← Chapters

အခန်း (၅၁)

Vol. 6 Ch. 51

အခန်း (၅၁)

Vol. 6 Ch. 51

လင်းကွမ်းဟိုင်မှ ဝူတာ့ကျစ်အား ဒေါသထွက်စေရန် ရန်သွားစခဲ့သည့်အကြောင်းကို လင်း မိသားစုက မသိခဲ့ကြပါချေ။

စားသောက်ပြီးနောက်တွင် အဘွားလင်းနှင့် လင်းကျန်းအန်းတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

လင်းကျန်းအန်းထံမှ ခိုင်မာစွာဆုံးဖြတ်ထားသော အကြည့်ကို လက်ခံရရှိပြီးနောက် အဘွားအိုက သူမ၏လက်ထဲမှ တူများကို ချလိုက်ပြီး လင်းရန်ကို မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ကောင်းပြီ၊ ရန်ရန် အခု ငါတို့တွေ အစားအသောက်တွေကိုလည်းစားပြီးသွားပြီဆိုတော့ မင်းရဲ့ကိစ္စတွေကို စကားပြောကြရအောင်”

လင်းရန်တစ်ယောက် ခဏတာလောက် ကြောင်အန်းနေခဲ့ကာ တုံ့ဆိုင်းစွာဖြင့် ပြန်လည်မေးမြန်းလိုက်သည်။

“အဘွား၊ သမီးအကြောင်းက ဘာဖြစ်လို့လဲ”

သူမက မူရင်းလင်းရန်မဟုတ်ဘူးဆိုတာကို သိသွားကြတာတော့မဟုတ်လောက်ပါဘူးနော်?

လင်းရန်၏ နှလုံးသားက မထိန်းချုပ်နိုင်စွာနှင့် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။

သို့သော် ကံကောင်းထောက်မစွာနှင့် သူမ အတွေးလွန်နေခဲ့ခြင်းသာ ဖြစ်နေခဲသည်။

လေးနှစ်အရွယ် မိန်းကလေး၏ စရိုက်နှင့် အသွင်အပြင်မှာ ကွဲကွဲပြားပြား မဆုံးဖြတ်နိုင်သေးသလို တစ်ပုံစံတည်းအတိုင်းရှိနေလိမ့်မည်ဟုလည်း ဟူဆနိုင်ခြင်းမရှိပါချေ။

ထို့ကြောင့် သူမ ကြီးပြင်းလာသည်နှင့်အမျှ ပြောင်းလဲသွားနိုင်ကြောင်းကို လူတိုင်းက နားလည်သဘောပေါက်နိုင်ပေသည်။

အဘွားအိုကြီး မေးချင်နေသည့်အကြောင်းအရာမှာ သဘာဝကျစွာနှင့် သူမ တစ်မနက်လုံး စိတ်ပူနေခဲ့ရသည့် ကိစ္စကိုသာ ဖြစ်ပေသည်။

“ရန်ရန် ကျေးဇူးပြုပြီး အဘွားကို မင်း ဘာကြောင့် ဒီတစ်ကြိမ်မှာ ကျေးလက်ဒေသကို လာချင်ရတာလဲဆိုတဲ့အကြောင်းကို ရိုးရိုးသားသားပြောပြပေးပါ၊

မိသားစုတိုင်းက ကျေးလက်ဒေသကို အလုပ်လာလုပ်ရဖို့အတွက် ခွဲတမ်းတွေတောင်းရတဲ့အတွက်ကြောင့်လို့ မင်းပြောခဲ့တယ်၊ အဲဒါကလွဲရင် တခြားဘယ်လိုကိစ္စတွေရှိနေသေးလဲ”

လင်းရန်တစ်ယောက် ဤကိစ္စအတွက် မည်သည့်စကားကို ပြောရမည်နည်းဟု တုံ့ဆိုင်းမှုသွားခဲ့ရကာ အဘွားအိုကို လှမ်းကြည့်လိုက်မိသည်။

အဘွားဖြစ်သူ၏ ပင်ကိုယ်အသိစိတ်က အလွန်အမင်း အားပြင်းလွန်းပြီး ဤအခြေအနေကို ကိုင်တွယ်ဖို့အတွက်က သူမကို အမှန်တကယ်ပင် ခက်ခဲစေသည်။

သို့သော်ငြားလည်း စိတ်ပူမှုများနှင့် စိုးရိမ်ပူပန်စိတ်များ ပြည့်နှက်နေကြသည့် လင်းမိသားစုဝင်များကို ကြည့်လိုက်ပြီး လင်းရန်က ခဏရပ်တန့်သွားပြီး နောက်ဆုံးတွင်တော့ စိတ်ကိုဆုံးဖြတ်၍ ပြောလိုက်လေ၏။

