အခန်း (၄၄)
Vol. 5 Ch. 44
အဖွားလင်းက ထမင်းချက်ရန်လိုက်သွားခဲ့ပြီးနောက် စုန့်ရှီးယန်မှလွဲ၍ အိမ်ထဲတွင် မကျန်ရှိတော့ပေ။
လင်းကျန်းအန်းမှာ သူ့သမီးကို စုန့်ရှီးယန်နှင့် နှစ်ယောက်တည်း မချန်ထားချင်ခဲ့သည့်အတွက် သဘာဝကျစွာဖြင့် သူ့သမီး လင်းရန်ကို ပတ်ဝန်းကျင်နှင့် ရင်းနှီးစေရန် နေ့လယ်စာမစားမီ အပြင်သို့ ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။
နှစ်များစွာကြာပြီးနောက်တွင် သူမအနေဖြင့် အနီးအနားရှိ အခြေအနေများကို မေ့သွားနိုင်လောက်ပေပြီ။
လင်းရန်ကလည်း သေချာပေါက် ကန့်ကွက်ခြင်းမရှိပေ။
သူမအတွက်တော့ ယခု ဤနေရာတွင် နေထိုင်ရန် ဆုံးဖြတ်ပြီးသည့်နောက်တွင် နေရာဒေသနှင့် တတ်နိုင်သမျှအမြန်ဆုံး ရင်းနှီးအောင် ပြုလုပ်ခြင်းက ဖြစ်သင့်သည့်အရာပင် မဟုတ်ပါလား။
သို့သော် အဖေနှင့်သမီးတို့က အပြင်သို့ ထွက်သွားခါနီးတွင် ခန်းမတံခါးနားမှ ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဒုတိယဦးလေး၊ ကျွန်တော့်ကိုပါ ခေါ်သွားလို့ရမလား”
လင်းကျန်းအန်း ခေတ္တရပ်တန့်သွားခဲ့ပြီး စကားလှမ်းပြောလာခဲ့သည့် စုန့်ရှီးယန်ကို လှည့်ကြည့်လိုက်ကာ အနည်းငယ်တုံ့ဆိုင်းနေသယောင် ဟန်ဆောင်၍ ပြောလိုက်သည်။
“ဒါပေမယ့် ကွမ်းချင် ပြောတော့ မင်းရဲ့ခြေထောက်က ...”
“အဆင်မပြေဘူးလိုကြားခဲ့တယ်” ဆိုသည့် စကားလုံးကို မပြောနိုင်သေးခင် စုန့်ရှီးယန်က အလွန်တည်ငြိမ်သော မျက်နှာအမူအရာနှင့် လမ်းလျှောက်လာသည်ကို တွေ့လိုက်ရလေ၏။
လင်းကျန်းအန်း: “......”
သူ့သမီးနှင့်အတူ သူ့ကိုခေါ်လာခဲ့မယ်ဆိုရင် ဆိုးဆိုးရွားရွားအရာမျိုးသက်ရောက်မှုရှိလာမှာကို စိုးတဲ့အကြောင်း စကားကို ပြောင်းပြီး ပြောဖို့အတွက် နောက်ကျသွားပြီလား။
ကံမကောင်းစွာနှင့် စုန့်ရှီးယန်က သူ့ကို နောင်တရဖို့ အခွင့်အရေးမပေးခဲ့ပါချေ။
လင်းကျန်းအန်းတစ်ယောက် ထိုသူ၏ခြေထောက်များက ခြေလှမ်းတိုင်းကို ပြီးပြည့်စုံစွာ လှုပ်ရှားသွားလာနေသည်ကို မြင်လိုက်ရပြီးနောက် တစ်ဖက်လူမှ ပြောလာသည်ကို ကြားလိုက်ရပြန်သည်။
“ဘာဖြစ်လို့လဲ၊ ဒုတိယဦးလေး?”
