← Chapters

အခန်း (၄၇)

Vol. 5 Ch. 47

အခန်း (၄၇)

Vol. 5 Ch. 47

နောက်ဆုံးတော့ လင်းရန်တို့ အိမ်ကို ပြန်ရောက်လာခဲ့ကြပြီ။ လင်းရန်တစ်ယောက် အိမ်မှာရှိနေတဲ့ အဘွားလီနှင့် လင်းကွမ်းချင်းတို့နှင့် တွေ့ဆုံနိုင်တော့မည်ကိုတွေးကာ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

တစ်ဖက်လူနှင့်အတူ ပြန်လျှောက်ရသည်က မည်မျှ ရှက်စရာကောင်းသည်ကို ဘုရားသာ သိပေလိမ့်မည်။

သူမနှင့်စုန့်ရှီးယန်တို့ကြားတွင် ဆက်သွယ်ပြောဆိုမှုများ မရှိသော်လည်း တစ်ဖက်လူက သူမ၏ နောက်မှ လိုက်ပါလာသည့ဟူသော အတွေးက သူမကို အလွန်အနေရကြပ်စေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ယခု သူမ အိမ်သို့ ပြန်ရောက်လာပြီဖြစ်၍ အဘွားလင်းနှင့်တခြားလူများကိုကြားခံအဖြစ် ပြုမူနိုင်လိမ့်မည်။

သို့ နှင့် ခြံထဲသို့ ဝင်ပြီးသည့်နောက် လင်းရန် ချက်ချင်း အော်ပြောလိုက်သည်။

“အဘွား၊ သမီးတို့ ပြန်လာပြီ!”

ထို့နောက် အဘွားဖြစ်သူ၏ အသံကို ကြားလိုက်ရလေ၏။

“ဟေး ပြန်လာပြီလား၊ အဘွား အဲဒီကို မကြာခင်လာခဲ့မယ်၊ ရန်ရန် ခဏလောက်ထိုင်စောင့်နေဦး!”

အသံကတော့ထွက်လာပေမယ့် လူတွေကရော?

လင်းရန်တစ်ယောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိကာ အထဲသို့ လှမ်းကြည့်ရှာဖွေလိုက်သော်လည်း ပင်မခန်းထဲ၌ အဘွားဖြစ်သူကို လုံးဝမတွေ့ရပေ။

အဘွားက ဘယ်မှာလဲ?

သူမ၏မျက်နှာတွင် သံသယများနှင့် ပြည့်နှက်နေချိန်တွင် သူမ၏ နောက်တွင်ရှိနေသော စုန့်ရှီးယန်က သူ၏အလွန်ကောင်းမွန်လွန်းသော နားဖြင့် အဘွားလင်း၏ အသံကို ပင်မအခန်း၏ အနောက်ဘက်ခန်းမှ ထွက်လာသည်ကို ချက်ချင်း သိလိုက်လေ၏။

ထို့ကြောင့် လင်းရန်မှ ခေါင်းကို လှည့်ပတ်၍ လှည့်ကြည့်နေဆဲကို မြင်လိုက်ရလျှင် သူ မနေနိုင်တော့ဘဲ ပြောလိုက်မိသည်။

“ပင်မခန်းထဲမှာ အခန်းကျဉ်းလေး ရှိတယ်”

လင်းရန် ခဏမျှ အံ့အားသင့်သွားရပြီး စုန့်ရှီးယန်၏ သတိပေးချက်ကို မသိစိတ်မှ လိုက်နာကာ လှမ်းကြည့်ခဲ့မိသည်။

ထို့သို့ ဂရုတစိုက်ကြည့်လိုက်မှသာ ပင်မအခန်း၏ဘေးတွင် တံခါးတစ်ချပ်ရှိနေသည်ကို တွေ့လိုက်ရလေ၏။

သူမ အရင်က ဘာလို့ သတိမထားမိလိုက်တာလဲ?

“ရှင် အရင်တုန်းက ကျွန်မတို့အိမ်ကို ရောက်ဖူးလား”

လင်းရန်၏မေးခွန်းကို ကြားလျှင် စုန့်ရှီးယန် သူမအား စိုက်ကြည့်ကာ ခေါင်းယမ်းလျက်ငြင်းဆိုခဲ့သည်။

“မရောက်ဖူးဘူး”

ထိုသို့ ပြောပြီးသည်နှင့် သူက ပေါ့ပေါ့ပါးပါး လေသံဖြင့် ထပ်မံထည့်ပြောလိုက်ပြန်သည်။

“အသံကို နားထောင်ပြီး တည်နေရာကို ခွဲခြားသိမြင်နိုင်တယ်လေ”

လင်းရန်: “......”