“တကယ်တော့ သမီးအပေါ်မှာ သက်ရောက်မှုရှိနေတဲ့ တခြားကိစ္စ တစ်ခုခုတော့ ရှိသေးတယ်”

ထိုစကားကိုကြားလျှင် လင်းမိသားစုဝင်များက ပို၍ပင် ထိတ်လန့်တုန်လှုပ်သွားကြသည် ။

အထူးသဖြင့် လင်းကျန်းအန်းပင်။ သူက သူ့နှုတ်ခမ်းများကို တင်းတင်းဖိထားခဲ့ပြီး ဘေးတွင်ချထားသောလက်နှစ်ဖက်ကိုလည်း သတိလက်လွတ်ဖြင့် လက်သီးများအဖြစ် တင်းကြပ်စွာ ဆုတ်ကိုင်ထားခဲ့မိသည်။

အဲဒီ စုန့်ဝေ့နှင့် လီရှို့လီက သူ့ရဲ့သမီးလေးအပေါ် တစ်ခုခုလုပ်ခဲ့တာဖြစ်ရမယ်!

လင်းကျန်းအန်း ထိုအတွေးများကို သေချာပေါက်ဖြစ်နေလိမ့်မည်ဟု တွေးတောနေစဥ်တွင် လင်းရန်မှ သူမ၏လက်များကို ဖြန့်ပြီး ပြောလာသည်ကိုကြားလိုက်ရလေ၏။

“ကျွန်မရဲ့ အမေနဲ့ စုန့်ဝေ့က ကျွန်မကို ဘာတစ်ခုမှ ကြိုမပြောထားဘဲ ကြင်ဖက်တွေ့ဖို့အတွက်ဆိုပြီး ခေါ်သွားခဲ့တယ်၊ သူတို့ဘာတွေလုပ်ချင်နေတာလဲဆိုတဲ့ အမှန်တရားကို ကျွန်မ လုံးဝမသိဘူး”

“ဘာလဲ?!”

“မင်းရဲ့ အသက်က ဘယ်လောက်ပဲရှိသေးလို့လဲ၊ သူတို့က ဘာလို့ မင်းကိုကြင်ဖက်တွေ့ဖို့ တောင်းဆိုတာလဲ၊ သူတို့က ဘယ်လိုလုပ်ပြီး မင်းကို လက်ထပ်ပေးဖို့တောင်စဉ်းစားရဲပြီး စိတ်ဆင်းရဲရအောင် လုပ်ခဲ့တာလဲ!”

အဘွားလင်းနှင့် လင်းကျန်းအန်းတို့က တစ်ချိန်တည်းတွင် စကားသံထွက်လာခဲ့ကြပြီး သူတို့၏လေသံထဲတွင်လည်း ဒေါသများဖြင့် ပြည့်နေခဲ့သည်။

သူတို့ရဲ့ရှေ့မှာ ရှိနေတဲ့သိတတ်လိမ္မာမှုရှိလွန်းတဲ့ သမီး/မြေးမလေးကို ကြည့်လိုက်ပါဦး! သူမက အခုမှ ဆယ့်ရှစ်နှစ်ပဲ ရှိနေသေးတယ်။

ပြောရရင် သူမက ပန်းဖူးလေးလိုမျိုး ငယ်ရွယ်လွန်းနေတုန်းပဲ!

အဲဒါကို သူတို့တွေက လင်းရန်ကို အိမ်ထောင်ပြုခိုင်းဖို့အတွက် ဘယ်လိုလုပ်ပြီး သတ္တိကောင်းနေကြတာလဲ!

အသက် နှစ်ဆယ့်တစ်နှစ်၊ နှစ်ဆယ့်နှစ်နှစ်လောက်ကိုရောက်မှ အိမ်ထောင်ချပေးလို့မရဘူးလား!

