← Chapters

Extra

Vol. 11 Ch. Extra

Extra

Vol. 11 Ch. Extra

တစ်ဆယ်မီလီယမ် လက်ခံရရှိပြီးနောက် လင်းပါးပါးသည် ကျုံစီးပွားရေးလုပ်ငန်းစုမှ ထွက်သွားခဲ့သည်။

ယန်ရှီသည် လင်းပါးပါးနောက်သို့လိုက်၍ လင်းမိသားစုထံသို့ပြန်ကာ သူမ၏ပစ္စည်းများကို ထုတ်ပိုးရမည်ဖြစ်သော်လည်း သူမသည် ခဏတာ တုံ့ဆိုင်းနေခဲ့ပြီးနောက် အံကြိတ်ကာ ကျုံယန်စီနောက်သို့ လိုက်သွားခဲ့သည်။

ကျုံယန်စီသည် ခြေလှမ်းအနည်းငယ် လှမ်းပြီးချိန်၌ သူ့နောက်တွင် အရိပ်သေးသေးလေး လိုက်လာသည်ကို သတိထားမိခဲ့သည်။

“ ဘာလို့ ကျွန်တော့်နောက်ကိုလိုက်နေတာလဲ”

ယန်ရှီသည် ခေါင်းကိုငုံ့ကာ ပြောရမည့်စကားများကို ရှာမရ ဖြစ်နေလေသည်။

“ စီနီယာ၊ ကျွန်မ ကျုံစီးပွားရေးလုပ်ငန်းစုမှာ အလုပ်သင်အဖြစ် နေလို့ရမလားဟင်၊ ကျွန်မ လစာလည်း မလိုပါဘူး စားစရာနဲ့နေစရာရှိရင်ကို လုံလောက်ပါပြီ”

ကျုံယန်စီသည် မျက်မှောင်ကြုတ်လိုက်သည်။

“ ကျောင်းသားတစ်ယောက်ရဲ့တာဝန်က စာသင်ဖို့ပဲလေ၊ မင်း ပေါ်ဝိန်ကို ပြန်သွားသင့်တယ်”

ပေါ်ဝိန်အထက်တန်းကျောင်းသည် ကျောင်းအဆောင်များနှင့် ကျောင်းစားသောက်ဆိုင်တွင် အခမဲ့ပေးထားခဲ့သောကြောင့် ယန်ရှီသည် အနည်းဆုံးတော့ ဘွဲ့ရသည်အထိ စားဝတ်နေရေးကို စိတ်ပူစရာမလိုပေ။

“ ကျွန်မ ပြန်မသွားချင်ဘူး”

“ ကျွန်မ ဟိုင်တက္ကသိုလ်မှာ‌ နေရာတစ်ခုရပြီးသားပဲလေ၊ ပေါ်ဝိန်ကို ပြန်မသွားချင်ဘူး”

ယန်ရှီသည် ကျုံယန်စီအား လေးလေးနက်နက်ဖြင့် ကြည့်လိုက်သည်။

“ ကျွန်မ မြန်မြန်သင်ယူပါ့မယ်၊ ကျွန်မရှင့်ရဲ့ လက်ထောက် ဖြစ်ပေးနိုင်သလို စာရေးလည်းဖြစ်ပေးနိုင်ပါတယ် ပြီးတော့ ဘာသာလည်းပြန်ပေးနိုင်ပါသေးတယ်”

ကျုံယန်စီသည် နားလည်သွားခဲ့သည်။ ထိုကောင်မလေးသည် “အမွေဆက်ခံသူ အစစ်နှင့်အတု” ဟူသောအရှုပ်တော်ပုံ၏ ပျံ့နှံ့နေသော ကောလဟာလ အတင်းများကို ရင်မဆိုင်ချင်၍ ပြန်မသွားချင်ဖြစ်နေပေသည်။

သူသည် သက်ပြင်းချကာ “ လိုက်ခဲ့” ဟု ပြောလိုက်သည်။

…

ကျုံယန်စီသည် ယန်ရှီ နေထိုင်ရန်အတွက် စီစဉ်ပေးခဲ့သည်။

ထိုဟိုင်မြို့ရှိ တိုက်ခန်းသည် သူ၏ ကျောင်းသားဘဝတွင် ရင်းနှီးမြုပ်နှံ၍ ပေါ့ပေါ့ပါးပါးဝယ်ယူထားခြင်းဖြစ်သည်။

ကျုံယန်စီသည် သူမအား သော့များကိုပေးလိုက်သည်။

“ တက္ကသိုလ်မသွားခင်ထိ မင်း ဒီမှာနေလို့ရတယ်”

ယန်ရှီသည် အနည်းငယ် မျက်နှာပျက်သွားသောကြောင့် ကျုံယန်စီမှာ ထပ်၍ ပြောလာခဲ့သည်။

“ စိတ်မပူပါနဲ့၊ ကျွန်တော့်မှာ သော့အပိုမရှိဘူး”

ညအချိန်တွင် အမျိုးသားအိမ်ပိုင်ရှင်တစ်ဦး အမျိုးသမီးအိမ်ငှားတစ်ယောက်အခန်းသို့ ခိုးဝင်သည့်အရာမျိုးအား ကျုံယန်စီ မည်သည့်အခါမျှ လုပ်မည်မဟုတ်ပေ။

ယန်ရှီ: “ ကျွန်မ အဲလိုဆိုလိုတာမဟုတ်ပါဘူး”

“ ဒီတိုက်ခန်းငှားခက အရမ်းဈေးကြီးမှာပဲ၊ ကျွန်မ မတက်နိုင်ဘူး..”

သူမသည် ကြီးမားလှသည့် ကျုံစီးပွားရေးလုပ်ငန်းစုတွင် ဝန်ထမ်းအဆောင်များရှိသည်ဟုထင်ခဲ့၍ အခန်းအတူတူမျှဝေ၍ သုံးရမည်ဆိုလျှင်တောင်ပင် အဆင်ပြေသည်ဟု တွေးနေခဲ့သည်။

သို့သော် ယခုတိုက်ခန်းသည် အလွန်ပင်အဆင့်မြင့်ကြောင်း သိသာထင်ရှားလွန်းသည်။ ထိုအရာသည် ကျုံယန်စီအတွက် အရေးမပါသောအရာဖြစ်သော်လည်း ယန်ရှီသည် လင်းမိသားစုထံမှ ထွက်သွားရန် အစီအစဉ်ချထားခဲ့စဉ်က ဟိုင်မြို့၏ အိမ်အငှားဈေးများကို ရှာဖွေခဲ့ဖူးသည်။

ဤကဲ့သို့ တိုက်ခန်းမျိုးများသည် တစ်လလျှင် အနည်းဆုံး ငါးထောင်လောက် ကုန်ကျမည်ဖြစ်သည်။

ကျုံယန်စီသည် လက်ပိုက်ထားကာ ပြောလာသည်။

“ကျွန်တော် မင်းကို တစ်ဆယ် မီလီယမ် ချေးပေးထားတာပဲလေ၊ နည်းနည်းလေးပိုသွားတော့ ဘာဖြစ်မှာမလို့လဲ”

“ဒါဆို အလုပ်ကိစ္စကျရော”

ယန်ရှီမှ ဖိအားပေး၍ မေးလာခဲ့သည်။

“မင်းက အရွယ်မရောက်သေးဘူး အဲအကြောင်းမေ့ထားလိုက်”

ကျုံယန်စီသည် ကျုံစီးပွားရေးလုပ်ငန်းစုမှ အသက် 15နှစ်ကလေးအား ညှင်းပန်းနှိပ်စက်၍ ခိုင်းနေသည်ဟူဟော တိုင်ကြားချက်များကို မလိုချင်ပေ။

သူသည် ထိုအကြောင်းနှင့်ပတ်သတ်၍ မေးခွန်းများ အမေးခံရနိုင်သည်။ သူ၏ဖုန်းကိုထုတ်၍ ယန်ရှီ၏ WeChat ထဲသို့ ယွမ် 100,000 လွှဲပေးခဲ့သည်။