အကြောင်းတစ်ခုခုကြောင့် ဒီလူက တမင်တကာဟန်ဆောင်နေတယ် ခံစားနေရရင် ဘယ်လိုလုပ်သင့်လဲ?!

လင်းရန်၏ နှုတ်ခမ်းထောင့်များက လှုပ်ယမ်းသွားခဲ့ရပြီး အပြုံးတစ်ခုနှင့် ချီးမွမ်းပေးလိုက်သည်။

“ဒါဆို ရှင့်နားတွေက အရမ်းကောင်းတာပဲ”

စုန့်ရှီးယန် သူမ၏ အပြုံးက တစ်နည်းနည်းအားဖြင့်ထူးဆန်းနေသည်ဟု ထင်ခဲ့သော်လည်း သူမ၏ စကားများက သူ့ကို ချီးကျူးနေပုံရသည်။

ကောင်းပြီလေ။ သူ့ကို ချီးကျူးနေတယ်လို့ပဲ ယူဆလိုက်ကြတာပေါ့။

ထို့ကြောင့် သူ ခေါင်းညိတ်ပြီး ပွင့်ပွင့်လင်းလင်းပင် ဝန်ခံခဲ့သည်။

“အင်း၊ အဲဒါက မဆိုးပါဘူး”

လင်းရန်: “......”

ဤအခိုက်အတန့်တွင်တော့ စုန့်ရှီးယန်မှ မတိုင်ခင်က သူမအား တမင်တကာ စနောက်ခဲ့ခြင်းမဟုတ်ဘဲ အမှန်တကယ် ခေါင်းမာပြီး အတွးများ ဖြောင့်တန်းလွန်းကြောင်း အတည်ပြုနိုင်ခဲ့သည်။

သူမက သူ့ကို အမှန်တကယ် ချီးကျူးနေတယ်လို့များ ထင်မှတ်နေတာလား? သူက တကယ်ကြီး အလွန်အမင်းရိုးသားစွာနှင့် ဝန်ခံနေခဲ့တယ်။

ဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးနိမ့်ပါးမှုနှင့်ဆိုရင် အသက်ကြီးတဲ့အထိ ဒီလူ ဘယ်လိုများ ရှင်သန်နိုင်လောက်မလဲဆိုတာ သူမ မတွေးနိုင်ဘူး။

သူက လက်သီးတစ်ခုတည်းကို အားကိုးပြီးရှင်သန်မှာလား။

လင်းရန် သူမ၏စိတ်ထဲတွင် တိတ်တဆိတ် ညည်းညူရင်း အဘွားဖြစ်သူရှိရာ နောက်ဖေးခန်းသို့ တိုက်ရိုက် လျှောက်သွားခဲ့သည်။

“အဘွား၊ အဘွား ဒီမှာ ဘာလုပ်နေတာလဲ၊ သမီး အကူအညီလိုသေးလား”

လင်းရန် အခန်းထဲသို့ ဝင်သွားလျှင် အဘွားအိုက အိမ်ထဲမှ ပစ္စည်းများကို ထုပ်ပိုးပြီး သူမ၏မြေးအကြီးဆုံး လင်းကွမ်းချင်းအား ပစ္စည်းများကို အပြင်သို့ ထုတ်ခိုင်းနေသည်ကို တွေ့လိုက်ရလေ၏။

လင်းရန်၏မေးမြန်းမှုကိုကြားလျှင် အဘွားအိုက လက်ကို ခါရမ်းလျက် ငြင်းဆိုလာသည်။

“မလိုဘူး၊ မလိုဘူး၊ ရန်ရန် မင်းအစ်ကိုကြီးရဲ့အကူအညီက လုံလောက်ပြီ!”

