← Chapters

အခန်း (၆၀)

Vol. 6 Ch. ၆၀

အခန်း (၆၀)

Vol. 6 Ch. ၆၀

လင်းကွမ်းရှန်တို့ ညီအစ်ကိုနှစ်ယောက် မီးဖိုထဲသို့ ဝင်လာသည်ကို မြင်လျှင် အဘွားလင်းက သူတို့ကို သေချာပေါက် လွှတ်ထားပေးမည်မဟုတ်ပါချေ။

“မြန်မြန်လာခဲ့၊ ပန်းကန်တွေအကုန်ထုတ်သွား၊ မင်းတို့ကလေးနှစ်ယောက်လည်း ဒီကိုလာပြီး တူတွေလာယူလိုက်ကြ”

မုန်လာဥနီခေါင်းလေးနှစ်ယောက်လည်း အဘွားဖြစ်သူ၏စကားကိုကြားပြီးနောက် လျှင်မြန်စွာ လုပ်ဆောင်ခဲ့ကြသည်။

သို့သော်လည်း လင်းရန်၏ဘေးနားမှ ဖြတ်သွားသည့်အချိန်တွင်တော့သူတို့၏ မျက်လုံးလေးများကို ပြူးဝိုင်းအောင်ဖွင့်ကာ သူမ၏လက်ထဲမှ ထမင်းပေါင်းကို စပ်စုစွာ မကြည့်ဘဲ မနေနိုင်ခဲ့ကြချေ။

လင်းကွမ်းဟိုင်က အသက်ကိုပြင်းပြင်းရှူပြီး ပြောလာခဲ့သည်။

“အနံ့က အရမ်းကောင်းတာပဲ၊ အစ်မရန်ရန် အစ်မက ဟင်းချက်အရမ်းကောင်းတာပဲ! ဒီအစားအစာက ကျွန်တော်စားဖူးသမျှထဲမှာ အကောင်းဆုံးပဲဖြစ်လိမ့်မယ်!”

သူက ထမင်းပေါင်းကိုမစားရသေးခင်ကတည်းက သူစားဖူးသမျှ အစားအသောက်ထဲတွင် အရသာအရှိဆုံး အဖြစ်သတ်မှတ်နေခဲ့ပြီ။

လင်းရန်တစ်ယောက် ရယ်ရမလို ငိုရမလို ဖြစ်သွားရသည်။

“ဒါဆို ငါ မင်းကို ပိုပြီးကျွေးပေးမယ်လေ၊ ပန်းကန်လုံးအကြီးကြီး တစ်လုံးလောက်ပေးမယ်၊ အဆင်ပြေလား”

လင်းကွမ်းဟိုင်က ခေါင်းကို အပြင်းအထန်ညိတ်ပြလာခဲ့သော်လည်း သူ့၏ညီအရင်းလေးကိုလည်း မမေ့ခဲ့ပါချေ။

“ပြီးတော့ ရှောင်ယန်ရောပဲ၊ သူလည်း ပန်းကန်လုံးကြီးတစ်လုံး စားချင်နေတယ်!”

“ကောင်းပြီ ရှောင်ယန်ကိုလည်း ပန်းကန်အကြီးကြီး ပေးလိုက်မယ်!”

ဤကောင်ငယ်လေးနှစ်ယောက်က အသက်ဆယ်နှစ်ခန့်သာရှိနေသေးသော်လေး အပါးခိုခြင်းမရှိကြချေ။ သူတို့က နေ့ခင်းဘက်တွင် လူကြီးများနှင့်အတူ အပြင်သို့ထွက်ကာ ဝက်စာပေါင်းပင်များဖြတ်ယူခြင်းနှင့် တခြားအလုပ်များကို ကူညီတတ်ကြသည်။

၎င်းတို့သည်လည်း မိသားစု၏ လုပ်အားအဖြစ် သတ်မှတ်နိုင်သည့် တစ်နေ့လျှင် အလုပ်ရမှတ် နှစ်ခုကို ရရှိနိုင်ကြသည်။

အစ်ကိုကြီးဖြစ်သည့် လင်းကွမ်းဟိုင်က ထိုစကားကိုကြားလျှင် သူ့၏ရှေ့သွားများကို ချက်ချင်း ဖြီးပြကာ လင်းရန်ကို ရှေ့သွားများအကုန်ပေါ်သည်အထိ ပြုံးပြလာခဲ့သည်။