လင်းကျန်းအန်း မပျော်မရွှင်ဖြစ်စွာ ပြုံးလိုက်သည်။
“ဘာမှ မဖြစ်ပါဘူး၊ သွားကြရအောင်”
လင်းရန်မှာ သူမ၏ ဖခင်ဖြစ်သူက သူမအား စောစောစီးစီး ယောက်ျားများ၏ သွေးဆောင်ဖြားယောင်းခြင်းခံရမည့်အရေးမှ ကာကွယ်တားဆီးရန် လုပ်ဆောင်နေခဲ့သည့် ရည်ရွယ်ချက်ကောင်းကို နားမလည်ခဲ့ပေ။
စုန့်ရှီးယန်က သူတို့နဲ့ အပြင်သို့ထွက်ချင်နေသည်ကို တွေ့လိုက်ရလျှင် နားမလည်နိုင်လောက်သော အကြောင်းပြချက်အားဖြင့် အဆင်မပြေဖြစ်လာခဲ့ပြန်သည်။
သူမက လင်းကျန်းအန်း၏ တခြားတစ်ဖက်သို့သွားကာ စုန့်ရှီးယန်နှင့် အကွာအဝေးခြားချင်ခဲ့သည်။
သို့သော် ပြန်လည် တွေးကြည့်ပြီးနောက် သူမက မည်သည့်အမှားမှ မလုပ်ထားခဲ့ဘဲ အလွန်အမင်း ခုခံမနေခြင်းက ထူးဆန်းနေလိမ့်မည်။
သို့နှင့် တစ်ဖက်လူကို တမင်တကာရှောင်ရှားမည့် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
သို့သော်ငြား နောက်တစ်စက္ကန့်တွင်တော့ သူမ စဉ်းစားနေစရာပင်မလိုဘဲ သူမ၏အဖေဖြစ်သူ လင်းကျန်းအန်းက ရုတ်တရက် သူမ၏လက်ကိုဆွဲကာသူ၏ ဘယ်ဘက်ခြမ်းကနေ ညာဘက်ခြမ်းသို့ ဆွဲခေါ်လိုက်လေ၏။
ထိုလုပ်ဆောင်ချက်အတွက်လည်း သူက အထူးတလည် ရှင်းပြခဲ့သည်။
“ဒီဘက်အခြမ်းက နေရောင်က သိပ်မရဘူး၊ မိန်းကလေးတွေ နေရောင်ခြည် သိပ်မခံသင့်ဘူး? ဒီဘက်ကနေ လျှောက်လိုက်”
လင်းရန်မှာ ထိုစကားကိုကြားသည်တွင် လင်းကျန်းအန်း၏ တစ်ဖက်ခြမ်းသို့ ချက်ချင်းပင် နာခံမှုရှိစွာ လျှောက်သွားခဲ့ကာ စုန့်ရှီးယန် နှင့် အောင်မြင်စွာ ခွဲခွာသွားခဲ့သည်။
စုန့်ရှီးယန်ကတော့ သူ၏ခေါင်းထက်၌ ရှိနေသည့် နေရောင်ခြည်ကို ဘယ်ညာ အညီအမျှ ဖြန့်ကျက်ပေးနေလုံးကြီးကို တိတ်တဆိတ်မော့ကြည့်ကာ မည်သည့်စကားကိုမျှ ဝင်မပြောခဲ့ချေ။
လင်းကျန်းအန်းကတော့ သူ၏ဘေးတစ်ဖက်စီမှ လူနှစ်ယောက်ကို ကြည့်ပြီး စိတ်ကျေနပ်သွားခဲ့သည်။
သို့နှင့် သူတို့သုံးယောက်လုံး လင်းမိသားစုအိမ်ထဲမှ ထွက်လာခဲ့ကြပြီး တပ်မဟာဆီကို သွားခဲ့ကြသည်။
အချိန်က မနက်ဆယ့်တစ်နာရီခန့်ရှိနေခဲ့ပြီ။ တပ်မဟာရှိ တခြားသူများကတော့ လယ်ကွင်းထဲတွင် အလုပ်လုပ်နေကြဆဲပင်။
ဤနေရာတွင် စပါးကို အဓိက စိုက်ပျိုးကြပြီး ယနေ့ အလုပ်မှာ ပျိုးပင်များ ကြီးထွားရန်အတွက် နေရာပိုရစေရန် လယ်ကွက်ထဲရှိပေါင်းမြက်များကို ဆွဲထုတ်ရမှာဖြစ်ပြီး လယ်ကွင်းများဆီသို့ သွားရလိမ့်မည်။
ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်လျှင် လယ်ကွင်းထဲ စိမ်းစိုနေသည့် ပျိုးပင်များက လေထဲ၌ တဖျပ်ဖျပ်ခတ်နေသည်ကို တွေ့လိုက်ရသည်။
