အခန်း (၆၂)
Vol. 7 Ch. 62
ချန်ကျားယန် ပညာတတ်လူငယ်နှစ်ယောက်၏ မနီးမဝေးတွင် ရပ်ကာ နှစ်ယောက်ကြားမှ စကားဝိုင်းကို အစအဆုံး နားထောင်ခဲ့သည်။
ပညာတတ်လူငယ်နှစ်ယောက် မတိုင်ခင်က ပြောခဲ့သည့်စကားလုံးများကို တွေးကြည့်ပြီးနောက် ချန်ကျားယန်တစ်ယောက် အတွေးနက်သွားပုံရသည်။
ပညာတတ်ငယ်ငယ်အများစုက သူ့ကို နေ့စဥ်နေ့တိုင်း စနစ်တကျ ထိန်းသိမ်းနေတတ်ပြီး ငွေကြေးသုံးစွဲခြင်းကိုလည်း ဂရုတစိုက်သတ်မှတ်ထားခြင်းဖြစ်လိမ့်မည်ဟု ထင်နေခဲ့ကြသည်။
သူ့အနေဖြင့် မြို့ထဲရှိ ကောင်းမွန်သော မိသားစုမှ လာခြင်းဖြစ်နိုင်သည်ဟု တွေးတောခဲ့ကြသည့်ပုံပင်။
သို့သော် ချန်ကျားယန်ကိုယ်တိုင်သာလျှင် သူ၏အိမ်တွင် အခြေအနေ မကောင်းလှကြောင်းကို သိနိုင်လိမ့်မည်။
သူ၏မိသားစုက မြို့ပေါ်မှဆိုသော်လည်း သားသမီးများက များပြားလွန်းပြီး သူ့မိဘများ၏ လုပ်ခလစာကလည်း မများလှသောကြောင့် နေထိုင်ရသည့်ဘဝက အလွန်ကျပ်တည်းသည်။
ကျေးလက်ဒေသကိုသွားသည့်အချိန်တွင်ပင် ကောင်းမွန်သည့် ပစ္စည်းမျိုးတစ်ခုတစ်လေတောင် ထည့်မပေးခဲ့ပါချေ။ ယခင်သဘောတူညီချက်အရ သူ့ဘက်မှ နှစ်လတစ်ကြိမ် ပိုက်ဆံပေးပို့ပေးရန်အတွက် ပြောထားခဲ့သည့်တောင်းဆိုချက်ကိုတော့ ထည့်သွင်းဖော်ပြနေရန်ပင် မလိုအပ်တော့ပါချေ။
သူ၏မိဘများက သူ့ဆီသို့ နောက်ဆုံးအကြိမ် တစ်စုံတစ်ခု ပို့ပေးခဲ့သည်က လေးလလောက်ပင်ရှိနေခဲ့ပြီ။
လွန်ခဲ့သည့်လေးလအတွင်း ချန်ကျားယန်တစ်ယောက် လစဉ်လတိုင်း မြို့တွင်းစာတိုက်သို့ သွား၍ သူ့ထံသို့ အထုပ်အပိုးနှင့် စာများ ရောက်လာခြင်း ရှိ၊မရှိ အမြဲတစေ မေးမြန်းစုံစမ်းခဲ့သော်လည်း ရလဒ်ကတော့ သူ့ကို စိတ်ပျက်စေသည့် အဖြေကိုသာ ရရှိခဲ့သည်။
သူ့မိသားစု၏ ပံ့ပိုးကူညီမှုမရှိဘဲ ကျေးလက်ဒေသရှိ သူ၏အလုပ်မှတ်များ ရရှိမှုက ရှစ်ဆင့်မျှသာဖြစ်ကာ တခြားအသားများနှင့် အာဟာရဖြည့်စွက်နိုင်သည့် အစားအစာများကို မဆိုထားနှင့် နေ့တိုင်း ဗိုက်ပြည့်အောင် စားဖို့ရန်အတွက် လုံလောက်သည်ဆိုရုံမျှသာ ရှိနေခဲ့ရသည်။
သူ နောက်ဆုံးအကြိမ် အသားစားခဲ့ရခြင်းမှာ သူ မြို့ပေါ်မှ စာတိုက်သို့သွားချိန်တွင် စာပို့သမားက လင်းမိသားစုအတွက် စာတစ်စောင် လမ်းကြုံပြန်ယူသွားခိုင်းသောကြောင့်သာဖြစ်ပေသည်။
လင်းမိသားစုက သူ့ကို ကျေးဇူးတင်သည့်အနေဖြင့် သူတို့၏အိမ်တွင် ထမင်းစားဖို့ ဖိတ်ခေါ်ခဲ့သည်။
ထိုသည်က သူ တုန့်ဖန်း တပ်မဟာကို ရောက်ရှိလာပြီးကတည်းက စိတ်ကျေနပ်မှုအရှိဆုံးသော အစားအစာများသာဖြစ်ခဲ့သည်။