ထို့အပြင် ရွေ့လျားခြင်းကဲ့သို့ ညစ်ပတ်ပြီး ပင်ပန်းနွမ်းနယ်သော အလုပ်ကို ကလေးမလေးတစ်ယောက်က မည်သို့လုပ်ဆောင်နိုင်မည်နည်း။

နေရာတွင် အဆင်သင့်ရောက်ရှိနေသာ လုပ်သားတစ်ယောက်ရှိနေသည် မဟုတ်လော။

အဆင်သင့်ပြုလုပ်ထားသည့် အလုပ်သမားလေး လင်းကွမ်းချင်းကတော့ နာကျင်စွာနှင့် သစ်သားသေတ္တာကြီးကို ပွေ့ဖက်ထားခဲ့ပြီး ၊ တံခါးဝတွင် ရပ်နေလျက် လင်းရန်အား အပြင်ထွက်ရသည့်အတွက် ပင်ပန်းနေပြီလားဟု မေးနေသော အဘွားအိုအား လှမ်းပြောလိုက်သည်။

“အဘွား ဒီမှာ ရပ်မနေနဲ့လေ၊ ကျွန်တော့်ကို ပစ္စည်းတွေကို အရင်ရွှေ့ခိုင်းပြီးမှ ရန်ရန်နှင့် အေးအေးဆေးဆေး စကားပြောပါလား”

လင်းကွမ်းချင်းမှာ စကားပြောနေလျက်နှင့်ပင် သူ၏ စကားသံက တုန်ယင်နေခဲ့သည်။

သူ့အနေဖြင့် မသန်မာ၍ မဟုတ်ဘဲ ဤသေတ္တာကြီးကသာ အလွန်အမင်း လေးလံလွန်းနေခြင်း ဖြစ်ပေ၏။

“အိုး၊ မင်းကသာ စကားတွေ အရမ်းပြောနေတဲ့လူမဟုတ်ဘူးလား၊ မင်းကိုကြည့်စမ်း၊ ခြေလှမ်းနှစ်လှမ်းလောက် လျှောက်ပြီးရုံလောက်နှင့် ပင်ပန်းနေပြီ၊ မင်းကတော့ တကယ်ကို တန်ဖိုးမရှိဘူးပဲ!”

အဘွားအိုက သူမ၏နောက်တွင် ပစ္စည်းအလေးအပင်ကို ရွှေ့နေသည့် အကြီးဆုံးမြေးတစ်ယောက်ရှိနေသေးကြောင်းကို မေ့သွားသည်ကို ဝန်ခံရန် ဆိုခဲ့သည်။ သူမက ထိုသို့ ဆိုခဲ့သော်လည်း လင်းကွမ်းချင်းအတွက် အလျှင်အမြန်ပင် လမ်းဖယ်ပေးလိုက်လေ၏။

လင်းကွမ်းချင်းအတွက်ကတော့ သူ့အဘွားဖြစ်သူ၏ ကြိမ်းမောင်းခြင်းကို အချိန်ကာလကြာရှည်စွာ ခံခဲ့ရသည်။

ထို့ကြောင့် အဖွားဖြစ်သူ၏ ဤစကားကို ကြားသော် သူ စိတ်မဆိုးခဲ့ပေ။ သူက အသံတိုးတိုးဖြင့် တုံ့ပြန်လိုက်ပြီး သစ်သားသေတ္တာကြီးကို ပင်မအခန်းသို့ သယ်သွားခဲ့ကာ စားပွဲပေါ်၌ ဂရုတစိုက် ချထားလိုက်သည်။

ထို့နောက်တွင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်လေ၏။

လင်းကွမ်းချင်းက ထိုသစ်သားသေတ္တာကိုချလိုက်ပြီးနောက် လင်းရန်လည်း ထိုနေရာဆီကို လှမ်းကြည့်လိုက်ပြီး အဘွားဖြစ်သူကို လှမ်းမေးလုက်မိသည်။

“အဘွား၊ ဒါက ဘာလဲ”

သစ်သားသေတ္တာက အမှန်တကယ်ကို ကြီးမားလွန်းသည်။ လင်းရန်၏ သာမန်အမြင်အာရုံဖြင့်ပင်လျှင် အတွင်းထဲတွင် တစ်ခုခု ဝှက်ထားနိုင်ကြောင်း သိရှိနေခဲ့သည်။

အဘွားလင်းက သူမ၏အမေးကို ကြားလျှင် မည်သည့်အကြောင်းကို တွေးတောလိုက်မိမှန်းမသိသော်လည်း ရုတ်တရက် သူမ၏ မျက်နှာအမူအရာပြောင်းသွားခဲ့ ပြီး ပြင်းပြင်းထန်ထန် နှာမှုတ်လိုက်လေ၏။

“အဲဒီဝူတာ့ကျစ်က အခုလို သူ့အသက်က အကြီးပိုင်းထဲကို ဝင်လာတဲ့အချိန်မှာတောင် ဒီလိုအကျင့်ဆိုးတွေကို တွေးနေတုန်းပဲလေ! သူက တတိယလေးကိုလည်း နေ့တိုင်း အပြစ်လိုက်ရှာနေတယ်လေ!

