Chapter 103
Vol. 11 Ch. 103
ယန်ရှီ စကားပြောပြီးသည်နှင့် လင်းကျီသည် အကြွေးစာချုပ်ကို လက်ထဲတွင်ကိုင်၍ ရှေ့သို့ လှမ်းလာခဲ့သည်။
လင်းစီဘိုက လုံးဝ တွေဝေသွားခဲ့သည်။
"မင်းတကယ် ငါ့ကို ပြန်ဆပ်ခိုင်းနေတာလား၊ ငါတို့ လင်းမိသားစုက မင်းအပေါ် ဘယ်လောက်အားစိုက်ခဲ့ရလဲ မင်းကို ဘယ်နှစ်နှစ်တောင် ပြုစုပျိုးထောင်ခဲ့ရလဲ၊ မင်း အဲအကြောင်းတွေ အားလုံးကို မေ့ပစ်လိုက်တာလား"
ယန်ရှီသည် အေးဆေးစွာ ပြန်ဖြေသည်။
"ရှင်တို့ ကျွန်မအပေါ် ရင်းနှီးမြှုပ်နှံထားတာ အားလုံးကို ကျွန်မ ပြန်ဆပ်ခဲ့ပြီးပြီ"
"ပေါက်ကရတွေ!" ဟု လင်းစီဘိုက ဆဲဆိုလိုက်သည်။
"ဒီလောက်နည်းတဲ့ တစ်ဆယ်မီလီယမ်က ဘာမှမဟုတ်ဘူး ဆယ့်ငါးနှစ် ငါးနှစ်တောင် တစ်ဆယ်မီလီယမ်ထက် ပိုကုန်ဦးမယ်၊ မားနဲ့ပါးက အဲပမာဏလောက်နဲ့ မင်းနဲ့ ဆက်ဆံရေး ဖြတ်ဖို့ သဘောတူခဲ့တာ ကရုဏာသက်တာပဲ၊ ငါတို့မိသားစုရဲ့ အကြွေးကို မင်းဆပ်ခဲ့ပြီးပြီလို့ ဘယ်လိုတောင် ပြောရဲတာလဲ"
"မင်းက ကျေးဇူးမသိတတ်တဲ့ မိန်းမပဲ၊ ယဉ်ပါးအောင်လုပ်လို့မရတဲ့ ဝံပုလွေတစ်ကောင်ပဲ"
လင်းစီဘိုသည် အလွန် ဒေါသထွက်နေပြီး ယန်ရှီကို ရိုက်ချင်ခဲ့သော်လည်း သူ၏ လက်ကို မြှောက်လိုက်သည်နှင့် သန်မာသော လက်တစ်ဖက်က သူ၏ လက်ကို ရုတ်တရက် ဆွဲတားလိုက်သည်။ထို့နောက် သူ၏ မျက်နှာအား ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ရိုက်ချက်ကြောင့် လင်းစီဘိုက တွေဝေသွားသည်။
သူ မော့ကြည့်လိုက်သည့်အခါ လမင်းကဲ့သို့ အေးစက်ကာ ထိတွေ့၍ မရနိုင်သော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။
လုဝမ်နင်းသည် ဓားသွားကဲ့သို့ ထက်မြက်သည်။ သူမသည် လုပ်ငန်းရှင်ကြီးများကိုတောင် သနားညှာတာခြင်း မရှိပေ။လင်းစီဘိုကဲ့သို့ လူတစ်ဦးကိုဆိုလျှင် ပြောစရာပင် မလိုတော့ပေ။
အပ်များကဲ့သို့ ချွန်ထက်သည့် ဒေါက်ဖိနပ်များကိုစီးကာ သူ၏ ရှေ့တွင် ရပ်၍ သူမက ပြောလိုက်သည်။
"လင်းမိသားစုကသာ ယန်ရှီကို ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့ရင် ရှင်တို့နဲ့ အဆက်ဖြတ်ဖို့အတွက် ကျုံချင်းယွီရဲ့ မိသားစုဆီကနေ တစ်ဆယ်မီလီယမ် ချေးဖို့လိုပါ့မလား၊ ဦးနှောက်လေး သုံးစမ်းပါ အရူးကောင်ရဲ့!"
လင်းစီဘိုက ခေါင်းမာစွာ ပြန်ပြောသည်။
"ငါ့ရဲ့ အသုံးစရိတ်ကို တွက်ကြည့်ပြီးပြီ၊ တစ်ဆယ်မီလီယမ်က ဘယ်လိုမှ မလုံလောက်ဘူး”
ယန်ရှီက အေးဆေးတည်ငြိမ်စွာ ပြန်ပြောသည်။
"ရှင်ပဲ မလောက်တာ၊ လင်းပါးပါးက ကျွန်မတို့ကို အသုံးစရိတ်အတူတူ ပေးခဲ့ပေမဲ့ မဒမ်လင်းက ကျွန်မရဲ့ အသုံးစရိတ်ကို ရှင့်ကို ပေးခဲ့တာ"
"ကျွန်မ လင်းမိသားစုနဲ့ အဆက်သွယ်ဖြတ်ခဲ့တုန်းက ကျွန်မရဲ့ အရင်ကုန်ကျစရိတ်အားလုံးကို စာရင်းကိုင်နဲ့ စာရင်းလုပ်ခဲ့တယ်၊ တစ်ဆယ်မီလီယမ်က လိုတာထက်တောင် ပိုနေသေးတယ်"
သာမန်မိသားစုတစ်စုအတွက် ငွေသည် အရာအားလုံးကို ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ပေ၊ မိဘမေတ္တာလည်း ရှိသေးသည်။ သို့သော် လင်းပါးပါးက လျစ်လျူရှုကာ မဒမ်လင်းသည် မိထွေးဖြစ်သောကြောင့် ယန်ရှီကို ချစ်ခင်ကြင်နာခြင်းမရှိပဲ အစေခံများ၏ ဂရုစိုက်မှုအောက်တွင် ထားခဲ့သည်။
ထို့ကြောင့် လင်းမိသားစု၏ ယန်ရှီအပေါ်ထားရှိသည့် "ဂရုစိုက်မှု" ဆိုသည်မှာ အမှန်ပင် ငွေသားဖြင့် တိုင်းတာနိုင်သည်။
"ဒါ... ဒါက မင်း တစ်ဖက်သတ်ပြောတာပဲ"
လင်းစီဘိုက အော်ဟစ်လိုက်သည်။
"ဒါ လုံးဝ မလောက်ဘူး"
လုဝမ်နင်းက လှောင်ပြောင်လိုက်သည်။
"မလောက်ခဲ့ဘူးဆိုရင်လည်း ရှင့်အဖေရဲ့ပိုက်ဆံတွေ အလဟဿဖြစ်သွားတာပဲ၊ ရှင့်မှာ ဘာမှ ပြောပိုင်ခွင့်မရှိဘူး"
လုဝမ်နင်းသည် ယန်ရှီ၌ ချမ်းသာသော အမွေဆက်ခံသူတစ်ဦးအတွက် မျှော်လင့်ထားသည့် အခြေခံ အပြုအမူများပင် မရှိသည်ကို သတိထားမိခဲ့သည်မှာ ကြာမြင့်ခဲ့လေ၏။ ဥပမာ လူငယ်အထက်တန်းလွှာအများစု ကျွမ်းကျင်သည့် Ballroom အကကဲ့သို့ပင်။ ထိုကြောင့် ယန်ရှီသည် ကျုံချင်းယွီ၏ မွေးနေ့ပွဲ၌ မကခဲ့ခြင်း ဖြစ်သည်။
သင့်လျော်သော အမွေဆက်ခံသူတစ်ဦးကို ပြုစုပျိုးထောင်ခြင်းသည် ပညာရေးကိုသာမက ခန္ဓာကိုယ်ကျော့ရှင်းမှု၊ အကနှင့် အနုပညာနယ်ပယ်များတွင်ပါ ပြည့်ပြည့်စုံစုံ လေ့ကျင့်ပေးရန် လိုအပ်သည်။