ညီငယ်ဖြစ်သူက သူ့အကိုကြီးလောက်သွက်လက်မှုမရှိသော်လည်း သူ၏မျက်နှာလေးကို မော့ပြီး လင်းရန်ကို ရှက်ရွံ့စွာ ပြုံးပြကာ ကျေးဇူးတင်စကားကို တိုးတိုးလေးပြောလာခဲ့လေသည်။

“ကျေးဇူးတင်ပါတယ် အစ်မရန်ရန်”

ကောင်လေးသုံးယောက်၏အကူအညီနဲ့ စားစရာများက စားပွဲပေါ်သို့ လျှင်မြန်စွာ ရောက်ရှိသွားခဲ့သည်။

ထိုစားသောက်ဖွယ်ရာများကို စားပွဲပေါ်သို့ တင်လိုက်သည်နှင့် တစ်မိသားစုလုံး စားပွဲဝိုင်းတွင် မထိုင်ဘဲ မနေနိုင်ကြတော့ပေ။

တစ်နေကုန် အလုပ်ဆင်းပြီးနောက်တွင် သူတို့၏ ဗိုက်များ ဗလာဟင်းလင်းဖြစ်နေခဲ့ပြီ။ ဤကဲ့သို့အချိန်မျိုးတွင် ယာဂုအအေးသာရှိနေလျှင်ပင် ပန်းကန်လုံး နှစ်ပန်းကန်စာခန့် စားသောက်နိုင်လိမ့်မည်။ ယခုကဲ့သို့ မွှေးကြိုင်လွန်သည့် ထမင်းပေါင်းဆိုလျှင်တော့ အထူးပြောစရာမလိုအပ်တော့ပါချေ။

အထူးသဖြင့် ထမင်းက အလွန်မွှေးကြိုင်နေခဲ့သည်။ အသားတင်မကဘဲ ပဲတီစိမ်း၊ အနီရောင် မုန်လာဥနီနဲ့ နူးညံ့ပြီးစေးကပ်သည့် အာလူးတုံးလေးများလေး ပါဝင်သေးသည်။

ထမင်းသည်လည်း အသားနှင့် အသီးအနှံမျိုးစုံ၏ အရသာများ ပေါင်းစပ်ရောနှောထားခဲ့ကာပြည့်ဝသွားခဲ့ပြီး ထမင်းစေ့အချောင်းလေးများကလည်း ကော့ပျံနေခဲ့ကာ ဆီများနဲ့ ဝေ့သီ၍တောက်ပနေခဲ့သည်။

ဆိုရပါလျှင် တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် လူများကို သွားရည်ကျစေနိုင်ပေသည်။

“အမေ၊ ဒီနေ့ ဘယ်လိုအသစ်အဆန်းတွေလုပ်ထားတာလဲ ၊ အတော်လေးအရသာရှိမဲ့ပုံပဲ”

တတိယမြောက်သားဖြစ်သည့် လင်းကျန်းရှီက အလွန်သိချင်စွာ မေးခဲ့သည်။

အဘွားလင်းက ဤစကားကိုကြားလျှင် လျို့ဝှက်ချက်ဆန်စွာဖြင့်ပြုံးပြလာခဲ့သည်။

“ဒီနေ့အစားအသောက်ကို ငါ မချက်ဘူး”

အဘွားလင်း မချက်ရင် ဘယ်သူချက်ထားတာလဲ။

အဘွားလင်းက မည်သည့်စကားမှ ပြန်မပြောခင်တွင် ဘေးနားတွင်ရှိနေသည့် လင်းကွမ်းဟိုင်က စိတ်အားထက်သန်စွာ အော်ပြောလာခဲ့သည်။

“ကျွန်တော်သိတယ်! ဒါက အစ်မရန်ရန် ချက်ထားတာပဲ!”

ဘာလဲ?

ဒီအစားအသောက်ပွဲကို လင်းရန်က ချက်ပြုတ်ထားတာလား?

လူတိုင်းက မထိန်းနိုင်စွာဖြင့် လင်းရန်၏ ဦးတည်ရာဆီကို လှမ်းကြည့်လိုက်မိကြသည်။

လင်းရန် အပြုံးလေးနှင့် ခေါင်းညိတ်ပြလိုက်တယ်။

“ကျွန်မ ချက်ထားတာပါ၊ ဒါပေမယ့် အရသာက လူတိုင်းရဲ့အကြိုက်နဲ့ ကိုက်ညီပါ့မလားတော့ မသိဘူး”

အစားအသောက်ရဲ့ရနံ့က ဒီလောက်ထိ ကောင်းမွန်လွန်းနေတာလေ။ မကြိုက်ဖို့ဆိုတာ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ

“ကောင်းပြီ၊ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာကို ရပ်လိုက်ပြီး မြန်မြန်စားလိုက်ကြတော့!”

