← Chapters

Chapter 106

Vol. 11 Ch. 106

Chapter 106

Vol. 11 Ch. 106

ယန်ရှီသည် အတန်ငယ်စိတ်ရှုပ်သွားမိသည်။

"ကျေးလက်ဒေသမှ မြို့ပြများကို ဝိုင်းပတ်ခြင်း" ဟူသော စကားရပ်၏ အမှန်တကယ်အဓိပ္ပာယ်ကို သူမ မည်သို့မျှ နားမလည်သေးပေ။

လုပေယွီနှင့် ခွဲခွာပြီးနောက် ယန်ရှီသည် ကုမ္ပဏီသို့ သွားရောက်ခဲ့သည်။ မနက်ပိုင်းတွင် စာရွက်စာတမ်းကိစ္စများကို ကိုင်တွယ်ခဲ့ပြီး နေ့လည်ပိုင်းတွင် ဖန်းယွဲ့ နှင့်အတူ SP လေ့ကျင့်ရေးစခန်းသို့ ထွက်ခွာခဲ့သည်။ လုမိသားစုသည် SP ၏ နောက်ဆုံးအပိုင်းကို စပွန်ဆာပေးထားပြီး ကျန်ရှိနေသော ပြိုင်ပွဲဝင် ၁၅ ဦးတို့ဖြင့် လုမိသားစု၏ စီးပွာရေးလုပ်ငန်းများအတွက် ကြော်ငြာရိုက်ကူးရန် စီစဉ်ထားသည်။

မူလက ချူထင်းပိုင်သည် ဤကိစ္စကို ကြီးကြပ်ရမည်ဖြစ်သော်လည်း ယန်ရှီကမူ လုအုပ်စုက တစ်ရာမီလီယမ် ရင်းနှီးမြုပ်နှံထားသည်ကို ထောက်ထား၍ ကိုယ်တိုင်စစ်ဆေးရန် သင့်တော်သည်ဟု ယူဆခဲ့သည်။

သူတို့ SP ရိုက်ကွင်းသို့ ရောက်ရှိချိန်တွင် အစမ်းလေ့ကျင့်မည့် သရုပ်‌ဆောင်များသည် ရောက်ရှိနှင့်နေကြပြီး အလှည့်ကျ မိတ်ကပ်လိမ်းနေကြသည်။

ယန်ရှီကို မြင်သွားသောအခါ သူတို့သည် စိတ်အားထက်သန်စွာ နှုတ်ဆက်ကြသည်။

"ယန်ရှီကျဲကျဲ"

"ယန်ရှီကျဲကျဲ မင်္ဂလာပါ"

"ဥက္ကဋ္ဌကြီးယန်"

အသက်အရွယ်ငယ်သော လေ့ကျင့်သူများက "ယန်ရှီကျဲကျဲ" ဟု ခေါ်ဝေါ်ရာတွင် ပိုမိုရင်းနှီးမှုရှိသည်ဟု ခံစားရပြီး အသက်ကြီးသူများကမူ "ဥက္ကဋ္ဌကြီးယန်" ဟု တလေးတစား ခေါ်ဝေါ်ကြသည်။

ဤသည်မှာ SP အစီအစဉ်၏ အလွန်အမင်းရေပန်းစားမှုကြောင့် ဖြစ်ကောင်းဖြစ်လိမ့်မည်။ အစမ်းလေ့ကျင့်မည့် သရုပ်ဆောင်များသည် ယန်ရှီ၏ စွမ်းဆောင်ရည်ကို ရင်ထဲအသည်းထဲမှ လေးစားကြပြီး အလွန်အမင်း ရိုသေလေးစားမှု ပြသကြသည်။

အစီအစဉ်တွင် မပါဝင်မီက သူတို့အနက် အများစုသည် တရုတ်ပြည် ဖျော်ဖြေရေးလောကတွင် အိုင်ဒေါလ်များအတွက် ဈေးကွက်ရှိမည်ဟု စိတ်ကူးပင် မယဥ်ကြည့်ခဲ့ကြပေ။ အစီအစဉ်မတိုင်မီက သူတို့၏ Follower အရေအတွက်မှာ ၁၀၀,၀၀၀ အောက်သာ ရှိခဲ့သော်လည်း ယခုအခါ အများစုမှာ မီလီယမ်ပမာဏသို့ပင် ရောက်ရှိသွားပြီဖြစ်သည်။ စီယဲ့နှင့် ရှန်ယီကဲ့သို့သော အလုပ်သင်များပင် ငါးမီလီယမ်ကျော်ရှိသော ပရိတ်သတ်များ ပိုင်ဆိုင်ထားသည်။

SP (Idol-Survival Program- အိုင်ဒေါမွေးထုတ်ရေးတီဗွီအစီအစဉ်) တီဗွီအစီအစဉ်၏ ရေပန်းစားမှုမှာ မိုးထိအောင်ပင် မြင့်မားလျက်ရှိနေသည်။ နောက်ဆုံးအဖွဲ့ဝင်ဝင်မဟုတ်သော်လည်း အဆင့် ၁၅ အတွင်းရှိသူများသည်ပင် အနာဂတ်တွင် အလားအလားရှိသော အလုပ်အကိုင်များ ရရှိနိုင်ပြီဖြစ်သည်။

System သည် SP လေ့ကျင့်ရေး စခန်းသို့ ရောက်သည့်အခါတိုင်း အလွန်စိတ်လှုပ်ရှားလေ့ရှိပြီး ၎င်း၏ အလင်းဖြာထွက်နေသော အလုံးငယ်လေးသည် စိတ်အားတက်ကြွစွာဖြင့် ယန်ရှီကို ဝိုင်းပတ်ခုန်ပေါက်နေတတ်သည်။

[Host ရေ၊ စီယဲ့က ထပ်ပြီး အရပ်ရှည်လာတာပဲ အခုဆို ၁၈၅ cm လောက်ရှိမယ်ထင်တယ်]

[အာ ရှန်ယီရဲ့ ဗိုက်ကြွက်သားတွေ Six Pack တွေ တော်တော်တော့ မာမဲ့ပုံပဲ၊ အဲဗိုက်ကြွက်သားလေးတွေပေါ်မှာ တက်ပြီး ခုန်လိုက်တာနော်]

[မိတ်ကပ်ဆရာတွေက ယောက်ျားလေးတွေကို အလှပြင်တာ အရမ်းတော်လိုက်တာ၊ ညတိုင်း အိပ်ရာမဝင်ခင် ငါကြည့်ချင်လို့ ဒေတာဘေ့စ်ထဲမှာ သိမ်းထားလိုက်တော့မယ်]

ယခုအခါတွင် ကံကောင်းခြင်းအမှတ်များ စုဆောင်းရန် မလိုတော့သောကြောင့် System သည် အေးအေးဆေးဆေးဖြစ်နေခဲ့သည်။

သူသည် အိုင်ဒေါလ်များကို အာရုံစိုက်လာခဲ့သည်။

ယန်ရှီမှာ System သည် ရိုးသားသော ပရိတ်သတ်အသစ်တစ်ဦးအဖြစ် ဟန်ဆောင်၍ စီယဲ့၏ Fan Club နှင့် ရှန်းယီ၏ Fan Club နှစ်ဖွဲ့စလုံးတွင် တစ်ပြိုင်နက် ပါဝင်နေသည်ကိုပင် တွေ့ရှိခဲ့ရသည်။ သူ၏ ပြိုင်ဘက်မရှိ‌သော အချက်အလတ်များတွက်ချက်နိုင်စွမ်းကြောင့် ယခုအခါ သူသည် ထိပ်တန်းပရိတ်သတ်တစ်ဦးဖြစ်လာခဲ့ပြီး အခြားသော သာမန်ပရိတ်သတ်များက အားကျအတုယူရပြီး ရှိန်ရသောအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ထို့အပြင် System သည် နှစ်ယောက်လုံး၏ ပရိတ်သတ်ဖြစ်သည်ဟူသည့် သရုပ်မှန်ကို ကျွမ်းကျင်လိမ္မာစွာ ဖုံးကွယ်ထားပြီး IP Address များ ပြောင်းလဲထားသော အကောင့်နှစ်ခုကို သီးသန့်အသုံးပြုလျက်ရှိနေသည်။

အမှန်တကယ်တမ်းကျ သူ့တွင် အခြားအကောင့်များလည်း ရှိသေးသည်။

ရှန့်ရှင်းဟယ် အတွက် အကောင့်တစ်ခု၊ ဟန်ရှုအတွက် တစ်ကောင့်။

သူသည် AI ဖြစ်ခြင်းမှာ ကံကောင်းသည်ဟုပင်ဆိုရပေမည်။ သို့မဟုတ်ပါက အလုပ်များ ပုံနေမည်ဖြစ်သည်။

