အခန်း (၅၉)
Vol. 6 Ch. 59
လင်းရန်မှ သူ၏မေးခွန်းကို ပြန်မဖြေသေးသည်ကို တွေ့လိုက်ရလျှင် စုန့်ရှီးယန်လည်း ရွေးချယ်စရာမရှိဘဲ ထပ်မံလိုက်ရပြန်သည်။
“ရေချိုးခန်းထဲကိုလား”
လင်းရန်သည် ခဏမျှ တုံ့ဆိုင်းသွားခဲ့ကာ နောက်ဆုံးတွင် ခေါင်းညိတ်လျက် ရေချိုးခန်းဆီသို့ ညွှန်ပြလိုက်သည်။
“ကောင်းပြီ ၊ ရေချိုးခန်းဘက်ကို ပို့ပေးနော်၊ ကျေးဇူးတင်ပါတယ်”
သူမအနေဖြင့် ဤကဲ့သို့ ကြွားဝါတတ်သည့်လူမျိုးနှင့် တစ်ခါမှ မကြုံဖူးပါချေ။ ထို့အပြင် ဤအမျိုးသားက မနက်ပိုင်းအချိန်တွင် သူမကို ရယ်မောခဲ့သေးသည်။
ထို့ကြောင့် ယခုအချိန်တွင် ရေကူသယ်ပေးခြင်းက သူ့ဆီမှ တောင်းပန်မှုတစ်ခုအဖြစ်ယူဆနိုင်သည်။
ထိုနည်းအားဖြင့် တွေးကြည့်ပါက ရှက်ရွံ့စရာအကြောင်းအရင်းမရှိတော့ဟု ထင်ရသည်။
လင်းရန်မှ ဦးတည်ရာကို အတည်ပြုပြီးနောက် စုန့်ရှီးယန်လည်း ရေပုံးကိုသယ်ကာ ထိုနေရာဆီသို့ ခြေလှမ်းအနည်းငယ် လှမ်းခဲ့သည်။
သို့သော် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်တွင် လင်းရန်မှာ သူ၏ နောက်သို့ လိုက်လာသည့်ပုံမရကြောင်း သတိပြုမိခဲ့လေ၏။
ထို့ကြောင့် စုန့်ရှီးယန်လည်း သူမ အဘယ်ကြောင့် မလိုက်လာသည့်အကြောင်းကို မမြန်းမေးဘဲ မနေနိုင်တော့သည့်အတွက် နောက်သို့ပြန်လှည့်ကာ မေးဖို့ ဟန်ပြင်ခဲ့သည်။
သို့သော် ရလဒ်အနေဖြင့် သူလှည့်ကြည့်လိုက်သည့်အချိန်တွင် လင်းရန်က သူမ၏ အိမ်ခန်းထဲသို့ ဝင်သွားပြီဖြစ်ကြောင်းကို တွေ့လိုက်ရကာ သူ့ကို လုံးဝ ဂရုမစိုက်ခဲ့ပါချေ။
စုန့်ရှီးယန် ခေတ္တမျှရပ်တန့်သွားပြီးနောက် ရယ်မောချင်သွားခဲ့ရသည်။
ဤမိန်းကလေးက သူ့ကို အမှန်တကယ် ကူလီတစ်ယောက်လိုမျိုး မှတ်ယူခဲ့သည်လား။
လင်းရန်၏အတွေးများကတော့ ရိုးရှင်းလွန်းပြီး တစ်စုံတစ်ယောက်က သူမအတွက် ရေကူသယ်ပေးနေသည်ဖြစ်၍ အနောက်မှ လက်ဗလာနဲ့ သွားစရာ မလိုဟူ၍သာ တထစ်ချယူဆခဲ့သည်။
ထိုအချိန်အတွင်း သူမ၏အိမ်ခန်းဆီသို့ပြန်ပြီး အဝတ်အစားလဲမည်ဆိုပါက အချိန်ကုန်လည်း သက်သာစေလိမ့်မည်။
ကူလီဆိုသည့်အတွက်ကတော့ သူမ ဤသို့ မည်သည့်အချိန်တွင်မှ မတွေးခဲ့မိပါချေ။
ထို့ကြောင့် သူမ အဝတ်အစားများကို ယူဆောင်ကာ အခန်းထဲမှ ထွက်လာသည့်အချိန်တွင် ရေချိုးခန်းရှေ့၌ ရပ်နေလျက်ရှိသော စုန့်ရှီးယန်ကို တွေ့လိုက်ရသည့်အတွက် အံ့သြသွားမိရသည်။
ဒီလူက ရေသယ်ရတာကို စွဲလန်းနေခဲ့ပြီး ရေပုံးကို ဒီအတိုင်း ထားခဲ့ဖို့ ဝန်လေးနေတာများလား?