ဤအချိန်တွင် အဘွားလင်းမှာ သူမ၏ အသက်ဆယ့်ခြောက်နှစ်တွင် သားအကြီးဆုံးကို မွေးဖွားခဲ့ကြောင်းကို မေ့လျော့သွားခဲ့ပုံရပြီး သူမ၏ ချွေးမနှစ်ယောက်မှာလည်း အသက်ဆယ့်ရှစ်နှစ်ဝန်းကျင်တွင် လင်းမိသားစုနှင့် လက်ထပ်ခဲ့ကြောင်းကိုတွေးတောခဲ့ခြင်းမရှိတော့ပုံရသည်။

လင်းရန်နှင့်အရွယ်တူသည့် တပ်မဟာရှိ အခြားမိန်းကလေးများပင်လျှင် ယခုအသက်အရွယ်သို့ ရောက်ပြီးနောက်တွင် အိမ်ထောင်ပြုရမ်အတွက် အချင်းချင်းကြင်ဖက်တွေ့ရန် ပြင်ဆင်နေခဲ့ကြပေပြီ။

သို့သော်လည်း အဘွားလင်းကတော့ တခြားသူများက မည်သည့်အရာကိုပဲလုပ်နေပါစေ ဂရုစိုက်လိမ့်မည်မဟုတ်ပေ။

အဆုံး၌ သူမ၏ မြေးမလေးက သူမဆီသို့ ဤအချိန်မှသာ ပြန်ရောက်လာနိုင်သည်ဖြစ်၍ နောက်ထပ် သုံးနှစ်မှသည် ငါးနှစ်ခန်းအထိ ထိန်းသိမ်းထားရန် တွေးတောနေခဲ့သည်။

လင်းကျန်းအန်း၏အတွက်ကတော့ ထိုသူမှာ သူ၏သမီးကို လက်ထပ်ရန်အတွက် မည်သည့်အချိန်တုန်းကမျှ မတွေးခဲ့ဖူးပါချေ။

ဖြစ်နိုင်လျှင် သူ၏သမီးဖြစ်သူကို သူ၏လက်ဖဝါးထဲတွင်ထည့်ကာ တစ်သက်သာလုံး ပြုစုပျိုးထောင်ပေးနိုင်ပေသည်။

“ဒါကတော့ အရမ်း ဒေါသထွက်စရာကောင်းတယ်! သူတို့တွေက ဘယ်လိုလုပ်ပြီး မင်းကိုမပြောပြဘဲ ကြင်ဖက်ချိန်းတွေ့တဲ့နေရာဆီကို ခေါ်သွားရတာလဲ!”

ဘေးနားတွင်ရှိနေသော အကြီးဆုံးအဒေါ် ဝမ်ရှိ့ကျီပင်လျှင် ဒေါသဖြစ်ခဲ့မိပြီး မျက်မှောင်ကြုတ်ကာ စကားဝင်မပြောဘဲ မနေနိုင်ခဲ့ပါချေ။

သူမသည်ကား လင်းမိသားစုနှင့်အစောဆုံးအချိန်တွင် လက်ထပ်ခဲ့သူဖြစ်သည်။ လီရှို့လီမှ လင်းရန်ကိုမွေးဖွားသောအချိန်တွင် သူမသည်လည်း လွန်ခဲ့သည့်လအနည်းငယ်ကမှ ဒုတိယမြောက်သား လင်းကွမ်းရှန်ကို မွေးဖွားထားခဲ့သည်။

ထိုအချိန်တုန်းက လီရှို့လီတွင် နို့အလုံအလောက်မရရှိနိုင်ခဲ့ဖြစ်နေခဲ့ကာ သူမတွင်တော့ နို့အမြောက်အများရှိနေခဲ့သောကြောင့် သူမက ရိုးရှင်းစွာနှင့် လင်းရန်ကို သူမ၏ဘေးနားတွင်ခေါ်ထားကာ လအတော်ကြာနေပြီဖြစ်သည့် လင်းကွမ်းရှန်ထက် လင်းရန်ကိုပိုမိုဦးစားပေးလျက် တိုက်ကျွေးခဲ့သည်။

ဆိုရပါလျှင် အတိုင်းအတာတစ်ခုအထိ လင်းရန်က သူမ၏ ရင်သားများဖြင့် ကြီးပြင်းလာခဲ့သည်ဟုပင်ဆိုနိုင်သည်။

ထို့ကြောင့် ဝမ်ရှို့ကျီတွင် လင်းရန်နှင့် ပတ်သက်၍ သာမန်နှင့်မတူညီသော ခံစားချက်တစ်ခုရှိသည်။ သူမသည်ကား သာမန်မိသားစုရှိ အဒေါ်ဖြစ်သူများထက် ဤတူမလေးနှင့် ပို၍ရင်းနှီးပေသည်။

တတိယချွေးမဖြစ်သည်း ယင်းဖန်ကတော့ မည်သည့်စကားကိုမျှ မပြောခဲ့ပါချေ။ သူမသည်ကား လင်း မိသားစုနှင့် လက်ထပ်ခဲ့သည်မှာ ဆယ်နှစ်နီးပါးခန့်သာ ရှိနေသေးသည်။

