အခန်း (၄၁)
Vol. 5 Ch. 41
လင်းကွမ်းချင်းတစ်ယောက် အဖွားဖြစ်သူ၏ရယ်မောသံများကြောင့် မနှောင့်နှေးရဲတော့ဘဲ မြန်ဆန်စွာ ဝင်သွားခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် သူဝင်သွားပြီးနောက်တွင် စုန့်ရှီးယန်မှာ သူထင်သလောက် စိတ်မရှည် မဖြစ်နေကြောင်းကို တွေ့ရှိခဲ့ရသည်။ သူက အေးတိအေးစက်နိုင်စွာရှိနေသေးသော်လည်း အဘွားကြီးကိုတော့ ယဉ်ယဉ်ကျေးကျေး ပြန်ဖြေနေခဲ့သည်ပင်။
ထိုမြင်ကွင်းကိုမြင်လိုက်ရမှသာ လင်းကွမ်းချင်း၏နှလုံးသားက သူ့ဗိုက်ထဲသို့ ပြန်ကျသွားခဲ့ရရှာသည်။
သို့သော်လည်း အဘွားအိုအား စကားဆက်၍ ပြောခွင့်မပေးရဲတော့သောကြောင့် သူမအား တခြားအခန်းသို့ အမြန်ခေါ်သွားကာ စုန့်ရှီးယန်၏ ရာထူးအထောက်အထားကို အသေးစိတ်ရှင်းပြဖို့ လုပ်ခဲ့ရလေ၏။
“အစ်ကိုစုန့်၊ ဒီမှာ ခဏလောက်ထိုင်ပါဦး၊ ကျွန်တော် ချက်ချင်းပြန်ထွက်လာခဲ့မယ်!”
ထိုစကားကို ပြောပြီးနောက် သူက စုန့်ရှီးယန်နှင့် တခြားရဲဘော်တစ်ယောက်၏ သန်မာသော ခန္ဓာကိုယ်များကို သဘောကျနှစ်ခြိုက်နေသည့် အဘွားအိုအား အနောက်ဘက်ခန်းဆီသို့ တိုက်ရိုက် ဆွဲခေါ်သွားလိုက်ရသည်။
ထိုနှစ်ယောက်မှာ အထဲသို့ ဝင်သွားပြီးနောက် အခန်းထဲတွင် မည်သည့်စကားများကို ပြောနေကြသည်လဲ မသိရသော်လည်း ခဏကြာသည်အထိ အပြင်ဘက်သို့ ထွက်မလာကြတော့ပါချေ။
စုန့်ရှီးယန် ထိုနေရာတွင် ထိုင်စောင့်နေရင်းဖြင့် အနည်းငယ်လောက် ပျင်းရိလာခဲ့သည်။
သူ ထိုင်နေရာမှ ထ၍ ခြံထဲသို့ လမ်းလျှောက်ဖို့ လုပ်ခဲ့သော်လည်း ရုတ်တရက် သူ၏နားရွက်က အနည်းငယ် လှုပ်သွားခဲ့ပြီး တံခါးအပြင်ဘက်မှ ခြေသံတချို့ကို ကြားလိုက်ရလေ၏။
ထို့အတူ အမျိုးသားတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။
“ရန်ရန် ၊ ဒါ မင်း ငယ်ငယ်တုန်းက စိုက်ထားတဲ့ အပင်လေ၊ မင်းက ပျိုးပင်ကို မြေသြဇာကျွေးဖို့အတွက် နေ့တိုင်းနေ့တိုင်း အစောကြီးထလာတတ်တယ်၊ မင်းသာ မြေသြစာကောင်းကောင်းမကျွေးခဲ့ဘူးရင် ဒီအပင်က ကောင်းကောင်း ကြီးလာမှာ မဟုတ်ဘူး!”
လင်းရန်တစ်ယောက် အဖေဖြစ်သူ ပြောသည့် “မြေသြဇာကျွေးခြင်း” ဟူသော အဓိပ္ပါယ်ကို နားလည်ရန်အတွက် အချိန်အတော်ကြာယူခဲ့ရသည်။
သူမက အပင်များကို ပိုးမွှားကင်းစင်စေရန် သဘာဝဓာတ်မြေသြဇာအဖြစ် ရှူးများပေါက်ပေးခဲ့ခြင်း ဖြစ်လိမ့်မည်...