“ဒါက မင်းအတွက် လောက်မှာပါ၊ မင်း တက္ကသိုလ်ဝင်ခွင့်စာစောင်ရလာရင် ကျူရှင်တွေသင်ပြီး အပိုဝင်ငွေရှာလို့ရမှာပဲလေ ပြီးတော့ တက္ကသိုလ်မှာလည်း ပညာသင်ဆုတွေရှိတာမလို့ မင်းရဲ့ ကျူရှင်ခတွေနဲ့ နေထိုင်စရိတ်အတွက် စိတ်ပူစရာမလိုတော့ဘူး”

ကောလိပ်ဝင်ခွင့်စာမေးပွဲ မစမီ သုံးလအလိုနှင့် နောက်ထပ် နွေရာသီ ၂လ နားရက်များအတွက် ထိုငွေများသည် သူမလိုအပ်သည်များကို ဝယ်ယူနိုင်သည်။

ကျုံယန်စီသည် ယန်ရှီအား ချမ်းသာသည့် အမွေဆက်ခံသူတစ်ယောက်ပုံစံ ထောက်ပံ့ပေးနေသော်လည်း အကြောင်းပြချက်မရှ်ိပေ။

အကယ်၍ သူမသည် ချမ်းသာသည့်ဘဝတွင်ဆက်လက်နေချင်ပါက လင်းမိသားစုထံမှ ထွက်မလာသင့်ပေ။

ယန်ရှီသည် အလွန်ပင် အံ့ဩသွားခဲ့သည်။

“ စီနီယာ အဲလိုမလုပ်ပါနဲ့၊ ကျွန်မ နေထိုင်စရိတ်ကို ကျွန်မကိုယ်တိုင် ပေးပါ့မယ် ပြီးတော့ ဒီတိုက်ခန်းငှားခကိုလည်း ပြန်ပေးပါ့မယ်”

ကျုံယန်စီသည် ထိုပြောသမျှစကားများကို အလေးမထားခဲ့ပေ။ ပြောရမည်ဆိုလျှင် ယန်ရှီသည် 15နှစ်သာ ရှိသေးသည်။

သူမသည် 18နှစ်အရွယ်ဖြစ်နေပါက သူမ၏ ငွေရှာနိုင်စွမ်းကို သံသယဝင်မည် မဟုတ်ပေ။ သူမ၏ ပညာအရည်အချင်းနှင့် ကျူရှင်သင်မည်ဆိုပါက ဝင်ငွေကောင်းကောင်းရလာမည်ဖြစ်သည်။

သို့သော် ယခုတွင် သူမ၏ အသက်အရွယ်ကြောင့် ပြောသည့်စကားများကို မေ့ပျောက်ပစ်လိုက်တော့သည်။

.

ကျုံယန်စီနှင့် စကားပြော၍ လမ်းခွဲလိုက်ပြီးနောက် ယန်ရှီသည် လင်းမိသားစုထံသို့ပြန်ကာ သူမ၏ပစ္စည်းများကို သိမ်းလေသည်။

ပါးပါးလင်းနှင့် ချုပ်ဆိုထားသော စာချုပ်တွင် သူမသည် လင်းမိသားစုအတွက် ဝယ်ယူပေးထားသည့်အရာများသည် သူမပြန်ပေးခဲ့သည့် တစ်ဆယ်မီလီယမ်ထဲတွင် ပါဝင်သောကြောင့် ထိုပစ္စည်းများမှာ သူမအပိုင်ပင်ဖြစ်သည်။

သူမသည် ထိုအရာများအားလုံးကို ယူပိုင်ခွင့်ရှိသည်။ ယန်ရှီသည် တုံ့ဆိုင်းနေခြင်းမရှိပေ။

သူမသည် ပစ္စည်းများကို ထုတ်ပိုး၍ မည်သည့်အရာများကိုမှ မချန်ထားခဲ့ပေ။

ဇိမ်ခံပစ္စည်းအသစ်များ၊ အင်္ကျီများ နှင့် အိတ်များကို second ဇိမ်ခံပစ္စည်း ဈေးကွက်တွင် ရောင်းချရန်အတွက် ခွဲကာ ထုတ်ပိုးနေခဲ့သည်။

အသုံးပြုပြီးသား ပစ္စည်းများသည် ဈေးကောင်းရမည် မဟုတ်တော့သော်လည်း ထိုပစ္စည်းများသည် ယွမ် 10,000 သို့မဟုတ် 20,000 လောက်ရဦးမည်ဖြစ်သည်။

ထိုပိုက်ဆံများအနည်းငယ်ရရှ်ိပါက ယန်ရှီသည် ပို၍ စိတ်ကျေနပ်မှုကို ခံစားခဲ့ရသည်။

သူမသည် ကျုံယန်စီလွှဲပေးသည့် ပိုက်ဆံများကို လက်မခံခဲ့ပေ။

ကျုံမိသားစုထံမှ တစ်ဆယ်မီလီယမ် ချေးထားသည့်အပြင် ထိုအကောင်းစားတိုက်ခန်းများနေ၍ ထောက်ပံ့သမျှကိုယူနေပါက အရှက်မရှ်ိသည်ဟု ခံစားနေခဲ့ရခြင်းကြောင့်ဖြစ်သည်။

ထုပ်ပိုးထားသည့်ပစ္စည်းများအား တိုက်ခန်းတွင် နေရာချပြီးနောက် ယန်ရှီသည် ကျောင်းသို့ ပြန်သွားခဲ့သည်။

ကျောင်းတွင် သူမလိုအပ်သည့် ပစ္စည်းများကို သိမ်းဆည်းရန်ရှိနေခဲ့ပြီး သူမသည် ဘွဲ့ရသည်အထိ ထိုနေရာကို ပြန်လာမည် မဟုတ်ပေ။

ထို့အပြင် ကျုံချင်းယွီသည် သူမအား ပိုက်ဆံအများအပြား ချေးထားခဲ့ခြင်းကြောင့် သူမသည် လူကိုယ်တိုင်သွား၍ ကျေးဇူးတင်ကြောင်း ပြောရမည် ဖြစ်သည်။

ယနေ့သည် ပေါ်ဝိန်အထက်တန်းကျောင်း၏ နှစ်တစ်ရာပြည့် အခမ်းအနားကျင်းပသည့် နေ့ဖြစ်သည်။

ကျောင်း၏ အဝင်ဝတွင် စာတန်းအရှည်ကြီးတစ်ခု ချိတ်ဆွဲထားပြီး ကျောင်းတစ်ခုလုံး မည်သူမျှမရှိပေ ကျောင်းသားကျောင်းသူအများစုသည် gala ပွဲကိုကြည့်ရန်အတွက် ခန်းမထဲသို့ ရောက်ရှိနေကြသည်။

ပေါ်ဝိန်အထက်တန်းကျောင်းသည် သာမန်ကျောင်းများနှင့်မတူပေ။

ကျောင်းသားအများစုသည် ချမ်းသာသော မိသားစုမှ ဆင်းသက်လာကြပြီး ကျောင်း၏ဂုဏ်သိက္ခာကိုထိန်းသိမ်းရန်အတွက် ဂုဏ်ထူးတန်းများတွင် အတော်ဆုံးကျောင်းသားများနှင့် ဖွဲ့စည်းထားခဲ့သည်။

ယန်ရှီသည် ဂုဏ်ထူးတန်းသို့ ဝင်ရောက်နိုင်ခဲ့သည့် အမွေဆက်ခံသူအနည်းငယ်ထဲမှ တစ်ယောက်ပင်ဖြစ်သည်။

ထို့ကြောင့် ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရန် ရက်100အလိုတွင် အပြည်ပြည်ဆိုင်ရာအခန်းမှ ကျောင်းသားများသည် ရှိုးကို အေးအေးဆေးဆေးဖြင့် ကြည့်နေနိုင်သော်လည်း ဂုဏ်ထူးတန်းမှ ကျောင်းသားများမှာ textbook များနှင့် နပန်းလုံးနေကြရသည်။

ယန်ရှီသည် မီးရောင်များဖြင့်လင်းထိန်နေသော ကြီးကျယ်ခမ်းနားလှသည့် ခန်းမထဲသို့ဝင်ရောက်လာခဲ့သည်။