System က လေ့ကျင့်နေသူများကို အာရုံစူးစိုက်နေစဉ် ယန်ရှီကမူ သူ့ကို ထိန်းချုပ်ရန် စိတ်မဝင်စားပေ။

မကြာမီ လုမိသားစု၏ ကိုယ်စားလှယ်များ ရောက်ရှိလာသည်။

ဤသည်မှာ သူတို့၏ ဒိန်ချဉ်ကြော်ငြာဖြစ်သောကြောင့် ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း ကြီးကြပ်ရန် လာရောက်ကြခြင်းဖြစ်သည်။ သို့သော် ယန်ရှီ မျှော်လင့်မထားခဲ့သည်မှာ ဤသေးငယ်သော ပရောဂျက်တစ်ခုအတွက် တာဝန်ရှိသူမှာ လုဝမ်နင်း ဖြစ်နေခြင်းပင်။

ယခင်တုန်းက လုဝမ်နင်းသည် ယန်ရှီ၏ DNA ကို လိုချင်သည့်အတွက် ရှင်းယောင်သို့ ကိုယ်တိုင်လာရောက် စာချုပ်ချုပ်ဆိုခဲ့သည်။ ထိုအရာကို နားလည်နိုင်သေးသည်။ သို့သော် ယခုမူကား ကြော်ငြာရိုက်ကူးမှုလေးတစ်ခုကို လာကြီးကြပ်မည်လော။ အိုဗာ ဖြစ်လွန်းလှပေသည်။

သို့သော်လည်း လုဝမ်နင်းကမူ သတိထားမိပုံမရ။ ဒိန်ချဉ်ကြော်ငြာ ပြီးဆုံးသွားသောအခါ သူမသည် ယန်ရှီကို ဘေးတစ်ဖက်သို့ ဆွဲခေါ်သွားပြီး စာရွက်စာတမ်းများ ထုတ်ယူလိုက်သည်။

"SP က တကယ့်ကို ခမ်းနားကြီးကျယ်တဲ့ ပရောဂျက်တစ်ခုပဲ၊ တရားဝင်အကောင့်က စပွန်ဆာပေးတဲ့အကြောင်း ကြေညာလိုက်တာနဲ့ ငါတို့ရဲ့ ဒိန်ချဉ်ရောင်းအားက သိသိသာသာ မြင့်တက်သွားတယ်၊ အခု နင်လည်း ဒီမှာရှိနေတာဆိုတော့ အတော်ပဲ နောက်လာမဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးလိုက်ကြရအောင်"

ယန်ရှီ - ???

"နောက်ထပ် ဘာပူးပေါင်းဆောင်ရွက်စရာတွေ ရှိသေးလို့လဲ"

လုဝမ်နင်းသည် ခဏတာ စဉ်းစားတွေးတောလိုက်ပြီး ပြန်ပြောလိုက်သည်။

"ငါကြားတာတော့ နင် ကျင်းထောင်တို့ ရှောင်းယွီတို့နဲ့ စာချုပ်ချုပ်ထားတယ်ဆို၊ သူတို့ရဲ့ နောက်လုပ်ငန်းတွေအတွက် ရန်ပုံငွေအပြည့်ရပြီးပြီလား ပြီးတော့ The Bottom Line ပြီးသွားရင် ရှန့်ရှင်းဟယ်ရဲ့ နောက်ဇာတ်ကောင်က ဘာဖြစ်မလဲ၊ သူ့ရဲ့ ဇာတ်လမ်းအသစ်အတွက် ရင်းနှီးမြုပ်နှံသူတွေ လိုအပ်မှာပဲ ဟုတ်တယ်မလား"

"ဟန်ရှုရဲ့ အယ်လ်ဘမ်အသစ်ကရော အယ်လ်ဘမ်တွေက ရန်ပုံငွေမလိုဘူးဆိုပေမဲ့ ကြော်ငြာတွေတော့ လိုအပ်တာပေါ့၊ ပြီးတော့ SP အစီအစဉ်ရဲ့ ပွဲဦးထွက်အဖွဲ့အတွက် လိုအပ်တဲ့ ထောက်ခံချက်တွေရော၊ ပြီးတော့ သူတို့အတွက် လုပ်ပေးရမဲ့ ရသစုံရှိုးအတွက် စပွန်ဆာတွေရော"

"တကယ်ပြောရရင် ငါတို့ အလုပ်အတူတွဲလုပ်လို့ရတာတွေ အများကြီးပဲ"

လုဝမ်နင်းသည် မနားတမ်းဆိုသလို ဆက်တိုက်ပြောနေသည်။ အနုပညာလောကအတွေ့အကြုံမရှိသော်လည်း သူမအနေဖြင့် လုအုပ်စုအတွက် လူထုဆက်ဆံရေးမဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် သဘောထားပြီး လုပ်ဆောင်ခဲ့သဖြင့် သူမအတွက် လွယ်ကူခဲ့ခြင်းဖြစ်သည်။

ယန်ရှီ မျက်တောင်ခတ်လိုက်သည်။

"ဒါတွေအားလုံးကို ရှင်းယောင်အတွက် ကြိုပြီး လျာထားပြီးသားလား"

လုဝမ်နင်း လက်ဖျစ်တစ်ချက်တီးလိုက်ပြီး ပြန်ပြောလိုက်သည်။

"အမြတ်ငွေတွေကို မိသားစုထဲမှာပဲ ထားလိုက်ကြတာပေါ့၊ ပြီးတော့လည်း ဒါက ကျေးလက်ဒေသမှ မြို့ပြများကို ဝိုင်းပတ်ခြင်းမဟာဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ"

"ဟင်"

ယန်ရှီ ခေါင်းကိုစောင်းလျက် လုံးဝနားမလည်ဖြစ်နေသည်။

လုဝမ်နင်းက ပခုံးတွန့်ပြလိုက်သည်။

"အလုပ်ကတစ်ဆင့် ညီမလေးနဲ့ အမြဲရှိနေခွင့်ရဖို့ပဲလေ ဒါ မကောင်းဘူးလား၊ ရှစ်နာရီအလုပ်လုပ်ချိန်ဆိုတာ နေ့စဉ်ဘဝရဲ့ သုံးပုံတစ်ပုံကို အလုပ်နဲ့ ကုန်ဆုံးရတာနော် ဒါဆို တစ်နေ့ကို သုံးပုံတစ်ပုံလောက် အတူရှိနေရမှာပေါ့၊ ငါတို့ ဒီထက်ပိုပြီး ရင်းနှီးလာမှာ အသေအချာပဲ"

"အာ ငါ့အစီအစဉ်က အပြစ်အနာအဆာမှမရှိဘူးပဲ"

ယန်ရှီ - "..."

System သည် ယန်ရှီအနားသို့ ပြန်လည်လွင့်မျောလာပြီး ပွစိပွစိလုပ်နေသည်။

[အလုပ်အရမ်းလုပ်တဲ့သူတွေရဲ့ အတွေးအခေါ်က ဒီလိုမျိုးလား]

[အလုပ်လုပ်ရတာ ပျော်စရာကောင်းတဲ့သူအတွက် ညီမနဲ့အတူတူအလုပ်လုပ်ရတာက ပိုပျော်စရာကောင်းတာလား]

ဤသို့ဖြင့် လုဝမ်နင်းသည် ယန်ရှီ၏ ဘဝတွင် မကြာခဏ ပေါ်လာတော့သည်။ အများအားဖြင့် အလုပ်ကြောင့်ပင်ဖြစ်သည်။

လုပါးပါးနှင့် လုမားမားတို့သည်လည်း ထိုနည်းလည်းကောင်းပင်။ အငြိမ်းစားယူထားပြီး အချိန်ပေါများနေသဖြင့် ၎င်းတို့သည် နေ့စဉ်ဆိုသလို ယန်ရှိ၏ဘအနီးအနားတစ်ဝိုက်တွင် လမ်းလျှောက်ထွက်လေ့ရှိပြီး ယန်ရှီကို အလုပ်လုပ်ပြီးချိန်တွင် ဆုံမိကြရန်ကို သေသေချာ‌ချာ ပြုလုပ်ကြသည်။

နှစ်ကုန်ဟိုင်ချန်းမြို့ရုပ်ရှင်ဆုပေးပွဲတွင် ယန်ရှီသည် ရှင်းယောင်၏ အမှုဆောင်အရာရှိချုပ်အဖြစ် တက်ရောက်ခဲ့သောအခါ လုမိသားစုသည် ပွဲတော်၏ အဓိကစပွန်ဆာဖြစ်နေသည်ကို သိရှိခဲ့ရသည်။

