အခန်း (၆၁)
Vol. 7 Ch. 61
ယနေ့ခေတ်တွင် အများပြည်သူများဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များရှိ စားဖိုမှူးအလုပ်မှာ လစာအလွန်ကောင်းလှသော အလုပ်များဖြစ်ပြီး တချို့သော ခေါင်းဆောင်ငယ်များပင် ၎င်းတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိရန် လိုအပ်လိမ့်မည်။
အဆုံးတွင် လူတိုင်းက စားသောက်ဆိုင်သို့ရောက်၍ ဟင်းလျာများမှာယူစားသောက်ချိန်၌ နောက်ထပ် အသားနှစ်ပိုင်းလောက် အပို ရယူလိုကြသည်ပင်။
မိန်းကလေးတစ်ယောက်က ထိုကဲ့သို့ အိမ်အပြင်မှာ ချက်ပြုတ်ရတာက ရှက်စရာကောင်းတယ်ဆိုတဲ့ စကားအတွက်လား?
ဘယ်လိုအခြေအနေမျိုးမှာမဆို ဒီလိုအလုပ်မျိုးကိုသာ တကယ်လုပ်နိုင်မယ်ဆိုရင် မိသားစုတစ်ခုလုံးက ရှက်စရာကောင်းတယ်လို့ပြောလာရင် ဘယ်သူက တကယ်အရှက်ကွဲမှာလဲ။
လင်းရန် ချက်ထားသည့် ထမင်းကို စားသောက်ခဲ့ပြီးသော လင်းမိသားစု၏အမြင်တွင်တော့ လင်ရန်၏ အဆိုကို လုံးဝ မကန့်ကွက်နိုင်ပေ။
တစ်ခုရှိသည်က လင်းရန်တွင် ဤသို့အရည်အချင်းရှိသည့်အကြောင်းကို သူတို့သိထားလျှင်ပင် စားဖိုမှူးရာထူးက ရှာရမလွယ်ကူပါချေ။
အတိုပြောရပါက ကျန်ရှိနေသည့် လင်းမိသားစုက ဤခဏတာအတွင်းမည်သည့်ထင်မြင်ချက်မှမရှိသော်လည်း လင်းကျန်းအန်းကတော့ တစ်ခုခုကို တွေးနေပုံပေါ်ပြီး တိတ်ဆိတ်သွားခဲ့သည်။
အဘွားလင်းက စကားဆုံးပြီးသည့်နောက်တွင် ပေါင်ကို လက်ဖြင့် လိုက်ပြန်သည်။
“အဘွား မင်းကို ဒီနှစ်ရက်အတွင်း မင်းရဲ့အန်တီကိုတွေ့ဖို့အတွက် မြို့ကို ခေါ်သွားပေးမယ်၊ မင်းအတွက် သူမကို ကူပြီး ရှာကြည့်ခိုင်းလိုက်ကြတာပေါ့”
အဘွားလင်း၏ ထိုအငယ်ဆုံးသမီးဖြစ်သူက မြို့ထဲတွင် လက်ထပ်ခဲ့ပြီး ထိုနေရာတွင် နေထိုင်ခဲ့သည့်အတွက် သတင်းအချက်အလက်မျိုးစုံကို သူတို့ထက်ပိုပြီး မျာ့စွာ ပိုမိုသိရှိနိုင်လိမ့်မည်။
ထို့ကြောင့် သူတို့တွေ သူမကို မေးမြန်းပါက ပိုမိုသိရှိနိုင်လိမ့်မည်။
လင်းရန်လည်း ထိုစကားကိုကြားသည်နှင့် အဘွားလင်းအား ချက်ချင်းဆိုသလို အပြုံးလေးဖြင့် ကြည့်လိုက်သည်။
“ကျေးဇူးတင်ပါတယ် အဘွား!”