လင်းမိသားစု၏ တစ်ဦးတည်းသော မြေးမလေးဆိုသည်ကို သူမ မတွေ့ဖူးပေ။ လင်းကျန်းရှီထံမှ အချက်အလက်အချို့ကိုသာ သူမကြားခဲ့ဖူးပေသည်။

ယခုအချိန်တွင်တော့ သူမကို မြင်တွေ့ဖူးခဲ့ပေပြီ။ သို့သော်လည်း ကံမကောင်းစွာနှင့် အဘွားလင်းနဲ့ လင်းကျန်းအန်းတို့၏ လင်းရန်အတွက် ချစ်ခြင်းမေတ္တာကို သူမ လုံးလုံးလျားလျားနားမလည်နိုင်ခဲ့ပါချေ။

သူမ မတတ်နိုင်ဘဲ စိတ်ထဲမှ ရေရွက်လိုက်မိသည်။

အဆုံးတွင် ဤမိန်းကလေးသည်ကား တခြားသူများ၏မိသားစုထဲတွင်သာ သက်ဆိုင်နေလိမ့်မည်ပင်။

ဤကဲ့သို့မိန်းကလေးကို ရတနာတစ်ခုသဖွယ်တန်ဖိုးထားခြင်းက မည်သည့်အရာများ ရရှိနိုင်ပါမည်နည်း။

တခြားသောကလေးများကို ပြုစုပျိုးထောင်ဖို့ ကူညီသည်က ပို၍ကောင်းနိုင်သည်မဟုတ်ပါလား။

ထို့အပြင် ဤမိန်းကလေးက တုံးအနေသည်လား ရူးနှမ်းနေသည်လား?

သူမ၏အမေဖြစ်သည့် လီရှို့လီနှင့် ပထွေးတို့က သူမအပေါ် မည်မျှပင် ဆိုးရွားနေပါစေ ၎င်းတို့မှာ မြို့ထဲတွင်နေထိုင်နိုင်ချင်းဖြစ်ပေသည်။

သို့သော် ဤမိန်းကလေးမှာ ထိုကဲ့သို့အခြေအနေမျိုးကိုပင် မလိုချင်ခဲ့သည့်အပြင် ဒေါသထွက်ပြပြီး ကျေးလက်ဒေသသို့ပင် ပြေးလွှား၍ ရောက်လာခဲ့သည်။

ယင်းဖန်အနေဖြင့် သူမ အမှန်တကယ်ပင် နားမလည်နိုင်ဟု ဆိုနိုင်သည်။

လင်းရန်မှာ ဤကိစ္စကို ပြောပြလိုက်ပါက အဘွားလင်းနဲ့ သူမ၏ အဖေဖြစ်သူတို့က အလွန်အမင်း ဒေါသတွေ အရမ်းထွက်လိမ့်မည်ဖြစ်ကြောင်းကို အစောကြီးကတည်းကပင် သိထားပြီးဖြစ်နေသည်ပင်။

ထို့ကြောင့် သူမက စကားပြောပြီးသည်နှင့် နူးညံ့ချိုသာသည့်အသံလေးဖြင့် အဘွားဖြစ်သူနှင့် အဖေဖြစ်သူတို့အား ချော့မော့ကာ ပြောဆိုလိုက်သည်။

“အဘွား ၊ အဖေ စိတ်မပူပါနဲ့၊ သမီးမလိုချင်သရွေ့ သူတို့တွေက ဘယ်လောက်ပဲ လိုချင်နေပါစေ အိမ်ထောင်ပြုဖို့အတွက်ဆိုပြီး သမီးကို မချည်နှောင်ထားနိုင်ဘူး၊ ကြည့်လိုက်လေ၊ အခု သမီးက ကိုယ့်ဘာသာကိုယ် ကျေးလက်ဒေသကို လာမယ်ဆိုပြီးရောက်လာခဲ့ပြီ၊ သူတို့က သမီးကို တားတောင်မတားဆီးနိုင်ခဲ့ဘူး!”

  သို့သော်လည်း ထိုသို့ ဖြစ်နေလျှင်ပင် အဘွားလင်းက ဒေါသထွက်နေဆဲပင်။

အဘယ်ကြောင့်ဆိုသော် သူမ၏မြေးမလေးက ဥာဏ်ရည် ထက်မြက်ပြီး ထွက်ပြေးရမည်ကို သိရှိနေသောကြောင့်သာ လွတ်မြောက်လာနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့သာမဟုတ်ဘဲ တခြားသူများကဲ့သို့ မသိနားမလည်နိုင်ဖြစ်နေခဲ့ပါက သူမကို အတင်းအကြပ်ဖိအားပေး၍ လက်ထပ်ခိုင်းလိမ့်မည်ပင်။

သူမ၏မြေးမလေးက သူမတို့ မသိလိုက်ခင်အချိန်တွင် လီရှို့လီနှင့် လက်ရှိခင်ပွန်းဖြစ်သူထံတွင် အတင်းအကြပ်လက်ထပ်ရန် ဖိအားပေးခံလိုက်ရသည်ကို စိတ်ကူးလိုက်ရုံဖြင့် သူမကို အလွန်အမင်းဒေါသထွက်စေခဲ့သည်!