ဖေဖေလင်းက ဆီးဟူသော စကားလုံးကို လှပစေရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ရှက်စရာ ကောင်းနေဆဲပင်။
ကံကောင်းထောက်မစွာနှင့် အပြင်လူများက ဤစကားကို မကြားရ၍သာပင် ။ သို့မဟုတ်ပါက အလွန်ရှက်စရာကောင်းနေပေလိမ့်မည်။
ရလဒ်အနေဖြင့် သူမ စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်ပြီး နောက်တစက္ကန့်၌ ရုတ်တရက် မျက်လုံးထောင့်မှ ရှည်မျောမျောလိုင်းတစ်ခုကို သတိထားမိလိုက််သည်။ သူမ မသိစိတ်အရ ခေါင်းကို မော့၍ ရှေ့သို့ လှမ်းကြည့်လိုက်ချိန်တွင် တံခါးဝတွင် ရပ်နေသည့် အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရတော့သည်။
ထိုအမျိုးသား၏အကြည့်မှာ သူမဆီတွင် နှစ်စက္ကန့်မျှကြာအောင် ရပ်တန့်သွားခဲ့ပြီး “လင်းရန်”ဆီမှ မြေသြဇာတိုက်ကျွေးခံထားရသောကြောင့် သန်မာကြီးထွားလာသည့် သီးနှံပင်ကြီးကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်တော့သည်။
လင်းရန်: “...”
*
သူစိမ်းအမျိုးသားမှ သီးနှံပင်ဆီကို မော့ကြည့်လိုက်သည်ကို မြင်လိုက်ရပြီးနောက်တွင် လင်းရန်၌ အတွေးတစ်ခုသာ ကျန်ရှိခဲ့တော့တယ်။
ဖျက်စီးလိုက်ပါတော့...
သို့သော်လည်း သူမ၏အမူအရာက အလွန် ပြင်းထန်နေခဲ့သောကြောင့်လား၊ သို့မဟုတ် ထိုအမျိုးသားမှ အဖေလင်း၏ပြောစကားကို ရှင်းရှင်းလင်းလင်းမကြားလိုက်ရခြင်းကြောင့်လားတော့ မသိပါချေ။
သူက သီးနှံပင်ကို တစ်ချက်မော့ကြည့်လိုက်ပြီးနောက် သူ့၏မျက်လုံးများက မည်သည့်အရာမျှ မဖြစ်ခဲ့သကဲ့သို့ အဝေးသို့ အမြန်အကြည့်လွှဲသွားခဲ့လေ၏။
အမှန်တရားက မည်သို့ပင်ရှိစေ လင်းရန်ကတော့ အဖြေကို နောက်ပိုင်းတွင် သိရှိနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။
ထိုအချိန်တွင် လင်းကျန်းအန်းသည်လည်း အဓိကအိမ်၏ တံခါးဝတွင် ရပ်နေသော လူစိမ်းတစ်ယောက်ကို တွေ့ရှိခဲ့သည်။
သို့သော် သူ၏တူဖြစ်သူ လင်းကွမ်းချင်းမှ အခြေအနေများကို ကြိုပြောပြထားပြီးသားဖြစ်သောကြောင့် လင်းကျန်းအန်းအနေဖြင့် သူ့ရှေ့မှ လူ၏ အမည်ကို လျှင်မြန်စွာ ခန့်မှန်းလိုက်လေသည်။
“ဒါက ဗိုလ်ကြီးစုန့်ပဲ ဖြစ်ရမယ်!”