ထိပ်တန်းစပွန်ဆာအဖြစ် လုပါးပါးသည် ထုံးစံအတိုင်း ဆုပေးသည့်သူတစ်ဦး ဖြစ်လာခဲ့သည်။

ထိုအတောအတွင်း The Bottom Line သည် ဆုအမျိုးမျိုး ဆန်ကာတင် ခံထားရသည်။

အကောင်းဆုံးဒါရိုက်တာ၊ အကောင်းဆုံးသရုပ်ဆောင်၊ အကောင်းဆုံးမူရင်းဇာတ်ညွှန်း၊ အကောင်းဆုံးဇာတ်လမ်းတွဲ။

ကျင်းထောင်၊ ရှန့်ရှင်းဟယ်နှင့် ရှောင်းယွီတို့သည် ဆုများကို လက်ခံရန်အတွက် တစ်ယောက်ပြီးတစ်ယောက်စင်ပေါ်သို့တက်လာကြသည်။

အကောင်းဆုံးဇာတ်လမ်းတွဲဆုအတွက် အချိန်ရောက်လာသောအခါ မီးဆလိုက်များ မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ ဆန်ကာတင်ထားသော ဇာတ်ကားများ၏ ကောင်းနိုးရာရာပြကွက်များကို ပရိုဂျက်တာဖြင့် ပြသလိုက်သည်။

လူတိုင်း၏ အသက်ရှူမှုပင် ခေတ္တခဏရပ်သွားခဲ့သည်။ ယန်ရှီသည်လည်း ထိုကဲ့သို့ခံစားမိသော လူထဲတွင် ပါဝင်သည်။

အဖြေကို ကြိုတင်ခန့်မှန်းနိုင်သော်လည်း သူမသည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ခဲ့ပေ။

နောက်ဆုံးတွင် မျက်နှာပြင်ပေါ်၌ ရှန့်ရှင်းဟယ်၏ ရုပ်ပုံပါဝင်သည့် ဇာတ်ဝင်ခန်းတစ်ခုတွင် ရပ်တန့်သွားသည်။ The Bottom Line အနိုင်ရရှိခဲ့သည်။

ကျင်းထောင်သည် ဝမ်းသာလွန်းလှသဖြင့် ခုန်ပေါက်လုနီးပါး ဖြစ်သွားသည်။

စင်ပေါ်တွင် လုပါးပါးသည် စနစ်တကျချုပ်လုပ်ထားသောဝတ်စုံဖြင့် ဆုကို ချီးမြှင့်ရန် အသင့်ရပ်နေသည်။

ဆုပေးပွဲကို စပွန်ဆာပေးခြင်းမှာ ဤကာလအတွက်သာဖြစ်သည်။ သူသည် သူ့သမီးလေးလက်ထဲသို့ ဆုတံဆိပ်ကို ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ချင်ခဲ့သည်။

သို့သော် The Bottom Line ၏ အမှန်တကယ်ထုတ်လုပ်သူဖြစ်သည့် ဖန်းယွဲ့က ဆုကိုလက်ခံရန် စင်ပေါ်သို့တက်လာသောအခါ လုပါးပါး၏ ပြုံးနေသော မျက်နှာသည် တောင့်တင်းသွားခဲ့သည်။

ဖန်းယွဲ့က ကြိုတင်ပြင်ဆင်ထားသော ကျေးဇူးတင်စကားကို ပြောကြားပြီးနောက် လက်ခုပ်သံများ ထွက်ပေါ်လာသောအခါ ဆုတံဆိပ်ကို ယူရန် လက်ဆန့်လိုက်သည်။

ဆုတံဆိပ်က တုပ်တုပ်မျှမလှုပ်။

ဖန်းယွဲ့ - ?

သူမနှင့် လုပါးပါးတို့သည် စိတ်ရှုပ်ထွေးစွာဖြင့် အချင်းချင်း ကြည့်နေကြသည်။

"ဥက္ကဋ္ဌလု ဥက္ကဋ္ဌလု"

လုပါးပါးသည် ဆုတံဆိပ်ကို ပိုမိုကာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး နှုတ်ခမ်းကို ဖျစ်ညှစ်ကိုက်လိုက်ကာ မေးလိုက်သည်။

"မင်းရဲ့ အမှုဆောင်အရာရှိချုပ်က ဘာလို့ ဒီဆုကို ကိုယ်တိုင်လာမယူရတာလဲ"

ရုပ်ရှင်လောကရှိရင်းနှီးမြုပ်နှံမှုလုပ်ငန်းမှ မိတ်ဆွေတစ်ဦးက သူ့အား ပြောဖူးသည်။ အမှုဆောင်အရာရှိချုပ်ကို ထုတ်လုပ်သူစာရင်းဝင်အဖြစ် ဖော်ပြထားလျှင် ဆုကိုလက်ခံနိုင်သည်။ The Bottom Line ၏ ဆုရရှိဖွယ်ရာမြင့်မားခြင်းနှင့် ယန်ရှီက ရှင်းယောင်၏ အမှုဆောင်အရာရှိချုပ်ဖြစ်သည်ကို ထောက်ထားလျှင် သူမသည်သာ စင်ပေါ်တက်လာမည်ဟု သူယူဆခဲ့သည်။

သို့ဆိုလျှင် ဖန်းယွဲ့က အဘယ့်ကြောင့် စင်ပေါ် ရောက်နေရသနည်း။

ဖန်းယွဲ့ နဖူးတွန့်သွားပြီး ဆုတံဆိပ်ကို ဆွဲယူလိုက်သည်။

"သူဠေးက အခြားသူတွေရဲ့ အလုပ်ကို ဂုဏ်ယူဝံ့ကြွားတတ်တဲ့သူမျိုး မဟုတ်လို့နေမှာပေါ့၊ အမှန်တကယ် ထုတ်လုပ်တဲ့သူကပဲ ဂုဏ်ပြုခံရမှာပေါ့ ဒါပါပဲရှင်းပါတယ်"

လုပါးပါးက စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး နှုတ်ခမ်းစူလိုက်သည်။ ခေါင်းထဲတွင် အတွေးများစွာဖြင့် ကြိမ်းမောင်းနေမိသည်။

ကောင်းပြီ ငါ့သမီးလေးကို ဆုမပေးနိုင်ရင် ပွဲတော်က ဓာတ်ပုံတွေလည်း လူမှုကွန်ရက်မှာ တင်လို့မရဘူး။

တကယ့်ကို နှမြောစရာပဲ ငါ မကျေမနပ်ဘူး။

လုပါးပါးစိတ်မပါတော့သော်လည်း ယန်ရှီကတော့ စိတ်ဓာတ်တက်ကြွနေဆဲပင်။

The Bottom Line ဇာတ်လမ်းတွဲသည် ဆုအမြောက်အမြားရသွားခဲ့သည်။

ဂုဏ်သတင်းရော ငွေကြေးပါ ကြီးကျယ်ခမ်းနားစွာ အောင်မြင်သွားခဲ့ခြင်းဖြစ်ပါသည်။

မကြာမီတွင် အနီရောင်ဇလပ်ပန်းရုပ်ရှင်ပွဲတော်၏ ဆုရရှိသူစာရင်းကို ကြေညာပေးခဲ့ပြီး အင်တာနက်ပေါ်တွင် ပရိတ်သတ်များက ချီးကျူးဂုဏ်ပြုမှုများ ပြုလုပ်နေကြသည်။

[အိုး အကောင်းဆုံးဇာတ်လမ်းတွဲ၊ အကောင်းဆုံးဒါရိုက်တာ၊ အကောင်းဆုံးဇာတ်ညွှန်း၊ အကောင်းဆုံးအနုပညာဒီဇိုင်း၊ အကောင်းဆုံးမူရင်းတေးဂီတတွေအထိ The Bottom Lineက ဒီတစ်ခါတော့ အချီကြီး အောင်မြင်သွားတာပဲနော်]

[The Bottom Line က ဆုတွေနဲ့ အပြည့်အဝထိုက်တန်ပါတယ်၊ ဒီနှစ်ကြည့်ဖူးသမျှထဲမှာ အကောင်းဆုံးဇာတ်လမ်းတွဲတစ်ခုပဲ ရှောင်းယွီရေးတဲ့ ဇာတ်ညွှန်းက တကယ်မိုက်တာပဲ၊ ကျင်းထောင် ဒါရိုက်တာကလည်း သူ့ပုံမှန်အရည်အချင်းပြန်ရောက်လာပြီ၊ တကယ့်ကို အံ့သြစရာက ရှန့်ရှင်းဟယ်ပဲ ရှန်ဖေးဇာတ်ကောင်ကို ပီပီပြင်ပြင် သရုပ်ဆောင်လိုက်နိုင်တယ်]

[ရှန့်ရှင်းဟယ်လို သရုပ်ဆောင်တတ်တဲ့သူက အရင်က အရံလောက်ပဲ လုပ်ရတာ ဘယ်လိုဖြစ်နိုင်တာလဲ မဟုတ်သေးပါဘူး]