သို့နှင့် ဤကိစ္စအတွက် လောလောဆယ်ပြေလည်သွားပြီဟု သတ်မှတ်နိုင်ပေပြီ။
ညစာစားပြီးသည့်နောက်တွင် လင်းမိသားစုမှ တခြားလူများလည်း သူတို့၏ပုံမှန်ပြုမူနေကြသည့်အတိုင်း ရေချိုးပြီးနောက် ဟိုဟိုဒီဒီသို့ လမ်းလျှောက်ထွက်သွားခဲ့ကြသည်။
အချိန်ကလည်း စောနေသေးသောကြောင့် လင်းရန်လည်း ဤအခြေအနေကိုအခွင့်ကောင်းယူကာ ကျောက်ရှီလဲ့တစ်ယောက် ရေချိုးပြီးလောက်ပြီဟု ခန့်မှန်းလျက် ပညာတတ်လူငယ်နေရပ်ဆီသို့ သွားခဲ့သည်။
ညနေခင်းအချိန်တွင် သူတို့နှစ်ဦး လမ်းခွဲခါနီး၌ လင်းရန်က ကျောက်ရှီလဲ့အား သူမနှင့်အတူ လင်း မိသားစုထံသို့ ပြန်လိုက်လာစေချင်ခဲ့သည်။
သို့သော်လည်း ကျောက်ရှီလဲ့က သူမ နေ့ခင်းတစ်ခင်းလုံး အလုပ်လုပ်ထားခဲ့ပြီးနောက် တစ်ကိုယ်လုံးတွင် ညစ်ပတ်နေခဲ့သည်ကို မြင်လိုက်ရသောကြောင့် ပညာတတ်လူငယ်နေရာကို အရင်ဆုံးပြန်သွားရန် စီစဉ်ခဲ့သည်။ သူမက ရေချိုးပြီးသည်အထိစောင့်ဆိုင်းပြီးမှသာ လင်းရန်နှင့်လိုက်လာခဲ့လိမ့်မည်။
ထို့ကြောင့် လင်းရန်လည်း သူမနှင့်အတူ ပညာတတ်လူငယ်အိမ်ရာဆီသို့ ပြန်လိုက်သွားခဲ့လေ၏။ သို့သော် ထိုနေရာတွင် ရေချိုးခန်းတစ်ခုတည်းသာရှိနေပြီး ပညာတတ်လူငယ် တစ်ဒါဇင်ကျော်လောက်က ရေချိုးရန် တန်းစီနေကြသည်ကို မည်သူက သိထားခဲ့မည်နည်း။
ကျောက်ရှီလဲ့၏အလှည့်သို့ရောက်လျှင် အချိန်မည်မျှကြာမြင့်သွားနိုင်သည်ကို မသိနိုင်ခဲ့ပေ။
သို့နှင့် သူမက မျက်နှာကို ရှုံ့မဲ့ပြီး လင်းရန်ကို အရင်ဆုံးပြန်သွားရန်အတွက်သာ ပြောနိုင်ခဲ့သည်။
သူမအနေဖြင့် လင်းမိသားစု၏ ညစာစားပွဲကို အချိန်မီလိုက်နိုင်တော့မည်မဟုတ်ပေ။
အဆုံးတွင် မိသားစုတစ်စုလုံးက သူမကို စောင့်မျှော်နေရမည်ဆိုပါလျှင် အလွန် ရှက်ရွံ့နေရလိမ့်မည်။
လင်းရန်လည်း ထိုအခြေအနေကိုမြင်လျှင် အတင်းအကြပ်မတိုက်တွန်းတော့ဘဲ နောက်မှသာ သူမအတွက် တိုက်ရိုက်စားနိုင်ရန် ယူလာပေးမည့်အကြောင်း ပြောခဲ့သည်။