သူက စုန့်ရှီးယန်ဆီသို့ အလျင်အမြန် လျှောက်သွားနေချိန်တွင် စုန့်ရှီးယန်၏ ပုံပန်းသဏ္ဍာန်ကိုလည်း ဂရုတစိုက်ကြည့်ဖို့ မမေ့ခဲ့ပေ။
ထို့နောက်တွင် လင်းကွမ်းချင်းကို ကယ်တင်ပေးခဲ့သော ဗိုလ်ကြီးစုန့်မှာ အစစ်အမှန် သူရဲကောင်းတစ်ယောက်ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
သူ၏အသွင်အပြင်နှင့် အလေ့အထ အမူအရာများတောင်မှ အလွန်ထူးကဲလွန်းနေခဲ့ပြီး ပထမအကြည့်တစ်ချက်နှင့်ပင် လူအများကြားမှ နဂါး သို့မဟုတ် ဇာမဏီကဲ့သို့ အသွင်အပြင်မျိုး ဖြစ်နေခဲ့သည်။
စုန့်ရှီးယန်ကလည်း သူ့ကို ကြည့်လာခဲ့ပြီး လင်းကျန်းအန်း၏တိကျသည့် အထောက်အထားကို မသေချာသောကြောင့် ခေါင်းညိတ်ကာ နှုတ်ဆက်လာခဲ့သည်။
“မင်္ဂလာပါ”
“ငါက လင်းကွမ်းချင်းရဲ့ ဒုတိယဦးလေးပါ၊ ဗိုလ်ကြီးစုန့်ရဲ့ ကယ်တင်မှုကြောင့် ဒီကောင်လေးက အမွှေးအတောင်အစုံအလင်နှင့် အိမ်ကို ပြန်ရောက်လာနိုင်ခဲ့တယ်၊ ငါတို့ တစ်မိသားစုလုံးကိုယ်စား ငါ မင်းကို ကျေးဇူးတင်ပါတယ်! “
လင်းကျန်းအန်းက လင်းကွမ်းချင်း၏ ဒုတိယဦးလေးဖြစ်ကြောင်း သိရှိပြီးနောက် စုန့်ရှီးယန်က တုံ့ဆိုင်းနေသည့်အခြေအနေမှ ရှင်းလင်းသွားခဲ့ကာ ပြန်ပြောလာခဲ့သည်။
“ဒုတိယဦးလေး၊ ကျေးဇူးတင်စရာမလိုပါဘူး၊ နောက်ပြီး ကျွန်တော့်ကို ရှောင်စုန့်လို့ခေါ်လို့ရပါတယ်”
လင်းကျန်းအန်းမှာ စုန့်ရှီးယန်၏ “ဒုတိယဦးလေး” ဟူသော အသံကြောင့် ခဏမျှ အံ့အားသင့်သွားခဲ့သည်။
စုန့်ရှီးယန်က သူထင်သည်ထက် ပို၍ ပေါင်းသင်းရန် လွယ်ကူနိုင်ကြောင်း သဘောပေါက်ပြီးနောက် သူက ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
“ကောင်းပြီ ဒါဆိုလည်း မင်းကို ရှောင်စုန့်လို့ ခေါ်လိုက်မယ်”
သူက တစ်ဖက်လူနှင့် စကားပြောနေခြင်းကြောင့် သူ့သမီးကို မေ့သွားမည့်သူမျိုးမဟုတ်ချေ။
သူ့အနေဖြင့် သူနှင့် နောက်ဆုံးမှသာ ပြန်တွေ့ခဲ့ရတဲ့ သမီးဖြစ်သူကို စုန့်ရှီးယန်ဆီသို့ ကြွားဝါလိုစွာ မိတ်ဆက်ပေးချင်ခဲ့သော်လည်း စုန့်ရှီးယန်၏ ငယ်ရွယ်ကာ ချောမော ခန့်ညားလွန်းလှသည့် မျက်နှာကို စိုက်ကြည့်လိုက်ပြီးနောက်တွင်တော့ ရုတ်တရက် စိတ်ပြောင်းသွားခဲ့တော့သည်။
ထို့နောက် သူက ပေါ့ပေါ့ပါးပါး ချောင်းဆိုးကာ စုန့်ရှီးယန်၏ မျက်လုံးများကို ရှောင်လိုက်ပြီး လင်းရန်က မည်သူဖြစ်ကြောင်းကို အတိုဆုံးဝါကျဖြင့် အမြန်မိတ်ဆက်ခဲ့သည်။
“အဟမ်း၊ ရှောင်စုန့်၊ ဒါက ငါ့ရဲ့သမီး လင်းရန်လေ၊ သူ့ပစ္စည်းတွေကို နေရာချဖို့လိုလို့ သူ့ကို အရင်ခေါ်သွားလိုက်ဦးမယ်၊ မင်း ဒီမှာ ခဏထိုင်နေလို့ရတယ်”
ထိုသို့ပြောပြီးသည်နှင့် လင်းရန်ကို လင်းမိသားစုခြံထောင့်ရှိ အိမ်ခန်းသို့အမြန်သွားခိုင်းခဲ့သည်။
