အခန်း (၄၂)
Vol. 5 Ch. 42
လင်းကွမ်းချင်းတစ်ယောက် သူ၏ အဘွားဖြစ်သူမှာ လင်းရန်ကို နှစ်ပေါင်းများစွာကြာအောင် မတွေ့ခဲ့ရသလို ယခုအချိန်တွင် အသက်ပို၍ကြီးလာသောကြောင့် သူမကို မေ့သွားခဲ့ခြင်းဖြစ်လိမ့်မည်ဟု တွေးတောခဲ့သည်။ သို့နှင့် အလျှင်အမြန် ရှင်းပြလိုက်လေ၏။
“ဒုတိယဦးလေးရဲ့သမီးလေ၊ အဖွားရဲ့မြေးမလေး ရန်ရန်ကိုပြောတာ!”
ဤအသေးစိတ်ရှင်းပြချက်ကို ပေးပြီးနောက်တွင်ပင်၊ သူ့ရှေ့တွင်ရှိနေသည် အဘွားအိုမှာ တုံ့ပြန်မှုမရှိဘဲ ရပ်တန့်နေဦးမည်ဟု မည်သူက ထင်ထားမည်နည်း။
ဒါက ဒီလို မဖြစ်သင့်ဘူးမလား။
သူမှတ်မိသည့်အတိုင်းဆိုလျှင် သူ၏ ဝမ်းကွဲညီမလေး လင်းရန်ကို သူ၏ဒုတိယအဒေါ်မှ ခေါ်ဆောင်သွားချိန်တုန်းက သူတို့၏ အဖွားမှာ အလွန်အမင်း ဝမ်းနည်းကြေကွဲနေခဲ့သည်ပင်။
ဒါကို အခု သူမကို မေ့သွားခဲ့တာလား?
ရလဒ်အနေဖြင့် သူ ထိုသို့ တွေး၍ မပြီးသေးခင် သူ့ရှေ့မှ အဘွားအိုမှာ ရုတ်တရက် လှုပ်ရှားလာခဲ့သည်ကိုမြင်လိုက်ရပြီး သူ့ကိုပြင်းထန်စွာ တွန်းထုတ်လိုက်ကာ လှမ်းအော်ဟစ်နေရင်ဖြင့် အိမ်ခန်းပပြင်သို့ အမြန်ပြေးသွားခဲ့တော့သည်။
“ရန်ရန်! အဖွားရဲ့ ချစ်စရာကောင်းတဲ့မြေးမလေး! မင်းနောက်ဆုံးတော့ ပြန်လာပြီလား!”
“ ရန်ရန်! မင်း ဘယ်မှာလဲ၊ အဖွား မင်းကို အမြန်ကြည့်ပါရစေ ၊ အဖွားရဲ့ ကလေးလေး! အဖွား မင်းကို အရမ်းသတိရနေတာ!”
အဖွားဖြစ်သူ၏အသံကိုကြားလိုက်ရပြီးနောက် လင်းကွမ်းချင်းမှာ မြေပြင်ပေါ်သို့ လဲကျလုနီးပါးဖြစ်သွားခဲ့ရသည်။
သူ့ အဖွား၏ သနားညှာတာမှုကင်းမဲ့စွာထွက်ခွာသွားသည့် နောက်ကျောကို ကြည့်ကာ ကျန်ရစ်ခဲ့သည့် လင်းကွမ်းချင်း: “......”