သို့သော် ယန်ရှီသည် အမြဲလိုလို ခန္ဓာကိုယ်အားနည်းပြီး အနုပညာအတွက် အရည်အချင်းမရှိခဲ့ပေ။ သူမ၏ ပညာရေးကသာ ထူးခြားမှုရှိခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ပညာရေးသည် ဆင်းရဲသားများအတွက် တက်လှမ်းရန် တစ်ခုတည်းသော လှေကား ဖြစ်သောကြောင့်ဖြစ်သည်။
ချမ်းသာသော အမွေဆက်ခံသူတစ်ဦးသည် ပညာရေးနှင့် ဉာဏ်ရည်ဉာဏ်သွေးတွင်သာ ထူးချွန်လျှင် ၎င်းကို "ကောင်းစွာ ပြုစုပျိုးထောင်ခြင်း" ဟု တကယ်ပင် ခေါ်ဆိုနိုင်ပါမည်လော။
လင်းစီဘိုက နောက်ဆုတ်ခြင်းမရှိသေးပေ။ သို့သော် လုဝမ်နင်းသည် လူယုတ်မာများအတွက် သည်းခံစိတ်မရှိခဲ့ပေ။ နောက်ထပ်စကား တစ်ခွန်းပင် မပြောနိုင်မီ လုဝမ်နင်းသည် လင်းစီဘိုကို အားမထုတ်ရပဲ ချုပ်လိုက်သည်။
ယန်ရှီ တုန်လှုပ်သွားသည်။
လုဝမ်နင်းသည် တိကျစွာ လှုပ်ရှားခဲ့သောကြောင့် ခဏတာမျှ အက်ရှင်ဇာတ်ကားတစ်ကားကို ကြည့်နေရသကဲ့သို့ ခံစားခဲ့ရသည်။
လုဝမ်နင်းက သူမ၏ လက်ကောက်ဝတ်များကို ပေါ့ပါးစွာ ဆန့်ထုတ်လိုက်သည်။
“ကိုယ်ခံပညာ လေ့ကျင့်ထားတာ ဒီလောက်က ဘာမှမဟုတ်ဘူး"
နောက်ပိုင်းတွင် လုံခြုံရေးသည် လင်းစီဘိုကို ရှင်းယောင်တာဝါမှ ခေါ်ထုတ်သွားသည်။
လင်းစီဘို မထွက်ခွာမီ ယန်ရှီက သူ့ကို နောက်ဆုံးသတိပေးစကား ပါးလိုက်သည်။
"လင်းမိသားစု ဒေဝါလီခံတာ မလိုချင်ရင် ကျွန်မကို ထပ်ပြီး လာမရှာနဲ့တော့"
ယန်ရှီကို ဆယ့်ငါးနှစ်ကြာ နင်းခြေခဲ့သောကြောင့် လင်းစီဘိုက ယန်ရှီကို မကြောက် သော်လည်း လုဝမ်နင်းကိုတော့ ကြောက်သည်၊၊ လင်းမိသားစု ပျက်စီးမည်ကို ကြောက်သည်။ ထို့ကြောင့် သူသည် ခြေထောက်နှစ်ချောင်းကြား အမြီးကုပ်၍ ပြေးလေတော့သည်။
ဧည့်ခန်းထဲသို့ ပြန်ရောက်သောအခါ ယန်ရှီသည် ရေဘူးတစ်ဘူးကို လုဝမ်နင်းအား ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ ဥက္ကဌလု"
လုဝမ်နင်းက ပခုံးတွန့်လိုက်သည်။
"ကိစ္စမရှိပါဘူး၊ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့အတွက် စိတ်ဝင်စားရင် ကျွန်မဆရာကို ညွှန်းပေးလို့ရတယ်၊ အမျိုးသမီးတွေအတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိထားတာ ကောင်းတယ်"
ယန်ရှီက ခေတ္တစဉ်းစားလိုက်သည်။ သူမသည် သူမ၏ ကျန်းမာရေးကို အမြဲ လစ်လျူရှုခဲ့သည်။ မဒမ်လင်းက ဂရုမစိုက်ခဲ့သည့်တိုင် သူမ၏ နောက်ပိုင်း ပညာသင်ကြားမှုများကလည်း ရုပ်ပိုင်းဆိုင်ရာ အားစိုက်မှုများစွာ မလိုအပ်ပေ။
သို့သော် ကျုံချင်းယွီနှင့် ရုပ်သံအစီအစဉ်တစ်ခု ရိုက်ကူးပြီးနောက် သူမ၏ ကိုယ်ခံအား မည်မျှညံ့ဖျင်းသည်ကို ယန်ရှီ သဘောပေါက်ခဲ့သည်။
ယန်ရှီက ခေါင်းငြိမ့်လိုက်သည်။
"ကျွန်မ စဉ်းစားကြည့်ပါဦးမယ်"
သူတို့နှစ်ဦး စကားအနည်းငယ် ထပ်ပြော၍ စာချုပ်ကို အပြီးသတ်ကာ ယန်ရှီသည် လုဝမ်နင်းကို လိုက်ပို့ပေးသည်။
DNA စစ်ဆေးမှုအကြောင်းကို မည်သို့ပြန်ပြောရမည်ကို သူမ မသိသေးသော်လည်း ယခုအချိန်တွင် သူတို့၏ လက်ရှိဆက်ဆံရေးကို ဆက်ထိန်းထားခြင်းသည် မဆိုးလှဟု ထင်ရသည်။
လုဝမ်နင်းသည် ရှင်းယောင်တာဝါမှ ထွက်ခွာသွားပြီး ယန်ရှီသည် သူမ၏ ရုံးခန်းသို့ ပြန်လာခဲ့ကာ နှစ်ဦးသား လမ်းခွဲခဲ့ကြသည်။
မည်သူမျှ သတိမထားမိသော ထောင့်တစ်နေရာ၌ တစ်စုံတစ်ဦးက ပစ်ထားသော ရေဘူးကို ကောက်ယူလိုက်သည်။
လုဝမ်နင်းသည် ကားပေါ်တွင် မျက်လုံးများကို မှိတ်၍ အနားယူသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် တံခါးပွင့်လာကာ လုဝမ်နင်း၏ လက်ထောက် တက်လာ၍ သူမဘေးတွင် ဝင်ထိုင်သည်။
သူမ၏ လက်ထဲတွင် ရေဘူးနှစ်ဘူး ပါလာသည်၊၊ ၎င်းတို့သည် လုဝမ်နင်းနှင့် ယန်ရှီတို့ အစောက သောက်ခဲ့သော ဘူးများဖြစ်သည်။
"ဥက္ကဌလု၊ ကျွန်မ ယန်ရှီရဲ့ DNA ကို ယူခဲ့ပါပြီ ဒီဘူးနှစ်ဘူးထဲက တစ်ဘူးက ဥက္ကဌလုရဲ့ဟာ ဖြစ်ပြီး ကျန်တစ်ဘူးက ယန်ရှီဟာပါ"
လုဝမ်နင်းသည် ဘူးများကို စိုက်ကြည့်နေသည်။
"စစ်ဆေးဖို့ ပို့လိုက်"
မည်သို့ပင်ဖြစ်စေ သူမ နောက်တစ်ကြိမ် ထပ်၍ကြိုးစားရမည်။
ယန်ရှီက သူမ၏ ရုံးခန်းသို့ ပြန်လာသည်။ ယနေ့ ရှင်းယောင်တွင် အဖြစ်အပျက်များစွာရှိခဲ့သည်။ လုဝမ်နင်း၏ လာရောက်လည်ပတ်ခြင်း၊ လင်းစီဘို၏ ဒေါသထွက်ပေါက်ကွဲခြင်း၊ ယခု လင်းရန်ရန်က တောင်းပန်ရန် ရောက်လာခြင်းပင်။
လင်းရန်ရန်သည် ကျုံယန်စီကို အမှန်ပင် ကြောက်ရွံ့ခဲ့သည်။
လင်းရန်ရန်သည် လင်းစီဘို၏ လုပ်ရပ်များကြောင့် သူမကို အပြစ်တင်မည်ကိုပင် ပို၍ကြောက်နေမိသည်။ လင်းနှင့်ချူမိသားစုများက ရှေ့ဆောင်နမူနာများဖြစ်၍ သူမသည် အန္တရာယ်များအတွက် မစွန့်စားဝံ့ချေ။