ထိုအိမ်ခန်းမှာ ဘေးပတ်ဝန်းကျင်ရှိ အိမ်ဟောင်းများနှင့် တစ်ချိန်တည်း တည်း ဆောက်လုပ်ထားခြင်းမဟုတ်ကြောင်း ထင်ရှားလှသည်။ ၎င်းအဆောက်အအုံလေးမှာ နှစ်အနည်းငယ်သာ သက်တမ်းရှိပုံရသေးပြီး အသုံးပြုသည့်ပစ္စည်းများနှင့် တည်ဆောက်ပုံများမှာ ပိုမိုသစ်လွင်နေခဲ့သည်။
လင်းရန်တစ်ယောက် သူမ၏ ခြေချောင်းများကိုပင် မြေကြီးထဲသို့ နစ်ဝင်ချင်လုနီးပါး ရှက်စရာကောင်းလှသည့် သစ်သီးပင်ကိုမြေသြဇာထည့်ခြင်း အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရသည်။
ထို့ကြောင့် ဤအခိုက်အတန့်တွင် သူမအနေဖြင့် ဗိုလ်ကြီးစုန့်နှင့် သိပ်ပြီး ပြောဆိုဆက်သွယ်ခြင်း မလုပ်ချင်တော့သည့်အတွက် သူမ၏ဖခင်မှ သူမအား အိပ်ခန်းဆီသို့ အမြန်ခေါ်ဆောင်ရန်အတွက်သာ စိတ်အားထက်သန်နေခဲ့သည်။
သို့သော် သူမက သူမသည် ခန်းမတံခါးကို ကျော်ဖြတ်သွားသည့်အချိန်တွင် ယဉ်ကျေးမှုဖြင့် စုန့်ရှီးယန်ဆီသို့ နှုတ်ဆက်သည့်လက္ခဏာအဖြစ် ခေါင်းညိတ်ပြလိုက်သေးသည်။
သူမ သူ့၏အနီးသို့ ပို၍နီးကပ်လာသည်တွင် ထိုအမျိုးသားမှာ အရပ်မည်မျှ ရှည်သည်ကို ပို၍ပင်သိလိုက်သည်။
သူက သက်တောင့်သက်သာရှိသော ဟန်ပန်အနေအထားဖြင့် တံခါးဘောင်ကို မှီလျက်ရှိနေလျှင်ပင် သူနှင့်အတူ ယူဆောင်လာခဲ့သည့် သန်မာလွန်းသော ဖိနှိပ်လိုသည့်ခံစားချက်ကိုမူ ဖုံးကွယ်ထား၍မရနိုင်ခဲ့ပေ။
လင်းရန်အနေဖြင့် သူမ၏ယခင်ဘဝတွင် လူများစွာနှင့် ဆုံတွေ့ခဲ့ဖူးပြီး ဤအမျိုးသားမှာ အလွန်အန္တရာယ်များလွန်းလှပြီး အနှောင့်အယှက် မပေးသင့်သော လူတစ်ဦးဖြစ်ကြောင်း အကြည့်တစ်ချက်ဖြင့် ပြောနိုင်ခဲ့သည်။
ကံကောင်းထောက်မစွာ၊ ဤအမျိုးသားမှာ လင်းမိသားစုမှမဟုတ်သည့်အပြင် ဤနေရာတွင် အမြဲတမ်းနေထိုင်မည့်သူလည်း မဟုတ်ပါချေ။
သူသည်ကား ဤနေရာတွင် ခေတ္တမျှသာ နေထိုင်မည်ဖြစ်ပြီး မကြာမီတွင် ထွက်ခွာလိမ့်မည်ဖြစ်သည်။
သူမက နားမလည်နိုင်လောက်သော စိတ်သက်သာရာရမှုဖြင့် သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး အကြည့်ကို ပြန်လည်ရုတ်သိမ်းကာ ခေါင်းငုံ့လိုက်ပြီး အဖေလင်း၏ ခြေရာနောက်ကို အမြန်လိုက်၍ အိမ်ထဲသို့ ဝင်သွားခဲ့သည်။
သူ့ရှေ့မှ တဖြည်းဖြည်းပျောက်ကွယ်သွားသော အဖေနှင့်သမီး၏ ပုံရိပ်များကို လှမ်းကြည့်ရင်းဖြင့် စုန့်ရှီးယန်တစ်ယောက် ထိုကလေးမလေးမှ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းကို အလျင်အမြန် ငုံ့သွားခဲ့သည်ကို ပြန်လည်တွေးတောကာ မျက်ခုံးကို အသာ ပင့်မ,လိုက်သည်။
ဘာလို့လဲ? သူက အဲလောက်တောင် ကြောက်စရာကောင်းနေလို့လား?