သူမ သံသယများဖြင့် ပြည့်နှက်နေချိန်တွင် စုန့်ရှီးယန်က သူ၏ခေါင်းကို အနည်းငယ်မော့ပြီး သူမဘက်ကို လှမ်းကြည့်လာသည်ကို တွေ့လိုက်ရလေ၏။
ထို့နောက် ထိုအမျိုးသားက လင်းရန်၏ ခေါင်းထဲသို့ မေးခွန်းများ ပြည့်နှက်သွားစေမည့် တစ်စုံတစ်ခုကို မေးလာခဲ့သည်။
“ကိုယ်က ကြောက်စရာကောင်းနေလို့လား?”
လင်းရန်: “?”
သူမ နားမလည်နိုင်ဖြစ်နေသည်ကို မြင်လျှင် စုန့်ရှီးယန်က ခေတ္တရပ်သွားခဲ့ပြီး ပြောရခက်နေပုံပေါ်သော်လည်း နောက်ဆုံးမှာတော့ သူပြောချင်သည့် စကားကို ဆက်ပြောခဲ့လေ၏။
“မနက်ကတည်းက မင်း ကိုယ့်ကို သိပ်ပြီး ကြည့်တဲ့ပုံမပေါ်ဘူး”
သူ၏စကားများကို နားထောင်ပြီးနောက် စုန့်ရှီးယန်က အဘယ်ကြောင့် ဤမေးခွန်းကို မေးလာသည်လဲဟူသောအကြောင်းကို လင်းရန် ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
သို့သော်လည်း ထိုသို့ နားလည်ပြီးသွားနောက်တွင် သူမအနေဖြင့် စုန့်ရှီးယန်၏ ခေါင်းအတွင်းမှ ဦးနှောက်ကို အမှန်တကယ် ဖွင့်ထုတ်ပြီး အတွင်း၌ရှိနေသော အရာများကို အနီးကပ်ကြည့်ချင်စိတ် ပေါက်လာခဲ့ရသည်။
သူမက ဘာလို့ သူ့ကို မကြည့်တာလဲ?
ဒီအစ်ကိုကြီးက တကယ်ကြီး ဘာလို့လဲဆိုမဲ့အဖြေကို မသိဘူးလား?
မြေသြဇာတိုက်ကျွေးခံခဲ့ရတဲ့ သစ်ပင်ကြီးအကြောင်း ပြောတဲ့အချိန်မှာ သူမကို ရယ်ဖို့ ဘယ်သူကပြောလို့လဲ?
သူမက လင်းကွမ်းချင်းရဲ့မျက်နှာကြောင့် သူ့ကို ရန်မတွေ့ဘဲနေတာကို သူက သူ့ကို စကားလာပြောစေချင်နေသေးတာလား?
သူက သူမနဲ့ စကားများရန်ဖြစ်ချင်နေလို့ တမင်ရန်လာစနေတာလား?
လသ်းရန်တစ်ယောက် အချိန်အတော်ကြာသည်အထိ မည်သည်ကိုမျှပြန်မပြောလာသည်ကို မြင်လိုက်ရသဖြင့် စုန့်ရှီးယန်လည်း သူမက ဤကိစ္စကို ဖုံးကွယ်ထားချင်သော်လည်း သူ့ထံတွင် ထုတ်ဖော်လိုက်သည်ဟု ခံစားလိုက်ရပြီး အနည်းငယ် ရှက်သွားခဲ့ရသည်။
သို့နှင့် သူ ခပ်ဖွဖွချောင်းဟန့်လိုက်ပြီး အနည်းငယ် ပရိယာယ်ရှိစွာဖြင့် ပြောခဲ့သည်။
“မင်းက ကိုယ့်ရဲ့စစ်သားမဟုတ်ဘူးလေ၊ ကိုယ် မင်းကို ဘာမှလုပ်မှာမဟုတ်ဘူး၊ ဒါကြောင့် မင်း ကိုယ့်ကို ကြောက်နေစရာမလိုဘူး၊ မင်း ကိုယ့်ကို... အကိုတစ်ယောက်လိုမျိုး ဆက်ဆံလို့ရတယ်”
လင်းရန်မှ လင်းကွမ်းချင်းအား “အစ်ကိုကြီး” ဟု ခေါ်သောအချိန်တွင် ထိုခေါ်ဆိုသည့်လေသံမှာ အလွန်ချစ်စရာကောင်းသည်ကို သူမှတ်မိနေသေးသည်။
သူ့ကို အစ်ကိုလို့ ခေါ်ခဲ့ပါက အလွန် ခံစားလို့ကောင်းလောက်ပေမည်။
လင်းရန် သူ့ကို တိတ်တဆိတ် စိုက်ကြည့်လိုက်မိပြီး မျက်လုံးများကို အမှန်တကယ်ပင် ကောင်းကင်ယံဆီသို့ရောက်သည်အထိ လှိမ့်လိုက်ချင်နေခဲ့ရသည်။
ဒီလူက နေ့ခင်းကြောင်တောင် ထင်ယောင်ထင်မှား အိပ်မက်တွေ မက်နေတာလား?