အစည်းအဝေးခန်းထဲတွင် ယန်ရှီ ထိုင်ခုံ၌ မထိုင်ရသေးခင် လင်းရန်ရန်က စိုးရိမ်တကြီး ထရပ်လိုက်သည်။
"ယန်ရှီ၊ လင်းစီဘို နင့်ကို လာတွေ့တယ်ဆိုတာ ငါသိတယ် ဒါပေမဲ့ ငါနဲ့ ဘာမှမဆိုင်ဘူးဆိုတာ ငါကျိန်ဆိုရဲတယ်"
ယန်ရှီက လက်ဖြင့် ဟန့်တားလိုက်သည်။
"နင် အဲစကားကို ပြောပြီးပြီ ငါ နင့်ကို အပြစ်မတင်ပါဘူး"
လင်းရန်ရန်က သက်ပြင်းချကာ စိတ်သက်သာရာရသွားသည်။
သို့သော် သူမ၏ စိုးရိမ်မှုသည် ပိုမိုနက်ရှိုင်းလာခဲ့သည်။ ယန်ရှီက သူမကို အပြစ်မတင်ဘူးဆိုလျှင် လင်းစီဘိုကို ပစ်မှတ်ထားသည်ဟု ဆိုလိုပါခြင်းလား။
ကျုံယန်စီသည် လင်းမိသားစုကို ထပ်မံထိပါးတော့မည်လော။
လင်းမိသားစုတွင် သူမ၏ ရှယ်ယာလည်း ပါဝင်သည်။
"လင်းရန်ရန်၊ နင် ဒီကိုရောက်နေတုန်း နင် သိထားသင့်တဲ့ကိစ္စတစ်ခုရှိတယ်"
ယန်ရှီက လက်ဖြောက်တီးလိုက်သည်နှင့် လင်းကျီသည် စာရွက်စာတမ်းတစ်ခုကို ယူလာပေးသည်။ ယန်ရှီသည် စာရွက်ကို စားပွဲတစ်လျှောက် တွန်းပို့လိုက်သည်။
"ဒါက ဘာလဲ"
လင်းရန်ရန်သည် စာရွက်ကို ဖွင့်ကြည့်သည်။
"လင်းစီဘို သူ့အသက်ကို ပြောင်းလဲခဲ့တယ်ဆိုတဲ့ အထောက်အထားပဲ"
"သူ့အသက်ကို ပြောင်းလဲခဲ့တယ်"
လင်းရန်ရန်က ဇဝေဇဝါဖြစ်သွားသည်။ လင်းစီဘိုက ၁၈ နှစ်သာ ရှိသေးသည်။အဘယ်ကြောင့် သူ့အသက်ကို ပြောင်းလဲရန် လိုအပ်သနည်း။
ခဏလေး၊ ယန်ရှီက ဒီလို အသေးအမွှားတဲ့ကိစ္စကို ဘာကြောင့် သူမကို ပြောပြဖို့ စိတ်ဝင်စားရတာလဲ။
ယန်ရှီက ရှင်းပြလိုက်သည်။
“သူ့မှတ်ပုံတင်မှာ သူက ၁၈ နှစ်လို့ ဖော်ပြထားပေမဲ့ တကယ်တမ်း သူက နှစ်ဆယ်၊ ငါတို့ထက် တစ်လကြီးတယ်"
လင်းရန်ရန်၏ မျက်နှာက ဗလာဖြစ်သွားသည်။ နှစ်စက္ကန့်ကြာပြီးနောက် သဘောပေါက်သွားသည်။
လင်းစီဘိုက သူမနှင့် ယန်ရှီထက် ဘယ်လိုလုပ် အသက်ကြီးနိုင်မှာလဲ။ မဒမ်လင်းသည် လင်းပါးပါး၏ ဒုတိယဇနီး ဖြစ်သည်။
လင်းစီဘိုက သူတို့ထက် အသက်ကြီးနေသည်ဆိုလျှင် လင်းပါးပါးသည် သူတို့၏ မိခင် မဆုံးခင်အချိန်ကတည်းက မဒမ်လင်းနှင့် ပတ်သက်မှုရှိခဲ့သည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။
လင်းရန်ရန်၏ လက်များသည် စာရွက်ကို ဆုပ်ကိုင်ထားရင်း တုန်ယင်နေခဲ့သည်။
လင်းရန်ရန်သည် သူမ၏ ကွယ်လွန်သွားသည့်မိခင်ကို တစ်ခါမှ မတွေ့ဖူးသော်လည်း သူမ၏စိတ်နှလုံးက နာကျင်နေသည်။
လင်းရန်ရန်၏ တုန်လှုပ်မှုကို မြင်သည့်အခါတွင် အသက်ကွာဟမှု၏ အဓိပ္ပာယ်ကို သူမ နားလည်သွားပြီဖြစ်ကြောင်း ယန်ရှီ သိလိုက်သည်။
"ဒီအကြောင်းကို ငါသိထားတာ ကြာပြီ" ဟု ယန်ရှီက ပြောသည်။
"ကလေးလေးတစ်ယောက်က မိသားစုထဲ ရုတ်တရက် ရောက်လာတယ်၊ ငါ့ထက် နှစ်နှစ်ငယ်ပေမဲ့ ကလေးဘဝ ငါ့အရွယ်လောက်ပဲ ငါက အရူးမှမဟုတ်တာ၊ တစ်ခုခုမှားနေတယ်ဆိုတာ ငါ ဘယ်လိုလုပ် မသိပဲနေမလဲ"
"ဒါပေမဲ့ လင်းပါးပါးနဲ့ မဒမ်လင်းက ငါ မှတ်မိဖို့အတွက် အရမ်းငယ်သေးတယ်လို့ ထင်ခဲ့ကြတာ"
အထက်တန်းလွှာအသိုင်းအဝိုင်းတွင် ကြီးပြင်းလာခဲ့သည့် ယန်ရှီသည် ရှုပ်ထွေးသော မိသားစုကိစ္စမျိုးစုံကို ကြုံတွေ့ခဲ့ဖူးသည်။
လင်းပါးပါးသည် မဒမ်လင်းနှင့် စောစီးစွာ ပတ်သက်မှုရှိခဲ့ကြောင်းနှင့် လင်းစီဘိုသည် တရားမဝင်မွေးဖွားသည့် ကလေးဖြစ်ကြောင်း ဖုံးကွယ်ရန် သူ၏ အသက်ကိုပါ ပြောင်းလဲခဲ့ကြောင်းကို ယန်ရှီက လျင်မြန်စွာ သဘောပေါက်ခဲ့သည်။
သူ၏ မိဘများက အလိုလိုက်ထားသော လင်းစီဘိုသည် ယန်ရှီကို နိုင်ထက်စီးနင်းပြုလုပ်ရန် အခွင့်အရေးတိုင်းကို ယူခဲ့သည်။
လင်းစီဘိုသည် ယန်ရှီ၏အသုံးစရိတ်ကို ခိုးယူသည်၊ သူ့အိမ်စာကို လုပ်ခိုင်းသည်၊ ထို့နောက် အတန်းပျက်ပြီး အပြင်ထွက်ဆော့သည့်အခါတိုင်း သူမကို ကာပေးခိုင်းသည်။
ယန်ရှီသည် အားလုံးကို လိုက်နာခဲ့ရသည်။
မဒမ်လင်းက ယန်ရှီကို ပေါ့ပျက်ပျက်လူ တစ်ယောက်ဖြစ်လာရန် သိမ်မွေ့သောနည်းဖြင့် တွန်းအားပေးခဲ့သည်၊၊ ထိုကြောင့် ယန်ရှီသည်လည်း လိုက်လျောခဲ့ပြီး လင်းစီဘိုကို အသုံးမကျသည့် ပေါ်ကြော့ လူချမ်းသာ တစ်ယောက် ဖြစ်လာစေရန် လွှတ်ပေးထားခဲ့သည်။
ကလေးဘဝကတည်းက လင်းစီဘို၏ အိမ်စာများအားလုံးကို ယန်ရှီက လုပ်ပေးခဲ့သည်။
သူ ကျောင်းပျက်၍ ဂိမ်းကစားသည်၊ ဆေးလိပ်သောက်သည်၊ အရက်သောက်သည် သို့မဟုတ် ပြဿနာရှာသည့်အခါတိုင်း သူမက သူ့အတွက် ကာပေးခဲ့ရသည်။
