Chapter 108 [END]
Vol. 11 Ch. 108-Final
ကျုံချင်းယွီသည် နောက်ဆုံး၌ ပြဿနာ တစ်စုံတစ်ရာမျှမရှိပဲ နိုင်ငံရပ်ခြားသို့ ဆက်လက်ပညာသင်ကြားရန် ထွက်ခွာခဲ့သည်။
ပေဟန်လီသည် ဂီတအနုပညာကျောင်းတစ်ခု တည်ထောင်ရန် ရင်းနှီးမြှုပ်နှံခဲ့သည်ဟု ဆိုကြသည်။ ထိုလုပ်ရပ်သည် နာမည်ကြီး Cello တေးဂီတပညာရှင်ကို စိတ်ထိခိုက်စေခဲ့သည်။ ထို့နောက် ကျုံချင်းယွီ၏ မွေးရာပါ ဂီတပါရမီကြောင့် Cello တေးဂီတပညာရှင်က သူမအား သင်ကြားပြသပေးရန် သဘောတူခဲ့သည်။
ယန်ရှီသည် သူမ၏ မူလဘဝသို့ ပြန်သွားကာ ပညာရေးနှင့် ရှင်းယောင်မှ အလုပ်များကို မျှတစွာ ဆက်၍ လုပ်ကိုင်နေခဲ့သည်။
အချိန်သည် လျင်လျင်မြန်မြန်ပင် ကုန်ဆုံးသွားခဲ့သည်။ ဟန်ရှု၏ တေးစီးရီးသည် အလွန်အောင်မြင်ခဲ့ပြီး ဂီတဆုများစွာကို ပိုင်ဆိုင်ရရှိခဲ့သည်။ ရှန့်ရှင်းဟယ်သည် သရုပ်ဆောင်လောကသို့ စွန့်စားဝင်ရောက်ခဲ့ပြီး အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုအတွက် အဓိက ရုပ်ရှင်ဆု သုံးဆုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။ SP သည် နာမည်ကြီးလာပြီးနောက်တွင် တီးဝိုင်းကို ဖျက်သိမ်းခဲ့ကာ ရှန်ယီသည် တစ်ကိုယ်တော် ဆက်၍ လုပ်ကိုင်ခဲ့သည်။ US ယောင်္ကျားလေးအဖွဲ့သည် ပြည်တွင်းဂီတလောက၏ ထိပ်ဆုံးသို့ ထွန်းပေါက်ရောက်ရှိခဲ့သည်။ ရှင်းယောင်သည် ပေအဖွဲ့မှ ထျန်းဟွေ့ကို ဝယ်ယူကာ ဖြည်းဖြည်းချင်းဖြင့် ထိပ်တန်းဖျော်ဖြေရေး အေဂျင်စီတစ်ခု ဖြစ်လာခဲ့သည်။
ယန်ရှီသည် သူမ၏ မာစတာဘွဲ့ကို အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး ဒီဂရီနှင့် ဘွဲ့လက်မှတ်များ ရရှိခဲ့သည်။ ယန်ရှီသည် တစ်ချိန်တည်းတွင်ပင် ဥက္ကဌရာထူးမှ ရရှိခဲ့သော ဝင်ငွေများကို သုံး၍ လွန်ခဲ့သောနှစ်များက ကျုံပါးပါးအား ပေးရန် ကျန်ရှိခဲ့သော အရင်း၊ အတိုးနှင့်တကွ ဆယ်သန်းကို ပြန်၍ ပေးဆပ်ခဲ့သည်။
အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။ နှစ်နှစ်ကြာသွားခဲ့ပြီဖြစ်သည်။
ဤနှစ်နှစ်တာကာလအတွင်း ကျုံချင်းယွီသည် အဆင့်မြင့် Cello တေးဂီတလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် ချီဝိန်၏ Symphony သံစုံတီးဝိုင်းနှင့်အတူ အကြိမ်ရေ မြောက်များစွာ ဖျော်ဖြေခဲ့သည်။ ယခုအချိန်တွင် ကျုံချင်းယွီ၏ တစ်ကိုယ်တော် ဖျော်ဖြေတီးခတ်ချိန် ကျရောက်လာခဲ့ပြီဖြစ်သည်။