မီးဖိုချောင်ထဲတွင် နာရီဝက်နီးပါးကြာသည်အထိ ဤရနံ့ကို အနံ့ခံနေခဲ့ရသူတစ်ယောက်အနေဖြင့် အဘွားလင်းသည်ကား ဤလူများထဲတွင် အမြန်ဆုံးအရသာခံချင်နေသည့်သူတစ်ဦးလည်း ဖြစ်နေခဲ့သည်။

မည်သို့ပင်ဆိုစေ၊ လက်ရှိတွင် လူတိုင်းက ဤနေရာတွင်ရှိနေပြီဖြစ်၍ သူမလည်း အချိန်မဖြုန်းတော့ဘဲ လူတိုင်းကို သူတို့၏တူများကို လှုပ်ရှားဖို့အတွက် ခွင့်ပြုချက်ချပေးခဲ့သည်။

သေချာသည်ကတော့ လူတိုင်းကို ညွှန်ကြားချက်ပေးပြီးနောက်တွင် သူမက စုန့်ရှီးယန် တစ်ယောက်တည်းသက်သက်ကိုလည်း လှမ်းပြောဖို့အတွက် မမေ့ခဲ့ပါချေ။

“ရှောင်စုန့်၊ မြန်မြန်စားလေ၊ ခဏကြာလို့ အေးသွားပြီးရင် အရသာမကောင်းတော့ဘဲနေလိမ့်မယ်”

စုန့်ရှီးယန် ခေါင်းညိတ်လိုက်သည်။

“ကောင်းပါပြီ”

ထို့နောက်တွင် သူက သူ့ရှေ့တွင်ရှိနေသည့် ထမင်းပေါင်းပန်းကန်လုံးဆီကို အာရုံစိုက်လိုက်သည်။

တစ်လုပ်စားပြီးနောက်တွင် သူ၏ပုံစံက အနည်းငယ် ဗလာကျင်းသွားခဲ့ရပြီး သူနှင့် ဆန့်ကျင်ဘက်တွင် ရှိနေသော လင်းရန်ကို ဖြည်းညင်းစွာ မော့ကြည့်လိုက်သည်။

ပြောရမည်ဆိုပါက ဤအစားအသောက်၏အရသာမှာ သူ မတိုင်ခင်အချိန်များတွင် မြည်းစမ်းခဲ့ဖူးသော တခြားစားဖိုမှူးများချက်ပြုတ်ခဲ့သည့် ဟင်းလျာများထက် အရသာပိုကောင်းသည်ဟု ပြောရလိမ့်မည်။

လင်းရန်၏ ဤကဲ့သို့ အချက်အပြုတ်စွမ်းရည်တစ်ခုတည်းနှင့်ပင် ၊ စုန့်ရှီးယန်က သူ့အနေဖြင့် လင်းရန်နှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးရှိရလာအောင်လုပ်ရမည်ဟု ခံစားခဲ့ရသည်။

ဤထမင်းပေါင်းကို လင်းမိသားစုအတွင်းရှိ စိတ်မကျေနပ်သည်သူ မည်သူမှ မရှိခဲ့ပေ။ သူတို့၏ ဝမ်းဗိုက်ကပြည့်အင့်လာပြီဖြစ်သော်လည်း နောက်ထပ် ထပ်မံထည့်လိုစိတ်တို့ကို တားဆီးနိုင်ခြင်း မရှိခဲ့ပေ။

သို့သော် ကံမကောင်းစွာနှင့် အိုးထဲမှ ထမင်းပေါင်းများမှာ ကုန်နေပြီဖြစ်၍ စားပွဲပေါ်မှ သခွားသီးသုတ်ဆီကိုသာ ထပ်မံ ကောက်ယူနိုင်ခဲ့သည်။

မထင်မှတ်ပဲ သခွားသီးအအေးသုတ်ကလည်း အံ့သြစရာကောင်းလောက်အောင်ပင် အရသာရှိနေခဲ့သောကြောင့် သခွားသီးအအေးသုတ်သည်လည်း အမြန်ကုန်စင်သွားခဲ့ပြန်သည်။