[သူက အရင်တုန်းက Blacklist စာရင်းသွင်းခံထားရတာနောက်ဆုံး ဒီအခွင့်အရေးကြီးကို ရဖို့ သူဘယ်လောက်ကြိုးစားခဲ့ရမလဲနော် ကျွတ် ကျွတ်]

[ရှင်းဟယ်ရဲ့ပရိတ်သတ်တွေက သခင်မလေးကို အရမ်းကျေးဇူးတင်ပါတယ်၊ ယန်ရှီရေ သူ့ကို ဒီအခွင့်အရေးပေးခဲ့တဲ့အတွက် ကျေးဇူးပါ]

[လူတိုင်း ရှေ့ဆက်ရမဲ့ခရီးလမ်းမှာ အောင်မြင်ကြပါစေ၊ ပါရမီရှင်တွေနဲ့ လက်ရာကောင်းတွေလည်း ဂုဏ်ပြုခံရပါစေလို့ ဆုတောင်းပေးပါတယ်]

အနီရောင်ဇလပ်ပန်းရုပ်ရှင်ပွဲတော်ပြီးနောက် ဘဝသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

ယန်ရှီသည် မကြာခဏ သူမ၏ မိဘများကို ပတ်ဝန်းကျင်တစ်ဝိုက်တွင် လမ်းလျှောက်နေကြသည်ကို မကြာခဏသတိပြုမိသည်။ တစ်ခါတရံတွင် လုပေယွီ ခွေးနှင့် လမ်းလျှောက်ထွက်နေသည်ကို မြင်တွေ့ရသည်။

အလုပ်တွင် သူမသည် လုဝမ်နင်းကို မကြာခဏ တွေ့ဆုံရပြီး စီးပွားရေးအကြံဉာဏ်များပင် ပေးလေ့ရှိသည်။ လုဝမ်နင်းသည်အနုပညာလောကအကြောင်း ဘာမှမသိသော်လည်း စီးပွားရေးလောကတွင် ကျွမ်းကျင်သူဖြစ်သဖြင့် ၎င်း၏ လမ်းညွှန်မှုများသည် ယန်ရှီအတွက် တန်ဖိုးမဖြတ်နိုင်လောက်အောင် အသုံးဝင်ခဲ့သည်။

တဖြည်းဖြည်းနှင့် ယန်ရှီသည် လုမိသားစုဝင်များ ပတ်ဝန်းကျင်တွင် ရှိနေခြင်းကို ကျင့်သားရလာခဲ့သည်။

တစ်ခုသော နံနက်ခင်းတွင် သူမအလုပ်သွားသည့်အခါ သူမတွေ့မြင်နေကျနေရာတွင် လုပေယွီကို မတွေ့ရပေ။ လုမားမားကသာ ယောင်ကျူကို ထိန်းကျောင်းနေရသည်ကို တွေ့လိုက်ရသည်။

ယန်ရှီက ယောင်ကျူ၏ ခေါင်းကို ပွတ်သပ်ပေးလျက် ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"လုပေယွီ ဘယ်ရောက်နေတာလဲ"

လုမားမားက နွေးထွေးစွာ ပြုံးလိုက်သည်။

"ပေယွီတို့ ကလပ်မှာက ရာသီမစခင် လေ့ကျင့်စရာရှိနေလို့၊ အခုတော့ အဲမှာပဲ နေနေရတယ်"

သူတို့၏ စကားစမြည်ပြောဆိုမှုများသည် အချိန်ကြာလာသည်နှင့်အမျှ သဘာဝကျလာပြီး အစောပိုင်းက ရှက်ကိုးရှက်ကန်းဖြစ်မှုများ ပျောက်ကွယ်သွားခဲ့သည်။

သတိမထားမိလိုက်မီပင် နှစ်သစ်ကူးည ရောက်ရှိလာခဲ့သည်။

ယခင်နှစ်များက ယန်ရှီသည် ကျုံမိသားစုနှင့်အတူ ကျုံအိမ်တော်၌သာ ကျုံချင်းယွီနှင့် အတူ နှစ်သစ်ကို ကြိုဆိုခဲ့သည်။

သို့သော် ဤနှစ်တွင်မူ အခြေအနေများ ကွဲပြားနေပုံရသည်။

ညနေ ၅ နာရီခန့်တွင် ယန်ရှီသည် Starlight အနုပညာကုမ္ပဏီအဆောက်အဦမှ ထွက်လာခဲ့ပြီး ကောင်းကင်ပြင်သည် မည်းနက်နေပြီဖြစ်သည်။

သူမအနေဖြင့် အားလပ်ရက်အတွက် စောစောပိတ်ပေးထားသဖြင့် ဝန်ထမ်းများသည် စောစီးစွာ အိမ်ပြန်ခွင့် သို့မဟုတ် အရေးကြီးလုပ်ငန်းများကို အဝေးမှပင် ပြီးမြောက်အောင်လုပ်နိုင်ခဲ့ကြသည်။

ယန်ရှီတွင် အရေးတကြီးလုပ်စရာမရှိသည့်အတွက် ရုံးသို့ သွားရောက်ပြီး အခြေအနေများကို စစ်ဆေးရုံသာ ရှိသည်။

သူမထွက်ခွာလာစဉ် ကျုံချင်းယွီက ဗီဒီယိုကောဖြင့် ဖုန်းခေါ်ဆိုလာခဲ့သည်။

ဖုန်းမျက်နှာပြင်ပေါ်တွင် ကျုံမိသားစုနေအိမ်၏ စည်ကားနေမှုနှင့် လူများပျားပန်းခပ်မျှ လှုပ်ရှားနေပုံတို့ကို မြင်နေရသည်။ ကျုံမိသားစုသည် ဤကြိမ်တွင် ကျေးလက်ဒေသ၌ နှစ်သစ်ကူးညပွဲတော်ဆင်နွှဲနေကြပြီး အိမ်မပြန်နိုင်သော ဝန်ထမ်းအချို့လည်း စုရုံးနေကြသည်။ အမြဲတမ်း တိတ်ဆိတ်နေတတ်သော စံအိမ်ကြီးသည် ယခုအခါ ကော်ဇောနီများ၊ မီးအိမ်များဖြင့် အလှဆင်ထားပြီး ရယ်မောသံများဖြင့် ပြည့်နှက်နေသည်။ ထိုအထဲတွင် ကျုံပါးပါး၏ တဟားဟားရယ်သံများလည်း ပါဝင်နေသည်။

ကျုံချင်းယွီမှာ ငြီးငွေ့နေပြီး ကိုးယိုးကားယားဖြင့် ပေါက်စီလုပ်ရန် မုန့်များကို လုံးနေသည်။ သူမတွင် ဤနေရာ၌ ကျွမ်းကျင်မှုမရှိသည်ကို ထင်ရှားစွာသိသာနေသည်။

"ဒါဆို နင် နှစ်သစ်ကူးညကို ဘယ်မှာ ကုန်ဆုံးမှာလဲ"

ကျုံချင်းယွီ မေးလိုက်သည်။

ယန်ရှီ တစ်ခဏခန့်တုံ့ဆိုင်းသွားသော်လည်း မဖြေရသေးမီ ကျုံချင်းယွီက လက်ယမ်းပုလိုက်ပြီး ဒရာမာခင်းလိုက်သည်။

"နေဦး မပြောနဲ့တော့ ငါသိပြီ၊ နင်ဒီည လုမိသားစုနဲ့အတူနေဖို့ ငါ့ကိုစွန့်ပစ်တော့မှာမလား"

ယန်ရှီက သူ့ကို လိပ်ပြာမလုံစွာဖြင့် ကြည့်လိုက်သည်။

ထိုစဉ် ကျုံယန်စီရောက်လာပြီး လှမ်း‌အော်လိုက်သည်။

"တော်ပါတာ့၊ သူ့ကို စနောက်မနေနဲ့တော့"

သူသည် ကျုံချင်းယွီဘေးတွင် ထိုင်လိုက်ပြီး ကျွမ်းကျင်စွာဖြင့် မုန့်လုံးများ လုံးနေရင်း ဖုန်းမျက်နှာပြင်ပေါ်ရှိ ယန်ရှီကို လှမ်းကြည့်လိုက်သည်။

"သူက ဒီနေ့ အန်ကယ်ချန်းကိုတောင် စပ်တဲ့ဟင်းတွေ မချက်ခိုင်းထားဘူး ပြီးတော့ မင်းလာမယ်လို့လည်း မမျှော်လင့်ထားပါဘူး၊ ကိုယ့်ဘာသာကိုယ်ပဲ လုမိသားစုနဲ့အတူ နှစ်သစ်ကူးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလိုက်ပါ"