စင်ပေါ်တွင် မီးအလင်းရောင်ထိုးထားသည့်နေရာ၌ ကျုံချင်းယွီသည် celloတီးနေခဲ့သည်။

တကယ့်အမှန်တရားမှာ ယန်ရှီနှင့်ကျုံချင်းယွီတို့သည် မရင်းနှီးပေ။

သူတို့နှစ်ယောက်လုံးသည် ပေါ်ဝိန်အထက်တန်းကျောင်းတွင် 6နှစ်ကျော်ကြာအောင် အတူတူတက်ခဲ့ကြသော်လည်း တစ်ခါမျှ စကားမပြောခဲ့ကြဖူးပေ။

ကျုံချင်းယွီသည် လှပ၍ ဟိတ်ဟန်များကာ ခေါင်းအစခြေအဆုံး ဒီဇိုင်နာ brand များကိုသာ ဝတ်ဆင်တက်သူဖြစ်သည်။

သူမ၏ ဘေးနားတွင် ချမ်းသာသည့်အသိုင်းအဝိုင်းမှ အမွေဆက်ခံသူများနှင့် ပြည့်နှက်နေခဲ့ပြီး ယန်ရှီသည် ထိုသူများထဲမှ မတူညီသည့်တစ်ယောက်ပင်ဖြစ်သည်။

သို့သော် “ အမွေဆက်ခံသူအတု” အရှုပ်တော်၏ အမှန်တရားပေါ်လာသည့်အခါ၌ ယန်ရှီအားတစ်ခြားသူနေရာကို ခိုးထားကြသည်ဟု လှောင်ပြောင်ခဲ့ကြသည်။

ကျုံချင်းယွီသည် လက်သည်းအလှပြင်ပေးသူနှင့် လက်သည်းပြင်နေချိန်၌ “ယန်ရှီက လင်းမိသားစုရဲ့ သမီးအစစ်မဟုတ်တော့ရင်တောင် သူ့ရဲ့အဆင့်က နင်တို့ထက်သာတယ်နော်” ဟု လွယ်လွယ်ကူကူပင် ကောက်ချက်ချလိုက်သည်။

သူမသည် မျက်ခုံးကိုပင့်ကာ ထိုအထဲတွင် လှောင်ပြောင်သည့်နေရာတွင် အသံအကျယ်ဆုံးတစ်ယောက်ကို စိုက်ကြည့်လိုက်သည်။

“ သူ့ရဲ့ စာမေးပွဲအမှတ်တွေက နင့်ထက်ကောင်းနေလို့ မနာလိုနေတာ ဟုတ်တယ်မလား၊ ဒုတိယနေရာမှာနေရတဲ့ခံစားချက်ကရော ဘယ်လိုလဲ၊ ငါကြားတာကတော့ နင့်ပါးပါးက ကျူရှင်ချိန်တစ်ချိန်ကို ယွမ် 100,000ပေးပြီး ငှားပေးထားတာဆို ဘာလို့ ယန်ရှီကို မကျော်နိုင်သေးရတာလဲ”

ထို့နောက် နောက်တစ်ယောက်ဘက်ကိုလှည့်လိုက်သည်။

“ကျန်းပေါ်ယီက နင့်ကိုမလိုက်ပဲ ယန်ရှီကို လိုက်လို့ အငြိုးထားနေတာမလား၊ ကျန်းပေါ်ယီက စာတော်တဲ့သူတွေကိုပဲ ကြိုက်တာလေ တကယ်လို့ နင်သာ အတန်းထဲမှာ စာတော်ရင် သူက နင့်ကိုလည်း ကြိုက်လောက်ပါတယ်၊ နင့်ဘာသာနင် အဆင့်တွေမကောင်းတာကို ဘာလို့ ယန်ရှီကို လိုက်ပုတ်ခတ်နေတာလဲ”

ကျုံချင်းယွီ၏ ထက်မြက်လှသောပြန်လည်ချေပမှုများကြောင့် မိန်းကလေးများအကုန်လုံးသည် အရှက်ရကာ မျက်နှာများနီရဲကုန်ကြသည်။

“ ဒါပေမဲ့ သူက လှည့်စားတက်တဲ့ အတုအယောင်တစ်ယောက်ပဲလေ၊ ဒါကို ဘယ်သူမှ ငြင်းလို့မရဘူး”

မိန်းကလေးတစ်ယောက်မှ ခေါင်းမာစွာဖြင့် ကန့်ကွက်လာခဲ့သည်။

ကျုံချင်းယွီသည် သူမ၏ ဆေးဆိုးထားသည့် လက်သည်းအသစ်များကို သဘောကျစွာ ကြည့်နေသည်။

“မှန်တာပဲ ယန်ရှီရဲ့ ကြွယ်ဝမှုက အတုဖြစ်နိုင်ပေမဲ့ သူ့ရဲ့ ပညာရေးအဆင့်တွေတော့ အမှန်ပဲ၊ နင်တို့အတွက်ကတော့ နင်တို့မှာ အခွင့်ထူးခံဘဝနောက်ခံတွေသာ မရှိတော့ရင် ဘာကျန်ဦးမှာလဲ”

မည်သူကမျှ ကျုံချင်းယွီသည် ယန်ရှီဘက်မှ နေ၍ ကာကွယ်ပြောဆိုလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။ သူတို့နှစ်ဦးသည် လုံးလုံး ဆက်နွှယ်မှုမရှိကြချေ။

ယန်ရှီကိုယ်တိုင်ပင် အကြောင်းအရင်းကို သိခဲ့ခြင်းမရှိပေ။

လက်ရှိအခြေအနေသို့ မြန်မြန်ပြန်လာခဲ့သည်။

cello တေးဂီတဖျော်ဖြေပွဲ ပြီးသည့်နောက်တွင် ယန်ရှီသည် ကျုံချင်းယွီကို ရှာရန် စင်နောက်သို့ သွားခဲ့သည်။

ပုံမှန်အတိုင်းပင် ကျုံချင်းယွီသည် ချီးကျူးဂုဏ်ပြုသူများဖြင့် ဝန်းရံနေပြီး အားလုံးက သူမကို ဖားယားနေကြသည်။

“မစ္စကျုံ၊ မစ္စရဲ့ဖျော်ဖြေမှုက အရမ်းကောင်းတာဘဲ”

လီချင်းချင်းက ပြောသည်။

“လူတိုင်းရဲ့မျက်လုံးတွေက မစ္စအပေါ်မှာပဲရှိနေတာ၊ ကျွန်မ သတင်းထောက်တွေ ဓာတ်ပုံရိုက်နေတာကိုတောင် မြင်ခဲ့ရတယ်၊ မနက်ဖြန်ဆို TV မှာ ပါလာနိုင်တယ်”

ကျုံချင်းယွီက ပြုံးလိုက်သည်။

“အ‌ပြောကောင်းချက်”

ချင်းယွီသည် သူမ၏လည်ပင်းမှ ဆွဲကြိုးကို ဖြုတ်၍ လီချင်းချင်းထံသို့ ပစ်ပေးလိုက်သည်။

“ဒီမှာ ယူလိုက်၊ ငါက ပစ္စည်းတစ်ခုကို နှစ်ခါမဝတ်ဘူး”

လီချင်းချင်းတစ်ယောက် အင်မတန် ပျော်ရွှင်သွားသည်။

သူမ၏ဘေးရှိ ချန်းနျန်၏မျက်လုံးများက တောက်ပနေသည်။

“မစ္စကျုံ၊ ကျွန်မ မစ္စရဲ့စင်ပေါ်ပုံတွေကို ရိုက်ခဲ့တယ် ပုံတွေက အရမ်းလှလို့ ပြင်စရာတောင် မလိုဘူး၊ မစ္စရဲ့ဆိုရှယ်မီဒီယာအတွက် ပို့ပေးလို့ရပါတယ်”

ကျုံချင်းယွီသည် ချန်းနျန်၏ DSLR ကို ကြည့်လိုက်ပြီး ပုံများ၏ အရည်အသွေးကို မြင်သောအခါ သူမ၏ လက်ကောက်ကို ပေါ့‌ပါးစွာ ဖြုတ်၍ ပေးလိုက်သည်။

