← Chapters

အခန်း (၅၀)

Vol. 5 Ch. 50

အခန်း (၅၀)

Vol. 5 Ch. 50

လင်းရန်က အဖွားဖြစ်သူထံမှ နှိမ့်ချစွာ သင်ကြားခဲ့ပြီး သူမ၏ သဘောကို လိုက်နာခဲ့သည်။

ထို့နောက်တွင် အဘွားအိုက သူမ၏ရှေ့တွင် အရာအားလုံးကို ဤသို့ ခွဲဝေခဲ့သည်ကို တွေ့လိုက်ရသည်။

သူမက သူမ၏မြေးအငယ်ဆုံးနှစ်ယောက်ကို ဦးစွာခေါ်ကာ သစ်သီးသကြားလုံးဗူးကိုဖွင့်ကာ လက်တစ်ဆုပ်စာစီပေးခဲ့သည်။

“ဒါကို ယူလိုက်ကြ၊ ဒီသကြားလုံးက မင်းတို့ရဲ့ အစ်မရန်ရန် ပေးထားတာဆိုတာကို သတိရ,ရမယ်နော်၊ အခုကစပြီး မင်းတို့ရဲ့အစ်မပြောတာကို နားထောင်ရမယ်၊ မင်းတို့ ကြီးပြင်းလာတဲ့အခါ သူမကို ကူညီပေးရမယ်၊ နားလည်လား”

လင်းကွမ်းဟိုင်နှင့် လင်းကွမ်းယန်တို့ ညီအကို နှစ်ယောက်မှာ ငယ်ရွယ်သေးပြီး အစားအသောက်ကို လောဘရှိကာ စားနိုင်သောက်နိုင်သော အရွယ်တွင်သာ ရှိသေးသည်။

သူတို့က ရုတ်တရက်ပေါ်လာသည့် ဤဝမ်းကွဲအစ်မကို သိပ်ပြီးမရင်းနီးကြသော်လည်း သူတို့၏ ဝမ်းကွဲအစ်မက သကြားလုံးပေးသည်ဟူသောစကားကို ကြားလိုက်ရသည့်အချိမ်တွင်တော့ သဘာဝကျစွာနှင့် အလွန်အမင်း ပျော်ရွှင်သွားခဲ့ကြသည်။ သူတို့က ခေါင်းညိတ်၍ လက်ခံလိုက်ကြသည်။

“အဘွား၊ စိတ်မပူပါနဲ့ အစ်မရန်ရန် ဒီမှာရှိနေသရွေ့ သူမကို ဘယ်သူကမှ အနိုင်ကျင့်တာမျိုး ဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး!”

  အမြွှာများထဲမှ အကြီးဆုံးဖြစ်သော လင်းကွမ်းဟိုင်က သူ၏ရင်ဘတ်ကို ပုတ်ကာ အာမခံကတိပေးလိုက်သည်။

သူက အရွယ်ရောက်ပြီးသားလူကြီး မဟုတ်သေးသော်လည်း အလွန်ပင် ဟိတ်ဟန် ကြီးမားလှသည်။

လင်းရန်ကို မဆိုထားနှင့်။ အဘွားလင်းပင် သူ့ကြောင့် သဘောကျစွာ ရယ်မောချင်သွားရသည် ။

သူ၏ဘေးတွင်ရှိနေသော ညီငယ် လင်းကွမ်းယန်ကတော့ အဘွားဖြစ်သူ၏လက်ထဲမှ သကြားလုံးများကို စိတ်အားထက်သန်စွာ စိုက်ကြည့်ရင်း လင်းရန်ကို သေသေချာချာပြန်ကြည့်ကာ သူ့အစ်ကို၏အပြုအမူအား စံနမူနာယူလျှက် အနောက်မှ လိုက်ပြောခဲ့လေ၏။

“အဘွား၊ သားလည်း.. သားလည်း အစ်မရန်ရန်ကို ကာကွယ်ပေးမယ်!”