ကျုံချင်းယွီ သူ့ကို မျက်စောင်းထိုးလိုက်သည်။

"ငါ့ကို ဒီလောက်ထိပြောစရာ လိုလို့လား"

ကျုံယန်စီ စိတ်ကျေနပ်ဖွယ် ပြုံးလိုက်သည်။

"အေးအေးဆေးဆေးနေစမ်းပါ နောက်မှ ဟုန်ပေါင်းပေးပါ့မယ်"

ကျုံချင်းယွီ၏ မျက်လုံးများ ချက်ချင်းပင် လင်းထိန်လာသည်။

"ကြီးကြီးမားမားဖြစ်အောင်ပေးနော်၊ အရမ်း အရမ်းကိုကြီးမားတဲ့တစ်ခုခုပေါ့"

ကျုံယန်စီ လက်လျှော့သည့်ဟန်ဖြင့် သက်ပြင်းတစ်ချက်ချရင်း ယန်ရှီဘက်သို့ လှည့်လိုက်သည်။

"မင်းလည်း တစ်ခုရမယ်"

ယန်ရှီ ပြုံးလိုက်သည်။ ယခင်နှစ်များက ဤကဲ့သို့သော ပွဲတော်များတွင် ဤမောင်နှမနှစ်ယောက် ဤမျှအဆင်ပြေစွာ ဆက်ဆံနေသည်ကို သူမတစ်ခါမျှ မမြင်ဖူးပေ။ ယခင်တုန်းက ကျုံယန်စီသည် ကျုံချင်းယွီကို ဟုန်ပေါင်းပေးမည်ဟု မည်သည့်အခါမျှ ကမ်းလှမ်းမည်မဟုတ်သကဲ့သို့ အကယ်၍ ကမ်းလှမ်းခဲ့လျှင်တောင်မှ သူမက လက်ခံမည် မဟုတ်ခဲ့ပေ။

သူတို့ကြားတွင် တစ်စုံတစ်ခုကတော့ အမှန်ပင်ပြောင်းလဲသွားခဲ့ပေပြီ။

"ဒါပဲနော်"

ယန်ရှီက ကျုံချင်းယွီအား ပြောလိုက်သည်။

"အန်ကယ့်ကိုလည်း ငါက ဟက်ပီးနယူးရီးယားပါလို့ ပြောပေးပါဦးနော်၊ ပြီးတော့ မုန့်လုံးတွေကို အပြည့်သိပ်နေတာ ရပ်လိုက်ပါတော့ မုန့်အခွံတွေ ပေါက်ကုန်တော့မယ်"

ကျုံချင်းယွီ စိတ်ဆိုးသံနှင့် ဘူးခံငြင်းလိုက်သည်။

"အဓိပ္ပါယ်မရှိလိုက်တာ၊ ငါ့မုန့်လုံးတွေက အလှဆုံးပဲ ဘာမှလာမပြောနဲ့"

လုမိသားစုသည် မြို့ဆင်ခြေဖုံးရှိ ၎င်းတို့၏ အိမ်တွင် နှစ်သစ်ကူးညကို ဆင်နွှဲနေကြသည်။

လုမိသားစုနေအိမ်သည် ပွဲတော်ကာလများတွင် အမြဲစည်ကားတတ်သည်။ အိမ်ပြန်လိုသူ ဝန်ထမ်းများကို လွတ်လပ်စွာ ပြန်ခွင့်ပြုပြီး မပြန်ပဲ နေသည့်သူများကိုလည်း အပိုလစာပေးသည်။ လုမားမားက သူတို့၏ မိသားစုများကို ခေါ်ဆောင်လာရန် ခွင့်ပြုထားသဖြင့် ပွဲတော်မှာ ပို၍ပင် စည်ကားလာသည်။

ဤနှစ်တွင် သုံးလေးနှစ်အရွယ် ကလေးငယ်အချို့ပင် ယောင်ကျူကို လိုက်ဖမ်းရင်း ပြေးလွှားနေကြသည်။

လုပေယွီသည် ဗီလာအပေါက်ဝတွင် အတန်ကြာ စောင့်ဆိုင်းနေခဲ့သည်။ နောက်ဆုံး ကလေးများ ပင်ပန်းသွားသောအခါ ယောင်ကျူ အနားယူချိန်ရသွားပြီး ခွေးလေးသည် လုပေယွီဘေးတွင် ထိုင်ရန် ပြေးလာခဲ့သည်။

လူနှင့် ခွေးတို့သည် ကားလမ်းကြောင်းအတိုင်းကို ငေးကြည့်နေကြသည်။

လုပေယွီက ယောင်ကျူဘက်သို့ လှည့်ကာ မေးလိုက်သည်။

"အာ့ကျဲက ငါတို့ဆီကို လာမယ်လို့ထင်လား"

ယောင်ကျူ - "ဝုတ် ဝုတ် ဝုတ်"

လုပေယွီ - "ဟုတ်လား မဟုတ်ဘူးလား"

ယောင်ကျူ - "ဝုတ် ဝုတ် ဝုတ်"

လုပေယွီ ယောင်ကျူကို မျက်လုံးပြူးပြီးကြည့်ကာ ငေါက်လိုက်သည်။

"အသုံးမကျတဲ့ ခွေး၊ မင်းကို အစတည်းက မေးမနေသင့်တာ"

ယောင်ကျူ - "ဝုတ် ဝုတ် ဝုတ်"

လုပေယွီ - "..."

နွေဦးဆုတောင်းကဗျာစာရွက်များ ကပ်နေသည့် လုဝမ်နင်းသည် လုပေယွီ၏ အဓိပ္ပါယ်မရှိသည့် စကားများကို ကြားသွားပြီး အလှဆင် နေသည့် ပစ္စည်းတစ်ခုဖြင့် သူ့ကို ပစ်ပေါက်လိုက်သည်။

"ခွေးနဲ့ ဘာလို့ ပြိုင်ငြင်းနေတာလဲ၊ ရှီရှီ မလာခဲ့ရင် ညစာစားပြီးမှ ကျုံမိသားစုအိမ်ကို သွားလည်လိုက်မှာပေါ့"

"မတူဘူးလေ"

လုပေယွီက နှုတ်ခမ်းစူလိုက်သည်။

“ဒါက ငါတို့မိသားစု စုံစုံညီညီနဲ့ ပထမဆုံးအကြိမ် နှစ်သစ်ကူးပွဲတော်လုပ်နိုင်မဲ့ အခွင့်အရေးတစ်ခုပဲမဟုတ်လား"

လုဝမ်နင်းလည်း အလားတူ ပူဆွေးဝမ်းနည်းမိသော်လည်း ယန်ရှီကို ဖိအားမပေးလို။ ကျုံချင်းယွီသည် ဤနှစ်များတစ်လျှောက် သူမဘေးတွင် ရှိပေးနေခဲ့သည်။ ကျုံမိသားစုနှင့်အတူ နေရခြင်းသည် သူမအတွက် ပို၍ အဆင်ပြေကောင်းပြေနိုင်သည်။

ထိုအချိန်တွင် အဝေးတစ်နေရာမှ ကားမီးရောင် လင်းထိန်လာခဲ့သည်။

မည်သူမည်ဝါမှန်းမသိသော ကားတစ်စီးသည် လုမိသားစုအိမ်ရာထဲသို့ ထိုးဝင်လာခဲ့သည်။

ယန်ရှီသည် ဆရာကျောင်းကို အားလပ်ရက်ပေးထားသဖြင့် ပုံမှန်ယာဉ်မောင်းမရှိပဲ တက္ကစီစီးခဲ့ရသည်။ နှစ်သစ်ကူးညတွင် တက္ကစီရှားပါးပြီး နောက်ဆုံးတစ်စီးရရန်အတွက် တက္ကစီခကို မိုးထိမြင့် အောင် တိုးမြှင့်ပေးခဲ့ရသည်။

ခရီးစဉ်အတွင်းတွင် ယာဉ်မောင်းက စကားစမြည်ပြောသည်။

"နှစ်သစ်ကူးညမှာ အလုပ်နောက်ကျနေတာလား မိန်းကလေး၊ အိမ်ကိုအမြန်ပြန်ချင်လို့လား"

ယန်ရှီ တဒင်္ဂတုံ့ဆိုင်းသွားမိသည်။ "အိမ်" ဟူသော စကားလုံး... ဤစကားလုံးသည် သူမအနေဖြင့် ကြာမြင့်စွာ မကြားဖြစ်ခဲ့တော့သော စကားလုံးတစ်ခုဖြစ်နေပေပြီ။

သူမ ပြတ်ပြတ်သားသားပင် ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်တယ်"

"ကျွန်တော်လည်း ဒီလိုပါပဲ၊ မိန်းကလေးကိုဆင်းခိုင်းပြီးရင် အိမ်ပြန်တော့မယ် အိမ်မှာ မိသားစုက စောင့်နေကြပြီ"