လင်းရန် တစ်ချက်ကြည့်ရုံဖြင့် ဤတပ်မဟာမှာ အလုပ်ကြိုးစားကြောင်း လျင်မြန်စွာ သဘောပေါက်သွားခဲ့သည်။
အလုပ်ကြိုးစားသူများအတွက်ကတော့ စားစရာပေါများလိမ့်မည်။ ယနေ့ တွေ့မြင်ခဲ့လိုက်ရသော လင်းမိသားစုကတော့ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေ နှစ်ခုလုံး ကောင်းမွန်နေသည်မှာ အံ့သြစရာမဟုတ်တော့ပေ။
လင်းကျန်းအန်းက လမ်းလျှောက်လာရင်း သူ့ပတ်ဝန်းကျင်မှ အရာအားလုံးကို လင်းရန်ဆီကို မိတ်ဆက်ပေးခဲ့သည်။
လယ်ကွင်းရှိလူများမှာ အလုပ်မပြီးသေးသော်လည်း လယ်ကွင်းအနီးတွင် လမ်းလျှောက်နေသည့် လင်းကျန်းအန်း နှင့် သူ့ဘေးမှ လူငယ်နှစ်ဦးကိုတော့ သတိပြုမိခဲ့ကြသေးသည်။
ထိုမြင်ကွင်းက အနည်းငယ် မယုံနိုင်လောက်စရာဖြစ်ခဲ့ပြီး လူတိုင်းက အံ့သြသင့်သွားကြသည်။
သူ့ဘေးနားရှိ စစ်ဝတ်စုံဝတ်ထားသည့်လူကတော့ မှတ်မိရလွယ်ကူပေသည်။ ၎င်းမှာ စုန့်အမည်ရှိသော အရာရှိဖြစ်နိုင်ပြီး ၊ ထိုသူမဟုတ်ပါက၊ ၎င်းမှာ လင်းကွမ်းချင်း၏ တခြားရဲဘော်တစ်ယောက်ဖြစ်ရမည်။
သူတို့ ယနေ့ အလုပ်စတင်သည့်အချိန်ကတည်းက လင်းကွမ်းချင်းက သူ၏ စစ်တပ်မှ ရဲဘော်နှစ်ယောက်ကို ပြန်ခေါ်လာသည်ဆိုသည့် သတင်းက တပ်မဟာထုတ်လုပ်ရေးအဖွဲ့တစ်ခွင်တွင် ပျံ့နှံ့နေပြီဖြစ်သည့်အတွက် လူတိုင်းက စုန့်ရှီးယန်၏ဝိသေသလက္ခဏာကို ချက်ချင်း သိရှိသွားကြသည်။
ဒါပေမဲ့ အဲဒီလူရဲ့ လက္ခဏာက ရှင်းလင်းတယ်ဆိုရင်တောင် သူ့ဘေးနားက မိန်းကလေးက ဘယ်သူလဲ?
ထိုမိန်းကလေးရဲ့ ၀တ်စားဆင်ယင်ပုံကနေ ကြည့်မယ်ဆိုရင် သူမက မြို့ပေါ်က ရောက်လာတာ ဖြစ်ကြောင်း ထင်ရှားတယ်။
သူမက ပညာတတ်လူငယ်တစ်ယောက် ဖြစ်နိုင်လောက်လောက်လား။
တစ်စုံတစ်ယောက်က မနေနိုင်ဘဲ မေးလိုက်သည်။
“ကျန်းအန်း၊ အဲဒါက မင်း မနေ့က သွားကြိုခဲ့တဲ့ ပညာတတ်လူငယ်ပဲလား”
လင်းကျန်းအန်းက လင်းရန်ကို လမ်းလျှောက်ထွက်ဖို့ခေါ်ရန် ဆုံးဖြတ်ထားပြီးကတည်းက ဖုံးကွယ်ဖို့ ရည်ရွယ်ချက်မရှိသည်မှာ သေချာပေါက်ပင်။
“ဟုတ်တယ်! ဒါ မနေ့က ကျွန်တော် ခရိုင်ကနေ ခေါ်လာခဲ့တဲ့ ပညာတတ်လူငယ်လေ”
တစ်ဖက်လူမှ ခေါင်းညိတ်ပြီး ပြန်ပြောခါနီးတွင် လင်းကျန်းအန်း ၏ အသံက ရုတ်တရက် မြင့်တက်လာပြီး သူ့ရဲ့ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်ဘဲ ဆက်ပြောလာခဲ့သည်။
“ဒါပေါ့၊ သူ့မှာ တခြားအထောက်အထားတစ်ခုလည်း ရှိတယ်၊ ဒါက ကျွန်တော့်သမီးပဲ!”
သမီးလား!
ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် သူ့ဘေးပတ်ဝန်းကျင်ရှိလူတိုင်းက အံ့အားသင့်သွားကြသည်။
ငယ်ရွယ်သည့် သူများကတော့ အတိတ်က ဖြစ်ရပ်များကို မသိရှိသူများကတော့ လင်းကျန်းအန်းမှာ ကလေးမရှိဘဲ သမီးတစ်ယောက် မည်သည့်နေရာက ထွက်လာနိုင်ကြောင်းကို တွေးတောနေခဲ့ကြသည်။
အသက်ကြီးသူများကတော့ လင်းကျန်းအန်း၏ အတိတ်အကြောင်းကို သိထားခဲ့ကြပြီး၊ လွန်ခဲ့သည့် ဆယ်နှစ်ကျော်က လင်းကျန်းအန်း၏သမီးကို ဇနီးဟောင်းက ခေါ်ဆောင်သွားကြောင်း သိထားခဲ့ကြသည်။
သူမကို နှစ်ပေါင်းများစွာ မတွေ့ရတာ ကြာနေပြီလေ။ အခုချိန်ကျမှ ဘာကြောင့် ရုတ်တရက် ပြန်လာပြီး ပညာတတ်လူငယ်တစ်ယောက် ဖြစ်လာခဲ့တာလဲ?
ပညာတတ်လူငယ်များအားလုံးက သူတို့၏မိသားစုထဲတွင် မည်သည့်နည်းလမ်းမှမကျန်ရှိ၍သာ ကျေးလက်ကိုသွားခိုင်းခဲ့ကြသည် မဟုတ်ပါလား ။
ဤသို့ဆိုပါက လင်းကျန်းအန်း၏သမီးဖြစ်ကို နောက်ဆုံးတွင် သူမ၏ပထွေးက ကန်ထုတ်ခဲ့ခြင်း ဖြစ်နိုင်လောက်လား။
ထိုသို့ တွေးတောပြီးနောက် လူတိုင်းက လင်းရန်ကို စာနာသနားစိတ်ဖြင့် ကြည့်လာခဲ့ကြသည်။
ထို စာနာသည့် အကြည့်မျိုးက ကောင်းမွန်သော စေတနာအပြည့်များနဲ့ ပါရှိနေခဲ့သည်ပင်။
ကံမကောင်းစွာနှင့် လူတိုင်းကတော့ ဤမျှလောက်ဖော်ရွေတတ်ခြင်းမဟုတ်ပေ။
သို့နှင့် နောက်တစ်စက္ကန့်တွင် စိုးရိမ်နေသကဲ့သို့ အသံတစ်ခုကိုကြားလိုက်ရသည်။
“ဟေး ဒီကောင်မလေးက မြို့ထဲမှာနေတာ ဆယ်နှစ်ကျော်လောက်နေလာခဲ့တာမဟုတ်ဘူးလား၊ ရုတ်တရတ် ကိစ္စတစ်ခုခုဖြစ်လာလို့ ကျေးလက်ဒေသကို မသွားမဖြစ်ဘဲ ရောက်လာခဲ့ရတာထင်တယ်၊
ဒီတော့ ကျေးလက်ဒေသမှာ နေသားမကျဘဲ ဖြစ်နေမှာပဲ၊ ကျေးလက်မှာက စားဝတ်နေရေးနဲ့ အဝတ်အစားတွေအတွက်က မြို့ပေါ်မှာလိုမျိုး ကောင်းကောင်းမရနိုင်ဘူးနော်!
နောက်ပြီး မင်း သမီးရဲ့ နူးညံ့လှပတဲ့ညအသားအရေတွေကို ကြည့်လိုက်ဦး! မင်းက သူမကို လယ်ကွင်းထဲမှာ အလုပ်လုပ်ဖို့ တကယ်ခိုင်းစေရက်နေတာလား?
သူမကို မြို့ပေါ် မြန်မြန်ပြန်ပို့လိုက်စမ်းပါ၊ မဟုတ်ရင် ငါတို့လို အပြင်လူတွေက သူမအတွက် စိတ်မကွာင်းဖြစ်နေရလိမ့်မယ်!”