“မင်းအတွက်ရော”

လီချင်းချင်းနှင့် ချန်းနျန်တို့သည် အလွန်အကြူး ဝမ်းသာပီတိဖြစ်သွားကြသည်။

ဤသည်မှာ မစ္စကျုံနှင့် နီးနီးကပ်ကပ်နေရခြင်း၏ အကျိုးကျေးဇူးပင်ဖြစ်သည်။ သူမ၏ လက်လွှဲပေးသော ဇိမ်ခံပစ္စည်းများသည် ပုံမှန်အပိုဆုကြေးများ ဖြစ်သည်။

ယန်ရှီသည် အလှပြင်ခန်းတံခါးကို ခေါက်လိုက်သည်။

ကျုံချင်းယွီသည် သူမ၏ မိတ်ကပ်များကို ဖျက်နေစဉ် မှန်ထဲမှ ယန်ရှီ၏ပုံရိပ်ကို တွေ့လိုက်သည်။

“သွားကြတော့”

သူမသည် အခြားသူများကို ပြောလိုက်သည်။

သူတို့နှစ်ဦးတည်းသာ ကျန်ခဲ့သောအခါ ကျုံချင်းယွီသည် နားကပ်တစ်ဖက်ကို ဖြုတ်လိုက်ပြီး “လင်းမိသားစုနဲ့ ကိစ္စတွေ ရှင်းပြီးပြီလား” ဟု မေးသည်။

ယန်ရှီက ရိုးသားစွာ ပြန်ဖြေသည်။

“မစ္စကျုံ ကျေးဇူးတင်ပါတယ်”

“ကျေးဇူးတင်စရာ မလိုပါဘူး”

ကျုံချင်းယွီသည် သူမ၏ မိတ်ကပ်များကို ဆက်လက်ဖျက်နေသည်။

“နင့်ကို ပိုက်ဆံချေးပေးတာ ငါ့ပါးပါးပါ ငါ မဟုတ်ဘူး၊ သူ့လို စီးပွားရေးသမားအတွက် ဘာမှ အလကားရတာမရှိဘူး၊ သူ နင့်ကို တစ်ခုခု လက်မှတ်ထိုးခိုင်းခဲ့တယ်ဆိုတာ သေချာတယ် ဟုတ်တယ်မလား”

ယန်ရှီသည် ဆယ်နှစ် အလုပ်အကိုင် သဘောတူညီချက်ကို တွေးပြီး ခေါင်းငြိမ့်လေသည်။

“သေချာပေါက်ပဲ”

ကျုံချင်းယွီက ပခုံးတွန့်လိုက်သည်။

“ဒါက စေတနာကြောင့် မဟုတ်ဘူး အရောင်းအဝယ်ပဲ ကျေးဇူးတင်စရာမလိုပါဘူး၊ နင်တာဝန်မကျေလို့ ငါ့အကူအညီလိုမှသာ ကျေးဇူးတင်နိုင်တယ်”

ကျုံချင်းယွီအတွက် ယင်းသည် အရေးမကြီးသောကိစ္စဖြစ်သည်။

သို့သော် ယန်ရှီအတွက် အခြေအနေအရ ချေးငွေယူရခြင်းကပင်လျှင် အသက်ကယ်ဆေးဖြစ်သည်။

ကျုံချင်းယွီနှင့် လမ်းခွဲပြီးနောက် ယန်ရှီသည် သူမ၏စာအုပ်များကို သိမ်းရန် အခန်းသို့ ပြန်လာခဲ့သည်။

လူရည်ချွန် နိုင်ငံတကာအတန်းနှင့် မတူပဲ ဂုဏ်ထူးဆောင်အတန်းသည် ပညာရေးအဆင့်အတန်းကို ပို၍ ဦးစားပေးသည်။

အမှတ်အများဆုံးရသူသည် လေးစားသမှတ်ပြုခံရသည်။

ထို့ကြောင့် ကောလာဟလဖြစ်ပြီးနောက်တွင်ပင် အတန်းဖော်အများစုက အံ့သြရုံသာတတ်နိုင်ကြသည်။ အချို့က ယန်ရှီသည် မမျှမတ ဆက်ဆံခံခဲ့ရသည်ဟု တွေးပြီး စာနာနားလည်ကြသည်။

ယန်ရှီသည် ထုပ်ပိုးပြီးစီးသည်နှင့် သူမ၏အတန်းဖော်များကို နှုတ်ဆက်ပြီး ထွက်ခွာသွားသည်။

လျှောက်လမ်းရှိ သန့်စင်ခန်းတွင် သူမသည် လီချင်းချင်းနှင့် ချန်းနျန်တို့၏ တီးတိုးပြောဆိုသံများကို ရုတ်တရက် ကြားလိုက်ရသည်။

“ကျုံချင်းယွီက အရမ်းရက်ရောတာပဲ”

“အေးပေါ့ သူက ကံကောင်းပြီး မွေးလာတာကိုး၊ နည်းနည်းလေး ကပ်ဖားပေးလိုက်တာနဲ့ ဈေးကြီးတဲ့ လက်ဝတ်လက်စားတွေကို ဘာမှမဟုတ်သလို ပေးလိုက်တာပဲ”

“သူက ကိုယ့်ကိုကိုယ် အမွေဆက်ခံသူအဖြစ် သရုပ်ဆောင်နေတာ ဒါပေမယ့် ဘာမှမသိဘူး၊ ကျုံယန်စီက ကျုံကော်ပိုရေးရှင်းကို ဝင်နေပြီ တစ်နေ့မှာ သူ့ အပိုင်ဖြစ်လာလိမ့်မယ်၊ ကျုံချင်းယွီရဲ့ကံကြမ္မာကတော့ ငါတို့နဲ့တူတူပဲ အိမ်ထောင်ဖက်မဟာမိတ်ဖွဲ့ရမှာပဲ၊ သူ့ရဲ့ Cello ပညာက အနာဂတ်ခင်ပွန်းရဲ့ မိသားစုအတွက်တော့ အပိုဆုကြေးပဲ”

“အဲဒါပြောတာ၊ သူ တကယ်ပဲ ကျုံကော်ပိုရေးရှင်းကို အမွေဆက်ခံရမယ်လို့ ထင်နေတာလားမသိ”

“ဟေး၊ ငါတို့သာ သူနဲ့ နီးနီးကပ်ကပ်နေရင် တစ်နေ့နေ့လောက် ကျုံယန်စီနဲ့ မိတ်ဆက်ပေးခံရမယ်လို့ ထင်လား”

“ဟီးဟီး အိပ်မက်ကြီးကြီး‌တွေ မက်နေတာပဲ”

“ဘာလို့ မဖြစ်နိုင်ရမှာလဲ၊ ကျုံချင်းယွီက အရမ်းအလွယ်တကူ ယုံတယ် ငါတို့က သူ့ကို စကားချိုသွေးပြီး ငါတို့နဲ့ ချိတ်ပေးဖို့ပဲ လိုတာ”

“ကောင်းတဲ့အချက်ပဲ ခစ်ခစ်”

သူတို့၏ ရယ်သံများသည် သန့်စင်ခန်းထဲမှ ရက်စက်စွာ ပဲ့တင်ထပ်လာသည်။

ယန်ရှီသည် နားမခံနိုင်သည်အထိ ဖြစ်လာသည်။

ရုတ်တရက်၊ သူမသည် လီချင်းချင်း၏ အသံကို ထပ်မံကြားလိုက်ရသည်၊

“ဟေး ချန်းနျန်၊ ငါ့ရဲ့ဇစ်က လျော့နေတယ်ထင်တယ် ငါ့ကို တပ်ပေးပါလား”

“လုပ်ပေးမယ်လေ”

သူတို့နှစ်ဦးသည် အိမ်သာခန်းတစ်ခုထဲသို့ ချက်ချင်းဝင်သွားကြသည်။

သူတို့နှစ်ဦး ဘေစင်ရှေ့၌ တပ်ပေးနိုင်သည်၊ သို့သော် ၎င်းသည် အနည်းငယ် မသင့်တော်ပေ။ အိမ်သာခန်းသည် ပို၍ သင့်လျော်သည်။

ယန်ရှီသည် သူမ၏လက်ထဲမှ စာအုပ်ကို ချထားလိုက်ပြီး အိမ်သာသို့ ဝင်သွားသည်။

“ဒီမှာ၊ နောက်ကျောဘက်က နည်းနည်းလျော့နေသလိုပဲ”

“ငါ ကြည့်လိုက်ဦးမယ်…”

ယန်ရှီသည် တိတ်တိတ်ဆိတ်ဆိတ်ဖြင့် တံခါးမပွင့်လာစေရန် တံမြက်စည်းရိုးအား တံခါးလက်ကိုင်ကို ညှပ်၍ ထိုးထားသည်။

ထို့နောက် သူမသည် ရေညစ်ပတ်များ ပြည့်နေသော ပုံးတစ်ပုံးကို ကောက်မလိုက်ပြီး မဆိုင်းမတွပင် အိမ်သာခန်းတံခါးပေါ်မှနေ၍ လောင်းချလိုက်သည်။

“အား!”

