေ့လျှင် တစ်စက္ကန့်မျှ တုံ့ဆိုင်း‌နေခြင်းသည် ငွေကို စော်ကားလိုက်ခြင်း ဖြစ်‌ပေလိမ့်မယ်။

ရန်ပုံငွေ ပြေလည်သွားသဖြင့် နှစ်ဖက်လုံးမှ ရှေ့နေများသည် စာချုပ်ကို စတင်ရေးဆွဲခဲ့သည်။

ယန်ရှီသည် တိတ်တဆိတ် ဝမ်းသာနေသည်။ လုဝမ်နင်သည် စေ့စပ်ညှိနှိုင်းရာတွင် ရက်စက်ကြမ်းကြုတ်ပြီး လူအနည်းငယ်သည် သူမအပေါ် အခွင့်ကောင်းရယူနိုင်ကြောင်း ကျုံယန်စီထံမှ သူမ ကြားသိခဲ့ရသည်။ သို့သော် ယန်ရှီသည် သူမ၏ ခြိမ်းခြောက်မှာကို လုံးဝမတွေ့ခဲ့ရပေ။

လုဝမ်နင်သည် စကားပြောရန် အလွန်လွယ်ကူလွန်းသည်။

ယောင်ချီ နှင့် ရှေ့နေများသည် စာချုပ်ကို ပြန်လည်သုံးသပ်နေစဉ် လုဝမ်နင်သည် ဒိန်ချဉ်ပုလင်း နှစ်ပုလင်းကို ထုတ်ယူလာသည်။

"ဥက္ကဌ ယန်၊ မင်း ကျွန်မတို့ ဒိန်ချဉ်တံဆိပ်ကို မသောက်ရသေးဘူးလား၊ အရသာလေး မြည်းကြည့်ပါဦး"

သူမ ပုလင်းတစ်လုံးဖွင့်ပြီး ယန်ရှီ ကို ပေးလိုက်သည်။

ယန်ရှီသည် တစ်ငုံသောက်ခါနီးတွင် လင်းကျီသည် အပြေးအလွှားဝင်လာသည်။

"ဉက္ကဌ ယန် တစ်ခုခုမှားနေပြီ၊ အောက်ထပ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်နေတယ်၊ တစ်ယောက်ယောက်က မင်းရဲ့အစ်ကိုလို့ပြောနေတယ်"

ယန်ရှီသည် တိုးတိုးလေးရယ်လိုက်သည်။

"သူကထင်ထားတာထက် ပိုမြန်တာပဲ"

သူမသည် လုဝမ်နင်ဘက်လှည့်လိုက်သည်။

"ဥက္ကဌလု၊ ကျွန်မမှာ ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုရှိသေးလို့ ဒါရိုက်တာယောင်က လက်မှတ်ထိုးတဲ့လုပ်ငန်းစဉ်ကို ကိုင်တွယ်ပါလိမ့်မယ်၊ စောစောထွက်သွားတဲ့အတွက် တောင်းပန်ပါတယ်"

သူမသည် ဒိန်ချဉ်ကို ချလိုက်ပြီး အောက်ထပ် ဧည့်ခန်းထံသို့ ဆင်းသွားသည်။ လုဝမ်နင်သည် အစည်းအဝေးခန်းထဲတွင် ထိုင်လျက် ယန်ရှီ ထွက်ခွာသွားသည်ကို ကြည့်ရင်း သူမ၏အမူအရာသည် အနည်းငယ် မှိန်သွားသည်။

—

Starlight Entertainment၏ပထမထပ်ဧည့်ခန်းတွင် ဖြစ်သည်။

လုံခြုံရေးအစောင့်အများအပြားသည် အ၀င်ဝတွင် ရပ်ကာ ပြင်ပလူများ ကုမ္ပဏီအတွင်းသို့ ၀င်ခွင့်ကို ပိတ်ဆို့ထားသည်။

လင်းစီဘိုသည် သူတို့အား အော်ငေါက်နေသည်။

“ငါက မင်းတို့ VP ရဲ့အစ်ကို၊ ငါတို့က ဆယ်စုနှစ်တစ်ခုလောက် မောင်နှမတွေဖြစ်ခဲ့ကြတာ ငါ့ညီမကိုတွေ့ဖို့ ဒီမှာရောက်နေတာကို မင်းတို့က ငါ့ကိုဘာလို့ လာတားနေရတာလဲ"

အစောင့်များသည် ယဥ်ကျေးစွာ ပြန်ပြောသည်။

"တောင်းပန်ပါတယ် ဆရာ၊ ချိန်းထားတာမရှိရင် ငါတို့ မင်းကို ၀င်ခွင့်မပြုနိုင်ဘူး"

"မင်းမှာ အသိတရားမရှိဘူးလား၊ ငါဘယ်သူလဲဆိုတာ မင်းတောင်သိလား”

အစောင့်များသည် မျက်လုံးပင့်သွာသည်။သူ မည်သူဆိုသည်ကို မည်သူမျှ ဂရုမစိုက်ချေ။ဖျော်ဖြေရေးကုမ္ပဏီများသည် မည်သူတစ်ဦးတစ်ယောက်အတွက်မျှ ဖွင့်လှစ်ထားခြင်းမဟုတ်‌ပေ။