ကျောက်ရှီလဲ့သည်လည်း ဤစကားကိုကြားလျှင် သေချာပေါက်ငြင်းဆန်ခြင်းမရှိခဲ့ပါချေ။ သူမက လင်းရန် ရောက်လာသည့်အချိန်ထိ ဤနေရာတွင် နာခံမှုအပြည့်ဖြင့် စောင့်နေမည်ဖြစ်ကြောင်း ဝမ်းသာအားရပြောခဲ့သည်။
သူတို့နှစ်ယောက် လမ်းခွဲလိုက်သည်မှာ အချိန်နှစ်နာရီခန့်ပင်ရှိနေခဲ့ပြီ။ ထိုပညာတတ်လူငယ်များက မည်မျှပင်နှေးကွေးနေပါစေ ကျောက်ရှီလဲ့တစ်ယောက် ရေချိုးပြီးသွားလောက်ပြီဟု လင်းရန် ခန့်မှန်းခဲ့သည်။
သူမက မတိုင်မီက ကျောက်ရှီလဲ့အတွက် သီးသန့်ဖယ်ထားခဲ့သည့် ထမင်းပေါင်းပန်းကန်တစ်လုံးကို အဘွားလင်းပြင်ဆင်ပေးထားသည့် ဝါးခြင်းတောင်းထဲသို့ ထည့်လိုက်သည်။ ထို့နောက် ဘေးနားတွင် သခွားသီးအအေးသုတ်အစိတ်အနည်းငယ်ခန့်ထည့်ထားပေးခဲ့လေ၏။ ဤပမာဏက လူတစ်ယောက်စာအတွက် လုံလောက်ပေလိမ့်မည်။
ပညာတတ်လူငယ်အိမ်ရာသို့ ရောက်သည်နှင့် လင်းရန်က နေ့ခင်းဘက်အချိန်တွင် အလုပ် အတူလုပ်ခဲ့သည့် ပညာတတ် အမျိုးသမီးငယ်များကို ခေါင်းညိတ်ကာ နှုတ်ဆက်ခဲ့သည်။
သူတို့က ချက်ပြုတ်ဖို့ရန်အတွက် အလုပ်များနေသေးသည်ကို မြင်လျှင် သူက သူတို့ကို မနှောင့်ယှက်တော့ဘဲ အမျိုးသမီးအိပ်ဆောင်၏တံခါးဆီသို့ လျှောက်သွားကာ ကျောက်ရှီလဲ့၏နာမည်ကို တိုက်ရိုက်ပင် လှမ်းခေါ်လိုက်သည်။
“ဟေ့ ငါဒီမှာ!”
ကျောက်ရှီလဲ့က ကမန်းကတန်း ပြေးထွက်လာခဲ့ပြီး လင်းရန်ကို မြင်သည်နှင့် သူမ၏မျက်လုံးများက တောက်ပလာခဲ့သည်။
“ရန်ရန် ၊ နင်ရောက်လာတာပဲဆိုတာ ငါသိသားပဲ!”
လင်းရန် ပြုံးပြီး ပြန်ပြောလိုက်တယ်။
“အင်း ငါပဲ၊ ဟိုဘက်မှာ သွားထိုင်ရအောင်”
သူမက ထိုစကားကိုပြောပြီးနောက် သူမရဲ့လက်ထဲမှ ခြင်းတောင်းကို ကျောက်ရှီလဲ့ဆီသို့ မြှောက်ပြလိုက်ကာ အဓိပ္ပါယ်က သိသာထင်ရှားလွန်းနေခဲ့သည်။
ကျောက်ရှီလဲ့က ဒါကိုမြင်တော့ ခပ်မြန်မြန်ပြုံးလိုက်ပြီး ပြောလာခဲ့သည်။
“အင်း၊ ကောင်းတာပေါ့၊ ရာသီဥတုက မဆိုးဘူး၊ ပတ်ဝန်းကျင်နဲ့ ရင်းနှီးဖို့ အနီးနားကို သွားကြည့်အောင်”