ထိုအချိန်တွင် လင်းမိသားစု၏ ချမ်းသာကြွယ်ဝမှုမှာ သူထင်ထားသည်ထက် ပိုမိုအားကောင်းလှကြောင်းကို သူ စတင်သဘောပေါက်ခဲ့လေသည်။
သူတို့က များသောအားဖြင့် ထင်ထင်ရှားရှား မကြွားဝါ မထုတ်ပြတတ်သော်လည်း တပ်မဟာရှိ အခြားလူများနှင့် နှိုင်းယှဉ်ပါက သူတို့မိသားစုမှာ အကောင်းဆုံးများထဲတွင် ပါဝင်သည်ကတော့ သေချာလှပေသည်။
ထို့ကြောင့် ချန်ကျားယန်တစ်ယောက် ထိုအချိန်မှစ၍ လင်းမိသားစုနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ရရှိနိုင်စေဖို့ရန်အတွက် စတင်ကြိုးစား၍ တည်ဆောက်နေခဲ့သည်။
သို့သော်လည်း လင်းမိသားစုက ရင်းနှီးဖို့က မလွယ်ကူသည်ကတော့ အလွန် စိတ်မကောင်းစရာကောင်းလှပေသည်။ သူတို့က သူကို ညစာလာစားဖို့အတွက် မည်သည့်အချိန်တွင်ကမှ ထပ်မံ မဖိတ်ခေါ်တော့ပါချေ။
မတိုင်ခင်က ပညာတတ်လူငယ်နှစ်ယောက် ပြောနေသည့်စကားများကို တွေးတောရင်းဖြင့် ချန်ကျားယန်တစ်ယောက် သူ့နှုတ်ခမ်းတွေကို တင်းတင်းဖိလိုကာမိကာ အဝေးက ကျောက်ဆောင်ကြီးပေါ်တွင် ထိုင်နေသည့် ပုံရိပ်ဆီသို့ မသိစိတ်က လှမ်းကြည့်လိုက်မိသည်။
သူ့အနေဖြင့် သင့်တော်သည့်အခွင့်အရေးကို တစ်ခါမှမတွေ့ဖူးသေးသော်လည်း လက်ရှိတွင် အခွင့်အရေးက သူ့ရှေ့သို့ ရောက်လာနေပြီမဟုတ်ပါလား။
ထို့အပြင် လင်းရန်၏ အသွင်အပြင်သည်ကား တပ်မဟာတစ်ခုလုံးတင်မက မြို့တွင်း၌ပင် ပထမအဆင့်ဟု သတ်မှတ်ခံရနိုင်သည်။
ထို့အပြင် သူမသည်လည်း မြို့ပေါ်မှဖြစ်ပြီး ပညာတတ်လူငယ်အဖွဲ့တွင်ပါ၀င်လာခြင်းဖြစ်သည်။ သူသာ သူမနဲ့ အတူရှိကာ ချစ်ကြိုက်သွားပါက သူက ဤနေရာမှ ဆင်းရဲဒုက္ခများကြောင့် အသက်မရှင်သန်နိုင်တော့သည့်အတွက် ဒေသခံမိသားစု၏ သမီးနဲ့ အတူရှိနေခြင်းဖြစ်သည်ဟု မည်သူကမျှ ထင်မြင်လိမ့်မည်မဟုတ်ပါချေ။
သို့သော်လည်း သူ့အတွက်ကတော့ သူမနှင့်အတူရှိပြီးနောက်တွင် သူသည်ကား လင်းမိသားစု၏ အကာအကွယ်နှင့် ထောက်ပံ့မှုကို ခံရနိုင်တော့မည်ဖြစ်ပြီး ကျေးလက်ဒေသတွင် ရှိသည့် သူ၏ဘဝသည်လည်း ယခင်ကကဲ့သို့ ခက်ခဲတော့မည်မဟုတ်ပေ။
သူ ကျေးလက်တောရွာသို့ ရောက်ရှိလာခဲ့ရပြီးသည်မှာ နှစ်နှစ်နီးပါးခန့်ပင် ရှိနေခဲ့ပြီ။ သူ့အနေဖြင့် အစားအသောက်ကို ဝလင်စွာ မစားရသလို၊ အေးစက်သည့် အချိန်ကာလတွင်လည်း လုံလောက်သည့် အနွေးထည်မရှိဘဲ နေ့ရောညပါ နေထိုင်နေရသည့် ခက်ခဲကြမ်းတမ်းလှသည့် ဘဝကို ဖြတ်သန်းခဲ့ရသည်က ဤမျှနှင့်လုံလောက်နေပြီး ရပ်တန့်သင့်ပေပြီ။
......