ဒီလိုပုံမျိုးနှင့်ဆိုရင် သူ စစ်တပ်ထဲမှာတုန်းက တပ်သားသစ်တွေကို သင်တန်းပေးတဲ့အချိန် ဘယ်လိုပုံစံမျိုးလဲဆိုတာကိုသာ သူမကို ခေါ်ပြလိုက်ရင် တိုက်ရိုက်ပဲ ငိုသွားမှာမဟုတ်ဘူးလား။
ဤသို့ စဉ်းစားမိလျှင် စုန့်ရှီးယန်တစ်ယောက် ခပ်ဖွဖွ ရယ်မောလိုက်မိသော်လည်း တကယ်တမ်းတွင် ထိုအကြောင်းကို နှလုံးသားထဲသို့ ထည့်မနေခဲ့ပါချေ။
သူ့ နောက်တွင်တော့ လင်းကွမ်းချင်းတစ်ယောက် အဘွားအို၏ အဆက်မပြတ်မေးမြန်းမှုအောက်မှ ပြန်လည် လွတ်မြောက်လာခဲ့ပြီ။
သူ အနောက်ခန်းထဲမှ ထွက်လာသည်တွင် တံခါးဝ၌ ရပ်နေသော စုန့်ရှီးယန်ကို တွေ့လိုက်ရသောကြောင့် ထိုနေရာတွင် အဘယ်ကြောင့်ရှိနေကြောင်း မေးမြန်းရန် ပြုလိုက်စဥ် စုန့်ရှီးယန်မှ ပြန်လှည့်၍ ပြောလာခဲ့သည်
“မင်းရဲ့ ဒုတိယဦးလေး ပြန်လာပြီထင်တယ်”
ထိုစကားကိုကြားလျှင် လင်းရန်တစ်ယောက် စိတ်အနှောင့်အယှက်ဖြစ်စွာ မျက်မှောင်ကြုတ်မိသွားရသည်။
“ဘာလို့ဒီလောက်မြန်မြန်ပြန်ရောက်လာရတာလဲ၊ ရန်ရန်ရဲ့ခရီးဆောင်အိတ်ကို သယ်ဖို့တောင် အချိန်မရလိုက်ဘူး!”
ထိုစကားကို ပြောပြီးမှသာ သူ နောက်တစ်ခု သတိရသွားခဲ့ရသည်။
သူ့အနေဖြင့် စုန့်ရှီးယန်အကြောင်းကို သူ့အဖွားဖြစ်သူထံတွင် ရှင်းပြဖို့ အလုပ်ရှုပ်နေခဲ့ကာ လင်းရန် ပြန်ရောက်လာသည့်အကြောင်းကို သူ့အဖွားအား ပြောပြရန် မေ့လျော့သွားခဲ့သည် ။
ဤသည်ကသာ သူတို့လင်းမိသားစုအတွက် အဓိကပွဲအခန်းအနားတစ်ခု ဖြစ်ပေသည်!
လင်းကွမ်းချင်း စဉ်းစားပြီးနောက် အဖွားလင်းဆီသို့ အမြန်လှည့်ပြီး အော်ပြောလိုက်သည်။
“အဖွား၊ ညီမလေးရန်ရန် ပြန်ရောက်လာပြီ!”
အဖွားလင်းမှာ အတွင်းခန်း၏ ယခုလေးတင် တံခါးဝမှ ထွက်လာခဲ့ဖြစ်ပြီး ထိုစကားများကို ရုတ်တရက် ကြားလိုက်ရသည်တွင် ဟန်ချက်ပျက်လုနီးပါး ဖြစ်သွားရသည်။
လင်းကွမ်းချင်းမှာ အလွန်ထိတ်လန့်သွားရပြီး သူမအား သတိထားရန် လှမ်းအော်ရင်းနှင့် သူမကိုကူညီရန် ပြေးသွားခဲ့သည်။
သို့သော်လည်း အဘွားအိုမှာ ယခုအချိန်တွင် သူ့စကားများကို တုံ့ပြန်ရန် အချိန်မရှိသေးပေ။ သူမက မြေးဖြစ်သူလက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ မျက်လုံးများပင်ပြူးလျက် မေးလာခဲ့သည်။
“မင်း ဘာပြောလိုက်တာလဲ၊ ဘယ်သူပြန်တာလဲ! ဘယ်ရန်ရန်လဲ!”
**