လင်းပါးပါးနှင့် မဒမ်လင်းသည် သူတို့၏သားကား ထူးချွန်သည်ဟုပင် ယုံကြည်ခဲ့ကြသည်။
ဖြည်းဖြည်း မှန်မှန်ဖြင့် လင်းစီဘိုသည် ပေါ့ပေါ့ပျက်ပျက်လုပ်ရုံမှတစ်ပါး အသုံးမကျတော့ချေ။
ယန်ရှီသည် ဤအရာအားလုံးကို သူမ၏ ကိုယ်ကျိုးအတွက် ဖန်တီးခဲ့သည်။ လင်းပါးပါးသည် သမီးများကို ဘက်လိုက်ခြင်းမရှိ၊၊ ထို့အပြင် လင်းစီဘိုတစ်ယောက် မိသားစုလုပ်ငန်းထဲသို့ ဝင်ရောက်သည်နှင့် သူ၏အရည်အချင်းမရှိမှုများ ပေါ်ပေါက်လာလိမ့်မည်ဟု သူမ ယုံကြည်ထားသည်။ မဒမ်လင်းက ကန့်ကွက်လျှင်ပင် လင်းမိသားစုသည် နောက်ဆုံး၌ ယန်ရှီ၏ လက်ထဲသို့ ရောက်ရှိလာလိမ့်မည်။
သို့သော် ယန်ရှီသည် မဒမ်လင်း၏ ဆန့်ကျင်ဖက် လုပ်ရပ်ကို ကြိုတင်မသိခဲ့ပေ။
လင်းစီဘိုသည် ယန်ရှီကို မကျော်လွန်နိုင်ကြောင်း သဘောပေါက်သည့်အခါတွင် မဒမ်လင်းသည် လင်းမိသားစု၏ အမွေဆက်ခံသူအစစ်ကို ပြန်ခေါ်လာခဲ့သည်။
မကျေမချမ်းဖြစ်နေသော ကလေးထိန်းတစ်ဦးက ကလေးများကို လဲလှယ်ခဲ့သည်ဆိုသော ကောလာဟလများနှင့် ဆန့်ကျင်ကာ တကယ်တမ်း၌ မဒမ်လင်းက လဲလှယ်မှုကို စီစဉ်ခဲ့ခြင်း ဖြစ်သည်။
မဒမ်လင်းသည် လင်းအမွေဆက်ခံသူမှာ မိဘမဲ့ဂေဟာတွင် ရှိနေသည်ဟု အမြဲသိခဲ့သည်။ သူမသည် လင်းရန်ရန်အား ပြန်လာစေရန် မရည်ရွယ်ခဲ့ပေ။ သို့သော် ယန်ရှီသည် အရည်အချင်းလွန်ကဲ၍ လင်းစီဘိုထံမှ အရာအားလုံးကို မလွဲမသွေ ယူသွားလိမ့်မည်။
ရွေးချယ်စရာမရှိသည့်အတွက် မဒမ်လင်းသည် လင်းရန်ရန်ကို ပြန်ခေါ်ခဲ့သည်။
ယန်ရှီ၏ ဖော်ထုတ်မှုများကို ကြားလိုက်ရသည့်အခါ လင်းရန်ရန်သည် စကားမပြောနိုင်ပင်ဖြစ်သွားသည်။
သူမသည် ကလေးထိန်းက လဲလှယ်ခဲ့ခြင်းဖြစ်သည်ဟု ရိုးအ,စွာ ယုံကြည်ခဲ့သည်။ သို့သော် အစကတည်းက မဒမ်လင်းဖြစ်နေခဲ့သည်။
သူမ၏ ဆင်းရဲဒုက္ခ ကြုံတွေ့ခဲ့ရသည့် ဘဝတစ်ခုလုံးကို မဒမ်လင်းက ဖန်တီးခဲ့ခြင်းပင်
"နင် ဘာလို့ ငါ့ကို ဒါတွေပြောပြနေတာလဲ"
လင်းရန်ရန်သည် အသံတုန်ယင်စွာဖြင့် မေးသည်။
"လဲလှယ်ခဲ့တဲ့ အမွေဆက်ခံသူကိစ္စမှာ ငါတို့နှစ်ယောက်စလုံးက သားကောင်တွေပဲ"
ယန်ရှီက အေးဆေးစွာ ပြန်ပြောသည်။
"ငါ လင်းမိသားစုက ထွက်ခဲ့ပြီးပြီဆိုတော့ သူတို့ကိစ္စတွေက ငါနဲ့ မဆိုင်တော့ဘူး၊ ဒါပေမဲ့ ဒီနေ့နင့်ဖက်က ငါ့ကို သတိပေးခဲ့လို့ နင်လည်း အမှန်တရားကို သိထိုက်တယ်လို့ ငါထင်တယ်"
"နင် ငါ့ကို မကြိုက်ဘူးဆိုတာ ငါသိသလို ငါလည်း နင်ကို အထူးတလည် သဘောမကျပါဘူး၊ ဒါပေမဲ့ တစ်စုံတစ်ယောက်က လင်းမိသားစုကို ထိန်းချုပ်ရမယ်ဆိုရင် ငါကတော့ နင့်ပဲ ဖြစ်စေချင်တယ်"
လင်းရန်ရန်သည် မူးဝေစွာဖြင့် ရှင်းယောင်မှ ထွက်သွားသည်။
သူမသည် အရာအားလုံးကို နားလည်ရန် အချိန်လိုအပ်သည်၊ ဖခင်၏သစ္စာဖောက်မှု၊ မိထွေး၏ အကွက်ချစီမံမှုများ၊ အသုံးမကျသည့်သူမ၏အစ်ကို။
မျက်စိလည်စရာကောင်းကာ ဖိစီးနေသည့်အတွက် ယန်ရှီ၏ သည်းခံခြင်းကို အတုယူခြင်းသည် လင်းမိသားစု၏ ပိုင်ဆိုင်မှုအား ပြန်လည်ရယူရန်နှင့် လက်စားချေရန်အတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်ကြောင်းကို လင်းရန်ရန်ကား သဘောပေါက်ခဲ့သည်။
ရှင်းယောင်၏ မြင့်မားသည့်ပြတင်းပေါက်မှ ယန်ရှီသည် လင်းရန်ရန် ထွက်ခွာသွားသည်ကို ကြည့်နေသည်။
သူမ၏ System ပေါ်လာသည်။
[Host မင်း လင်းရန်ရန်ကို တကယ် ပြောပြလိုက်မယ်လို့ ငါထင်တောင် မထင်ထားဘူး]
"သူတို့ တစ်ယောက်ကိုတစ်ယောက် ဆုတ်ဖြဲပါစေ"
ယန်ရှီက ပခုံးတွန့်လိုက်သည်။
“ပြီးတော့ ငါပြောခဲ့တာလည်း တကယ်အမှန်တရားပဲ၊ တစ်စုံတစ်ယောက်ကသာ လင်းမိသားစုကို ထိန်းချုပ်ရတော့မယ်ဆိုရင် ငါတော့ လင်းရန်ရန်ကို ထိန်းချုပ်ရတဲ့လူ ပိုပြီးဖြစ်စေချင်တယ်"
လင်းရန်ရန်သည် စိတ်အနှောင့်အယှက် ဖြစ်ဖွယ်ကောင်းပြီး ပြဿနာရှာရသည်ကို ကြိုက်သော်လည်း သူမ၏ အဆိုးဆုံးလုပ်ရပ်မှာ ကလေး လဲခဲ့သည့် အမွေဆက်ခံသူ အရှုပ်တော်ပုံကို ဖော်ထုတ်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။
လင်းပါးပါး၏ သစ္စာဖောက်မှု၊ မဒမ်လင်း၏ ကလေးလဲလှယ်မှုတို့နှင့် နှိုင်းယှဉ်လျှင် ထိုနှစ်ဦးက ပို၍ရွံမုန်းစရာကောင်းသည်။
လင်းရန်ရန်သာ သူတို့ကို အနိုင်ရင်လည်း ရှိပါစေတော့။
[လင်းမိသားစုက တကယ် သနားစရာပဲ နန်းတွင်းဇာတ်လမ်းထဲမှာဆိုရင် သုံးပိုင်းတောင် ကြာကြာမခံနိုင်ဘူး]
System က ၎င်း၏လျှာကို နှုတ်ခမ်းဖျားတွင် သပ်လိုက်သည်။