လင်းရန်ကတော့ စားပွဲပေါ်မှ ဆေးကြောသန့်စင်ထားသကဲ့သို့ ပြောင်စင်သွားခဲ့သည့် ပန်းကန်များကို ကြည့်ကာ သေချာပေါက် ကျေနပ်နေခဲ့သည်။

ယခုအချိန်တွင် ထမင်းလည်း စားပြီးသွားပြီဖြစ်ကာ လူတိုင်းကလည်း သူမ၏လက်ရာကို စိတ်ကျေနပ်နေကြသည့်အတွက် သူမ၏အတွေးများကို ပြောရမည့်အချိန်သို့ ရောက်လာခဲ့ပြီ။

“အဖေ၊ သမီးရဲ့ ဟင်းချက်လက်ရာကို အဖေဘယ်လိုထင်လဲ”

လင်းရန် သူမ၏ဘေးနားရှိ လင်းကျန်းအန်းကို လှမ်းကြည့်ကာ မေးလိုက်သည်။

လင်းကျန်းအန်းမှာ အစားအသောက်အရသာများအပေါ် ခံစားတွေးတောနေဆဲဖြစ်ပြီး သမီးဖြစ်သူ၏စကားကိုကြားလိုက်ရပြီးနောက် ချက်ချင်းပင် လက်မထောင်ပြလိုက်သည်။

“သေချာပေါက် ကောင်းတာပေါ့!”

သူနှင့် တပ်မဟာခေါင်းတို့သည်လည်း ယခင်က နိုင်ငံပိုင်စားသောက်ဆိုင်တစ်ခုမှ အစားအသောက်များစားရန် ခရိုင်သို့သွားခဲ့ဖူးကြပြီး ထိုဆိုင်ရှိအစားအသောက်များမှာ လင်းရန် ချက်ပြုတ်ထားသည့် အစားအသောက်ထက် အရသာထက် အနည်းငယ် ဆိုးရွားပေသည်။

ထို့ကြောင့် သမီးဖြစ်သူ လင်းရန်၏ လက်ရာသည်ကား လင်းကျန်းအန်း၏ ထင်မြင်ချက်တွင် သေချာပေါက် အထင်ကြီးစရာလက်ရာပင်။

အဖေဖြစ်သူ၏အဖြေကိုကြားသော် လင်းရန် ဆက်မေးလိုက်သည်။

“အဖေ၊ ဒါဆို သမီး စားသောက်ဆောင်လိုမျိုးနေရာမျိုးမှာ အလုပ်သွားလုပ်နိုင်မယ်လို့ ထင်လား”

လင်းရန်အနေဖြင့် ဤခေတ်ကာလ၏အကြောင်းကို သိပ်ပြီးမသိသော်လည်း အစားအသောက်သည်ကား လူများအတွက် အရေးကြီးဆုံးလိုအပ်ချက်ဖြစ်ကြောင်းကို သိထားသည်။

မည်သည့်ခေတ်တွင်ဖြစ်စေ အစားအသောက်အတွက် လိုအပ်ချက်က အမြဲရှိနေလိမ့်မည်။

ဥပမာအားဖြင့်၊ ယနေ့ခေတ်ကာလ၏ အစိုးရပိုင် ဟိုတယ်များနှင့် စက်ရုံအလုပ်ရုံ အသီးသီးရှိ စားသောက်ဆောင်များတွင် ချက်ပြုတ်တတ်သူများကို လိုအပ်ပေသည်။

ချက်ပြုတ်တတ်သူများ အားလုံးထဲမှ စစ်ထုတ်လိုက်လျှင် ၎င်းကို အများပြည်သူအတွင်းရှိ သံမဏိထမင်းအိုးအဖြစ် ဘွဲ့ကိုသတ်မှတ်နိုင်သည်။ ထိုအထဲမှ စစ်မှန်သော အရည်အချင်းရှိသူများသာလျှင် ထိုနေရာတွင် စားဖိုမှူးများ ဖြစ်လာနိုင်လိမ့်မည်။

သို့သော်လည်း လင်းရန်က သူမ၏ အရည်အချင်းကို အလွန်ယုံကြည်နေခဲ့သောကြောင့် စစ်ဆေးအကဲဖြတ်ခြင်းကို ခံရလျှင်ပင် စိတ်ပူပန်ခြင်းမရှိပါချေ။