တစ်ဖက်တွင်တော့ ကျောက်ရှီလဲ့တစ်ယောက် နောက်ဆုံးကျန်ရှိသည့် ထမင်းပေါင်းအလုပ်ကို နှမျောစိတ်အပြည့်ဖြင့်စားလိုက်ပြီးနောက် အသံကျယ်ကျယ်ဖြင့် လေချဥ်တက်လိုက်ကာ ထရပ်လိုက်ပြီး လင်းရန်နှင့်အတူ ပြန်သွားရန် ပြင်ဆင်လိုက်သည်။
သူတို့နှစ်ယောက် အချိန်ခဏမျှ လမ်းလျှောက်ခဲ့ကြပြီးနောက် လမ်းဆုံတစ်နေရာ လမ်းခွဲခဲ့ကြသည်။
လင်းရန်က လင်းမိသားစုထံသို့ ပြန်သွားမည်ဖြစ်ကာ ကျောက်ရှီလဲ့ကတော့ ပညာတတ်လူငယ်အိမ်ရာသို့ ပြန်သွားလိမ့်မည်။
သို့သော် သူတို့နှစ်ယောက် လမ်းဆုံလမ်းခွကို ရောက်သည့်အချိန်တွင် တစ်စုံတစ်ယောက်နဲ့ တိုးဖို့ကိုတော့ မမျှော်လင့်ထားပါချေ။
“ချန်ကျစ်ချင်း?”
ကျောက်ရှီလဲ့က တစ်ဖက်လူကို မြင်တွေ့လိုက်ရလျှင် သူမ၏မျက်လုံးများက တောက်ပသွားခဲ့သည် ။
“ရှင် ဘယ်ကိုသွားမလို့လဲ?”
အလုပ်ပြီးသွားသည့်နောက် ရေချိုးရန်အတွက် တန်းစီနေသည့်အချိန်၌ ကျောက်ရှီလဲ့က လူတန်း၏နောက်ကို သွားပြီး တန်းစီခဲ့ရသည်။
သို့သော် သူမ၏ ခန္ဓာကိုယ်မှာ ချွေးထွက်များတတ်သည့်အတွက် ထိုကဲ့သို့ ရပ်လျှက်စောင့်ဆိုင်းနေခဲ့ရသည့်အပေါ် အလွန် စိတ်မသက်မသာ ခံစားခဲ့ရသည်။
နောက်ပိုင်းတွင် ချန်ကျားယန်က သူမ သည်းမခံနိုင်တော့သည့်ပုံပေါ်နေသည်ကို မြင်လိုက်ရသည့်အတွက် သူ ရရှိထားတဲ့ အစဥ်နေရာကို လက်လွှတ်လိုက်ပြီး ကျောက်ရှီလဲ့ကို အရင်ဆုံး ရေချိုးခွင့်ပေးခဲ့သည်။
ထို့ကြောင့် ဤအဖြစ်အပျက်များအပြီးတွင် ကျောက်ရှီလဲ့၏ ချန်ကျားယန်အပေါ် အထင်အမြင်မှာ သဘာဝအတိုင်းပင် တိုးတက်လာခဲ့သည်။
ချန်ကျားယန်က သူမ၏ စကားကိုကြားလျှင် သူက ပြုံးပြလာခဲ့ပြီး နွေးထွေးစွာဖြင့် ရှင်းပြခဲ့သည်။
“ကျွန်တော် ခေါင်းဆောင်နှင့် တစ်ခုခုလုပ်စရာ ရှိနေလို့လေ”
“အိုး”
ကျောက်ရှီလဲ့က အသံတိုးတိုးဖြင့်သာ တုံ့ပြန်လိုက်ပြီး တစ်ဖက်လူက မည်သည့်စကားကိုမှ ထပ်မပြောတော့သည်ကို တွေ့လိုက်ရလျှင် အလွန်တွေးတောစဥ်းစားပေးတတ်စွာနှင့် နောက်ထပ်မေးခွန်းများကို ဆက်မမေးတော့ပေ။
“ဒါဆို သွားပြီး လုပ်စရာရှိတာကို လုပ်လိုက်ပါဦး၊ မကြာခင် မှောင်လာတော့မယ်”