ဒီနေ့တော့ ရန်ရန် ၊ မင်းလည်း ပြန်လာပြီ၊ ဒီလိုကြီးကျယ်တဲ့နေ့ကြီးနေ့ရက်မျိုးမှာ အဲလိုဒီခွေးတစ်ကောင်က တကယ်ကို... ငါတို့ကို စိတ်မချမ်းသာဖြစ်အောင် လုပ်နေတာပဲ!”

ဝူတာ့ကျစ်၏ နာမည်ကို ထပ်မံကြားလိုက်ရလျှင် လင်းရန်တစ်ယောက် ခဏမျှ အံ့အားသင့်သွားခဲ့ပြီး သူမ၏ အသိစိတ်က လျင်မြန်ပြန်ဝင်လာခဲ့သည်။

အဘွားလင်းက ကောက်စိုက်ခင်းထဲတွင် သူတို့နှင့် ဝူတာ့ကျစ်တို့ကြား တွေ့ဆုံမှုနှင့် စကားများရန်ဖြစ်ခဲ့သည့်အကြောင်းကို သိရှိပြီးပုံရသည်။

ထို့အပြင် အမှန်တကယ်လည်း လင်းရန် မှန်းဆထားသည်နှင့်ဆင်တူနေခဲ့သည်။

မူလက အဘွားလင်းအနေဖြင့် ဤအကြောင်းကို ဤမျှမြန်မြန်ဆန်ဆန် မသိနိုင်ပေ။ သို့သော်လည်း လင်း မိသားစုမှာ အတွင်းရော အပြင်ပါ နာမည်ကောင်းရှိသည့်သူများ ဖြစ်ချေသည်။

ထို့အပြင် တပ်မဟာထဲ၌ လင်းရန်မှ သူမ၏ “ကျေးလက်ဒေသသို့ သွားရန်အတွက် တက်ကြွလှုပ်ရှားသူ”ဟူသော ဂုဏ်ပြု လက်မှတ်ကို ထုတ်ပြလိုက်သသောကြောင့် လူတိုင်းက သူမကို ကောင်းမွန်စွာ ဆက်ဆံချင်ခဲ့ကြသည်။

သို့နှင့် လင်းရန်နှင့် တခြားသူများ ထွက်သွားပြီးသည်နှင့် အဘွားလီထံသို့ သတင်းပေးရန်အတွက် တစ်စုံတစ်ယောက်က အပြေးရောက်လာခဲ့တေော့သည်။

ဝူတာ့ကျစ်မှ ထိုကဲ့သို့ အဓိပ္ပါယ်မရှိသည့် ဆိုးရွားလှသည့်စကားများကို ပြောနေပြန်သည်ကိုကြားသောအခါ အဘွားလင်းမှာ အလွန်ပင် ဒေါသထွက်သွားခဲ့တော့သည်။

သူတို့မိသားစုက ဆင်းရဲနေတဲ့အတွက် အထင်သေးနေတာလား?

နောက်ပြီး ရန်ရန်က နောက်ဆုံးမှာမှ သူမရဲ့ အိမ်ကိုပြန်ရောက်လာခဲ့တာကို ခက်ခဲမှုဒဏ်ကို ခံနိုင်ရည်ရှိအောင် စီစဉ်ပေးနေရမယ်ပေါ့?

ဒေါသထွက်စရာပဲ!

သူက တကယ်ကြီး သူတို့ရဲ့ မိသားစုတစ်ခုလုံးကို အထင်သေးလွန်းနေတာ မဟုတ်ဘူးလား? ဟုတ်တယ်မလား?

တပ်မဟာတခုလုံးမှာ စားနပ်ရိက္ခာ ပြတ်လပ်မှု အနည်းဆုံးအိမ်က ဘယ်အိမ်လဲလို့မေးရင် သေချာပေါက် လင်းမိသားစုအိမ်ပဲ ဖြစ်လိမ့်မယ်!

အဘွားလင်းက ဝူတာ့ကျစ်အား ကြိမ်းမောင်းပြီးနောက် သူမ၏ အင်္ကျီ လက်စများကို တိုက်ရိုက်လှန်တင်ကာ သစ်သားသေတ္တာကြီးကို ဖွင့်လိုက်လေသည်။

ထို့နောက်တွင် လင်းရန်တစ်ယောက် သစ်သားသေတ္တာနှင့်အပြည့်ရှိနေသော အသားများကို တွေ့လိုက်ရတော့သည်။

အသားအမျိုးအစားအားလုံး.. အသားခြောက် အမျိုးမျိုး...