ဒါက ဒဏ္ဍာရီလာ မြေးမလေးတွေမွေးလာရင် မြေးတွေကို မေ့ပစ်လိုက်တတ်တယ်ဆိုတဲ့ စကားကို ဖော်ပြနေတာလား။
သို့ပေမယ့် သေချာတာပေါ့။ သူက သူ့ရဲ့ညီမလေးကို တကယ်ကို မနာလိုမဖြစ်ပါဘူး။ သူက နည်းနည်းလောက် အကူအညီမဲ့သွားရုံပဲ။
သူ၏မျက်လုံးများက စုန့်ရှီးယန်၏ အကြည့်များနှင့် ဆုံဆည်းသွားလျှင် လင်းကွမ်းချင်းတစ်ယောက် ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းကိုသာ ကုတ်လိုက်ရုံသာ တတ်နိုင်ခဲ့ပြီး ရှင်းပြခဲ့သည်။
“အမ်၊ အဲဒါက.. ကျွန်တော့်ရဲ့ညီမလေးက ပြန်မလာဖြစ်တာ နှစ်အတော်ကြာနေပြီလေ၊ အဖွားက သူမကို အမြဲတမ်းလွမ်းနေခဲ့တာဆိုတော့ အခုလို တွေ့တဲ့အချိန်မှာ စိတ်နည်းနည်း လှုပ်ရှားသွားတာ”
ဆိုရလျှင် နည်းနည်းလောက် စိတ်လှုပ်ရှားသွားသည်ဟူသော စကားထက်တော့ အတော်လေး ပိုလွန်းနေသေးသည်ပင်။ သူမက အလွန်အမင်း စိတ်လှုပ်ရှားသွားခြင်းသာဖြစ်သည်။
စုန့်ရှီးယန်က မယုတ်မလွန်အမူအယာဖြင့် ခေါင်းညိတ်ပြသော်လည်း မိသားစုအတွင်းရှိ မြေးများကို ဂရုမစိုက်ဘဲ မြေးမလေးကိုသာ ဂရုမစိုက်သည့် လင်းမိသားစု၏ ထူးခြားသောပုံစံကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။
သူ့အထင်အမြင်အရ မိသားစုအများစုသည်ကား ယောက်ျားလေးများကို မိန်းကလေးများထက် ပို၍နှစ်သက်ကြသည်ပင်။ ဒီဓလေ့ထုံးစံများကို ကျေးလက်ဒေသများတွင် မဆိုထားနှင့် မြို့ထဲ၌ပင် နေရာအနှံ့တွေ့မြင်နိုင်သည်။
ရလဒ်အနေနဲ့ လင်းမိသားစုက ထူးခြားနေလိမ့်မည်ဟု မထင်ထားခဲ့ပါချေ။
သို့သော်လည်း...
မတိုင်ခင်က တွေ့ဆုံခဲ့သော နုညံ့သိမ်မွေ့ပြီး လှပလွန်းသည့် လင်းရန်ကို ပြန်လည်တွေးတောကြည့်လိုက်မိသည်။
သူ့တွင်သာ ထိုသို့သော သမီးလေးတစ်ယောက်ရှိနေခဲ့ပါက....
ကျစ်! သူမကို လက်ညိုးတစ်ချောင်းလောက်နှင့်တောင် မထိခံချင်တော့မှာ မဟုတ်မှာကို ကြောက်မိတယ်။ ပြီးရင် သူမကို သူ့ရဲ့လက်ဖဝါးပေါ်မှာပဲ တင်ထားပြီး ဂရုတစိုက်နှင့် တစိမ့်စိမ့်ကြည့်ရင်း စောင့်ရှောက်ပေးထားမှာပဲ။
ဤအချိန်တွင် လင်းကျန်းအန်းနှင့် လင်းရန်တို့သည်လည်း ခြံဝင်းမှ အဘွားအို၏ အော်သံကို ကြားလိုက်ရသည်။
လင်းကျန်းအန်းက ပစ္စည်းများကို အမြန်ချလိုက်ပြီး လင်းရန်ကို လှမ်းပြောခဲ့သည်။
“အဲဒါ မင်းအဖွားရဲ့အသံပဲ၊ မြန်မြန်အပြင်ကို ထွက်ရအောင်၊ သူမက လွန်ခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံး မင်းကိုအရမ်းလွမ်းနေခဲ့တာ”
ထိုစကားကိုပြောပြီးနောက် သူက ပစ္စည်းများကို နေရာချခြင်းမပြုတော့ဘဲ လင်းရန်ကို အလျင်အမြန်ခေါ်ထုတ်လာခဲ့သည်။
“အမေ၊ ကျွန်တော်တို့ ဒီဘက်မှာ !”