သူက သူမရဲ့အစ်ကို ဖြစ်ချင်နေသေးတယ်ပေါ့လေ?
နောက်ဘဝကိုရောက်မှ လုပ်လိုက်တော့!
သို့သော်လည်း စုန့်ရှီးယန်က လွန်ခဲ့သည့် မိနစ်အနည်းငယ်ကမှ သူမကို ရေသယ်ရန်အတွက် ကူညီပေးခဲ့သောကြောင့် လင်းရန်အနေနဲ့ အသုံးချပြီးသည်နှင့် နေရာတွင်ပင် ကန်ထုတ်သော လူတစ်ဦးကဲ့သို့ မလုပ်နိုင်ပါချေ။
ထို့ကြောင့် သူမ ဟန်ဆောင်၍ ပြောလိုက်ရုံသာ တတ်နိုင်ခဲ့သည်။
“ရဲဘော်၊ ရှင် အတွေးလွန်နေတာပါ”
ထို့နောက် အနည်းငယ်ပြုံး ၍ ဆက်ပြောခဲ့လေ၏။
“အဲလိုမျိုး မဟုတ်ပါဘူး၊ ကျွန်မက နှေးကွေးတဲ့လူဆိုတော့၊ ကျွန်မနှင့်ကောင်းကောင်း မသိတဲ့လူတွေကို ပြောစရာ စကားမရှိတတ်ဘူး၊ ဒါကြောင့်.......”
မသိသေးတဲ့သူတစ်ယောက်အတွက် ပြောစရာစကားမရှိဘူး။
စုန့်ရှီးယန်တစ်ယောက် နှလုံးသားထဲသို့ တိတ်တဆိတ် ဓားနှင့် အထိုးခံခဲ့ရသည်။
“ရှင် အဆင်ပြေတယ်ဆိုရင် အိမ်ထဲမှာ သွားထိုင်နေလို့ရပါပြီ၊ ကျွန်မ ရေအရင်ရေချိုးလိုက်ဦးမယ်”
ထိုစကားကိုပြောပြီးနောက် လင်းရန် ရေချိုးခန်းထဲသို့ တိုက်ရိုက်ဝင်သွားခဲ့တော့သည်။
သူမနှင့် မရင်းနှီးသော စုန့်ရှီးယန်တစ်ယောက်ကတော့ နောက်သို့ ပြန်လှည့်ကာ မျက်နှာအမူအရာကင်းမဲ့စွာဖြင့် ထွက်ခွာသွားခဲ့လေ၏။
လင်းရန်အတွက်တော့ စုန့်ရှီးယန်နှင့် စကားပြောခြင်းမှာ သေးငယ်ပြီး ပေါ့ပါးသည့်အပိုင်းတစ်ခုမျှသာဖြစ်ပေသည်။ သူမက အိုးထဲမှ ထမင်းပေါင်းအကြောင်းကိုသာ တွေးတောနေဆဲဖြစ်၍ ရေကိုလျှင်မြန်စွာချိုးလိုက်ကာ သပ်ရပ်စွာ ဝတ်ဆင်ကာ မီးဖိုခန်းဆီကို တိုက်ရိုက်ပြန်သွားလိုက်သည်။
သူမ မီးဖိုချောင်ထဲသို့ ဝင်သွားသည်နှင့် ကျန်ရှိနေသော လင်းမိသားစုများလည်း ပြန်ရောက်ရှိလာခဲ့သည်။
တစ်ဖက်တွင် လင်းကွမ်းချင်းတစ်ယောက်မှာ ငြိမ်သက်စွာ မနေခဲ့ပါချေ။
သူက နေ့ခင်းဘက်တွင် မိသားစုနှင့်အတူ အလုပ်ကူလုပ်ပေးခဲ့ပြီး လမ်းကြုံသည့်အချိန်အတွင်း အလုပ်မှတ်အနည်းငယ်ယူဆောင်ခဲ့သည်။
သူ ပြန်ရောက်သည်နှင့် မီးဖိုချောင်ထဲမှ အလွန်မွှေးကြိုင်လှသော ရနံ့တို့က နှခေါင်းထဲသို့ အလုအယက်တိုးဝင်လာခဲ့လေ၏။