ထိုအသားများက သူမ မြို့ပေါ်မှ ဌာနဆိုင်များတွင် ဝယ်လာခဲ့သည့် တန်ဖိုးကြီး တင်သွင်းကုန် တော်ဖီ၊ အသားသံဗူးများနှင့် ချည်ထည်အဝတ်အစားများနှင့် မယှဉ်နိုင်သော်လည်း ဤပစ္စည်းများက ကျေးလက်မှာဆိုလျှင် အလွန်အမင်း ချမ်းသာကြွယ်ဝနေေပြီဟုဆိုနိုင်ပြီး လူတိုင်းပင် ရှုံးနိမ့်သွားနိုင်ပေသည်!

အဆုံး၌ ယခုအချိန်တွင် အိမ်ထောင်စုတိုင်း၌ အစာရေစာ ပြတ်လပ်နေခြင်း သိပ်ပြီးမရှိကြသော်လည်း အသားနှင့် အဆီကတော့ ပြတ်လပ်နေကြသည်မဟုတ်ပါလား!

အဘွားလီမှာ သေတ္တာကိုဖွင့်လိုက်သည့်အချိန်တွင် သူမ၏မြေးမလေးဖြစ်သည့် လင်းရန်ကို မကြည့်ဘဲ မနေနိုင်ခဲ့ချေ။

သူမ မြေးမလေး၏ မျက်နှာပေါ်မှ အံ့သြတကြီးဖြစ်နေသည့် အရိပ်အရောင်ကို မြင်လိုက်ရချိန်တွင်တော့ ဂုဏ်ယူမဆုံးနိုင်ဖြစ်သွားခဲ့တော့သည်။

ဟမ့်! ဒီအလူအိုမကြီးက မိသားစုကို ကယ်တင်ဖို့အတွက် ဘယ်လောက်တောင် တော်လဲဆိုတာကို ဘယ်သူမှ သိမှာမဟုတ်ဘူး!

ဤသေတ္တာထဲတွင်ရှိသောအရာများသည်ကား လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း သူမ၏သားသုံးယောက်က တောင်ပေါ်၌ ရံဖန်ရံခါ အမဲလိုက်ရာမှ ရရှိထားသည့်အသားများသာဖြစ်ပေသည်။

ဤနေရာတွင် တောတောင်များနှင့် သစ်တောများ များပြားလွန်းသောကြောင့် တောင်ပေါ်မှ ရရှိနိုင်သော စားသောက်ကုန်ကြမ်းများလည်း ပေါများပြီး ရစ်ငှက်များ၊ ယုန်များ စသည်တို့သည်းလည်း အထူး ပေါကြွယ်ဝသည်။

ထိုနေရာတို့တွင် သားကောင်များ အများအပြားရှိသောကြောင့် လူတိုင်းက ရံဖန်ရံခါ တချို့ကို ဖမ်းယူ၍ သူတို့ကိုယ်သူတို့ ဆုချရန်အတွက် သွားရောက်ဖမ်းဆီးတတ်ကြသည်။ ကပ္ပတိန်ကလည်း ထိုအကြောင်းများကို မည်သည့်စကားမျှမပြောခဲ့ ဘဲ နှာစေးနေပေးခဲ့သည်။

တောင်ပေါ်ရှိ တောကောင်များအားလုံးကို မဖမ်းဆုပ်မိသရွေ့၊ တောင်ပေါ်ရှိ ပတ်ဝန်းကျင်ကို မဖျက်ဆီးလိုက်သရွေ့၊ သူတို့၏ တက်မဟာအဖွဲ့ဝင်များအနေဖြင့် ဗိုက်ပြည့်ပြီး အလုပ်လုပ်ရန် ခွန်အားရှိစေရန်အတွက်သာ ပထမဦးစားပေးအဖြစ် ထားပေးခဲ့သည်။

ထို့ကြောင့် အားလပ်ချိန်တိုင်းတွင် လင်းမိသားစု၏ ညီအစ်ကိုများက တောင်ပေါ်သို့ မကြာခဏတက်ကြလေ့ရှိပေသည်။ ဤအသားများက ထိုနေရာမှ ရရှိလာခဲ့ခြင်းသာဖြစ်ပေသည်။

**

All Chapters