ထိုစကားကိုပြောပြီးနောက် ကျောက်ရှီလဲ့က တစ်ဖက်သို့လှည့်ကာ လင်းရန်ကိုလည်း နှုတ်ဆက်လိုက်သည်။
“ရန်ရန် ၊ လမ်းမှာ သတိထားဦးနော်၊ မနက်ဖြန်မှတွေ့မယ်”
လင်းရန်ကလည်း ပြုံးပြီး လက်ပြကာ နှုတ်ဆက်လိုက်လေ၏။
“အင်း နင် ပြန်လိုက်တော့လေ၊ ငါလည်း သွားတော့မယ်”
ကျောက်ရှီလဲ့က ကောင်းကင်ယံမှာ တောက်ပနေသေးသည်ကို တွေ့နေခဲ့ရပြီး ပညာတတ်လူငယ်နေရာကလည်း လင်းမိသားစုအိမ်နှင့် သိပ် မဝေးလှသည်ကိုသိထားခဲ့သည်။
ထို့ကြောင့် လင်းရန် တစ်ယောက်တည်း ပြန်သွားခဲ့မည်ဆိုလျှင်ပင် အဆင်ပြေလောက်သေးသောကြောင့် ယုံကြည်စိတ်ချစွာဖြင့် ပညာတတ်လူငယ်အိမ်ရာသို့ ပြန်သွားခဲ့လေသည်။
လင်းရန်တစ်ယောက် ကျောက်ရှီလဲ့ ထွက်သွားပြီးနောက်တွင်ပင် ချန်ကျားယန် မသွားသေးကြောင်းကို တွေ့လိုက်ရသည်။
ထိုသူက သူမကို ရည်ရွယ်ပြီး စောင့်နေသည်လား သို့မဟုတ် တခြားအကြောင်းပြချက်တစ်ခုခုကြောင့်လားဆိုသည်ကိုတော့ သူမ သေချာမသိပါချေ။
သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် သူမက ချန်ကျားယန်နဲ့ နီးကပ်စွာနေဖို့ မစီစဉ်ခဲ့ပေ။
သူ့မျက်နှာပေါ်ရှိ အမူအရာတို့က လူကြီးလူကောင်းတစ်ယောက်လို ဖြစ်နေသော်လည်း ဤအမျိုးသား၏စိတ်ထဲတွင် မည်သည့်အရာများကို တွက်ချက်နေသည်လဲ ဆိုသည်ကို မည်သူက သိနိုင်မည်နည်း။
အဆုံးတွင် ထိုလူသည်လည်း စုန့်စစ်ယွီနှင့် ပတ်သက်ဆက်နွယ်ခဲ့သည့်လူဖြစ်ပြီး လုံးဝကို ကောင်းမွန်သည့်လူမဖြစ်နိုင်ပေ။
သူမ အရှေ့ကို လှမ်းလိုက်ပြီး ချန်ကျားယန်ကို ယဉ်ကျေးစွာ ခေါင်းညိတ်ကာ အမြန်ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
မည်သို့ပင်ဆိုစေ သူမအနေနဲ့ သူနှင့် မရင်းနှီးသောကြောင့် ခေါင်းညိတ်ပြရုံဖြင့် လုံလောက်သည်။
သို့သော်လည်း သူမ လှည့်ထွက်သွားသည့်အချိန်မှာပဲ ချန်ကျားယန်၏ အသံက အနောက်ကနေ ထွက်လာခဲ့သည်။
“လင်းကျစ်ချင်း မင်းအိမ်ပြန်တော့မှာမလား၊ ဦးလေးကျန်းအန်းရဲ့အိမ်က ခေါင်းဆောင်ရဲ့အိမ်နဲ့ လမ်းကြောင်း အတူတူပဲ၊သွားရအောင်လေ၊ ငါမင်းကိုလိုက်ပို့ပေးမယ်”
လင်းရန်: “?”