လင်းကွမ်းချင်းတစ်ယောက် အဘွားဖြစ်သူ မည်သည့်ဟင်းလျာများချက်ပြုတ်နေသည်လဲ ဆိုသည်ကို ကြည့်ဖို့ရန်အတွက် မီးဖိုချောင်သို့ မသွားရန် ကြံစည်ခဲ့သည်။ ဤမွှေးရနံ့တို့က စစ်တပ်ထဲမှစားသောက်ဆောင်အတွင်း စားဖိုမှူးဦးလေးချက်ပေးသည့် ဟင်းလျာများထက်ပင် အရသာ ပိုကောင်းမည့်ပုံရသည်။
သို့သော် သူ မသွားရသေးခင်အချိန်တွင် တံခါးဝ၍ရပ်နေသော စုန့်ရှီးယန်ကို မြင်တွေ့လိုက်ရလေ၏။
စုန့်ရှီးယန်က သူ့ကို ခေါင်းညိတ်ပြပြီး သူ့ဆီသို့လာဖို့ အချက်ပြနေခဲ့သည်။ သူ့ဆီတွင် အရေးကြီးသည့် ပြောစရာတစ်ခု ရှိကောင်းရှိနေသည့်ပုံပင်။
လင်းကွမ်းချင်း သူ၏ ခြေလှမ်းများကို လမ်းကြောင်းပြောင်းလိုက်ပြီး စုန့်ရှီးယန်ဆီသို့ လျှောက်သွားလိုက်သည်။
“အစ်ကိုစုန့် ဘာဖြစ်လို့လဲ”
သူ့အနေဖြင့် စုန့်ရှီးယန်က တစ်နေရာရာတွင် အဆင်မပြေဖြစ်နေခြင်း သို့ မဟုတ် အိမ်တွင် ကိစ္စတစ်ခုခုဖြစ်နေသွားသည်လားဟု တွေးတောခဲ့သည်။
ရလဒ်အနေဖြင့်ကတော့ သူ အလွန်စိုးရိမ်နေချိန်တွင် စုန့်ရှီးယန်က ဤသို့ မေးမြန်းလာခဲ့သည်။
“မင်း မင်းရဲ့ ညီမနဲ့ ရင်းနှီးနေလား”
လင်းကွမ်းချင်း: “???”
ဒါက ဘာပြသနာလဲ?
ပြီးတော့ ဒါကို ဘယ်လိုရှင်းပြရမှာလဲ။
သူတို့တွေက သွေးသားဆက်ဆံရေးအရ ဆွေမျိုးတွေဖြစ်နေခဲ့တာကြောင့် တစ်ယောက်နဲ့တစ်ယောက် အလွန်နီးစပ်ကြလိမ့်မယ်။
ဒါပေမယ့် သူတို့တွေ အတူတူ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေကို ပြန်ကြည့်ရင် တစ်ယောက်နဲ့ တစ်ယောက် မတွေ့တာ ဆယ်နှစ်ကျော်နေပြီ။
တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးတယ်လို့ ပြောမယ်ဆိုရင် ဒါက တကယ်ကို လိမ်ညာတာပဲ။
ဒါပေမယ့် အရေးကြီးဆုံးက စုန့်ရှီးယန်က ဘာကြောင့် ဒီမေးခွန်းကို မေးတာလဲဆိုတာ သူနားမလည်နိုင်တာပဲ။
လင်းကွမ်းချင်း၏ မျက်လုံးများထဲမှ ရှုပ်ထွေးမှုများကို မြင်လိုက်ရသော် စုန့်ရှီးယန်တစ်ယောက် သူ၏ပါးစပ်ကို လက်သီးဆုတ်ဖြင့် ဖုံးအုပ်၍ ချောင်းအသာဟန့်မိကာ ရှင်းပြလိုက်သည်။
“ဘာမှမဟုတ်ဘူး မင်းမှာ ညီမလေးတစ်ယောက်ရှိတယ်ဆိုတဲ့အကြောင်းကို မင်းအရင်ကပြောတာကို ငါမကြားဖူးဘူးထင်လို့”
အဲလိုကိုး..