ယခုအချိန်တွင် သူမ မသေချာဖြစ်နေခဲ့သည့် တစ်ခုတည်းသောအချက်မှာ ကွန်မြူနတီတွင် သို့မဟုတ် အဝေးမြို့တစ်မြို့၌ပင် သူမ၏ အရည်အချင်းများကို ပြသရန် အခွင့်အရေးရှိမရှိကိုသာဖြစ်ပေသည်။

တပ်မဟာနှင့် ပတ်သက်၍တော့ လင်းရန်က လုံးဝမစဉ်းစားခဲ့ပေ။

အကြောင်းမှာ တပ်မဟာရှိလူများက မနက်စာ၊ နေ့လယ်စာ၊ ညစာတို့အတွက် အချိန်တိုင်းတွင် အိမ်ကိုပြန်ကာ စားသောက်တတ်လေ့ရှိကြပြီး တပ်မဟာတွင် စားသောက်ဆောင် လုံးဝမရှိပါချေ။

စားသောက်ဆောင် တည်ဆောက်ရန် ဖြစ်နိုင်သော တစ်ခုတည်းသောနေရာမှာ ပညာတတ်လူငယ်များအတွင်းသာ ဖြစ်ကောင်းဖြစ်နိုင်သည်။

သို့သော်လည်း ဤစားသောက်ဆောင်ကို တည်ထောင်နိုင်ရန်အတွက်က မသေချာသေးသောကြောင့် လင်းရန်အနေဖြင့် ၎င်းအခြေအနေအတွက် မျှော်လင့်ချက်များကို ထားရှိမည်မဟုတ်ပေ။

ထို့ကြောင့်၊ မြို့တွင်းရှိ စားသောက်ဆိုင်တချို့နှင့် တချို့သောစားသောက်ဆောင်များအကြောင်းကို သူမ၏ မိသားစုထံမှ သတင်းရနိုင်မည်လားဟူသောအတွေးဖြင့် မေးမြန်းခဲ့ခြင်းဖြစ်သည်။

ဤစကားများထွက်လာသည်နှင့်တပြိုင်နက် လင်းကျန်းအန်းတစ်ယောက် သူ၏အံ့သြခြင်းမှ အာရုံပြန်မရောက်လာသေးမီ ဘေးမှ အဘွားလင်းက စိတ်အားထက်သန်စွာ ပြောလာလေ၏။

“အဆင်ပြေမယ်ထင်တယ်!”

“ရန်ရန်ရဲ့ အရည်အချင်းက အရမ်းကောင်းတယ်! ချက်ပြုတ်ဖို့က ပြဿနာမရှိဘူး!”

လင်းရန်၏ လက်ရာကို ပထမဆုံးစားခဲ့ရဖူးသည့်လူအနေဖြင့် အဘွားလင်းက လင်းရန်၏ ဆုံးဖြတ်ချက်ကို လက်နှစ်ဖက်အပြင် ခြေထောက်နှစ်ဖက်ကိုပါပေါင်းထည့်ကာ ထောက်ခံပေးခဲ့သည်။

ထို့အပြင် သူမ၏မြေးလေးကို တခြားသူများကဲ့သို့ လယ်ယာလုပ်ခိုင်းဖို့အတွက်လည်း အလွန်ဝန်လေးနေသယောင် ခံစားရသည်။

ထိုမျှ ဖြူဖွေးသန့်ရှင်းပြီး ချစ်စဖွယ်ကောင်းသော ကလေးမလေးလေးက လယ်ကွင်းသို့သွားကာ သူမ၏တစ်ကိုယ်လုံး ရွှံ့ဗွက်များများပေကျံသည်အထိ အလုပ်လုပ်နေရဖို့အတွက်က တွေးတောကြည့်ရုံဖြင့်ပင် မသင့်တော်လှပါချေ။

ဟင်းချက်ရသည်က မလွယ်ကူသော်လည်း လယ်ယာလုပ်ရသည်ထက်တော့ အများကြီး ပိုကောင်းပေသည်။

လေနဲ့ နေကို ထိတွေ့စရာ မလိုသည့်အချက်ကို မဆိုထားနှင့်။ တစ်နေ့ကို ထမင်း နှစ်ကြိမ် ချက်ပြုတ်ဖို့ရန်သာ လိုအပ်ပြီး အလုပ်ချိန်တစ်ခုစီက တစ်နာရီ သို့မဟုတ် နှစ်နာရီခန့်သာ ကြာလိမ့်မည်။

အရေးကြီးဆုံးက သူမသည်ကား ဤအလုပ်အတွက် အလွန် သင့်တော်လှပေသည်။

**

All Chapters