ထိုသို့ပြောပြီးနောက် သူမ ကိုယ်တိုင်ပင် ဤအကြောင်းပြချက်မှာ ယုတ္တိရှိဖို့ရန်အတွက် ဝေးကွာလွန်းနေခဲ့ကြောင်းတွေးမိကာ ရယ်မောလိုက်ချင်သကဲ့သို့ ခံစားလာရသည်။
ထို့ကြောင့် သူမ ဆက်ပြီး မထိန်းချုပ်နိုင်ခြင်းမဖြစ်ခင်တွင် လင်းရန်၏လက်ကို အလျင်အမြန်ဆွဲယူကာ ထွက်လာခဲ့ရတော့သည်။
သူတို့နှစ်ဦးက ထွက်သွားရန်အတွက် အကြောင်းပြချက်များကို တမင်တကာ ရှာနေခြင်းဖြစ်ကြောင်း ဦးနှောက်ရှိသူတိုင်းက ပြောနိုင်သော်လည်း ၎င်းတို့ရှေ့တွင် တစ်ယောက်တည်း ထိုင်စားခြင်းထက် ပို၍ကောင်းနေပေသေးသည်။
သူတို့နှစ်ယောက် ပညာတတ်လူငယ်နေရာနှင့် ခပ်ဝေးဝေးတွင်ရှိ ကျောက်တုံးတစ်ခုဆီသို့ အလျှင်မြန်လျှောက်လာခဲ့ကြသည်။ ကျောက်ရှီလဲ့တစ်ယောက်အဝေးမှ နေဝင်ချိန်ကို ကြည့်ရင်း လင်းရန် ချက်ပြုတ်ထားသည့် ညစာကို မြိန်ရေရှက်ရေ စားတော့သည်။
ပထမ တစ်လုပ် စားလိုက်မိချိန်တွင် သူမသည်လည်း လင်းမိသားစုကဲ့သို့ အံ့သြ ကြောင်အမ်းသွားခဲ့သည်။
“ရန်ရန်၊ နင်ချက်ထားတဲ့ အစားအစာက အရမ်းအရသာရှိတာပဲ၊ ဒါမျိုးအရသာရှိတဲ့ အစားအစာကို ငါပထမဆုံး စားဖူးတာ!”
လင်းရန်အနေဖြင့် ဤစကားကို အကြိမ်များစွာ ကြားဖူးခဲ့သည်။ ထို့ကြောင့် ထိုစကားကိုကြားလျှင် သူမက ပြုံးပြီး ပြန်ပြောခဲ့လေ၏။
“စားလို့ကောင်းတယ်ဆိုရင် များများစားလေ”
ကျောက်ရှီလဲ့ ထမင်းစားနေတုန်းမှာ လင်းရန် သူမ မနက်ဖြန် အလုပ်မလာဖြစ်ကြောင်း ပြောခဲ့သည်။
ကျောက်ရှီလဲ့သည်လည်း ဤကဲ့သို့ဖြစ်လာမည်ဖြစ်ကြောင်းကို အစကတည်းက ကြိုတင် မျှော်လင့်ထားခဲ့သည်။ သူမနှင့် လင်းရန်တို့ နေ့ခင်းဘက်တွင် အလုပ်အတူလုပ်ခဲ့ကြသည့်အတွက် တစ်ယောက်က မည်မျှ ပင်ပန်းသည်ကို တစ်ယောက်မှ ကိုယ်ပိုင်မျက်စိနဲ့ မြင်နိုင်ခဲ့ပေသည်။
ထို့အပြင် သူမ၏ မိသားစုသည်လည်း ဤနေရာတွင် ရှိနေပြီး ၎င်းတို့တွင် စားသောက်စရာနှင့် နေစရာအိမ်လည်း ရှိသည် ဖြစ်သောကြောင့် လင်းရန်အနေဖြင့် ဤမျှလောက် ပင်ပင်ပန်းပန်း လုပ်နေစရာ မလိုအပ်ချေ။
“ကောင်းပြီ ၊ ဒါဆို ငါအလုပ်ပြီးရင် နင်နဲ့ လာကစားမယ်!”