သူ၏အသံက သေးငယ်လွန်းပြီး ချစ်စရာကောင်းလွန်းကာ အထင်ကြီးလောက်စရာ အသံမရှိသည်ကတော့ တစ်ပိုင်းပင်။

အဘွားလင်းက သူမ၏မြေးငယ်ကို ချစ်ခင်ကြင်နာသောမျက်နှာဖြင့် ကြည့်ကာ သကြားလုံးများကို သူ့ထံသို့ ပေးလိုက်သည်။

“ကောင်းပြီ မင်းပြောတဲ့စကားကို မှတ်ထားရမယ်နော်”

ပစ္စည်းများကို ခွဲဝေပေးပြီးသည့်နောက်တွင် အဘွားလင်း ကြိုတင် ချက်ပြုတ်ပြီး ပြင်ထားသည့် ဟင်းက အဆင်သင့် ဖြစ်လုနီးပါး ဖြစ်နေခဲ့သည်။ ထို့ကြောင့် မိသားစုတစ်ခုလုံးက အလျှင်အမြန်ပင် စားသောက်ဖို့ ပြင်ဆင်ခဲ့ကြသည်။

ယနေ့အတွက် အစားအစာဟင်းလျာမျာ့မှာ အလွန်ပင် ပေါကြွယ်ဝလွန်းလှပြီး ငါး၊ အသား နှင့် ဥများ အစုံအလင်ပင် ပါရှိနေခဲ့သည်။

ထို့အပြင် နောက်ပိုင်းတွင် လင်းရန်၏ ခေါင်းမာမာဖြင့် တောင်းဆိုမှုကြောင့် အဘွားလင်းက ဝက်အူချောင်းနှင့် အသားစည်သွပ်ဘူးအနည်းငယ်ကိုပင် တုံ့ဆိုင်းစွာဖြင့် ဖွင့်လှစ်ခဲ့သည်။

အရသာကတော့ ပထမတစ်ကိုက်စားရုံနှင့်ပင် ခံတွင်းတစ်ခုလုံးသို့ပျံ့နှံ့သွားခဲ့ပြီး အလွန်အမင်းအရသာကောင်းမွန်ကာ မွှေးကြိုင်လွန်းကြောင်း ရိုးရှင်းစွာ တွေးမိခဲ့ကြသည်။

လင်း မိသားစုဝင်များမှာ ဤအရာများကို စားပြီးနောက်တွင် သွားရည်များပင် စိမ့်ထွက်လာခဲ့ကြရသည်။

ကလေးနှစ်ယောက်အတွက်ကတော့ သူတို့မွေးပြီးကတည်းက နှစ်ပေါင်းများစွာကြာခဲ့ပြီး တရုတ်နှစ်သစ်ကူးမှာပင် ယခုကဲ့သို့ တန်ဖိုးကြီးဇိမ်ခံအစားအသောက်များနှင့် အရသာရှိသည့် ဟင်းလျာများကို တစ်ခါမှ မတွေ့ခဲ့ဖူးပေ။

အစ်ကိုဖြစ်သည့် လင်းကွမ်းဟိုင်က သူ၏ မျက်လုံးများကို လှိမ့်လိုက်ပြီး သူ့အဖွားပြောသည့်စကားအရသူ၏ဝမ်းကွဲအစ်မရန်ရန်မှာ မတိုင်ခင်က အနိုင်ကျင့်ခံထားခဲ့ရကြောင်းနှင့် သူ့၏မိသားစုမှ ပြောလာခဲ့ကြသည့် လူဆိုးကောင် ဝူတာ့ကျစ်အကြောင်းကို ပြန်လည် တွေးတောလိုက်မိသည်။

သို့နှင့် သူ လျှင်မြန်စွာ တွေးတော၍ အသားနှင့် ဟင်းသီးဟင်းရွက် အနည်းငယ်ကို ပန်းကန်ထဲသို့ အမြန်ကောက်ယူထည့်လိုက်လေသည်။

သူက ဟင်းပွဲများကို အများအပြားမယူခဲ့သော်လည်း ရှားပါးသည့် အသားများကိုတော့ တစ်ပိုင်းစီ ရအောင်ထည့်ယူလိုက်လေ၏။

ထို့နောက် ပန်းကန်လုံး၏ ထိပ်ဖျားတွင် အကောင်းဆုံးများကိုတင်ကာ စားပွဲပေါ်မှ အမြန် ထလိုက်သည်။

“အဘွား၊ ကျွန်တော် အပြင်ကို ထွက်စားလိုက်မယ်!”