“အား!”

အော်ဟစ်သံများသည် အိမ်သာခန်းအတွင်းမှ ထွက်ပေါ်လာသည်။

“ဘယ်အရူးက ငါတို့ပေါ်ကို ရေလောင်းချတာလဲ”

“ဒီရေက နံစော်နေတာပဲ၊ အရမ်းရွံ့စရာကောင်းလိုက်တာ”

သူတို့နှစ်ဦးသည် အပြင်ထွက်နိုင်ရန် တံခါးကို အပြင်း ထုနေကြသော်လည်း တံမြက်စည်းသည် လက်ကိုင်ကို မြဲမြံစွာ ထိန်းထားသောကြောင့် အတွင်း၌ ပိတ်မိနေကြသည်။

ယန်ရှီသည် အေးဆေးစွာ သူမ၏လက်များမှ ဖုန်မှုန်များကို ခါလိုက်ပြီး စာအုပ်ကို ကောက်ကိုင်ကာ ဒုတိယအကြိမ်ပင် လှည့်မကြည့်ပဲ သန့်စင်ခန်းထဲမှ ထွက်သွားလေသည်။

တိုက်ခန်းသို့ ပြန်ရောက်သောအခါ ယန်ရှီသည် သူမ၏ကွန်ပျူတာကို ဖွင့်ပြီး အလုပ်စလုပ်ခဲ့သည်။

ကျုံယန်စီသည် ယန်ရှီကား အရွယ်မရောက်သေးသူဖြစ်သောကြောင့် အလုပ်ရှာရန် ခက်ခဲလိမ့်မည်ဟု ယူဆခဲ့သည်။ ထိုအချက်ကို သူမလည်း ထည့်သွင်းစဉ်းစားခဲ့သည်။

ထို့ကြောင့် ယန်ရှီသည် အင်တာနက်ကို အသုံးပြု၍ ဘာသာပြန်ဝန်ဆောင်မှုများကို ကမ်းလှမ်းခဲ့သည်။

ယန်ရှိ၏ အင်္ဂလိပ်စာက ကောင်းမွန်သည်။ သူမသည် IELTS စာမေးပွဲတွင် Band score 7 ရရှိခဲ့သည်။ ထို့အပြင် သူမသည် လင်းပါးပါးကို ဘာသာပြန်များဖြင့်ပင် ကူညီပေးဖူးသည်။

ပထမတွင်တော့ တိုးတက်မှုနှေးကွေးသည်။ သို့သော် ယန်ရှီသည် လျင်မြန်စွာနှင့် တိကျစွာ ဘာသာပြန်ဆိုသည်။ သူမသည် အိပ်ချိန်နှင့် အစားအစာချိန်များမှလွဲ၍ နိုးနေသော အချိန်တိုင်းကို အလုပ်တွင် မြှုပ်နှံထားသည်။ ယန်ရှီ၏ အမြန်နှုန်းနှင့် အရည်အသွေးကို သဘောကျသော ဖောက်သည်များသည် အမြဲတမ်း ပြန်လာကြသည်။

တစ်လကြာမြင့်စွာ မရပ်မနားအလုပ်လုပ်ပြီးနောက် ယန်ရှီသည် နောက်ဆုံး၌ ကျုံယန်စီထံသို့ သူမ၏ အိမ်လခ၏ ပထမအရစ်ကို လွှဲပေးရန် လုံလောက်သောငွေကို ရရှိခဲ့သည်။

ကျုံယန်စီသည် WeChat တွင် ယန်ရှီက “အိမ်လခ” ဟု မှတ်ချက်ပေးထားသော ယွမ် ၅,၀၀၀ လွှဲပေးမှုကို မြင်သောအခါ သူသည် အချိန်အတော်ကြာ ကြောင် သွားခဲ့သည်။

ကျုံယန်စီကား ယန်ရှီကို အထင်သေးခဲ့သည်။

ဘဝသည် ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။

ဘာသာပြန်အလုပ်ဖြင့် အလုပ်များနေသော်လည်း ယန်ရှီသည် သူမ၏ အခြေအအနေအား အလွန်ခက်ခဲလှသည်ဟု မယူဆထားပေ။

သို့သော် ရက်အနည်းငယ်ကြာပြီးနောက် ယန်ရှီ၏ အတန်းပိုင်ဆရာမသည် ရုတ်တရက် သူမကို ကျောင်းသို့ ပြန်ခေါ်ခဲ့သည်။

သူမ၏ အာမခံထားသော တက္ကသိုလ်ဝင်ခွင့်ကို ပယ်ဖျက်လိုက်ပြီဖြစ်သည်။

ယန်ရှီသည် ခဏတာမျှ နားမလည်ခဲ့ပေ။ သူမသည် လီချင်းချင်းနှင့် ချန်းနျန်တို့ကို ရုံးခန်းတွင် မြင်ပြီးနောက် အရာအားလုံး ရှင်းလင်းသွားသည်။

အတန်းပိုင်ဆရာမက ဝမ်းနည်းစွာဖြင့်

“ရှီရှီ၊ သမီး ဘာလို့ အတန်းဖော်တွေကို အနိုင်ကျင့်ရတာလဲ၊ အနိုင်ကျင့်တာ မကောင်းဘူးလေ”

လီချင်းချင်းသည် အောင်ပွဲခံသည့်ဟန်ဖြင့် ပြုံးသည်။

“နင့်ရဲ့ဝင်ခွင့် ဆုံးရှုံးတာက ကပ်သီးလေး လွတ်တာပဲ၊ ကျောင်းထုတ်ခံရတာ မလိုချင်ရင် ဒူးထောက်ပြီး ငါ့ကို အခု တောင်းပန်လိုက်”

ထိုနေ့က ရေညစ်ပတ်များ လောင်းချခံရပြီးနောက် လီချင်းချင်းသည် မိမိကိုယ့်ကို သန့်ရှင်းရေးလုပ်ရန် နာရီပေါင်းများစွာ အချိန်ကုန်ခဲ့သည်။ သူမသည် ပေါက်ကွဲနိုင်သည်အထိ အလွန်ဒေါသထွက်နေခဲ့သည်။ ကံကောင်းစွာဖြင့် အတန်းဖော်တစ်ဦးက ယန်ရှီတစ်ယောက် သန့်စင်ခန်းထဲမှ ထွက်သွားသည်ကို မြင်ခဲ့ရသည်။ မဟုတ်လျှင် သူတို့သည် သူမကို လုံးဝဖမ်းမိနိုင်မည်မဟုတ်ပေ။

ချန်းနျန်က ဝင်ပြောသည်။

“ဟုတ်တယ်၊ နင် တောင်းပန်ရမယ် ပြီးတော့ ကျောင်းတစ်ကျောင်းလုံးရှေ့မှာ လူသိရှင်ကြား ဝန်ခံချက်ကို ရေးရမယ်”