သူက သမီးဖြစ်သူကို ခေါ်ကာ ခြံထဲသို့ထွက်လာခဲ့ရင်းနှင့် လှမ်းအော်လိုက်သည် ။
တစ်ဖက်မှ အဘွားအိုကြီးကလည်း ထိုအသံကိုကြားသည်နှင့် အလျှင်အမြန် ပြေးသွားခဲ့လေ၏။
သူမ နေရာသို့ ရောက်လာသည်နှင့် တပြိုင်နက် လင်းကျန်းနန်နှင့် သူ့နောက်တွင်ရှိနေသော မိန်းကလေးကို တွေ့လိုက်ရသည်။
အဖွားလင်းမှာ လင်းရန်ကို မြင်လိုက်ရသည်နှင့် လမ်းလျှောက်နေရင်းမှ ရပ်တန့်သွားခဲ့ကာ သူမ၏ နှုတ်ခမ်းများက တုန်ယင်လှုပ်ရှားနေခဲ့ခဲ့ပြီး နီရဲနေသည့် မျက်လုံးများဖြင့် ပြောလာခဲ့သည်။
“ရန်ရန်၊ ငါက မင်းရဲ့အဖွားပါ…”
နှစ်တွေကြာလာသည်နှင့်အမျှ သူမ၏အဖွားဖြစ်သူက သူမကို ပိုပို၍ လွမ်းဆွတ်နေခဲ့ကြောင်း လင်းကျန်းအန်းမှ ပြောသည်ကို ကြားလျှင် လင်းရန်မှာ ပို၍ စိတ်အေးတည်ငြိမ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ယမန်နေ့ညတွင် လင်းကျန်းအန်းနှင့် တွေ့ခဲ့ကာ ယနေ့တွင် လမ်း၌ လင်းကွမ်းချင်းနှင် လင်းကွမ်းရှန်ညီအကိုနှစ်ယောက်နှင့် တွေ့ဆုံခဲ့ပြီးကတည်းက လင်းမိသားစုမှာ သူမ ထင်ထားသည်ထက် များစွာ ပိုကောင်းကြောင်းကို လင်းရန်တစ်ယောက် ရှင်းရှင်းလင်းလင်း သဘောပေါက်သွားခဲ့ပြီးဖြစ်ပေသည်။
သူတို့အားလုံးက သူမအပေါ်တွင် အလွန် ကောင်းပေးခဲ့ကြသည်။
ထို့ကြောင့် သူမ မတွေ့ဖူးသေးသော တခြားလင်းမိသားစုဝင်များကလည်း သူမကို ငြင်းပယ်မည်ကို မစိုးရိမ်မိတော့ချေ။
သို့သော် ထိုကဲ့သို့တွေးထားပြီး ဖြစ်လျှင်ပင် သူမ၏အဖွားဖြစ်သူက သူမနှင့် ပထမဆုံးအကြိမ်တွေ့ဆုံသည့်အချိန်တွင် ယခုကဲ့သို့ ငိုကြွေးလာဖို့ကိုတော့ မမျှော်လင့်ထားခဲ့မိပါချေ။
လင်းရန်တစ်ယောက် အဘွားလင်း၏ စိတ်လှုပ်ရှား၍ ကျဆင်းလာသော မျက်ရည်များကြောင့် စိတ်ထိခိုက်သွားပြီး သူမ၏ နှလုံးသားသည်လည်း အနည်းငယ် ဆို့နစ်လာရသည်။
သူမ၏ ယခင်ဘဝတွင် သူမက မိဘမဲ့ကလေးတစ်ယောက်ဖြစ်ခဲ့သည်။
သူမ မှတ်မိတတ်စအရွယ်ကတည်းက သူမ၏ဆွေမျိုးများကို မတွေ့ခဲ့ရ၍ ဖြစ်နိုင်သည်။ ထို့ကြောင့် နောက်ပိုင်းတွင် တစ်ယောက်တည်း နေတတ်လာခဲ့လေသည်။
တစ်ခါတလေ ညဘက်မိုးချုပ်အချိန်များတွင်သာ သူမဆီတွင် ကိုယ်ပိုင်မိသားစုဘဝရှိနေခဲ့ပါက ပို၍ ပျော်ရွှင်နိုင်လောက်မည်လောဟု တွေးမိခဲ့သည်။
လက်ရှိအခိုက်အတန့်တွင် အဘွားဖြစ်သူ၏ ခံစားချက်မှာ အစစ်အမှန်ဖြစ်လွန်းနေခဲ့သောကြောင့် လင်းရန်တစ်ယောက် တုန်လှုပ်သွားခဲ့ရသည်။
ထို့ကြောင့် မည်သည့်ကိစ္စများ တွေ့ကြုံလာခဲ့ရသည်ဖြစ်စေ “လင်းရန်”အား ကူညီပြီး သူမ၏မိသားစုကိုစောင့်ရှောက်ပေးဖို့အတွက် သူမ ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ချလိုက်တော့သည်။
ယခုမှစ၍ လင်းမိသားစုသည် သူမ၏ ကိုယ်ပိုင်မိသားစု ဖြစ်လာလိမ့်မည်။
ထိုသို့ တွေးပြီးတာနောက် သူမက အဖွားလင်းဆီသို့ အလျှင်အမြန်လျှောက်သွားခဲ့ပြီး ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းညွတ်ပြီး အဖွားဖြစ်သူကို ပွေ့ဖက်ကာ တီးတိုးလေးပြောလိုက်လေ၏။
“အဖွား ရန်ရန် ပြန်ရောက်လာပါပြီ”
အဘွားအိုက သူမ၏နောက်ကျောကို ပွေ့ဖက်ဖို့ရန်အတွက် လက်ကို အလျင်အမြန် ဆန့်တန်းလာခဲ့ပြီး တုန်တုန်ယင်ယင်နှင့် ပြန်ပြောခဲ့သည်။
“ပြန်လာတာ ကောင်းတယ်၊ ပြန်ရောက်လာတာ ကောင်းတယ်!”