ကျောက်ရှီလဲ့သည်လည်း ပထမအကြိမ်အဖြစ် လယ်ကွင်းများတွင် အလုပ်လုပ်ခဲ့ရခြင်းဖြစ်သော်လည်း သူမသည်ကား ယခင်ကတည်းက အိမ်တွင် အလုပ်လုပ်ကိုင်နေခဲ့ရသူဖြစ်သောကြောင့် အလွန်အကျွံမခံစားခဲ့ရပေ။
လက်တလောအချိန်တွင်တော့ သူမအနည်းငယ် အသားမကျနိုင်ဖြစ်နေသေးသော်လည်း အချိန်ကြာလာသည်နဲ့အမျှ ပိုကောင်းလာလိမ့်မည်။
လင်းရန်က ခေါင်းညိတ်လိုက်သည်။
စားသောက်ဆိုင်ကဲ့သို့တစ်ခုခုတွင် အလုပ်ရှာမည်ဆိုသည့် သူမ၏အစီအစဉ်နဲ့ ပတ်သက်လျှင်တော့ မည်သည်ကိုမျှ မဆုံးဖြတ်ရသေးသည့်အတွက် ယခုအချိန်တွင် ကျောက်ရှီလဲ့ကို မပြောခဲ့သေးပါချေ။
သူတို့ နှစ်ယောက် ထို နေရာတွင် ထမင်းစားရင်း စကားခဏမျှ ပြောနေကြပြီး တစ်ဖက်မှ ပညာတတ်လူငယ်အိမ်ရာရှိ တချို့လူများက သူတို့အကြောင်းကိုပြောနေခဲ့ကြလဆသည်။
လင်းရန်နှင့်ကျောက်ရှီလဲ့တို့ ထွက်ခွာသွားပြီးနောက်တွင် ကျန်ရစ်ခဲ့သည့်အမျိုးသမီးပညာတတ်လူငယ်များမှာ လင်းရန်၏ လက်ထဲမှ ခြင်းတောင်းကို ကြည့်ကာ မနာလိုမဖြစ်ဘဲ မနေနိုင်ခဲ့ကြပေ။
“ဒီနေရာမှာ ဆွေမျိုးတွေရှိနေတာအရမ်းကောင်းတာပဲ၊ စားချင်နေသမျှ ကာလပတ်လုံး နေရာမရွေး အချိန်မရွေး စားနေဖို့ အဆင်ပြေတယ်၊ ကိုယ်တိုင် ချက်ပြုတ်နေစရာတောင် မလိုအပ်ဘူး”
သူတို့အနေဖြင့် တစ်နေ့တာ၏ အလုပ်များပြီးစီးပြီးသည့်နောက် ပညာတတ်လူငယ်အိမ်ရာသို့ ပြန်ရောက်လျှင် အိပ်ယာထဲတွင်သာ ထိုးအိပ်ချင်နေခဲ့ပြီး ထမင်းပင်မစားချင်လောက်အောင် ပင်ပန်းနေခဲ့ရသည်ကို ဘုရားသာသိလိမ့်မည်။
အကယ်၍ မစားအသောက်ဘဲနေမည်ဆိုပါက အလွန်အမင်း ဗိုက်ဆာလောင်နေရမည်ဖြစ်၍သာ မဖြစ်မနေချက်ပြုတ်စားနေရခြင်းဖြစ်ပေသည်။
ဤသို့ကြောင့်သာ ဟင်းချက်ဖို့ရန်အတွက် မီးဖိုဖို့ သူတို့၏မောပန်းနွမ်းနယ်နေသည့် ခန္ဓာကိုယ်ကို ဆွဲကာ လုပ်ဆောင်နေခဲ့ရသည်။
“ဟုတ်တယ် ခုနတုန်းက အနံ့ခံလိုက်မိလား? လင်းကျစ်ချင်း အိမ်ကနေ ဘာတွေယူလာလဲ မသိဘူး၊ အနံ့က အရမ်းကောင်းတာပဲ!”
ဝါးခြင်းတောင်းဖြင့် ဖုံးအုပ်ထားသော်လည်း ထိုအသွင်အပြင်က မွှေးကြိုင်လွန်းသည့်ရနံ့ကိုတော့ မဖုံးကွယ်ထားနိုင်ပေ။
ထိုမွှေးရနံ့က သူတို့၏နှာခေါင်းထဲသို့ တိုက်ရိုက်ပျံ့လွင့်နေဆဲ ဖြစ်သည်။
“ငါ တခြား အနံ့တွေကိုတော့ မခွဲခြားနိုင်ဘူး၊ ဒါပေမယ့် သေချာပေါက်အသားတော့ပါရမယ်၊ အသားနံ့ရတယ်!”