[ဒါပေမဲ့ Host မင်းကိုလည်း ကစားခဲ့တယ်ဆိုတာကို မင်း စဉ်းစားမိလား]
ယန်ရှီက ဇဝေဇဝါဖြင့် ခေတ္တရပ်တန့်သွားသည်။
[လုဝမ်နင်းရဲ့ လက်ထောက်က မင်း သောက်ထားတဲ့ ရေဘူးကို တိတ်တိတ်လေး ယူသွားတာကို ငါခုနကပဲ တွေ့လိုက်တယ်၊ သူ ရောက်လာတာက ကူညီဖို့ တစ်ခုတည်းအတွက် မဟုတ်ဘူး၊ သူ မင်းရဲ့ DNA ကို လိုချင်တာ]
[သူတို့ရဲ့ တကယ့်ရည်ရွယ်ချက်က မင်းဆီကနေ နမူနာတစ်ခုရဖို့ပဲ ဖြစ်ပုံရတယ်]
ယန်ရှီက မျက်မှောင်ကြုတ်လိုက်သည်။
"လုဝမ်နင်းက ဘာလို့ ရုတ်တရက် ငါ့ရဲ့ DNA ကို လိုချင်ရတာလဲ"
ထို့နောက် သဘောပေါက်သွားသည်။
"ငါ သွေးနမူနာတွေ လဲခဲ့တာကို သူ သိနေတာလား"
[မသိဘူး]
System သည်လည်း အလားတူပင် ဇဝေဇဝါဖြစ်သွားသည်။
[သူ့ရဲ့ လက်ထောက်က မင်းရဲ့ ရေဘူးကို အမှိုက်ပုံးထဲမှာ ရှာနေတာကို ငါ ခုနကပဲ သတိထားမိတာ မသင်္ကာလို့ စစ်ဆေးကြည့်လိုက်တာ]
နောက်ခံဇာတ်ရုပ်စနစ်အနေဖြင့် ၎င်းသည် လူအများမြင်နိုင်သည့် စောင့်ကြည့်ကင်မရာဖိုင်များကိုသာ ဝင်ရောက်ကြည့်ရှုနိုင်သည်။ အတိတ်ဖြစ်ရပ်များကို မဟုတ်ပေ။
ယန်ရှီသည် တွန့်ဆုတ်ခြင်းမရှိ၊ အန်တီကျန်းကို ဖုန်းခေါ်လိုက်သည်။
အခြားတစ်ဖက်တွင် အန်တီကျန်းသည် ကျုံပါးပါးနှင့်အတူ ထိုက်ချီလေ့ကျင့်နေခဲ့သည်။
အနောက်မှ စီးဆင်းနေသည့် ရေကျသံနှင့် ငြိမ်းချမ်းငြိမ့်ညောင်းသောဂီတသံများ ထွက်ပေါ်နေသည်။
"ရှောင်ရှီ! အိုး ဟုတ်တယ်၊ ငါ မနေ့က ဆေးရုံကိုသွားခဲ့တယ်၊ ငါတို့ စစ်ဆေးမှုတွေလုပ်ခဲ့တဲ့ ဆေးရုံပဲ သူတို့က ငါ့ရဲ့စစ်ဆေးမှုရလဒ်တွေက ပုံမှန်မဟုတ်ဘူးလို့ ပြောပြီး ပြန်စစ်ခိုင်းတယ်"
"သူတို့ ရှင့်ကို သီးသန့်တစ်ခုခု လုပ်ခိုင်းသေးလား"
ယန်ရှီက ဖိ၍မေးသည်။
"သွေးနည်းနည်းပဲ ဖောက်တာ ဘာလို့လဲ"
"ဘာမှမဟုတ်ပါဘူး ကျေးဇူးနော် အန်တီကျန်း"
ဖုန်းချလိုက်ပြီးနောက် ယန်ရှီသည် အမှန်တရားကို သိလိုက်သည်။ လုမိသားစုသည် အန်တီကျန်း၏ သွေးနမူနာကို ဖော်ထုတ်နိုင်ခဲ့သည်။
[Host ဒီလိုဖြစ်လာမှာပဲ နောက်ဆုံးမှာတော့ သူတို့ သိသွားကြမှာ]
[ဇာတ်ကွက်က မင်းရဲ့ ကွက်လပ်ကို သတိထားမိပုံရတယ်၊ သူတို့ ပြန်စစ်ဆေးတဲ့အခါ နမူနာက တိုက်ဆိုင်မှုမရှိဘူးဆိုတာကို သူတို့ သဘောပေါက်သွားလိမ့်မယ် ပထမရလဒ်က အမှားပဲ]
ယန်ရှီသည် ဤအရာကို မျှော်လင့်ခဲ့ပြီးဖြစ်သည်။ သူမသည် လုမိသားစု၏ ဒရာမာနှင့် ဇာတ်ညွှန်းထဲတွင် ရေးထားသည့် ကံကြမ္မာတို့ကို ရှောင်ရှားရန်အတွက်သာ နမူနာများကို လဲလှယ်ခဲ့ခြင်းဖြစ်သည်။ ထိုလှည့်စားမှုသည် ထာဝရတည်မြဲလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးခဲ့ပေ။
"ဒါပေမဲ့ လုမိသားစုက အန်တီကျန်းကို တိတိကျကျဖော်ထုတ်နိုင်ခဲ့ရင် ငါတို့ လာဘ်ထိုးခဲ့တဲ့ ဆရာဝန်ကိုလည်း သူတို့ ခြေရာခံမိမှာပဲ၊ ငါက နမူနာတွေ လဲခဲ့တဲ့သူမှန်း သူတို့သိနေပြီ"
[မှန်တယ်! သူတို့ သေချာပေါက် သိသွားပြီ!]
"လုမိသားစုက ငါသာ စစ်ဆေးမှုမှာ လှည့်စားခဲ့တာကို သိရင် ဘာလို့ ငါ့ကို တိုက်ရိုက်မရင်ဆိုင်တာလဲ၊ ဘာလို့ ငါ့ရဲ့ DNA ကို လျှို့ဝှက်စုဆောင်းနေတာလဲ"
ထိုအချက်က ယန်ရှီကို ရှုပ်ထွေးစေသည်။
ယန်ရှီ၏ DNA ကို ရယူခြင်းသည် ပြန်စစ်ဆေးရန်အတွက် ဖြစ်နိုင်သည်။ သူမသည် လုပေယွီ၏ စိတ်ပျက်အားငယ်ခြင်းကို ရှောင်ရှားရန်အတွက် သူမ၏ မိသားစုအရင်းကို ရှာဖွေလိုခြင်းမရှိကြောင်း ပြောခဲ့သည်။
လုမိသားစုသည် သူမ၏ အထောက်အထားကို လျှို့ဝှက်စွာ အတည်ပြုရန် ကြိုးစားနေခြင်း ဖြစ်နိုင်သည်။
သို့သော် အဘယ်ကြောင့် လျှို့ဝှက်နေရသနည်း။
သူမ လှည့်စားခဲ့သည်ကို သူတို့သိလျှင် အဘယ်ကြောင့် အလိုက်တသင့်နေနေရသနည်း။
လုမိသားစုက ခွင့်လွှတ်တတ်သည်ဟု နာမည်ကြီးသည့် မိသားစုမျိုးမဟုတ်ပေ။
တစ်စုံတစ်ရာက ထူးဆန်းနေသည်ဟု ခံစားရသည်။
System ၏ ဦးနှောက်သည် လျှပ်စစ်ရှော့ခ်ဖြစ်လုနီးပါး ခံစားရသည်။
[လုမိသားစုက သွေးနမူနာက အန်တီကျန်းသာ ဖြစ်တယ်ဆိုတာကိုပဲ သိပြီး မင်း လဲလိုက်တယ်ဆိုတာကို သဘောမပေါက်တာ ဖြစ်နိုင်လား]
ယန်ရှီသည် ထိုအချိန်တုန်းက သူမကို သွေးနမူနာများ လဲလှယ်ရာတွင် ကူညီရန် လာဘ်ထိုးခဲ့သော ဆရာဝန်ကို ချက်ချင်းဆက်သွယ်လိုက်သည်။
ဆရာဝန်က ပြန်ဖြေသည်။
[လုမိသားစုက ဒီအကြောင်းကို ဘယ်လိုမှ မသိဘူး၊ ကျွန်တော့်ကိုလည်း လာမရှာဖူးဘူး]
[မစ္စယန်၊ တစ်ခုခု မှားနေလို့လား]
ယန်ရှီ: !!!