အဖွားလီမှာ သူမ၏မြေးမလေး ဘင်းရန် ထွက်သွားချိန်တုန်းက လေးနှစ်သားအရွယ်သာ ရှိသေးကြောင်းကို မှတ်မိနေခဲ့သည်။
သူမ၏မြေးမလေးမှာ အလွန်သေးငယ်လွန်းသောကြောင့် သူမ၏ခါးကိုပင် အပြည့်အဝ မဖက်နိုင်ခဲ့ပါချေ။
လီရှို့လီမှ သူမကို ခေါ်ဆောင်သွားချိန်တွင် မြေးမလေးက သူမကို နို့သံမပျောက်သေးသည်း ချိုသာသော အသံဖြင့် သူမ နှစ်ရက်အတွင်း ပြန်လာတွေ့မည်ဖြစ်ကြောင်းပြောခဲ့ကာ သူမကိုပင် မငိုဖို့ ချော့မြူခဲ့သေးသည်။
သို့သော် ထိုတွေ့ဆုံရန်ကတိမှာ အချိန် ဆယ်နှစ်ကျော်ကြာသွားလိမ့်မည်ကို မည်သူက သိခဲ့မည်နည်း။
သူမ၏ မျှော်လင့်ချက်များကို စွန့်လွှတ်ခါနီးတွင် သူမ၏ မြေးမလေး ပြန်ရောက်လာခဲ့ပြီ။
စိတ်လှုပ်ရှားမှုများ ကုန်ဆုံးသွားပြီးနောက် အဘွားအိုက မျက်ရည်များကို အမြန်သုတ်လိုက်ကာ လင်းရန်ကို ပွေ့ဖက်ထားထားသည့်လက်ကို ပြန်ရုတ်လိုက်ပြီး သူမ၏လက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
“ရန်ရန်၊ မင် ဒီတစ်ခေါက်ပြန်လာတုန်းမှာ အိမ်မှာ နောက်ထပ်ရက်နည်းနည်းကြာအောင် နေသွားရမယ်နော်၊ မင်းပြန်လာဖို့က အရမ်းခက်တာ၊ မင်းသာ မြန်မြန်ပြန်သွားရင် အဖွားပြန်မလွှတ်နိုင်ဘူး!”