၎င်းသည် ချင်းယွီ၏ ပထမဆုံးသော တစ်ကိုယ်တော်ဖျော်ဖြေပွဲဖြစ်သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ပုံမှန်အားဖြင့် တည်ငြိမ်လေ့ရှိသော အမျိုးသမီးငယ်လေးပင် စိုးရိမ်ပူပန်နေခဲ့သည်။
ပြဇာတ်ရုံ၏ စင်နောက်ဘက်နေရာသည် လှုပ်ရှားမှုများဖြင့် ရှုပ်ယှက်ခတ်နေခဲ့သည်။ ယန်ရှီသည် ကျုံချင်းယွီ၏ လက်ကို ဆုပ်ကိုင်ထားပြီး စိတ်သက်သာစေရန် “မစိုးရိမ်နဲ့ ပရိသတ်တွေအားလုံးကို ရွှေဖရုံသီးတွေလို့ စိတ်ကူးလိုက်” ဟု ပြောလိုက်သည်။
ပေဟန်လီက ဘေးမှနေ၍ “မင်းအရင်တစ်ခါတုန်းကလည်း သူ့ကို အဲလိုဘဲ နှစ်သိမ့်ပေးခဲ့တာ” ဟု ခြောက်ကပ်ကပ်ဖြင့် ပြောသည်။
ကျုံချင်းယွီက ခေါင်းငြိမ့်လိုက်ပြီး “နင့်ရဲ့ ရွှေဖရုံသီးသီအိုရီက အဆင့်မြှင့်ဖို့ လိုနေပြီ” ဟု ဆိုသည်။
ယန်ရှီသည် ခေတ္တခဏမျှ စဉ်းစားလိုက်သည်။ “ပြီးရော ဒါဆို သူတို့ကို ဖရဲသီးတွေလို့ စိတ်ကူးလိုက်၊ သူတို့က နင့်ရဲ့ဖျော်ဖြေမှုကို မကြိုက်ဘူးဆိုရင် သူတို့မခံစားတတ်လို့ပဲ” ဟု ပြောခဲ့သည်။
ကျုံချင်းယွီက ရယ်မောလိုက်သည်။
“ဟုတ်တယ်၊ သူတို့ ငါ့ရဲ့ဖျော်ဖြေမှုကို တန်ဖိုးမထားရင် အဲဒါ ငါ့အမှားမှမဟုတ်တာ သူတို့ အကောင်းမကြိုက်တတ်တာပဲ”
ပြောလိုက်သည်။
ရွှင်ရွှင်ပျပျ စကားစမြည်ပြောဆိုမှုသည် ကျုံချင်းယွီ၏ စိုးရိမ်စိတ်များကို လျော့ပါးစေခဲ့သည်။
အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် ကျုံချင်းယွီမှ “နင်တို့နှစ်ယောက် နင်တို့ နေရာဆီကို သွားသင့်တယ် ငါလည်း အဆင်သင့်ဖြစ်ပြီ စင်ပေါ်တက်ဖို့ အချိန်ရောက်ပြီ” ဟု ပြောလေသည်။
ယန်ရှီနှင့် ပေဟန်လီတို့သည် စင်နောက်မှ ထွက်ခွာပြီး ပရိသတ်များ ထိုင်ရန် နေရာသို့ သွားခဲ့ကြသည်။
ပြဇာတ်ရုံ၏ မီးများက မှိန်ပျနေပြီး ထိုင်ခုံများကို အမှောင်ထုက ဖုံးလွှမ်းထားသည်။ ကျုံယန်စီနှင့် အခြားသူများ ထိုင်နေသည့် VIP တန်းတွင်ပင် တစ်ဦးတစ်ယောက်ကို ရှာဖွေကြည့်ရှုရန် ခက်ခဲလှသည်။
ထို့နောက် ဖုန်းမျက်နှာပြင်မှ အလင်းရောင်ဖျော့သည် အမှောင်ထုအား ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
ကျုံယန်စီသည် ယန်ရှီကို စောင့်ဆိုင်းနေလျက် လျှောက်လမ်းအ၀င်ဝတွင် ရပ်နေခဲ့သည်။