ကားပေါ်မှဆင်းလိုက်ချိန်တွင် ကောင်းကင်သည် ပို၍ပင် မည်း မှောင်သွားပြီဖြစ်သည်။ တက္ကစီနှောင့်နှေးမှုကြောင့် သူမ စီစဉ်ထားသည်ထက် နောက်ကျသွားခဲ့သည်။

လုပေယွီသည် တံခါးဝတွင် ရပ်နေရင်း မယုံကြည်နိုင်သကဲ့သို့ မျက်လုံးများကို ပွတ်သပ်လိုက်သည်။ သူတုံ့ပြန်နိုင်မီပင် ယောင်ကျူသည် စိတ်လှုပ်ရှားစွာ ဟောင်၍ ယန်ရှီထံသို့ ပြေးသွားလေတော့သည်။

"ဝုတ် ဝုတ် ဝုတ် တုတ်"

လုပေယွီ နောက်ဆုံးတွင် သူ့ရှေ့ရှိ မိန်းကလေးကို မှတ်မိသွားသည်။သူမသည် အဖြူရောင် သိုးမွေးကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး ဆောင်းည၏ အမိုက်မှောင်ထဲတွင် သိသိသာသာ ထင်းထွက်နေသည်။

"ပါးပါး မားမား ကျဲကျဲ"

သူ ဝမ်းမြောက်ဝမ်းသာလွန်းစွာဖြင့် အော်ဟစ်လိုက်သည်။

"အာ့ကျဲက သားတို့နဲ့အတူ နှစ်သစ်ကူးပွဲတော်ဆင်နွှဲဖို့ ရောက်လာပြီ၊ အာ့ကျဲ ရောက်လာပြီ"

လုဝမ်နင်းသည် ပထမဦးဆုံးအဖြစ် တံခါးထံသို့ ပြေးလာခဲ့ပြီး လုပါးပါးနှင့် လုမားမားတို့က ထပ်ချပ်မကွာ လိုက်လာခဲ့ကြသည်။

ယန်ရှီ လာမည်ကို မမျှော်လင့်ထားသည့်အတွက် ဖြစ်ကောင်းဖြစ်မည်။ လုမားမား၏ မျက်လုံးများသည် အနည်းငယ် နီမြန်းနေသည်။

ယန်ရှီ သူမ၏ ဦးခေါင်းကို ရှက်ကိုးရှက်ကန်းဖြင့် ကုတ်လိုက်သည်။

"နောက်ကျသွားလို့ တောင်းပန်ပါတယ် မား"

"ဘာမှမဖြစ်ပါဘူး ညစာတောင် မစရသေးဘူး"

လုမားမားသည် ယန်ရှီကို ဧည့်ခန်းထဲသို့ ခေါ်သွားဟန်ပြင်လိုက်သော်လည်း ရုတ်တရက် ရပ်လိုက်ကာ ယန်ရှီကို အံ့အားသင့်စွာ ကြည့်နေမိသည်။

"ခုနက မားမားကို ဘယ်လိုခေါ်လိုက်တာလဲ”

ယန်ရှီ သူမ၏ မျက်နှာကို စိုက်ကြည့်ရင်း တည်ကြည်လေးနက်စွာဖြင့်ထပ်ပြောလိုက်သည်။

"မားမား"

လုမားမား၏ မျက်လုံးထဲတွင် ချက်ချင်းပင် မျက်ရည်များ ဝဲလာပြီး ပါးပြင်ထက်သို့ စီးကျလာခဲ့သည်။ သူမသည် လက်ဖြင့် ယန်ရှီ၏ ဦးခေါင်းကို နူးညံ့စွာ ပုတ်ပေးလိုက်သည်။

"လိမ္မာတဲ့ကလေးလေး၊ မားမားရဲ့ လိမ္မာတဲ့ကလေးလေး"

လုပါးပါးလည်း စိတ်လှုပ်ရှားနေပြီး စိတ်အားထက်သန်စွာဖြင့် ရှေ့တိုးလာကာ သူ့ကိုယ်သူ လက်ညှိုးပြန်ထိုးလိုက်သည်။

"ပါးပါးရော၊ ပါးပါးကိုရော"

ယန်ရှီ နူးညံ့စွာ ပြုံးရင်း ခေါ်လိုက်သည်။

"ပါးပါး"

လုပါးပါး၏ မျက်လုံးများ နီမြန်းသွားသည်။ ငါးဆယ်ကျော် အမျိုးသားတစ်ဦးဖြစ်သော်လည်း ဣန္ဒြေသိက္ခာမဆည်နိုင်တော့ပဲ မျက်ရည်များ လှိုင်လှိုင်ကျဆင်းလာတော့သည်။

" ကောင်းပြီ ကောင်းပြီ"

လုဝမ်နင်းက လူကြီးနှစ်ဦးကို အတွင်းသို့ ပို့ဆောင်ပေးလိုက်သည်။

"ဒီအပြင်ဘက်က တအားအေးလွန်းတယ် အထဲဝင်ကြမယ်"

ဗီလာအတွင်းပိုင်းကို နွေးထွေးစေရန် အပူပေးထားပြီး လေထုကို အပူချိန်အံကိုက် ထိန်းညှိပေးနိုင်ရန် လက်ရာသေသပ်လှပသည့် မီးလင်းဖိုတစ်ခုပင် ထားရှိထားသည်။

စားပွဲပေါ်တွင် အစားအစာအမျိုးမျိုး ပြည့်နှက်နေသည်။ အချို့က ယန်ရှီ၏ အကြိုက်အစားအစာများဖြစ်ပြီး အချို့မှာ လုပေယွီနှင့် လုဝမ်နင်းတို့၏ အကြိုက်အစားအစာများဖြစ်သည်။

ယန်ရှီလာမည်ကို ကြိုမသိသော်လည်း သူမအကြိုက်ဆုံးဟင်းလျာများကို ကြိုတင်ပြင်ဆင်ထားခဲ့ကြသည်။

လုပေယွီက သူကြိုတင်မှာယူထားသည့် မိသားစုဓာတ်ပုံပါသည့် ဖန်ခွက်ကို ထုတ်ယူကာ ယန်ရှီအား တစ်ခွက်ပေးလိုက်သည်။

"အခုတော့ ငါတို့မိသားစုလေး ပြည့်စုံသွားပြီ"

ယောင်ကျူ - "ဝုတ်"

နှစ်သစ်ကူးညတွင် အိမ်တိုင်း၌ ရယ်မောသံများ ပြည့်နှက်နေပြီး လုနေအိမ်သည်လည်း ယခုအခါတွင် ထိုနည်းလည်း‌ကောင်းပင်ဖြစ်နေပြီဖြစ်သည်။

ယန်ရှီသည် မိသားစုနှင့် ပထမဆုံးအကြိမ် ပြန်လည်ပေါင်းစည်းခြင်းသည် သူမအတွက် မနေတတ်မထိုင်တတ်ဖြစ်နိုင်မည်ကို အမြဲစိုးရိမ်နေခဲ့သည်။ သူမနေရာမည်သို့ယူရမည်ကို မသိခဲ့။ သို့သော် ယခုအခါ သူမနားလည်သွားသည်။ သူမအတွက် လုမိသားစုတွင် အမြဲတစ်နေရာရှိပြီး သူမလုပ်ရမည့်တစ်ခုတည်းသောအရာမှာ အိမ်ပြန်လာရန်သာ ဖြစ်သည်။

ညစာစားပြီးနောက် ယန်ရှီ၊ လုပေယွီနှင့် လုဝမ်နင်းတို့သည် ဧည့်ခန်းဆိုဖာပေါ်တွင် ကတ်ကစားခဲ့ကြသည်။

အပြင်ဘက်တွင် လေများတိုက်ခတ်လျက်ရှိနေပြီး မည်းနက်နေသော ညကောင်းကင်သည် ဖြည်းညင်းစွာဖြင့် နှင်းပွင့်ကလေးများကို ရွာချလာခဲ့သည်။ တောင်ပိုင်းမြို့တစ်မြို့ဖြစ်သော ဟိုင်မြို့တွင် ဆီးနှင်းများ ရှားပါးသည်။ အချို့နှင်းပွင့်ကလေးများသည် မြေပြင်နှင့်ထိလျှင် အရည်ပျော်သွားပြီး အချို့မှာ ပါးလွှာသောအလွှာပါးလေး အဖြစ် အနည်ထိုင်သွားသည်။

သို့သော် ဤသည်မှာ ဟိုင်မြို့၏ ပထမဆုံးကျသည့် နှင်းဖြစ်သဖြင့် ညကို အထူးဆန်းကြယ်မှုရှိသောညလေးတစ်ညအဖြစ် ဖြည့်ဆည်းပေးလိုက်သည်။