သူက ထိုသို့ပြောပြီးနောက် အမြန်ပြေးထွက်သွားခဲ့တော့သည်။

“ဟေး ဒီကောင်လေးကတော့၊ အပြင်မှာ နေက အရမ်းပူလွန်းနေတယ်လေ၊ အပူဒဏ်ခံရမှာကို မသိဘူးလား”

အဘွားအိုက အနောက်မှ ညည်းတွားရေရွတ်လိုက်သော်လည်း ပြန်လာဖို့ခေါ်ဆိုသည့်စကားကိုတော့ မပြောခဲ့ချေ။

မည်သို့ပင်ဆိုစေ သူတို့၏ ကျေးလက်ဒေသတွင်ကား ကလေးများစွာက ထမင်းပန်းကန်ကို ယူ၍ ပြေးလွှားနေကြပြီး ဤသည်က ပုံမှန်သာဖြစ်ပေသည်။

ထိုငတုံးကောင်လေးက သူ၏ကစားဖော် တစ်ယောက်ယောက်ကို သွားရှာကာ ကြွားဝါချင်နေခဲ့ခြင်းဖြစ်လိမ့်မည်။

သို့သော်ငြား အဘွားလင်း မသိသည်က လင်းကွမ်းဟိုင်က သူ၏သူငယ်ချင်းများကို လိုက်ရှာခြင်းမရှိခဲ့ဘဲ ထမင်းပန်းကန်ကိုသယ်ကာ ရွာတစ်ဝက်ခန့်လောက် ဖြတ်ပြေးသွားခဲ့ပြီး ဝူတာ့ကျစ်၏ အိမ်တံခါးဝအထိ ရောက်သွားသည်ကိုပင်။

သူက နေ့ခင်းမွန်းတည့်ချိန်ကြီးတွင် ပြေးထွက်လာခဲ့ခြင်းဖြစ်ပေသည်။

ဤအချိန်မှာ တခြားမိသားစုမှ လူများသည်လည်း ထမင်းစားဖို့အတွက် ထမင်းပန်းကန်ကို ကိုင်ကာ တံခါးနားတွင် ဝိုင်းရံထိုင်နေခဲ့ကြသည်။

ထို့ကြောင့် သူ ထို့သို့ ပြေးလာသည်ကိုမြင်လျှင် စူးစမ်းစပ်စုလိုစိတ်ရှိသည့်သူတိုင်းက သူကို လှမ်းမကြည့်ဘဲ မနေနိုင်ခဲ့ကြချေ။

ဝူတာ့ကျစ်သည်လည်း အိမ်တံခါးဝနားတွင်ထိုင်ပြီး နေ့လည်စာစားနေခဲ့သည်။ သူစားနေသည့်ပန်းကန်များက မနက်ပိုင်းမှ ကျန်ရှိနေသေးသည့် ယာဂု၊ အရွက်ချဉ်အနည်းငယ်နဲ့ အစိမ်းရောင် အသီးအရွက်တချို့သာဖြစ်ချေသည်။ ဆီများရေများ လုံးဝမပါရှိသောကြောင့် မျိုရခက်လွန်းလှသည်။

ရလဒ်ကတော့ ထိုအခိုက်အတန့်တွင် သူ့မျက်လုံးများရှေ့တွင် အမှောင်ရိပ်တစ်ခု ကျရောက်လာပြီး သူ၏နှာခေါင်းက အနည်းငယ်လှုပ်ရှားသွားရကာ ချက်ချင်းပင် သူ တစ်ခါမှ အနံ့မခံဖူးသော မွှေးရနံ့တစ်ခုကို အနံ့ခံမိခဲ့သည်။

“ဒါက ဘာအနံ့လဲ၊ အနံ့က အရမ်းကောင်းလွန်းတယ်!”

သူ ခေါင်းကို မြှောက်လိုက်သည်နှင့် သူ့ရှေ့တွင် မုန်လာဥနီခေါင်းအသေးလေးနှင့် လင်းကွမ်းဟိုင်ကို တွေ့လိုက်ရလေသည်။

ထို့နောက် ထိုကလေး၏ပန်းကန်ထဲတွင် ကြီးမားလွန်း၍လှုပ်နေသော အသားပုံကြီးကိုပါ မြင်လိုက်ရသည်။

“ဦးလေးဝူ၊ ဦးလေးက ဘာလို့အသားမစားတာလဲ၊ ယာဂုက အရည်ကြည်လွန်းတယ်၊ အရွက်အချဉ်တွေကလည်း အရမ်းငန်မဲ့ပုံပဲ၊ အသီးအရွက်တွေကလည်း စားချင်စရာတောင်မရှိဘူး၊ ဦးလေးစားနေတဲ့ အစားအသောက်တွေကို ကျွန်တော်ကဖြင့် မစားချင်ပါဘူး”