ယန်ရှီကသည် လျင်မြန်စွာ လျှောက်သွားခဲ့ပြီး ကျုံယန်စီက သူမကို ထိန်းပေးခဲ့သည်။
“ဖြည်းဖြည်းသွား ပြပွဲက မစသေးပါဘူး လောစရာမလိုဘူး”
ယန်ရှီသည် ခေါင်းငြိမ့်လိုက်ပြီး ကျုံယန်စီ၏ ဦးဆောင်မှုနောက်သို့ လိုက်ပါခဲ့သည်။ VIP ခုံတန်း၏ အလယ်တွင် လုပေယွီသည် ယန်ရှီအား စိတ်အားထက်သန်စွာ လက်လှမ်းပြသည်။
ကျုံပါးပါး၊ လုပါးပါးနှင့် မားမား၊ လုဝမ်နင်းတို့ အားလုံးရောက်ရှိနေကြသည်။ မှိန်ဖျော့နေသော ပြဇာတ်ရုံ၏ မီးရောင်တွင်ပင် သူတို့အားလုံး၏ တည်ရှိမှုကို ရှင်းလင်းစွာ မြင်နိုင်သည်။
ထို့နောက်—ကလစ်—
စင်ပေါ်သို့ မီးရောင်ကျရောက်လာသည်။
ကျုံချင်းယွီသည် သူမ၏ Cello တူရိယာကို ကိုင်ဆောင်၍ ငန်းတစ်ကောင်ကဲ့သို့ ကျက်သရေရှိစွာ စင်၏ အလယ်ဗဟိုသို့ လျှောက်လှမ်းသွားသည်။ နေရာယူကာ ထိုင်လိုက်သည်နှင့်တကွ ကျုံချင်းယွီသည် ကမ္ဘာကြီး၏ အဓိကအာရုံစိုက်ရာ နေရာဖြစ်လာခဲ့သည်။
ကျုံချင်းယွီသည် ယန်ရှီ ပထမဦးဆုံးအကြိမ် တွေ့ခဲ့ရသော ပေါ်ဝိန်အထက်တန်းကျောင်း၏ ခန်းမဆောင်စင်ပေါ်မှ အလင်းဖြာ၍ တောက်ပနေသော အမျိုးသမီးငယ်လေး ဖြစ်နေသေးသည်။ ကြော့မော့နေသည့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သိမ်မွေ့နူးညံ့သော အလင်းရောင်ဖြင့် တောက်ပနေခဲ့သည်။
ယန်ရှီသည် ညှိ့ယူဖမ်းစားခြင်းခံလိုက်ရကာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။
နှစ်နှစ်ကြာပြီးနောက် သူမ၏ သူငယ်ချင်းများ၊ မိသားစုနှင့် သူမ ချစ်ရသောသူတို့သည် ဤနေရာတွင် ရှိနေသည်ကို ယန်ရှီကား ရုတ်တရက် သတိပြုမိသွားခဲ့သည်။
ကျုံယန်စီက ယန်ရှီ၏လက်ကို ညှစ်လိုက်သည်။ သူ၏ ဆုပ်ကိုင်ထားမှုသည် နွေးထွေးမှုနှင့် မြဲမြံနေခဲ့သည်။
“သွားရအောင်”
ကျုံယန်စီက ပြောလိုက်သည်။
ယန်ရှီမှ ခေါင်းငြိမ့်ပြခဲ့သည်။
“အင်း”
Cello တူရိယာ၏ တေးသံစဉ်သည် ပြဇာတ်ရုံတစ်ခုလုံး၌ ပြည့်နှက်သွားသည်။ အတိတ်ကို နှုတ်ဆက်ခြင်းနှင့် အနာဂတ်ကို တမ်းခြင်း ဖြစ်သည်။ သူတို့ ဇာတ်လမ်းမှ အရာအားလုံးသည် အမှတ်တရများ ဖြစ်လာခဲ့သည်။ ကျုံချင်းယွီနှင့် ယန်ရှီတို့ နှစ်ဦးစလုံး၏ ဘေးတွင် လူသစ်များရှိနေပြီး ပို၍ တောက်ပသော ဘဝများသည် ရှေ့ဆက်ရမည့်လမ်း၌ ရှိနေသည်။
ဘဝသည် ရှည်လျားလှသည်။သို့သော် ကံကောင်းထောက်မစွာဖြင့် သူတို့အားလုံးသည် ဤနေရာတွင် အတူ ရှိနေကြဆဲဖြစ်သည်။
[Main Story END]