အတန်းပိုင်ဆရာမက တုံ့ဆိုင်းနေခဲ့သည်။ ယန်ရှီသည် သူမ၏ အချစ်ဆုံးကျောင်းသူများထဲမှ တစ်ယောက်ဖြစ်သည်။ သူမသည် ထိုမိန်းကလေးအား စိတ်ထားကောင်းသည်ဟု အမြဲတမ်း တွေးခဲ့သည်။ သို့သော် သူမပင်လျှင် တစ်စုံတစ်ဦးပေါ်သို့ ရေညစ်ပတ်များ လောင်းချခြင်းသည် မှားနေသည့် လုပ်ရပ်ဆိုသည်ကို သိသည်။

“သမီး တောင်းပန်နိုင်တယ် ဝန်ခံချက်ကိုလည်း ရေးနိုင်တယ်”

ယန်ရှီက တည်တည်ငြိမ်ငြိမ်ဖြင့် ဆိုသည်။

“ဒါပေမဲ့ သမီး သူတို့အပေါ် ရေလောင်းချရတဲ့အကြောင်းရင်းက သူတို့ အိမ်သာထဲမှာ အတန်းဖော်တစ်ယောက်ရဲ့ အတင်းကို ပြောနေလို့ပဲ၊ အဲဒါကိုပါ ဝန်ခံချက်ထဲမှာ ထည့်ရမယ် မဟုတ်ရင် သမီးရဲ့တောင်းပန်မှုက ရိုးသားမှာ မဟုတ်ဘူး”

လီချင်းချင်းနှင့် ချန်းနျန်တို့သည် ကြောက်လန့်တကြား တောင့်တင်းနေကြသည်။

ယန်ရှီ၌ မည်သည့် အဆက်အသွယ်မှ မရှိပေ။ သူတို့သည် ယန်ရှီ၏ ဝင်ခွင့်ကို အလွယ်တကူ ပယ်ဖျက်နိုင်ပြီး သူမကို တောင်းပန်ရန် ဖိအားပေးနိုင်သည်။ သို့သော် ကျုံချင်းယွီသာ အိမ်သာထဲ၌ သူမကို လှောင်ပြောင်နေသည်ကို သိသွားပါက သူတို့သည် ပေါ်ဝိန်ထက်တန်းကျောင်းတွင် ဘဝဆုံးသွားကြလိမ့်မည်။

ချန်းနျန်က ထိတ်လန့်နေသည်။ လီချင်းချင်းပင်လျှင် ကြောက်ရွံ့တုန်လှုပ်မှုတစ်ခုကို ခံစားလိုက်ရသည်။

“မေ့လိုက်တော့”

လီချင်းချင်းသည် ဤကိစ္စကို သူတို့မျက်နှာများပေါ်တွင် မပေါက်ကွဲစေချင်ပေ။

“ဒါ ငါတို့က ရက်ရောပြီး နင့်ကို ဒီတစ်ခါ လွှတ်ပေးတယ်လို့ သဘောထားလိုက်၊ နောက်ထပ်အခွင့်အရေးကို မမျှော်လင့်နဲ့”

ထို့နောက် သူမနှင့် ချန်းနျန်တို့သည် ဆရာမ၏ရုံးခန်းမှ ထွက်သွားကြသည်။

အတန်းပိုင်ဆရာမသည် ယန်ရှီဘက်သို့ လှည့်ကာ

“ရှီရှီ၊ သမီး ဘာလို့ ဒီလောက် စိတ်မြန်လက်မြန်လုပ်ရတာလဲ သမီးရဲ့ အာမခံထားတဲ့ဝင်ခွင့်ကို ဆုံးရှုံးသွားပြီ၊ အခု တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ ဖြေရတော့မယ်”

ယန်ရှီသည် ထိပ်တန်းကျောင်းသူတစ်ယောက် ဖြစ်သော်လည်း ဆရာမသည် စာမေးပွဲများ၏ ခန့်မှန်းတွက်ဆ၍မရနိုင်မှုကို စိုးရိမ်မိသည်။

ယန်ရှီတစ်ယောက် ဘာသာပြန်အလုပ်များကို လုပ်နေသည်ကို သူမသိသည်။ ၎င်းတို့အများစုကို သူမကိုယ်တိုင် အကြံပြုခဲ့ခြင်းဖြစ်သည်။ စာမေးပွဲပြင်ဆင်မှုကို ထပ်ပေါင်းလိုက်ပါက အရမ်းများသွားနိုင်သည်ဟု တွေးလိုက်သည်။

“အဆင်ပြေပါတယ်၊ ဆရာမ သမီး ကောင်းကောင်းလုပ်နိုင်မှာပါ”

ကျောင်းဆင်းပြီးနောက် ယန်ရှီသည် ဘတ်စ်ကားစီး၍ သူမ၏တိုက်ခန်းသို့ ပြန်လာခဲ့သည်။

တိုက်ခန်းအနီးရှိ ကျဉ်းမြောင်းသော လမ်းကြားတစ်ခုထဲ၌ ညစာအတွက် ဖက်ထုပ်ပြုတ်ပွဲသေးတစ်ပွဲဝယ်လာခဲ့သည်။

ချက်ပြုတ်လျှင် အချိန်ကုန်လွန်းသဖြင့် စားသောက်ဆိုင်သွားစားပြန်လျှင်လည်း အကုန်အကျများသည်။ လမ်းကြားက ပျံကျဈေးသည်များထံတွင်တော့ စျေးပေါပေါဖြင့်ရလေသည်။

သို့သော် ခြေလှမ်းအနည်းငယ်သာ လျှောက်ပြီးနောက် သူမထံသို့ အရိပ်များကျရောက်လာခဲ့သည်။

လီချင်းချင်းနှင့် ချန်းနျန်တို့သည် အခြားမိန်းကလေးအုပ်စုများနှင့်အတူ သူမ၏ရှေ့တွင် ရပ်နေကြသည်။

ပေါ်ဝိန်အထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူများ အချင်းချင်းအနိုင်ကျင့်မှုများ ရှိနေခဲ့သည်။

ယခင်က ယန်ရှီ၏ ပညာရေးထူးချွန်မှုက သူမကို အကာအကွယ်ပေးခဲ့သည်။ သူမ မှားမှားယွင်းယွင်းလုပ်ရပ်များ မလုပ်သရွေ့ ဆရာများက ကာကွယ်ပေးလိမ့်မည်။

သို့သော် ယခုအခါတွင် အခြေအနေများ ပြောင်းလဲသွားပြီဖြစ်သည်။

လီချင်းချင်းက သူမ၏ လက်ဖြင့် ယန်ရှီလက်ထဲရှိ ဖက်ထုပ်ပန်းကန်ကို ရိုက်ချလိုက်သည်။ မုန့်ဖက်များသည် မြေပေါ်သို့ ဖိတ်ကျသွားပြီး ဟင်းခတ်အမွှေးအကြိုင်များများ အပြည့်ပါဝင်သော ဟင်းရည်များက လမ်းမျက်နှာပြင်ပေါ်သို့ စီးကျသွားသည်။ ဖြူနုနေသော မုန့်ဖက်ကလေးများသည် ဖုန်ထဲတွင် ပြန့်ကြဲလျက်ရှိသည်။

"အိုး ညစာမရှိတော့ဘူး ကံဆိုးလိုက်တာ "

လီချင်းချင်းက တွဲလွဲကျနေသော မုန့်ဖက်များပေါ်သို့ ခြေထောက်ဖြင့် ဖိညှပ်လိုက်ပြီး ဖုန်ထဲသို့ ဆောင့်ထည့်လိုက်သည်။

"ဒါ ဘာဟင်းကြီးလဲဟင် ညစ်ပတ်လိုက်တာနော်၊ ခွေးတောင် စားမှာမဟုတ်ဘူး"

ချန်းနျန်က ရယ်မောလိုက်သည်။

"ခွေးတွေစားတာလည်း ဒါမျိုးပဲ မဟုတ်ဘူးလား"

ယန်ရှီက မိန်းကလေးနှစ်ယောက်ကို မျက်နှာမလွှဲတမ်း စိုက်ကြည့်လျက် ပြန်ခံပြောသည်။

"လီချင်းချင်းနဲ့ ချန်းနျန်၊ ဒီလိုမျိုး အနိုင်ကျင့်ရင် ရဲတိုင်လို့ရတယ်နော်"