လုမိသားစုက ဤအကြောင်းကို တကယ်တမ်း မသိခဲ့ကြပေ။
သွေးနမူနာ တလွဲတချော်ဖြစ်မှုကို မတော်တဆဖြစ်တာလို့ သူတို့က ထင်နေတုန်းလား။
သူမ၏ စိတ်ထဲ၌ ရှုပ်ထွေးနေခဲ့သည်။
ယန်ရှီသည် အရာအားလုံးကို ဆက်စပ်ပေးနိုင်သည့် ပဟေဠိအစတစ်ခု ပျောက်ဆုံးနေသည်ဟု ခံစားရသည်။
မကြာမီပင် သူမ သဘောပေါက်သွားသည်။
"လုမိသားစုက သွေးနမူနာ လဲတာကို သူတို့ကိုယ်တိုင် ရှာမတွေ့ခဲ့ဘူး တစ်စုံတစ်ယောက်က သူတို့ကို ပြောပြခဲ့တာ"
"ပြီးတော့ အဲလူက လုမိသားစုကို ငါ့ရဲ့ DNA ကို လျှို့ဝှက်စုဆောင်းဖို့ တောင်းဆိုခဲ့တာက ဖြစ်နိုင်ခြေအရှိဆုံးပဲ၊ အဲလိုဆိုရင် စစ်ဆေးမှုက သူတို့နဲ့ ငါ ဆွေမျိုးမတော်စပ်ဘူးဆိုတာ သက်သေပြခဲ့ရင်တောင်မှ ငါ သိမှာမဟုတ်သလို ထိခိုက်မှုလည်း ရှိမှာမဟုတ်ဘူး"
System ၏ မေးရိုးများ ပြုတ်ကျလုနီးပါးဖြစ်သွားသည်။
[ဟာ တတိယလူ ပါနေတာလား ဒါပေမဲ့ လုမိသားစုအပြင် ဘယ်သူက ဒီအကြောင်းကို သိနိုင်မှာလဲ]
ယန်ရှီသည် System ကို စိုက်ကြည့်ရင်း သူမ၏ မျက်လုံးများက ယုံကြည်မှုဖြင့် တောက်လောင်နေသည်။
"ကျုံယန်စီပဲ"
System !!!
၎င်းသည် ယန်ရှီ၏ မျက်လုံးများကို မျက်နှာလွှဲ၍ ကြည့်သည်။
[Host မင်းဘာတွေပြောနေတာလဲ၊ ငါ နားမလည်ဘူး...]
"ချင်းချင်းရဲ့ မွေးနေ့ပါတီမှာ နင် DNA အကြောင်း တစ်ခုခုပြောခဲ့သေးတယ်၊ ကျုံယန်စီက ငါ့ဘေးမှာ ရပ်နေခဲ့တာ သူ သေချာပေါက် ကြားသွားနိုင်တယ်"
"ဒါဆို ကျုံယန်စီဟာ အတော်လေးကို ကိုယ့်ကိုယ်ကိုယ်နားလည်နေတာ ကြာပြီပဲ မဟုတ်ဘူးလား”
ကျုံမိသားစုအိမ်၌
နှစ်ကုန်ပိုင်းနီးလာသည်နှင့်အမျှ ကျုံကော်ပိုရေးရှင်းသည် အဓိကပရောဂျက်တစ်ခုဖြင့် အလုပ်များနေသဖြင့် ကျုံယန်စီ၏ အချိန်ဇယားသည် ပြည့်ကျပ်နေခဲ့သည်။ သူသည် မကြာခဏဆိုသလို ည ၈ နာရီ သို့မဟုတ် ၉ နာရီအထိ နောက်ကျသည်အထိ အလုပ်လုပ်လေ့ရှိသည်။
သို့တိုင် ကျုံကော်ပိုရေးရှင်းနှင့် မုန့်မိသားစု၏ ကိစ္စရပ်များကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ခဲ့ရသည့် ရက်များနှင့် နှိုင်းယှဉ်လျှင် ဤသည်မှာ များစွာ ပေါ့ပါးနေခြင်းဖြစ်သည်။
ဆောင်းဦးအစောပိုင်းတွင် ဟိုင်မြို့၏ ကောင်းကင်သည် လျင်လျင်မြန်မြန်ပင် မှောင်မိုက်လာသည်။
ကျုံယန်စီတစ်ယောက် ကျုံအိမ်သို့ ပြန်ရောက်သည့်အခါတွင် ညနက်နေပြီဖြစ်သည်။
အဖိုးကြီးသည် ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း သွားလာနေသည်။ ဤအချိန်ရောက်လျှင် ညစာစားပြီး အခန်းထဲသို့ပြန်၍ ခြေထောက်စိမ်နေနိုင်သည်။
ယန်ရှီသည် အများအားဖြင့် ခန်းမတွင် သူ့ကို စောင့်နေမည်ဖြစ်ပြီး သူ့ကို အဖော်ပြုရင်း စာရွက်စာတမ်းများကို စစ်ဆေးလေ့ရှိသည်။
သို့သော် ယနေ့ညတွင် ကျုံယန်စီ အထဲသို့ ဝင်လာသည့်အခါ ယန်ရှီကို မတွေ့ရချေ။ သူမ၏ နောက်သို့ အမြဲလိုက်ပါလေ့ရှိသော အလင်းလုံးလေးသာ ကော်ဖီစားပွဲပေါ်တွင် ပစ်လဲကာ အိပ်ပျော်နေသည်။
ကျုံယန်စီက လျှောက်သွားပြီး System ၏ နဖူးကိုဖွဖွလေး ပုတ်လိုက်သည်။
"ရှီရှီ ဘယ်မှာလဲ"
ကျုံယန်စီသည် System နှင့် ချိတ်ဆက်ထားသော Host မဟုတ်သဖြင့် အတွေးဖြင့် ဆက်သွယ်၍မရပေ။ System က သူ့ကို ကြားစေရန် အသံကျယ်ကျယ်ဖြင့် ပြောရသည်။
System က လှုပ်လှုပ်ရှားရှားဖြင့် နိုးလာပြီး ကျုံယန်စီကို မြင်သည့်အခါ မျက်လုံးများ ပြူးကျယ်သွားသည်။
၎င်းက ကျုံယန်စီကို တမင်တကာ လစ်လျူရှုပြီး သူ၏ သေးငယ်သော ခေါင်းကို စားပွဲတွင် မြှုပ်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
[ငါ့ကို မမြင်နိုင်ဘူး ငါ့ကို မမြင်နိုင်ဘူး၊ ငါ့ကို မမြင်နိုင်ဘူး]
ကျုံယန်စီသည် ထိုအလင်းလုံးလေးကို ရယ်စရာကောင်းသည်ဟု ထင်မိသည်။ အဆင့်မြင့်အသိပညာရှိသော သတ္တဝါဖြစ်သော်လည်း ၎င်း၏ ဉာဏ်ရည်ဉာဏ်သွေးသည် အထူးတလည် မြင့်မားပုံမရပေ။
နောက်တစ်ကြိမ် ထပ်ပုတ်တော့မည့်အချိန်တွင် သူ၏ နောက်မှ နူးညံ့သောအသံတစ်သံက ထွက်ပေါ်လာသည်။
"ဒါဆို ရှင်က တကယ်ကို ကိုယ့်ကိုယ်ကိုယ်နားလည်နေတာပဲ"
ကျုံယန်စီ လှည့်ကြည့်လိုက်သည့်အခါ ယန်ရှီအား ထိုနေရာတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
System သည် သူ့ကိုယ်သူ မခုန်ထွက်နိုင်အောင်ပင် ထိန်းထားရသည်။ ဤကဲ့သို့ ရှက်စရာကောင်းသော ထိပ်တိုက်ရင်ဆိုင်မှုမျိုးကို မုန်းသည်။ System သည် ကြောက်လန့်တကြား အော်ဟစ်သံလေးဖြင့် လေထဲသို့ ပျောက်ကွယ်သွားသည်။