လီရှို့လီနှင့် လင်းကျန်းအန်းတို့ ကွာရှင်းပြတ်စဲပြီးသည့်နောက်တွင် သူမက ကလေးယူဆောင်သွားခဲ့ပြီး ၎င်းတို့မှာ ကလေးကို နှစ်ပေါင်းများစွာကြာသည်အထိ ကျွေးမွေးစောင့်ရှောက်ခဲ့ရခြင်းမရှိခဲ့ပေ။

သို့သော်လည်း ကလေး၏ အိမ်ထောင်ရေးကတော့ သူမ၏ဘဝတစ်လျှောက်လုံး ပျော်ရွှင်မှုနဲ့ ဆက်နွယ်နေပေသည်။

လီရှို့လီက ဘယ်လိုလုပ်ပြီး သူတို့ကို လုံးဝအသိမပေးဘဲ သူမဘာသာသူမကြင်ဖက်တွေ့ရန် ဆုံးဖြတ်ချက်တွေကို ချလိုက်နိုင်တာလဲ!

အကယ်၍ လင်းရန်က ယခု သူမကို မပြောခဲ့ပါက အနာဂတ်တွင် သူမ အနိုင်ကျင့်ခံနေရလျှင်ပင် သူတို့ကတော့ အမှောင်ထဲ၌ပိတ်ဆို့ခံထားရမည်ကို ကြောက်မိသည်။

တခြားလူများက ဤကဲ့သို့အကြောင်းအရာများကို သည်ခံနိုင်မလားဆိုသည်က အရေးမကြီးပါချေ။ အဘွားလင်းကတော့ သည်းမခံနိုင်သည်မှာ သေချာပေ၏။

သူမက ဒေါသအလွန်ထွက်နေခဲ့ပြီး စားပွဲခုံကို ရိုက်ချလိုက်သည်။ ထို့နောက် လင်းကျန်းအန်းဘက်သို့ လှည့်၏ ပြောလာလေ၏။

“ လင်းအာ့၊ မနက်ဖြန် မနက်ကျရင် ငါနှင့်အတူ ဘေးဘက်က တပ်မဟာဆီကိုသွားကြမယ်!”

လင်းကျန်းအန်းမှာ ထိုစကားကိုကြားသည်နှင့် အမေဖြစ်သူ၏ အကြံအစည်ကို ချက်ချင်းသဘောပေါက်ပြီး လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။

“ကောင်းပါပြီ!”

ဘေးဘက်က တပ်မဟာ ဘယ်မှာလဲ?

လင်းရန်မှာ ထိုအကြောင်းကို ရှင်းရှင်းလင်းလင်း နားမလည်နိုင်သော်လည်း အဘွားလင်းနှင့် အဖေလင်းတို့၏ အမူအရာကိုကြည့်ခြင်းအားဖြင့် လီရှို့လီကို ပြသနာရှာတော့မည်ကို မှန်းဆနိုင်ခဲ့သည်။

သေချာတာပေါ့။ သူမက ဒါကို လုံးဝ တားဆီးမှာမဟုတ်ဘူး။

ဘာပဲဖြစ်ဖြစ် ကောင်းကင်ကြီးက မြင့်လွန်းပြီး ဧကရာဇ်က အခု အဝေးကြီးမှာ ရှိနေတာလေ။

လီရှို့လီနှင့်စုန့်ဝေ့တို့က သူမ လင်းမိသားစုထံသို့ ဤအကြောင်းများကို ပြောပြခဲ့ခြင်းသိသွားလျှင်ပင် အရေးမကြီးပါချေ။ သူမက လိမ်ညာပြောခဲ့ခြင်းမဟုတ်ပေ။

အဘွားလင်းနဲ့ အဖေလင်းတို့က သူတို့အား ဆူပူကြိမ်းမောင်းပြီး ဒေါသကို ဖြေဖျောက်နိုင်ခြင်းကလည်း အကြံကောင်းဖြစ်ပေလိမ့်မည်။

**

All Chapters