အဖွားလင်းက လင်းရန် အဘယ်ကြောင့် ရုတ်တရက် ပြန်လာရန် ဆုံးဖြတ်ခဲ့သည်ကို မသိသေးသော်လည်း သူမ ပြန်ရောက်လာကတည်းက ရက်အတော်ကြာအောင် နေစေချင်ခဲ့သည်။
ထိုသို့ မဟုတ်ပါက သူမကို ပြန်လွှတ်ပေးရန်အတွက်အလွန်အမင်း တွန့်ဆုတ်နေရလိမ့်မည်။
လင်းရန်က ပညာတတ်လူငယ်တစ်ယောက်အဖြစ် တပ်မဟာတွင် အလုပ်လုပ်ရန်လာခဲ့လိမ့်မည်ဟု သူမတွေးတောခဲ့ပေ။
အဆုံးတွင် သူမသည်လည်း လင်းကျန်းအန်း ယခင်က တွေးထားခဲ့သည့်အတိုင်းသာ ထင်မြင်ခဲ့မိသည်။
ထိုအမျိုးသမီး လီရှို့လီအား သူတို့တစ်မိသားစုလုံး မုန်းတီးခဲ့ကြသော်လည်း၊ သူမတွင် ချို့ယွင်းချက်များနှင့် ပြည့်နှက်နေသော်လည်း၊ လင်းမိသားစုက သူမအား ဆူပူကြိမ်းမောင်းနိုင်ခြင်းမရှိသည့် အရာတစ်ခု ရှိနေခဲ့သေးသည်။
သူမက အလွန်ကောင်းမွန်သည့် ဘဝကို ရရှိနိုင်ချိန်တွင် သူမ၏သမီးအရင်းကို မထားခဲ့သေးဘဲ သူမနှင့်အတူ ခေါ်သွားခဲ့သည်။
ပထမတုန်းကတော့ လင်းမိသားစုက သူတို့၏မြေးမလေးအား ငွေမျက်နှာတစ်ခုတည်းကိုသာ ကြည့်သည့် အမျိုးသမီးဆီသို့ မပေးလိုက်နိုင်ခဲ့ကြပေ။
သို့သော် ထိုအချိန်တွင် သူမက ပြောခဲ့သည်။
သူမနေဖြင့် လင်းရန်ကို ပို၍ ပျော်ရွှင်ရသည့် ဘဝနဲ့ ပို၍ကောင်းမွန်သည့် ဘဝတွင် နေထိုင်နိုင်ရန်အတွက် မြို့ကိုခေါ်သွားနိုင်ကြောင်း ပြောလာခဲ့သည်။
ထိုစကားကြောင့် လင်းမိသားစုတစ်ခုလုံး နှုတ်ဆိတ်သွားခဲ့ရသည်။
ထို့ကဲ့သို့ သူမ၏စကားကြောင့်သာ သူတို့လည်း တောင့်မခံနိုင်တော့ဘဲ လက်လျှော့လိုက်ကြရခြင်းဖြစ်သည်။
လီရှို့လီမှ ဤနှစ်များအကြားတွင် သူမ ကတိပြုထားသည့်အတိုင်း လင်းရန်အား ၎င်းတို့ထံသို့ ပြန်မခေါ်လာခဲ့လျှင်ပင်၊ သူတို့ နှလုံးသားထဲတွင် လီရှို့လီအား ရံဖန်ရံခါ ကြိမ်းမောင်းလေ့ရှိသော်လည်း ထိုအကြောင်းများကြောင့်သာ သူတို့အနေဖြင့် လီရှို့လီနှင့် လင်းရန်တို့ကို ရှာဖို့အတွက် မြို့ပေါ်ကို မသွားခဲ့ခြင်းသာ ဖြစ်လေ၏။
သူတို့တွေ ဘာကိုကြောက်ခဲ့တာလဲ။
သူတို့က သူတို့မြေးမလေးရဲ့ လက်ရှိဘဝကို အနှောင့်အယှက်ဖြစ်စေမှာကို ကြောက်လို့ပဲ မဟုတ်ဘူးလား။
သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် သူမ၏ မြေးမလေးက ယခု ကြီးပြင်းလာခဲ့ပြီး ဝတ်ကြီးဝတ်ငယ်ကို သိတတ်နေခဲ့သည်။ သူမကတစ်ယောက်တည်း ဖြစ်နေလျှင်ပင် သူတို့ကို ပြန်လာတွေ့ဖို့ သိတတ်နေသေးသည်။
ထိုသို့ တွေးကြည့်လျှင် အဘွားအိုက ပို၍ပင် သက်တောင့်သက်သာ ခံစားလာရသည်။
သူမက လင်းရန်၏လက်ကို ကိုင်ကာ အပြုံးဖြင့် ထပ်ပြောလာသည်။
“ဒါဆို အဲလိုပဲ သတ်မှတ်လိုက်တော့မယ်နော်၊ မင်းအိမ်မှာ အနည်းဆုံးတစ်ပတ်ဆယ်ရက်လောက်နေရမယ်၊ မဟုတ်ရင် အဖွားက မင်းကို ပြန်ခွင့်မပြုဘူး!”
**