"ရဲကို တိုင်မယ် ဟုတ်လား"

လီချင်းချင်းက ပို၍ကျယ်လောင်စွာ ရယ်မောပြီး ယန်ရှီ၏ ပါးကို လက်ဖနောင့်ဖြင့် လွှဲယမ်းကာ ရိုက်ချလိုက်သည်။

"တိုင်ပါလား ဒါပေမဲ့ နင့်မှာ သက်သေအထောက်အထားရှိလား မျက်မြင်သက်‌သေရှိလား ရဲတွေက နင့်စကားယုံမယ်တဲ့လား၊ တိုင်လိုက်လေ ကြည့်ကြသေးတာပေါ့"

ကံမကောင်းစွာဖြင့် ဤလမ်းကြားတွင် CCTV ကင်မရာများ မရှိပေ။

ယန်ရှီက အင်္ကျီလက်အတွင်းသို့ ဖုန်းကိုတိတ်တဆိတ်ဆွဲယူထားလ်ိုက်ပြီး "110" ဟူသော အရေးပေါ်နံပါတ်ကို နှိုပ်ကာ ဖုန်းကို ဖွက်ထားလိုက်သည်။

ဖုန်းခေါ်ဆိုမှု အဆက်အသွယ်မရသေးမီ ရုတ်တရက် မျက်စိစူးစေသော ကားမီးရောင်တစ်ခု ထိုးစိုက်လာခဲ့သည်။

"ဘယ်ကောင်မက ဒီကို လာရဲတာလဲဟ"

လီချင်းချင်းက လှမ်းအော်လိုက်သည်။

"ဒီမှာလူတွေရှိနေတာ မမြင်ဘူးလား ကန်းနေလား"

ယန်ရှီက လှောင်ပြောင်ခနဲ့သည့် အသံတစ်ခုကြားလိုက်ရပြီး ကားအင်ဂျင်စက်သံနှင့်အတူ အနီရောင် ဖာရာရီကားတစ်စီးသည် သူတို့ထံသို့ မောင်းနှင်လာနေသည်ကို မြင်လိုက်ရသည်။

လီချင်းချင်း၊ ချန်းနျန်နှင့် အခြားသူများသည် အလန့်တကြားဖြစ်သွားပြီး ကားမရောက်မီပင် နေရာစုံသို့ ပြေးလွှားသွားကြသည်။ အချို့မှာ ထွက်ပြေးရင်း ခြေချော်လဲကျသွားကြတော့သည်။

သို့သော် ဖာရာရီကားသည် အရှိန်လျှော့ရန် လက္ခဏာမပြပေ။ ယန်ရှီနှင့်တစ်မီတာအကွာခန့်တွင် ကျွီဟူသော ကားထိုးရပ်သည့်အသံကြီးနှင့်အတူ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

လူတိုင်း အံ့အားသင့်သွားကြပြီး လီချင်းချင်းသည်လည်း ဒေါသထွက်လျက် ထပ်မံဆဲဆိုမည်ပြုနေစဉ် သူမသည် ကားမောင်းနေသူကို မြင်လိုက်ရသည်။

ကျုံချင်းယွီ။

လီချင်းချင်း ခဏတာအငိုက်မိသွားသည်။ သူမပတ်ဝန်းကျင်က အခြားမိန်းကလေးများလည်း ထိုနည်းတူပင်ဖြစ်သည်။

ကျုံချင်းယွီက နေကာမျက်မှန်တပ်ထားပြီး လက်တစ်ဖက်က ကားစတီယာရင်ကို ကိုင်ထားကာ လီချင်းချင်းကို ရယ်စရာတစ်ခုကဲ့သို့ လှမ်းကြည့်နေသည်။

"လီချင်းချင်း ငါမရှိတုန်း နင် အရမ်းတွေပျော်နေတယ်ထင်တယ်"

ထို့နောက် မြေကြီးပေါ်လဲကျနေသော ယန်ရှီနှင့် ဖိတ်ကျနေသော ဖက်ထုပ်ပြုတ်များကို လှမ်းကြည့်ကာ မေးလိုက်သည်။

"အနိုင်ကျင့်နေတာလား"

လီချင်းချင်းက ချက်ချင်း ယန်ရှီ၏ ပခုံးကို ပွေ့ဖက်၍ အတင်းရယ်ဟန်ဆောင်လိုက်သည်။

"အနိုင်ကျင့်တာလား မဟုတ်ပါဘူး မဟုတ်ပါဘူး၊ ဒါတွေအားလုံးက နားလည်မှုလွဲသွားတာပါ ဘာမှမဟုတ်ပါဘူး"

"နားလည်မှုလွဲတာတဲ့လား၊ ရဲတွေ လမ်းမှာရောက်နေတာပြီနာ် ငါကမျက်မြင်သက်သေပေဲ"

ကျုံချင်းယွီက သူမ၏ ဖာရာရီပေါ်ရှိ ကားကင်မရာကို ညွှန်ပြလိုက်သည်။

"ဒါကတော့ နင့်လုပ်ရပ်အတွက် အထောက်အထားပေါ့"

လီချင်းချင်းမျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။

"သခင်မလေး ဒါက နားလည်မှုလွဲ‌နေတာပါ၊ ငါတို့ သူငယ်ချင်းတွေမဟုတ်ဘူးလား ရဲကို ခေါ်ဖို့လောက်အထိတော့ မလိုပါဘူး"

ကျုံချင်းယွီ သူမ၏ မေးစေ့ကို လက်ဖြင့်ထောက်ကာ စဉ်းစားနေသည်။

"သူငယ်ချင်းတွေလား၊ ငါ့ကို နောက်ကွယ်မှာ စောက်ရူးမလို့ ဆဲဆိုနေကြတာရော နင်တို့ပဲ မဟုတ်လား"

လီချင်းချင်း၏ စိတ်ထဲတွင် လှိုက်ခနဲဖြစ်သွားသည်။

ထိုနေ့က ချန်းနျန်နှင့် သူမအတင်းအဖျင်းပြောနေကြစဉ် ယန်ရှီသာကြားခဲ့ရုံသာမက ကျုံချင်းယွီလည်း ကြားခဲ့သည်မှာ သေချာသွားပြီဖြစ်သည်။

ကျုံချင်းယွီက လီချင်းချင်း၏ စိုးရိမ်မှုကို လျစ်လျူရှုကာ ယန်ရှီဘက်သို့ လှည့်ပြီး ကားဟွန်း နှစ်ချက်တီးလိုက်သည်။

"ဘာလို့ ကြောင်တောင်တောင်နဲ့ ရပ်နေတာလဲ တက်လေ"

ယန်ရှီ စိတ်ရှုပ်ထွေးနေသေး၍ အခြေအနေကို အပြည့်အဝနားမလည်သေးသော်လည်း ဖာရာရီကားပေါ်ရှိ ထိုင်ခုံပေါ်သို့ အသာတကြည် တက်လိုက်သည်။

ကျုံချင်းယွီက စတီယာရင်ကို ရုတ်တရက်လှည့်လိုက်ပြီး လမ်းကြားမှ အရှိန်ပြင်းစွာ မောင်းထွက်သွားလိုက်သည်။

သူတို့နောက်တွင် ရဲကားသံများ ထွက်ပေါ်လာခဲ့သည်။

ကျောင်းအတွင်း အနိုင်ကျင့်မှုသည် ရာဇဝတ်မှုမဟုတ်သော်လည်း အပြစ်ဒဏ်မှာ ရှောင်လွှဲ၍မရချေ။

---

ဖာရာရီကားလေးသည် လမ်းပေါ်တွင် အရှိန်ပြင်းစွာဖြင့် ရွေ့လျားနေစဉ် ပြတင်းပေါက်များဖွင့်ထားသဖြင့် နွေဦးလေပြေသည် ကားခန်းအတွင်းသို့ တဟုန်ထိုးဝင်လာသည်။

ယန်ရှီက ထိုင်ခုံကြိုးကို ခပ်တင်းတင်းဆုပ်ကိုင်ထားပြီး ရင်တုန်ပန်းတုန်ဖြင့် မေးလိုက်သည်။