ဒီတော့ သူက သူမကို တကယ်ပဲ ရည်ရွယ်ချက်ရှိရှိ စောင့်ဆိုင်းနေတယ်ဆိုတာကို အတည်ပြုလိုက်တာပဲ။
သို့သော် သူမအနေဖြင့် တစ်ဖက်လူက အဘယ်ကြောင့် သူမ၏အနားသို့ ချည်းကပ်လာသည်ကို နားမလည်နိုင်သောကြောင့် သူမ ခဏမျှတုံ့ဆိုင်းသွားပြီး ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်သည်။
“ ချန်ကျစ်ချင်းက ခေါင်းဆောင်ကို သွားတွေ့ဖို့ ကိစ္စတစ်ခုခုရှိနေသေးတာမလား ၊ ကျွန်မ ရှင်ကို မနှောင့်နှေးတော့ပါဘူး ၊ အခုက မှောင်လည်း မမှောင်သေးသလို အန္တရာယ်လည်း မရှိပါဘူး ၊ ဒါကြောင့် ကျွန်မ ရှင့်ကို အနှောင့်အယှက် မပေးတော့ဘူး ၊ ကျွန်မဘာသ် တစ်ယောက်တည်း ပြန်လိုက်မယ် “
ထိုစကားကို ပြောပြီးနောက် လင်းရန် အမြန်လှည့်ကာ နောက်သို့ ပြန်လှည့်မကြည့်ဘဲ ထွက်သွားခဲ့လေသည်။
ချန်ကျားယန်တစ်ယောက် ဤသည်ကိုမြင်လျှင် သူ၏အမူအရာက ရပ်တန့်သွားခဲ့ရသည်။ သူက သူ၏အံ့သြသင့်မှုကို မျိုသိပ်ပြီး သူမ၏နောက်သို့ အလျင်အမြန် လိုက်သွားခဲ့သည်။
“လင်းကျစ်ချင်း!”
သူမ၏ နောက်မှ ချဉ်းကပ်လာသော ခြေသံများကို ကြားလိုက်ရသည့် လင်းရန်ကတော့ တုန်လှုပ်သွားရလေ၏။
ဒီချန်ကျားယန်က လူတွေရဲ့ စကားကို နားမလည်ဘူးလား?
လိုက်ပို့စရာ မလိုတော့ဘူးလို့ သူမ ပြောဖူးတယ် မဟုတ်ဘူးလား ။
လင်းရန် မည်သည့်အရာကို တွေးတောနေသည်ကို နောက်မှလိုက်ပါလာသည့် ချန်ကျားယန်သာ ကြားခဲ့မည်ဆိုပါကလည်း ဤသို့ပြောလာလိမ့်မည်:
“ငါလည်း အဲဒီဘက်ကိုသွားရမှာပဲလေ လင်းကျစ်ချင်း အတွေးလွန်နေပြီ!”
ကောင်းပြီ၊ ဒါက သူ့အတွက် ဖြေရှင်းနည်းရှိနေတဲ့အတွက် လင်းရန်က တခြားဘာကိုမှ မပြောနိုင်တော့ဘူး။
သူမအနေဖြင့် ချန်ကျားယန်ကို ဤလမ်းမှ မလျှောက်ဖို့အတွက် တားဆီး၍မရနိုင်ပါချေ။
သို့သော်လည်း လင်းရန်အနေဖြင့် ဤအကြောင်းကို တွေးလေလေပို၍ စိတ်ဆိုးလာလေလေပဲ။
ချန်ကျားယန်အပေါ် သူမ၏ တစ်ခုတည်းသော ထင်မြင်ချက်သည်ကား :
ထိုသူမှာ ကျေးလက်တောရွာတွင်ရှိခဲ့သည့် စုစစ်ယွီ၏ ပါတနာသာဖြစ်သည်။
သို့သော် ပထမပိုင်း၌ သူနှင့် စုန့်စစ်ယွီတို့ကြားတွင် အဆင်မပြေမှုများစွာရှိပုံရပြီး ထိုအချက်များကြောင့် စုန့်စစ်ယွီတစ်ယောက် ကျေးလက်ဒေသရှိအကြောင်းအရာများကို ပြန်လည်သတိရသောအချိန်တွင် ဒေါသနှင့်မုန်းတီးမှုများဖြင့် ပြည့်နှက်နေခဲ့ခဲ့သည်။
သို့သော်လည်း သူမတို့နှစ်ယောက်ကြားတွင် ဖြစ်ပျက်ခဲသည်များကို အတိအကျ မဖော်ပြခဲ့သောကြောင့် သူမ မသိခဲ့ပါချေ။
မည်သို့ပင်ဆိုစေကာမူ ပြောခဲ့သည့်အတိုင်း၊ စိန့်စစ်ယွီနှင့် ပတ်သက်သည့် သူတိုင်းသည် လင်းရန်အတွက် လူကောင်းမဟုတ်နိုင်ပေ။
ထို့ကြောင့် ယခုအချိန်တွင် ချန်ကျားယန်နှင့် ဝေးဝေးနေခြင်းက သူမအတွက် အကောင်းဆုံးဖြစ်ပေလိမ့်ည်။
**