အထူးသဖြင့် ဆယ်ရက်ခွဲခန့်ကြာအောင် အသားမရှိဘဲနေထိုင်ခဲ့ရသည့် သူတို့ရှေ့တွင် ထိုအသား၏ရနံ့က အဆပေါင်းများစွာ တိုးမြှင့်ထားသကဲ့သို့ဖြစ်နေခဲ့ပြီး ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။
လင်းရန်၏ ခြင်းတောင်းထဲတွင် အသားတောင် ပါဝင်နေသေးသည်ဟု တွေးတောမိလျှင် ထိုစကားပြောနေသည့် ပညာတတ်လူငယ်နှစ်ဦးမှာ ပို၍ပင် ဝမ်းနည်းလာခဲ့ကြသည်။
“သူမက ကျေးလက်ဒေသကိုရောက်တဲ့ ပထမဆုံးနေ့ပဲရှိသေးပေမဲ့ ဆွေမျိုးအိမ်က အသားကိုပဲ စားပြီး တခြားသူတွေကိုတောင် ပေးနေသေးတယ်၊ သူမရဲ့ဆွေမျိုးတွေကတော့ သူမနဲ့ တွေ့ရတာ ကံဆိုးလွန်းနေတာပဲမဟုတ်ဘူးလား”
ယနေ့ခေတ်ကာလတွင် အသားများက အလွန်တန်ဖိုးကြီးမားသော်လည်း လင်းရန်ကတော့ သူမဘာသာ စားသောက်ရုံတင်မကဘဲ ကျောက်ရှီလဲ့ကိုပင် ပေးလာခဲ့သေးသည်။
ဒါမျိုးကတစ်စုံတစ်ယောက်ရဲ့ ပစ္စဥစ္စာကို အသုံးပြုပြီး ပေးကမ်းခြင်းပြုနေတဲ့ ဖြစ်စဥ်မဟုတ်ဘူးလား?
သူမက တကယ်ကို အရှက်မရှိတာပဲ!
“ခဏစောင့်ကြည့်လိုက်စမ်းပါ? အချိန်တွေကြာလာတာနဲ့အမျှ လင်း မိသားစုကလည်း တုံးမ,တာတွေလုပ်တော့မှာမဟုတ်ဘူး၊ သူတို့က သူမကို ဒီလိုမျိုး အဓိပ္ပါယ်မရှိတဲ့ အကျင့်မျိုး ဆက်ထားခိုင်းဖို့ မဖြစ်နိုင်ဘူး၊ သူမက အခုလိုမျိုး အချိန်ကြာကြာ သက်သောင့်သက်သာရှိရှိမနေနိုင်လောက်ပါဘူး”
သေချာပေသည်။ လင်းမိသားစုအနေဖြင့် လင်းရန်က ယနေ့တွင်မှ မြို့ပေါ်ကပြန်ရောက်လာခြင်းဖြစ်သည့်အတွက် သူမကို ယခုကဲ့သို့ဆက်ဆံဖို့ ဆန္ဒရှိနေခြင်း ဖြစ်နိုင်လောက်သည်။
ထို့ကြောင့်သာ သူတို့က သူမကို ကောင်းမွန်သောအရာများဖြင့် စိတ်ကျေနပ်စေခဲ့ကြခြင်းဖြစ်လိမ့်မည်။ ရက်အနည်းငယ်ကြာပြီးနောက်တွင်တော့ ဤကဲ့သို့ဖြစ်လာမည်မဟုတ်တော့သည်က သေချာပေသည်။
အဆုံးတွင် မည်သည့်မိသားစုကမှ ထိုသို့သော လက်ဖွာဖြုန်းတီးမှုကို မတတ်နိုင်ပါချေ။
သူတို့နှစ်ယောက်သား စကားအနည်းငယ်ခန့် မကျေမနပ်ပြောနေခဲ့ကြပြီးနောက် ထိုအကြောင်းကို ဆက်မပြောတော့ပေ။ သူတို့က တခြားတစ်ယောက်ယောက်မှ သူတို့၏စကားကို ကြားသွားမည်ကိုလည်း ကြောက်နေခဲ့ကြသည်။
အဆုံးတွင် လင်းရန်၏ နားထဲသို့ ရောက်သွားလျှင် ရှက်စရာကောင်းနေလိမ့်မည်။
သို့သော် သူတို့မသိခဲ့သည်သည်ကတော့ သူတို့မနာလိုစွာပြောဆိုနေသည့် စကားဝိုင်းက တခြားသူတစ်ယောက်၏နားထဲသို့ ရောက်ရှိသွားသည်ကိုပင်။
**