လုမားမားက စိုးရိမ်နေသည့်ဟန်ဖြင့် သမီးဖြစ်သူအား မေးလိုက်သည်။

"ရှီရှီ အပြင်မှာ နှင်းတွေကျနေတယ် လမ်းမှာ အန္တရာယ်ရှိနိုင်တယ်၊ ဒီည ဒီမှာနေချင်လား"

လုမိသားစုတွင် ယာဉ်မောင်းများရှိသော်လည်း နှင်းထဲယာဉ်မောင်းခြင်းသည် အန္တရာယ်ရှိဆဲပင်ဖြစ်သည်။

ယန်ရှီသည် လုဝမ်နင်းနှင့် ကတ်ကစားနေရင်း ပေါ့ပေါ့ပါးပါးဖြင့်ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်ကဲ့ မား"

ယန်ရှီသည် လုမိသားစုနေအိမ်၌ ပထမဆုံးညအိပ်ရာဝင်ချိန်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

မွေ့ရာသည် ကျုံမိသားစု၏ အိမ်တွင် သူမ သုံးခဲ့သော အမှတ်တံဆိပ်နှင့် အတူတူပင်ဖြစ်သည်။ အခန်းထဲတွင် ကျုံချင်းယွီ မကြာခဏသုံးတတ်သော သူမရင်းနှီးနေကျ ရနံ့ကလေးမွှေးပျံ့နေပြီး အပူချိန်သည်လည်း စိုထိုင်းခြင်းကို ထိန်းသည့် စက်ကြောင့် နွေးနွေးထွေးထွေးဖြင့် သက်တောင့်သက်သာရှိနေသည်။

အိပ်ရာအသစ်နှင့် နေသားကျရန် ကြိုးစားစရာမလိုပဲ နောက်နေ့မနက်အထိ အိပ်ပျော်သွားခဲ့သည်။

မနက်စာမှာ လုမားမား၏ ကိုယ်တိုင်လုပ်ထားသော မုန့်များဖြစ်ပြီး အတွင်းတွင် မုံညင်းရွက်များ ပုစွန်များဖြင့် ပြည့်နှက်နေကာ အလွန်အရသာရှိလှသည်။

မနက်စာစားပြီးနောက် ယန်ရှီသည် ဟိုင်ချန်းမြို့လယ်ခေါင်ရှိ ဟုန်ရွေ့ရုပ်ရှင်ရုံသို့ ထွက်ခွာလာခဲ့သည်။ တက္ကစီခေါ်မရသဖြင့် လုမိသားစု၏ ကားဖြင့် သွားခဲ့ရာ ယာဉ်မောင်းက ရုပ်ရှင်ရုံဝင်ပေါက်အထိ ပို့ဆောင်ပေးခဲ့သည်။

နှစ်သစ်၏ ပထမဆုံးနေ့တွင် လူအများစုမှာ အားလပ်ရက်ဖြစ်သော်လည်း ယန်ရှီ့အတွက်မူ မဟုတ်ပေ။

ယနေ့မှာ Crazy Summer and Winter ၏ ပထမဆုံးပြသမည့်ရက် ဖြစ်နေပေသည်။

နွေဦးပွဲတော်အများစုသည် ညသန်းခေါင်အချိန်တွင် စတင်ကျင်းပ လေ့ရှိကြသော်လည်း Interconnected အနုပညာကုမ္ပဏီက ဝန်ထမ်းများကို ပွဲတော်ရက်အတွင်း အားလက်ရက်ရစေလိုသဖြင့် နံနက် ၁၀ နာရီတွင် စတင်ပြသရန် စီစဉ်ခဲ့ကြသည်။

ရုပ်ရှင်စတင်ပြသမည့်နေ့တွင် Crazy ရုပ်ရှင်ဇာတ်ကားကြီး၏ အဓိကဇာတ်ဆောင်နှင့် အဖွဲ့ဝင်များက ပရိတ်သတ်များနှင့်တွေ့ဆုံခဲ့ကြသည်။

ယန်ရှီသည် ဘေ့စ်ဘောဦးထုပ်ကိုဆောင်းကာ ပရိတ်သတ်ထဲ၌ ရောနှောနေစဉ် ကျုံချင်းယွီက သူမကို မျက်စပစ်ပြလိုက်သည်။

ဤသည်မှာ သခင်မလေး၏ နောက်ဆုံးရုပ်ရှင်ဇာတ်ကားဖြစ်၍ "ကျုံချင်းယွီ သရုပ်မဆောင်တတ်ဘူး" ဟူသော အများပြည်သူတို့၏ အမြင်ကို ပြောင်းလဲနိုင်မည့် တစ်ခုတည်းသော အခွင့်အရေးလည်း ဖြစ်သည်။

ဇာတ်လမ်းရိုက်ကူးမှုပြီးဆုံးသွားပြီဖြစ်ကာ ကျုံချင်းယွီသည်လည်း အနုပညာလောကမှ ထွက်ခွာသွားပြီဖြစ်သော်လည်း ယန်ရှီသည် ဤနောက်ဆုံးလက်ရာဖြင့် သူမသူငယ်ချင်း၏ ဂုဏ်သတင်းကို တိုးတက်စေလိုဆဲပင်ဖြစ်သည်။

ရုပ်ရှင်ရုံ၏ မီးများ မှိတ်သွားပြီးနောက် ယန်ရှီက နောက်ဆုံးခုံတန်းတွင်ထိုင်နေစဉ် ကျုံချင်းယွီနှင့် အဖွဲ့က ရှေ့ဆုံးတန်းတွင် ထိုင်နေကြသည်။ ပိတ်ကားပေါ်တွင် ရုပ်ရှင်မစမီ ဇာတ်ကားနှင် ပတ်သက်သော နှိုးဆော်သတိပေးစာများ ပြသလျက်ရှိသည်။

ယန်ရှီက ဖုန်းကိုထုတ်ယူလိုက်ကာ ရှင်းယောင်ဂရုချက်ထဲသို့ ဝင်ရောက်ပြီး ဇာတ်ကားကို စတင်ကြော်ငြာလိုက်သည်။

[သခင်မလေးရဲ့ ရုပ်ရှင်ဇာတ်ကားအသစ်ထွက်ပြီနော်၊ နှစ်ဆန်းတစ်ရက်နေ့မှာ အားလုံးကို ရုပ်ရှင်ဖိတ်ကြားတယ် ဟုန်ရွေ့ရုပ်ရှင်ရုံမှာ လက်မှတ်တွေအများကြီး မှာထားတာမလို့ မိတ်ဆွေတွေမိသားစုတွေခေါ်ပြီး လာကြည့်ကြပါ]

[မလာနိုင်ရင် ကိုယ့်ရဲ့ ဇာတိမြို့မှာပဲ ကြည့်ကြပါ၊ ကုမ္ပဏီကနေ နောက်မှ ပိုက်ဆံပြန်အမ်းပေးပါ့မယ်]

စာပို့ပြီးနောက် ဟုတ်ပေါင်းပုံစံ စတစ်ကာကြီးတစ်ခု ထပ်ပို့လိုက်သည်။

ပုံမှန်တိတ်ဆိတ်နေတတ်သော ဝန်ထမ်းများ ရုတ်တရက် ပေါ်လာကြသည်။

[Crazy Summer and Winter ဒီနေ့ထွက်တာလား]

[အာ အဲဒါကုမ္ပဏီက ၂၀၀ မီလီယမ် ရင်းနှီးထားတဲ့ ရုပ်ရှင်ဇာတ်ကားလား၊ ရှင်းယောင်ရဲ့ စျေးအကြီးဆုံး ပရောဂျက်ပဲ]

[စိတ်လှုပ်ရှားနေပြီ]

[အစက ဒီနေ့ဘာကြည့်ရမှန်းမသိဘူးဖြစ်နေတာ အခုတော့သိသွားပြီ]

[ချောင်ရန်: အတွင်းသတင်း_အရမ်းကောင်းတယ်၊ ကြည့်ကို ကြည့်ရမဲ့ကားပဲ အကောင်းတကာ့ အကောင်းဆုံးဆိုတာထက် ပိုကောင်းတယ်]

[ဝူလျောင်: @ချောင်ယန် ဒီကားက ငါတို့ကုမ္ပဏီက ထုတ်လုပ်တာ မဟုတ်ဘူးလေ၊ မင်းကဘယ်တုန်းက ကြည့်ဖူးလိုက်တာလဲ]

[ ချောင်ရန်: ငါလည်းမကြည့်ရသေးပါဘူး ဖြီးဖြန်းကြည့်တာပါ၊ လူတွေကို ဆွဲဆောင်ဖို့အတွက်ပေါ့]

[ဝူလျောင်: ???]