အပြင်မှာ စောင့်နေတဲ့ ပရိသတ်တွေကို သူတကယ်ပဲ မမြင်တာလား။ သူတကယ်ပဲ ဝင်နိုင်မယ်လို့ ထင်‌နေတာများလား။ စိတ်ကူးယဉ်နေလိုက်။

ဓာတ်လှေကားတံခါးပွင့်လာပြီး ယန်ရှီ အမြန်ထွက်လာခဲ့သည်။

လင်းစီဘိုသည် သူမကို တွေ့ပြီး စိတ်လှုပ်ရှားစွာ လက်ပြလိုက်သည်။

"လင်းရှီ၊ လင်းရှီ"

လင်းရန်ရန်နှင့် ချူမိုပင်လျှင် ယန်ရှီကို မည်သူမှ ထိုနာမည်ဖြင့် မခေါ်ဝေါ်ခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်သည်။

ယန်ရှီသည် အစောင့်များကို ကြည့်လိုက်သည့်အခါ ဘေးသို့ ထွက်သွားကြသည်။

ဧည့်ခန်းတွင် ဧည့်သည်များထိုင်ရန်နေရာတစ်ခုရှိသည်။ယန်ရှီသည် လင်းစီဘိုကို ဦးဆောင်၍ ထိုနေရာသို့ခေါ်လာခဲ့သည်။

ထိုင်ပြီးသည်နှင့် တန်း၍မေးလိုက်သည်။

“ဘာလိုချင်တာလဲ”

"လင်းရှီ မင်းက ရက်စက်လိုက်တာ၊ မောင်နှမတွေအဖြစ် နှစ်တွေကြာအတူ‌နေခဲ့တယ်‌လေ၊ မင်းအခုအောင်မြင်နေပြီ မင်းငါ့ကို မကူညီချင်ဘူးလား”

"ပိုက်ဆံကုန်သွားပြီလား"

လင်းစီဘို၏ မျက်လုံးများ တောက်ပလာသည်။လင်းရှီသည် သူ့ကို နားလည်ဆဲပင် ဖြစ်သည်။

"ငါ့ကို တစ်မီလီယမ်လောက် ပေးပါ၊ မင်း ဒီမှာ အမှုဆောင်တစ်ယောက် ဆိုတော့ မင်း ဒီလောက်ကို နှမြောမှာမဟုတ်ဘူးဆိုတာ သေချာတယ်"

သူမ ငြင်းဆန်မည်ကို ရုတ်တရက် စိုးရိမ်လာမိသည်။

"ဒါမှမဟုတ်... မီလီယမ်တစ်ဝက်လောက်လည်း အဆင်ပြေပါတယ် "

ယန်ရှီသည် လင်းကျီကို ခေါ်လိုက်သည်။

"ငါ့ရုံးခန်းကိုသွားပြီး ဘဏ်ကတ်ကို ယူလာခဲ့”

"ဟုတ်ကဲ့"

လင်းကျီသည် ကတ်ကို အမြန်ပြန်ယူ၍ မိနစ်ပိုင်းအတွင်း ပြန်လာခဲ့သည်။ လင်းစီဘို၏ မျက်လုံးများသည် ထိုကတ်ကိုကြည့်၍ တောက်ပနေသည်။ သူသည် ဤမျှလောက်ချောချောမွေ့မွေ့ဖြစ်မည်ဟု မမျှော်လင့်ထားပေ။ ယန်ရှီသည် ယခင်က သူ့ကို အမြဲတစေ လိုက်လျောပေးခဲ့သော်လည်း ထိုအချိန်က သူတို့သည် မောင်နှမများ ဖြစ်နေဆဲပင်ဖြစ်သည်။ ယခု သူမသည် လင်းမိသားစုမှ ထွက်ခွာသွားသဖြင့် သူမ လိုက်နာနိုင်ပါ့မလားဟု မသေချာတော့‌ပေ။

သူမကို ဆွဲဆောင်ဖို့ စကားများပြင်ဆင်ထားခဲ့သော်လည်း သူမသည်ချက်ချင်းပင် သဘောတူခဲ့သည်။ သူမသည် မပြောင်းလဲသေးပေ။

ယန်ရှီသည် ကတ်ကို သူ့အား ပေးလိုက်သည်။

လင်းစီဘိုသည် ဝမ်းသာသွားသည်။

“မင်းက လင်းရန်ရန်ထက် ပိုကောင်းတယ်၊ သူက အသုံးမကျဘူး မိသားစုရဲ့ ပိုက်ဆံကိုသုံးဖို့လောက်ပဲသိတာ "

သူသည် ကတ်ကို လှမ်းယူလိုက်သော်လည်း ယန်ရှီက ရုတ်တရက် ပြန်ဆွဲလိုက်သည်။

လင်းစီဘိုသည် အံ့သြသွားသည်။

"ဒါက ဘာအဓိပ္ပာယ်လဲ"

ယန်ရှီသည် ကတ်ကို လက်နှစ်ချောင်းကြားတွင် ညှပ်ကာ သူ့အား လှောင်ရယ်ကာ ကြည့်နေသည်။

“လင်းစီဘို ငါတို့ကမသက်ဆိုင်တော့ဘူး၊ နင်ငါ့ဆီကငွေလိုချင်ရင် IOU လက်မှတ်ထိုးရလိမ့်မယ်၊ ဒါမှ နင့်မိဘတွေဆီကနေ ဘဏ်အတိုးနှုန်းနဲ့ နောက်ကျရင် ငါပြန်ယူလို့ရမှာလေ”

All Chapters