"နင့်မှာ ယာဉ်မောင်းလိုင်စင်ရှိရဲ့လား"

ကျုံချင်းယွီက ပြုံးပြလိုက်သည်။

"ဒီမေးခွန်းက ဘာလဲ၊ ငါ့ပါးပါးက လိုင်စင်မရှိပဲ ငါ့ကို ကားပေးမယ်ထင်တာလား၊ နင်က ငါနဲ့အတူ ပထမဆုံးစီးဖူးတဲ့သူပဲ ကံကောင်းတယ်မှတ်ပါ"

ယန်ရှီက ချီတုံချတုံဖြင့် ခေါင်းငြိမ့်လိုက်သည်။

သခင်မလေး၏ ကားမောင်းဟန်မှာ လန့်ဖျပ်ဖွယ်ကောင်းလွန်းသည်။ ကားများစွာကို ကျော်တက်ပြီးသွားခဲ့ပြီဖြစ်သည်။ သို့သော် လိုင်စင်ရှိလျှင် ကိစ္စမရှိနိုင်ပေ။

ထို့နောက် ကျုံချင်းယွီက စိတ်လှုပ်ရှားစွာဖြင့် ထပ်ပြောလိုက်သည်၊

"ဒါပေမဲ့ ဒီနေ့ပဲ မောင်းခွင့်ရှိတာ၊ လမ်းမှာ ယာဉ်ကြောတွေ အရမ်းပိတ်တယ် မောင်းရတာ သိပ်မပျော်ဘူး"

ယန်ရှီ: ???

သူမ မည်မျှလောက်ထိသော "ပျော်ရွှင်မှု"ကို လိုချင်သေးသနည်း။ ယခုက ကားမောင်းခြင်းသာဖြစ်သည်။ ပြိုင်ကားမောင်းခြင်း မဟုတ်။

ရုတ်တရက် တောဝက်တစ်ကောင်သည် လမ်းပေါ်သို့ ခုန်ဆင်းလာခဲ့သည်။

ထိုတောဝက်သည် အလွန်လျင်မြန်စွာ ပြေးလွှားနေပြီး တစ်စုံတစ်ခုကို ကြောက်လန့်နေသည့်ဟန်ဖြင့် လမ်းပေါ်တွင် စိတ်လှုပ်ရှားစွာ ကွေ့ပတ်နေသည်။ ကျုံချင်းယွီက ဘရိတ်အတင်းနင်းလိုက်သော်လည်း နောက်ကျသွားပြီဖြစ်သည်။ သူမက စတီယာရင်ကို ညာဘက်သို့ အသည်းအသန် ဆွဲလိုက်သည်။

အနီရောင် ဖာရာရီကားလေးသည် လမ်းဘေးသို့ ယိမ်းထွက်သွားပြီး မြစ်ထဲသို့ တစ်ပါတည်း ထိုးဆင်းသွားခဲ့သည်။

ယန်ရှီအတွက် အခြေအနေအားလုံးမှာ မယုံနိုင်စရာဖြစ်နေသည်။ ကျုံချင်းယွီ၏ ကားပေါ်တက်မိခြင်းကတစ်မျိုး၊ ဘယ်ကလာမှန်းမသိသော ဝက်ဝံက မတော်တဆဖြစ်စေခြင်းကတစ်ဖုံ၊ သည်အရာကဟာသတစ်ခုတော့ မဟုတ်တော့ပေ။

မြစ်သည် နက်ရှိုင်းခြင်းမရှိသော်လည်း ဖာရာရီကား၏ တစ်ဝက်မှာ ရေထဲနစ်မြုပ်နေသည်။ ယန်ရှီနှင့် ကျုံချင်းယွီတို့သည် ဖွင့်ထားသော ပြတင်းပေါက်မှ ရေထဲကူးထွက်ပြီး ရွှံ့ထူထူဖြင့်ဖုံးနေသောကမ်းပါးပေါ်သို့ တက်ခဲ့လိုက်ကြသည်။

ကံကောင်းသည်ကား ပေါ်ဝိန်အထက်တန်းကျောင်းတွင် ရေကူးသင်တန်းများ သင်ကြားပေးလေ့ရှိသည်။

ရေစိုနေသော ဆံပင်များဖြင့် နှစ်ယောက်စလုံးသည် ကျောက်ဆောင်ကမ်းပါးပေါ်တွင် ရေစိုနေသည့်ကြွက်စုတ်လေးများကဲ့သို့ ရပ်နေကြသည်။

အေးမြသောလေပြေတစ်ခု ဖြတ်သန်းလာပြီး ချွေးသိမ့်သော်လည်း သူတို့ကို သာ၍ပင်ပန်းစေခဲ့သည်။

ကျုံချင်းယွီ: "..."

ယန်ရှီ: "..."

ထိုအခါမှသာ ယန်ရှီတစ်ယောက် သတိရမိသွားသည်။

"အာ နင် နင်က..."

လွန်ခဲ့သောငါးနှစ်ခန့်က Prince Crane သုဿာန်မှာ တွေ့ဖူးသည့် မိန်းကလေး။ လီလီပန်းမဝယ်နိုင်ခဲ့သည့်သူ။

ထိုမိန်းကလေးမှာ ထိုစဉ်က ရုပ်အဆင်းလှပခြင်းမရှိခဲ့။ ယန်ရှီသည် ထိုသူမနှင့် ဤအလှဆုံး သခင်မလေးကို ဘယ်သောအခါမှ ဆက်စပ်မြင်မှတ်ခဲ့ခြင်း မရှိပေ။

"အာ စိတ်ရှုပ်စရာကြီး"

ကျုံချင်းယွီက သူမ၏အဝတ်များကို ညှစ်လိုက်သည်။

"ဘာလို့ နင့်ကို ငါ့အဆိုးဆုံးအခြေအနေတွေမှာပဲ တွေ့နေရတာလဲ"

ယန်ရှီ ရုတ်တရက်ဆိုသလို ကျုံချင်းယွီ သူမကို ကူညီရခြင်း အကြောင်းရင်းကို နားလည်သွားသည်။ သူမက တည်ကြည်လေးနက်စွာ ပြောလိုက်သည်၊။

"ရေစိုနေပေမဲ့ နင်က လှနေတုန်းပါပဲ"

ကျုံချင်းယွီက သူ့ကို မျက်တောင်ခတ်ပြီးကြည့်လိုက်သည်။ ထို့နောက် သူမက အားပါးတရ ရယ်မောလိုက်သည်။ တောင်တန်းထဲက စမ်းရေအေးအေးကဲ့သို့ သို့မဟုတ် နွေဦးလေနွေးနွေးလေးကဲ့သို့ သောအသံဖြစ်သည်။

"ယန်ရှီ နင်က တကယ်တော့ စိတ်ဝင်စားစရာကောင်းတဲ့သူ တစ်ယောက်ပါလား"

သူမက ယန်ရှီ၏ ပခုံးကို ပွေ့ဖက်လိုက်ပြီး ဝန်ခံလိုက်သည်။

"ငါဆုံးဖြတ်လိုက်ပြီ၊ နင်က ငါ့ရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်သွားပြီ"

နေဝင်ဆည်းဆာအောက်တွင် နှစ်ယောက်သား ဘေးချင်းယှဉ်ရပ်နေကြပြီး ၎င်းတို့၏ အရိပ်များသည် မြေပြင်ပေါ်တွင် ရှည်လျားစွာ ကျနေကြသည်။ နောက်ထပ် လေပြေအေးတစ်ခု ဖြတ်သန်းသွားသောအခါတွင် သူတို့နှစ်ဦးစလုံး အတူတူတုန်ယင်သွားမိကြသည်။

သို့သော် တစ်စုံတစ်ရာကြောင့် ယန်ရှီ၏ ရင်ဘတ်ထဲတွင် နွေးထွေးမှုပန်းတစ်ပွင့် ပွင့်လန်းလာသည့်နှယ် ခံစားမိလိုက်တော့သည်။

—ပြီးပါပြီ—

All Chapters