ယန်ရှီသည် သူတို့စကားပြောပုံကို မရယ်မိပဲ မနေနိုင်တော့ပေ။ သူမက ချက်ချင်းဖြည့်စွက်ပြောလိုက်သည်။

[တကယ်ကောင်းတာပါနော်]

နိုဗယ်မှာတည်းက မထင်မှတ်ထားပဲ အောင်မြင်သွားသည့် ဇာတ်လမ်းဖြစ်ရာ သေချာသည်က ရုပ်ရှင်သည် စိတ်ပျက်စရာမဖြစ်နိုင်ပေ။

ရှင်းယောင်၏ ဝန်ထမ်းအားလုံးသည် ယခုကဲ့သို့ ပံ့ပိုးကူညီပေးနေကြခြင်းမှာ ကုမ္ပဏီသည် ဤနှစ်တွင် အမြတ်ငွေများရရှိခဲ့ပြီး သူတို့၏ နှစ်ကုန်ဆုကြေးငွေများ အများအပြားရခဲ့သောကြောင့်ဖြစ်သည်။ လူတိုင်းစိတ်ဓာတ်တက်ကြွပြီး ပွဲတော်ကိုပျော်ရွှင်စွာဖြတ်သန်းလိုကြသည်။

ယန်ရှီသည် ထို့နောက် လုမိသားစု၏ ဂရုချက်ထဲသို့ စာပို့လိုက်ပြန်သည်။

ဟုတ်ပါသည်။ လုမိသားစုတွင် ဂရုချက်တစ်ခုရှိပြီး လုပေယွီမှ စ ထောင်ထားခြင်းဖြစ်သည်။ မူလအမည်မှာ "ယောင်ကျူနှင့် သူ၏အစေခံငါးယောက်" ဖြစ်သော်လည်း လုပါးပါးက "ပျော်ရွှင်သောမိသားစုကြီး" ဟု အတင်းအကြပ် အမည်ပြောင်းခဲ့သည်။

[Crazy Summer and Winter ထွက်ပြီနော်၊ ဒီဇာတ်ကားက ရှင်းယောင်က ရင်းနှီးမြုပ်နှံထားတာတွေထဲက တစ်ခုပါ၊ ဒီနေ့နေ့လည်ပိုင်း အချိန်ရရင် လာကြည့်ပေးပါနော်]

တုံ့ပြန်မှုများမှာ ချက်ချင်းပင် ဝင်ရောက်လာခဲ့သည်။

[လုပါးပါး: Ok ပေါက်ပြီ]

[လုပေယွီ: အဲဒါမလို့ မနက်က အလောတကြီးထွက်သွားတာကိုး၊ ရုပ်ရှင်သွားကြည့်ဖို့ ခိုးထွက်သွားတာတယ်ပေါ့]

[လုဝမ်နင်း: “ရုပ်ရှင်လုပ်ငန်းမှာရင်းနှီးမြုပ်နှံတာလား အကြံမဆိုးဘူးပဲ]

[လုမားမား: ❤️]

[လုမားမား: 👍]

[လုမားမား: ဟုတ်ပြီ နေ့ခင်းကျရင် ငါတို့တစ်မိသားစုလုံးလာကြည့်မယ်]

ရုပ်ရှင်ပြသချိန်မှာ နှစ်နာရီခန့်ကြာမြင့်ခဲ့သည်။ အခြားသော နွေဦးပွဲတော်ရက်တွင် ထွက်ရှိသည့်ဇာတ်ကားများနှင့် နှိုင်းယှဉ်လျှင် အတန်ငယ်တိုတောင်းလှသည်။

တကယ်တမ်းတွင် Crazy ရုပ်ရှင်ကားကြီးသည် ဤရာသီ၏ အများဆုံးမျှော်လင့်ထားသော ဇာတ်ကားမဟုတ်ပေ။ Maoyan ၏ ရုံတင်ခန့်မှန်းချက်တွင်ပင် တစ်ထောင်မီလီယမ်သာ ရနိုင်မည်ဟု ခန့်မှန်းထားသည်။

နောက်ဆုံးတွင် နှစ်ဆန်းတစ်ရက်အားလပ်ရက်တွင် မိသားစုနှင့်အတူကြည့်ရှုရန် သင့်တော်သော ဟာသဇာတ်ကားများကသာ ဈေးကွက်ကို လွှမ်းမိုးနေသည်။ Crazy ရုပ်ရှင်ဇာတ်ကားကြီးကဲ့သို့သော အကြောင်းအရာလေးနက်သည့် ဇာတ်ကားမျိုးမှာ အတန်ငယ်အသားမကျသကဲ့သို့ ဖြစ်နေသေးသည်။

သို့သော် Crazy ရုပ်ရှင်ဇာတ်ကားကြီးသည် တစ်ဆင့်စကားတစ်ဆင့်နားဆိုသည့်စကားအတိုင်းပင်။ ဝေဖန်သုံးသပ်ချက်များ ပျံ့နှံ့သွားသည်နှင့် ၎င်း၏ ရုံတင်အမြတ်ငွေများ ပြန်လည်မြင့်တက်လာမည်သာဖြစ်သည်။

ဇာတ်ကားကြည့်ရှု‌နေစဉ် ခံစားရသည့်ခံစားချက်များသည် ယန်ရှီ၏ မျှော်လင့်ချက်နှင့် ကိုက်ညီနေသည်။

ဟာသဇာတ်ကားများပြသနေသော အခြားရုံများမှ ရယ်မောသံများထွက်နေစဉ် Crazy ရုပ်ရှင်ရုံထဲရှိ ပရိတ်သတ်များမှာ မကြာခဏ နှာရည်ယိုနေကြပြီး မျက်ရည်များသုတ်နေကြသည်။

ယန်ရှီသည် အစမှအဆုံးထိ အာရုံစိုက်ကာကြည့်နေခဲ့သည်။ အဓိကဇာတ်ဆောင်များ၏ သရုပ်ဆောင်မှုမှာ အပြစ်အနာအဆာမရှိသကဲ့သို့ ကျုံချင်းယွီမှာမူ လုံးဝပြောင်းလဲသွားပြီး ဇာတ်ကောင်နှင့် အံခွင်ဝင်ကျပေါင်းစပ်သွားသဖြင့် သူမဟုပင် ပြောရန် ခဲယဉ်းလွန်းလှသည်။

ဇာတ်ကောင်သည် ကျုံချင်းယွီ၏ အမူအရာနှင့် လုံးဝကိုက်ညီနေပြီး လီဟွား၏ ဇာတ်ကောင်ကို သရုပ်ဆောင်ရာတွင် လီဟွားလား ကျုံချင်းယွီကိုယ်တိုင်လားဟုပင် ခွဲခြားမရအောင် ကောင်းမွန်သေသပ်လွန်းလှသည်။

ပြီးပြည့်စုံလွန်းလှသည်။ ယန်ရှီစိတ်ထဲတွင် တွေးလိုက်မိသည်။

ကျုံချင်းယွီ၏ နောက်ဆုံးလက်ရာသည် သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာလောကမှ ထွက်ခွာခြင်းကို အမှတ်အသားဖြစ်စေခဲ့ပြီ။ ထပ်မံပြီးဆိုရလျှင် celloတီးသမားအဖြစ် အသက်မွေးမှု အသစ်စတင်ခြင်းအတွက်လည်း အမှတ်အသား ဖြစ်စေခဲ့ပြီဖြစ်သည်။

ရုပ်ရှင်ပြီးသွားသောအခါ ယန်ရှီသည် ဇာတ်စင်နောက်သို့ ကျုံချင်းယွီကိုရှာရန် သွားခဲ့သော်လည်း စိတ်လှုပ်ရှားနေသော ထုတ်လုပ်သူ ရှူက ကြားမှဖြတ်ပေါ်လာကာ ယန်ရှီကိုဖမ်းဆွဲထားလိုက်သည်။

"အောင်မြင်သွားပြီ၊ ငါတို့ အောင်မြင်သွားပြီ"

ယန်ရှီ အံ့အားသင့်စွာ မျက်တောင်ခတ်လိုက်သည်။

"ဘာကအောင်မြင်တာလဲ"

Crazy Love ရေပန်းစားသွားတာများလား။ ပထမဆုံးပြသပွဲအပြီးမှာ တစ်ဆင့်စကားတစ်ဆင့်နားဖြင့် သတင်စကား ပျံ့နှံ့န် အချိန်လိုသေးသည်မဟုတ်ပါလား။

"ရုပ်ရှင်ဇာတ်ကားကြီး ငါတို့ရုပ်ရှင်ဇာတ်ကားကြီးက ရေပန်းစားတော့မယ်၊ အခုတောင် လူမှုကွန်ရက်တွေမှာ အရမ်းရေပန်းစားနေပြီ Weibo သွားကြည့်လိုက်စမ်းပါ၊ မင်းသိသွားလိမ့်မယ်"

All Chapters