လင်းကွမ်းဟိုင်၏ အသံမှာ ပြတ်သားပြီး ကျယ်လောင်လွန်းသောကြောင့် သူ့၏ဘေးနားရှိ လူများက လင်းကွမ်းဟိုင်ရှိရာဆီသို့ လှမ်းကြည့်ကြသည်။ သူတို့က ဝူတာ့ကျစ်၏ပန်းကန်ထဲရှိ အစားအစာကိုတွေ့သောအခါ မရယ်ဘဲ မနေနိုင်ကြတော့ချေ။

ဝူတာ့ကျစ်က ရှက်ရွံ့သွားခဲ့ပြီး ပြန်အော်ပြောလာခဲ့သည်။

“မင်း ဘာသိလို့ လာပြောနေတာလဲ? ငါက မနေ့က အသားတွေ အလွန်အကျွံစားမိပြီး အသားစားရတာကို ငြီးငွေ့လာတဲ့အတွက် အရွက်ချဉ်တွေ စားနေတာ!”

လင်းကွမ်းဟိုင်က ဝူတာ့ကျစ်၏စကားကို ယုံကြည်သွားပုံရပြီး “အိုး” ဟုပြောလာပြီးနောက် ခေါင်းစောင်းငဲ့လိုက်ပြီး သူ့ကို ကြည့်ကာ ဆက်ပြောလာခဲ့သည်။

“ဒါဆို အသားစားရတာ ငြီးငွေ့နေရင် ငါးတွေ၊ ဝက်အူချောင်း ဒါမှမဟုတ် စည်သွပ်ဘူးတွေလည်း စားလို့ရပါတယ်၊ ဒီအစားအစာတွေက အရမ်းအရသာရှိပြီး အနံ့ကလည်းမွှေးကြိုင်လွန်းတယ်လေ!”

ဝက်အူချောင်းတွေနှင့် စည်သွပ်ဘူးအစားအစာတွေဆိုတာက သူတို့ တစ်ခါမှ မမြင်ဖူးတဲ့ အရာတွေဆိုတာ သေချာတယ်!

ထို့ကြောင့် လူတိုင်းက လင်းကွမ်းဟိုင်၏ ပန်းကန်ကိုကြည့်ကာ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ တံတွေးကိုမျိုချရုံသာတတ်နိုင်ခဲ့ကြသည်။

အထူးသဖြင့် လင်းကွမ်းဟိုင်၏ အရှေ့တွင်ရှိနေသည့် ဝူတာ့ကျစ်ပင်ဖြစ်ပြီး ထိုစားစရာများကို ရှင်းလင်းစွာမြင်တွေ့နေရမှုနှင့် ထွက်ပေါ်လာနေသော ရနံ့အများကြောင့် သွားရည်များပင် တတောက်တောက်ပြုတ်ကျလုနီးပါးဖြစ်နေခဲ့ပြီ။

“အိုး၊ ကျွန်တော် မေ့သွားတာပဲ၊ ဒီလိုအစားအစာတွက ကျွန်တော်တို့မြို့က စျေးကွက်ရှာဖွေရေးနှင့်နဲ့ ရောင်းဝယ်ရေး သမဝါယမမှာ ဒီပစ္စည်းတွေကို မရောင်းဘူးလေ၊

ဒီပစ္စည်းတွေက ကျွန်တော့်ရဲ့အစ်မရန်ရန်က ကျွန်တော်တို့စားဖို့ မြို့ကပြန်ဝယ်လာပေးခဲ့တာ၊ ကျွန်တော်ရဲ့အစ်မရန်ရန်က အရမ်းကြင်နာတတ်တာပဲ”

လင်းကွမ်းဟိုင်က ပြောနေရင်းဖြင့် ပါးစပ်အပြည့် ထမင်းနှစ်လုပ်ခန့်ယူစားလိုက်ပြီး ဝူတာ့ကျစ်၏ မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့သည့် အကြည့်ကို အောင်မြင်စွာမြင်လိုက်ရပြီးနောက်၊ သူ့၏အိတ်ကပ်ထဲသို့ထည့်ထားသည့် ပြည်ပမှတင်သွင်းလာသော တော်ဖီကိုထုတ်ကာ သစ်သီးတော်ဖီ အပေါ်ယံလွှာအခွာကို ဖယ်ထုတ်ကာ လျှာဖြင့် လျက်လိုက်သည်။

“ဝိုး၊ အဲဒါက တင်သွင်းလာတဲ့ တော်ဖီမလား! အရမ်းချိုပြီး အရသာရှိတယ်!”