ကျုံယန်စီ၏ မျက်ခုံးများ တွန့်သွားပြီး သူ၏ အသံက တိုးသွားသည်။
"ရှီရှီ"
နိုဝင်ဘာလ၏ ညနှောင်းပိုင်းသည် အေးစိမ့်နေပြီး လေထုက တိတ်ဆိတ်ငြိမ်သက်နေသည်။
ခန်းမထဲမှ မီးများသည် လင်းလက်နေသော်လည်း အပြင်ဘက်ရှိ မှောင်မိုက်နေသည့် အမှောင်ထုကို မဖောက်ထွင်းနိုင်ပေ။ ခဏတာမျှ ကျုံယန်စီသည် ထိတ်လန့်တုန်လှုပ်မှုတစ်ခုကို ခံစားခဲ့ရသည်။
ကျုံကော်ပိုရေးရှင်း၏ အမှုဆောင်အရာရှိချုပ်အနေဖြင့် သူသည် အလွန်အန္တရာယ်ကြီးသည့် အခြေအနေများစွာကို ရင်ဆိုင်ခဲ့ဖူးသည်၊ သို့သော် ယခု ယန်ရှီရှေ့၌ ရပ်နေသည့်အခါတွင် စိတ်လှုပ်ရှားနေခဲ့သည်။
ယန်ရှီသည် သူ့ကို ကြည့်ပြီး ဇဝေဇဝါဖြင့် မေးသည်။
"ဘာလို့ ကျွန်မကို မပြောခဲ့တာလဲ"
ယန်ရှီသည် ဇာတ်ကွက်ကြောင့် တစ်စိတ်တစ်ပိုင်းကို လျှို့ဝှက်ထားခဲ့သည်။ သို့သော် သူမ၏ စိတ်ထဲတွင် အပြစ်ရှိသည်ဟု ခံစားနေရသည်။ သူတို့၏ ဆက်ဆံရေးသည် အစမှစ၍ လိမ်ညာလှည့်စားမှုပေါ်တွင် တည်ဆောက်ခဲ့သည်ဟု သူမ ခံစားရသည်။
သို့သော် ကျုံယန်စီသည် ထိုသို့မဟုတ်ပေ။ ယန်ရှီ အပေါ်ထားရှိသော သူ၏ ခံစားချက်များသည် အမြဲလိုလို စစ်မှန်ခဲ့သည်။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် သဘောပေါက်နေသည်ကို ယန်ရှီထံမှ ဖုံးကွယ်ထားခဲ့ရသနည်း။
ကျုံယန်စီသည် ခေါင်းငုံ့ပြီး သူ့ကိုယ်သူ လှောင်ပြောင်သရော်သည့် ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
ယန်ရှီသည် ကျုံယန်စီ ပထမဆုံး သူ့ကိုယ်သူ နားလည်သဘောပေါက်ပြီး သူမ လုပ်ခဲ့သည့်အရာအားလုံးကို သိလိုက်သည့်အခါတွင် ကျုံယန်စီ၏ နှလုံးသားထဲ၌ ယန်ရှီ၏ လိမ်ညာမှုအပေါ် ဒေါသအမျက်မဟုတ်ပဲ ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်ကို ဘယ်တော့မှ သိမည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ယန်ရှီသည် သူ့အား တစ်ခါမျှ တကယ်ဂရုမစိုက်ခဲ့သည်ကို ဆိုလိုသောကြောင့်ပင်။
အနည်းငယ်တောင်မျှ မဟုတ်ပေ။
ယခု၌ ဇာတ်ကွက်ပြီးဆုံးသွားပြီဖြစ်ကာ ကျုံချင်းယွီသည် ၎င်း၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားပြီဖြစ်၍ ယန်ရှီသည်လည်း ကံကောင်းခြင်းအမှတ်များ ထပ်မံစုဆောင်းရန် မလိုအပ်တော့ပေ။ ယန်ရှီသည် ကျုံယန်စီကို မလိုအပ်တော့ပေ။
ကျုံယန်စီတစ်ယောက် ကြောက်နေမိသည်။ အကယ်၍သာ သူ အရာအားလုံးကို ဖွင့်ချလိုက်လျှင် ယန်ရှီနှင့်သူ့အား ချိတ်ဆက်နှောင်တွယ်ထားသည့် နောက်ဆုံးချည်မျှင်လေးပင် ပြတ်တောက်သွားမည်ကို ကြောက်မိသည်။ ထိုအခါတွင် သူသည် သူမအတွက် မည်သို့မျှ အရေးမပါတော့ပေ။
ထိုအန္တရာယ်ကို စွန့်စားခြင်းထက် သူက မသိချင်ယောင်ဆောင်ရန် ရွေးချယ်ခဲ့သည်။
အမှန်တရား ပေါ်ပေါက်လာပြီးနောက်တွင် သူတို့နှစ်ဦးကြားမှ အရာများသည် မပြောင်းလဲနိုင်သည့် အခွင့်အရေးတစ်ခု ရှိနေနိုင်သည်မှာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
သို့သော် ကျုံယန်စီသည် ထိုမျှော်လင့်ချက်ကို လောင်းကြေးထပ်ရန် ငြင်းဆန်သည်။
ကျုံယန်စီသည် ယန်ရှီ၏ ပထမဆုံးချစ်သူ ဖြစ်ခဲ့သလိုပင် နှစ်ပေါင်းများစွာ ကြာသွားသည့်အခါ သူမသည် သူ့ကို လုံးဝမေ့ပျောက်သွားနိုင်သည်။
ဒါဆို ဘာလို့ စွန့်စားရမှာလဲ၊ ရှိရင်းစွဲအတိုင်း နေရသည်က သိပ်၍ မဆိုးလှပေ။
"တမင်တကာ လုပ်ခဲ့တယ်လို့ပဲ မှတ်လိုက်ပါ"
သူက တိုးတိုးလေး ရေရွတ်လိုက်သည်။
ယန်ရှီသည် သူ့ကို ကြည့်ရင်း ဇဝေဇဝါဖြစ်နေဆဲပင်။ ဤသည်မှာ သူမ၏ ပထမဆုံးအချစ် ဖြစ်သောကြောင့် အချို့အရာများကို သူမ မသိနားမလည်သေးပေ။
ယန်ရှီသည် ရှေ့သို့ တိုးလာပြီး ကျုံယန်စီ၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။
“ကျုံယန်စီ ရှင် ကျွန်မကို စိတ်ဆိုးနေတာလား၊ စိတ်မဆိုးပါနဲ့နော် ကျွန်မ အရင်က ရှင့်ဆီကနေ ဒီအရာတွေကို ဖုံးကွယ်ထားဖို့ မရည်ရွယ်ပါဘူး၊ ကျွန်မ ရှင့်ဆီကနေ လျှို့ဝှက်ချက်တွေ ထပ်မဖုံးကွယ်တော့ပါဘူးလို့ ကတိပေးပါတယ်"
"ကျွန်မ အရင်က ရှင့်ကို ပြောပြချင်ခဲ့တယ် ဒါပေမဲ့ ရှင်က ရှင့်ကိုယ်ရှင် နားလည်နေပြီလို့ မထင်ခဲ့ဘူး"
ကျုံယန်စီက တုံ့ဆိုင်းသွားသည်။
ဖြစ်နိုင်ခြေရှိသည့် ထိပ်တိုက်ရင်ဆိုင်မှု နည်းလမ်းများအားလုံးအနက် ဤသည်မှာမည်သည့်အခါမျှ အမှန်တကယ်ဖြစ်လာမည်ကို မကြောက်ရွံ့ခဲ့သည့် ရလဒ်ဖြစ်ပြီး သူ အများဆုံး မျှော်လင့်ခဲ့သည့် ရလဒ်ဖြစ်သည်။