ကြည့်ရတာ တပ်ရင်းမှူးစုန့်က အမှန်တကယ်ကို သူထင်ထားတဲ့အတိုင်း အေးစက်တဲ့ မျက်နှာနှင့် နွေးထွေးတဲ့ နှလုံးသားရှိတဲ့ တပ်ရင်းမှူးကောင်းတစ်ယောက်ပဲ!
ဤသို့ စဥ်းစားပြီးနောက် လင်းကွမ်းချင်းက သူနှင့် လင်းရန်တို့၏ ဆက်ဆံရေးအကြောင်းကို ရိုးရိုးသားသား ပြောပြခဲ့လေ၏။
လင်းကွမ်းချင်းနှင့် လင်းရန်တို့မှာ ဆယ်နှစ်ကျော်ကြာသည်အထိ မတွေ့မမြင်ခဲ့ရကြောင်းကို ကြားလျှင် စုန့်ရှီးယန်တစ်ယောက် သူ့နှလုံးသားထဲတွင် လှောင်မရယ်ဘဲ မနေနိုင်ခဲ့ပါချေ။
ဒီလူလိမ်မလေးကတော့..
သူမက လင်းကွမ်းချင်းနှင့် မရင်းနှီးသည်မှာ ထင်ရှားလှသည်။
“အင်း ငါနားလည်ပြီ၊ မင်း မြန်မြန်သွားပြီး ရေချိုးလိုက်တော့လေ”
ဤအချက်ကိုသိရပြီးနောက်တွင် စုန့်ရှီးယန်တစ်ယောက် လင်းရန်တွင် သူနှင့်ပတ်သက်၍ ပြဿနာတစ်ခုခုရှိနေကြောင်းကို သေချာသွားခဲ့သည်။
ဘာကြောင့်များလဲ။
တကယ်ကြီး သူ့ရဲ့မျက်နှာကြောင့်ဖြစ်နိုင်လောက်မလား။
စုန့်ရှီးယန် သူ၏ မေးစေ့ကို ထိလိုက်သည်။ အလွန်ခက်ခဲသည့် ပဟေဠိကြီးနှင့် ကြုံတွေ့နေရသည့်ပုံပင်။
“ဝိုး! အနံ့အရမ်းကောင်းတာပဲ! အဘွား၊ အဘွားဘာလုပ်ထားတာလဲ”
“အဘွား! အဘွား! သားလည်းစားချင်တယ်!”
တစ်ဖက်တွင်တော့ လင်းကွမ်းရှန်က သူ့၏ညီလေးနှစ်ယောက်နဲ့အတူ မီးဖိုချောင်ဆီကို အမြန်ပြေးသွားခဲ့သည်။
သို့သော် သူတို့ လှမ်းကြည့်လိုက်ချိန်မှာတာနဲ့ စားဖိုမှူးက သူတို့၏ အဘွားဖြစ်သူ မဟုတ်ဘဲ လင်းရန်ဖြစ်နေသည်ကို မြင်လိုက်ရလေ၏။
လင်းကွမ်းရှန်၏ မျက်လုံးများက ပြူးကျယ်သွားခဲ့ရသည်။
“ရန်ရန်?”
လင်းရန်တစ်ယောက် သူတို့၏ အသံကြောင့် ပြန်လှည့်ကြည့်လိုက်မိပြီး လင်းကွန်းရှန်၏ ထိတ်လန့်တုန်လှုပ်နေသောအမူအရာကိုမြင်လိုက်ရလျှင် ရယ်ချယ်စဖွယ်ကောင်းသည်ဟု မခံစားရဘဲ မနေတော့ပေ။
“ဘာဖြစ်လို့လဲ၊ ဒုတိယအစ်ကို”
“မဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူး၊ ငါက မင်းကို ဟင်းချက်တတ်တဲ့သူတစ်ယောက်ဖြစ်ဖို့ မမျှော်လင့်ထားမိခဲ့ဘူး”
“ရန်ရန်က ချက်ပြုတ်တတ်ရုံမကဘူး၊ သူမ ချက်တဲ့အစားအစာတွေကလည်း အရသာအရမ်း ကောင်းတယ်!”
**