တင်သွင်းလာတဲ့ တော်ဖီတွေတောင် ရှိတယ်?!

ဝူတာ့ကျစ်၏ မျက်လုံးများမှာပြူးကျယ်လွန်းအားကြီးအာ ပြုတ်ထွက်လုမတတ်ဖြစ်နေခဲ့ရသည်။

လင်းရန်က ကျေးလက်ဒေသကို ရောက်လာရတဲ့အချိန်မှာ ဘာကြောင့် ပစ္စည်းကောင်းတွေ အများကြီး ယူလာရတာလဲ။

သူမ ပြောခဲ့တာတွေက တကယ်ဖြစ်နိုင်ပါ့မလား။

သူမက သူ့မရဲ့ ကိုယ်ပိုင်စိတ်ဆန္ဒကြောင့် ကိုယ်တိုင်အစပျိုးမှုနှင့် ကျေးလက်ကိုရောက်လာခဲ့တာလား? သူတို့ရဲ့အိမ်ကနေ မောင်းထုတ်ခံခဲ့ရတာမဟုတ်ဘူးပေါ့?

လင်းကွမ်းဟိုင်ကတော့ သူ၏အစ်မဖြစ်သူ ရန်ရန်အတွက် လက်စားချေခဲ့ပြီးနောက် သူ၏ ခြေတံတိုတိုတို့ဖြင့် အိမ်သို့ ပြန်သွားခဲ့သည်။

ဟမ့်! သူ့ရဲ့အစ်မရန်ရန်ကို ဘယ်သူ အနိုင်ကျင့်ရဲလဲ? အနိုင်ကျင့်တဲ့လူတိုင်းကို သူက ပြန်အနိုင်ကျင့်ပေးလိုက်မယ်!

သူ့၏ဘေးနားတွင်ရှိနေသောလူတွေများကတော့ လင်းကွမ်းဟိုင်၏ နောက်ကျောလေးကို ကြည့်ပြီး မနာလိုမှုအပြည့် ရှိနေခဲ့ပြသည်။

လင်းရန်က ကျေးလက်ဒေသကိုလာပြီး ဆင်းရဲဒုက္ခ အခက်အခဲတွေကို သေလောက်အောင် သည်းခံရတော့မယ်လို့ ဘယ်သူကပြောခဲ့တာလဲ။

သူမနှင့်အတူ ကောင်းမွန်တဲ့ပစ္စည်းတွေ ယူဆောင်လာခဲ့ပြီး လင်း မိသားစုကလည်း သူမကို အလွန် ဂရုစိုက်ပေးနေတဲ့ပုံရတယ်။

မုန်လာဥနီခေါင်းလေး လင်းကွမ်းဟိုင်ကတောင် သူမအတွက်နှင့် လက်စားချေဖို့ ရောက်လာနေတာကို မတွေ့ဘူးလား?

လင်းကွမ်းဟိုင် ထွက်သွားပြီးနောက်၊ မွှေးကြိုင်သည့် ဟင်းရနံ့များကလည်း ပျံ့လွင့်သွားခဲ့ကာ ဝူတာ့ကျစ်မှာ သူ နဂိုမူလက အရသာမရှိလှကြောင်း တွေးတောနေခဲ့သည့် အစားအစာကို မျို၍ပင် မချနိုင်ခဲ့ပါချေ။

သေစမ်း!

သူ့မှာ ကျတော့ ပစ္စည်းကောင်းတွေအများကြီး ယူဆောင်လာပေးမယ့် သမီးလိမ္မာလေး ဘာကြောင့် မရှိရတာလဲ!

အဲဒီလင်းကျန်းအန်းက သူ့ရဲ့အတိတ်ဘဝတုန်းက အမွှေးနံ့သာပေါင်းတွေ ဘယ်လောက်တောင် မီးရှို့ပူဇော်ပေးခဲ့လို့လဲ?!

**

All Chapters