ထိုစကားများမှာ လင်းရန်၏ ကျေးလက်ဒေသမှ အခက်အခဲများနှင့် လိုက်လျောညီထွေမဖြစ်နိုင်တော့မည်ကို စိုးရိမ်သောကြောင့် ပြောနေပုံရပြီး နားထောင်၍ ကောင်းသည့်ပုံရှိသော်ငြား တကယ်တမ်းတွင် သေသေချာချာနားထောင်ပါက လင်းကျန်း၏နှလုံးသားကို ထိပါးနေခဲ့သည်သာ ဖြစ်ပေသည်။
လင်းကျန်းအန်းမှာသာ ထိုကဲ့သို့စွမ်းရည်မျိုး တကယ်ရှိနေခဲ့ပါက သူကိုယ်တိုင်က ဟိုးအရင်ကတည်းက မြို့ပေါ်ကိုသွားခဲ့ပြီးလောက်ပြီဖြစ်ကာ ကျေးလက်ဒေသအတွက် ဆက်နေနိုင်မည်မဟုတ်ကြောင်းကို ရိပ်ပါးပြောဆိုနေခဲ့သည်။
ထို့အပြင် ယခုအချိန်၌ လင်းရန်ကို ပြန်ပို့လိုက်ပါက သူ့၏ပထွေးဆီ သို့ ပြန်ရမှာဖြစ်ပြီး သူမ၏ သူ့အဖေအရင်းနဲ့ ထပ်မံ ခွဲခွာနေရလိမ့်မည်။
လင်းကျန်းအန်းက ထိုစကားကိုကြားလျှင် သူ့၏မျက်နှာက မည်းမှောင်သွားခဲ့ပြီး စကားပြောလာသောသူကို ပြန်ပြောခဲ့သည်။
“ဝမ်တာ့ကျစ်၊ စကားကို ဘယ်လိုပြောရမှန်းမသိရင် ပါးစပ်ပိတ်ထား!”
အဖေလင်း၏လေသံထဲမှ သူ အလွန်အမင်းဒေါသ ထွက်နေသည့်ကို ကြားနိုင်သည်။
လင်းရန်လည်း စကားပြောလာသူကို မသိစိတ်အရ လှမ်းကြည့်လိုက်မိသည်။
ထိုစကားပြောလာသည့်သူက သူမ၏ဖခင်နဲ့ အသက်အရွယ်တူညီသည့် ပိန်ပိန်ပါးပါး အမျိုးသားတစ်ယောက်ဖြစ်ကြောင်းကို သူမ တွေ့ရှိခဲ့ခဲ့ရသည်။
သို့သော် ရုပ်ရည်အသွင်အပြင်နဲ့ အကျင့်စာရိတ္တအရကတော့ အဖေလင်းကို နှိုင်းယှဥ်ရန်အတွက် လုံးဝမဖြစ်နိုင်ကြောင်းကို သိမြင်နိုင်သည်။
ထိုလူနဲ့ သူမ၏ အဖေကြားတွင် မည်သည့်ပြဿနာမျိုးရှိနေမှန်း မသိနိုင်သော်လည်း သူတို့ကြား၌ သဘောထားကွဲလွဲမှုများ ရှိနေသည်ကတော့ သေချာပေသည်။
မည်သို့ပင်ဆိုစေကာမူ ထိုလူက သူမ၏ဖခင်၏ရန်သူဖြစ်သောကြောင့် လင်းရန်၏ ရန်သူလည်း ဖြစ်လာလိမ့်မည်။
ဤသည်ကိုတွေးပြီး သူမ ရုတ်တရက်ပြုံးလိုက်ကာ ဝမ်တာ့ကျစ်ဆိုသည့် လူကိုကြည့်၍ ပြောလိုက်သည်။
“ ဦးလေးဝူ၊ ဦးလေးရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် အခု ကျွန်မ ဒီကိုရောက်နေပြီဆိုကတည်းက ဆင်းရဲဒုက္ခတွေကို မကြောက်ပါဘူး ၊ ကျွန်မရဲ့မိသားစုနဲ့အတူရှိနေရမယ်ဆိုရင် ဖွဲနုထမင်းနှင့် အသီးအရွက်တွေကို စားရရင်တောင် ပျော်ရွှင်နေတုန်းပဲ”
ဝူတာ့ကျစ်မှာ လင်းရန်က သူ့ကို တက်ကြွစွာ ပြန်လည်တုံ့ပြန်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါချေ။ သူမကဲ့သို့မိန်းကလေးမျိုးတွင် သတ္တိမရှိလောက်ဟု သူတွေးထင်ထားခဲ့သည်။
သို့ပေမယ့် သူနှင့် လင်းကျန်းအန်းက တစ်နှစ်တည်းမွေးဖွားခဲ့သည့် သူများသာဖြစ်ပေသည်။
ထိုမိန်းကလေးက သူ့ကို အဘယ်ကြောင့် ဦးလေးဟု ခေါ်နေရသည်လဲ။
သူ့၏ပုံစံက အလွန်အမင်း အသက်ကြီးလွန်းသယောင် ထင်နေရသည်လား?
T/n : ဒီဦးလေးက အဖေထက်ပိုကြီးတဲ့ လူကြီးတွေကို သုံးနှုန်းတဲ့ နာမ်စားနှင့် သုံးထားတာပါ
**