ယန်ရှီသည် ကျုံယန်စီ၏ စိုးရိမ်ပူပန်မှုများ၏ အရင်းအမြစ်ကို နားမလည်ခဲ့ပေ။ သို့သော် နောက်ဆုံး၌ သူမသည် ကျုံယန်စီ ကြားလိုသည့် စကားများကို ပြောခဲ့သည်။
ထိုအခိုက်အတန့်တွင် ကျုံယန်စီ၏ နှလုံးသားသည် ဖောင်းတက်လာပြီး သူ၏ မျက်လုံးထဲမှ အရိပ်အယောင်များ ပျောက်ကွယ်သွားသည်။ သူသည် ယန်ရှီကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။
အပြင်ဘက်တွင် ဟိုင်မြို့၏ ညသည် မုန်တိုင်းတစ်ခုအဖြစ် ပေါက်ကွဲထွက်လာသည်။
နွေရာသီ ကုန်ဆုံးသွားခဲ့သည်မှာ ကြာလေပြီဖြစ်သော်လည်း မိုးသည် ရေစီးကြောင်းများကဲ့သို့ ရွာသွန်းဖြိုးနေပြီး လင်းလက်တောက်ပနေသော မြို့အား မိုးရည်များဖြင့် ဖုံးလွှမ်းသွားစေသည်။ ၎င်းသည် ကျုံယန်စီနှင့် ယန်ရှီတို့ ပထမဦးဆုံး တွေ့ဆုံခဲ့သည့်နေ့ကအတိုင်းပင်။
ကောင်းကင်ဘုံက ၎င်း၏ ရေတံခါးများကို ဖွင့်လိုက်သကဲ့သို့ မိုးရွာချခြင်းသည် အတိတ်မှ နောင်တများနှင့် ဝမ်းနည်းမှုများ အားလုံးကို ဆေးကြောပေးနေခဲ့သည်။
ကျုံယန်စီသည် ဘဝမှာမူ အကျိုးအမြတ်များနှင့် ဆုံးရှုံးမှုများ၏ ဆက်တိုက်ဖြစ်စဉ်တစ်ခု ဖြစ်သည်ကို သိခဲ့ရသည်မှာ ကြာမြင့်လေပြီ။ ချစ်ရသူများ ထွက်ခွာသွားခြင်းနှင့် သူငယ်ချင်းများ ဝေးကွာသွားခြင်းတို့ကို သူ ကြုံတွေ့ခဲ့ရသည်။
သို့သော် သူသည် ယန်ရှီ ထွက်ခွာသွားသည်ကို မလိုလားပေ။
ယန်ရှီသည် ကျုံယန်စီ၏ အရောင်ကင်းမဲ့သော ကမ္ဘာတွင် တစ်ခုတည်းသော အရောင်၊ သူ၏ ငြီးငွေ့ဖွယ်ကောင်းသော ဘဝကို တန်ဖိုးရှိစေသည်ဟု ခံစားရစေသော တစ်ခုတည်းသောအရာ ဖြစ်သည်။ သူမ၏ ချစ်ခင်မြတ်နိုးမှုသည် လိမ်ညာလှည့်စားမှုဖြစ်သည်ကို သိပြီးနောက်တွင်ပင် ကျုံယန်စီသည် ယန်ရှီ၏ ဖြည်တည်မှုကို တောင့်တနေဆဲပင်။
ဝတ္ထု၏ နောက်ဆုံးအပိုများတွင် ကျုံယန်စီသည် အလွန်အကျွံ အလုပ်လုပ်ခြင်းကြောင့် သေဆုံးသွားခဲ့သည်။ ဆရာဝန်များသည် အသက်ကယ်စက်များကို အသုံးပြုပြီး သူ၏ နှလုံးသားကို အသက်ပြန်ရှင်လာစေရန် အသည်းအသန် ကြိုးစားခဲ့ကြသည်။
သူ၏ အသိစိတ်သည် အထက်၌ ရပ်တန့်နေခဲ့ပြီး ပါးလွှာသော ချည်မျှင်တစ်ခုသည် သူ၏ ကိုယ်ခန္ဓာမှ ဆန့်ထွက်လာကာ သူ့အား လှမ်းနေသည်ကို ကြည့်နေခဲ့သည်။
သူ အနည်းငယ်မျှ ပို၍ ဆုပ်ကိုင်ထားနိုင်ခဲ့လျှင်ပင် ၎င်းကို ဆွဲကိုင်နိုင်ခဲ့ပေလိမ့်မည်။
သို့သော် သူ မလုပ်ခဲ့ပေ။
ဘဝသည် ကျုံယန်စီအား အမြဲ ပျင်းရိစေခဲ့သည်။ သူ၏ ပတ်ဝန်းကျင်မှ လူအများစုသည် ငြီးငွေ့ဖွယ်ကောင်းပြီး အခြားသူများ အိပ်မက်မက်နိုင်သည့်အရာများကို သူ ကြုံတွေ့ခဲ့ပြီးဖြစ်သည်။
ကျုံယန်စီ၏ ဘဝသည် နောင်တရခြင်းမဟုတ်ပေ၊ သို့သော် နက်နဲသောတွယ်တာမှုတစ်ခုလည်း မဟုတ်ပေ။
ကျုံယန်စီသည် သူ၏ အတိတ်ဘဝကို နားလည်သည်၊ ထို့အပြင် သူ၏ ပစ္စုပ္ပန်ဘဝကိုလည်း နားလည်သည်။
ထိုအချိန်တုန်းက သူသည် သေခြင်းတရားနှင့် ရင်ဆိုင်ရသည့်အခါတွင်လည်း အသိစိတ်က မပြောင်းလဲပေ။ သို့တိုင် မကြာသေးမီက ဆေးစစ်ချက်တစ်ခုတွင် ကင်ဆာရောဂါ အစောပိုင်းအဆင့်ကို တွေ့ရှိခဲ့သည့်အခါ၌ သူသည် ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့မှုကို ခံစားခဲ့ရသည်။
ထိုသည်က ကျုံယန်စီသည် နောက်ဆုံး၌ ဤကမ္ဘာပေါ်တွင် ဆုပ်ကိုင်ထားရမည့် တန်ဖိုးအရှိဆုံးအရာတစ်ခုကို တွေ့ရှိခဲ့ရသကဲ့သို့ပင်။
အပြင်ဘက်တွင် မုန်တိုင်းသည် ဆက်လက်ဖြစ်ပေါ်နေပြီး မိုးစက်မိုးပေါက်များသည် ပြတင်းပေါက်များကို ရိုက်ခတ်နေခဲ့ကာ ဖန်သားပြင်သည် ရေတံခွန်ကဲ့သို့ စီးဆင်းနေသည့်ဟန်ပင်။
ကျုံယန်စီသည် ယန်ရှီအား ပို၍ ပြင်းထန်စွာ ပွေ့ဖက်ထားပြီး သူ၏ လှုပ်ရှားမှုများက ပိုမိုပြင်းပြလာခဲ့သည်။
သူတို့၏ လက်ချောင်းများမှာ တင်းကျပ်စွာ ရစ်ပတ်နှောင်ဖွဲ့ထားပြီး ယန်ရှီက တိုးတိုးလေး ညည်းသံပြု၍ ကျုံယန်စီ၏ ကျစ်လစ်သောပခုံးကို ကိုက်လိုက်သည်။
ယန်ရှီ၏ ချွန်ထက်သောသွားများသည် ထင်ရှားသည့် အမှတ်အသားများကို ချန်ထားရစ်ခဲ့သော်လည်း ယင်းသည် ကျုံယန်စီ၏ စိတ်လှုပ်ရှားမှုကို ပိုမိုမြင့်တက်စေကာ သူ့အား ယခင်ကထက် ပို၍ အသက်ရှင်သန်နေရသည်ဟု ခံစားရစေသည်။
ကျုံယန်စီသည် ယန်ရှီ၏ နှုတ်ခမ်းများကို မြည်းစမ်းလိုက်သည်။ သူမ၏ နားရွက်ဖျားကို သူ့ လျှာဖြင့် အကြိမ်ကြိမ်ကစားနေခဲ့သည်။
သူ၏ အတိတ်ဘဝတွင် ထိုချည်မျှင်ကို ဆုပ်ကိုင်ထားရန် ပျက်ကွက်ခဲ့သည်။
ဤတစ်ကြိမ်၌ သူသည် ယင်းအား ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်ထားရန် ဆုံးဖြတ်ခဲ့သည်။